Chapter 48
Viewers 7k

🤒အခန်း ၄၈




"ဒီအိမ်က ကျောင်းနဲ့လည်းနီးတယ်လေ.."


"....."


ကျူးထုန်က အူကြောင်ကြောင်ဖြင့်ပင် ခေါင်းညိတ်ပြလိုက်မိသည်။



ရှောက်မင်ကထပ်ဖြည့်ပြောလိုက်လေ၏။


 "ဒီမှာ ပတ်ဝန်းကျင်လည်းကောင်းတယ်၊ အိမ်ရှင်ကလည်းသဘောကောင်းတယ်၊ အင်တာနက်လည်းသုံးလို့ရတယ်၊ မင်းဟာမင်းချက်စားလို့လည်းရတယ်၊ ဟိုတယ်လောက်တော့အခြေအနေမဆိုးဘူးလေ၊ ဟုတ်တယ်မလား.."


ကျူးထုန်က အလိုလိုခေါင်းညိတ်ပြမိပြန်သည်။ သူဆိုလိုချင်သည့်အဓိပ္ပါယ်ကိုမူ နားမလည်သေးပေ။


နောက်ဆုံး၌ ရှောက်မင်မှာ သူပြောချင်သည့်စကားကိုပြောလိုက်နိုင်သွားခဲ့သည်။ 


"မင်း ဟိုတယ်ကနေပြောင်းလာဖို့များ ..."


"သခင်လေး..."


အလွန်တရာမှ မကျေမနပ်ဖြစ်နေသံက သူ၏အခန်းဖော်အဖြစ်ဖိတ်ကြားနေမှုကို ဝင်ရောက်နှောင့်ယှက်သွားခဲ့သည်။


ရှောက်မင်: "....."


ကျူးထုန်က အသံကြားလိုက်၍ တံခါးဘက်ကိုလှမ်းကြည့်လိုက်၏။ လူကိုပင် အကောင်အထည်ပေါ်အောင်မမြင်ရသေးခင် ခြံအဝင်ဝမှဆွဲထုတ်ခံလိုက်ရသည်။ ဦးလေးလျိုက သူ့ကိုဆွဲခေါ်ပြီး အပေါ်အောက်သေချာကြည့်နေ၏။


နောက်ဆုံး၌ ကျူးထုန်မှာ စကားပြောရန်အခွင့်အရေးရသွားရှာလေသည်။ 


"ဦးလေးလျို ကျွန်တော်ဘာမှမဖြစ်ပါဘူး.."


ဦးလေးလျိုက သူ့စကားကိုနားမထောင်ပေ။ သူအဆင်ပြေနေသည်မှာ သေချာသွားမှ စက်ဘီးတွန်းရင်းအနောက်မှလိုက်လာသည့်လူငယ်လေးကို လှည့်ပြီးစိုက်ကြည့်လာသည်။


ရှောက်မင်က ဘာမှမလုပ်ထားသလိုမျိုး ပြန်ကြည့်လာ၏။


ဦးလေးလျို: "မနေ့ညက ဖုန်းပြောတာသခင်လေးလား..."


ရှောက်မင်က ခေါင်းညိတ်ပြပြီးဝင်ဖြေလေသည်။ 


"ကျွန်တော်ပါဗျာ.."


ဦးလေးလျိုက သူ့ကိုဒေါသတကြီးဖြင့်ကြည့်သည်။


သူ့ဘက်မှတဖက်သက်ဒေါသထွက်နေလေရာ ကျူးထုန်မှာ မတတ်သာတော့ဘဲ ရှောက်မင်အရှေ့တွင်ဝင်ရပ်လိုက်ရသည်။


 "ဦးလေးလျို၊ ကျွန်တော် မနေ့ညက..."


"မနေ့ညက ဘာလို့ဖုန်းမကိုင်တာလဲ သခင်လေးရယ်၊ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ဖုန်းကိုမကိုင်ရတာလဲ၊ ဘယ်လိုဖြစ်ပြီးသူများအိမ်မှာသွားအိပ်ရတာလဲ၊ ပြန်ရောက်လာတာတောင် ဘာလို့ကျွန်တော့်ကိုဖုန်းမခေါ်ရတာလဲ..."


ကျူးထုန်မှာ မေးခွန်းပေါင်းများစွာဖြင့် ဗုံးကြဲခံနေရသည်။ သူငိုပြလိုက်လျှင်ပင် မေးခွန်းများကိုမူ ရှောင်နိုင်မည်မဟုတ်ချေ။


ကျူးထုန်: "ကျွန်တော်...."


သူဘာလို့ ဖုန်းမကိုင်ခဲ့တာလဲ။


သေချာပေါက် ကိုင်လို့မရလို့ပေါ့။


သို့သော်လည်း ကျူးထုန်မှာ ကလေးအရွယ်တည်းလိမ်တတ်လေ့မရှိသောကြောင့် ပြန်မဖြေတတ်ဖြစ်နေလေသည်။ ခဏမျှရပ်နေပြီးမှသူပြန်ဖြေလိုက်၏။ 


"တကယ်တော့ ကျွန်တော်မနေ့က သူ့အိမ်မှာနေခဲ့တာ၊ အဲဒါမှ သူလည်းကျွန်တော့်ကိုစာပြပေးနိုင်မှာလေ..."


"အဲဒါဆိုလည်း ဘာလို့ဖုန်းမကိုင်တာလဲ၊ စာပြပေးရုံပဲကို ဟုတ်တယ်မလား..."


"....."


ဦးလေးလျိုက သူ့အား အကြိမ်ပေါင်းများစွာဖုန်းခေါ်ခဲ့သည်။ ကျူးထုန်မှာလည်း သူလည်း ထိတ်လန့်သွားပြီး တညလုံးစိတ်ပူနေမည်မှန်းသိနေခဲ့သည်။


"သူ့ဖုန်းက အသံပိတ်ထားတယ်..." 


အနောက်မှရှောက်မင်က ရုတ်တရက်ရှေ့တက်လာခဲ့သည်။ ကျူးထုန်၏ပုခုံးကို သူ့ရင်ဘတ်နှင့်ကပ်ထားရင်း ဦးလေးလျိုကို ပြုံးကာရှင်းပြလိုက်လေသည်။ 


"သူကရေချိုးနေလို့ ကျွန်တော်လည်း ဦးလေးခေါ်ထားတာကိုနောက်မှမြင်လိုက်ရတာ..."


"ဒါဆိုလည်း ဘာလို့ သခင်လေးက ကျွန်တော့်ကိုဖုန်းပြန်မခေါ်တာလဲ.." 


ဦးလေးလျိုက တစ်ခုခုကိုသတိထားမိနေသလိုမျိုး အသံမှာတိမ်ဝင်သွားလေသည်။ ထို့နောက် ကျူးထုန်ကို မယုံသင်္ကာဖြင့်ကြည့်လာပြန်၏။ 


"သခင်လေး ဒီအိမ်မှာပဲရေချိုးတာလား..."


"......"


မနက်အစောပိုင်းတွင် လမ်းကြားလေးများက တိတ်ဆိတ်နေတတ်သည်။ ဦးလေးလျိုမှာ တစ်ညလုံးစိုးရိမ်ပူပန်နေခဲ့သောကြောင့် ပေါက်ကွဲရန်အသင့်ဖြစ်နေလေ၏။ သူ့အဆုတ်ကကွဲထွက်မတတ်ဖြစ်လာပြီး အသံမှာလည်းကျယ်လာကာ စကားလုံးတိုင်းမှာလည်းပြတ်သားလာလေသည်။


ကျူးထုန်မှာ မျက်နှာချင်းဆိုင်မှဖြတ်သွားကြသော အိမ်နီးနားချင်းများက သူ့အား ကွက်ကြည့်ကွက်ကြည့်လုပ်သွားသလိုခံစားလိုက်ရသည်။


ရုတ်တရက် သူခေါင်းကိုက်လာလေသည်။


ရှောက်မင်က အကြောင်းရှိ၍ ရေချိုးခန်းနှင့်ပတ်သက်သော သူ့အမြင်ကိုမေးမြန်းခဲ့သည်။


သူက အခြားလူတစ်ယောက်ရဲ့အိမ်မှာ ရေချိုးတတ်တဲ့လူမျိုးလား။


သို့သော်လည်း ရေချိုးနေသည်ဆိုသည့်စကားထက် ပိုကောင်းသည့်ဆင်ခြေမရှိတော့ပုံရသည်။


ကျူးထုန်မှာ သက်ပြင်းချလိုက်လေသည်။ 


"အမှန်ပဲ ဦးလေးလျို၊ ကျွန်တော်တို့ လစဥ်စာမေးပွဲကဖြေရတော့မှာ၊ နောက်ဆုံးစာမေးပွဲတုန်းကလည်း ကျွန်တော်အမှတ်မကောင်းခဲ့လို့ ကျွန်တော် စာကိုပဲတွန်းလုပ်ချင်တယ်၊ သူက ကျောင်းမှာအဆင့်တွေကောင်းတယ်၊ အဲဒါကြောင့် သူက ကျွန်တော့်ကိုစာပြပေးလို့အဆင်ပြေတယ်၊ ကျွန်တော်ပြောတာကိုမယုံရင် ကျောင်းကိုသွားပြီး ဆရာ့ကိုမေးကြည့်လိုက်.."


ဦးလေးလျို: "....."


ဦးလေးလျိုသည်လည်း ရှောက်မင်၏ အမှတ်ကောင်းပုံများကို သေချာသိထားလေသည်။ ကျူးထုန် မြစ်ကမ်းဘေးကိုပြန်ပေးဆွဲခံလိုက်ရတည်းက သူတိတ်တိတ်လေးစုံစမ်းကြည့်ပြီးသွားပြီ။


အမှန်တကယ်ကို ထိုသူက ကြယ်ပွင့်အဆင့်ရှိ ကျောင်းသားကောင်းပင်။


မဟုတ်လျှင်တော့ သူ့အနေဖြင့် သခင်လေးကို "အခြားသူ၏အိမ်" တွင် တစ်ညပေးနေမည်မဟုတ်ချေ။


"သခင်လေး..."

 á€Ľá€Žá€¸á€œá€ąá€¸á€œá€ťá€­á€Żá€€á€•á€źá€ąá€Źá€œá€Źá€•á€źá€”á€şá€žá€Šá€şá‹ 

"စာကြိုးစားတာကကောင်းပါတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်က...."


"ကျွန်တော် ကျန်းမာရေးကောင်းပါတယ်..." 

ကျူးထုန်က သူ့စကားကိုဖြတ်ပြောလိုက်သည်။ 

"ကြည့်လေ၊ ကျွန်တော် ဒီနေ့ ပိုကောင်းနေတယ်မလား..."


ဦးလေးလျိုက သူ့မျက်နှာကိုသေချာကြည့်ပြီး ကြက်သေသေသွားသည်။ သူကျန်းမာရေး ပိုကောင်းလာပုံရသည်။


ဦးလေးလျိုက မျက်မှောင်ကြုတ်ကာဆိုသည်။

 "ဒါဆို၊ သခင်လေး..."


"ဟုတ်ပါပြီ၊ ကျွန်တော် ဦးလေးကို နောက်မှဖုန်းခေါ်လိုက်မယ်..." 

ကျူးထုန်က ချက်ချင်းပြောလိုက်သောကြောင့် ဦးလေးလျိုလည်း ဆက်မငြင်းနိုင်တော့ပေ။ 

"ကျွန်တော်ကတိပေးပါတယ်..."


ဦးလေးလျို: "....."


ဦးလေးလျိုက ထပ်ပြီးညှိနှိုင်းချင်နေသေးသည်။ သူက ရှောက်မင်ကိုကြည့်ပြီးမှ ကျူးထုန်ကိုပြန်ကြည့်လိုက်၏။ 

"ဒါဆို စာသင်တာဘယ်လောက်ကြာမှာလဲ...."


ကျူးထုန်: "?"


စာသင်တာ ဘယ်လောက်ကြာမှာလဲ။


ကျူးထုန်ပြန်မဖြေနိုင်ခင် ရှောက်မင်ကပြောလိုက်သည်။

 "လစဥ်စာမေးပွဲမပြီးမချင်း ဆက်လုပ်ရမှာ..."


ဦးလေးလျို: "....."


တဖန်တိတ်ဆိတ်သွားကြပြီးနောက် ဦးလေးလျိုလည်း သက်ပြင်းချလိုက်ရသည်။ 


"နေ့လည်မတိုင်ခင် သခင်လေးလိုအပ်တာတွေကို ကျွန်တော်ယူလာပေးပါ့မယ်..."


ကျူးထုန်: "?"


သူ့ပစ္စည်းတွေကို ဘာလုပ်ရမှာလဲ။


ရှောက်မင်က ယဥ်ယဥ်ကျေးကျေးပင်တုံ့ပြန်လိုက်ပါ၏။


 "ဒါဆို ဦးလေးလျို ပင်ပန်းရတော့မှာပဲ..."


ဦးလေးလျိုနှလုံးသားထဲတွင် ခံစားချက်များရောထွေးနေလေသည်။ ဟမ့်ခနဲအသံပြုလိုက်ပြီးမှ သက်ပြင်းချကာ လှည့်ထွက်သွားလေသည်။


ရှောက်မင်က သူထွက်သွားသည့်ပုံကိုကြည့်ရင်းပြုံးနေ၏။


ကျူးထုန်: "....."


ခဏမျှရပ်နေပြီးသည့်အခါ သူဇဝေဇဝါဖြစ်သွားရလေသည်။


 "ငါ့ပစ္စည်းတွေရွှေ့လာပေးမယ်ဆိုတာ ဘာစကားလဲ..."


ရှောက်မင်ကမူ စက်ဘီးကို ကျောင်းရှိရာဘက်သို့တွန်းသွားလေပြီ။ 


"မင်းတစ်ရက်တည်းပဲစာသင်မှာလို့တော့ လာမပြောနဲ့နော်..."


ကျူးထုန်မှာ ရိုးရိုးသားသားပင်ပြန်ဖြေလာလေ၏။ 


"စာပြချိန်ပြီးရင် ပြန်လို့ရတယ်လေ..."


ရှောက်မင်ကရပ်သွားပြီး သူ့ကိုကြည့်လာသည်။ ကျူးထုန်ကလည်း ထိုသူကိုပြန်ကြည့်နေရင်းမှ ပိုပြီးခေါင်းရှုပ်လာလေ၏။ 


အရပ်ရှည်သောလူငယ်လေးတွင် အစီအစဥ်တစ်ခုရှိနေသည်။ 


"ကိုယ်တို့ အယောင်ဆောင်ရှိုးလေးတစ်ခု ကပြရမယ်ထင်တယ်..."


အလိမ်အညာကို အမှန်ဖြစ်အောင်ပြောင်းလဲရမယ်။


ကျူးထုန်: "ဘယ်လို အတုအယောင်ရှိုးလဲ..."


ရှောက်မင်က သူ့ကိုမေးလာ၏။


 "မင်း လစဥ်စာမေးပွဲတွေမှာ အမှတ်မကောင်းချင်ဘူးလား..."


ကျူးထုန်က စိတ်ပိုင်းဖြတ်ထားသလိုပြန်ဖြေလာသည်။ 


"ကောင်းချင်တာပေါ့..."


ရှောက်မင်: "ရမယ်လို့ရောထင်လား.."


ကျူးထုန်: "....."


တကယ်တမ်းပြောရရင် သိပ်အများကြီးတော့မဟုတ်ဘူးပေါ့။


"အဲဒါကြောင့် ကိုယ်မင်းကို စာပြပေးမယ်.." 


ရှောက်မင်က အလွန်တရာရိုးရှင်းသလိုဖြေလာ၏။ 

"ဒါမှမဟုတ်လည်း မင်းကိုယ့်အိမ်မှာ တစ်ရက်လောက်တော့ ညလုံးပေါက်နေလို့ရတယ်၊ ဒါပေမဲ့ နောက်ရက်တွေမှာ မင်းအိမ်ပြန်ရမယ်၊ ဦးလေးလျိုကလည်း ကိုယ်မင်းကိုစာပြပေးတာမကောင်းတဲ့အပြင် မင်းကိုဂရုမစိုက်ဘူးလို့ပါထင်သွားမှာ.."



"....."


"ကိုယ်မင်းကို တစ်ညလုံးဂရုစိုက်ပေးခဲ့တယ်၊ မင်းကတော့ ကိုယ့်ကို ဒီလိုမျိုး အရေးမပါတဲ့နေရာမှာထားတယ်.."


ဒါက ကျေးဇူးမသိတတ်တဲ့ပုံစံမဖြစ်နေဘူးလား။


ကျူးထုန်မှာ သူ့စကားကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။


သို့သော်လည်း ရှောက်မင်မှာ မနေ့ကတနေ့လုံး သူ့ကိုဂရုစိုက်ပေးခဲ့ပြီးပြီ။ ဦးလေးလျိုကိုလည်း သူ့အားဆက်ပြီး အထင်မလွဲစေချင်တော့ပေ။


ကျူးထုန်၏စိုးရိမ်စိတ်တို့မှာကြီးထွားလာရသည့်တိုင် တစ်ခုခုမှားနေသလိုခံစားနေရဆဲပင်။


"အိုကေ၊ လာပါ၊ ကိုယ်တို့အခုမသွားရင် နောက်ကျလိမ့်မယ်.." သူက စက်ဘီးပေါ်တက်ရင်းပြောလိုက်ပြီး အနောက်ခုံကိုညွှန်ပြလိုက်သည်။


ကျူးထုန်: "...."



'ငါတို့က နောက်ကျပြီးနေပြီကွ'


***


ဟိုတယ်ပြန်သည့်လမ်းတွင်-

 á€Ľá€Žá€¸á€œá€ąá€¸á€œá€ťá€­á€Żá€™á€žá€Ź လမ်းလျှောက်နေရာမှ ခဏအကြာ၌ ပြန်လှည့်လာလေ၏။ စက်ဘီးစီးသွားသောကောင်လေးနှစ်ယောက်ကိုကြည့်နေပြီးနောက် ဖုန်းထုတ်ကာ အဘိုးကြီးတစ်ယောက်ကိုဖုန်းခေါ်လိုက်သည်။


 "သခင်လေးနေကောင်းသွားပါပြီ၊ ဆေးရုံကနေ လည်းဆင်းလာပြီ..."


တဖက်က ဖုန်းထဲမှတစ်ခုခုပြောလိုက်ပုံရပြီး ဦးလေးလျိုက "ဟုတ်ကဲ့" ဟုဖြေကာ ဖုန်းချလိုက်လေသည်။ 


ကျူးထုန်နှင့်ရှောက်မင်တို့က စာသင်ဆောင်ထဲသို့ဝင်လိုက်သည်နှင့် မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်ပြီးသွားသော ဘဲလ်သံထွက်လာခဲ့သည်။ အတန်းတိုင်းမှကျောင်းသားများက ဆာလောင်နေသောသားရိုင်းကောင်များပမာ ကန်တင်းကိုသွားရန် ပြေးထွက်လာကြ၏။ ၎င်းပြင်းအားက သခင်လေးကျူးကို အင်အားကြီးငလျင်တစ်ခုအားတွေ့ကြုံရသလိုမျိုး အလုံအလောက်ခံစားရစေလေသည်။


လမ်းတလျှောက်တွင် သူတို့၏ "အပေါင်းအသင်း" များစွာဖြင့်တွေ့ခဲ့ရသည်။


"ကျောင်းကိုပြန်လာပြီလား..."


"အဆင်ပြေသွားပြီလား.."


"မနေ့ညက ဘာဖြစ်တာလဲ..."


ပုံမှန်မဟုတ်သော နွေးထွေးပျူငှာမှုများကို ကျူးထုန်ကခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်စေကာမူ သူတို့အတန်းထဲကိုဝင်လိုက်သည်နှင့် ရှောက်မင်က ခြံစည်းရိုးလို သူ့အားကာကွယ်ထားသောကြောင့် အခြားသူများက သူ့အနားကိုမကပ်နိုင်ကြတော့ပေ။


သူသာ ယခုလို လူဝိုင်းခံရမည်မှန်းသိခဲ့ပါက နောက်ကျနေလျှင်ပင် လာခဲ့မည်မဟုတ်ချေ။


မနေ့ညက ရှောက်မင် သူ့ကိုဆေးရုံခေါ်သွားပေးခဲ့သည့်သတင်းက အကြောင်းအမျိုးမျိုးဖြင့် ပျံ့သွားခဲ့သည်။ လူအများစုက သူတို့ကိုခိုးကြည့်နေကြလေ၏။


ပုံမှန် တက်ကြွနေသောကျောင်းသားအုပ်စုများကြားတွင် မနက်စာနှင့်ညစာစားချိန်၌ ပျင်းရသည့်အချိန်ဟူ၍ မရှိတတ်ပေ။


[မနေ့ညက ကျူးထုန်တစ်ယောက် ဆေးရုံကိုထပ်ရောက်သွားတယ်လို့ကြားတယ်]


[ရှောက်မင်က သူ့ကို ခေါ်သွားတာ ငါ့မျက်လုံးနဲ့တပ်အပ်မြင်လိုက်တယ်၊ ကျူးထုန်ကို မင်းသမီးလေးလိုတောင်ချီသွားသေးတယ်]


[ကျောင်းစာနတ်ဘုရားရဲ့ ပါဝါကတော့ အပျံစားပဲ၊ ငါလည်းနောက်ကျရင် သူ့လိုယောကျ်ားမျိုးကိုလက်ထပ်ရမယ်]


[ကျူးထုန်က ဘာလို့ဆေးရုံရောက်သွားတာလဲဆိုတာရော စိတ်မဝင်စားကြဘူးလား]


[တန်းခွဲသုံးကလူတွေပြောတာတော့ အစာအိမ်အောင့်တာတဲ့၊ နာတာကဆိုးလွန်းလို့ လမ်းတောင်မလျှောက်နိုင်ဘူးဆိုပဲ]


[ကျူးထုန်ရဲ့ခန္ဓာကိုယ်က ရောဂါတွေနဲ့လုံးပါးပါးနေတော့တာပဲ]


[သနားစရာကောင်းလိုက်တာ]


တန်းခွဲခုနစ်ရှိကျိုးဆွေ့မှာ ကျူးထုန်နှင့်ပတ်သက်၍ ကျောင်းသားများကအွန်လိုင်းပေါ်၌ အတင်းအဖျင်းပြောနေကြသည်ကိုကြည့်ရင်း ချင်ကျွင်းဟုန်ကိုမက်ဆေ့ချ်ပို့လိုက်သည်။


<ကျိုးဆွေ့>: မင်းညီလေးက တကယ်ကို ချူချာတဲ့အလှလေးပဲနော်။ ဆေးရုံကိုထပ်ရောက်သွားပြန်ပြီတဲ့။ အစ်ကိုကြီးအနေနဲ့ တစ်ခုခုမပြောတော့ဘူးလား။ မင်းအတွက်အဆင်မပြေရင် ငါပဲမင်းအစား သွားနှုတ်ဆက်လိုက်မယ်။


နောက်တစ်နည်းအားဖြင့်: ပိုက်ဆံတောင်းမည်။


သူက ခပ်သွက်သွက်ပင်စာပြန်ရိုက်လိုက်လေ၏။


<ချင်ကျွင်းဟုန်> : ငါပြောတဲ့အတိုင်းသာသေချာလုပ်။ မင်းပိုက်ဆံပိုရမယ်။


<ကျိုးဆွေ့> : ကိုင်တွယ်ဖို့တော့မလွယ်ဘူးနော်။ သခင်လေးချင်။ မင်းညီရဲ့စရိုက်က မင်းပြောထားတဲ့စကားနဲ့တခြားစီ။ ငါမင်းနာမည်ကိုလည်းပြောလိုက်ရော သူချက်ချင်းလက်မခံဘူးလေ။ သူ့မျက်နှာကလည်း အေးစက်ပြီးရှစ်ခေါက်ချိုးဖြစ်သွားတော့တာပဲ။ မင်းတို့နှစ်ယောက်က တကယ် အမျိုးတော်ပြီး ဆက်ဆံရေးကောင်းတာမှဟုတ်ရဲ့လား။


ချင်ကျွင်းဟုန်မှာ ကျူးရှို့ရှန်း သူ့ကိုလွှဲပေးလိုက်သည့် လုပ်ငန်းဖိုင်ကိုစီစဥ်နေခြင်းဖြစ်သည်။ ဖုန်းပေါ်မှ စာတိုအသစ်ကိုမြင်သည့်အခါ သူမျက်မှောင်ကြုတ်လိုက်မိသည်။


'ကျူးထုန်က သူ့ကိုမယုံဘူးတဲ့လား။ ဘယ်လိုဖြစ်တာလဲ။'


သူတို့နှစ်ယောက်က ဗီလာတစ်ခုထဲတွင် နှစ်ပေါင်းများစွာ အတူနေအတူစားခဲ့ကြခြင်းဖြစ်သည်။ ကျူးထုန်ကလည်း သူ့အပေါ်တွင်အမြဲယဥ်ကျေးပြီး ကောင်းကောင်းမွန်မွန်ရှိခဲ့သည်။


ထိုသူက ဆေးရုံတွင် တစ်နှစ်ပတ်လုံးနေထိုင်ရပြီး ချင်ကျွင်းဟုန်ကလည်း အချိန်တိုင်း သူ့ထံသွားလည်ခဲ့သည်။ ကျူးထုန်ကလည်း သူ့အပေါ်ကောင်းခဲ့သည်။ သူအပြင်းအထန်နေမကောင်းဖြစ်နေချိန်ကလည်း ပိုက်ဆံဆယ်သန်းထည့်ထားသည့် ကတ်ကိုပင်သူမှတဆင့် ကျူးရှင်းကိုပေးခိုင်းခဲ့သည်။ ၎င်းကိုကြည့်လျှင် ကျူးထုန်ကသူ့ကို အလွန်အမင်းယုံကြည်ထားကြောင်းကို ပြသနေ၏။


ကျူးရှို့ရှန်း၏ နောက်ဆုံးစကားကြောင့်သာမဟုတ်ပါက သူ့ထံတွင် ကတ်ကိုပြန်တောင်းမည့်အစီအစဥ်ပင် ရှိပုံမရချေ။


သူ့နာမည်ကိုကြားလိုက်တော့ မျက်နှာကအေးစက်ပြီးရှစ်ခေါက်ချိုးဖြစ်သွားတယ်တဲ့လား။


'ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'


ချင်ကျွင်းဟုန်က လုံးဝမယုံပေ။ ၎င်းက ကျိုးဆွေ့၏ အကြောင်းပြချက်တစ်ခုလည်းဖြစ်နိုင်သည်။ ထိုသူက ပိုက်ဆံကိုပိုလိုချင်နေသည်လေ။


သို့ရာတွင် ယခုအချိန်၌ သူ့အနေဖြင့်ကျိုးဆွေ့ကို ထုတ်မပြောသေးဘဲ စာပြန်လိုက်သည်။


<ချင်ကျွင်းဟုန်> : ငါတို့ဆက်ဆံရေးကတကယ်ကောင်းတာပါ။ သူကငါ့ကို အရမ်းလည်းယုံကြည်တယ်။ မင်းကအရမ်း နမော်နမဲ့လုပ်လို့ သူကမင်းအပေါ် ပစ်ပစ်ခါခါလုပ်ပြနေတာ။ သူ မယုံကြည်တာကမင်းပဲ။ မင်းလုပ်ရမှာက သူ့ရဲ့ယုံကြည်မှုကိုရအောင်ယူဖို့ပဲ။ မင်းဘာလုပ်ရမလဲဆိုတာကို ငါကမင်းကိုသင်ပေးနေရဦးမှာလား။


သူ့ပြန်စာကိုရသည်နှင့် အတန်းထဲမှကျိုးဆွေ့ကနှာမှုတ်လိုက်မိသည်။ သူတို့ဆက်ဆံရေးက ချင်ကျွင်းဟုန်ယုံကြည်ထားသလောက် ကောင်းပါ့မလားဟု သံသယဝင်နေမိသည်။


ချင်ကျွင်းဟုန်လိုချင်တာက သူ့ရဲ့ယုံကြည်မှုကိုရအောင်လုပ်ခိုင်းပြီးမှ ဖျက်ဆီးခိုင်းတာလား။ သူ့ကိုလား။


<ကျိုးဆွေ့> : လူကုံထံအသိုင်းအဝိုင်းက မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက "ပိုကိုပိုလွန်း" ပါတယ်။


ရဲတင်းလိုက်တဲ့ ထေ့ငေါ့စကားပါလား။


ချင်ကျွင်းဟုန်က ထိုပြန်စာကိုမြင်လိုက်သည်နှင့် သူ့မျက်နှာလည်းပြောင်းသွားပြီး မျက်လုံးတို့က မည်းမှောင်သွားလေသည်။


<ချင်ကျွင်းဟုန်> : မဆိုင်တာတွေကိုစိတ်ပူမနေနဲ့။ ကိစ္စတွေပြီးသွားရင် မင်းမိသားစုတင်နေတဲ့အကြွေးတွေကို လူတစ်ယောက်က ပုံမှန်အတိုင်း လာဆပ်ပေးလိမ့်မယ်။ ကျူးထုန်ရဲယုံကြည်မှုကိုရဖို့ မင်းလုပ်ချင်တာ အကုန်သာလုပ်။


ကျိုးဆွေ့: "....."


ချင်ကျွင်းဟုန် နောက်ဆုံးပို့လိုက်သောစာကိုကြည့်ပြီး သူ့မျက်လုံးတို့က စိတ်ဝင်စားမှုဖြင့် ကျဥ်းမြောင်းသွားလေသည်။


'ငါလုပ်ချင်တာလုပ်ဆိုပါလား၊ ကောင်းလိုက်တဲ့အကြံပေးချက်'


သူ WeChat ကိုပိတ်လိုက်ပြီး ကျောင်းသားများဖွဲ့ထားသောအဖွဲ့မှ မတိုင်ခင်က တက်လာသောစာများကိုဖတ်ကြည့်နေလိုက်သည်။ တခဏမျှ ကြည့်နေပြီးနောက် သူထရပ်လိုက်ပြီး အတန်းထဲမှထွက်သွားလေတော့သည်။


________


တန်းခွဲနှစ်စာသင်ဆောင်တွင် ကျူးထုန်က အတန်းကိုပြန်ရောက်ပြီးသည်နှင့် ရုံးခန်းကိုထပ်သွားရပြန်သည်။


ရှစ်ဝမ်ရှူက သူ့အခြေအနေကိုမေးမြန်းလာခဲ့သည်။


ကျူးထုန်က အစာအိမ်သွေးယိုသည့်အကြောင်းကိုမပြောဘဲ သာမန်အစာအိမ်ပြဿနာဟုသာပြောလိုက်သည်။


သူ့ပုံစံက နေမကောင်းနေသည့်ပုံပေါ်၍ ရှစ်ဝမ်ရှူကလည်း မေးခွန်းထပ်မမေးတော့ပေ။ စကားအနည်းငယ်ပြောပြီးသည်နှင့် အတန်းကိုပြန်လွှတ်လိုက်သည်။


ကျူးထုန်က ထိုင်ခုံတွင်ဝင်ထိုင်သည်နှင့် အစမ်းမေးခွန်းများကို ထပ်မံဖြေကြည့်နေလေသည်။


အရှေ့ခုံမှ အတန်းခေါင်းဆောင်နှင့်အခြားသူများမှာ မနက်စာစားရာမှပြန်မလာကြသေးပေ။ လော့ရှိုးက အတန်းခေါင်းဆောင်ခုံတွင်ဝင်ထိုင်ပြီး စာလုပ်နေသောစက်ရုပ်နှစ်ရုပ်ကို နားမလည်နိုင်သောမျက်နှာဖြင့်ကြည့်နေသည်။


ရှောက်မင်ကသူ့ကိုမော့ကြည့်ပြီးပြောလိုက်သည်။ 


"မင်းမှာပြောစရာရှိရင်ပြောလိုက်၊ အချိုးမပြေတဲ့စကားမဟုတ်ရင်ပြီးရော..." 


လော့ရှိုး: "ငါ့မှာ မင်းကို ပြောစရာဘာစကားမှမရှိဘူး.."


ရှောက်မင်: "...."



****


စာရေးသူမှာပြောစရာရှိပါတယ်။



ဦးလေးလျိုလည်း သရုပ်ဆောင်ကောင်းတာပဲ။


🤒