Chapter 49
Viewers 7k

🤒အခန်း ၄၉




လော့ရှိုး ခေါင်းလှည့်လာသည့်အချိန်တွင် ကျူးထုန်ကလည်း သူ့ကိုမော့ကြည့်လာလေသည်။ 


လော့ရှိုးက ကောက်ကာငင်ကာမေးလိုက်၏။ 


"အစာအိမ်သွေးယိုတယ်ဆို၊ ဘယ်လိုဖြစ်တာလဲ..."



ကျောင်းကန်တင်းမှအစားအသောက်က အစာအိမ်သွေးယိုစီးသည်အထိဖြစ်စေခဲ့သောကိစ္စမှာ သူ့အတွက် စိတ်ကူးကြည့်ရန်ပင်ခက်ခဲနေလေသည်။


ကျူးထုန်: "......"


ဖြစ်သွားခဲ့ပုံကို သူလည်းသိချင်နေမိသည်။


လော့ရှိုးက ထပ်ပြီးသက်ပြင်းချလာသည်။ 


"ငါ မင်းကိုအပြစ်တင်မလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကန်တင်းမှာစားလို့မရရင်လည်း ငါ့ကိုအစောကြီးတည်းကပြောသင့်တယ်လေ၊ မင်းအစာအိမ်သွေးယိုရတာက ငါ့ကို မင်း အဖော်လိုက်ပေးလို့လေ၊ ငါ့အပြစ်ပဲမလား.."


ကျူးထုန်: "ဆောရီး..."


လော့ရှိုးမှာ ထပ်ပြီး ရှော့ခ်ရသွားပြန်သည်။


 "မင်းကို အစာအိမ်သွေးယိုတဲ့အထိလုပ်လိုက်တာငါလေ၊ မင်းကငါ့ကိုတောင်းပန်နေသေးတယ်.."


လော့ရှိုးကမှ သူ့ကိုတောင်းပန်ရမှာမဟုတ်ဘူးလား။


ရှောက်မင်က သူ့ကို ဆဲလေတော့၏။ 


"မင်းမျက်နှာက ရွှေနဲ့ထုထားလို့လား၊ သူကမင်းကြောင့် ကန်တင်းကိုသွားပါတယ်လို့ ဘယ်သူပြောလဲ.."


လော့ရှိုးကလည်း သူ့ကိုပြန်ပက်လေသည်။


 "မင်းကြောင့်လည်းမဟုတ်ပါဘူးနော်..."


ကျူးထုန်: "......"


ထိုနှစ်ယောက်လုံးက တုံးလွန်းလှသောကြောင့် သူ့ကိုပင် ခေါင်းကိုက်သွားစေခဲ့သည်။


ရှောက်မင်က ကျူးထုန်ကိုဆတ်ခနဲကြည့်ပြီး လော့ရှိုးကိုကြည့်ကာပြုံးလိုက်သည်။ 


"ဒီမှာဘာလုပ်နေတာလဲ၊ လုပ်စရာမရှိရင်လည်းသွားတော့ကွာ.."


လော့ရှိုးက ခဏမျှအေးခဲနေပြီးမှ ပြန်စွာလေ၏။ 


"ငါကတောင်းပန်ဖို့လာတာ..."


သူတမင်လုပ်လိုက်ခြင်းမဟုတ်သော်လည်း ကန်တင်းတွင်စားရန်အကြံပေးခဲ့သူမှာ သူပင်။ သူက အခြားသူများကို တော်ရုံမတောင်းပန်တတ်သဖြင့် အနည်းငယ် ကို့ရို့ကားယားခံစားနေရပြီး ဘယ်လိုပြောရမှန်းလည်းမသိပေ။


ယခုလေးတင် သူတက်ကြွနေသေးသော်လည်း ရုတ်တရက်ကြီး စိတ်ဓာတ်ကျသွားပြန်သည်။


ကျူးထုန်မှာ ယခုလိုအခြေအနေမျိုးကို တစ်ကြိမ်ပင်မကြုံဖူးသေးသောကြောင့် လက်ခါပြပြီးပြောလိုက်ရသည်။ 


"ရပါတယ်၊ မင်းတောင်းပန်စရာမလို.."


"အိုကေ၊ ငါ့ထိုင်ခုံဖော်က မင်းတောင်းပန်တာကိုလက်ခံလိုက်ပြီ၊ မင်းသွားလို့ရပြီ..."


ကျူးထုန်: "......"


လော့ရှိုး: "......"


လော့ရှိုးက တကယ်သွားတော့မည့်အချိန်တွင် စကားတစ်ခွန်းချန်သွားခဲ့သေးသည်။ 


"လူငယ်လေးတွေက သူတို့ခန္ဓာကိုယ်ကို ချစ်မြတ်နိုးသင့်တယ်" 

သူ့အသံက ပညာရှိအဘိုးအိုတစ်ယောက်လိုပင်။


ကျူးထုန်မှာ သူ့ကြောင့် ကြောင်အသွားရသော်လည်း တနည်းတဖုံဖြင့် ရယ်စရာကောင်းနေသလို ခံစားလိုက်ရ၏။


အတန်းတက်ခေါင်းလောင်းသံက မြည်လာခဲ့သည်။ မနက်ခင်းပိုင်းတွင် သူတို့အတန်းက သင်္ချာအချိန်နှစ်ချိန်သာရှိသည်။ လစဥ်စာမေးပွဲနီးကပ်လာသည်ကိုတွေးမိပြီး သင်္ချာဆရာက စာသင်ချိန်တစ်ချိန်လုံးကို ပုစ္ဆာများသာ တွက်ခိုင်းလေ့ရှိ၏။ မေးခွန်းအားလုံးက ပိုမိုရှုပ်ထွေးပြီး ခါတိုင်းထက် ပိုမိုခက်ခဲနေတတ်သည်။


ပုစ္ဆာငါးပုဒ်ကိုဖြေရှင်းရန် ကျူးထုန်တွင် အချိန်နှစ်နာရီသာရလေ၏။


သူအနည်းငယ် စိတ်ဓာတ်ကျသွားခဲ့၏။


"မရဘူးလား..." 


အတန်းပြီးသည်အထိ သူက သင်္ချာငါးပုဒ်လုံးကိုကြည့်နေသေးမှန်းသိသွားပြီး ရှောက်မင်က လာမေးလေသည်။


ကျူးထုန်က ခေါင်းညိတ်ပြလိုက်၏။


 "အင်း..."


ရှောက်မင်ကပြုံး၍ပြောလိုက်လေသည်။ 


"မရတာကိုချရေးထားလိုက်လေ၊ ညနေအတန်းပြီးရင် ကိုယ်မင်းကိုတွက်ပြမယ်.."


ပုစ္ဆာများကိုသေချာရှင်းပြရန် အတန်းချိန်များကြားမှ အချိန်မှာ တိုလွန်းနေ၏။


ထိုသူထံမှ "ညနေ" ဆိုသည့်စကားကြားရသည်နှင့် ကျူးထုန်မှာ တခဏမျှတောင့်တင်းသွားခဲ့ပြီး တွန့်ဆုတ်နေပုံဖြင့်ပြန်မေးလာလေသည်။


 "တကယ်ပဲ ငါ့ကိုမင်းနဲ့အတူနေစေချင်တာလား..."


ရှောက်မင်ကပြန်မေးသည်။ 


"မင်းကမနေချင်ဘူးလား..."


ကျူးထုန်: "မဟုတ်ပါဘူး..."


"အဲဒါက မင်းစာမသင်ချင်ဘူးလို့ဆိုလိုတာပဲ.."


ကျူးထုန်ကခေါင်းယမ်းပြသည်။


ရှောက်မင်က တဒင်္ဂခန့်တွေးလိုက်လေသည်။


 "မင်း အိမ်ငှားနေရတာကိုကြိုက်လား.."


ကျူးထုန်က ခေါင်းထပ်ညိတ်ပြလိုက်သည်။ 


"ကြိုက်တယ်.."


ရှောက်မင်က နောက်ဆုံးသံတစ်ချောင်းကို အခေါင်းတွင်ရိုက်သွင်းပေးလိုက်သည်။


 "ဒါဆို ပြီးတာပဲလေ.."


ကျူးထုန်: "...."


သူက နောက်စကားတစ်ခွန်းထပ်ပြောချင်သေးသော်လည်း အတန်းတံခါးဝမှ လူတစ်ယောက်ကရုတ်တရက်လှမ်းအော်လာလေသည်။ 


"ကျူးထုန်၊ မင်းကိုလာရှာနေတဲ့သူရှိတယ်.."


ကျူးထုန်က တံခါးဝကိုလှမ်းကြည့်ပြီး မည်သူ့ကိုမှမမြင်ပေ။ ထို့ကြောင့် သူ ရှောက်မင်ကိုပြောလိုက်သည်။ 


"ငါသွားကြည့်လိုက်မယ်..."


အတန်းတံခါးအပြင်ကိုထွက်လိုက်သည့်အခါ မိန်းကလေးတစ်ယောက်က လက်ထဲတွင် ပလက်စတစ်အိတ်ကိုင်ရင်း အပြင်တွင်စောင့်နေသည်ကိုတွေ့လိုက်ရလေ၏။


မိန်းကလေးကသူထွက်လာသည်ကိုမြင်သည့်အခါ ပြုံးလိုက်ပြီး ပလက်စတစ်အိတ်ကိုပေးလိုက်လေသည်။ 


"လူတစ်ယောက်က ငါ့ကို နင့်ဆီကိုဒါလေးပေးခိုင်းလိုက်တယ်.."


"...."


ကျူးထုန်က ငုံ့ကြည့်လိုက်သည်။ ပလက်စတစ်အိတ်က အနည်းငယ်ရင်းနှီးနေသလိုပင်။ အစာအိမ်နှင့်ပတ်သသ

က်၍ မြင်နေကျဖြစ်သောဆေးများဖြစ်နေ၏။


ကျူးထုန်ကမျက်မှောင်ကြုတ်ကာ သူမကိုပြန်မေးလေသည်။ 


"ဘယ်သူပေးခိုင်းလိုက်တာလဲ.."


မိန်းကလေးက နားလည်ခက်သည့်အပြုံးမျိုးကိုသာပြုံးပြလာလေ၏။ 


"တတိယနှစ်ကစီနီယာပဲ၊ အိုး...အထဲမှာ ကတ်ထည့်ပေးလိုက်တယ်.."


မိန်းကလေးက ပလက်စတစ်အိတ်ကိုဖွင့်ပြီး ကတ်ကိုထုတ်ကာသူ့ကိုပေးလာလေသည်။ ကျူးထုန်ကယူကြည့်ပြီး သူ့မျက်နှာက တမဟုတ်ချင်းမည်းမှောင်သွားခဲ့၏။


[ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ]


လက်မှတ်နေရာတွင် ကျိုးဆွေ့ဟုထိုးထားလေသည်။


အတန်းထဲမှရှောက်မင်ကမူ သူ၏ထိုင်ခုံဖော်လေးက အတန်းထဲမှထွက်သွားသည်ကို အေးအေးလူလူကြည့်နေလိုက်လေသည်။ ထို့နောက် ထိုင်ခုံဖော်လေးက မျက်နှာသေဖြင့်ပြန်ရောက်လာပြီး လက်ထဲတွင်လည်း ပလက်စတစ်အိတ်တစ်လုံးကိုကိုင်ထားလေ၏။


ထိုသူ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် သူ့ဘက်မှစကားပြောတော့မည်ရှိသေးစဥ် ထိုင်ခုံဖက်လေးကပြောလာခဲ့သည်။ 


"မင်း တတိယနှစ်က စီနီယာတွေနဲ့သိလား..."


ရှောက်မင်: "....."


သူ့အသံထဲတွင် သတ်ချင်ဖြတ်ချင်နေသည့်အရိပ်အယောင်များက ပါနေလေ၏။


သူကပြုံးလိုက်ကာ အပြစ်ကင်းစင်ဟန်လေးဖြင့်ပြန်မေးလာလေသည်။ 


"သိတယ်လေ၊ ဘာဖြစ်လို့လဲ.."


_______


နောက်အတန်းချိန်ပြီးသွားသည့်အခါ ကျောင်းသားတစ်ယောက်က စာသင်ခန်း၏အနောက်ပေါက်မှတဆင့် ကျိုးဆွေ့ကို လာခေါ်လေသည်။ ကျိုးဆွေ့က သူ့ထံကို လာတွေ့မည့်သူကိုမျှော်နေသလိုမျိုး အတန်းအပြင်ကိုထွက်သွားလေ၏။


သူ့အားလာခေါ်သည့်ကောင်လေးတစ်ယောက်က ပလက်စတစ်အိတ်အားကမ်းပေးလာလေသည်။ 


"ဒီဆေးတွေကို ကျူးထုန်ဆီပေးတာမင်းလား..."


ကျိုးဆွေ့က သူ့လက်ထဲမှပလက်စတစ်အိတ်ကိုကြည့်ပြီး ပြုံးလိုက်သည်။


 "ဟုတ်တယ်လေ၊ မနေ့က သူပဲ အစာအိမ်အောင့်တာမလား၊ ငါကသူ့ကို ဂရုစိုက်ပေးတာလေ.."


သူပင် စကားပြော၍မပြီးသေးခင် ပလက်စတစ်အိတ်နှင့်ကောင်လေးက ရုတ်တရက် အခန်းထဲဝင်လာပြီး အိတ်ကို အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်။ ထို့နောက် ပြန်လှည့်လာပြီးပြောလိုက်၏။ 


"သူက ဆေးတွေကိုပြန်ယူသွားပြီးမင်းရှေ့မှာပဲ အမှိုက်ပုံးထဲကိုလွှင့်ပစ်ခိုင်းလိုက်တယ်၊ မင်းသိအောင်လို့တဲ့..."


ကျိုးဆွေ့: "....."


****


အတန်းများ၏နားချိန်ဆယ်မိနစ်အတွင်း သန့်စင်ခန်းအပြေးသွားရန်လိုအပ်နေသူများမှလွဲပြီး ကျောင်းသားအနည်းငယ်သာစာသင်ခန်းထဲတွင်ကျန်ခဲ့လေသည်။


ကျိုးဆွေ့ အမှတ် ၁ အလယ်တန်းကျောင်းတွင် တက်လာခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သည်။ ဘတ်စကတ်ဘောကစားသည့်နေရာတွင် တော်သောကြောင့် လက်ရှိတက်ရောက်နေသောစာသင်နှစ်တွင်လည်း သူကနာမည်ကြီး၏။ ကျောင်းသားတစ်ယောက်က ရုတ်တရက်ကြီး သူ့အား အတန်းအထိလာရှာလာသည့်အခါ ပျင်းရိနေကြသောအတန်းဖော်များက မြေကြီးလက်ခတ်မလွဲ တစ်စက္ကန့်မျှလှမ်းကြည့်လာကြလေသည်။


ကျူးထုန်က သူပို့ပေးလိုက်သည့်ဆေးများကို ပြန်ပေးလိမ့်မည်ကို ကျိုးဆွေ့ခန့်မှန်းထားခဲ့ပြီးဖြစ်ကာ သူ့ဘက်မှထိုသူကိုဂရုစိုက်ကြောင်းပြသရန် ၎င်းကိုအခွင့်ကောင်းယူခဲ့ခြင်းသာဖြစ်သည်။သို့သော် ကျူးထုန်က ယခုလိုလုပ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။


သူပို့လိုက်တဲ့ဆေးတွေကို အမှိုက်ပုံးထဲ တန်းပစ်လိုက်တဲ့လား။


ရိုင်းစိုင်းနေပါလား။


ငြင်းရုံတင်မကဘဲ ရွံတဲ့ပုံစံပြပြီး သူ့ကိုလူလယ်ခေါင်မှာ အရှက်ခွဲလိုက်သေးတယ်။


သူ့အတန်းဖော်များလည်း ထိတ်လန့်သွားကြသည်။


သူတို့က ကျိုးဆွေ့အကြောင်းကို ကောင်းကောင်းသိကြ၏။ ထိုသူက သိမ်မွေ့သည့်တိုင် အလွန်မဆင်မခြင်ပြုမူတတ်သည်။ ကျောင်းတွင် သူနှင့်တွဲခဲ့သည့်မိန်းကလေးများက မရေတွက်နိုင်အောင်ရှိပြီး မိန်းကလေးတစ်ယောက်ကို ရိုမန့်တစ်ဆန်စွာချဥ်းကပ်သည့်နည်းလမ်းများလည်း သူ့ထံတွင်အများအပြားရှိသည်။


သို့သော်လည်း ယခင်က ကျိုးဆွေ့လိုက်ခဲ့သူအများစုမှာ ယေဘူယျအားဖြင့်မိန်းကလေးများသာဖြစ်ပြီး တစ်ခါမှလည်း မရှုံးနိမ့်ခဲ့ဖူးပေ။


အခုတော့သူက....အုတ်နံရံကြီးကို လက်သီးနဲ့ထိုးလိုက်တာလား။


ပြီးတော့ ကောင်လေးက ပလက်စတစ်အိတ်ကို အခုလေးတင်လွှင့်ပစ်လိုက်တယ်လေ။


သူတို့သိတဲ့ကျူးထုန်က လုပ်လိုက်တာများလား။ 


အရင်ရက်က ရေစင်သွားတာကို ချူချာတဲ့အလှလေးက လက်စားပြန်ချေတာများလား။


ချူချာတဲ့အလှလေးကို ကျိုးဆွေ့ကတောင် စိတ်ဝင်စားနေတာလား။


အတန်းထဲမှကျောင်းသားတစ်ယောက်က ချက်ချင်းပင် သူ့အား စနောက်လာလေ၏။


 "ရို့..ဆွေ့ကော၊ မင်းကအရမ်းသတ္တိကောင်းတာပဲနော်..."


"ကောင်လေးကရက်စက်လိုက်တာ၊ ဒီလောက်တောင်လုပ်ရတဲ့အထိပဲဆိုတော့ ဘယ်လောက်တောင်ရွံရှာနေလို့လဲ.."


"ပြတ်သားလိုက်တာ.."


"ကျိုးဆွေ့၊ မင်းမှာတောင် ဒီလိုခက်ခဲတဲ့နေ့မျိုးရှိလာသေးတာပဲနော်..ဟား...ဟား...ဟား..."


အသက်ရှူသံက ရပ်တန့်သွားသည်အထိ ဘေးပတ်လည်မှ လှောင်ပြောင်ရယ်မောသံတို့က ကျိုးဆွေ့နှလုံးသားကို တောင့်တင်းသွားစေခဲ့သည်။


သူ့မှာ ယဥ်ကျေးရည်မွန်သောမျက်နှာထားကို မနည်းပြင်ဆင်လိုက်ရပြီး ပစ္စည်းယူလာပေးသောကောင်လေးကို ကြည့်လိုက်သည်။


 "ဒါ...ဂျူနီယာညီလေးကျူးထုန်က အထင်လွဲနေတာထင်တယ်၊ သူ့အစ်ကိုကြီးက ငါ့ကို သူကျောင်းတက်နေတုန်းမှာ ငါ့ကိုဂရုစိုက်ပေးဖို့မှာထားလို့ပါ၊ တခြားသဘောမရှိပါဘူး.."


ကောင်လေးက သူ့စကားကြောင့် စိတ်လှုပ်ရှားသွားပုံပင်မရဘဲ 'အိုး' ဟုအသံထွက်လာပြီးမှဆက်ပြောလာလေသည်။ 


"ကျွန်တော်က စကားကိုပဲ တဆင့်လာပြောပေးတာပါ၊ ကျန်တာကတော့ ကိုယ်ဟာကိုယ်ပဲသွားပြောလိုက်ပါ..."


သို့သော် ကောင်လေးက တစ်ခုခုကိုသတိရသွားပုံပင်။ 


"ပြီးတော့ သူပြောလိုက်သေးတယ်၊ သူ့ကိုချဥ်းကပ်ဖို့မလိုပါဘူးတဲ့၊ ဒီတော့ သူ့ကိုရှင်းပြစရာလည်းမလိုပါဘူးတဲ့..."


"......"


၎င်းက ကျူးထုန်၏ ပြောင်မြောက်လှသော ငြင်းပယ်ချက်ပင်ဖြစ်လေသည်။


ကျိုးဆွေ့မှာ မျက်နှာကသာပြုံးနေသော်လည်း အံကြိတ်ထားမိလေ၏။ သူမတုံ့ပြန်နိုင်မှီ ကောင်လေးကလှည့်ထွက်သွားခဲ့လေပြီ။


တန်းခွဲ ၇ မှကျန်သောကျောင်းသားများအားလုံး စပ်စုလိုသောမျက်နှာများဖြင့် သူ့အနားတွင်ဝိုင်းလာကြတော့၏။ 


"သူဘာပြောသွားတာလဲ ကျိုးဆွေ့၊ နင်က ကျူးထုန်ရဲ့အစ်ကိုကြီးကိုလည်းသိတာပဲလား..."


"တကယ်ကြီးလား၊ ကျူးထုန်မိသားစုအတွင်းပိုင်းက အရမ်းရှုပ်ထွေးတာ၊ နင်တကယ် သူ့အစ်ကိုကြီးကိုသိတာလား၊ ဘယ်လိုသိတာလဲ..."


ကျိုးဆွေ့က စိတ်လျှော့လိုက်ပြီး အပြုံးလေးဖြင့်ပြန်ပြောလိုက်၏။ 


"မြို့ထဲမှာ ဘတ်စကတ်ဘောကစားရင်း မတော်တဆဆုံဖြစ်ကြတာ..."


သူက ချင်ကျွင်းဟုန်နှင့် ရင်းနှီးဟန်ဆောင်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ချင်ကျွင်းဟုန်ကို ထပ်ခါတလဲလဲကျိန်ဆဲနေခဲ့သည်။


ကျူးထုန်က သူ့ကိုဆိုလျှင် အလွန်တရာယုံကြည်သည်ဟုပြောခဲ့သည်။


'ယီးကိုပဲယုံနေလိုက်'


'သူ့ကိုသာတကယ်ယုံတယ်ဆိုရင် "သူငယ်ချင်း" အနေနဲ့တော့သဘောထားရမယ်မလား'


'ဖြစ်ကိုမဖြစ်နိုင်ဘူး'


ကျိုးဆွေ့မှာ ချက်ချင်းစိတ်လျှော့လိုက်ရသည်။ သူ့ဘေးပတ်လည်မှ အတင်းစကားများကြောင့် ဖုန်းထုတ်ကာ ချင်ကျွင်းဟုန်ကိုမက်ဆေ့ချ်ပို့လိုက်ရသည်။


***


ဒုတိယနှစ်စာသင်ဆောင်တွင် မနက်ပိုင်းအတန်းချိန်အပြီး၌ ကျူးထုန် ဖုန်းဖွင့်လိုက်သည်နှင့် ချင်ကျွင်းဟုန်ထံမှ WeChat မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။


<ချင်ကျွင်းဟုန်> : ကျိုးဆွေ့က ကျောင်းမှာ မင်းကိုလာရှာတယ်ဆို။ တောင်းပန်ပါတယ်ကွာ။ ငါက မင်းအခက်တွေ့နေမှာကိုစိုးရိမ်နေတာ။ ငါ သူ့ကိုမခိုင်းထားပေမဲ့ သူက အထင်လွဲသွားတယ်ထင်တယ်။


<ချင်ကျွင်းဟုန်> : ဒါပေမဲ့ သူကလူဆိုးမဟုတ်ပါဘူး။ မင်းစိတ်မခုသွားဖို့တော့မျှော်လင့်ပါတယ်။


ကျူးထုန်: "....."


ချင်ကျွင်းဟုန်က ကောင်းကောင်းသရုပ်ဆောင်နိုင်သည်ပင်။ ဘာကိုမှပြန်မလိုချင်သည့် စိုးရိမ်နေသောအစ်ကိုတစ်ယောက်ပုံစံပင် လုပ်ပြလိုက်သေးသည်။


ယခုလေးတင် ဓာတုဗေဒအတန်းချိန်ကြောင့် ကြည်လင်နေခဲ့သောကျူးထုန်၏စိတ်လေးမှာ ချက်ချင်းနောက်ကျိသွားလေတော့၏။


သူ စိတ်ထဲမှသာပြောလိုက်မိသည်။

 'အခုချက်ချင်းအိမ်ပြန်ပြီး ဒီကောင့်ကိုသတ်လိုက်ရမလား'


စနစ်ကသူ့အားသတိပေးလေသည်။

 'Host ရဲ့ နှစ်သက်မှုရာခိုင်နှုန်းက ငါးဆယ်မပြည့်သေးပါဘူး၊ လွန်ကဲတဲ့ "စိတ်လှုပ်ရှား" မှုပြီးရင် နှလုံးရောဂါ ရနိုင်ချေရှိပါတယ်၊ ယခုလို ပြင်းထန်ရက်စက်တဲ့လှုပ်ရှားမှုမျိုးကို အကြံမပေးပါ'


ကျူးထုန်က ချက်ချင်းမျက်မှောင်ကြုတ်မိလိုက်သည်။


ချင်ကျွင်းဟုန်နှင့်သူ့အမေကို စောင့်ကြည့်ရန်မခက်သော်လည်း ဆန်းစစ်ရန် သက်သေနှင့်အကြောင်းပြချက်ရှာရန်မှာ ခက်ခဲလိမ့်မည်။


ထိုသားအမိနှစ်ယောက်က ဂုဏ်သိက္ခာညိုးနွမ်းစေမည့်ကိစ္စ သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ထားခြင်းမျိုးမရှိပေ။ ကျူးရှို့ရှန်းနှင့် ထိုသားအမိတို့က ဖက်လဲတကင်းမရှိကြသည့်တိုင် သူတို့ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး အပြောအဆိုခံရမည်ကိုလည်း အလွန်အမင်းစိုးရိမ်ကြလေသည်။


သူတို့နှစ်ယောက်ကို ကျူးမိသားစုအိမ်မှ အကြောင်းအရင်းမရှိ မောင်းထုတ်ရန်မှာ မဖြစ်နိုင်ပေ။


ကျူးထုန်က သူ့အဖေ၏အတွေးကိုဂရုမစိုက်ချေ။ သို့တိုင် ချင်မန်ဝမ်က ရှောင်ရှင်းကို ကလေးအရွယ်တည်းကစောင့်ရှောက်ပေးလာခဲ့ခြင်းဖြစ်၍ သူမအနေဖြင့် ချင်မန်ဝမ်အပေါ် အမြင်ကောင်းရှိသည်ကို သူသိ၏။


သူသာ ၎င်းသားအမိကိုမောင်းထုတ်လိုက်ပါက ပြဿနာများက ရှေ့တွင်စောင့်ကြိုနေလိမ့်မည်။


ပြဿနာများစောင့်ကြိုနေခြင်းက အသေးအမွှားလေးသာဖြစ်သည်။ သို့သော်လည်း ပြဿနာများကိုဖြေရှင်းရင်း သူသာ နှလုံးရောဂါရသွားပါမူ တန်မည်မဟုတ်ချေ။


အရင်ဆုံး နှစ်သက်မှုရာခိုင်နှုန်းတိုးအောင်လုပ်ရမည်။


အခြေအနေကိုတွက်ဆကြည့်ပြီးသည့်အခါ ကျူးထုန် သက်ပြင်းချလိုက်ကာ ချင်ကျွင်းဟုန်ကို block လိုက်လေ၏။ 


ရှောက်မင်က သူ့ဘေးရှိ အတန်း၏ပြတင်းပေါက်ကိုမှီထိုင်နေရင်း သူလှုပ်ရှားနေသမျှကိုကြည့်နေလေသည်။ ထိုသူမှာ ပလက်စတစ်အိတ်ဖြင့်အတန်းထဲပြန်ဝင်လာတည်းက စိတ်အခြေအနေကောင်းနေပုံမရချေ။


စိတ်အခြေအနေမကောင်းရသည့်အကြောင်းအရင်းကို ခန့်မှန်းရန်မှာ အလွယ်လေးပင်။


ဘာလို့ ကျူးထုန်ကကျိုးဆွေ့ကို ဒီလောက်တောင်မုန်းနေရတာလဲ။


ကျိုးဆွေ့က အမှန်ပင်စိတ်ရှုပ်စရာကောင်းသော်လည်း ကျူးထုန်၏ ကျိုးဆွေ့အပေါ်သဘောထားက "အနှောင့်အယှက်ဖြစ်ခြင်း" ထက် ပိုနေသလိုထင်ရလေသည်။


သူ "ကိုယ်တိုင်ကိုယ်ကျ" သင်ခန်းစာပေးလိုက်သော ယွမ်ရှောင်ကျိုးပင် သူ့အပေါ်မကောင်းသည့်ခံစားချက်များ ပေါက်ထွက်လာအောင် မလုပ်နိုင်ခဲ့ချေ။


သို့တိုင် ယခုတော့ ထိုသူ၏မျက်နှာက ဂျုံနယ်ထားသလိုဖြစ်နေလေသည်။


'ချစ်စရာကောင်းပါတယ်လေ'


ကျူးထုန်က သူ့ခံစားချက်ကိုအမြဲထိန်းချုပ်ထားတတ်သည်။ စိတ်ဆိုးနေလျှင်ပင် သူ့အတွေးများကို အမူအရာမဲ့စွာဖော်ပြတတ်သည်။


သူ့ကို ဒီလို ယောက်ယက်ခတ်အောင် ဘာကလုပ်နိုင်တာများလဲ။


ရှောက်မင်ကသူ့အား တခဏမျှကြာအောင်ကြည့်နေပြီးနောက် ရုတ်တရက် ဘောပင်ကိုလှမ်းယူလိုက်ပြီး အဖုံးထိပ်ဖြင့် ထိုသူ၏မျက်နှာကိုလှမ်းတို့လိုက်သည်။


ဘောပင်အဖုံးက အနည်းငယ်အေးစက်နေသည်။ ကျူးထုန်က တောင့်တင်းသွားကာ အလိုအလျောက် လှည့်ကြည့်မိလိုက်၏။


" မင်းရဲ့ထိုင်ခုံဖော်တစ်ယောက်အနေနဲ့ မင်းကို အချိန်လေးများ သတိပေးစေချင်သေးလား..."


ကျူးထုန်: "ဘယ်အချိန်ရှိပြီလဲ..."


"နေ့လည်စာစားချိန်..."


"....."


ရှောက်မင်ကဆက်ပြောလိုက်သည်။ 


"သွားမှာလား..."


ကျူးထုန်မှာ နောက်ဆုံးတော့ စိတ်လျှော့လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ 


"သွားကြမယ်လေ.."


သူကခေါင်းငုံ့ပြီး လက်ထဲတွင် အချိန်အတန်ကြာသည်အထိကိုင်ထားပြီး မသုံးဖြစ်သော ဘောပင်ကို

ပြန်သိမ်းလိုက်ပြီး စားပွဲပေါ်မှစာအုပ်တို့ကိုပြန်စီလိုက်၏။


ရှောက်မင်က သူ့လက်ကိုပြန်ရုတ်လိုက်ပြီး သူသန့်ရှင်းပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်နေလေသည်။


ဘောပင်ကို အိတ်ထဲပြန်မထည့်မှီ သန့်ရှင်းနေသောဘောပင်အဖုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယခုလေးတင်အဖုံးဖြင့်ပုတ်ခံလိုက်ရသော ကျူးထုန်မျက်နှာကိုကြည့်လိုက်သည်။ စောစောကအထိ စိတ်ဓာတ်ကျနေသော ကျူးထုန်မျက်နှာကိုပြန်တွေးကြည့်ရင်း သူ့နှုတ်ခမ်းတွင် အပြုံးတစ်စဖြစ်တည်လာရ၏။


'အရမ်းနူးညံတာပဲ၊ တိုက်ရိုက်ထိချင်လိုက်တာ'


ကျူးထုန်က သူ့အတွေးများကိုမသိပေ။ သူ့အကျင့်အတိုင်း စားပွဲကိုသပ်ရပ်အောင်ရှင်းနေပြီး မနက်စာထမင်းဘူးကိုယူရန် စားပွဲခုံမှ လော့ခ်ကာကိုဖွင့်နေသည်။ စိတ်အာရုံပျံ့လွင့်နေခဲ့သောကြောင့် အရေးကြီးသည့်အရာတစ်ခုကိုမေ့နေမိသည်အား သူသဘောပေါက်သွားမိ၏။


ဦးလေးလျိုက သူ့ကို ကူညီပြီး မနက်စာပြင်ပေးခဲ့ကာ ကျောင်းကိုလိုက်ပို့တတ်သည်။ နေ့လည်ပြန်သည့်အခါတွင်လည်း နေ့လည်စာဘူးကိုပြန်ယူသွားတတ်သည်။


ယနေ့ မနက်စာမယူလာသောကြောင့် ထမင်းဘူးလည်းမရှိပေ။


တမဟုတ်ချင်းပင် သူ ရှောက်မင်ကိုလှမ်းကြည့်လိုက်မိသည်။


 "ငါတို့..."


သူလော့ခ်ကာကိုဖွင့်လိုက်သည်နှင့် ရှောက်မင်က သူဘာလုပ်တော့မည်ကို သိနေခဲ့ပြီး မေးချင်နေသည့်မေးခွန်းကိုလည်းသိနေခဲ့သည်။ သို့တစေ မသိသလိုဟန်ဆောင်နေလိုက်၏။ 


"ဟမ်၊ ဘာလဲ..."


ကျူးထုန်: "...."



🤒