Chapter 50
Viewers 7k

🤒အခန်း ၅၀




သူတို့နှစ်ယောက် တကယ်ကြီး အတူနေဖို့ လိုအပ်ရဲ့ လားဟု သူမေးလိုက်ချင်သည်။


မေးမှဖြစ်မည်ဟုလည်း ခံစားနေရသည်။


သူတွေဝေနေစဥ်မှာပင် ဦးလေးလျိုက ရုတ်တရက်ဖုန်းခေါ်လာခဲ့၏။


ကျူးထုန်: "......"


သူတို့နှစ်ယောက် ငှားနေသည့်အိမ်ကိုပြန်လာသည့်အခါ ဦးလေးလျိုက ခြံဝင်းထဲတွင်အသင့်စောင့်နေခဲ့သည်။


ထိုသူမှာ တမနက်လုံး ခါးသက်သည့်မျက်နှာပေးနှင့် ဖြစ်နေခဲ့ပြီး ရှောက်မင်မျက်နှာကလည်း သိပ်မကောင်းပေ။


ကျူးထုန်မှာလည်း အပြစ်ရှိစိတ်ခံစားရသည့်တိုင် ဘာပြောရမည်ကိုမသိချေ။


ငါဘာလို့ ရုတ်တရက်ကြီး ဒီမှာနေနေရတာလဲ။


'ဒီမှာနေရတာ မကောင်းလို့လား၊ နှစ်သက်မှုရာခိုင်နှုန်းရဖို့လည်းလွယ်တယ်၊ ကျောင်းနဲ့လည်းနီးတယ်လေ' 


စနစ်၏အသံက သူ့ဦးနှောက်ထဲတွင် ပဲ့တင်ထပ်လာလေသည်။


သို့သော် ကျူးထုန်ထင်ထားသလို မရိုးရှင်းတော့ပါချေ။


ကျောင်းစတက်ချိန်က သူဤအိမ်တွင် အခန်းလာငှားသည့်အခါ ရှောက်မင်က သူ့တွင် မရိုးသားသောအကြံအစည်ရှိနေသည်ဟု သံသယဝင်နေခဲ့ပြီး ယင်းကြောင့်ပင် သူ့မှာ ကောင်းကင်ဘုံပေါ်သို့ အပို့ခံရလုနီးပါးဖြစ်သွားခဲ့သည်။


ယခုတော့ သူ ဤနေရာကိုနောက်တကြိမ်ပြန်လာရပြီး ရှောက်မင်အခန်းထဲတွင် နေရပြန်၏။


'ဒါကို..တိုးတက်မှုလို့ ခေါ်ရမလား၊ အနည်းဆုံးတော့ ရှောက်မင်က ငါ့အပေါ်သံသယမရှိတော့ဘူးလို့ဆိုလိုတာပဲ'


သို့တိုင် ရှောက်မင်နှင့်နေရခြင်းက သူ့ကို မလွဲမသွေ စိတ်လှုပ်ရှားစေသည်။


"ငါ ဘေးအခန်းက တစ်ယောက်ခန်းမှာနေလိုက်မယ်လေ.."


ရှောက်မင် သူ့ကိုကမ်းပေးလာသော ရေခွက်ကို လှမ်းယူရင်း ကျူးထုန်မှာ ချီတုံချတုံဖြင့်ပြောလိုက်မိလေသည်။


ရှောက်မင်က သူစိတ်လှုပ်ရှားနေမှန်းသိသွားပြီး စကားပြောတော့မည့်အချိန် အခန်းကိုသန့်ရှင်းရေးလုပ်ပေးနေသော အန်ကယ်လျိုက ရုတ်တရက်ထွက်လာကာပြောလာခဲ့လေသည်။ 


"သခင်လေး၊ အခန်းကို အကုန်လုံးသန့်ရှင်းပြီးပါပြီ၊ ကျွန်တော်က ဘေးအခန်းမှာနေလိုက်ပါ့မယ်၊ ဒါကြောင့် ဘာကိစ္စပဲရှိရှိ ကျွန်တော်က မြန်နိုင်သလောက် အမြန်ပြေးလာပါ့မယ်.."


သူက စကားပြောနေရင်း ရှောက်မင်ကိုပါ သတိပေးသလိုကြည့်လိုက်သည်။


ကျူးထုန်: "...."


သူက ပုခုံးသာတွန့်ပြလာသောရှောက်မင်ကိုလှည့်ကြည့်လိုက်သည်။


ကျူးထုန် သက်ပြင်းချလိုက်သည်။


ဦးလေးလျိုက သူ့အရှေ့မှပိတ်ရပ်လာ၏။


သူ့တွင် ပြောစရာအများအပြားရှိနေသည်။ အထူးသဖြင့် လူတစ်ယောက်က သူ့သခင်လေးအား အရိုးပါမကျန်သည်အထိ ဝါးစားပစ်လိုက်မည်ကိုစိုးရိမ်နေမိလေ၏။ သူ့ဘက်မှ ကျူးထုန်ကို ထောင်ဂဏန်းမျှရှိသည့်အသိပေးချက်နှင့် လမ်းညွှန်ချက်တို့ကို ပြောပြခဲ့သည်။


ဦးလေးလျိုက ကြားတွင်ခံနေလေရာ ကျူးထုန်မှာပိုပြီး ရတတ်မအေးဖြစ်လာလေသည်။


သူတံခါးပိတ်လိုက်ပြီး ဧည့်ခန်းထဲကိုပြန်သွားကာ ဆိုဖာ၌ထိုင်ချလိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောက်မင်ကို ကြည့်လိုက်၏။


ရှောက်မင်ကမူ တည်ငြိမ်နေပြီး ပန်းသီးကိုအခွံနွှာရန်ပင် အာရုံရှိသေးသည်။ ထိုသူ၏လှုပ်ရှားမှုတိုင်းနှင့်နည်းစနစ်က ပန်းသီးအခွံကိုအသားမပါအောင် နွှာနိုင်သည်အထိ လုံလောက်နေ၏။


ကျူးထုန်မှာ တုန့်ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။ 


"ငါတော့ဆက်မလိမ်ထားနိုင်တော့ဘူး..."


ရှောက်မင်ကခေါင်းငုံ့ထားရင်း မျက်ခုံးပင့်လိုက်သည်။

 'သူကငါသူ့ကို ဒီမှာနေခိုင်းတာကို ဆက်လိမ်ခိုင်းထားတာကြောင့်လို့ထင်နေတာပဲ'


သူက ပြုံးရင်း တုံ့ပြန်လိုက်သည်။ 

"ရပါတယ်၊ ကိုယ်က မုသားကိုအမှန်တရားဖြစ်အောင်ပြောင်းလိုက်ပါ့မယ်.."


ကျူးထုန်: "....."


ဒါက အကျိုးအမြတ်အတွက် လိမ်စားနေတာပဲမဟုတ်လား။


သူ့ဘက်မှ တစ်ခုခုပြောချင်နေသေးသော်လည်း ရှောက်မင်ကဖြတ်ပြောခဲ့သည်။ 


"ဗိုက်ဆာလား..."


ကျူးထုန်က တဒင်္ဂခန့်တောင့်ခဲသွားပြီးနောက် သူတို့ အခုထိနေ့လည်စာမစားရသေးသည်ကို ရုတ်တရက်သတိရသွားလေသည်။


"နည်းနည်းပေါ့..."


ရှောက်မင်က သူ့အား အခွံနွှာထားသောပန်းသီးကို ကမ်းပေးလာလေသည်။ 


"ပန်းသီးအရင်စားပြီး မင်းရဲ့အစာအိမ်ကိုဖြည့်ထားလိုက်.."


ကျူးထုန် သူ့လက်ထဲမှပန်းသီးကိုကြည့်ကာ ရှောက်မင်နှင့် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။ 


"မင်းကရော.."


ရှောက်မင်: "ကိုယ်ကတော့ နေ့လည်စာ သွားပြင်လိုက်ဦးမယ်.."


ထိုသို့ပြောပြီးသည်နှင့် ပန်းသီးကို ကျူးထုန်လက်ထဲသို့တိုက်ရိုက်ပစ်ပေးလိုက်သည်။ ကျူးထုန်မှာလည်း ကွက်တိဖမ်းမိသွားခဲ့ပြီး မေးမြန်းလိုက်၏။


 "မင်းကိုယ်တိုင်ချက်မှာလား.."


"ဟုတ်ပါတယ်ဗျာ၊ သခင်လေး ဘာများသုံးဆောင်ချင်ပါသလဲ..."


"....."


ကျူးထုန်ကလည်းထရပ်လိုက်သည်။ သူ့ထိုင်ခုံဖော်ဖြစ်သူက ဟင်းချက်တတ်သည်ဟုပြောလာ၍ သူအနည်းငယ်အံ့အားသင့်သွားမိ၏။


ရှောက်မင်က နည်းစနစ်ကျစွာဖြင့် အေပရွန်ကိုဝတ်လိုက်သည်။


ကျူးထုန်က ပန်းသီးကိုလက်ထဲတွင်ကိုင်ကာ သူ့အနောက်မှလိုက်လာသည်ကိုမြင်လိုက်ရသည်။ သူ့မျက်လုံးတို့က သိချင်စိတ်နှင့်အတူတောက်ပနေ၏။ရှောက်မင်၏နှုတ်ခမ်းတို့က အသာကွေးညွတ်မသွားဘဲ မနေနိုင်တော့ချေ။


'ကလေးဆိုးလေးကျနေရောပဲ' 

ရှောက်မင်က တွေးလိုက်မိလေသည်။


သို့သော်လည်း ရှောက်မင် ဘာမှမပြောရသေးမှီ တံခါးဝဘက်သို့လှည့်ကြည့်လိုက်မိလေ၏။


ဦးလေးလျိုက ချောင်းကြည့်နေလေသည်။ ကျူးထုန်ကိုကြည့်နေသော ထိုသူ၏အကြည့်က ထိတ်လန့်နေသလိုပင်။ ထိုသူမှာ အလွန်အကျွံသတိထားနေဆဲဖြစ်သည်။ သူဘာလို့ကျောင်းမှာလိုက်မမေးကြည့်သည်လဲ။ ထိုသူသာ ကျောင်းတွင်လိုက်လံစုံစမ်းလိုက်သည်နှင့် မနေ့ညက ကျူးထုန်တစ်ယောက် ဆေးရုံရောက်သွားသည့်အကြောင်းကိုသိသွားမည်ဖြစ်ပြီး ရှောက်မင် စာပြပေးသည့်နေရာကိုလည်းလာမည်မဟုတ်ချေ။


သူတို့လိမ်နေတာကိုသိလျက်သားနဲ့ ဘာလို့ဘာမှမပြောတာလဲ။ ကျူးထုန်ကို ရှောက်မင်အိမ်အထိပြောင်းလာဖို့ တကယ်ခွင့်ပြုပေးလိုက်တာလား။


ရှောက်မင်မှာ အလိုလိုနေရင်း အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။


'ဒါမှမဟုတ် ငါပဲအတွေးလွန်နေတာလား'


__________


A မြို့ ဗီလာအိမ်ရာ။


ချန်ချင်းစုန့်ဦးလေးလျိုထံမှ ဖုန်းရသည်နှင့် အိမ်တော်ထိန်းက လက်ထဲတွင် ကြည်တောက်နေသောဓာတ်ပုံအထုပ်လိုက်ကိုကိုင်ရင်း အိမ်ထဲသို့ဝင်လာလေသည်။


ဓာတ်ပုံထဲမှလူမှာ ထိုသူ၏မြေးတော်စပ်သူဖြစ်သော်လည်း လူချောလေးတစ်ယောက်နှင့်တွဲရိုက်ထားသောဓာတ်ပုံများလည်းပါနေခဲ့သည်။


ဓာတ်ပုံအားလုံးက အမျိုးမျိုးသောရှုထောင့်များမှရိုက်ကူးထားခြင်းဖြစ်ကာ ရိုက်ထားသည့်နေရာများလည်းမတူညီပေ။


စက်ဘီးအတူစီးနေကြသောဓာတ်ပုံများလည်းပါသလို မြေးလေးကို အရပ်ပိုရှည်သောကောင်လေးက မင်းသမီးလေးလိုပွေ့ချီပြီးခေါ်သွားသော ပုံများလည်းပါလေ၏။


ထို့အပြင် နှစ်ယောက်အတူပါနေသောဓာတ်ပုံတိုင်းက လိုအပ်သည်ထက် ပိုမိုရင်းနှီးနေ၏။


ဓာတ်ပုံထဲရှိသူ့မြေးလေးက ငြင်းဆန်သည့်အမူအရာရော ရွံရှာနေသည့်ပုံစံပါမပြသနေပေ။


ဒါ သူ့မြေးမှဟုတ်ရဲ့လား။ လူစိမ်းတစ်ယောက်ကလာထိရင် သူ့ကိုယ်ကို ချက်ချင်းပိုးသတ်ဆေးဖြန်းတတ်တဲ့သူ့မြေးလေ။


မြေးလေးနှင့် တစ်ခါမှမရင်းနှီးခဲ့သောချန်ချင်းစုန့်ခမျာ ဓာတ်ပုံများကိုမြင်ပြီး ခေါင်းခြောက်သွားရသည်။


သူက ဘေးတွင်ရပ်နေသောပုဂ္ဂိုလ်ကိုလှည့်ကြည့်မိလေ၏။ ကျူးထုန်ကိုကုသပေးနေသော မိသားစုဆရာဝန်ကပြောလာခဲ့သည်။


"ထုန်ထုန်ရဲ့အခြေအနေက ကောင်းလာပါပြီ၊ ဓာတ်ပုံထဲကကောင်လေးကြောင့်များဖြစ်နေမလားပဲဗျ..."


ကျူးထုန် ဆေးရုံမှဆင်းလာပြီး အခြားကျောင်းတစ်ကျောင်းကိုပြောင်းပေးရန် ခွင့်တောင်းလာချိန်က ချန်ချင်းစုန့် လက်မခံခဲ့ပေ။


ကုန်းရွှေစီရင်စုမှာ ဝေးလံပြီး ကျောင်းမှာလည်းအခြေအနေမကောင်းလှပေ။ ကျူးထုန်ကလည်း ယခုလို ကြမ်းတမ်းလွန်းသည့်အနေအထားတွင် တစ်ခါမှနေခဲ့ဖူးခြင်းမရှိခဲ့သည့်အပြင် အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရာအိမ်နှင့် ကျောင်းအကြိုအပို့လုပ်ရာတွင်လည်း သာမန်လူများထက်ပိုပြီး သတိထားရသည်။ မည်သို့များ ကောင်လေးက ထိုကဲ့သို့သောနေရာတွင် ကျောင်းတက်ချင်ရပါသနည်း။


ထိုအချိန်က ကောင်လေးမှာ ICU ခန်းမှထွက်လာကာစရှိသေးသည်။


သို့သော်လည်း ကျူးထုန်ကိုစစ်ဆေးပေးသည့်ဆရာဝန်က ညှိနှိုင်းပေးခဲ့သည်။ ဆရာဝန်မှာ ထိုနေ့က မြေးဖြစ်သူ ICU ခန်းမှထွက်လာနိုင်ခဲ့သည်မှာ အံ့ဖွယ်ကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်းပြောပြခဲ့၏။ ထိုအချိန်က အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် သူ့ခန္ဓာကိုယ်ကကြာရှည်မခံနိုင်လောက်ပေ။ နောက်ဆုံး၌ ချန်ချင်းစုန့်က မြေးဖြစ်သူ၏စိတ်ကူးကိုလက်ခံလိုက်ရတော့သည်။ ကံကောင်းလျှင် သူ၏ကောင်းမွန်လာသည့်စိတ်အခြေအနေကြောင့် အသက်ရှည်နိုင်လိမ့်မည်။


ထို့ကြောင့် သူခေါင်းညိတ်ခဲ့သည်။ သို့ရာတွင် တကယ်အလုပ်ဖြစ်သွားလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ချေ။


ကျူးထုန်၏ မကျန်းမာသောခန္ဓာကိုယ်က သူ၏အမေဖြစ်သူထံမှ ဆက်ခံရခြင်းဖြစ်ပြီး သူမထက်ပိုမိုပြင်းထန်နေခဲ့သည်။


သူ၏မိခင်ဖြစ်သူ ချန်လန်သည်လည်း ကလေးအရွယ်တည်းက ချူချာနေခဲ့သည်။ သူမမှာ အသက်မရှည်နိုင်မှန်းသိလိုက်ရသည့်အခါ သူမဖခင်က စိတ်မကောင်းဖြစ်ပြီးအထီးကျန်ဖြစ်နေမည်ကိုစိုးရိမ်ခဲ့ရှာသည်။ သူမက အခြားသူများ၏စကားအတိုင်း ကျူးရှို့ရှန်းကို အလွန်အမင်းသဘောကျခြင်းမရှိသည့်တိုင် လက်ထပ်ခဲ့ရသည်။ အမွှာလေးနှစ်ယောက်ကိုမွေးဖွားပြီးမကြာခင်မှာပင် မကျန်းမမာဖြစ်ကာသေဆုံးသွားခဲ့လေ၏။


ချန်ချင်းစုန့်က ချန်လန်၏ဆုံးဖြတ်ချက်ကို လုံးဝသဘောမတူခဲ့ပေ။ မည်သည့်အဖေကမှ ၎င်းတို့၏သမီးဖြစ်သူကို ယခုလိုအခြေအနေမျိုးကြောင့် လက်မထပ်စေချင်ကြပေ။


သို့သော်လည်း ချန်လန်က ခေါင်းမာခဲ့သည်။ ယင်းကြောင့်ပင် သူတို့နှစ်ယောက်၏ဆက်ဆံရေးက ပိုပြီးတင်းမာလာခဲ့၏။


ချန်ချင်းစုန့်နောင်တအရဆုံးမှာ ချန်လန်အိမ်ထောင်ကျသွားချိန်တွင် သူ့အားစိတ်ဆိုးနေခဲ့ပြီး မြေးလေးများကိုပင်စောင့်ရှောက်ခွင့်မပေးခဲ့ခြင်းပင်။ ထို့ကြောင့် သူမသေဆုံးသွားပြီးနောက် ကျူးထုန်နှင့်ကျူးရှင်းတို့က သူနှင့်နေမည့်အစား တွေဝေနေကြခြင်းပင်မရှိဘဲ သူတို့အဖေနှင့်အတူနေခဲ့ကြသည်။


ယင်းနောက် နှစ်များက လျှပ်တပြက်အတွင်းကုန်ဆုံးသွားခဲ့သည်။


ထို့နေ့က ကျူးထုန်မှာသူ့ကို ရုတ်တရက်ဖုန်းခေါ်လာခဲ့ပြီး ကျူးရှင်းကိုပို့ကာ စောင့်ရှောက်ပေးစေချင်သည့်အကြောင်းပြောလာခဲ့စဥ်က သူအနည်းငယ်ထိတ်ပျာသွားခဲ့သည်။


သူထိတ်လန့်ထွက်သွားရပြီး အံ့လည်းအံ့ဩသွားခဲ့ရသည်။


ဘာလို့ အကြောင်းမရှိဘဲ ကျူးထုန်ကကျူးရှင်းကိုပို့ပြီး သူ့ကိုဂရုစိုက်ခိုင်းရတာလဲ။


ဟို မယားတရူးငနွားကောင် ကျူးရှို့ရှန်းကသူတို့ကိုဂရုမစိုက်နိုင်လို့များလား။ ထို့နောက် သူ့ဦးနှောက်ထဲတွင်ထွက်လာသောအဖြေမှာ သူ့အမေအပေါ်တာဝန်ကျေပေးရန်ပင်။


ချန်ချင်းစုန့်: "....."


အမေတူသားဆိုသည့်အတိုင်း တကျိတ်တည်းတဉာဏ်တည်းပင်။


အကယ်၍ ကျူးထုန်ကမသေခင်လေး လောကကြီး၏အပြင်ဘက်ကိုထွက်ပြီး ကြည့်သွားချင်သေးသည်ဆိုလျှင်ပင် ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းတွင် ကြာရှည်မနေနိုင်လောက်ပါဟု ထင်ထားခဲ့သည်။ မထင်မှတ်ဘဲ တစ်လအတွင်းမှာပင် အခြေအနေ ပိုကောင်းလာရုံမက ပိုပြီးပင်ပျော်လာသေးသည်။


မိသားစုဆရာဝန်ကပြောလာခဲ့သည်။ 


"သခင်လေးထုန်ရဲ့ အဲဒီကောင်လေးအပေါ်သဘောထားကိုကြည့်ရရင် တစ်ခုခုရှိလိမ့်မယ်ထင်တယ်ဗျ၊ ဆေးရုံကမဆင်းခင် သခင်လေးထုန်က နှလုံးကြောင့် ICU အခန်းထဲရောက်သွားသေးတယ်၊ အခြေအနေက အတော်လေးစိုးရိမ်ရတယ်၊ သူအခုလိုအသက်ရှင်ပြီး လျှောက်သွားနိုင်သေးတာက တကယ်အံ့ဩစရာပဲဗျ၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကုသစရာအများကြီးရှိသေးတယ်ထင်တယ်၊ ကျောင်းပြောင်းသွားပြီးနောက်ပိုင်း သခင်လေးထုန်နဲ့ဒီကောင်လေး ဖြစ်ခဲ့သမျှကို ကျွန်တော်အဖြေရှာထားပါတယ်၊ ကြည့်လိုက်ပါ.."


ဆရာဝန်က သူ့အား ဖိုင်တွဲတစ်ခုကမ်းပေးလာခဲ့သည်။


ချန်ချင်းစုန့်က စိတ်ရှုပ်ထွေးနေသောမျက်နှာဖြင့် လှမ်းယူလိုက်လေ၏။


"ကျွန်တော် သိရသလောက်ကတော့ သခင်လေးထုန်ကကျောင်းပြောင်းသွားပြီးနောက်ပိုင်း ရှောက်မင်နဲ့တစ်ခုံတည်းအတူထိုင်ဖို့ ခွင့်တောင်းတယ်တဲ့၊ ပြီးတော့ ငှားနေတဲ့အိမ်ကိုပြောင်းသွားတယ်တဲ့၊ ဒါပေမဲ့ ဘာလို့လဲမသိဘူး၊ သခင်လေးက မငှားတော့ဘူးတဲ့..."


ချန်ချင်းစုန့်: "......"


"နောက်ပိုင်းတော့ သခင်လေးထုန်က ကျောင်းအပြင်မှာ လူဆိုးတစ်အုပ်နဲ့တွေ့တယ်၊ ရှောက်မင်ကကူညီပြီး သူတို့ကိုရှင်းပေးလိုက်တယ်တဲ့..."


နောက်ပိုင်း၌ ကျူးထုန်တစ်ယောက် ဆေးရုံကို တစ်ခေါက်၊ နှစ်ခေါက်မှ သုံးခေါက်အထိသွားခဲ့ရသည်။ ရှောက်မင်ဆိုသည့်ကောင်လေးကပင် သူ့အားအဖော်လုပ်ပေးခဲ့၏။


နှစ်ယောက်သား မကြာခဏဆိုသလိုထမင်းအတူစားကြပြီး ကျောင်းပြန်တိုင်း ရှောက်မင်က ဦးလေးလျို၏ အလုပ်ကို "လုယက်" သွားတတ်သည်။အစကမူ ချန်ချင်းစုန့်မှာ ကောင်လေးက ကျူးထုန်ကိုချဥ်းကပ်ရခြင်း၏ နောက်ကွယ်တွင် တစုံတစ်ခုရှိလိမ့်မည်ဟု သံသယဝင်နေခဲ့သည်။ သို့ရာတွင် သူပိုပြီးစစ်ဆေးကြည့်လေ၊ သူ့မြေးကမှ လျိူ့ဝှက်ကြံစည်နေသည်ဟုခံစားလာရလေပင်။


သူ့ခြေချင်းဝတ်လည်ပြီး ဒဏ်ရာရထားချိန်မှာပင် ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်တွင် သွားရောက်တန်းစီခဲ့သည်။ ရှောက်မင်ဆိုသည့်ကောင်လေးကို ခြိမ်းခြောက်လာသောလူဆိုးလေးအား တုံ့ပြန်ရန် သူ့တစ်ဝမ်းကွဲအစ်ကိုကိုပင် အကူအညီတောင်းခဲ့သေး၏။


၎င်းအခြင်းအရာအားလုံးမှာ ယခင်က တွေးကြည့်၍ပင်မရခဲ့သည့်အရာများဖြစ်နေလေ၏။


ဘယ်တုန်းက သူ့မြေးလေးက ဒီလိုနွေးထွေးတတ်သွားတာပါလိမ့်။


ကျူးထုန် အခြားကျောင်းကိုပြောင်းသွားပြီး ပထမဆုံးအကြိမ်ဆေးရုံရောက်သွားစဥ်က ချန်ချင်းစုန့်မှာ လူလွှတ်ပြီး ရှောက်မင်အကြောင်းကိုစုံစမ်းခိုင်းခဲ့သည်။ ထိုသူက စာတော်သည့်ကျောင်းသားပင်ဖြစ်ပြီး သူ့မြေးနှင့်လည်း ဆက်ဆံရေးကောင်းလေသည်။ ထိုသူ၏ဂရုစိုက်မှုများက အသေးစိတ်သည်ထက်ပိုသည်ဟု ဆိုနိုင်သည်။


ချန်ချင်းစုန့်မှာ အရှက်ရသွားခဲ့သည်ကိုမူ ဝန်ခံရပေမည်။


ကျောင်းအသစ်တွင် ယခုလိုလူတစ်ယောက်နှင့်ဆုံရသည့်အတွက် ကျူးထုန်ပျော်သွားသည်မှာ အံ့ဩစရာမရှိတော့ပေ။


ချန်ချင်းစုန့် စာရွက်စာတမ်းများကိုချပြီး ဓာတ်ပုံအထပ်လိုက်ကိုယူကြည့်လိုက်သည်။ ခဏမျှယူကြည့်ပြီးသည့်အခါ အိမ်တော်ထိန်းကိုကမ်းပေးပြီးပြောလိုက်လေ၏။


 "ယူသွားပြီးဖျက်ဆီးလိုက်တော့၊ ရှောင်ရှင်းမတွေ့စေနဲ့.."


ကောင်မလေးက အစ်ကိုဖြစ်သူထံမှ "စွန့်ပစ်" ခံလိုက်ရပြီး ယခုရက်ပိုင်းအတွင်း စိတ်ဆိုးနေဆဲပင်။


၎င်းဓာတ်ပုံများကိုသာမြင်သွားပါက သူမအစ်ကိုမှာ "ယောင်းမ" အသစ်စက်စက်လေးကြောင့် သူမကိုမေ့သွားပြီဟု တွေးကောင်းတွေးနိုင်သည်။ သူမမှာ မတရားမှုသလိုခံစားနေရသည့်အထဲ သေချာပေါက်ဝမ်းနည်းသွားနိုင်၏။


အိမ်တော်ထိန်းက ဓာတ်ပုံများကိုယူကာမေးလာလေသည်။ 


"ဒါဆို သခင်လေးကို..."


ချန်ချင်စုန့်က သက်ပြင်းရှည်ကြီးကိုချလိုက်ရင်း ခဏရပ်သွား၏။ 


"သူ့သဘောအတိုင်းသာလုပ်ခိုင်းထားလိုက်၊ သူ့ခန္ဓာကိုယ်အဆင်ပြေနေသရွေ့ရတယ်၊ ဘယ်သူမှမနှောင့်ယှက်စေနဲ့..."


အိမ်တော်ထိန်းက ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေတော့သည်။


***


ကုန်းရွှေစီရင်စုရှိ ငှားနေသောအိမ်တွင်ဖြစ်သည်။


နေ့လည်စာစားချိန်က ကြာသော်လည်း ရုတ်တရက်ဆန်သော "ပြောင်းရွှေ့မှု" နှင့် ဦးလေးလျို၏လမ်းညွှန်ချက်များကြောင့် ရှောက်မင်မှာ နေ့လည်စာကို ဖွယ်ဖွယ်ရာရာမပြင်လိုက်ရပေ။ ခရမ်းချဥ်သီးကြက်ဥကြော်နှစ်ပန်းကန်ကိုသာ စားပွဲပေါ်တွင်အမြန်ပြင်လိုက်ရသည်။


"မြည်းကြည့်၊ မင်းကြိုက်မလားတော့မသိဘူး..."


ကျူးထုန်က သူနှင့်အတူ စားပွဲတွင်ဝင်ထိုင်လိုက်သည်။


သူကိုယ်တိုင် မချက်တတ်သည့်တိုင် ထိုသူချက်ပြုတ်နေသည့်တလျှောက်လုံး သူကြည့်နေခဲ့သည်။ ရှောက်မင်က ရိုးရှင်းပြီးတောက်ပ၍ အရောင်အသွေးစုံလှသော ဟင်းအမယ်များကို ချက်ပြုတ်သည့်အထဲသို့ ကျွမ်းကျင်စွာထည့်လိုက်ပုံများအား ကြည့်နေခဲ့သည်။


အရသာရှိမယ့်ပုံပဲ။


ရှောက်မင်ကသူ့အား တူအသစ်တစ်စုံပေးလိုက်သည်။ 


"မစားခင်မွှေလိုက်ဦး၊ လျှာမကျက်သွားအောင်လည်းသတိထား..."


ကျူးထုန်ကခေါင်းညိတ်ပြကာ တူကိုလှမ်းယူလိုက်သည်။


သူ တစ်ခါမှ အိုးထဲမှခပ်မစားဖူးပေ။ ပုံမှန်ဆိုလျှင် သူ့ထံရောက်လာသည့်အစားအသောက်များက သင့်တော်သည့်အပူချိန်ရှိပြီး တခါတည်းစားလိုက်၍ရသည်။ ၎င်းဟင်းလျာအများစုက အစားအသောက်ပညာရှင်များကိုယ်တိုင် ချက်ပြုတ်ထားသော အာဟာရပြည့်ဝသည့်စားစရာများဖြစ်လေ၏။


သူကျောင်းပြောင်းလာသည့်နောက် ကျောင်းအပြင်ဘက်တွင် အရသာရှိသောခေါက်ဆွဲဆိုင်အများအပြားကိုတွေ့ခဲ့ရသည်။ စားသောက်ဆိုင်၏ကြော်ငြာဘုတ်များတွင် နာမည်ကြီး ခေါက်ဆွဲအစပ်များဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားလေရာ သူတစ်ခါမှမမြည်းကြည့်ခဲ့ပေ။


ဤတစ်ကြိမ်က သူကျောင်းပြောင်းလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ခေါက်ဆွဲစားရခြင်းပင်။ သူ့အရှေ့ရှိ အငွေ့တလူလူဖြင့်ခေါက်ဆွဲပန်းကန်ကိုကြည့်ပြီး ဘာပြောရမှန်းမသိတော့ပေ။


သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ရှောက်မင်ကမူ တူဖြင့် ပန်းကန်ကိုမွှေနှောက်နေပြီ။ ခဏကြာသည်အထိမွှေနေပြီးနောက် တူဖြင့် တလုတ်စာအပြည့်ခပ်လိုက်ပြီး နှစ်ခါမျှမှုတ်ကာ ပါးစပ်ထဲသွင်းလိုက်လေသည်။


ကျူးထုန်: "....."


သူ တခဏမျှကြောင်အမ်းနေကာ ရှောက်မင်လုပ်သည့်အတိုင်း ခေါက်ဆွဲများကိုခပ်လိုက်သည်။ နှစ်ကြိမ်ခန့်မှုတ်လိုက်သေးသော်လည်း ပူနေဦးမည်ကိုစိုးရိမ်နေသေး၏။ ထို့ကြောင့် သူထပ်မှုတ်လိုက်ပြန်သည်။


ရှောက်မင် မော့ကြည့်လိုက်သည့်အခါ ကျူးထုန်ကခေါင်းငုံ့ပြီး ခေါက်ဆွဲကိုလေမှုတ်နေသည့်မြင်ကွင်းနှင့်တိုးသွားခဲ့သည်။ သူ့မျက်နှာတွင် အပြုံးတစ်စက လှစ်ခနဲပေါ်လာလေ၏။


ထိုသူမှာ မနက်ခင်း စွပ်ပြုတ်တစ်ပန်းကန်ကို မည်သို့စားသင့်ကြောင်း သင်ယူလိုက်ရပြီထင်သည်။


သူက နောက်ထပ် ထမင်းစားဇွန်းတစ်ချောင်းကို ကျူးထုန်ထံပေးလိုက်သည်။ 


"ပူနေရင် ခဏလောက်အအေးခံထားလိုက်၊ စွပ်ပြုတ်ရည်ကိုအရင်သောက်လိုက်ချေ.."


"......"


ကျူးထုန် တွေးလိုက်မိသည်။

'ငါလေမှုတ်နေတဲ့ပုံစံက ရယ်စရာကောင်းနေလို့များလား'



🤒