Chapter 51
Viewers 7k

🤒အခန်း ၅၁




"ပူနေရင် ခဏလောက်အအေးခံထားလိုက်၊ စွပ်ပြုတ်ရည်ကိုအရင်သောက်လိုက်ချေ.."


"......"


ကျူးထုန် တွေးလိုက်မိသည်။

'ငါလေမှုတ်နေတဲ့ပုံစံက ရယ်စရာကောင်းနေလို့များလား'



သူ လက်လျှော့လိုက်သည်။ ဇွန်းကိုယူကာ စွပ်ပြုတ်ရည်ကိုတစ်ဇွန်းအပြည့်ခပ်လိုက်ပြီး နှစ်ကြိမ်ခန့် ခပ်ဖြည်းဖြည်းမှုတ်လိုက်သည်။ ပြီးနောက် တစ်ငုံခန့်သောက်ကြည့်လိုက်၏။


ရှောက်မင်ကပြုံးပြီးမေးလာခဲ့သည်။ 


"ဘယ်လိုနေလဲ.."


ကျူးထုန်မျက်လုံးလေးများက မသိမသာ အရောင်လက်သွားပြီးပြီး သူကခေါင်းညိတ်ပြလာသည်။ 


"အရသာရှိတယ်.."


ရှောက်မင်: "ကြည့်ရတာ ကိုယ်ကဟင်းချက်ကောင်းတယ်ထင်တယ်.."


ကျူးထုန် တောင့်ခဲသွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားလေသည်။


ယခုတော့ သူက ဤအိမ်တွင်ရှောက်မင်နှင့်အတူနေရပြီး ရှောက်မင်ချက်ထားသည့်အစားအသောက်ကိုလည်းစားနေရသည်။ ပိုက်ဆံလည်းမပေးရသေးပေ။


'ဒီခေါက်ဆွဲတစ်ပွဲဆိုရင် ဘယ်လောက်ပေးရမှာလဲ' 


သူက ရှောက်မင်၏ပုံစံကိုကြည့်နေရင်း သိချင်စိတ်တို့ပြင်းပြလာလေသည်။


ရှောက်မင်ကသတိထားမိသွားပြီးမေးလာလေသည်။ 


"ဘာဖြစ်လို့လဲ..."


ကျူးထုန်က ထပ်ပြီးတွေးမိပြန်၏။ 


'ငါအခုနေ ဈေးမေးလိုက်ရင် ကသိကအောက်ဖြစ်သွားနိုင်လောက်လား'


သူတို့အတူထမင်းစားခဲ့ကြသည့် အကြိမ်ရေမှာလည်းမနည်းတော့ဘဲ ရှောက်မင်နှင့်လော့ရှိုးတို့ကလည်း မည်သူက ပိုက်ဆံပေးရသည်ကို အရေးမထားကြပုံပင်။ ရှောက်မင်က ခေါက်ဆွဲကိုကိုယ်တိုင်ပြုတ်ခဲ့ခြင်းဖြစ်ပြီး ဈေးသတ်မှတ်ရန်မှာ ခက်ခဲလှသည်။


အလယ်အလတ်ဈေးနှုန်း ဒါမှမဟုတ် တစ်ခုခုပေးလိုက်ရမလား။ ဒါကလည်းအကြံကောင်းမဟုတ်သေးဘူး။


သူ့ခမျာ ဝါးနေရင်းအကြံထုတ်နေခဲ့ပြီး နောက်ဆုံး၌ သင့်တော်မည့်အကြံတစ်ခုကိုရှာတွေ့သွားခဲ့သည်။ 


"ငါနောက်ပြီးရင် ပန်းကန်ဆေးပေးမယ်.."


ရှောက်မင်: "ဘာပြောတယ်.."


ကျူးထုန်ကနောက်တစ်ခါထပ်ပြောလိုက်သည်။


 "ငါပြောတာက ငါနောက်ပြီးရင် ပန်းကန်ဆေးပေးမယ်လို့.."


ရှောက်မင်မှာ ကြောင်အသွားပြီး ပြန်မေးလိုက်သည်။ 


"ဘာလို့လဲ.."


ကျူးထုန်လည်း တဒင်္ဂမျှမှင်သက်သွားလေသည်။ 


"မင်းကချက်ပြုတ်ပေးခဲ့တာလေ၊ ငါကပန်းကန်ဆေးပေးသင့်တာပေါ့.."


ရှောက်မင်၏လေသံကပိုပြီးထူးဆန်းလာလေသည်။ 


"မင်းသူများအိမ်မှာ ထမင်းသွားစားတိုင်း ပန်းကန်ပြန်ဆေးပေးတာလား..."


ကျူးထုန်က ဖြေနေကျအတိုင်းတုံ့ပြန်လိုက်သည်။ 


"ငါဘယ်တော့မှ သူများအိမ်သွားပြီး ထမင်းမစားတတ်ဘူး..."


'ညစာစားပွဲတွေတော့မပါဘူးပေါ့' 

စိတ်ထဲမှ ထပ်လောင်းပြောလိုက်သည်။


ယခင်က သူ့တွင်သူငယ်ချင်းမရှိခဲ့သလို အတန်းဖော်များအိမ်သို့ သွားလည်ခဲ့ခြင်းမျိုးလည်းမရှိပေ။ အခြားသူများအိမ်တွင် သွားနေခြင်းက ပို၍ပင်မဖြစ်နိုင်သေးသည်။ သူ့ပုံစံကကြီးကျယ်သလိုဖြစ်နေခဲ့ပြီး သူတို့နှင့် မည်သို့အဆင်ပြေအောင်နေရမည်ကိုလည်း မသိပေ။


အခု သူနဲ့ရှောက်မင်ကို သူငယ်ချင်းတွေလို့ပြောလို့ရပြီလား။ ဒါပေမဲ့ ဘာလို့ရှောက်မင်ပုံစံက မပျော်မရွှင်ဖြစ်နေတာလဲ။ သူ့ရဲ့တောင်းဆိုချက်က ဆိုးနေလို့များလား။


သူ၏ပေါ့ပါးပြီး ပုံမှန်ကျသောစကားပြောပုံက ရှောက်မင်အတွက် ရှုပ်ထွေးသည့်ခံစားချက်များကိုဖြစ်ပေါ်စေသည်။


ကျူးထုန်က အပြင်ထွက်ခဲသည့်အကြောင်း သူ့အားပြောခဲ့ဖူးသည်ကို ရုတ်တရက် တွေးမိသွားခဲ့သည်။ ထိုသူက သာမန်အတိုင်း "အိမ်" အပြင်ကိုထွက်ခဲခြင်းဖြစ်မည်ဟု သူထင်ခဲ့သော်လည်း ယခုတော့ ၎င်းကထိုမျှရိုးရှင်းမည့်ပုံမရပေ။


"တစ်ခါလေးတောင်မထွက်ဖူးဘူးလား..."


ကျူးထုန်က ခဏမျှတွေးကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။


 "အင်း..."


ရှောက်မင်: "...."


'သူ့ဘဝက အရင်တုန်းက ဘယ်လိုပုံစံဖြစ်နေခဲ့တာလဲ၊ ချမ်းသာတဲ့မိသားစုတွေဆိုရင် သူတို့လိုလူတွေက သူနဲ့သူငယ်ချင်းလုပ်ချင်ကြမှာမလား၊ သူ့ကိုညစာစားဖို့ဖိတ်မှာကလည်းပုံမှန်ပဲလေ၊ဒီတော့ ဘာလို့ မသွားတာလဲ'


'မသွားချင်လို့လား'


ရှောက်မင်က ပရမ်းပတာခံစားချက်များထင်ဟပ်နေသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေလေ၏။ နောက်ဆုံး၌ သူခေါင်းစဥ်လွှဲလိုက်သည်။ 


"မလိုပါဘူး၊ ကိုယ်ဆေးရင် ပိုမြန်တယ်၊ ရေချိုးတော့လေ၊ မနက်တည်းက မင်းမရေချိုးရသေးဘူးမလား.."


"....." 

ကျူးထုန်တောင့်တင်းသွားလေသည်။ 

"မင်းဘယ်လိုသိတာလဲ ငါက...."


"မင်းမျက်နှာပေါ်မှာ 'ရွံစရာကြီး' ဆိုပြီးရေးထားတယ်လေ.."


တကိုယ်ရေသန့်ရှင်းရေးအရ ကျူးထုန်အတွက် လက်ရှိအဝတ်အစားကို နောက်တစ်ရက်ထပ်ဝတ်ရန်မှာ အဆင်မပြေလှပေ။


ကျူးထုန်: "...."


သူစကားရပ်သွားသည်ကိုကြည့်ပြီး ရှောက်မင်ကထပ်ဖြည့်ပြောလိုက်သည်။ 


"အိုကေ၊ မြန်မြန်လေးစားလိုက်ရအောင်၊ စားစရာတွေကအေးသွားရင် အရသာမကောင်းတော့ဘူး.."


ကျူးထုန်က နောက်တကြိမ်ထပ်ပြီးခေါင်းညိတ်ပြလိုက်ကာ ခေါက်ဆွဲကိုသာခေါင်းငုံ့စားနေလိုက်လေသည်။


ခေါက်ဆွဲနှစ်ပန်းကန်လုံး ပြောင်သလင်းခါသွားခဲ့သည်။ ရှောက်မင်က ပန်းကန်ကို မီးဖိုချောင်ထဲသို့ ဆရာကျစွာဖြင့်သယ်သွားလေ၏။ ထိုအချိန်တွင် ကျူးထုန်က စားပွဲကိုသုတ်နေပြီး ရှောက်မင်က ၎င်းကိုတွေ့သွားသည့်အခါ ဖြတ်သွားရင်းပြုံးနေလေသည်။


စားပွဲကိုသုတ်ပြီးသည့်နောက် ကျူးထုန် သူ့အခန်းထဲသို့ဝင်လာခဲ့သည်။


အခန်းလွတ်တွင် နေသူမရှိသေးသော်လည်း ရှောက်မင်ကအမြဲသန့်ရှင်းထားခဲ့သည်။ အခန်းက အလွန်သန့်ရှင်းနေပြီး ပြတင်းပေါက်များကပင် ပြောင်လက်နေလေသည်။


ကျူးထုန် အဝတ်ဗီရိုထဲမှ အဝတ်တစ်ထည်ထုတ်လိုက်ပြီး ရေချိုးရန်ပြင်လိုက်၏။


သူ မနက်ပိုင်းတွင် တစ်ကြိမ်ရေဝင်ချိုးခဲ့ပြီး ရေချိုးခန်းထဲမှ ပစ္စည်းထားရာစင်ရှိ သန့်စင်ခန်းသုံးပစ္စည်းအစုံလိုက်မှာလည်း ကွာခြားသွားခဲ့သည်။ ကျူးထုန်က ထိုနေရာတွင်ခဏရပ်နေပြီးမှ ရေချိုးရန်လှည့်သွားခဲ့သည်။


ဟိုတယ်နှင့်ယှဥ်လျှင် ငှားနေသည့်အိမ်တွင်မကောင်းသည့်အချက်က အိပ်ခန်းနှစ်ခန်းပါသည့်တိုင် ရေချိုးခန်းနှစ်ခန်းမပါပေ။


ကျူးထုန်က ရေချိုးခန်းထဲမှမီးအဖွင့်အပိတ်ကိုလေ့လာကြည့်ပြီး အဝတ်ချွတ်ကာ ခေါင်းပေါ်မှရေပန်းကိုဖွင့်လိုက်သည်။


ရေအေးများကအရင်ထွက်လာပြီး အနည်းငယ်နွေးလာမှ ရေပန်းကိုနောက်တကြိမ်ထပ်ဖွင့်လိုက်သည်။


သူ့ခေါင်းတခေါင်းလုံး ရေပူများဖြင့်ရွှဲနစ်သွားကာ ခေါင်းလျှော်နေစဥ်တွင် ရေပူကိုယာယီပြန်ပိတ်ထားလိုက်၏။


သူ့အနေဖြင့် ရေချိုးနေကျဆိုသော်လည်း ရေပန်းကိုတော်ရုံမသုံးတတ်ပေ။ ခေါင်းလျှော်ပြီးသည့်နောက် သူမျက်လုံးမှိတ်ထားရင်း ရေပန်းကို ရေအေးစနစ်ဖွင့်လိုက်ကာ ရုတ်တရက် သူ့တကိုယ်လုံး ဆတ်ခနဲတုန်သွားခဲ့လေသည်။


ရေကမအေးဘဲ ပူနေလေသည်။


'ရေတွေက ဘာလို့ရုတ်တရက်ကြီး အရမ်းပူလာရတာလဲ'


ကျူးထုန်မှာ မသိစိတ်အလျောက်နောက်တစ်လှမ်းဆုတ်လိုက်ကာ အလျင်စလိုဖြင့် ခလုတ်ပိတ်လိုက်သည်။


ရှောက်မင်မှာ လက်ထဲတွင် ပန်းကန်သုတ်သည့်အဝတ်ကိုကိုင်ထားရင်း ပန်းကန်ဆေးနေရာမှရုတ်ချည်းသတိရသွားမိသည်။ သူကား အထိတ်တလန့်ဖြင့် သတိပေးလိုက်မိလေ၏။


 "ဒါနဲ့ ရေပူက ချက်ချင်းမလာဘူးနော်၊ ရေပူသွားရင် နည်းနည်းလေးပြန်လှည့်လိုက်၊ မဟုတ်ရင် ရေအေးထွက်လာမယ့်အစား ရေပူတွေထွက်လာလိမ့်မယ်..."


ကျူးထုန်: "...."


'မင်းသတိပေးတာ နောက်ကျသွားပြီဟ'


သူ့ဂုတ်ရိုးလေးသာ ပူသွား၍ တော်ပါသေး၏။


ရေချိုးခန်းထဲမှ တုံ့ပြန်သံမကြားရသောကြောင့် ရှောက်မင်မှာစိုးရိမ်သွားရလေသည်။ 


"ကျူးထုန်..."


"ငါအဆင်ပြေပါတယ်.." 

ကျူးထုန်က ပြန်ပြောလိုက်လေသည်။


 "ငါအခုသိသွားပြီ.."


ရှောက်မင်: "......"


'ငါဘာလို့ မတရားစိတ်ပူနေမိတာလဲ' 

ရှောက်မင်မှာ သိချင်သွားမိ၏။


ကျူးထုန်က အဆင်ပြေသည်ဟုပြောလာသောကြောင့် တံခါးကိုဟကာ အတွင်းဘက်ကိုချောင်းကြည့်မနေတော့ပေ။ မီးဖိုချောင်ကိုသာပြန်သွားလိုက်သည်။


ရေချိုးခန်းထဲ၌ ကျူးထုန်မှာ ဆယ်မိနစ်ထက်မနည်းရေချိုးလိုက်လေ၏။ ရေချိုးကာ ကိုယ်လက်သုတ်လိုက်ပြီးသည့်နောက် မှန်ရှေ့တွင်ရပ်ကာ အင်္ကျီကော်လာကိုဟကာ သူ့လည်ဂုတ်ကိုကြည့်လိုက်သည်။ အပူလောင်ထားသည့်နေရာက နီရဲနေ၏။


'မင်းပြောတော့ ငါကအသေးစားဒဏ်ရာနဲ့ရောဂါတွေမရနိုင်တော့ဘူးဆို' 

ကျူးထုန် စိတ်ဓာတ်ကျစွာဖြင့် မေးခွန်းထုတ်လိုက်သည်။


စနစ်၏အသံက မျက်လုံးလှိမ့်ကာပြောနေသလိုပင်။ 


'ဟုတ်တယ်လေ၊ မင်းက အဲဒါတွေမသက်ရောက်နိုင်တော့ဘူး၊ မင်းသာ ပစ်စလက်ခတ်မလုပ်ရင်ပေါ့၊ မင်းရဲ့အသားအရည်က နူးညံ့လွန်းတယ်၊ ဒီတော့ ရေနွေးပူက အလွယ်လေးလောင်တာပေါ့'


ကျူးထုန်: "....."


'ထားလိုက်တော့၊ အရမ်းနာတာလည်းမဟုတ်ပါဘူး'


သူ အဝတ်အစားကိုသပ်ရပ်အောင်ပြန်ပြင်လိုက်သည်။ တံခါးဖွင့်ကာ ရေချိုးခန်းအပြင်ဘက်ကိုထွက်သွားလိုက်၏။


သူဧည့်ခန်းကိုဖြတ်သွားသည့်အခါ ရှောက်မင်က ဆိုဖာတွင်ထိုင်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရပြီး အံ့အားသင့်သွားရသည်။ 


"အနားမယူသေးဘူးလား.."


ရှောက်မင်က နေ့လည်စာစားပြီး တရေးတမောမအိပ်တတ်ပေ။ သို့ရာတွင် သူ့အမေးကိုလည်းပြန်မဖြေဘဲ မတ်တပ်ရပ်ကာ သူ့ထံလျှောက်လာလေ၏။


ကျူးထုန်မှာ မှင်သက်သွားကာ အလိုလိုနောက်ဆုတ်လိုက်မိသော်လည်း ရှောက်မင်က အရှေ့တိုးလာကာ သူ့အင်္ကျီကော်လာကိုဆွဲဖယ်လိုက်သည်။


"......"


ကျူးထုန်မှာ ခဏတွင်းချင်း အသက်ရှူရပ်သွားရလေ၏။


ရှောက်မင်က အံကြိတ်ထားသည်ကို အနည်းငယ်လျှော့လိုက်သည်။ မျက်ခုံးပင့်ကာ သူမေးလိုက်၏။ 


"အဆင်ပြေပါတယ် ဟုတ်လား..."


ကျူးထုန်: "......"


သူယူဝတ်ထားသည့်အဝတ်က ကြီးလွန်းနေပြီဖြစ်ရာ ယခုလို အင်္ကျီကော်လာကို အဆွဲခံလိုက်ရခြင်းက ထူးဆန်းနေလေသည်။


သက်တောင့်သက်သာမရှိစွာဖြင့် သူက အင်္ကျီကော်လာကိုပြန်ဆွဲလိုက်မိသည်။ 


"ရပါတယ်၊ ခဏနေရင် အဆင်ပြေသွားမှာပါ..."


ရှောက်မင်က သူ့ကိုငုံ့ကြည့်လာ၏။ ကျူးထုန်က ခေါင်းငုံ့သွားကာ သူ၏အခြောက်ခံထားသောဆံပင်လေးများက ပွယောင်းပြီး နူးညံ့နေလေသည်။


ရှောက်မင်က သက်ပြင်းချလိုက်သည်။ 


"ကိုယ်မှားတာပါ၊ ကိုယ်ပြောဖို့မေ့သွားတာ၊ ဒီကိုလာပြီး မင်းအင်္ကျီကိုချွတ်လိုက်..."


ကျူးထုန်က ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။


ရှောက်မင်ကလည်း တဖက်လှည့်သွားကာ ဧည့်ခန်းထဲသို့လမ်းလျှောက်ဝင်သွားလေသည်။ သူပြန်လှည့်ကြည့်လိုက်သည့်အခါ ကျူးထုန်က နေရာတွင်ပင် နားမလည်သလို ဆက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက ခပ်တိုးတိုးသာရယ်လိုက်လေ၏။ 


"ကိုယ်မင်းကို ဆေးလိမ်းပေးမယ်၊ ဒါမျိုးက ပေါ့သေးသေးမဟုတ်ဘူးနော်၊ ဆေးမလိမ်းရင် အမာရွတ်ကျန်ပြီးရုပ်ဆိုးသွားလိမ့်မယ်.."


ကျူးထုန်မှာဆွံ့အနေဆဲ။ 'အမာရွတ်' ဆိုသည့်စကားလုံးကပင် သူ့ကို လက်ရှိအခြေအနေမှဆွဲမထုတ်နိုင်ပေ။


ရှောက်မင်က တီဗွီအရှေ့ရှိစင်မှ ဆေးသေတ္တာကိုထုတ်လာသည်။ ရှောက်မင်ထံလျှောက်သွားလိုက်ရင်း တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်လေ၏။


 "မလိုပါဘူး၊ ငါက..."


ရှောက်မင်ကသူ့အား ပြန်လှည့်ကြည့်သည်။ "


"အင်္ကျီကို မင်းဟာမင်းချွတ်မလား၊ ကိုယ်ချွတ်ပေးရမလား..."


ကျူးထုန်: "......"


ကျူးထုန်၏ရှပ်အင်္ကျီမှာ ရှေ့ကြယ်သီးများတပ်ထားသောကြောင့် ချွတ်ရန်မလွယ်ကူပေ။ ကျူးထုန်က ဆိုဖာပေါ်တွင် ဘေးတစောင်းထိုင်ရင်း ခေါင်းကိုအသာငုံ့ကာ သူ၏ဂုတ်ပိုးနှင့် ကျောပြင်အစိတ်အပိုင်းကိုပြသလိုက်လေသည်။


သူက ရှောက်မင် ဆေးသေတ္တာထဲမှ ဆေးထုတ်လိုက်ပုံကိုကြည့်ပြီး တွန့်ဆုတ်စွာဖြင့် လက်ဆန့်ထုတ်လိုက်သည်။ 


"ငါဟာငါလိမ်းလိုက်ပါ့မယ်..."


ရှောက်မင်က အရယ်တဝက်ဖြင့်ဆိုလာ၏။ 


"ကိုယ်မင်းကို အသားယူမှာကြောက်နေတာလား၊ မပူပါနဲ့ ကိုယ် ဂွမ်းစနဲ့ပဲထိမှာပါ..."


ကျူးထုန်: "....."


သူက အဲဒီလိုပြောချင်တာမဟုတ်ဘူးလေ။


ခဏအကြာတွင် ဆေးသုတ်ထားသောဝါဂွမ်းစ၏ အေးစက်စက်အထိအတွေ့ကို ခံစားလိုက်ရသည်။


ရှောက်မင်က သူ၏ဂုတ်ပိုးပေါ်မှ အနီရောင်အကွက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


 "မင်းဘာလို့ တစ်လုံးမှမပြောရတာလဲ.."


ကျူးထုန်က ခဏမျှစကားရပ်လိုက်ပြီး ပြန်ပြောလိုက်၏။ 


"ငါတကယ်ကို ဘာမှမဖြစ်လို့လေ..."


ရှောက်မင်: "....."


သူက ထိုသူ၏ကျောပြင်ကို ဆေးစက်နှစ်စက်ချထပ်လိုက်ပြီး ဂွမ်းစနှင့်အသာပွတ်ပေးလိုက်သည်။ နီရဲနေသောနေရာက ပိုပြီးစပ်ဖျင်းဖျင်းဖြစ်လာလေရာ နောက်ဆုံး၌ လူငယ်လေးမှာ လှုပ်ရွလာလေ၏။


ရှောက်မင်က ချက်ချင်းရပ်သွားပြီးမေးလိုက်သည်။ 


"နာလို့လား..."


ကျူးထုန်မှာ အပြင်ပန်းတွင်ခေါင်းယမ်းပြချင်သော်လည်း ရိုးရိုးသားသားပင်ခေါင်းညိတ်ပြမိလေ၏။ 


"နည်းနည်းနာတယ်..."


ရှောက်မင်: "ကိုယ်ဖွဖွလေးလုပ်ပေးမယ်..."


သူက ဆေးလိမ်းနေသည့်အားကိုလျှော့လိုက်ပြီး ဂွမ်းစကို ညင်သာစွာဖြင့်ကိုင်တွယ်လိုက်သည်။ အနာလိမ်းဆေးကို အပူလောင်ထားသည့်ဒဏ်ရာပေါ်သို့ အစက်ချလိုက်လေ၏။


သူ့ဂုတ်ပိုးတွင် နီရဲနေသည့်တိုင် အလွန်အမင်းရဲတွက်နေခြင်းမျိုးမဟုတ်၍ ကျေးဇူးတင်ရပေမည်။ ရေနွေးငွေ့က အေးစက်နေသောအသားအရေကို သာမန်ထက်ပူနွေးစေသောကြောင့် အနည်းငယ်ပွန်းပဲ့သွားရုံလောက်ရှိလေသည်။


'သူကအရမ်းပိန်တာပဲ'


ရှောက်မင်က ဂုတ်ကိုဆေးလိမ်းပေးနေရင်း ကျူးထုန်၏ ခေါင်းငုံ့ထားသောပုံစံလေးကိုကြည့်လိုက်မိသည်။ ထိုသူက အနည်းငယ်စိတ်ကျဥ်းကျပ်နေပုံရပြီး ခန္ဓာကိုယ်လေးက တောင့်တင်းနေ၏။ သို့ရာတွင် ခုခံခြင်းမျိုးလည်းမရှိပေ။


အစောပိုင်းအချိန်က ရှောက်မင်မှာ သူ့ကိုယ်သူ အခြားသူများနှင့်ကွဲပြားသည်ဟုခံစားခဲ့ရဖူးသည်။


သို့ရာတွင် ကျူးထုန်က သူ့အပေါ် အခြားရည်ရွယ်ချက်မရှိကြောင်းပြသနိုင်ရန် အကြိမ်ပေါင်းများစွာ စိတ်ဖိစီးခဲ့ရရှာသည်။သူကိုယ်တိုင်လည်းယုံကြည်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျူးထုန်တွင်သာ ထိုသို့သောအတွေးမျိုးရှိနေပါက လုံးဝဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။


ကျူးထုန်က သူနှင့် ပကတိကွဲပြားနေခဲ့သည်။


ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ကြည်နူးခြင်း စသည့်ခံစားချက်အားလုံးက ထိုသူ၏မျက်နှာထက်တွင် ရှင်းလင်းပြတ်သားစွာဖြင့် ရေးခြယ်ခံထားရသည်။ ထိုသူ၏အတွေးများကလည်း ရိုးရှင်းလွန်းသည်။ ကျန်းမာရေးမကောင်းလင့်ကစား လွတ်လပ်ပေါ့ပါးစွာဖြင့်နေထိုင်နိုင်၏။


ထိုသူကသူ့ထံ ပဟေဠိဆန်စွာဖြင့်ရောက်လာခဲ့ပြီး ရှောင်တိမ်း၍မလွတ်နိုင်သူဖြစ်လာခဲ့သည်။


မမျှော်လင့်ဘဲ သူတို့၏ဘဝများကဆက်နွယ်လာပြီး အတူတကွပေါင်းစည်းသွားခဲ့သည်။


ကျူးထုန်က သူတို့ကြားတွင် "လုံခြုံသည့်အကွာအဝေး" တစ်ခုအား ထားရှိရမည့်နည်းလမ်းကို ရှောက်မင်ထက်ပင်ပိုပြီး ဂရုစိုက်နေပုံရသည်။


လက်တွေ့တွင်တော့ ၎င်းအကွာအဝေးကို ပိုပြီးနီးကပ်လာစေချင်သူမှာ သူ(ရှောက်မင်)ဖြစ်နေခဲ့သည်။


သူကသာ သူတို့ကြားတွင် ပိုပြီးရင်းနှီးမှုရှိစေချင်ခဲ့သည်။


သူ့ဘက်မှ မည်သည့်အကြောင်းကြောင့် ကျူးထုန်အား အငှားအိမ်သို့ တဖန်ပြန်ပြောင်းလာစေချင်ခဲ့သည်ကို ရှောက်မင်လည်းမရှင်းပြတတ်ပေ။ လူငယ်လေးက မခံမရပ်နိုင်အောင်နာကျင်နေသည့်တိုင် နှုတ်ဆိတ်နေတတ်သည်ဟုသာ သူသိထားခဲ့သည်။ သို့ရာတွင်ဆေးရုံကုတင်ပေါ်သို့လှဲချလိုက်သည်နှင့် ထိုသူကသူ့အားမလွှတ်တမ်းဖက်ထားခဲ့ပြီး နာကျင်လွန်း၍အော်ဟစ်နေခဲ့၏။ ရှောက်မင်မှာ တွေးလိုက်မိသည်မှာ သူ ကျူးထုန်ကို တစ်ယောက်တည်းမထားခဲ့နိုင်ဟူ၍။


ထိုသူက မရိုးရှင်းသောရည်ရွယ်ချက်မျိုးရှိနေခဲ့လျှင်ပင်၊ ရှင်းပြရန်ခက်သည့်ကိစ္စအများအပြားရှိလာလျှင်ပင် ရှောက်မင်မှာ တိကျသောအမှန်တရားကိုမျက်ကွယ်ပြုထား၍မရပေ။


ယင်းက သူ ကျူးထုန်ကို ဂရုစိုက်ပေးချင်သည်။


၎င်း ပေါ့ပါးလွန်းသောအတွေးကြောင့် ရှောက်မင်မှာ ငြိမ်သက်သွားခဲ့ကာ သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်လိုက်၏။ 


'သူ့ကို ဂရုစိုက်ပေးချင်တယ်တဲ့လား'


သူ ကျူးထုန်၏ဂုတ်မှ အနီမှတ်ရာကြီးကိုကြည့်ပြီး ခါးသက်သက်ဖြင့်ပြုံးလိုက်မိလေသည်။


ထိုသူကိုဂရုစိုက်ပေးသည့် ပထမဆုံးနေ့မှာပင် အပူလောင်သွားခဲ့သည်။ လူငယ်လေးသာ သူ့အတွေးများကိုသိသွားခဲ့ပါက ခဏတွင်းချင်း ထွက်ပြေးသွားပေလိမ့်မည်။


သူ့မှာ ပြန့်ကျဲနေသောအတွေးတို့ကိုစုစည်းလိုက်ပြီး ဆေးကိုသာအသေအချာလိမ်းပေးလိုက်၏။


ကျူးထုန်မှာ ထိုသူက မည်သို့သောဆေးမျိုးကိုလိမ်းပေးနေမှန်းမသိသည့်တိုင် ၎င်းက အေးပြီး စပ်ဖျင်းဖျင်းဖြစ်နေသည့်ဝေဒနာကိုသက်သာသွားစေခဲ့သည်။


နာကျင်မှုလျော့သွားသည်နှင့် အခြားသောခံစားမှုတို့ကမြင့်မားလာလေသည်။




🤒