အခန်း ၁
လမ်းကြားထဲမှစားသောက်ဆိုင်ငယ်လေး
နဂါးမြို့ဟောင်းနယ်မြေ၊လေအလင်းအင်ပါယာ၏ အင်ပါယာမြို့တော်။
ပျားပန်းခတ်မျှစည်ကားနေတဲ့ မြို့အတွင်း၊ လမ်းမပေါ်တွင်လည်းသွားလာနေသူအများပြည့်နှက်၍ ဆူညံသံတွေကိုလည်း နေရာအနှံကကြားနိုင်သည်။ လမ်းတစ်ဖက်တစ်ချက်ဆီက မြင့်မားတဲ့အဆောက်အဦးများကြားထဲတွင် များပြားလှတဲ့ စားသောက်ဆိုင်များနဲ့ တည်းခိုခန်းများတည်ရှိလေသည်။ စားဖိုမှူးများချက်ပြုတ်လိုက်တဲ့အစားအသောက်တွေရဲ့ သင်းပျံ့မွေးကြိုင်တဲ့ရနံ့တွေဟာလည်း လေထဲတွင်တရစ်ဝဲဝဲလွင့်ပါနေသည်။
များပြားလှတဲ့စားသောက်ဆိုင်များကြားမှ...
အင်ပါယာမြို့တော်ရဲ့ နံပါတ်တစ် စားသောက်ဆိုင်ဖြစ်သော 'ထာဝရရှင်သန်သောဖီးနစ်ငှက်' စားသောက်ဆိုင်ကတော့ အမြဲလိုလို စားသုံးသူများနှင့်ပြည့်ကြပ်လျက်ရှိသည်။
သပ်သပ်ရပ်ရပ်တည်ဆောက်ထားတဲ့ ရှေးကျတဲ့အဆောက်အဦးတွေကိုလည်း အင်ပါယာမြို့တော်တွင်း နေရာအနှံ့မှာတွေ့နိုင်သည်။
အကယ်၍...
ထာဝရရှင်သန်သောဖီးနစ်ငှက်စားသောက်ဆိုင်ကိုကျော်ပြီး လမ်းမကြီးအတိုင်း မီတာဒါဇင်အနည်းငယ်လောက်ဆက်လျောက်လာမယ်ဆိုရင် လမ်းကြားလေးတစ်ခုကိုတွေ့ပါလိမ့်မယ်။ လမ်းကြားလေးထဲတည့်တည့်ဝင်လာပြီး ဘယ်ဘက်ကိုချိုးလိုက်ရင် သာမန်စားသောက်ဆိုင်ငယ်လေးတစ်ခုကိုတွေ့ရပါလိမ့်မယ်
အနက်ရောင်ခွေးကြီးတစ်ကောင်က လျှာတစ်လစ်ထုတ်၍ စားသောက်ဆိုင်ရဲ့ရှေ့မှာလဲလျောင်းနေပြီး စားသောက်ဆိုင်ရဲ့အတွင်းမှာတော့ စားသုံးသူတစ်ယောက်တစ်လေမှတောင် မရှိပါဘူး။
ရုတ်တရက်
လူငယ်တစ်ယောက်သည်စားသောက်ဆိုင်အပြင်ဘက်သို့ထွက်လာသည်။ ထိုလူငယ်က အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့်ကြည့်ကောင်းတဲ့သွင်ပြင်ရှိပြီး သူ့ရဲ့အနက်ရောင်ဆံနွယ်ရှည်တို့ကို သိုးမွေးကြိုးပါးလေးနဲ့ရိုးရှင်းသပ်ရပ်စွာစည်းနှောင်ထားသည်။
"ဘလက်ကီ
စားချိန်ရောက်ပြီ"
ထိုလူငယ် ပုဖန်က ကြွေပန်းကန်လုံး တစ်လုံးကိုကိုင်၍ စားသောက်ဆိုင်အပြင်ဘက်သို့ထွက်လာပြီး ပန်းကန်လုံးကို ခွေးနက်ကြီးရှေ့သို့ချပေးလိုက်သည်။ ဘလက်ကီသည် ယခင်ကပျင်းရိလေးလံနေသည်မှာသူမဟုတ်သည့်အတိုင်း အစားအစာတို့ကို အားကြိုးမာန်တက်အငမ်းမရစားသောက်တော့သည်။
ပုဖန်က ဘလက်ကီရဲ့အမွေးတို့ကို နူးညံ့ညင်သာစွာပွတ်သပ်သန့်ရှင်းပေးပြီးနောက် ခပ်ပြုံးပြုံးအမူအရာနှင့်ဆိုင်ထဲသို့ပြန်ဝင်သွားသည်။
ပုဖန်က အသက် ၂၀အရွယ်သာမန်ယောက်ျားလေးတစ်ယောက်ဆိုသော်လည်း ကမ္ဘာမြေပေါ်ကရည်မှန်းချက်ကြီးမားသည့်စားဖိုမှူးတစ်ယောက်ဖြစ်သည်။
တစ်နေ့...
သူရုတ်တရက်လန့်နိုးလာပြီးနောက်
လျို့ဝှက်ဆန်းကျယ်တဲ့ စားသောက်ခြင်းနည်းစနစ်တစ်ခု(gourmet system)က သူ့ခေါင်းထဲတွင်ရှိနေပြီး သူကိုယ်တိုင်လည်း အခြားကမ္ဘာတစ်ခုကိုရောက်ရှိနေတာတွေ့လိုက်ရသည်။ ဒီကမ္ဘာပေါ်ရောက်လာပြီးနှစ်ရက်မြောက်နေ့မှာပဲ System ရဲ့အကူအညီနဲ့ စားသောက်ဆိုင်ငယ်လေးကိုဖွင့်လှစ်ခဲ့သည်။
စားသောက်ဆိုင်ဖွင့်ခဲ့တာ တစ်လကြာလာပေမယ့် စားသုံးသူတစ်ယောက်မှ မရှိသေးတာက ပုဖန်အတွက် ပုံမှန်လိုပင်ဖြစ်နေသည်။ သူ့မှာ ပုံမှန်လုပ်စရာဆို၍ စားသောက်ခြင်းနည်းစနစ်(gourmet syetem/ နောက်ပိုင်းတွင် System ဟုသာ သုံးပါမည် )ညွှန်ကြားသည့်အတိုင်း ဘလက်ကီ ကိုအစာသေချာကျွေးဖို့နှင့် အချက်အပြုတ်စွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ရန်သာဖြစ်သည်။
ဆိုင်ဖွင့်ပြီး တစ်ပတ်အကြာမှာ ဆိုင်ရှေ့သို့ခွေးမဲကြီးတစ်ကောင်ရောက်လာတာကလွဲလို့ သူဘယ်ကရောက်လာသလဲဆိုတာတော့ ပုဖန်မသိပာ။
System က သူလေ့ကျင့်ဖို့နဲ့ ဘလက်ကီကို အစာကျွေးဖို့အတွက်ကိုတော့ အခါအားလျော်စွာသတိပေးလေ့ရှိသည်။
ထို့ကြောင့်...
ပုဖန်ဆိုင်ဖွင့်တာနဲ့ အစာစားဖို့ ဘလက်ကီက အသင့်စောင့်နေပြီဖြစ်သည်။
ပုဖန် ဆိုင်အတွင်းဝင်လာပြီးနောက်
စားသုံးသူတစ်ယောက်မှ ရှိမနေတာကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဆိုင်ငယ်လေးက ရိုးရှင်းတယ်ဆိုပေမယ့် တစ်ဆယ်စတုရန်းမီတာအကျယ်ရှိပြီး စားပွဲ၊ခုံ အနည်းငယ်နဲ့ သန့်ရှင်းသပ်ရပ်စွာ ခင်းကျင်းထားတဲ့ဆိုင်ငယ်လေးဖြစ်သည်။
ဟင်းသုံးမျိုးသာ ရှိတဲ့ အစားအသောက်စာရင်းကိုကြည့်ပြီးတော့လည်း သူ အကူညီမဲ့စွာနဲ့ သက်ပြင်းတစ်ချက်ချမိပြန်သည်။
ဆိုင်မှာရနိုင်တဲ့အစားအသောက်စာရင်းရေးထားတဲ့ သစ်သားဘုတ်လေးကို နံရံမှာ ချိတ်ဆွဲထားပြီး အဲ့ဒီပေါ်မှာ ဟင်းသုံးမျိုးသာလျှင်ရေးထားသည်။
သုံးမျိုးပဲရှိတဲ့ အစားအသောက်စာရင်း!!!
ဘယ်လိုစားသောက်ဆိုင်မျိုးဆိုတာ စိတ်ကူးကြည့်လို့တောင်မရဘူး။
ဒါတင်မဟုတ်သေးဘူး...
စျေးနှုန်းတွေကိုကြည့်လိုက်ရင်လဲ ဟာသ လုပ်နေသလိုပါပဲ။
အသီးအရွက်ကြော်နဲ့ လက်လုပ်ခေါက်ဆွဲ တစ်ပွဲစီကိုတောင် ရွှေပြား ၁၀၀ကျသင့်တယ်။
စျေးကြီးတယ်ထင်နေလား?..
မဟုတ်သေးဘူး...
ဥထမင်းကြော်က ပိုတောင်ဆိုးသေးတယ် တစ်ပွဲကို သလင်းကျောက်တစ်တုံးတဲ့ဗျာ။
သလင်းကျောက်တွေက ကျင့်ကြံသူတွေဆီမှာသာ ရှိတတ်သည်။သလင်းကျောက်တစ်တုံးကို ရွှေပြားတစ်ထောင်ဝန်းကျင်တန်ဖိုးရှိပြီး လိုသလောက်ဝယ်ယူလို့မရနိုင်ပေ။
စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်တွက်တော့ တွေးတောင်မတွေးမိနိုင်တဲ့ မတန်တဆစျေးနှုန်းတွေပါပဲ။
ပုဖန်ကိုယ်တိုင်လည်း ဒီလောက်စျေးကြီးတဲ့အစားသောက်တွေမှာစားမယ့် တစ်စုံတစ်ယောက်ရှိလာမယ်လို့ မထင်ထားဘူး။
သူစျေးနှုန်းတွေကိုကြည့်လိုက်မိပြန်တယ်...
ဟင်းပွဲတွေကို အရသာကောင်းမွန်အောင် သူကြိုးစားချက်ပြုတ်ထားတယ် ဆိုပေမယ့်လည်း သူ့မှာ စားသုံးသူရှိလာဖို့ဆိုတာကတော့ တကယ်ကိုမဖြစ်နိုင်ဘူးပဲ။
"ဒီဆန်းကျယ်တဲ့ကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးလို ထိပ်ဆုံးကရပ်တည်ချင်တယ်ဆိုပြီး ဘယ်လိုဖြစ်လို့ စားသုံးသူတစ်ယောက်တောင်မရသေးတာလဲ?တကယ်လို့ ဒီလအတွင်းမှာသာ စားသုံးသူတစ်ယောက်ရခဲ့မယ်ဆိုရင် System ကပေးတဲ့ဆုကို မင်းရလ်ိမ့်မယ်"
အဲ့ဒီတာဝန်ကို ဆိုင်စဖွင့်ပြီးသုံးရက်မြောက်နေ့မှာပဲ System က သူ့ကိုပေးခဲ့ခြင်းဖြစ်ပြီး ပေးထားတဲ့အချိန်တစ်လပြည့်ဖို့ သုံးရက်သာလိုတော့သည်။
"ပထမခြေလှမ်းတောင် ငါမလှမ်းနိုင်ဘူးဆိုရင် ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်ချင်တဲ့ ငါ့အိမ်မက်ကလဲပျက်စီးသွားတော့မှာပဲ"
သူသက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အချိန်ကိုကြည့်ကာ ဆိုင်တံခါးပိတ်ရန် မတ်တတ်ရပ်လိုက်သည်။
သူ့စားသောက်ဆိုင်လေးက သေးငယ်သော်လည်း စည်းကမ်းချက်တွေကတော့အရမ်းကိုများသည်။
ဥပမာ...
ဟင်းပွဲတွေကိုခွင့်ပြုချက်မရှိပဲ အပြင်မထုတ်ရ။
ဆိုင်ဖွင့်ချိန်မှန်ရမည်။
...ဆိုတာမျိုးတွေပေါ့
ဒီစည်းကမ်းတွေကို system ကချမှတ်ထားမှတော့ ပုဖန်အနေနဲ့ လိုက်နာရမှာပါပဲ။
ဆိုင်တံခါးပိတ်ပြီးနောက် ချက်ပြုတ်လေ့ကျင့်ရန်တွက် မီးဖိုခန်းထဲသို့ပြန်ဝင်လာခဲ့သည်။
တကယ်တော့ လေ့ကျင့်တယ်လို့သာပြောပေမယ့် လုပ်စရာများများစားစားတော့လဲမရှိဘူး System ကအဆင်သင့်ဖြည့်ပေးထားတဲ့ဟင်းအမယ်တွေကို ချက်ပြုတ်ရုံပဲဖြစ်သည်။
မီးဖိုခန်းရဲ့ထောင့်မှာတော့ အစားအစာတွေသိမ်းဖို့အတွက် System က ပြုလုပ်ပေးထားတဲ့လူပုံစံစက်ရုပ်တစ်ရုပ်ရှိသည်။ပုဖန်လေ့ကျင့်ချက်ပြုတ်ထားသမျှ အစားအစာတွေထဲက သူနဲ့ဘလက်ကီနဲ့စားပြီးပိုသမျှကို စက်ရုပ်ရဲ့ဝမ်းဗိုက်နေရာမှာထားပေးရသည်။
ပုဖန်က ဆန်းကျယ်တဲ့ကမ္ဘာထဲမှာရောက်ရှိနေပေမယ့် မီးဖိုခန်းကိုတော့ ကမ္ဘာမြေက မော်ဒန်မီးဖိုခန်းပုံမျိုး System ကဖန်တီးပေးထားသည်။
မီးခိုးမထွက်တဲ့ဟင်းအိုးတွေ၊သံချေးမတက်တဲ့စတီးဓားတွေ၊လှီးဖြတ်စရာဘုတ်ပြား၊မီးခိုးငွေ့ထုတ်ဖို့အမိုး၊မိုက်ခရိုဝေ့မီးဖို၊ရေခဲသေတ္တာ၊စသည်ဖြင့်...
ကမ္ဘာမြေကထက်တောင်မှ ဆန်းသစ်နေသေးသည်။
သူတို့ကိုအသုံးပြုပြီးချက်ပြုတ်ရတာကို ပုဖန်တကယ်ပဲနှစ်သက်သည်။
ညအချိန်ကျရောက်လာချိန်တွင်,
လနှစ်စင်းက အပြိုင်ထွန်းလင်းနေပြီး ကောင်းကင်တစ်ပြင်လုံး လအလင်းရောင်တွေနှင့်ဖုံးလွှမ်းနေသည်။
ဆိုင်ငယ်လေးရဲ့အပြင်ဘက်မှာတော့...
ပိုးမွှားတွေရဲ့အော်မြည်သံကိုကြားနေရပြီး ဘလက်ကီက ပျင်းရိစွာလဲလျောင်းနေသည်။
.......................
နောက်တစ်နေ့မနက်,
ပုဖန်အိပ်ရာမှ ငိုက်မျည်းစွာထလာပြီး သန့်ရှင်းရေးလုပ်ပြီးနောက် ဆိုင်ဖွင့်ခဲ့သည်။
ဘလက်ကီက ဆိုင်ရှေ့မှာ ပုံမှန်အတိုင်းလဲလျောင်းနေပြီးတော့ ဝိညာဉ်တစ်ကောင်လောက်တောင်မှ မတွေ့ရလောက်အောင် လူသူကင်းမဲ့လျက်ရှိသည်။
ကောင်းမွန်တဲ့စီးပွားရေးရှိတဲ့ ထာဝရရှင်သန်သောဖီးနစ်ငှက် စားသောက်ဆိုင်ကို ပုဖန် မနာလိုအားကျမိသည်။ထိုစားသောက်ဆိုင်က စားသုံးသူတွေများလွန်းလို့ အဝင်ပေါက်တောင်ကျိုးပျက်သွားတော့မယောင်ထင်ရသည်။
သူ့စားသောက်ဆိုင်လဲ ဖီးနစ်စားသောက်ဆိုင်လို စားသုံးသူများပြားရင်ကောင်းမယ်ဟု ပုဖန်တွေးမိသည်။
"ကျွန်ုပ်၏ပိုင်ရှင်(Host)
ဒီဆန်းကျယ်သောကမ္ဘာထဲမှာ အစားသောက်ကောင်းတွေရွေးချယ်ချက်ပြုတ်တတ်သူအဖြစ် ထိပ်ဆုံးက ရပ်တည်ချင်တယ်ဆိုရင် သူတပါးကိုမနာလိုအားကျနေမယ့်အစား တောက်ပတဲ့အနာဂတ်ရှိလာအောင် အလုပ်ကြိုးစားသင့်တယ်"
သူ့ခေါင်းထဲက System ရဲ့ တည်ကြည်လေးနက်တဲ့သတိပေးသံကို ပုဖန် ကြားလိုက်ရသည်။ဒီအတောအတွင်း သူ ဖီးနစ်စားသောက်ဆိုင်ကိုအားကျမိတဲ့အချိန်တိုင်း System က အားပေးရလွန်းလို့ စကားလုံးတွေကိုတောင်အလွတ်ရနေပြီ။
ပုဖန်က ဆိုင်အပြင်ဘက်ရှိ ခုံပေါ်မှာ သက်တောင့်သက်သာလျောထိုင်ပြီး နေပူစာလှုံနေခဲ့သည် ။
လမ်းကြားလေးထဲကိုတော့ ခုချိန်ထိတိုင်အောင် လူတစ်ယောက်မှ မလာသေးဘူး
"ဒီနေ့လည်း စားသုံးသူတစ်ယောက်မှ မလာပြန်ဘူး"
ပုဖန်က သမ်းဝေရင်း ဝေဖန်ပြောဆိုလိုက်သည်။
ပုဖန် ဘာပဲပြောပြော ဘာပဲလုပ်လုပ် ကြမ်းပြင်ပေါ်မှာလှဲအိပ်နေတဲ့ ဘလက်ကီကတော့ တစ်ချက်လေးတောင် အဖက်မလုပ်ပါဘူး။
ပုဖန် အိပ်မောကျသွားခါနီးလေးမှာပဲ ခြေသံတချို့ကြောင့် နိုးသွားသည်။သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ သိုင်းလေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချောမောတဲ့လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
"ဟမ်!...
လမ်းကြားထဲက စားသောက်ဆိုင်ငယ်ကို လာတဲ့ တုံးအတဲ့သူတစ်ယောက် အမှန်ပဲရှိတာလား?"
ထိုလူငယ်လေးမှာ နီစွေးတဲ့နှုတ်ခမ်းတစ်စုံ ရွှန်းစိုတဲ့မျက်ဝန်းကျယ်တစ်စုံရှိပြီးဘဲဥပုံမျက်နှာကျနဲ့ ချောမောကြည့်ကောင်းသည်။
သူ့မှာသာ adam's apple(လည်ဇလုတ်)နှင့် ပြားကပ်နေတဲ့ရင်ဘတ်သာမတွေ့ရဘူးဆိုရင်
မိန်းကလေးတစ်ယောက်လို့ပဲ ပုဖန်ထင်မိမှာဖြစ်သည်။
ထိုချောမောတဲ့လူငယ်လေးက ဆိုင်ငယ်လေးဆီတည့်တည့်လျောက်လာသည်။ကြည့်ရတာတော့ ဖြတ်သွားဖြတ်လာတောင်မရှိသော လမ်းကြားထဲမှာ ဖွင့်ထားတဲ့စားသောက်ဆိုင်ငယ်ကို စိတ်ဝင်စားပုံပါပဲ။
သို့သော်လည်းပဲ...
ပုဖန်က ထိုင်နေရာကနေတောင်မထပါဘူး ဆိုင်ထဲဝင်လာပေမယ့် စားစရာမမှာသေးသ၍ စားသုံးသူမဟုတ်သးဘူးလေ။
ဟင်းပွဲတွေရဲ့ မဖြစ်နိုင်တဲ့စျေးနှုန်းကိုလက်ခံနိုင်မှသာ အမှန်အကန်စားသုံးသူဖြစ်လာမယ်ဆိုတာ ပုဖန်သိသည်။
သူမျှော်လင့်ထားသလိုပါပဲ...
လူငယ်လေးက စျေးနှုန်းတွေကိုမြင်လိုက်တာနဲ့ နဂိုကျယ်တဲ့မျက်ဝန်းအိမ်တွေက ပိုမိုပြူးကျယ်လာပြီး တတ်ဆိတ်တဲ့လမ်းကြားထဲမှာ ပဲ့တင်သံထပ်လောက်အောင် အော်ဟစ်တော့သည်။
"ဘုရားရေ!!!
"အရွက်ကြော်တစ်ပွဲကို ရွှေပြား ၁၀၀?
ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်တစ်တုံး?
မင်းလောဘကြီးလွန်းပြီး ရူးများသွားတာလား?"
---