Chapter 62
Viewers 7k

🤒အခန်း ၆၂




ထိုအချိန် ကျောင်းသားများအဆောင်တွင် ရှားယန်မှာ လုရှီးမန်သူ့အတွက် စီစဥ်ပေးထားသောတစ်ယောက်ခန်းထဲ၌ထိုင်ရင်း အွန်လိုင်းပေါ်တွင် ကျူးထုန်နှင့်ရှောက်မင်တို့အကြောင်း ပြောထားသည့်စာများကို တစ်ချက်ချင်းဆွဲကာဖတ်ကြည့်နေလေသည်။ ပိုဖတ်လေ၊ သူ့အနေဖြင့်ပိုပြီး စိတ်တိုလာရလေပင်။


သူ ကျူးထုန်ကိုမုန်းသည် ။ ကျူးထုန်နှင့်မတရားရင်းနှီးနေ၍မုန်းသည်။ ကျောင်းပြောင်းလာ၍လည်းမုန်းပြီး သူ၏အလင်းတန်းလေးကို ခိုးယူသွားသည့်အတွက်လည်းမုန်းတီးသည်။


လစဥ်စာမေးပွဲတွင် လုရှီးမန် တာဝန်ရပ်နားခံလိုက်ရသည်။


ရှားယန်ကိုယ်တိုင်လည်း လုရှီးမန်ကိုမနှစ်သက်ပေ။ သို့ရာတွင် လုရှီးမန်က တုံးအသည့်တိုင် အတန်းပိုင်ဆရာမဖြစ်နေစဥ်က သူ့အား အကူအညီအများအပြားပေးခဲ့သည်။


တစ်ယောက်နေ အဆောင်ခန်းများကလည်း သူမအကူအညီပေးခဲ့သည့်အရာများအနက်မှ တစ်ခုအပါအဝင်ဖြစ်လေသည်။


ယနေ့တော့ အတန်းပိုင်ဆရာအသစ်ရောက်လာသည်။ သူက အဆောင်ထဲတွင်လမ်းပတ်လျှောက်နေစဥ် သူ့အခန်းနှင့်ပတ်သက်ပြီး အထူးတလည်မေးမြန်းခဲ့သည်။ ထိုအချိန်က သူက ၎င်းနှင့်ပတ်သက်၍မည်သည်ကိုမှမပြောခဲ့စေကာမူ ထိုသူ၏မျက်လုံးထဲသို့ကြည့်ရုံဖြင့် ဆရာအသစ်က သူ့ကို အထူးနေရာတွင်ထား၍ စီမံမှုအသစ်အားဖန်တီးချင်နေမှန်းသိသာနေသည်။


သူက မနက်ပိုင်းတွင် မိနစ်အနည်းငယ်ခန့်ပိုအိပ်စက်ချင်သောကြောင့် တစ်ယောက်ခန်းတွင်နေခဲ့သည်။ တစ်ယောက်ခန်းတွင်နေထိုင်ပြီး သူ၏အထူးနေရာကိုအခြားသူများထံပြချင်ကာ အခြားသူများ သူ့အားမနာလိုစေချင်ခဲ့သည်။


သို့ရာတွင် ယခုတော့ အပြောင်းအလဲကြောင့် ကျူးထုန်က ရှောက်မင်၏စက်ဘီးပေါ်တွင်နေ့တိုင်းလိုက်စီးနိုင်နေသည်။ အတူကျောင်းသွားပြီး အတူကျောင်းပြန်ကြသည်။ နေ့တိုင်း အပြင်ထွက်လည်ကြသည်။ ထိုသူကမှ အများဆုံးအာရုံစိုက်မှုရနေသူဖြစ်ပြီး မနာလိုစရာကောင်းသူဖြစ်နေခဲ့သည်။


ရှားယန်၏နှလုံးသားက တအုံ့နွေးနွေးဖြစ်နေသည်။ ထို့နောက် စိတ်ထဲမှထူးဆန်းသည့် အသံတစ်သံထွက်လာခဲ့သည်။


ရှားယန်မှာ ခဏတွင်းချင်းတောင့်တင်းသွားလေ၏။


သူ့စိတ်ထဲမှအသံက တဖြည်းဖြည်းနှင့်ပိုပြီးရှင်းလင်းပြတ်သားလာခဲ့သည်။


'အဲဒါတွေက အရင်တည်းက မင်းအပိုင်ဖြစ်သင့်တာလေ'


ရှားယန်၏ကိုယ်လေးမှာ ထိန်းသိမ်းရခက်စွာဖြင့်တုန်လှုပ်သွားပြီး သူ့မျက်လုံးတို့မှာလည်း ရုတ်ချည်းမည်းမှောင်သွားလေသည်။


နောက်တနေ့ နေ့လည်တွင် ရှောက်မင်က နှစ်ယောက်ခန်းထဲတွင် နေ့လည်စာချက်ပြုတ်နေရသည်။ ကျူးထုန်ကမူ ဧည့်ခန်းထဲတွင် ငြိမ်ငြိမ်လေးထိုင်စောင့်နေ၏။


သူ့အရှေ့တွင် စနစ်၏ မျက်နှာပြင်ပေါ်နေပြီး လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက လေးဆယ့်တစ်ရာခိုင်နှုန်းဖြစ်နေသည်။


"ငါ့စိတ်ထဲမှာ နှစ်သက်မှုရာခိုင်နှုန်းတိုးလာတာက နှေးသွားသလိုပဲ'


သူ အစာအိမ်အောင့်သည့်အချိန်တည်းက နှစ်သက်မှုရာခိုင်နှုန်းက တစ်ခါတိုးလျှင် တစ်ရာခိုင်နှုန်းသာတိုးလာတတ်သည်။ နောက်တစ်ခါဆိုလျှင် အပြည့်ရနိုင်မှာလား။ ဒါဆိုရင် လက်ရှိနည်းလမ်းကိုသုံးနေလည်း နှစ်သက်မှုရာခိုင်နှုန်းက တစ်ခုမှမရနိုင်တော့ဘူးလား။


စနစ်ကပြောသည်။ 


'မင်းကို ပိုပြီးသွက်သွက်လေးလုပ်ပါလို့ပြောသားပဲ၊ ဒီလိုပုံနဲ့ ဘယ်လိုလုပ်အောင်မှာလဲ'


ကျူးထုန်: "....."


ဒါပေမဲ့ သူ့ဘက်က ဘယ်လိုအရင်စရမှာလဲ။


ကျူးထုန်က ခေါင်းကိုခါယမ်းရင်း မီးဖိုချောင်ဘက်ကိုလှမ်းကြည့်မိသည်။


ရှောက်မင်က ယနေ့နေ့လည်စာကို ဟွကျားခေါက်ဆွဲ ချက်စားကြမည်ဟုပြောခဲ့သည်။ ၎င်း၏ သွားရည်ယိုဖွယ်အနံ့ကို ဤနေရာမှပင်ရနိုင်၏။


အိမ်ငှားနေတည်းက လော့ရှိုးနှင့်ညစာထွက်စားသည့်အချိန်မှလွဲပြီး အများစုတွင် ရှောက်မင်က နေ့လည်စာကိုတစ်ယောက်တည်းချက်စားတတ်သည်။ သူကမူ ဘာကိုမှမကူညီပေးနိုင်ပေ။


ကျူးထုန်က ပျင်းလာသောကြောင့် ရှောက်မင်လုပ်သည့်အတိုင်း ဖုန်းကိုလက်ထဲသို့ထည့်ကာလှည့်နေလိုက်သည်။ ရုတ်တရက် သူ့ခေါင်းထဲတွင်လင်းခနဲဖြစ်သွားခဲ့သည်။


သူလည်းရှောက်မင်အတွက် ချက်ပြုတ်ပေးနိုင်သည်။


ထိုအကြံဉာဏ်က သူ့စိတ်ထဲတွင်ပေါက်ဖွားလာသည်နှင့် ကျူးထုန်မှာ ၎င်းကိုတွေးမိလေ၊ အလွန်အမင်းသင့်လျော်သည့်အကြံဖြစ်လေဟု ယူဆမိလေပင်။


တစ်ချိန်လုံး အပြင်စာတွေချည်းပဲ စားနေလို့လည်းမကောင်းဘူးလေ။


ရှောက်မင်က သူ့ကို အလွန်တရာ ဂရုစိုက်ပေးခဲ့သည်။ နှစ်သက်မှုပြဘားတန်းကြောင့်မဟုတ်လျှင်ပင် သူ့အနေဖြင့် ကျေးဇူးပြန်ဆပ်သင့်သည်။


သူက စိတ်ထဲတွင်စီစဥ်နေစဥ် စနစ်ကသူ၏စိတ်လှုပ်ရှားနေမှုကို ရေအေးများဖြင့်ပက်လာလေ၏။ 


'မင်းက တကယ်ရောချက်တတ်လို့လား'


ကျူးထုန်: "......"


ဤအရွယ်အထိရောက်လာသည့်တိုင်အောင် သူ့ခမျာ မီးဖိုချောင်က မည်သည့်ပုံစံရှိမှန်းမသိသေးပေ။ သူ့အနေဖြင့် ဆားနှင့်သကြားကိုပင် မခွဲတတ်မည့်ဟန်ရှိနေသည်။


သူက စက္ကန့်ပိုင်းမျှစိတ်ဓာတ်ကျသွားခဲ့သော်လည်း အလျင်အမြန်ပင် နောက်တဖန်စိတ်ပိုင်းဖြတ်လိုက်သည်။


 'မဟုတ်ဘူး...ငါသင်လို့ရတယ်၊ ငါကအတတ်မြန်တယ်'


စနစ်: 'မင်း ဂတ်စ်မီးဖိုကိုဘယ်လိုဖွင့်ရလဲသိလား'


ကျူးထုန်: "....."


'ဘယ်လိုသုံးရလဲဆိုတာသိရအောင် အခုချက်ချင်းသွားသင်လိုက်မယ်'


ပြောပြောဆိုဆိုပင် ကျူးထုန်က ဖုန်းကိုပစ်ချပြီး ထရပ်ကာ မီးဖိုခန်းထဲသို့ဝင်သွားလေသည်။ သူ မီးဖိုချောင်တံခါးဝကိုရောက်သည်နှင့် မွှေးလွန်းသောရနံ့က သူ့နှာခေါင်းဝသို့တိုးဝင်လာခဲ့လေ၏။


အလွန်အရသာရှိမည့်ရနံ့ဖြစ်နေသောကြောင့် ယနေ့နေ့လည်စာက ဆွေမျိုးမေ့သွားစေလောက်မည့်ဟင်းလျာပင်ဖြစ်ရမည်။


ကျူးထုန်မှာ အစားအသောက်ရနံ့ကြောင့်ဆွဲဆောင်ခံလိုက်ရကာ မထိန်းနိုင်တော့ဘဲ တံတွေးမြိုချမိသွားခဲ့သည်။


ရှောက်မင်က သူ့ခြေသံကိုကြားရသည့်အခါ လှည့်ကြည့်လိုက်မိပြီး ထိုသူက ဗိုက်ဆာနေသောကြောင်တစ်ကောင်နှယ်တံတွေးမြိုချနေသည်ကိုတွေ့လိုက်ရလေသည်။ သူက ဟက်ခနဲရယ်လိုက်ကာ á€…á€”á€ąá€Źá€€á€şá€žá€œá€­á€Żá€”á€žá€„á€şá€ˇá€•á€Ťá€¸á€…á€•á€şá€™á€žá€‘á€˝á€€á€şá€žá€˝á€Źá€¸á€™á€­á€œá€ąá€žá€Šá€şá‹ 


"ဗိုက်ဆာလို့လား..."


"မဆာပါဘူး.."


သူ ဤနေရာကိုရောက်လာသည်မှာ ဂတ်စ်မီးဖိုဖွင့်နည်းကိုသိချင်သောကြောင့်သာ။


သခင်လေးက သူ၏ကိုယ်ပိုင်ရည်မှန်းချက်ကိုမမေ့ပါချေ။ ပွက်ပွက်ဆူနေသောဟင်းအိုးအောက်မှ အပြာရောင်မီးတောက်ကိုငုံ့ကြည့်နေလေသည်။


ထို့နောက် ရှောက်မင်က "ကလစ်" ဆိုသောအသံတစ်ချက်တည်းဖြင့် ဂတ်စ်မီးဖိုကိုပိတ်ပစ်လိုက်သည်။ အပူချိန်ညှိသောကွင်းလေးကိုပါလှည့်ပိတ်လိုက်ပြီး ကြောင်အိမ်ထဲမှ ပန်းကန်လုံးကြီးနှစ်လုံးကိုထုတ်လိုက်သည်။ ထို့နောက် မီးဖိုဘေးတွင်နေရာချလိုက်၏။ 


"ရပြီ၊ အပြင်ထွက်တော့၊ ခဏလောက်စောင့်၊ ပူနေသေးတယ်..."


ထိုသူက တပြိုင်တည်း ဇယ်ဆက်သလိုလုပ်သွားခဲ့ပြီး မြန်လွန်းလှလေရာ ကျူးထုန်မှာ သူလုပ်သွားသမျှကို သေချာမမြင်လိုက်ရရှာပေ။


ကျူးထုန်: "....."


ရှောက်မင်က ဤအလုပ်အားလုံးကို ကိုယ့်အားကိုယ်ကိုးကာနေထိုင်ခြင်းမှ သင်ယူလာခဲ့ပုံရသည်။


ဆရာထံမှ ပညာကို မခိုးနိုင်လေရာ ကျူးထုန်မှာတိုက်ရိုက်မေးရမည်ကိုလည်းရှက်နေမိသလိုမျိုး မမေးနေပေ။ ယင်းအပြင် သူသာ ရှောက်မင်ကိုတိုက်ရိုက်မေးလိုက်ပါက အံ့ဩစရာကောင်းမည်မဟုတ်တော့ပေ။


အင်တာနက်ကိုသွားပြီး သင်ပြထားသည်များအားကြည့်ကာ ကိုယ်တိုင်လေ့လာ၍ရသည်ပင်။


ယနေ့ အချက်အပြုတ်သင်တန်းကို ယာယီရပ်ထားလိုက်ပြီး ဟွကျားခေါက်ဆွဲနှစ်ပွဲကိုသာ ထမင်းစားစားပွဲပေါ်သို့ယူလာလိုက်လေသည်။


ယခုတလော ကျူးထုန်က စွပ်ပြုတ်ပူပူသောက်ရာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ ထိုသူက ခေါက်ဆွဲကိုတူဖြင့်ညှပ်ကာ ဇွန်းထဲသို့ထည့်ပြီး နှစ်ခါလေမှုတ်သည်။ ပြီးမှပါးစပ်ထဲသို့ တလုတ်တည်းသွင်းလိုက်၏။ စွပ်ပြုတ်ရည်ကြောင့် တရှူးရှူးအသံများထွက်နေပြီး အရသာရှိလှသည်။


"ကောင်းလား..." 


ရှောက်မင်က ချီးကျူးခံချင်နေ၍ ချက်ချင်းမေးလာသည်။


ကျူးထုန်ကလည်း တွေဝေမနေဘဲပြန်ဖြေ၏။ 


"ကောင်းတယ်..."


သူ့အိမ်မှ စားဖိုမှူးအိမ်အကူအဒေါ်ကြီး လုပ်ပေးသည်ထက်ပင်ပိုကောင်းနေသေးသည်။


အဒေါ်က ကျူးထုန်၏ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှတ်သားထားတတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တို့ကို မတရား ထည့်ချက်မိမည်ကို စိုးရိမ်တတ်သည်။ ပြဿနာမှရှောင်နိုင်ရန် လုံးဝထည့်မသုံးတော့ပေ။


စားစရာတို့က အာဟာရရှိသည့်တိုင် အရသာကမူ ဘယ်တော့မှမရှိပေ။


သို့ရာတွင် သူ၏ဆိုးရွားလွန်းသောကျန်းမာရေးအခြေအနေကြောင့်သာ အဒေါ်က ချက်ပြုတ်ရာတွင် ယခုလို အတိုင်းအတာဖြင့်ချက်ပြုတ်ရခြင်းဖြစ်လေသည်။


ကျူးထုန်က စိတ်ထဲတွင် ခါးသီးစွာဖြင့်အော်လိုက်ပြီး ရှောက်မင်ကိုနောက်တကြိမ်ထပ်ကြည့်လိုက်သည်။


'ရှောက်မင်ရဲ့ဟင်းချက်စကေးက ဘာလို့ငါနဲ့ အရမ်းကိုမှကိုက်ညီနေရတာလဲ' 

သူ သိချင်လာမိသည်။


သူသုံးထားသည့် ပါဝင်ပစ္စည်းများကလည်း သာမန်ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်များကလည်း မြင်တွေ့နေကျများသာဖြစ်သော်လည်း နောက်ဆုံးထွက်လာသည့်အရသာက ကောင်းနေသေးသည်။ ၎င်းအပြင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များလည်းဖြစ်နေသေးသည်။


'ဒါလည်း တစ်မျိုးဂရုစိုက်ပေးတာပဲလား' 

ကျူးထုန်က စွပ်ပြုတ်ရည်တစ်ဇွန်းကိုခပ်သောက်ကြည့်ပြီးနောက် မှင်သက်သွားလေသည်။


ရှောက်မင်က ပူစပ်သည့်စားစရာများကိုကြိုက်မှန်း သူမှတ်မိသည်။ သို့ရာတွင် နှစ်ယောက်အတူ နေ့လည်စာစားကြသည့်အခါတိုင်း ရှောက်မင်က အမြဲတမ်းလိုလိုသူ့အကြိုက်ကိုလိုက်ပေးတတ်သည်။ အစားအသောက်များကမစပ်သည့်အပြင် အစာကြေလွယ်သည်။


'ရှောက်မင်က ဘာလို့ငါ့အပေါ် အရမ်းကောင်းပေးနေတာလဲ'


'ငါ ကျိန်းသေပေါက် ရှောက်မင်အတွက်ပြန်ချက်ပေးရမယ်'


ကျူးထုန်က စိတ်ထဲမှသာတိတ်တိတ်လေး တွေးလိုက်မိလေ၏။


နေ့လည်ပိုင်းတွင် သူတို့ ကျောင်းကိုပြန်သွားခဲ့ကြသည်။ လစဥ်စာမေးပွဲဖြေပြီးသည့်နောက် ကျောင်းမှအတန်းတိုင်း၏ အတန်းချိန်များမှာပုံမှန်အတိုင်းဖြစ်သွားပြီး အားလုံးက စာမေးပွဲတွင်ကြုံခဲ့ရသော ခက်ခဲသည့်မေးခွန်းများကိုရှင်းပြရာတွင်အာရုံစိုက်ထားကြသည်။


၎င်းအပြင် အားလပ်ရက်များက မကြာခင်ရောက်လာတော့မည်။ ထုံးစံအတိုင်း ကျောင်းသားများကသင်ခန်းစာအသစ်ပေါ်တွင် အာရုံမစိုက်နိုင်ကြတော့၍ ကျောင်းကလည်း စာမေးပွဲတွင်ဖြေခဲ့ရသောမေးခွန်းများကိုသာ ပြန်လည်သင်ပြပေးနေကြသည်။


ညစာစားချိန်တွင် လစဥ်စာမေးပွဲ၏အမှတ်စာရင်းများထွက်လာခဲ့သည်။


ရှောက်မင်ကမူ မလွဲဧကန် အဆင့်တစ်ပင်။ ထိုသူက အခြားသူများအနေဖြင့် သူ၏စာလေ့လာမှုအပေါ်စိုးရိမ်စိတ်ရှိရန်မလိုအပ်ကြောင်း အားကုန်သုံးကာသက်သေပြသွားခဲ့သည်။


အံ့ဩစရာကောင်းသည်မှာ ကျူးထုန်၏အမှတ်များသာဖြစ်လေ၏။ ယခုတခေါက် ကျူးထုန်ကစုစုပေါင်း ငါးရာ့ခုနစ်မှတ်ရထားပြီး အရင်တခေါက်ကထက် အမှတ် တစ်ရာ့ခြောက်ဆယ်ကျော်လာခဲ့သည်။


လဝက်သာရှိသေးသည်။ ထိုသူက အမှတ်တစ်ရာထက်မနည်းတက်လာခဲ့၏။ အဆင့်မှာလည်း နှစ်ရာမှ တစ်ရာအထိခုန်တက်လာခဲ့သည်။ ယခုလိုဖြစ်ရပ်မျိုးမှာ အံ့အားသင့်စရာဖြစ်နေလေ၏။


ရှစ်ဝမ်ရှုက အလွန်တရာမှဝမ်းသာနေခဲ့သည်။ အထူးသဖြင့် ရှောက်မင်ကကျူးထုန်ကို နောက်တကြိမ်စာမေးပွဲတွင် အဖြေလွှာများကိုကွက်လပ်မချန်ထားခဲ့တော့အောင် စည်းရုံးနိုင်ခဲ့သောကြောင့်ဖြစ်သည်။


ယခုအတိုင်းသာ ဆက်သွားလျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ နောက်ထပ် ချင်ပေကျောင်းသားတစ်ယောက်က အတန်းထဲမှထွက်လာနိုင်လိမ့်မည်။


"ကျူးထုန်၊ နင်လုပ်နိုင်သွားပြီ၊ နင့်အမှတ်တွေအကုန်ပေါင်းလိုက်တော့ ငါ့ကိုမီလုနီးပါးဖြစ်လာပြီ၊ နောက်တခါစာမေးပွဲကျရင် ငါ့ကိုကျော်တက်နိုင်အောင်လုပ်တော့မှာမလား..."


ထျန်နွမ်၏ ယခုတကြိမ်စာမေးပွဲအမှတ်ပေါင်းကအတိအကျပင် ငါးရာ့နှစ်ဆယ်ဖြစ်လေသည်။


ကျူးထုန်၏ အမှတ်ပေါင်းမှာ ငါးရာ့ခုနစ်မှတ်။ ယင်းက သူအဖြေနေရာအများအပြားတွင် ကွက်လပ်ချန်ထားခဲ့မိသော အခြေအနေအောက်မှအမှတ်များသာရှိသေးသည်။ အကယ်၍သူသာ ကွက်လပ်ဖြည့်တွင် ကံကောင်းပြီး အဖြေမှန်သွားခဲ့သည့်အပြင် အပြည့်ဖြေထားသောအဖြေများနှင့်သာပေါင်းလိုက်ပါက အားလုံးပေါင်းအမှတ်က သူမထက်ကျော်သွားနိုင်လေသည်။


ကျူးထုန်မှာ အမှတ်အများအပြားမရခဲ့ဖူးသလို ယခင်တခါ စာမေးပွဲဖြေစဥ်ကထက် အမှတ်တစ်ရာပိုရသွား၍ ပျော်ရွှင်နေမိလေသည်။


ရှောက်မင် စာပြပေးသောကျေးဇူးများပင်။


သူက မကွယ်မဝှက်တမ်းပြန်ဖြေလိုက်သည်။


 "ငါ့ရဲ့ထိုင်ခုံဖော်က အများကြီးကူညီပေးခဲ့လို့ပါ..."


ထျန်နွမ်က သူပြောသည့်အတိုင်း သူ့ထိုင်ခုံဖော်လေးကိုလှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်က ကျေနပ်နေသလိုပြုံးနေမှန်းတွေ့လိုက်ရလေ၏။


ထျန်နွမ်: "....."


သူမနှာခေါင်းထဲတွင် ခွေးစာအနံ့ရနေ၏။ အလွန်တရာ အနံ့ပြင်းသလိုလည်းခံစားလိုက်ရသည်။


ဤအခိုက်အတန့်လေးမှာပင် ပြတင်းပေါက်အပြင်ဘက်မှ စကားပြောနေသံကိုကြားလိုက်ရသောကြောင့် သူမ၏အာရုံကပြောင်းသွားခဲ့သည်။ သူမက အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။ 


"ကျိုးရွေ့ ကျောင်းထုတ်ခံလိုက်ရပြီ ဟုတ်လား.."


ကော်ရစ်တာတွင် ကျိုးရွေ့က စာအုပ်အပြည့်ထည့်ထားသောစက္ကူပုံးကိုကိုင်ရင်း လှေကားမှဆင်းနေသည်။


သူ့မျက်နှာထားကရုပ်ဆိုးလွန်းနေကာ မနေ့ကနှင့်ယှဥ်လျှင် ပိုပြီး ညှင်းသိုးသိုးဖြစ်နေ၏။


"ကျောင်းထုတ်ခံလိုက်ရတယ်လို့တော့ ငါမထင်ဘူး၊ သူနောက်ထပ်ကျောင်းတစ်ကျောင်းကိုပြောင်းမှာနဲ့ပိုတူတယ်.." 

အတန်းထဲမှ ကျောင်းသားတစ်ယောက်ကပြောလိုက်သည်။ 


"သူ့အစ်ကိုက သူ့ကိုတကယ်ကျောင်းထုတ်လိုက်တယ်လို့ထင်တာပဲ၊ ဒီမနက် အကြွေးရှင်တွေက သူတို့အိမ်ကိုထပ်ရောက်လာတယ်တဲ့၊ သူ့အဖေကသည်းမခံနိုင်တော့လို့ဆိုပြီးရဲခေါ်လိုက်တော့ သူကလည်း အဲဒီကြားထဲမှာညပ်ပါသွားတယ်တဲ့..."


"သူ့အဖေက အကြွေးတွေအများကြီးတင်နေတာ၊ ပြီးတော့ သူ့အဖေကလည်းသူ့ကို မထောက်ပံ့ပေးနိုင်တော့ဘူး၊ အခု ကျူရှင်ခကိုဘယ်သူပေးမှာလဲ..."


အချိန်ပိုင်းအလုပ်လုပ်မှာလား၊ ပညာသင်ဆုလျှောက်မှာလား၊ ကျိုးရွေ့က သူ့ခြေထောက်ပေါ်သူရပ်နိုင်မည့်လူမဟုတ်ပေ။


"ကြည့်ရတာ ကျောင်းစရိတ်လည်းအကြွေးတွေရှိနေပုံပဲ၊ ဒီနေ့ ငါဆရာတွေရုံးခန်းထဲရောက်တော့ သူ့အတန်းပိုင်ဆရာက အဲဒီကိစ္စပြောနေတာကိုကြားလိုက်တယ်၊ တစ်ယောက်ယောက်က သူ့ကျူရှင်ခတွေကိုပေးနေတဲ့ပုံပဲ၊ ဒီလောက် သဘောကောင်းတဲ့လူမျိုးကို သူတွေ့ဖူးခဲ့ရဲ့လား.."


အတန်းထဲမှ အပြန်အလှန်ပြောဆိုနေကြသည့်အတောအတွင်း ရှောက်မင်က "သဘောကောင်းသူ" ဟုကြားလိုက်ရသည်နှင့် ကျူးထုန်ကို ချက်ချင်းကြည့်မိလိုက်သည်။


ကျောင်းစရိတ်၊ တစ်ညတည်းနှင့် ငွေပေးချေရသည့်ကိစ္စမှာ သာမန်လူများ လုပ်နိုင်သည့်အရာမျိုးမဟုတ်ပေ။


မနေ့ကလေးတင် သူကိုယ်တိုင် ကျိုးရွေ့ကို "မကူညီနိုင်ဘူး" ဟုပြောခဲ့သည်။


ကျူးထုန် ကော်ရစ်တာကိုကြည့်နေပြီးနောက် ချက်ချင်းအကြည့်ပြန်လွှဲလိုက်သည်။ ရုတ်ချည်း တစ်ခုခုကိုသတိထားမိလိုက်၍ လှည့်ကြည့်လိုက်သည့်အခါ သူ့ထိုင်ခုံဖော်လေးကသူ့အား ပြုံးပြီးကြည့်နေသည်ကိုတွေ့လိုက်ရတော့၏။


"....."


ရှောက်မင်၏အကြည့်က ကျူးထုန်ကို ဖောက်ထွင်းမြင်နေရသလိုဖြစ်နေ၍ နေရခက်လာပြီး သူရေရွတ်လိုက်မိသည်။


"အဲဒီအကြွေးတွေက သူဟာသူပေးတာနော်.."


သူတကယ်ကို ဘာမှမလုပ်ခဲ့ပေ။



🤒