Chapter 61
Viewers 7k

🤒အခန်း ၆၁




"အိုကေ၊ ငါသဘောပေါက်ပြီ.."


ရှောက်မင် မငိုလည်း သူက အမှတ်များကို တကယ်ဂရုစိုက်ပါသည်။


'စာမေးပွဲမေးခွန်းတွေက ငါ့အတွက်အရေးမကြီးသလိုကိုဖြစ်သွားပါလား' 


ကျူးထုန်က စိတ်ထဲမှတွေးလိုက်သည်။ ရုတ်တရက်ပင် သူ့ထံ၌စာမေးပွဲနှင့်ပတ်သက်၍ နားလည်မှုအသစ်တစ်ခုရှိလာခဲ့သည်။


သူ ခေါင်းငုံ့ရင်းတွေးနေသည်ကိုမြင်သည့်အခါ ရှောက်မင်ကလည်း ဖွဖွလေးပြုံးလိုက်သည်။


ထျန်နွမ်က သူမအရှေ့မှ အင်္ဂလိပ်အဖြေလွှာကို အမှန်ပြင်နေသည်။ သူနားမလည်နိုင်သည့် မေးခွန်းကိုတွေ့လာပုံရသည်။ သူမကလှည့်လိုက်ပြီး အနောက်ခုံမှ "ကျောင်းစာနတ်ဘုရား" နှစ်ယောက်ကိုကြည့်လိုက်ကာ ကျူးထုန်ကိုသာမေးလိုက်သည်။


"ကျူးထုန်၊ ငါ့ကို ဒီစာကြောင်းလေး ဘာသာပြန်ပြပါလား.."


ကျူးထုန်က သိပ်မတွေးမိပေ။ ဘောပင်ကိုချပြီး ထျန်နွမ်၏အင်္ဂလိပ်အဖြေလွှာကိုကြည့်ကာ ထျန်နွမ်မေးသည့်မေးခွန်းကို ဘာသာပြန်ပြလိုက်သည်။


သူ၏အင်္ဂလိပ်စာစွမ်းရည်က စကားပြောရော ရေးသားရာတွင်ပါ ကျွမ်းကျင်မှုအဆင့်ရှိသည်။ ထိုစာပိုဒ်တွင် ဆေးဝါးပညာရပ်ဆိုင်ရာ ဝေါဟာရများပါဝင်ပြီး သင်ရိုးညွှန်းတမ်းများတွင် မပါဝင်ပေ။ ကိုယ်ပိုင်စာကြည့်ချိန်များတွင်သာ လေ့လာရသည်။ သို့ရာတွင် ကျူးထုန်အတွက်ပြဿနာမရှိဘဲ အခက်အခဲမရှိဖြေရှင်းနိုင်လေသည်။


ရှောက်မင်မှာ ရုံးခန်းထဲ၌တွေ့ခဲ့ရသော အဖြေလွှာစာရွက်ကို တွေးမိလိုက်သည်။ ထျန်နွမ်က သူ့ကိုကျေးဇူးတင်ပြီးတဖက်လှည့်သွားမှ သူမေးလိုက်၏။ 


"မင်းကဘာလို့ အင်္ဂလိပ်တစ်ဘာသာတည်းပဲတော်တာလဲ.."


တစ်ဘာသာတွင် တော်နေပါက အခြားဘာသာရပ်များတွင်လည်း ထူးချွန်နိုင်သည်။


ကျူးထုန်က ထိုမေးခွန်းကိုကြားရသည့်အခါ ခဏမျှတုံ့ဆိုင်းသွားလေ၏။ 


"အော်.." 

ထို့နောက် သူကဆက်ပြောလာလေသည်။ 

"ငါအင်္ဂလိပ်စာတော်ရတာက ငါ့ရဲ့မိသားစုဆရာဝန်ကြောင့်ပါ၊ သူကအမေရိကန်လေ.."


'မိသားစုဆရာဝန်' ရှောက်မင်၏မျက်လုံးတို့က နက်မှောင်သွားကာ မျက်နှာမှာလည်းခန့်မှန်းရခက်သွားလေသည်။ သူကမေးလိုက်၏။ 


"သူက အမြဲလာနေကျမလို့လား..."


"မဟုတ်ပါဘူး..." 

ကျူးထုန်ကခေါင်းခါပြလိုက်သည်။


 "ဘာလို့လဲဆိုတော့ သူတရုတ်စကားပြောတာကို ငါမကြားချင်လို့.."


ရှောက်မင်က သူ့အဖြေကိုမမျှော်လင့်ထားခဲ့ပေ။ 


"သူ တရုတ်စကားပြောတာကိုမကြားချင်လို့ ဟုတ်လား..."


"ဟုတ်တယ်.." 

ကျူးထုန်က စိတ်ဝင်စားစရာတစ်ခုကိုတွေးမိပုံရကာ ပြောလိုက်သည်။ 

"သူ့ရဲ့တရုတ်စကားက အဆင့်မမီဘူး၊ တကယ်ကို ကို့ရို့ကားယားနဲ့..."


မူလက ထိုဆရာဝန်မှာ သူ၏မိသားစုဆရာဝန်မဟုတ်သော်လည်း အဘိုးက သူ၏ကျန်းမာရေးကိုစောင့်ကြည့်ရန်အတွက် ထိုသူအားမကြာခဏဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် ထိုသူ၏ မျက်လုံးပြူးဖွယ်ရာ တရုတ်စကားကို မနည်းသည်းခံခဲ့ရ၏။


သူ့ကျန်းမာရေးက ပိုပြီးဆိုးရွားလာသည့်အခါမှ သူ့အဘိုးကစိုးရိမ်လာပြီး ဆရာဝန်ကိုသူ့အိမ်ထဲတွင် နေခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် သူ့မှာ ဆရာဝန်၏ မတတ်တခေါက် "တရုတ်စကား" ကို နေ့တိုင်းကြိတ်မှိတ်နားထောင်ခဲ့ရသည်။


တစ်လထက်မနည်းကြာသည့်အခါ ကျူးထုန်မှာ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ အင်္ဂလိပ်စကားကိုလိုက်လံလေ့လာခဲ့ပြီး သူ၏ဆိုးရွားလှသောအင်္ဂလိပ်စကားပြောပုံကို ဆရာဝန်နှင့်နေ့တိုင်းလေ့ကျင့်ခဲ့ရသည်။


သူက ဆရာဝန်၏တရုတ်စကားကိုနားမလည်သလို ဆရာဝန်ကလည်း သူ၏အင်္ဂလိပ်စကားကိုနားမလည်ပေ။


ထို့နောက် ဆရာဝန်ကသူ့အား ပွင့်ပွင့်လင်းလင်းပင် တိုင်ပင်လာလေသည်။ 


"ငါတို့ တရုတ် စကားပဲ ပြောကြ မလား.."


ကျူးထုန်၏အဖြေကမူ ပြတ်သားခဲ့သည်။ 


"မရဘူး..."


ဆရာဝန်: "....."


အတိတ်ကိုပြန်တွေးရင်း ကျူးထုန်မှာ ခံစားချက်အဖုံဖုံတို့ရောထွေးသွားလေသည်။


 "ငါတို့က နှစ်အနည်းငယ်ကြာတဲ့အထိ အပြန်အလှန်နာကျင်အောင်လုပ်ခဲ့ကြတယ်လေ၊ ငါ့ရဲ့အင်္ဂလိပ်စကားပြောက ပိုကောင်းလာပေမဲ့ သူ့ရဲ့တရုတ်စကားပြောက ဆိုးရွားနေတုန်းပဲ..."


ရှောက်မင်မှာ တဖက်လူက သူ့အတိတ်ကို တစ်လုံးမကျန်ပြောပြလာပုံအား ပထမဆုံးအနေဖြင့်ကြားလိုက်ရခြင်းဖြစ်လေသည်။


"မင်းရဲ့မိသားစုဆရာဝန်က အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ..."


ကျူးထုန်က စိတ်ပျက်လက်ပျက်ဖြင့်ပြန်ပြောလိုက်သည်။ 


"ဘာကိုစိတ်ဝင်စားဖို့ကောင်းရမှာလဲ၊ ငါတော့သူနဲ့စကားပြောတိုင်း ခေါင်းကိုက်ရတယ်..."


ထို့နောက် သူထပ်ပြီးသက်ပြင်းချလိုက်သည်။ 


"ဒါပေမဲ့ ငါဒီနေ့အထိ အရွယ်ရောက်လာနိုင်ခဲ့လို့ သူ့ကိုတကယ်ကျေးဇူးတင်တယ်..."


သူ၏မိသားစုဆရာဝန်က အလွန်တရာနာမည်ကြီးသော ခွဲစိတ်ဆရာဝန်ကြီးဖြစ်နေသောကြောင့် ထိုသူ၏ဆေးပညာအတွေ့အကြုံများမှာလည်း မေးခွန်းထုတ်စရာမရှိလောက်အောင်စိတ်ဝင်စားစရာကောင်းလေသည်။


ရှောက်မင်က အသာပြုံးလိုက်ပြီး စိတ်သိပ်မလှုပ်ရှားလွန်းရန် သူ့ကိုယ်သူသတိပေးလိုက်သော်လည်း မနေနိုင်မထိုင်နိုင်ပြောလိုက်မိသည်။ 


"မင်းရဲ့ခန္ဓာကိုယ်ကဘာဖြစ်နေလို့လဲ.."


'ဘာလို့မင်းရဲ့ကျန်းမာရေးက ဒီလောက်ဆိုးရွားရတာလဲ' 

သူမေးချင်နေမိသည်။


ထိုသူက စင်မြင့်ပေါ်တွင်တင်ထားသော အလှပြကြွေပန်းအိုးလေးနှင့်တူသည်။ လှပသော်လည်း ထိလိုက်လျှင်လည်း ကွဲသွားနိုင်သည်။ လက်ဆင့်ကမ်းသယ်သွားတိုင်း လူတွေကိုသတိထားပြီး စိုးရိမ်နေရစေသည်။


ကျူးထုန်: "...."


သူ့ခန္ဓာကိုယ်၏ သောက်ကျိုးနည်းအခြေအနေက သူ၏ "ဗီလိန်အသွင်အပြင်"ကြောင့်ဖြစ်နေရသည်လေ။


သူက ခဏခန့်ရပ်လိုက်ကာ တွန့်ဆုတ်ဆုတ်ဖြင့်ပြန်ဖြေလိုက်သည်။ 


"ဖြစ်နိုင်တာက မျိုးရိုးလိုက်တာပဲ၊ ငါ့အမေတုန်းကလည်း ကျန်းမာရေးကအတော်လေးအခြေအနေဆိုးတာလေ..."


"....."


စံပြုရလောက်သောအဖြေပါပေ။


ရှောက်မင်က ရှည်ရှည်ဝေးဝေး မမေးချင်တော့ပေ။ မတိုင်ခင်ကသုံးထားပြီးသား အကြမ်းစာရွက်ကိုယူသွားပြီး ကျူးထုန် အခက်တွေ့နေခဲ့သောသင်္ချာပုစ္ဆာနှစ်ပုဒ်ကိုသာရှင်းပြလိုက်လေသည်။


ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးသည့်အခါ ကျူးထုန်မှာ ရူပဗေဒအစမ်းမေးခွန်းများကိုလက်ထဲတွင်ကိုင်ကာ ငှားနေသောအိမ်သို့ပြန်လာခဲ့လိုက်သည်။


သူတို့က အပြင်ထွက်တိုင်း အနောက်တံခါးမှသာထွက်တတ်ကြသည်။ သူတို့အရှေ့တွင်ထိုင်သောလော့ရှိုးကမူ စာသင်ခန်းမှထွက်မည့်အစား အရှေ့တံခါးကိုရောက်လာလေသည်။ သူက ရှောက်မင်ကို အမျိုးသားနေ့အားလပ်ရက်တွင် ဘာအစီအစဥ်ရှိလဲဟုမေးမည်အပြု သူ့အနောက်မှလက်တစ်ဖက်ထွက်လာပြီး သူ့အား ခပ်ဝေးဝေးသို့ဆွဲခေါ်သွားလေသည်။


လော့ရှိုးက အနောက်ကိုပါသွားပြီး လှည့်ဆဲလိုက်လေ၏။


 "ယီးတဲ့မှ..ဘယ်ကောင်...ကျိုးရွေ့၊ မင်းကဒီအတန်းကိုဘာလာလုပ်တာလဲ..."


ကျိုးရွေ့က သူ့ထံလာခဲ့ခြင်းမဟုတ်ပေ။ လော့ရှိုးကိုဆွဲထုတ်လိုက်ပြီးနောက် ကျူးထုန်ကိုပါဆွဲချင်သည့်ဟန်ဖြင့် လက်ဆန့်ထုတ်လိုက်သည်။


ကျူးထုန်မှာ မသိစိတ်အရနောက်ဆုတ်လိုက်မိပြီး အနောက်မှရှောက်မင်ဖြင့်တိုက်မိသွားကာ ထိုသူကသူ့အား ဖက်ပြီးထိန်းပေးလိုက်၏။ သူတို့နှစ်ယောက်က တံခါးမှလူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်နှင့် တပြိုင်တည်း မျက်မှောင်ကြုတ်လိုက်ကြသည်။


ကျိုးရွေ့က သူတို့အမူအရာကိုဂရုမစိုက်ဘဲ တိုက်ရိုက်သာအော်လိုက်လေသည်။ 


"ကျူးထုန်၊ ငါ့ကိုကူညီပါကွာ၊ ငါ့အဖေကရူးနေပြီ၊ သူကငါနဲ့ငါ့အစ်ကိုကို ရောင်းစားချင်နေတယ်၊ ငါတို့အိမ်ကိုလာပြီးသောင်းကျန်းသွားတဲ့အကြွေးရှင်တွေက မင်းလုပ်တာဆိုတာကိုငါသိတယ်၊ ငါတောင်းဆိုပါတယ်၊ အစ်ကိုကမင်းကို စော်ကားဖို့မရည်ရွယ်ပါဘူး၊ သူလုပ်တာမှားတယ်ဆိုတာလည်းငါသိပါတယ်၊ မင်းပဲ ငါတို့မိသားစုကိုလွှတ်ပေးဖို့ အဲဒီအကြွေးရှင်တွေကိုပြောပေးပါ၊ဟုတ်ပြီလား၊ ငါတောင်းပန်ပါတယ်..."


ကျိုးရွေ့က ကျူးထုန်ကို နီရဲနေသောမျက်လုံးတို့ဖြင့်ကာတောင်းပန်နေ၏။


ထိုနေ့ ကန်တင်းတွင်တွေ့ပြီးသည့်နောက်ပိုင်း ကျူးထုန်မှာ ကျိုးရွေ့ကို ထပ်မမြင်ရတော့ပေ။


ယခုလို ရုတ်တရက်တွေ့လိုက်ရသည့်အခါ သူနှင့်လှေကားတွင်ဝင်တိုက်ခဲ့ပြီး ရွံရှာသည့်မျက်နှာဖြင့် "ကြီးကျယ်လိုက်တာ" ဟုပြောခဲ့သည့်သူကို မမှတ်မိနိုင်အောင်ဖြစ်သွားရလေသည်။


ဒီလူက သူ့အပေါ် သဘောထားပြောင်းသွားတာက ကောင်းတာလား။


အတန်း၏အနောက်တံခါးမှာ လူအဝင်အထွက်များပြီး အပြင်ထွက်တော့မည့်တန်းခွဲသုံး၏ကျောင်းသားများလည်း တပြိုင်တည်းရပ်သွားကြလေသည်။ 


ကျူးထုန်က မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်၏။ 


"အဲဒီအကြွေးရှင်တွေ မင်းတို့အိမ်ကိုရောက်လာတာက မင်းတို့မိသားစုမှာ အလောင်းအစားကြွေးတွေတင်နေလို့လေ၊ ငါနဲ့ဘာဆိုင်လို့လဲ..."


သူက ငြင်းပြီးသည်နှင့် ကျိုးရွေ့ဘေးမှဖြတ်ကာ အရှေ့တံခါးမှပြန်ရန်စီစဥ်ထားခဲ့သည်။ သို့ရာတွင် ကျိုးရွေ့ကသူ့အားချက်ချင်းတားကာပြောလာလေ၏။ 


"မင်းသိလား၊ မင်းတကယ်ကိုသိနေတာပဲ၊ ငါမိသားစုက မတော်တဆမှားတယ်ဆိုတာမရှိခဲ့တာ အတော်လေးကြာနေပြီ၊ ဘာလို့အကြွေးရှင်တွေက ငါ့အစ်ကို မင်းကိုတွေ့ပြီးတာနဲ့ ဘာလို့ရောက်လာမှာလဲ၊ မင်းတစ်ခုခုလုပ်ခဲ့တာပဲဖြစ်ရမယ်၊ မင်းဘာလုပ်လိုက်တာလဲ..."


'ငါဘာလုပ်မိလို့လဲ'


ကျိုးမိသားစုကို ဦးလေးလျိုက ဘာမှမလုပ်ခဲ့ပေ။


သူက ဦးလေးလျိုကို ကျိုးဆွေ့တို့မိသားစုအကြောင်းကိုသာ စုံစမ်းခိုင်းခဲ့ပြီး ရသည်နှင့်အဘိုးကိုချက်ချင်းပို့ပေးလိုက်ကာ အဘိုးကသူ့အဖေကိုပြန်ပြောလိုက်သည်။


ကျိုးဆွေ့က ချင်ကျွင်းဟုန်ထံမှငွေကို အတိုးယူပြီး အကြွေးတို့ကိုပြန်ဆပ်ချင်ခဲ့သည်။ ယခုတော့ အပေးအယူလည်းမဖြစ်မြောက်လိုက်ဘဲ ငွေလည်းမရတော့ပေ။ သဘောတူထားသော ငွေပေးရမည့်နောက်ဆုံးရက်အထိ ပိုက်ဆံမရောက်လာသည့်အခါ အကြွေးရှင်များက ထုံးစံအတိုင်း သူတို့အိမ်သို့ရောက်လာကြလေတော့သည်။


ကျိုးဆွေ့နှင့်ချင်ကျွင်းဟုန်အကြားရှိ တရားမဝင်ငွေပေးငွေယူကိစ္စတွင် သူက "ကုန်စည်" အဖြစ်ရှိနေလေသည်။


ယခု "ကုန်စည်" များလည်း မရှိတော့ဘဲ ကျိုးဆွေ့၏ အမုန်းပွားမှုကြောင့် ကျူးမိသားစုက လက်တုံ့ပြန်ခံလိုက်ရသည်။


ကျူးထုန်တွင်အမှားမရှိခဲ့ပေ။ သူက ကျိုးဆွေ့ကို မည်သည့်အရာကိုမှတောင်းဆိုခဲ့သောကြောင့် ကျိုးရွေ့ကိုလည်း ဂရုစိုက်မနေဘဲ တဖက်လှည့်လိုက်သည်။


ကျိုးရွေ့က ပျာယာခတ်သွားလေ၏။ 


"မသွားနဲ့.."


သူက အမြန်ပင်ရှေ့တိုးလာကာ ကျူးထုန်ကိုလှမ်းဆွဲရန်ပြင်သည်။


ရုတ်ချည်းပင် သူ့လက်ကောက်ဝတ်မှာ တင်းကျပ်သွားရကာ ခန္ဓာကိုယ်မှာလည်း ဘေးဘက်သို့အတွန်းခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ပင် လဲကျတော့မည်အထိဖြစ်သွားလေ၏။


ရှောက်မင်က သူ့ကို စူးခနဲကြည့်လိုက်၏။ 


"အကူအညီမတောင်းခင်၊ မင်းမှာအကူအညီတောင်းဖို့တောင် အရည်အချင်းရှိရဲ့လားလို့ အရင်ဆန်းစစ်လိုက်ဦး..."


ကျိုးရွေ့က ငြိမ်ကျသွားလေသည်။


"ဟုတ်တယ်၊ မင်းဟာမင်း ငွေတိုးချေးတာလေ၊ အကြွေးရှင်တွေကိုကြောက်တယ်ဆိုရင် မင်းအဖေကို အလောင်းအစားတွေလုပ်ပြီး ပိုက်ဆံတွေမဖြုန်းပစ်အောင် ဘာလို့မတားခဲ့တာလဲ..."


မကြာသေးခင်ကပင် ကျိုးညီအစ်ကိုတို့၏အဖေက ကျောင်းဂိတ်ဝတွင်ပြဿနာလာရှာခဲ့သောကြောင့် တန်းခွဲသုံးမှကျောင်းသားများကလည်း သင်းကွဲနေသောငါးမန်းက သူ၏အလောင်းအစားကြွေးများကြောင့် ကျူးမိသားစုကို စော်ကားခဲ့မှန်းသိထားကြသည်။


ယခုအချိန်တွင် ကျိုးရွေ့က ကျူးထုန်ကိုအကူအညီလာတောင်းနေမှန်းတွေ့လိုက်ရလေသည်။ ယင်းက အဓိပ္ပါယ်မရှိသောတောင်းဆိုမှုဖြစ်ပြီး ရှောက်မင်လည်း သူ၏တွေးခေါ်ပုံကိုနားမလည်နိုင်တော့ပေ။


"မင်း ကျူးထုန်ကိုအကူအညီတောင်းပေမဲ့ သူကမင်းအပေါ်ကို အကြွေးတင်နေတာမှမရှိတာ၊ ဘာလို့သူကမင်းကိုကူညီရမှာလဲ..."


"ဟုတ်တယ်၊ မင်းက မင်းအစ်ကိုနဲ့မင်းအဖေရဲ့အကြွေးတွေကြားမှာ ကံမကောင်းလို့ကြားညပ်သွားတာလေ၊ ဒါပေမဲ့ အခုတော့ သောက်ရေးမပါတဲ့ကိစ္စနဲ့ သူများကိုလာအပြစ်တင်နေတယ်၊ မင်းခေါင်းက ပုံမှန်ဟုတ်သေးရဲ့လား..."


"မင်းအဖေကပြောခဲ့တယ်လေ၊ မင်းအစ်ကိုကသူ့အကြွေးတွေကို တစ်လအတွင်းဆပ်ပေးပါ့မယ်ဆို၊ ဘာလို့မင်းအစ်ကိုဆီမသွားတာလဲ၊ မင်းသူ့ဆီကိုအကူအညီတောင်းတာက ကျူးထုန်တို့မိသားစုက ချမ်းသာနေလို့မလား၊ သူကလူကောင်းဆိုပေမဲ့ နင်ကသူ့ကိုသနားလာအောင်လုပ်နိုင်မယ်လို့ထင်နေတာလား..."


"တစ်လအတွင်း အလောင်းအစားကြွေးတွေအကုန်လုံးကို ဆပ်နိုင်မယ်လို့ပြောတာက အတော်လေး ထူးဆန်းတာပဲ၊ ကျိုးဆွေ့တို့အဖေကလည်း ယုံလိုက်တာပဲ၊ ဒါမျိုးဖြစ်တာက ပထမဆုံးတော့မဟုတ်နိုင်လောက်တော့ဘူး၊ သူက ပိုက်ဆံတွေကိုဘယ်ကရနေတာလဲ၊ အထက်တန်းကျောင်းသားလေးပဲရှိသေးတာကို၊ မဟုတ်တာတွေများလုပ်နေတာလား..." 


ကျောင်းသူလေးတစ်ယောက်က သိချင်စိတ်များပြီး အသံကျယ်သွားလေ၏။


"မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး..." 


ကျိုးရွေ့က ရုတ်တရက်ကြီး ပြောနေသည့်ကျောင်းသူလေးကို လှမ်းကြည့်လိုက်သည်။ အမြီးတက်နင်းခံလိုက်ရသည့်ကြောင်တစ်ကောင်လိုပင်။


ပြောနေသည့်မိန်းကလေးပင် ဆွံ့အသွားလေ၏။ 


"ဟဲ့..ဘာလို့ငါ့ကိုလာအော်နေတာလဲ၊ နင့်အစ်ကိုက အဲဒီလိုမျိုးပိုက်ဆံရှာနေတာဆိုရင် နင့်အစ်ကိုကိုသွားမေးပါလား..."


"....."


ကျိုးရွေ့ ဘာပြန်ပြောရမည်ကိုမသိတော့ပေ။


တကယ်လို့ ပုံမှန်တရားဝင်ပိုက်ဆံတွေသာဆိုရင် ဘာလို့သူ့အစ်ကိုက ပိုက်ဆံမရတာလဲ။


သူက ခပ်တိုးတိုးရေရွတ်ရင်း ခေါင်းယမ်းလိုက်၏။ 


"မဟုတ်ပါဘူး၊ အစ်ကိုက အဲဒီလိုမလုပ်နိုင်ပါဘူး..."


ကျိုးရွေ့က ကျူးထုန်ကိုထပ်ကြည့်ပြီး တောင်းပန်သည့်အသံဖြင့်ပြောလိုက်ပြန်၏။


 "ကျူးထုန်၊ မင်းမှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိတယ်ဆိုတာ ငါသိပါတယ်၊ ငါ့ကိုကူညီပါကွာ၊ ငါ့အခန်းထဲကပစ္စည်းတွေလည်း ရိုက်ခွဲခံထားရတယ်၊ ငါ့အဖေကလည်းငါ့ကိုတကယ်ကြီးရောင်းစားလိမ့်မယ်၊ ငါ...ငါ့အစ်ကိုကိုလည်း မင်းကိုလာတောင်းပန်ခိုင်းလိုက်ပါ့မယ်၊ ငါမင်းကိုဒူးထောက်ရမယ်ဆိုလည်းရပါတယ်..."


ထိုသူက ပြောပြောဆိုဆိုဖြင့် ဒူးကိုကွေးလိုက်သည်။ သိူ့သော်လည်း လမ်းတဝက်တွင်ပင် ပြန်ဆွဲခံလိုက်ရလေ၏။


လော့ရှိုး၏ လက်နှင့်မျက်လုံးတို့က လျင်လွန်းလှပေသည်။ 


"ဘာတွေလုပ်နေတာလဲ၊ သူ့ကို လူဆိုးဖြစ်အောင်လုပ်နေတာလား၊ ငါမင်းကိုပြောထားမယ်နော်၊ မင်း သောက်ကျိုးနည်းတာတွေလုပ်ပြနေလည်း မင်းကိုဘယ်သူမှမယုံဘူး.."


ကျူးထုန်က ကျိုးရွေ့၏အရှက်မရှိသောအပြုအမူကို ကြည့်လိုက်သည်။ သူက ခဏမျှအသံတိတ်နေပြီး နောက်ဆုံး၌ပြောလိုက်လေသည်။ 


"လူတွေကိုရောင်းစားတယ်ဆိုတာက လူကုန်ကူးတာတစ်မျိုးပဲ၊ တရားမဝင်ဘူး၊ မင်းအဖေက ဒီလိုလုပ်ရဲတယ်ဆိုရင် ဥပဒေအရဖြေရှင်းလိုက်၊ ပြီးတော့ မင်းက အခုအချိန််ငယ်သေးတယ်၊ မင်းရဲ့မိသားစုအကြွေးတွေအတွက် မင်းအသနားခံနေစရာမလိုဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့အခြေအနေအတွက် ရှေ့နေ့ငှားဖို့လိုတယ်ဆိုရင်တောင်ငါမကူညီနိုင်ဘူး..."


အတိုးပေးရမည့်ငွေများက ကျိုးဆွေ့၏အဖေ အလောင်းအစားကြွေးများတင် မဟုတ်ပေ။ ထိုသူက သူကိုယ်တိုင်သုံးစွဲရန်အတွက်လည်း ပိုက်ဆံများကိုချေးထားသေးသည်။ သို့ဖြစ်၍ သူကိုယ်တိုင်သာဖြေရှင်းရပေမည်။


ကျိုးဆွေ့ကမူ သူ့အမှားအတွက်သူ တာဝန်ယူရမည်။


"....."


ကျူးထုန်၏စကားကြောင့် တစ်တတန်းလုံးငြိမ်ကျသွားလေသည်။


ထူးထူးဆန်းဆန်းငြိမ်သွားလေရာ ကျူးထုန်က အတန်းဖော်များကိုလှည့်ကြည့်လိုက်ကာ ရှောက်မင်ကိုခပ်တိုးတိုးပြောလိုက်သည်။ 


"ငါပြောတဲ့ထဲမှာ မှားတာပါသွားလို့လား..."


ကျိုးရွေ့က ရှုပ်ရှုပ်ယှက်ယှက်လာလုပ်နေ၍ ရှောက်မင်၏အကြည့်က မည်းမှောင်နေခဲ့သည်။ သို့ရာတွင် ကျူးထုန်စကားကိုကြားလိုက်ရ၍ ၎င်းတိမ်မည်းတို့က ချက်ချင်းပြန့်ကျဲသွားလေသည်။ သူကပြုံးကာ တီးတိုးပြန်ဖြေလိုက်သည်။ 


"မပါပါဘူး၊ ပြောသွားတာအရမ်းကောင်းတယ်..."


ကျူးထုန်: "......"


ကျူးထုန်က မထင်မှတ်ဘဲချီးကျူးခံလိုက်ရသောကြောင့် မျက်နှာပူလာပြီး ရဲတွက်သွားလေတော့၏။ သူက တမဟုတ်ချင်း ကျိုးရွေ့ထံမှအကြည့်လွှဲကာ လှည့်ထွက်သွားလေတော့သည်။


ရှောက်မင်ကလည်း သူ့အနောက်မှလိုက်လာလေသည်။


အတန်းထဲမှ ကျောင်းသားများက ချက်ချင်းအပြင်ထွက်သွားကြသည်။ ကျိုးရွေ့တစ်ယောက်တည်းသာ တန်းခွဲသုံး၏အခန်းတံခါးအနောက်တွင်ရပ်ကျန်နေခဲ့ပြီး စာသင်ဆောင်မှမီးများဖွင့်လာမှ ထွက်သွားခဲ့သည်။


ညပိုင်းတွင် 


ကျောင်း၏အမျိုးမျိုးသော အွန်လိုင်းအဖွဲ့များတွင် လွန်ခဲ့သောနှစ်ရက်အထိ လစဥ်စာမေးပွဲကြောင့်နာကျင်နေရသော ကျောင်းသားတို့၏ငြီးတွားသံများဖြင့်ပြည့်နှက်နေခဲ့သည်။ လစဥ်စာမေးပွဲပြီးသွားသည့်အခါ ဆွေးနွေးစရာအသစ်တစ်ခုပေါ်လာလေ၏။


[ကျောင်းမှာ နှစ်တိုင်း ငကြောင်တွေတွေ့နေရပေမဲ့ ဒီနှစ်တော့အများကြီးပဲ]


[ကျိုးရွေ့ဦးနှောက်က တကယ်ကြီးအပေါက်ဖြစ်နေတာပဲ၊ ဟုတ်တယ်မလား၊ သူက ကျူးထုန်ကိုတောင် သွားပြီးတောင်းပန်လိုက်သေးတယ်၊ တကယ့်ကိုရှက်ဖို့ကောင်းတယ်၊ သူ့အစ်ကိုက ကျူးထုန်ကို မကောင်းပြောထားတာမကြာသေးဘူး၊ ဒါမှမဟုတ် မေ့များမေ့သွားပြီလား၊ ကျူးထုန်က သဘောကောင်းလို့သာ ကိစ္စမကြီးသွားတာ၊ သူသာ ကျိုးဆွေ့ကိုလက်စားချေချင်ရင်

လုပ်လို့ရတယ်ဆိုတာ ငါသိပြီးသား]


[ကျိုးရွေ့က မီးလောင်ရာလေပင့်တဲ့ကောင်ပဲ၊ ဒီနေ့လည်း တန်းခွဲသုံးရှေ့မှာ သူတောင်းပန်နေတဲ့ပုံစံက...ကျစ်..တကယ်ကိုသနားစရာလေး]


[သနားဖို့တော့ကောင်းပေမဲ့ အပြစ်မရှိတာတော့မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား၊ သူက ကျောင်းမှာဆိုရင် ပိုက်ဆံအများကြီးရှိတဲ့ပုံစံပါပဲ၊ ဒါပေမဲ့ သူ့အစ်ကိုက အဲဒီပိုက်ဆံတွေကို ဘယ်ကရလာလဲတော့မသိဘူး၊ သူရလာတဲ့ပိုက်ဆံတွေက သူ့အစ်ကို လက်လျှိုပြီးရတဲ့ပိုက်ဆံတွေလေ]


[ဘာပဲဖြစ်ဖြစ်၊ သူ့အဖေက သူ့ကိုမရောင်းစားလည်း သူ့ရဲ့အနာဂတ်ဘဝလေးက သေချာပေါက်လွယ်တော့မှာမဟုတ်ဘူး]


[အမှားလုပ်ပြီးတော့ ဘယ်လိုလုပ် ကျူးထုန်ကို လာပြီးအကူအညီတောင်းရဲရတာလဲ၊ ဟိုက စာကျက်ရင်းနဲ့အလုပ်ရှုပ်နေပါတယ်ဆို ဘာလို့သူ့ကိုဂရုစိုက်ရမှာလဲ၊ ဒီတစ်ခ

ါလည်း ကျူးထုန်က အင်္ဂလိပ်စာမှာအမှတ်ပြည့်ရပြန်ပြီတဲ့၊ သူက တကယ်ပဲ ကျောင်းစာနတ်ဘုရားနဲ့လိုက်ဖက်ညီပါပေတယ်]


[ကျန်သေးတယ်၊ အခုလေးတင် အတန်းထဲမှာ ကျောင်းစာနတ်ဘုရား ကျူးထုန်ကိုကြည့်တဲ့အကြည့်က ရူးလောက်တယ်၊ သူတကယ်ကြီးကို ကြွေနေတာ၊ ဘုရားရေ ငါတော့ ခွေးစာတွေနင်နေပြီ]



🤒