Chapter 60
Viewers 7k

🤒အခန်း ၆၀




ဒုတိယနှစ်တန်းခွဲသုံးတွင် ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်၏ ပထမဆုံးအချိန်မှာ အင်္ဂလိပ်စာဖြစ်လေသည်။


ဤတစ်လစာမေးပွဲတွင် အင်္ဂလိပ်စာကို ပထမဆုံးဖြေဆိုခဲ့ရခြင်းဖြစ်ပြီး ကွန်ပျူတာအသုံးပြုကာ အမှတ်များကိုအလျင်အမြန်တွက်ချက်ပြီးသွားပြီဖြစ်သည်။ လစဥ်စာမေးပွဲတစ်ခုလုံးပြီးစီးသွားသည့်အခါ အင်္ဂလိပ်စာအမှတ်များ ထွက်လာခဲ့လေ၏။


လုရှီးမန်ကို အတန်းပိုင်ရာထူးမှဖယ်ရှားပစ်ပြီးသည့်နောက် သူမ၏လုပ်ရပ်က ကျောင်းသားများအကြားတွင်သတင်းပျံ့သွားခဲ့သလို ဆရာများရုံးခန်းတွင်လည်း ပြောစရာဖြစ်သွားခဲ့သည်။


လပတ်စာမေးပွဲဖြေနေရသည့်အချိန်အတွင်း လုရှီးမန်မှာ အခြားဆရာများက သူမအားလှောင်ပြောင်သည့်မျက်လုံးများဖြင့်ကြည့်လာမည်ကိုစိုးရိမ်သောကြောင့် ရုံးခန်းတွင်းသို့ ခြေမချရဲခဲ့ပေ။ အင်္ဂလိပ်စာရမှတ်များထွက်လာသည့်အခါ ကျူးထုန်က အမှတ်ပြည့်ထပ်ရလာပြန်ပြီး သူမမျက်နှာမှာ မီးလောင်သလိုပူလာသည်အထိ အရိုက်ခံလိုက်ရသလိုခံစားလိုက်ရလေသည်။


သူမဘက်မှ ကျူးထုန်ကို ရည်ရွယ်ချက်ဖြင့်ပစ်မှတ်ထားခဲ့လျှင်ပင်၊ သူမ၏ကြီးကြပ်မှုက စာမေးပွဲဖြေဆိုနေစဥ်ကျောင်းသားများ၏အာရုံစိုက်မှုကို ပျက်ပြားသွားစေခဲ့လျှင်ပင် ကျူးထုန်က အမှတ်တစ်မှတ်ပင်လျော့မသွားပေ။


သူမ၏ရည်ရွယ်သလို၊ မရည်ရွယ်သလို နှောင့်ယှက်မှုက အမှတ်အပြည့်ရှေ့တွင် လျစ်လျူရှုခံရပြီး အသုံးမဝင်သည့်အခြေအနေကိုသာဖြစ်သွားစေခဲ့သည်။


သူမမှာ ယခုလိုရူးကြောင်ကြောင်လုပ်ရပ်မျိုးလုပ်မိပြီး သူမကိုယ်သူမ ထိခိုက်စေခဲ့ကာ မရှုမလှခံစားလိုက်ရသောကြောင့် နောက်မှ နောင်တရမိလေ၏။


သို့သော်လည်း ယခုအချိန်မှမူ အလွန်တရာမှနောက်ကျသွားခဲ့ပြီ။


ဆန့်ကျင်ဘက်အနေဖြင့် တန်းခွဲသုံးမှအင်္ဂလိပ်စာဆရာမကမူ အလွန်အမင်းပျော်ရွှင်နေလေ၏။


ကျူးထုန်ကသူမအတွက် မိုးသောက်ကြယ်လေးပမာ ခံစားရသည်။ ကျူးထုန် အမှတ် ၁ အလယ်တန်းကျောင်းကိုပြောင်းလာပြီးနောက်ပိုင်း တန်းခွဲသုံး၏ပျမ်းမျှအင်္ဂလိပ်စာအမှတ်က ဒုတိယနှစ်တန်းကြောတစ်ခုလုံးတွင် ထိပ်ဆုံးဖြစ်လာခဲ့သည်။ အခြားအတန်းမှအင်္ဂလိပ်စာဆရာမများမှာ သူမကို မနာလိုဖြစ်ခဲ့ကြလေ၏။


သို့ရာတွင် တန်းခွဲသုံးမှ အခြားဘာသာရပ်ဆရာများမှာမူ မပျော်နိုင်ကြပါချေ။


ကျူးထုန်၏ဖြေဆိုပုံနည်းလမ်းက အလွန်အမင်းထူးခြားနေပြီး အဖြေလွှာစစ်ရသောဆရာများမှာ အဖြေလွှာပေါ်မှလက်ရေးကိုမမှတ်မိလျှင်ပင် ကျူးထုန်၏အဖြေလွှာမှန်းတန်းသိကြလေသည်။


ရှစ်ဝမ်ရှုလည်း အခြားဘာသာရပ်ဆရာများ "ဝေပေးလာသော" အဖြေလွှာများကိုမြင်ခဲ့ရသည်။ သူ့မှာ ထို "ကျောင်းသားဆိုးလေး" က ဆရာများ၏အလှည့်ကျ တိုင်တန်းမှုကိုခံနေရသည်ဟုပင် သင်္ကာမကင်းဖြစ်လာမိလေ၏။


သူ ကျူးထုန်၏အဖြေလွှာကိုကြည့်ကာ လေးလံစွာဖြင့်သက်ပြင်းချလိုက်ရင်း ရှောက်မင်ကို ရုံးခန်းသို့လာရန်ခေါ်လိုက်ရလေတော့သည်။


အမှန်တကယ်ပင် ရုံးခန်းထဲသို့အခေါ်ခံရသူက ရှောက်မင်ဖြစ်နေလေသည်။


စာမေးပွဲပြီးသည့်နောက် တန်းခွဲသုံးမှ သူတို့၏ကျောင်းစာနတ်ဘုရားကြီး ရုံးခန်းသို့အခေါ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေလေသည်။ ထိုကိစ္စကြောင့် ခန့်မှန်းချက်အများအပြားက ကြီးထွားလာလေ၏။


"ရှစ်လောင်ရှီးက ဘာလို့ ရှောက်မင်ကို ရုံးခန်းလာဖို့ခေါ်ရတာလဲ၊ ကျောင်းစာနတ်ဘုရားကြီးက လစဥ်စာမေးပွဲမှာ ပထမဆုံးအနေနဲ့ အမှားလုပ်မိလို့များလား..."


"လုကျစ်ယွီ၊ မင်းတော့ ဒီတစ်ခေါက် လောင့်အာ့ကနေ လောင်ယိ ဖြစ်ပြီထင်တယ်..အာ...ငါပြောတာက အဆင့်တစ်နေရာနော်..."


လုကျစ်ယွီ ဝမ်းနည်းသလိုလည်းမပြသလို ပျော်နေပုံလည်းမပြပေ။ မျက်နှာသေဖြင့်သာတုံ့ပြန်လိုက်သည်။


 "မဖြစ်နိုင်တာ..."


အခြားကျောင်းသားများ: "....."


'မင်းရဲ့ မိမိကိုယ်ကိုတန်ဖိုးထားတတ်မှုက နည်းနည်းနိမ့်ကျနေသလားလို့'


ကျူးထုန်က ခုံတွင်ထိုင်ကာ အတန်း၏အရှေ့တံခါးကိုသာကြည့်နေပြီး အနည်းငယ် စိတ်လေးနေမိလေသည်။


 'ရှောက်မင်ကငါ့ကိုစာပြပေးနေလို့ စာမေးပွဲမှာအမှတ်နည်းသွားပြီဖြစ်မယ်'


ရုံးခန်းထဲတွင်မူ ရှစ်ဝမ်ရှုက ရှောက်မင်အရှေ့တွင် အဖြေလွှာအများအပြားကိုတင်ထားပြီး ရှောက်မင်မှာ ၎င်းတို့အပေါ်မှလက်ရေးကိုမြင်လိုက်သည့်အခါ မအံ့ဩတော့ပေ။


"မကြာခင်က မင်း ကျူးထုန်ကိုစာပြပေးနေတယ်လို့ ဆရာကြားတယ်..." 


ရှစ်ဝမ်ရှုကမေးလာလေသည်။


ရှောက်မင်က ခေါင်းညိတ်ပြပြီးပြောလိုက်သည်။ 


"တကယ်တော့ နှစ်ရက်တည်းပါ..."


ရှစ်ဝမ်ရှု အဖြေလွှာကိုကြည့်ကာပြောလိုက်သည်။ 


"သူနောက်ဆုံးဖြေထားတဲ့အဖြေလွှာတွေနဲ့ယှဥ်လိုက်ရင် ဒီတစ်ခါ ဖြေထားတာတွေက သိသာနေတာပဲ၊ သူဖြေထားတဲ့ပုံစံက..."


ရှောက်မင်မှာ ထိန်းမထားနိုင်တော့ဘဲ ရယ်လိုက်လေသည်။


ရှစ်ဝမ်ရှုက သူ့အား နားမလည်နိုင်တော့သည့်မျက်လုံးများဖြင့်မော့ကြည့်လာလေသည်။ 


"မင်းနဲ့သူ အတူထိုင်ခဲ့ကြတာလည်းကြာပါပြီ၊ သူစဥ်းစားတဲ့ပုံစံကိုပြောင်းဖို့နည်းလမ်းတစ်ခုခုများ မင်းတွေးမိလား.."


ကျူးထုန်က မေးခွန်းများကိုဖြေဆိုရာတွင် အလွန်အမင်း "စည်းမျဥ်းတကျ" ဖြေတတ်သည်မှာ အမှန်ပင်ဖြစ်လေ၏။ ဆရာများပင် သူ၏စည်းမျဥ်းကျမှုကို လိုက်မမီနိုင်ကြပေ။


ရှောက်မင်က ရှစ်ဝမ်ရှုလက်ထဲမှ အဖြေလွှာကိုယူကြည့်လိုက်သည်။


အလွန်တရာခက်ခဲသောမေးခွန်းများကိုမူ အသေအချာဖြေဆိုထားနိုင်ခဲ့၏။


သူက ရုတ်တရက်ပင် ကျူးထုန်ကမေးခွန်းများကိုဖြေသည့်အခါတိုင်း သူဖြေနိုင်သည့်မေးခွန်းများကိုသာရွေးချယ်ပြီး ဖြေတတ်သည်ကိုတွေးမိသွားခဲ့သည်။ အစမ်းမေးခွန်းများကိုဖြေပြီး ထပ်ရချိန်တိုင်း၌ မေးခွန်းအားလုံးကိုဖြေတတ်၏။


ထိုသူက သင်လွယ်တတ်လွယ်သည်။ နားမလည်နိုင်သည့်မေးခွန်းများရှိသည့်အခါတိုင်း ပြန်မေးတတ်ပြီး အိမ်စာများကိုလည်း ဂရုတစိုက်နှင့် ပြည့်စုံစွာဖြေတတ်သည်။


စာမေးပွဲဖြေချိန်တွင် ထိုသူမှာ မည်သူ့ကိုမျှ "မေးမြန်း" ၍ရမည်မဟုတ်ပေ။ ထို့ကြောင့် သူမသိသည့်မေးခွန်းများဆိုလျှင် သည်အတိုင်းအလွတ်ထားခဲ့လိုက်သည်။


ရလဒ်မှာ ကြက်ကန်းဆန်အိုးတိုးပြီးလည်း အမှတ်မရသလို တပိုင်းတစလည်းအမှတ်ရစရာမရှိတော့ပေ။


ရှောက်မင်က အဖြေလွှာကိုခဏယူကြည့်လိုက်ပြီး ကျူးထုန်စိတ်ထဲမှပြဿနာကိုသိချင်သွားလေသည်။ သူ့မျက်လုံးထဲတွင်အရောင်များ တဖျတ်ဖျတ်တောက်နေပြီးမှ ရှစ်ဝမ်ရှုကိုခေါင်းညိတ်ပြပြီးဖြေလိုက်သည်။


 "ဟုတ်ကဲ့ပါ၊ ကျွန်တော် သူ့ကို ဖျောင်းဖျဖို့ နည်းလမ်းရှာကြည့်လိုက်ပါ့မယ်..."


ရှစ်ဝမ်ရှုက အနည်းငယ်မှင်သက်သွားလေ၏။


 "မင်းမှာ တကယ် နည်းလမ်းရှိလို့လား..."


ရှောက်မင်က ကျူးထုန်နှင့်ရင်းနှီးကြောင်း ရှစ်ဝမ်ရှုလည်းကောင်းကောင်းသိထားခဲ့သည်။ သူ ကျူးထုန်ကိုဖျောင်းဖြချင်လျှင် ရှောက်မင်၏အကြံကို အမှန်တကယ်လိုအပ်နေသည်။ မှန်ကန်သောဆေးညွှန်းကိုပေးရသည့်ပုံစံနှင့် ခပ်ဆင်ဆင်တူလေသည်။ သူတို့နှစ်ယောက်က အစီအစဥ်ကိုဆွေးနွေးခဲ့ကြလေ၏။


ရှောက်မင်က တည့်တိုးပြောလာမည်ဟု သူမထင်ထားခဲ့ပေ။


ရှောက်မင်ကပြုံးကာပြောလိုက်လေသည်။ 


"ဟုတ်ကဲ့၊ စိတ်မပူပါနဲ့၊ ဆရာ၊ ကျွန်တော် သေချာလုပ်လိုက်ပါ့မယ်..."


"......"


အတန်းကိုပြန်ရောက်သည့်အခါ သူ၏ထိုင်ခုံဖက်လေးက အတန်း၏အရှေ့တံခါးမကြီးကို ကြည့်နေသည်အား တွေ့လိုက်ရလေ၏။


အတန်းများ၏ကြားမှလျှောက်လမ်းပေါ်တွင် ကျောင်းသားအများအပြားရှိနေပြီး အတန်းဖော်များလည်း သူ့ကိုသတိထားကြပုံမရပေ။


သူက စာသင်ခန်း၏အနောက်ပေါက်မှဝင်လာပြီး ကျူးထုန်၏အနောက်မှ တိတ်တိတ်လေးပတ်သွားလိုက်သည်။ သူက အရှေ့တံခါးကိုကြည့်နေသောလူငယ်လေးကိုကြည့်လိုက်ပြီး ငုံ့ကိုင်းလိုက်ကာ လူငယ်လေး၏ညာဘက်နားရွက်ကို ဖွဖွလေးလေမှုတ်လိုက်၏။ ထို့နောက် ဖွဖွလေးပြုံးကာပြောလိုက်သည်။ 


"ထိုင်ခုံဖော်လူကြီးမင်းဗျ၊ ကျွန်တော့်ကိုရှာနေတာလားဗျ..."


ကျူးထုန်၏နားရွက်များက ထိရှလွယ်လွန်းသောကြောင့် ပူနွေးသောလေကို ချက်ချင်းခံစားမိလိုက်၏။ သူလှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်၏နီးကပ်လှသော ခပ်ချောချောမျက်နှာကိုမြင်တွေ့သွားပြီး ဖြည်းဖြည်းချင်းတောင့်တင်းသွားလေသည်။


 "မင်း...ဘယ်လိုလုပ်ပြီး..."


ထို့နောက် သူကအတန်း၏အရှေ့တံခါးကိုကြည့်လိုက်ကာ သူ့အနောက်မှပေါ်လာသောရှောက်မင်ကိုကြည့်မိပြန်သည်။


 "မင်းဘယ်အချိန်တည်းကပြန်ရောက်လာတာလဲ..."


ရှောက်မင်: "အခုလေးတင်ပဲလေ.."


ကျူးထုန်: "......"


သို့ရာတွင် သူ့နားရွက်ပေါ်မှ ယခုလေးတင် ရှောက်မင်လေမှုတ်လိုက်သောနေရာမှာ ယားယံနေသေးသည်။ သူက မနေနိုင်တော့ဘဲ ကုပ်လိုက်မိပြီး သူကမည်သည့်အတွက်ကြောင့် လူပျောက်ရှာနေမိသည့်အတိုင်း အတန်းတံခါးကိုစိုက်ကြည့်နေမိမှန်း သိချင်နေမိသည်။


ရှောက်မင်က ပြုံးကာ ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့် မေးလိုက်သည်။ 


"ရှစ်လောင်ရှီးက မင်းကိုဘာပြောလိုက်လဲ..."


ရှောက်မင်က လက်တစ်ဖက်ဖြင့်ခေါင်းကိုထောက်ထားကာ မျက်ခုံးပင့်လိုက်၏။ 


"သတင်းကောင်းနဲ့သတင်းဆိုး...ဘယ်တစ်ခုကိုအရင်နားထောင်ချင်လဲ..."


ကျူးထုန်: "....."


'တကယ်ကြီး သတင်းဆိုးလား'


စိတ်ငြိမ်အောင်အရင်ထိန်းပြီးမှ ပျော်ရွှင်ရမည်ဆိုသောစကားအတိုင်း ကျူးထုန်ကဆုံးဖြတ်လိုက်သည်။


 "သတင်းဆိုးကိုအရင်နားထောင်မယ်..."


ရှောက်မင်: "သတင်းဆိုးက ဒီတခေါက်စာမေးပွဲမှာ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ မင်းအလုပ်ကြီးတစ်ခုလုပ်နိုင်ခဲ့တယ်၊ ရှစ်လောင်ရှီးက ကိုယ့်ကို မင်းကိုဆက်ပြီးစာပြပေးဖို့ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ မင်းရဲ့ အဖြေတွေချန်ထားတတ်တဲ့အကျင့်ကိုလည်း ပြင်ပေးပါတဲ့.."


"...."


'ဘာလို့ဒါက သတင်းဆိုးဖြစ်ရတာလဲ၊ သတင်းကောင်းဖြစ်သင့်တာကို..မဟုတ်ဘူးလား'


'နေဦး..အဖြေတွေချန်ထားခဲ့တာကိုပြင်ပေးပါဆိုတော့'


ကျူးထုန်က ဆင်ခြေပေးသည့်စကားပြောနည်းကို အသုံးပြုလာသည်။ 


"အဖြေတွေချန်ထားခဲ့တာက ငါမဖြေတတ်လို့လေ..."


မဖြေတတ်ပါဘူးဆိုမှတော့ ချန်ထားခဲ့တာပေါ့။


ရှောက်မင်က ခေါင်းယမ်းပြလိုက်သည်။


 "အကုန်လုံးတော့မဟုတ်ဘူးလေ..."


ကျူးထုန်:"....."


တကယ်တော့ အဖြေများကို သူသေချာမသိရုံသာ။


သူက ခဏခန့်တုံ့ခနဲရပ်သွားပြီး ဆက်မဖြေတော့ရန်ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူမေးလိုက်၏။ 


"ဒါဆို...သတင်းကောင်းကရော.."


ရှောက်မင်၏ သူ့အပေါ်အကြည့်က နွေးထွေးနေသည်။


ကျူးထုန်: "?"


"သတင်းကောင်းက....." 

ရှောက်မင်က တမင်တကာ စကားကိုခဏခန့်ရပ်လိုက်သေး၏။ 


"မင်းဆက်ပြီးစာသင်ချင်တယ်ဆိုရင် အချိန်တစ်ခုအထိ အပြင်မှာနေလို့မရဘူး..."


အစတည်းက လပတ်စာမေးပွဲအတွက်သာ စာပြပေးရန်ပြောခဲ့သည်။


ကျူးထုန်က တခဏခန့်မှင်သက်သွားပြီး မေးလိုက်သည်။


 "ဒါက ဘာလို့ သတင်းကောင်းဖြစ်ရတာလဲ..."


ရှောက်မင်ကပြန်မေးလေသည်။ 


"မင်းက ဆက်ပြီးစာမသင်ချင်လို့လား..."


"မဟုတ်ပါဘူး..." 

ကျူးထုန်က ခဏရပ်ကာ အမှန်ပြင်လိုက်လေသည်။ 

"သင်ချင်တာပေါ့..."


ရှောက်မင် သူ့ကို စာသင်ပေးသည်အား သူတကယ်သဘောကျပေသည်။


ထိုသူက သူနှင့်အသက်အရွယ်တူပြီး အတန်းလည်းတူသည်။ ရင်းနှီးပြီးဖြစ်ကာ စာတော်သောကျောင်းသားတစ်ယောက်လည်းဖြစ်သည့်အပြင် သူ့ကိုလည်း "စာသင်ပြ" နိုင်သေးသည်။ ထိုသူထံမှ စာသင်ရသည်မှာ စိတ်အနှောင့်အယှက်မဖြစ်စေဘဲ သူ၏အမှတ်များလည်းပိုကောင်းလာခဲ့သည်။ ထို့ကြောင့် သူစာကိုဆက်ပြီးသင်ချင်သေးသည်။


ရှောက်မင်က ရုတ်ချည်းပြုံးလိုက်သည်။


 "အင်း၊ မင်းအမှတ်တွေကောင်းချင်ရင် ကိုယ်ဆက်ပြီးသင်ပေးပါ့မယ်၊ စာသင်တာကို ပိုက်ဆံပေးတဲ့အနေနဲ့ အိမ်ငှားခကိုတဝက်ခံပေးရင်ရောဘယ်လိုလဲ၊ ဒါလည်းသတင်းကောင်းပဲမလား.. "


ကျူးထုန်: "....."


'အဓိပ္ပါယ်ရှိသားပဲ'


ရှောက်မင်က သတင်းကောင်းရောသတင်းဆိုးကိုပါ စိတ်မဝင်စားဘဲ မေးလိုက်သည်။


 "အခုတော့ မင်းရဲ့ချန်ထားခဲ့တဲ့အဖြေတွေအကြောင်းကိုပြောရအောင်..."


သူက သင်္ချာအဖြေလွှာကိုယူကာမေးလိုက်သည်။ 


"မတွက်တတ်တဲ့မေးခွန်းတွေက ဘယ်အပုဒ်တွေလဲ..."


ကျူးထုန်က ဘောပင်ကိုယူကာ မေးခွန်းနှစ်ပုဒ်ကိုဝိုင်းပြလိုက်သည်။ 


"သင်္ချာမှာ ခက်တဲ့ပုစ္ဆာနှစ်ပုဒ်ကိုပဲချန်ထားခဲ့တာပါ..."


ရှောက်မင်: "အကြမ်းစာရွက်မှာ ရသလောက်တွက်ကြည့်.."


"....."


ကျူးထုန်က အာမခံနိုင်ခြင်းမရှိသော်လည်း ကြိုးစားကြည့်လိုက်သည်။


ရှောက်မင်က ထိုသူ ခက်ခက်ခဲခဲတွေးပြီးမှ နောက်ဆုံးထွက်လာသည့်အဖြေကိုကြည့်ကာ ကောက်ချက်ချလိုက်သည်။ 


"အဖြေကတော့မှားနေတယ်၊ ဒါပေမဲ့ ဒါကို မင်းတွက်ပြလိုက်ရင် အဆင့်ဆင့်တွက်ထားတဲ့အတွက် ဆယ့်တစ်မှတ်လောက်တော့ရမှာပဲ..."


ကျူးထုန်က တောင့်တင်းသွားခဲ့သည်။


 "ဒီလောက်အများကြီးရမှာလား..."


ရှောက်မင်က ရှင်းပြလိုက်သည်။ 


"မင်းဒီအဆင့်တွေကိုချရေးပေးလိုက်ရင် အဖြေမှားနေလည်း မင်းရဲ့ကိုယ်ပိုင်စဥ်းစားပုံနဲ့ထွက်လာတဲ့အဖြေပဲလေ၊ အမှတ်ရသင့်တာပေါ့ ဟုတ်တယ်မလား..."


"......"


စာမေးပွဲဖြေနေစဥ် ကျူးထုန်သည် ရှစ်ဝမ်ရှုကို သူသာ အဖြေကိုကျပန်းခန့်မှန်းနေပါက ထွက်လာသည့်အမှတ်မှာ á€žá€°áá€€á€­á€Żá€šá€şá€•ိုင်ကဟိုးစဏးမသုဖဟင်အ ရလာသည့်အဖြေေကြောင့်မဟုတ်ဟုပြောခဲ့ဖူးသည်။(အရင်တစ်ခေါက်က ပြောခဲ့တာ)


'ရှစ်လောင်ရှီးက ရှောက်မင်ကို အဲဒီကိစ္စတွေပြောလိုက်တာလား'


"ပြီးတော့ မင်းအနေနဲ့ ဘယ်လိုတွက်ရမယ်ဆိုတာ မသိလေ၊ မင်းအနေနဲ့ ပိုတွက်သင့်လေပဲ၊ တွက်နေရင်းနဲ့ မင်းဟာမင်းစဥ်းစားတတ်သွားလိမ့်မယ်၊ မှားသွားလည်းကိစ္စမရှိဘူး၊ မှားသွားတာက မင်းရဲ့အားနည်းချက်ကိုပိုသိလာစေပြီး နောက်တခါအမှားမလုပ်မိအောင် တားပြီးသားဖြစ်သွားလိမ့်မယ်..."


"......"


ကျူးထုန် ဗြုန်းစားကြီးအေးခဲသွားလေသည်။


လူငယ်လေးကသူ့အား အူကြောင်ကြောင်ဖြင့်ကြည့်နေသည်ကိုတွေ့သွားပြီး ရှောက်မင်ကရယ်လိုက်သည်။ 


"ဘာလို့ကိုယ့်ကို အဲဒီလိုမျိုးကြီးကြည့်နေတာလဲ..."


ကျူးထုန်က ဖြေလိုက်သည်။ 


"ငါကမင်းရဲ့စကားကိုနားထောင်ပြီး တမျိုးဖြစ်သွားလို့...ရုတ်တရက်ကြီး အရမ်းနက်နဲနေတယ်လေ.."


ယခင်က ရှောက်မင်မှ အမှတ်ရနိုင်မည့်အခြေအနေများကိုရှင်းပြခဲ့လျှင်ပင် သူ့အသံကညင်သာနေခဲ့သေးသည်။ ယခုလို ရုတ်တရက် "ဆရာတစ်ယောက်၏ဆုံးမစကား" ကဲ့သို့ ဘွင်းဘွင်းရှင်းရှင်းပြောလာသည့်အခါ ထူးဆန်းသွားသလိုဖြစ်နေလေ၏။


ရှောက်မင်က ခဏမျှမှင်သက်သွားပြီး အံ့အားသင့်သွားလေ၏။ သူဘယ်တုန်းကဒီလောက် အတည်ကြီးဖြစ်လာတာလဲ။


တစ်သက်လုံး အစားအသောက်နဲ့အဝတ်အစားအတွက် ပူပင်စရာမရှိတဲ့ ကျူးထုန်လိုသခင်လေးတွေက စာမေးပွဲကျသွားရင်တောင် အမှတ်တွေက သူ့အတွက် အမှန်တကယ် အရေးကြီးပါ့မလား။


မေးခွန်းရှိလာရင် သူ့ကိုကူညီပေးလိုက်ပေါ့။ ဘာလို့ ဒီလောက် ဝင်ပါနေရတာလဲ။


သခင်လေးက စာအရမ်းကြိုးစားနေတာ။ အမှတ်တွေမကောင်းရင် နှမြောစရာကြီးဖြစ်သွားမှာပေါ့။


ရှောက်မင်၏ နှုတ်ခမ်းထောင့်တို့က အသာအယာကော့တက်သွားခဲ့ပြီး ထိုသူ၏အနားကို တစ်လက်မချင်းစီကပ်သွားကာ အလုံအလောက်နီးကပ်သွားသည်နှင့် ပြောလိုက်သည်။ 


"ဒီတော့ မင်းကကိုယ်ပြောတဲ့အတိုင်းမလုပ်နိုင်ဘူးဆိုတဲ့သဘောလား..."


ရှောက်မင် အနားကပ်လာသည်နှင့် ကျူးထုန်မှာ ရုတ်ချည်း အသက်ရှူအောင့်လိုက်မိသည်။


သူတို့နှစ်ယောက်ကြားမှအကွာအဝေးက အလွန်တရာနီးကပ်လွန်းနေသည်။ ကျူးထုန်မှာ နေရင်းထိုင်ရင်းမျက်နှာပူလာရကာ ချက်ချင်းအကြည့်လွှဲလိုက်ရင်းပြောလိုက်လေ၏။


 "မဟုတ်ဘူး၊ ငါက ထူးဆန်းသွားရုံပဲလို့ပြောတာ..."


ရှောက်မင်က ချောင်ပိတ်ထားပြန်၏။ 


"ဒီတော့ ကိုယ့်ရဲ့ခန့်မှန်းချက်ကမှန်တယ်ပေါ့..."


ကျူးထုန်က ခဏခန့်တွေးနေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ 


"အင်း..."


"နောက်ကျရင်ရော အဖြေတွေကိုချန်ထားခဲ့ဦးမှာလား..."


"ဘယ်တော့မှမချန်ထားခဲ့တော့ဘူး..."


ရှောက်မင်က စိတ်ကျေနပ်သွားသလိုခေါင်းညိတ်ကာ အနောက်ကို အနည်းငယ်ပြန်ဆုတ်လိုက်သည်။ 


"ခက်တဲ့ပုစ္ဆာတွေကိုလည်း ပြီးအောင်တွက်သင့်တယ်၊ ကွပ်လပ်ဖြည့်တွေကိုလည်း အကုန်ဖြေသင့်တယ်၊ မဟုတ်ရင် တခြားဘာသာက ဆရာတွေငိုနေလိမ့်မယ်..."


ကျူးထုန်က သူ့ကိုလှည့်ကြည့်လိုက်သည်။


ရှောက်မင်က မလိမ်မညာတမ်းပြောလိုက်၏။ 


"ဟုတ်တယ်..ကိုယ်တကယ်ငိုမိလိမ့်မယ်..."


သူနောက်နေမှန်းသိသွားမှ ကျူးထုန်မှာ ကူကယ်ရာမဲ့စွာဖြင့်ပြုံးပြလိုက်ရသည်။ သူက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ 


"အိုကေ၊ ငါသဘောပေါက်ပြီ.."


ရှောက်မင် မငိုလည်း သူက အမှတ်များကို တကယ်ဂရုစိုက်ပါသည်။



🤒