Chapter 86
Viewers 12k

📽️ Chapter 86

အခြေအနေ : ချစ်မိသွားခြင်း



ထိုနေ့တွင် အင်တာနက်သုံးစွဲသူများ အားလုံး ခြေကုန်လက်ပမ်းကျခဲ့ကြသည်။


ရန်ရှူ၏ Weibo ပို့စ်အောက်တွင် :


[ဆယ်နှစ်တောင်လား...နင့်မှာ စိတ်ပြောင်းလွယ်ပြီး လှည့်စားရလွယ်တဲ့ မျက်နှာလေးရှိပေမယ့် နင်က လူတစ်ယောက်နဲ့ ဆယ်နှစ်ကြာအောင်တောင် တွဲလာတာတဲ့လား...တစ်ကယ့်ကို ငါတို့ရှူရှူက မျှော်‌လင့်ထားသလိုပဲ...]


[ငါ့တို့ဘောစ့်က စိတ်ရှည်သည်းခံတတ်တဲ့သူလို့ထင်တယ်...မဟုတ်ရင် သူဘယ်လိုလုပ်ပြီး ရှူရှူကို သည်းခံနိုင်မှာလဲ ငါတို့ဘောစ့်က အရမ်းအလုပ်ကြိုးစားတာပဲ...]


[ဘောစ့်ရဲ့ သူ့မျက်နှာကိုပြထားပြီး တင်းနစ်ကစားနေတဲ့ ဗီဒီယိုအားလုံးကို ကြည့်ပြီးတဲ့နောက် သိလိုက်ရတာက ငါတို့ရှူရှူက တကယ့်ကို တင်းနစ်ကစားတာ ဆိုးတယ်ဆို‌ပေမယ့် ဘောစ့်ကတော့ တစ်ကယ့်ကိုချောတာပဲဟယ်...]


[ဒီတော့ သူက အငယ်အနှောင်းမဟုတ်ဘူး...အဲ့ဒါက ကျောင်းဝတ်စုံကနေ suit... ပထမအချစ်က‌နေ အသက်အရွယ်ကြီးတဲ့အထိ...မိဘတွေရဲ့ သဘောတူညီချက်ရထားတဲ့ အချစ်ဇာတ်လမ်းလေးပဲ...]


[ငါတော့ ရှူရှူ သူ့ရဲ့ အချစ်ဇာတ်လမ်းကို လူသိရှင်ကြား ချပြပြီးရင် လူတိုင်းက သူ့ကို ဒီလိုမျိုးဝေဖန်ပြီး ဆူပူကြိမ်းမောင်းကြလိမ့်မယ်လို့ သူ အိပ်မက်တောင်မက်ဖူးမယ်လို့ မထင်ဘူး...ဘောစ့်က တစ်ကယ့်ကို ယောင်္ကျားဆန်တာပဲ...]



ဆွေ့ဟို့ယွီ၏ Weibo ‌ပို့စ်အောက်တွင် :


[အလုပ်‌ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုယွီ...]


[ဒီနှစ်‌တွေအတွင်း အစ်ကိုယွီဘယ်လိုနေခဲ့ရလဲဆိုတာ ငါတို့အားလုံးသိပါတယ်...]


[ဒါဆို အားလုံးက ကျောင်းနေဖက်တွေလား...တင်းနစ်အဖွဲ့ထဲမှာ အတူရှိခဲ့ကြတာလား...]


ဟို့မော့၏ Weibo ပို့စ်အောက်တွင် :


[အတိအကျပြောရရင် ဟို့မော့က ရန်ရှူထက် ပိုပြီးအမျှော်အမြင်ရှိတဲ့သူပဲ...ဟို့မော့က ရန်ရှူရဲ့ Weibo မှာ တစ်ခါမျှ မပေါ်လာဖူးပေမယ့် ရန်ရှူရဲ့ Weibo ပို့စ်ကိုတော့ ပြန်မျှဝေပေးဖို့ ဆန္ဒရှိတယ်...ဒါပေမယ့် သူ့လေသံက နည်းနည်းအမြင်ကတ်နေတဲ့ပုံပဲ...]


[ငါ သူတို့နှစ်ယောက် အချင်းချင်း မကြိုက်တာကို မြင်နေရတယ်...]


[ဟာဟားဟား နင်တို့နှစ်ယောက်က အရမ်းရယ်ရတာပဲ...]


💕


လုယန်ရှင်း၏ Weibo ပို့စ်အောက်တွင် :


[တွေ့လား ငါပြောပါတယ်... ရှူရှူက ဘယ်တော့မှအငယ်အနှောင်းဖြစ်မှာ မဟုတ်ဘူး...သူတို့က ပြီးပြည့်စုံတဲ့ အတွဲပဲ...]


[လေသံက နည်းနည်းအမြင်ကတ်နေတဲ့ပုံရပေမယ့်လည်း...ဘုရင်မကြီးက ရှူရှူကို ကောင်းချီးပေးနေတာပဲ~...]


[ငါတို့ ရှူရှူရဲ့ ကောလဟာလတွေကို ကူရှင်းလင်းပေးလို့ ဘုရင်မကြီးကို ကျေးဇူးတင်ပါတယ်...]


💕


မုန့်ရှင်းယာ၏ Weibo ပို့စ်အောက်တွင် :


[ဘောစ့်ကလည်း ယာယာ့ကို ကူညီပေးခဲ့တဲ့ပုံပဲ...ကျေးဇူးပါ ဘောစ့်...]


[ယာယာက သူ့ရဲ့"ညီအစ်ကို"နဲ့ ပထမဆုံး အကြိမ်အဖြစ် အတွဲနေရာ သရုပ်ဆောင်ခဲ့ဖူးတယ်မလား...ဘယ်လိုခံစားရလဲ...]


[ယာယာလည်း ဒီအတွဲကို ကြည့်ခဲ့ရမှာပဲ ဟုတ်တယ်မလား...သူတို့ရဲ့ လမ်းခွဲ drama ထဲ ပါခဲ့ဖူးသေးလား...]


💕


ရန်ရှူ၏ Weibo ပို့စ်တင်ပြီးသည်နှင့် အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားခဲ့သည်။


ရန်ရှူက စင်ဂယ်ဖြစ်ကြောင်း ပြောနေသူ‌များကို သူတွဲနေသည့်သူရှိကြောင်း ရှင်းလင်းစွာ ပြောနိုင်ပေသည်။ သူက သူ၏ အကျင့်အတိုင်း လမ်းခွဲလိုက် ပြန်တွဲလိုက် လုပ်နေခြင်းသာဖြစ်သည်။


ထို့အပြင် ဆွေ့ဟို့ယွီကလည်း ဤအကြောင်းကို ယခင်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကောင်းမွန်သည့် ရှေ့ပြေးသက်သေအဖြစ် ဖော်ပြခဲ့ပြီးဖြစ်သည်။


သူငယ်ချင်းများစွာကလည်း ပြန်လည်မျှဝေခဲ့ကြသည်။ သူတို့က ရန်ရှူကို သူ ယခင်က လူလွတ်ဖြစ်ကြောင်းပြောခဲ့ပြီး ထို့နောက်တွင် သူက ဘက်ပြန်လှည့်ကာ သူ့အချစ်ရေးကို ချပြခဲ့ပြန်သည်ဟု စနောက်ပြောဆိုခဲ့ကြသည်။ ၎င်းက ကိစ္စများကို စိတ်ဝင်စားစရာအဖြစ်ပြောင်းသွားစေပြီး ဟာသအဖြစ်ရှင်းပြ၍ ရနိုင်စေခဲ့သည်။


ယခင်က ထွက်လာခဲ့သည့် အငယ်အနှောင်းဟူသော ကော‌လဟာလများက သူတို့ဆယ်နှစ်ကြာအောင် ချိန်းတွေ့ခဲ့သည့်အဖြစ်မှန် ပေါ်ထွက်လာပြီးနောက်တွင် လုံးဝအစအနပျောက်သွားခဲ့၏။


ဆယ်နှစ်လောက် တွဲလာခဲ့တဲ့ စေ့စပ်ထားသူလား...ဘာအငယ်အနှောင်းမှ မရှိဘူးဆိုတာ သိသာနေတာကြီးလေ... အချိန်ကမှန်နေပြီးတော့ ရန်ရှူကိုယ်တိုင်ကိုက စေ့စပ်ထားတဲ့သူပဲ...


ရုတ်တရက် ပေါ်ထွက်လာသော CP ကို အများပြည်သူများ ပိုမိုအသိအမှတ်လာပြုစေရန်အလို့ငှာ ကုမ္ပဏီက သူတို့နှစ်ဦး မော်တော်ဆိုင်ကယ်စီးနေသည့် ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့သည်။


မားကတ်တင်းအကောင့်များက ထိုဂန္တဝင်ဗီဒီယို၏ အဓိကဇာတ်လိုက်များမှာ စန့်ရှန်းနှင့် ရန်ရှူဖြစ်ကြောင်းကို အင်တာနက်အသုံးပြုသူများ ရှာဖွေတွေ့ရှိသွားသကဲ့သို့ အဆိုပါဗီဒီယိုကို ပြန်တင်ရန် အမြန်လုပ်ဆောင်ခဲ့ကြသည်။ 


ဤတစ်ကြိမ်တွင် လူထုထင်မြင်ချက်များက ပို၍ပင် ကြွတက်လာခဲ့သည်။


ဗီဒီယိုက လူထု၏အမြင်ထဲ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး စန့်ရှန်း၏ ဝတ်စုံနှင့် သားရေဖိနပ်များပင် စာရင်းပြုစုခံလိုက်ရကာ ၎င်းတို့အားလုံးက ဝယ်သူစိတ်ကြိုက်ပြုလုပ်ထားသည်များဖြစ်ကြောင်း ရှာတွေ့သွားခဲ့ကြသည်။


နောက်တစ်ခုက Rolls-Royce ကားထက်ပင် ပိုတန်ဖိုးကြီးသော ဆိုင်ကယ်ဖြစ်ပြီး ၎င်းက ထိုဗီဒီယိုကို အလွန်အဖိုးထိုက်တန်စေခဲ့သည်။


Weiboပေါ်တွင် ဆွေးနွေးမှုများ များစွာရှိခဲ့သည်။


အနက်ရောင်ဆာကူရာ - #ရန်ရှူရဲ့ အချစ်ရေး ချပြခြင်း# ဝတ်စုံအပြည့်လူနဲ့ ခပ်မွဲမွဲပုံရိပ်...သူတို့က ဆယ်နှစ်ကြာအောင် တွဲခဲ့ပေမယ့် သူကချည်း ပြဿနာတွေပတ်ရှာပြီး ရယ်မောနေတာလေ... နင်တို့က လူတိုင်း အရမ်းစိတ်ညစ်နေတာကျ မမြင်ဘဲ ဘော့စ် အရမ်းချမ်းသာတာကိုပဲ မြင်နေကြတာ...


ကဲဒ - #ရန်ရှူရဲ့ အချစ်ရေး ချပြခြင်း# နင် ဒီလက်ထပ်ပွဲကို သဘောမတူဘူးလား... အိုး နင် သဘောတူလား မတူလားကို ဘယ်သူက ဂရုစိုက်နေလို့လဲ...နင်က ဘယ်သူလဲ... နင့်ကိုယ့်နင်ရော ဂရုစိုက်ရဲ့လား...


ရှအာ - #ရန်ရှူရဲ့ အချစ်ရေး ချပြခြင်း# သူတို့က ဘယ်သူလဲဆိုတာ ငါ မသိသေးခင်တုန်းက သူတို့ အရမ်းလိုက်ဖက်တယ်လို့ ခံစားခဲ့ရတာ... ဒါပေမယ့် သူတို့ရဲ့ အထောက်အထားတွေကို သိပြီးတော့ ရန်ရှူက ဒီတိုင်း ဘော့စ်ကို ချမ်းသာလို့ကြိုက်တာမလား... အဲ့ဒါက အချစ်စစ်မဟုတ်တော့ဘူးမလား...


လိမ္မော်ရောင်မြူလေး - လုယန်ရှင်းက "လိုက်ဖက်တယ်" ဆိုတဲ့စကားလုံးကို ပြောခဲ့တယ်လေ...အဲ့ဒီတော့ ရန်ရှူက သူများပေါင်ကို ပွေ့ဖက်တတ်တဲ့သူ မဟုတ်ဘူးလို့ ဆိုလိုတာပဲ...သူတို့နှစ်ယောက်ရဲ့ မိသားစုက တကယ်တော့ သူငယ်ချင်းဟောင်းတွေဆိုတာ ပြောရအုံးမှာလား...မိသားစုတွေကတောင် အရမ်းလိုက်ဖက်နေတာ‌ပဲ...


ထို့နောက် ချက်ချင်းပင် “ငါ မဟုတ်ဘူး” ရှိုးထဲ၌ ရန်ရှူ ဘန်ဂီခုန်ခဲ့သည့် ဗီဒီယိုက ထွက်ပေါ်လာခဲ့သည်။


မူလပရိုဂရမ်ထဲတွင် ရန်ရှူ၏ အော်သံက အသံဖျောက်ခံထားရသည်။ အစီအစဉ်၏ပုံစံအရ လူတိုင်းက ရန်ရှူ ဆဲဆိုခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် အသံဖျောက်ခံထားရခြင်း ဖြစ်မည်ဟု ထင်ခဲ့ကြသည်။ ထိုအချိန်က ကွန်မန့်များတွင် ရွှင်မြူးမှုများဖြင့်ပြည့်ခဲ့သည်။


ရန်ရှူက ပိုရှက်လေလေ သူတို့က ပိုစိတ်ဝင်စားလေလေဖြစ်ခဲ့သည်။


ယခုတစ်ကြိမ်တွင်မူ မူရင်းအသံ ပါရှိပြီး သူတို့အားလုံး ရန်ရှူ၏ အော်သံကို ရှင်းရှင်းလင်းလင်းကြားရပေသည်။ 

"အားးးးး ငါ စန့်ရှန်းကို လိုချင်တယ်..."


သူ အလိုအပ်ဆုံးအချိန်၌ စန့်ရှန်း၏ အမည်ကိုခေါ်ခဲ့သည် ဆိုသောအချက်က ကိစ္စများကို ပို၍ပင် ကောင်းသွားစေခဲ့၏။


ဖန်များနှင့် ဖြတ်သွားဖြတ်လာများက ဝင်ရောက်အံ့အားသင့်ခဲ့ကြပြီး ယခင်ဆဲဆိုမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။


ထိုနေ့၌ ရန်ရှူက များစွာ ဆူပူကြိမ်းမောင်းခံခဲ့ရပြီး သူ့အချစ်ရေးက နာမည်ပိုကြီးလာခဲ့သောကြောင့် ပုံမှန်ပင်ဖြစ်သည်။


ညဘက်တွင် အခြေအနေများကို ပြောင်းပြန်လှန်လိုက်သည်က ပို၍ပင်ထိရောက်လှသည်။ ဆူပူကြိမ်းမောင်းခြင်းမှဟာသအဖြစ်သို့ ပြောင်းသွားပြီး အခြေအနေက နှစ်နာရီတည်းနှင့် ပြောင်းပြန်ဖြစ်သွားခဲ့သည်။


ကောင်းချင်၏ အလုပ်က နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ သူမက အွန်လိုင်းအကဲဖြတ်ချက်များကို ကြည့်ပြီး မတ်တပ်ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွား၍ ရန်ရှူကို ပြောလိုက်သည်။

"နင် ခဏလောက်တော့ အပြင်ထွက်လို့မရမှာစိုးမိတယ်...အပြင်မှာ လူတွေနဲ့ ပိတ်ခံလိုက်ရပြီ..." 


"သူတို့ရဲ့မျက်လုံးတွေက ဘာလို့ ဒီလောက်ထိ စူးရှနေရတာလဲ...ဗီဒီယို နည်းနည်းလောက် ကြည့်ပြီးတာနဲ့ ကျွန်တော် ဘယ်မှာရှိနေလဲဆိုတာ ရှာတွေ့သွားကြရော..." 


ရန်ရှူ ထိုဖျော်ဖြေရေးသတင်းထောက်များကို အလွန်ကြောက်ပေသည်။


ကံကောင်းထောက်မစွာဖြင့် စန့်ရှန်း၏နေရာက လုံခြုံရေးအလွန်ကောင်းမွန်လှသည်။ အမှန်တွင် ဤနေရာ၌ နေထိုင်သူများက ချမ်းသာသူများ သို့မဟုတ် မျိုးရိုးမြင့်သူများဖြစ်ကြပြီး ဤအရာအပေါ် မကျေမနပ်မပြောကြပေ။


ရန်ရှူက Weiboကို သူ့ဖုန်းပေါ်တွင် ကြည့်နေရင်း ရွေရွတ်လာခဲ့သည်။

"တကယ်တော့ ကျွန်တော်က စန့်ရှန်းကို ချမ်းသာလို့ ချစ်ခဲ့တာပဲ..."


ကောင်းချင်က သူ့ကို သတိပေးလိုက်သည်။

"ဒီတိုင်း ပါးစပ်ပိတ်ထားစမ်းပါဟယ်..."


ကောင်းချင်က ရန်ရှူ၏ စကားကြောင့် စန့်ရှန်း ဒေါသထွက်သွားမည်ကို ကြောက်သကဲ့သို့ စန့်ရှန်းကို ကြည့်လိုက်သည်။


မမျှော်လင့်စွာပင် ၎င်းကိုကြားပြီးနောက် စန့်ရှန်းက ဂရုမစိုက်ပုံမရဘဲ သူ့အမူအရာက အတော်လေး တည်ငြိမ်နေခဲ့သည်။ 


ကောင်းချင်က စန့်ရှန်း ရန်ရှူအား အမှန်တကယ်ကြိုက် မကြိုက်ကို မသိချင်ဘဲ မနေနိုင်ခဲ့ပေ။


ရန်ရှူက စန့်ရှန်းရဲ့ ပိုက်ဆံတွေကို ချစ်ပြီး စန့်ရှန်းက ဒီတိုင်း ရန်ရှူရဲ့ ခန္ဓာကိုယ်ကိုပဲ သဘောကျတာများလား...


စန့်ရှန်းက ကောင်းချင်၏ စူးစမ်းဟန်အကြည့်များကို သတိပြုမိပြီး ပြောလိုက်သည်။ 

"ရန်ရှူ အကြိုက်ဆုံးက နှစ်ခုရှိတယ်...တစ်ခုက ပိုက်ဆံ နောက်တစ်ခုက ငါပဲ..."


၎င်းကိုကြားပြီးနောက် ရန်ရှူက ပြောလိုက်သည်။

"အစ်ကိုယွီကို ပိုက်ဆံအရှေ့မှာထားပေး..."


စန့်ရှန်း: “…”

ရုတ်တရက် သူ့အချစ်ရေးက လူသိရှင်ကြားချပြရတဲ့အထိ အလွန်ပျော်စရာမကောင်းဘူးလို့ ခံစားလိုက်ရတယ်...


ရှန်းကျွင့်ကျင်းကသာ ကျယ်လောင်စွာ ရယ်မောလာခဲ့သည်။


ကောင်းချင်က မေးခွန်းထပ်မထုတ်တော့ပေ။ 


သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အရမ်း...ထူးခြားတဲ့နည်းလမ်းနဲ့ သိပ်ချစ်ကြတာ ထင်ရှားတယ်…သူတို့ရဲ့အတွေးတွေက ဒီတိုင်း သာမန်လူတွေနားမလည်နိုင်ရုံပဲ...


……….


စုတျန့်တျန့်က အင်တာနက်ပေါ်ရှိ သတင်းများကို ကြည့်ပြီး မျက်နှာဖြူရော်သွားခဲ့သည်။


ရန်ရှူက ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ပြီးဆုံးသွားလိမ့်မည်ဟု သူထင်ခဲ့သည်။ သူက အငယ်အနှောင်းဖြစ်ကာ ချမ်းသာပြီး အင်အားကြီးသောသူကိုတွယ်တက်ရန် ကြိုးစားခဲ့သောကြောင့် သူ့ဂုဏ်သတင်းက သေချာပေါက် အောက်ခြေအထိ ကျဆင်းသွားလိမ့်ပေမည်။


‌ကောင်းချင်ရဲ့လှည့်ကွက်တွေက ဒီလောက်ကောင်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...


သူမက အကွက်ရွှေ့ရန် နှစ်နာရီမျှသာ အချိန်ယူခဲ့ရပြီး ကောင်းမွန်သော မှတ်ချက်များပင် ရရှိခဲ့သည်။


ဂေးဖြစ်တာက ဘာဖြစ်နေလို့လဲ...


ရန်ရှူက ပိုတောင် ကာကွယ်ခံရသင့်သေးတယ်... ပြောရရင် သူတို့ရဲ့ လိင်စိတ်ဆန္ဒကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ရဲတဲ့သူက အများကြီးမရှိဘူး...သူတို့က ဘာအမှားမှ မလုပ်ခဲ့ကြဘူး...သူတို့က ဒီတိုင်း လိင်တူသဘောကျရုံပဲလေ...


လူအချို့က အငြင်းပွားနေကြသေးသော်လည်း သူတို့ကို ကာကွယ်ပြီး ကောင်းချီးပေးသူများလည်း ရှိနေသည်။


အငယ်အနှောင်းဆိုသော အချက်ကလည်း ပယ်ချခံလိုက်သည်။ 


ရန်ရှူမှာ တခြားဘာအတင်းအဖျင်းသတင်းတွေရှိသေးလဲ...


ဘာမှမရှိဘူး...


သူတို့၏ အချစ်ရေး ကြေညာချက်ကြောင့်ပင် မကြုံစဖူး ပို၍ကျော်ကြားလာခဲ့သည်။


ရန်ရှူ နဲ့ မစ္စတာစန့်တို့က ဆယ်နှစ်ကြာအောင် ချစ်ခဲ့ကြတာလား...


မစ္စတာစန့်ရဲ့ ဒဏ္ဍာရီဆန်ဆန်သတို့သမီးလောင်းက တကယ်တော့ ရန်ရှူလား...


မစ္စစန့်က ရန်ရှူကို အခက်မတွေ့စေခဲ့ရုံသာမက ရန်ရှူကို ကွဲပြားစွာဆက်ဆံပြီး သူ့ကို သဘောကျခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


စုတျန့်တျန့်၏ နှလုံးသားထဲ လှိုင်းလုံးများဖြင့် ပြည့်နှက်နေပြီး သူ့ကိုယ်သူ လူရွှင်တော်ကဲ့သို့ တွေးမိခဲ့သည်။ သူ၏ အတွေးနှင့် လုပ်ရပ်များကို တွေးလိုက်တိုင်း အလွန်အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပေသည်။


ရန်ရှူက ဘာလို့ အရမ်းကံကောင်းနေရတာလဲ...



📽️