Chapter 109
Viewers 12k

📽️ Chapter 109

Extra 15 : စန့်ရှန်းနှင့် ရန်ရှူတို့၏ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (5)



သူတို့ထင်သည့်အတိုင်းပင် ဖန်သားပြင်ပေါ်ရှိ ရန်ရှူ၏ မျက်နှာက ဒေါသထွက်နေဟန် ရှိပြီး သူ့ဒေါသများကို တိတ်တဆိတ်ထိန်းထားပုံရသည်။


Hostက ထပ်မေးလိုက်သည်။ 

"ဘယ်လိုအဖြစ်အပျက်မျိုးက သူ့အပေါ် အမြင်တွေ ပြောင်းသွားစေခဲ့တာလဲ..."


"ဘာအဖြစ်အပျက်ရယ်လို့ မရှိပါဘူး...တစ်နေ့ သူ ကျွန်တော့်ရှေ့မှာ ပေါ်လာတော့ ကျွန်တော် ရုတ်တရက် သူ့ဆီကနေ ဆွဲဆောင်ခံလိုက်ရတာပဲ..."


"ရုတ်တရက် ဟုတ်လား..."


"အင်း...အစက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျွန်တော် ဂရုမစိုက်ခဲ့ဘူး...ဒါပေမယ့် အဲဒီနေ့မှာ အဲဒါကိုတွေ့ပြီး တော်တော်လေးလှတာပဲဆိုတာ သဘောပေါက်သွားခဲ့တယ်..."


"ဘယ်ဟာကိုလဲ..."


"သူ့ရဲ့ ငန်းလေးလိုလည်တိုင်ကို..."


[အား ငန်းလေးလိုလည်တိုင်က အရမ်းလှတယ်လား...]


[ငါလဲ ရှူရှူရဲ့လည်ပင်းက အရမ်းလှတယ်လို့ အမြဲထင်ခဲ့တယ်...]


[အဲဒါ သူ့မျက်နှာကြောင့် မဟုတ်ဘူးတဲ့...သူ့မျက်နှာက မစ္စတာစန့်ကြိုက်တဲ့ပုံ မဟုတ်ဘူးလို့ထင်ရတယ်...ရှူရှူရေ သူနဲ့ တစ်ပွဲတစ်လမ်းနွှဲလိုက်စမ်းပါ... ]


[ဘောစ့်ရဲ့ အာရုံကိုဆွဲဆောင်ဖို့ ကြည့်ကောင်းနေဖို့တော့ လိုတယ်လေ... ]


[မစ္စတာစန့်က ဒီနေ့ အရမ်းချောတာပဲ...]


[ရှူရှူက မစ္စတာစန့် ဒီလိုမျိုးဝတ်တာ မကြိုက်ဘူးထင်တယ်...ဆွယ်တာအင်္ကျီက သူ့ရင်ဘတ်ကြွက်သားတွေကို မပေါ်လွင်စေဘူး...]


[မစ္စတာစန့်က ရင်ဘတ်ထိန်းချုပ်တဲ့ နှာဘူးလေးကို ဘယ်လို ကျေနပ်အောင်လုပ်ရမလဲဆိုတာ မသိသေးဘူးပဲ...ကျွန်မ ရှင့်အတွက် စိုးရိမ်မိတယ်...]


ရန်ရှူက ဖန်သားပြင်ကို လက်ညှိးထိုးပြကာ မေးလိုက်သည်။ 

"သူ အဲဒါက ဘာကို ဆိုလိုတာလဲ...ကျွန်တော်က သူ့အတွက် လုံလောက်အောင် မကောင်းဘူလား..."


ရန်ရှူ ဒေါသထွက်လာချိန်တွင် သူ၏တိုက်ခိုက်ရေးမုဒ်က နိုးထလာခဲ့သည်။


Hostက တစ်ခဏတာ ထိတ်လန့်သွားပြီးနောက် ရှင်းပြလိုက်သည်။ 

"တချို့လူတွေက စကားနဲ့ အတွင်းစိတ် မတူတတ်ဘူးလေ...ကျွန်တော်တို့ နောက်တစ်ခါကျရင် ပိုဂရုစိုက်ပါ့မယ်..."


Hostက စန့်ရှန်းကို ထပ်မေးခဲ့၏။ 

"ဆွေ့ဟို့ယွီအပေါ် ပထမဆုံးအမြင်က ဘယ်လိုများလဲ..."


စန့်ရှန်းက မအံ့သြချေ။ 

"ဆွေ့ဟို့ယွီရော ရှိနေတာလား..."


လုယန်ရှင်းက အံ့အားသင့်စွာ ပြောလိုက်သည်။ 

"သူတို့က အတွဲတွေဆိုပေမယ့်...သူတို့ရဲ့ IQ ကွာဟချက်က ဘာလို့ ဒီလောက်သိသာရတာလဲ..."


တန့်ယိဟန်: "ပြောရရင် သူက စီအီးအိုပဲလေ ဘယ်လိုလုပ် လွယ်လွယ်အရူးလုပ်ခံမှာလဲ..."


Hostက လျင်မြန်စွာ ပြောလိုက်သည်။ 

"ဒီတိုင်း ဖြေပေးပါ..."


စန့်ရှန်းက ခဏခန့်တွေးပြီးနောက် ပြန်ဖြေလိုက်သည်။ 

"ကျွန်တော့်မှာ သူ့အပေါ် ထင်မြင်ချက် ကြီးကြီးမားမားတော့ မရှိပါဘူး...ကျွန်တော် ပထမဆုံးအကြိမ် သူ့ကို သတိထားမိတာက သူနဲ့ဟို့မော့ ရန်ဖြစ်ပြီး ခုတင်ကို ချိုးလိုက်တဲ့အချိန်ပဲ...သူ ကျွန်တော့်ကို အကူအညီလှမ်းတောင်းတာလေ..."


[ဘာ...ခုတင်ချိုးတာလား...]


[အိပ်ရာထဲမှာ ရန်ဖြစ်ကြတာလား...ကျေးဇူးပြုပြီး ဇာတ်လမ်းကို ကျယ်ကျယ်ပြန့်ပြန့်လေး ပြောပေးလို့ရမလား... ]


[ဘယ်လို အစ်ကိုယွီနဲ့ဟို့မော့က ရန်ဖြစ်ခဲ့သေးတာလား... ]


[ရန်ဖြစ်တယ်ဆိုတာ သေချာလို့လား...အဲဒါက တခြားအားကစားတစ်ခု မဟုတ်ဘူးလား...]


Host: - "ဟို့မော့ အပေါ်ပထမဆုံးအမြင်ကရော ဘယ်လိုလဲ..."


ထိုမေးခွန်းမေးလိုက်ချိန်တွင် စန့်ရှန်းက ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။ 


ရန်ရှူက စိုးရိမ်သွားခဲ့သည်။

"ခင်ဗျားတို့ ဒီဟာမေးလို့မရဘူး တခြားဟာ မြန်မြန်ပြောင်းမေးပေး..."


မမျှော်လင့်စွာပင် စန့်ရှန်းက အဖြေပြန်ပေးလာခဲ့သည်။ 

"သူ့အပေါ် ပထမဆုံးထင်မြင်ချက်က...သူ ကျွန်တော့်ကို မုန်းနေတယ်ဆိုတာပဲ..." 


၎င်းကို နားထောင်ပြီးနောက် ရန်ရှူ ခဏတာ တိတ်ဆိတ်သွားပြီး ယခင်က သူ့ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။


အကယ်၍ စန့်ရှန်းက သူ၏အစီအစဉ်တွင်ပါဝင်ရန် မပူးပေါင်းခဲ့ပါက ယခုကဲ့သို့ အတိတ်ကို ပြန်ဆွဲထုတ်ပြီး လက်တွေ့မကျသော ပရိုဂရမ်အဖွဲ့မှ မေးခွန်းများကို မေးခံရလိမ့်မည်မဟုတ်ချေ။ 


သို့သော် စန့်ရှန်း၏မျက်နှာက တည်ငြိမ်နေခဲ့သည်။ နှစ်အတော်ကြာအောင် ဆေးကုသမှုခံနေပြီးနောက် သူ အတိတ်ကို လက်လွှတ်နိုင်သင့်ပြီဖြစ်သည်။


Host "တန့်ယိဟန်နဲ့ လုယန်ရှင်းအပေါ် အမြင်ကရော..."


စန့်ရှန်း : "တန့်ယိဟန်က သူငယ်ချင်း...လုယန်ရှင်းက သူငယ်ချင်းရဲ့ ကောင်မလေး ဒါပေမယ့် ကျွန်တော် သူနဲ့ မရင်းနှီးဘူး..." 


"မုန့်ရှင်းယာကရော..."


"မုန့်ရှင်းယာအပေါ် ထင်မြင်ချက်တော့ သိပ်မရှိပေမယ့် သူ့ဖုန်းအပေါ်ကိုတော့ ထင်မြင်ချက် ကြီးကြီးမားမားရှိတယ်..."


[ဒါဆို ပြောရရင် မစ္စတာစန့်က ဘယ်သူနဲ့မှမရင်းနှီးဘူးပေါ့... ]


[သူတိုက အတန်းဖော်ဟောင်းတွေ မဟုတ်ဘူးလား...]


[သူက ရန်ရှူနဲ့ပဲ သိတာဟ...]


Hostတွင်လည်း တူညီသော မေးခွန်းရှိပုံရကာ မေးလာခဲ့သည်။  

"အတန်းဖော်ဟောင်းတွေထဲ ဘယ်သူနဲ့ ဆက်ဆံရေးအကောင်းဆုံးလဲ..."


ရလဒ် အနေဖြင့် စန့်ရှန်း တိတ်ဆိတ်သွားခဲ့သည်။ 


သူက ထိုနှစ်များတစ်လျှောက်လုံး ဟို့မော့ကို ကျေးဇူးပြန်ဆပ်ရန် သူ့နောက်သို့ လိုက်ခဲ့သည်။ 


အဲဒီ့တော့ ငါတို့က သူငယ်ချင်းတွေလို့ ယူဆလို့ ရနိုင်တာလား...


တန့်ယိဟန်နှင့် ရှန်းကျွင့်ကျင်းကလည်း ဟို့မော့၏ သူငယ်ချင်းများဖြစ်၍ သူ့သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ 


ဘယ်သူနဲ့ ဆက်ဆံရေးအကောင်းဆုံးလဲ...


ကြည့်ရတာ ငါ့မှာမရှိဘူးထင်တယ်...


ထိုအခါမှသာ သူ့အသိစိတ်များ ပြန်ရလာခဲ့သည်။ 


သူ ဟို့မော့၏ ကျောင်းသို့သွားခဲ့ပြီးနောက် စိတ်ဖောက်ပြန်မှုရှိခဲ့ကာ သူ့ကိုယ်ပိုင်ဘဝရှိသင့်သည်ကိုပင် မေ့သွားခဲ့၏။ သူ့တွင် သူ့ကိုယ်ပိုင်သူငယ်ချင်း မရှိခဲ့သလို သူ့ကိုယ်ပိုင်ငယ်ရွယ်မှုလည်း မရှိခဲ့ချေ။


ကံကောင်းစွာဖြင့် ရန်ရှူက ပေါ်လာခဲ့သည်။ မဟုတ်ပါက သူ၏ ငယ်ရွယ်မှုက ဤအတိုင်း ပျောက်ဆုံးသွားမည်ဖြစ်သည်။                               


ထို့ကြောင့် စန့်ရှန်းက ပြန်ဖြေလိုက်သည်။

"ရန်ရှူ..."


ရန်ရှူ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး စိတ်ဖိစီးသလို ခံစားခဲ့ရသည်။ 

                                                                                        စန့်ရှန်း၏ အုံ့မှိုင်းနေသော မီးခိုးရောင်ငယ်ရွယ်မှုထဲ ရုတ်တရက် အလင်းရောင်တစ်ခုကဖောက်ထွင်း ဝင်ရောက်လာခဲ့သည်။ ၎င်းက ဆူညံပြီးကျယ်လောင်သော်လည်း သူ အလွန်သဘောကျပေသည်။ 


ရန်ရှူက ထိုအလင်းရောင်ပင်ဖြစ်သည်။


[ထူးဆန်းလိုက်တာ...ရှူရှူရဲ့ မျက်လုံးတွေက ပြောင်းလဲသွားတယ်... ]


[သူ့ရဲ့ အမူအရာက အရမ်းရှုပ်ထွေးတာပဲ ဒီဇာတ်လမ်းရဲ့နောက်ကွယ်က အကြောင်းက ဘာလဲ...]


[ဘာတွေဖြစ်နေတာလဲ... ]


[မထိတ်လန့်ကြပါနဲ့ မုန့်ရှင်းယာလည်း အခုအချိန်မှာ ငါတို့လိုပဲ စိတ်ရှုပ်နေတယ်...]


ထိုအချိန်တွင် Hostက မေးလိုက်သည်။

"မင်းမှာ သူငယ်ချင်းတွေကို ပြောချင်တာ တစ်ခုခုရှိလား..."


စန့်ရှန်း၏အဖြေက အလွန်သဘောထားကြီးလွန်းနေ၏။

"မင်းတို့ ပိုက်ဆံလိုရင် ငါ့ဆီလာခဲ့လို့ရတယ်..."


[ငါလည်း မစ္စတာစန့်လို သူငယ်ချင်းမျိုး လိုအပ်တယ်...]


[မစ္စတာ သူငယ်ချင်းဖြစ်ကြရအောင်...ငါ့မှာ ကောင်းကွက်တွေတော့မရှိပေမယ့် ငါက အရမ်းဆင်းရဲပါတယ်... ]


Host - "ဆရာရန် အတွက်ကော..."


စန့်ရှန်းက မဆိုင်းမတွဖြေလိုက်သည်။

"သူ့အတွက်က လူကိုယ်တိုင်တွေ့မှ ပြောလိုက်ပါ့မယ်..."


ဤသို့ဖြင့် အင်တာဗျူးက အလွန်ရိုးရှင်းပြီး လျင်မြန်စွာပြီးသွားခဲ့သည်။ 


ရန်ရှူက တိတ်တဆိတ်ကြည့်နေခြင်းကို အဆုံးသတ်ပြီး မတ်တပ်ထရပ်လိုက်စဉ် Host ပြောသည်ကို ကြားလိုက်ရသည်။ 

"တကယ်တော့ မစ္စတာစန့်ရဲ့ အင်တာဗျူးက ရိုက်ကူးပြီးသားပါ...သူက အစောကြီးထဲက ဧည့်ခန်းမှာထိုင်ပြီး မင်းတို့ရဲ့ အင်တာဗျူးကို ကြည့်နေတာပါ..."

 

"ကျွန်တော်တို့ဟုတ်လား...အစ်ကိုယွီက တကယ်လာတာလား..."


"အင်း...ဟုတ်တယ် မင်းရဲ့ အင်တာဗျူးကို သူတို့လည်း ကြည့်နေခဲ့တယ်..."


ရန်ရှူ ထိုနေရာတွင် နားမလည်နိုင်ခင်အထိ အတန်ကြာရပ်နေခဲ့မိသည်။ 


"ဒါဆို စန့်ရှန်းက အရင်ဆုံး အင်တာဗျူးခံရတဲ့သူပေါ့...ပြီးတော့ သူက ကျွန်တော်တို့ အင်တာဗျူးခံရတာကို စောင့်ကြည့်နေတယ်...နောက်တော့ အစ်ကိုယွီနဲ့ တခြားသူတွေက ဒုတိယအလှည့် အင်တာဗျူးခံခဲ့ရတယ်...ကျွန်တော်က နော်ကဆုံးအင်တာဗျူးခံရတဲ့သူပဲ..."


"ဟုတ်ပါတယ်..."


ရန်ရှူက ခဏတာဆွံ့အသွားပြီး လက်ကိုမြှောက်ကာ မေးလိုက်သည်။ 

"သူတို့ အခုဘယ်မှာလဲ…" 


"ကျွန်တော့်နောက်လိုက်ခဲ့ပါ..."


Hostက ဦးဆောင်သွားပြီး နောက်ဆုံးတွင် အပြင်ဘက်နေရာ၌ သူတို့တွေ့ခဲ့ကြသည်။ 


ရန်ရှူက ဆွေ့ဟို့ယွီကိုမြင်ချိန်တွင် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

" အစ်ကိုယွီ..."


ထို့နောက် သူက ပြေးသွားပြီး ဆွေ့ဟို့ယွီကို ဖက်ကာ သူ့ဘေးရှိဟို့မော့အား ကြည့်လိုက်သည်။ 

"မင်းကရော ဘာလို့ဒီမှာ ရှိနေရတာလဲ..."

 

"ငါ့ကိစ္စငါဂရုစိုက်မယ်..."

ဟို့မော့က အေးစက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။


ထို့နောက် ရန်ရှူ လှည့်ကြည့်လိုက်ရာ စန့်ရှန်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူက စန့်ရှန်း၏ အင်္ကျီကိုဆွဲကာ နှုတ်ခမ်းစူလိုက်သည်။


သို့သော် သူက စန့်ရှန်း၏ ဘေးတွင် ဤအတိုင်းလေး ရပ်နေသေးဆဲဖြစ်သည်။


[ရင်ဘတ်ထိန်းချုပ်သူက မစ္စတာစန့်ရဲ့ အဝတ်အစားတွေကို တကယ်ကြီး မကြိုက်နေတာဟေ့... ]


[သူတို့ နှစ်ယောက် အတူတူရပ်လိုက်တော့ ရှူရှူက ပိစိလေးလိုပဲ...]


[လန်းလိုက်တဲ့ဘော်ဒီကွာ... ]


ထိုအခိုက်အတန့်တွင် ပရိုဂရမ်အဖွဲ့က ကြေညာလာခဲ့သည်။

"ကျွန်တော်တို့ အခုလူတိုင်းကိုစုဝေးလိုက်ပါပြီ... ပထမဆုံးလှုပ်ရှားမှုကတော့ - သူငယ်ချင်းများကြား အပြန်အလှန်နားလည်မှု စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်..."


လူတိုင်းသဘောတူခဲ့ကြသည်။


ရန်ရှူ: "စမ်းသပ်စရာမလိုပါဘူး...ကျွန်တော်တို့ ဒီစမ်းသပ်ချက်ကို အောင်မှာမဟုတ်ဘူး..."


ဟို့မော့ - "ကျွန်တော်တို့ကြားမှာ အပြန်လှန်နားလည်မှုဆိုတာ မရှိဘူး...အပြန်အလှန်နားလည်မှုဆိုတာ ဘာလဲ..."


တန့်ယိဟန် - "ကျွန်တော့်မိန်းမနဲ့ ကျွန်တော်ကတော့ အဆင်ပြေမှာပါ..."


Hostက အပြုံးတစ်ခုဖြင့် ကြေညာလာခဲ့သည်။

"ကျွန်တော် အဖွဲ့တွေကို ကြေညာပါမယ်... ပထမအဖွဲ့က... လုယန်ရှင်းနဲ့ မုန့်ရှင်းယာပါ...ဒုတိယအဖွဲ့က ဆွေ့ဟို့ယွီနဲ့ စန့်ရှန်း... တတိယအဖွဲ့ကတော့ ရန်ရှူနဲ့ဟို့မော့ပါ...တန့်ယိဟန်က သူတို့အတွက် မေးခွန်းတွေမဲနှိုက်ပေးမှာပါ..."


ဟို့မော့က ဦးစွာငြင်းဆန်လာခဲ့သည်။

"ဒီတိုင်း ကျွန်တော့်ကိုသာ သတ်ပစ်လိုက်ပါတော့..."


ရန်ရှူကလည်း ငြင်းဆန်ခဲ့သည်။

"ကျွန်တော် အစ်ကိုယွီနဲ့ တစ်ဖွဲ့ထဲအတူနေချင်တယ်..."


ဆွေ့ဟို့ယွီနှင့် စန့်ရှန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာမှပြန်မပြောခဲ့ကြပေ။

 

လူတိုင်းက တိတ်တဆိတ် မကျေမနပ်ဖြစ်နေကြကာ ထုတ်လုပ်မှုအဖွဲ့က အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းကြောင်း စိတ်ထဲကြိတ်ပြောနေခဲ့ကြသည်။


စမ်းသပ်ချက်ခံယူရမည့် ပထမဆုံးအဖွဲ့က မုန့်ရှင်းယာနှင့် လုယန်ရှင်းတို့ ဖြစ်သည်။ ကောင်မလေးနှစ်ယောက်က အတော်လေးစိတ်လှုပ်ရှားနေကြပြီး ပျော်နေကြပုံရသည်။


စောင့်ကြည့်နေသော အဖွဲ့နှစ်ဖွဲ့ "…"


သူတို့က လုံးဝအသက်မဲ့နေကြပေသည်။


[တစ်ဖက်က အပူပိုင်းမိုးသစ်တောဖြစ်ပြီးတော့ ကျန်တဲ့တစ်ဖက်က အာတိတ်သမုဒ္ဒရာကျနေတာပဲ...]


[လူလေးယောက်စလုံး တစ်ချိန်တည်း အဆိုးမြင်နေကြပြီ...]


[ဟားဟား သူတို့ အမူအရာကိုကြည့်ပါဦး...]


[ဟို့မော့ရဲ့အမူအရာက သေဖို့အဆင်သင့်ဖြစ်နေတဲ့ပုံပဲ...]


ထို့နောက် ဒုတိယအဖွဲ့က စင်ပေါ်တက်လာခဲ့ကြသည်။


စန့်ရှန်းက ခန့်မှန်းရမည်များကို ပေါ့ပေါ့ပါးပါး ဖော်ပြခဲ့ပြီး ဆွေ့ဟို့ယွီက ကောင်းစွာခန့်မှန်းနိုင်ခဲ့သည်။


ထို့နောက် သူတို့ နေရာပြောင်းလိုက်ကြသည်။

 

ဆွေ့ဟို့ယွီက ဖော်ပြခဲ့ပြီး စန့်ရှန်းက လျင်မြန်စွာ ခန့်မှန်းနိုင်ခဲ့သည်။


သူတို့နှစ်ဦးက အံ့မခန်းအောင် မြန်ဆန်သောအရှိန်ဖြင့် မေးခွန်းများကိုဖြေခဲ့ကြသည်။


[အရမ်းမြန်တယ်ဟ... သူတို့နှစ်ယောက်က အချင်းချင်းတောင် ကြည့်မနေကြဘူး... ]


[သူတို့ရဲ့ ဝတ်ကျေတမ်းကျေသဘောထားကို ငါမြင်နေရတယ်... ]


[မြန်မြန်အဆုံးသတ်ကြရအောင်...သူတို့ နှစ်ယောက် ရုတ်တရက် ရန်ထဖြစ်မှာကို ငါကြောက်မိတယ်... လေထုက အရမ်းစိတ်ဓာတ်ကျစရာပဲ...]


တတိယအဖွဲ့ စင်ပေါ်တက်လာပြီးနောက်တွင်မူ လေထုက ချက်ချင်းပြောင်းလဲသွားခဲ့သည်။


လူနှစ်ဦးက ခန့်မှန်းရမည်များကို အလှည့်ကျဖော်ပြခဲ့ကြပြီး သူတို့၏ နောက်ဆုံးရမှတ်က 2မှတ်သာဖြစ်သည်။ ထိုနှစ်မှတ်ကလည်း ဟို့မော့၏ အဖြေများပင်။


ဂိမ်းပြီးသွားချိန်တွင် နှစ်ယောက်သား စကားများခဲ့ကြပေသည်။


ဟို့မော့က ရန်ရှူကို ကြိမ်းမောင်းလိုက်သည်။

"ငါတို့ ကမ္ဘာပျက်ကပ်ထဲရောက်သွားပြီးတော့ ဇွန်ဘီတွေက ဦးနှောက်ဖောက်စားကြမယ်ဆိုရင်တောင် မင်းဦးနှောက်ကိုတော့ စားကြမှာမဟုတ်ဘူး... သူတို့ စားမိရင်တောင် ပြန်ထွေးထုတ်လောက်တယ်..."


ရန်ရှူက ပြန်ချေပလိုက်သည် ။

"ဇွန်ဘီတွေက မင်းရဲ့ ဦးနှောက်ကိုစားချင်လို့ မင်းကိုဖမ်းရင်တောင် သူတို့ ချက်ချင်းအံ့သြသွားကြမှာ...ဘာလို့ဆို မင်းမှာ ဦးနှောက်မရှိလို့လေ..."


"ငါ့မှာ ဦးနှောက်မရှိဘူးဟုတ်လား...ငါက ငါတို့စာသင်နှစ်အဖွဲ့မှာ ပထမဆုံးကွ..."


"မင်း ပထမနေရာရခဲ့တာက အပိုနှစ်မှတ်ကြောင့်လေ...ငါ့ အစ်ကိုယွီရဲ့ လက်ရေးက မဆိုးနေဘူးဆိုရင် မင်း သူ့ကိုကျော်နိုင်ပါ့မလားကွ..."


[ကစားပွဲက သုံးမိနစ်ကြာပြီးတော့ ရန်ပွဲက နာရီဝက်ကြာတယ်...]


[သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်မုန်းတယ်ဆိုတာ မြင်နေရတယ်ဟေး...]


[မုန်းတယ်တော့မပြောနိုင်ပါဘူး...သူတို့က ဒီတိုင်းသဘောမကျနေတာ...]


နောက်ဆုံးရလဒ်-

ဒုတိယအဖွဲ့ - ၅၆

ပထမအဖွဲ့ - ၁၇ 

တတိယအဖွဲ့ - ၂


ရန်ရှူက စန့်ရှန်းကိုရှာပြီး သူ့ရင်ခွင်ထဲဝင်ကာ အလိုလိုက်ခံထားရသော ကလေးလေးကဲ့သို့ တိုင်တန်းလိုက်သည်။

"အား... သူက တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာကြီး..."


*****


အင်တာဗျူးလုပ်သည့် အိမ်အပြင်ဘက်တွင် တင်းနစ်ကွင်းတစ်ခုရှိသည်။


ပရိုဂရမ်အဖွဲ့က ၎င်းကို တမင်စီစဉ်ထားခြင်းဖြစ်ပြီး ရန်ရှူ နှင့် သူ၏သူငယ်ချင်းများက တင်းနစ်အတူကစားနိုင်ပေသည်။


ရန်ရှူနှင့် မုန့်ရှင်းယာတို့က ကွင်း၏ဘေးတစ်ဖက်၌ ရပ်ကာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားတစ်စု အတူစုဝေးသည်ကို ကြည့်နေခဲ့ကြ၏။ သူတို့၏ သိသာထင်ရှားသော အရပ်အမောင်းက သူတို့ကို ထူးထူးခြားခြား ကျစ်လစ်ပုံပေါက်စေပြီး သူတို့နှစ်ဦးကိုမူ နူးညံ့သိမ်မွေ့ပုံရစေခဲ့သည်။


မုန့်ရှင်းယာက ခဏခန့် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

"ဘော့စ်စန့်က ကျွန်မတို့နှစ်ယောက်လို အပျော်တမ်းကစားသမားပဲ ဖြစ်သင့်တာမဟုတ်ဘူးလား..."


ရန်ရှူက ခေါင်းခါပြလိုက်သည်။

"ငါတို့ အထက်တန်းတုန်းက စန့်ရှန်းက ဟို့မော့နဲ့ အတူတူလောက်ပဲ... ဟို့မော့က အမြဲပထမဆိုပေမယ့် စန့်ရှန်းလည်း ထိပ်ဆုံးစာရင်းထဲ ပါခဲ့တယ်..."


မုန့်ရှင်းယာက မေးလိုက်သည်။

"သူက အဲလောက် အစွမ်းထက်တာဆိုရင် ဘာလို့အားကစားသမားမဖြစ်လာခဲ့တာလဲ..."


"မိသားစုစီးပွားရေးလုပ်ငန်းကိုဆက်ခံတာက ပိုက်ဆံအများကြီးရလို့နေမှာပေါ့..."


"ဪ အဲဒီလိုကိုး..." 

မုန့်ရှင်းယာက သူမဘာသာတွေးကာ အတည်ပြုလိုက်သည်။ 


အဲဒီလိုပဲဖြစ်ရမယ်...


ထိုအချိန်တွင် လုယန်ရှင်းက အကြံပြုလာခဲ့သည်။

"ကျွန်မတို့လေ့ကျင့်တဲ့အချိန်တိုင်း အစ်ကိုယွီမှာ 'မင်းသေမလား ငါသေမလား' ဆိုတဲ့သဘောထားရှိတယ်...အဲဒါက ဒီလိုအချိန်မျိုးနဲ့ မသင့်တော်ဘူး...ဒီလိုလုပ်ပါလား ယာယာကို ကျွန်မဘက်ခေါ်ပြီးတော့ ကျွန်မလောင်ကုန်းက ရန်ရှူကိုခေါ်ရင်ရော..."


ဖျော်ဖြေရေးအတွက် လူအချို့ကို တွဲခေါ်ရသည်က မခက်ခဲလှပေ။


ရန်ရှူကမူ ဆန္ဒမရှိဆဲဖြစ်၏။

"ငါ ငါ့လောင်ကုန်းနဲ့ အတူနေချင်တယ်..."


လုယန်ရှင်း : "ငါ အကြံပေးသလိုသာ လုပ်စမ်းပါ...ငါနဲ့ ငါ့လောင်ကုန်းက ညင်ညင်သာသာပဲကစားတာ...စန့်ရှန်းရဲ့ ဘောလုံးက နင့်ဆီရောက်လာရင်တော့ နင့်တစ်ကိုယ်လုံး တုန်နေလိမ့်မှာ..."


ရန်ရှူက ခေါင်းကိုလှည့်ကာ စန့်ရှန်းကို ကြည့်လိုက်သည်။


စန့်ရှန်းက သူနှင့် အကြည့်ချင်းဖလှယ်ပြီး နောက်ဆုံးတွင် အလျှော့ပေးခဲ့သည်။

"ရန်ရှူကို ငါ့ဘက်ပဲခေါ်ထားလိုက်မယ်..."


ရန်ရှူက ချက်ချင်းပင် စန့်ရှန်းနှင့်ဆိုပါက ကမ္ဘာပေါ်တွင် သူ မအောင်မြင်နိုင်သော အရာ ဘာမှမရှိသကဲ့သို့ သွေးနားထင်ရောက်သွားခဲ့သည်။


[ငါတို့ ရှူရှူရဲ့သမိုင်းကို ပြန်ပြင်ပေးရတော့မှာလား...]


[ပြိုင်ဘက်က ယာယာဆိုရင် ရှူရှူက အတုံးဆုံးလူမဟုတ်လောက်ဘူးမလား...]


[နှစ်တွေအများကြာပြီးမှ သူတို့ တင်းနစ်ကစားကြတော့မယ်...ရှူရှူ အဲဒီနေရာမှာ အရမ်းဆိုးနေဦးမယ်ဆိုတာ ငါမယုံဘူး...]


စန့်ရှန်းက ဘတ်တံကို စမ်းကြည့်လိုက်၏။ ၎င်းက ချောမွေ့စွာရွေ့လျားနိုင်သောကြောင့် ၎င်းကိုယူကာ ကွင်းထဲသို့ လျှောက်သွားခဲ့သည်။


ရန်ရှူက သူ့နောက်သို့ ခုန်ပေါက်ကာလိုက်သွားသော်လည်း မောင်းထုတ်ခံလိုက်ရသည်။

"မင်း ဟိုနားမှာရပ်နေပြီး အကွာအဝေးကိုကျယ်ကျယ်ဆက်ထားထား..." 


စန့်ရှန်းက သူ့ကို ကွင်းထောင့်တွင် ရပ်ခိုင်းခဲ့သည်။ သူ့ရှေ့ရှိအလျားအတိုင်းအတာက ၈၀ စင်တီမီတာခန့်ကျယ်သည်။


ရန်ရှူက အလျားကိုကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်ပြကာ အဆင်သင့်ပြင်လိုက်သည်။


[ရှူရှူကြည့်ရတာ…ဘာမှမတိုးတက်သလိုပဲရော...]


[သမိုင်းက အမြဲတမ်း အံ့အားစရာကောင်းအောင်တူနေတော့တာပဲ...]


[ရှူရှူက သူတို့နဲ့အတူရှိရင် ငြင်းခုံနေကျဆိုတာအမှန်ပဲလား...]


[ရှူရှူ အမှတ်နည်းနည်းလောက်ရအောင် လုပ်ကြရအောင်...]


လုယန်ရှင်းနှင့် မုန့်ရှင်းယာတို့က ဘတ်တံကိုယူကာ တစ်ဖက်ကွင်းသို့သွားခဲ့ကြသည်။ လုယန်ရှင်းက သူတို့၏ နည်းဗျူဟာကို မုန့်ရှင်းယာအား စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပြီး မုန့်ရှင်းယာက ၎င်းကို အလွန်လေးနက်စွာ နားထောင်ခဲ့သည်။


လုယန်ရှင်းနှင့် မုန့်ရှင်းယာတို့က ဘတ်တံကိုင်သည့် အနေအထားအား ချိန်ညှိရမည်ကိုမြင်ချိန်တွင် ရန်ရှူ ရုတ်တရက် သူ အနိုင်ရရန် အခွင့်အရေးရှိသေးကြောင်း ခံစားလိုက်ရသည်။



📽️