Chapter 1
Viewers 118

ရှန်ဝမ့်ချိုးသည် လုရုံ ‌ ‌ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့သည်မှာ အမှန်။                                              ကိစ္စအားလုံးပြီးသွားသည့်နောက် သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံခြင်းမရှိခဲ့သည်မှာ ဆယ်စုနှစ်ဆယ်စုပင်ဖြစ်၏။ထို့အပြင် နောက်ဆုံးအတူရှိခဲ့သည့်နှစ်မှာလည်း စိတ်မချမ်းမြေ့ဖွယ်အရာများနှင့်သာ အဆုံးသတ်ခဲ့ကြရတာဖြစ်သည်။

သူ၏ ပြစ်မှုအတွက် အခြား တစ်စုံတစ်​ယောက်အား ထပ်မံအကြောင်းကြားရန် ရဲအရာရှိများကို  ဖုန်းနံပါတ် တစ်ခု ပေးခဲ့သည်။

သူပေးလိုက်သည့် ဖုန်းနံပါတ်မှာ လုရုံ၏ နံပါတ် ဟုတ် ၊ မဟုတ် ပင် မသေချာခဲ့ချေ ။

သို့သော် သူ၏ ဖုန်းနံပါတ် ဟုတ်ခဲ့လျှင် ပင်ပြဿနာမရှိ၊ ထိုသူက လူလိမ်ဖုန်းဟူ၍သာ သတ်မှတ်လိမ့်ပေမည်။ ပြောရပါကားမူရဲအရာရှိများကသာ သူ့ကို ဖုန်း နံပါတ်လိမ်လည်ပြောဆိုမှုအတွက် ဆူငေါက်ကာ ထပ်မံ၍ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်လာလိမ့်မည် မဟုတ်ပါသကား။ ယင်းကိစ္စနှင့် ပတ်သက်၍  ရဲအရာရ်ှိများသည်လည်း ပြင်းထန်စွာအပြစ်ပေးကောင်းပေးအုံးပါလိမ့်မည် ။ ထိုသို့စဥ်းစားမိသည့်တစ်ပြိုက်နက် သူသည် စိတ်သက်သာရာ ရ၍ ရဲအရာရှိများထံမှလည်း စစ်မေးခံရန် အဆင်သင့်ဖြစ်သွားလေသည် ။

မည်သို့ပင်ဆိုစေကာမူ သူသည်  လုရုံကို ဆက်သွယ်အကြောင်းကြားနိုင်ခဲ့ပါသည်။ဤမှာတင်မရပ်သေး၊ လုရုံ သည် နေ့တွင်းချင်း ရဲစခန်းသို့အမှီရောက်လာကာ ပုံမှန်ဒဏ်ငွေ အပြင် လောင်းကစားဝိုင်းတွင် ပါဝင်ကစားခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ပြစ်မှူအတွက်ပါ ဒဏ်ငွေများကို ပေးဆောင်ပေးခဲ့သည်။ 

ထို့နောက် ညှိနှိုင်းရန်အတွက်လည်း ယုံကြည်ရသော ရှေ့နေတစ်ယောက်ကိုပါ ငှားပေးလာသေးသည်။ လုရုံ၏ အကူအညီဖြင့် စခန်းတွင် အနည်းဆုံး 5 ရက်မျှသာနေခဲ့ရသည်မှာ အံ့ဩစရာတစ်ခုပင်ဖြစ်၏။


လုရုံ သည် လာကြိုမည်ဟုပြောထားသော်လည်း ရှန်ဝမ့်ချိုးမှာ စိတ်ထဲမထားခဲ့။


နွေလယ်ခေါင် နေ့တစ်နေ့၏ နေ့မွန်းတည့်ချိန်တွင်ဖြစ်သည်။


တောက်ပနေသောနေမင်းကြီးနှင့်အတူ ပန်ဇဥ်းရင်ကွဲများလည်း တစ်ရွှင်ရွှင်မြူးတူးနေကြ၏။


ရှန်ဝမ့်ချိုး သည်လည်း ဂိတ်ပေါက်အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာနေသည်။

သူ ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် လမ်းတစ်ဖက်ကမ်းတွင် နက်မှောင် ကျော့ရှင်း၍ တစ်လက်လက်ဖြစ်နေသော Mercedes E63S ကို မြင်လိုက်ရသည်။ ထိုကားကို သူ၏ ကျော့မော့သော body structure ကြောင့် " Mob getup '' ( လူထုကိိုနိုးကြားလှုပ်ကြွစေသောအရာ ) ဟုလည်း ခေါ်စမှတ်ပြုကြသည် ။ အကယ်၍ မီးလောင်ထားသည့်ကားပင် ဖြစ်စေကာမူ ၎င်း၏တန်ကြေးသည် မည်သို့မည်မျှပင် မြင့်မားနေသေးသည်မှန်းဆနိုင်သည့်ထိ ဖြစ်သည်။


သို့သော်ငြား ဤထက်ပို၍ ထင်ရှားနေသည်မှာ ယင်းကား၏နံဘေးတွင်ရပ်နေသော ပုဂ္ဂိုလ် ပင်ဖြစ်သည်။


လုရုံ သည် အထက်တန်းကျောင်းတုန်းကနှင့်ယှဥ်သော် အတော်အများပြောင်းလဲသွားပုံပေါ်သည်။


အထက်တန်းဖြစ်စဥ်အခါက လုရုံသည် ထိုင်းမှိုင်းကာ အမြဲအားငယ်လျက်ရှိသော အကျင့်မျိုးဖြစ်ခဲ့သည်။ အထက်တန်းပထမနှစ်ကတည်းမှာပင် သူ့အရပ်သည် 187cm ထိရှိနေပြီဖြစ်၏။


မိသားစုတာဝန်ကို ယူရသူမို့ အသားအရည်သည် နေလောင်၍  ၊ အရေပြားမှာလည်း ခပ်ကြမ်းကြမ်း။ ထို့အပြင် ခြေတံရှည်လက်တံရှည် နှင့်အတူ ကြွက်သားများလည်း အပြည့် ၊ အရိုးများမှာလည်း သန်မာနေပါသေးသည်။


ပြောရမည်ဆိုလျှင် တောရိုင်းမှ လွတ်လာသော၊ ပတ်ဝန်းကျင်နှင့် မအပ်စပ်သောသားရဲကြီးတစ်ကောင်နှင့် ပို၍ပင်တူနေသေး၏။ လက်တစ်ဖက်မှာလည်း မရှိသောကြောင့် လက်တစ်ဖက်ပြတ်နေသည့် တောကောင်ကြီးဟုပြောလျှင်ပို၍ပင် မှန်ပါလိမ့်မည်။


လုရုံ ငယ်စဉ်က ဆင်းရဲသော မိသားစုမှ ဆင်းသက်လာခဲ့ကြောင်းကိုလည်း ရှန်ဝမ့်ချိုး အမှတ်ရမိနေသေးသည်။ 


သူ့မှာအဝတ် နှစ်ထည် ၊ သုံးထည်ကိုပဲ ထပ်ခါထပ်ခါလျှော်ဖွတ်ပြီး ၀တ်ဆင်ခဲ့ရသည်။ ဖွာနေတဲ့ အင်္ကျီလက်အနား တွေမှစ၍ ညစ်ပတ်ပြီး ဆေးကျွတ်နေသော ဖိနပ်ထိကြည့်မည်ဆိုလျှင် သူ မည်သို့ ထိ ကြမ်းကြမ်းတမ်းတမ်း​ဖြတ်ကျော်ခဲ့ရမည် ဆိုတာကို တွေ့နိုင်သည်။


ယခုမူ သူသည် ဈေးကြီးကြီး ဝတ်စုံ နှင့် အကောင်းစား သားရေဖိနပ်ကို ဝတ်ဆင်ထားပြီး Steel တိုင်တစ်တိုင်ကဲ့သို့ပင်  အရပ် ခပ်ရှည်ရှည် ၊ ရုပ်ရည် ခန့်သန့်သန့် ဖြင့် ခန့် ညားလျက်ရှိသည်။


သူသည် အချိန်အတော်ကြာ ကြီးပွားချမ်းသာပြီး ဂုဏ်သိက္ခာရှိသူတစ်ဦးဖြစ်​နေပုံရသည် ။ ထို့​ကြောင့် အသားအရည်မှာလည်း အရင်ကလို မီးသွေးကဲ့သို့ပင် မမဲတော့သလို

ကျန်းကျန်းမာမာနှင့် ဂျုံရောင်ကဲ့သို့  ခပ်ဖြူဖြူအသားရောင် ရှိနေပြီဖြစ်သည်။ 

ယခင်က ခပ်ကြမ်းကြမ်းနှင့် မျက်ခုံးမွှေးများသည်လည်း ကျယ်ပြောလာ၍ သူ၏ ချောမောသော အသွင်အပြင်ကို ယခု မြင်တွေ့နိုင်နေပြီဖြစ်သည်။ 


သို့သော် သူသည် အေးတိအးစက်ဟန်ရှိနေဆဲ။ စူးရှသော​ မျက်လုံးများနှင့် နှုတ်ခမ်းထောင့်များရှိ ထင်းနေသောမေးရိုးများသည် သူစိမ်းများကို ဖော်ရွှေသည့်လူမျိုးမဟုတ်ကြောင်းသက်သေပြနေလျက် ရှိသည်။


သူ၏ယခင်က မှုန်ဝါးဝါး အငွေ့အသက်နှင့် မတူ ၊  ပိုမို သန်မာလာသော အငွေ့အသက်များကို ပိုင်ဆိုင်ထားပြီး ဖြစ်သည် ။


ရှန်ဝမ့်ချိုး ခံစားမိပေသည်၊ လုရုံသည် မည်သည့်အမူအရာမျှ မပြသော်လည်း သူ၏အနီတစ်ဝှိုက်လေထုမှာမူ သတိရှိကာ နိုးကြားသွားသကဲ့သို့ဖြစ်လာသည်ကိုပင်။


မှန်ပေ၏၊ ရှန်ဝမ့်ချိုး ကဲ့သို့  လူဆိုးတစ်ယောက် နှင့်  ဆက်ဆံပြောဆိုရာမှာ မည်သူကမှ ရည်ရည်မွန်မွန် ပြောဆိုနေမည်မဟုတ်။ 


သို့သော် ရှန်ဝမ့်ချိုးသည် လုရုံကို မည်သည့်အခါမှာမှ ကြောက်ရွံခြင်းမရှိခဲ့ပေ။ 


ယခုအခါတွင်လည်း ရှန်ဝမ့်ချိုး ၏ မျက်နှာသည် မြို့တံတိုင်းကဲ့သို့ပင် ပို၍အရည်ထူလာပြီဖြစ်ရာ ရဲများရှေ့ပင် ကလန်ကဆန်လုပ်ကာ အတန်းဖော်ဟောင်းတစ်ဦးနှင့် ဆက်ဆံနေပုံဖမ်းကာ ခပ်ရွဲ့ရွဲ့ ၊ ခပ်ပေါ့ပေါ့ ပြုံး​ပြနေသည် ။


သူသည် ပြုံးရွှင်လျှက်ပင် သွက်သွက်လျှောက်လာ၍ လုရုံနှင့် အလွန်ရင်းနှီးသည့်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ " ဝိုး ! လုရုံ၊ မင်း ဒီနေ့ အရမ်းချောနေပါလား။"


"နေပါဦး. . . ငါမင်းကို ဥက္ကဋ္ဌလု လို့ပဲ ခေါ်သင့်တာထင်တယ်။  ''


မည်သည့်ကိစ္စတွင်မူ ကောင်းမွန်သော ချီးမွန်းခြင်းကို အရင်ဦးစွာပြောခြင်းသည် မွန်မြတ်သင့်အရာပင်။ မည်သူကမျှ ပြုံးနေသည့်လူတစ်ဦးကို  ဖြတ်မရိုက်ဟုလို့လည်း ပြောစမှတ်​ပြုကြသေးသည်သာ။


သူသည် လုရုံ၏ ညာဘက်လက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ ယခင်က အင်္ကျီလက်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေသောနေရာလွတ်သည် ယခုအခါ သတ္တုလက်တံတစ်ခုဖြင့် ပြည့်နေလေသည်။ 

ပထမဖြတ်ခနဲ ကြည့်ရုံဖြင့် ထိုသတ္တုလက်တံကို မမြင်ခဲ့ ၊ ခပ်ဝေးဝေးမှ ကြည့်သည့်အတွက် ညာဘက်ဘက်မှာ လက်အိတ်ဝတ်ထားသယောင်သာဖြစ်နေလိမ့်မည်ပင်။


''နောက်ဆုံး အကြိမ်တွေ့ခဲ့တုန်းက မေးချင်ပေမယ့်လည်း အခု မင်းတပ်ထားတဲ့ ဒီ လက်တုက တကယ် လန်းတယ် . . . ''


လုရုံ သည် သူ၏လက်တုကို အနည်းငယ် မြှောက်ပေးလာ၏။ 


ရှန်ဝမ့်ချိုး သည် လက်တစ်ဖက်က ထို သတ္တုလက်ဖဝါးများကို ထိထားလိုက်ပြီး ကျန်တစ်ဖက်ကို နဂိုအတိုင်းပင် ချထားလိုက်သည်။


နွေရာသီဖြစ်သည့် အတွက် ထိုလက်တံသည်လည်း နေပူဒဏ်ကြောင့် သာမန်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့  ပူ စ ပြုလာသည်မှာ သဘာဝပင်။ 


သို့သော် ပွတ်တိုက်မှုအတွက်အဆင်ပြေစေရန် ထိုသတ္တုမျက်နှာပြင်သည် ​အေးခဲသလိုလေးဖြစ်လာ၏။


ရှန်ဝမ့်ချိုး၏ လက်ချောင်းများသည် ထိုသတ္တုလက်တုကို ပွတ်ထိလိုက်သောအခါဝယ် အနည်းငယ် တုန်လှုပ်သွားသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။


လုရုံတစ်ယောက် ကလိထိုးခံလိုက်ရသလို ခံစားရသည်မှာ သူမသိ။


ရှန်ဝမ့်ချိုးလည်း အံ့သြသင့်သွားပြီး မေးလိုက်သည်။

" မင်းရဲ့ စက်လက်ချောင်းတွေက ဒီလောက် သွက်သွက်လက်လက် လှုပ်ရှားနိုင်တာလား။ " 


လုရုံ က ခေါင်းညိတ်ပြီး "နောက်ဆုံးပေါ် သုတေသနတွေ နဲ့ နည်းပညာတွေကို သုံးပြီး ကြွက်သားနဲ့ အာရုံကြော ပူးပေါင်းပေးတဲ့ကဏ္ဍ ကို ဖန်တီးထားတာဆိုတော့ ဒီလက်က  လုပ်ဆောင်မှုတွေ  အများကြီး ကို သေသေချာချာ လုပ်ဆောင်နိုင်တယ်လေ။ "


ရှန်ဝမ့်ချိုးက အံ့ဩစွာဖြင့်  "အဲ့တာဆို ဒါက ဈေးအရမ်းကြီးမှာပေါ့၊ဟုတ်တယ်မလား?''


လုရုံ သည် ခပ်ဖြေးဖြေးလေးဖြင့်သာအေးအေးလူလူ ပြန်ဖြေလာသည်။ "အင်း၊အမေရိကန်ဒေါ်လာ ရှစ်သိန်းလောက်ပေါ့။ '' 


ထိုစကား ပြောပြီးနောက် လုရုံသည် ရှန်ဝမ့်ချိုးကိုဆွဲခေါ် ရင်း ပြောလာသည်။" ကားထဲ အရင်ဝင်ကြတာပေါ့ ။" 


ရှန်ဝမ့်ချိုး၏ဗိုက်သည် အချိန်ကိုက်ပင် မြည်လာလေသည်။ သူ့မှာ ရှက်ရွံ့စွာ ပြုံးပြီး လုရုံ ကို ဆွဲလျက် ပြောလိုက်ရ၏။ "ငါ ဘာမှ မစားရသေးဘူး။ ဗိုက်ဆာနေပြီ ။.ပြီးတော့ ဒီအနားမှာ ​ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိတယ်။ အဲ့ဒီဆိုင်က စျေးလည်းသက်သာပြီး စားလို့လည်းကောင်းတယ်။ ငါအပြင် ထွက်တိုင်း ဒီမှာပဲ ငါအမြဲစားနေကျလေ။ ဒီတစ်ခါ​တော့ ​​မင်းကိုပါ ခေါ်သွားမယ်။ ''


ခြေနှစ်လှမ်းမျှ လျှောက်ပြီးသည့်နောက် တစ်ခုခုကို သတိရသွားဟန်တူသည်။ လုရုံကို ပြုံးလျက် လှည့်ကြည့်လာ၍ ဆိုလာသည်။ "ငါ ပိုက်ဆံမယူခဲ့မိဘူး။ အဲ့ဒါ ကျေးဇူးပြုပြီးဒီတစ်ခါတော့ ငါ့အတွက် မင်းရှင်းပေးပါနော်၊တာ့ရုံ*''


(* စပြီးခေါ်တဲ့သဘောပါ။ 大庸 ဆိုတဲ့ nickname ရှိတဲ့ မြို့နာမည်ကို လုရုံက ရုံနဲ့ သံတူကြောင်းကွဲ ပုံစံမျိုးခေါ်တာပါ။)


တာ့ရုံ ဟူသောအမည်သည် လုရုံ ၏ ငယ်ဘဝအတွေးများကို ရုတ်တရက်ပြန်ခေါ်လာ၍ သူ့အား မှင်တက်သွားစေသည်မှာ အမှန်။ 


လက်ရှိ ရှန်ဝမ့်ချိုး သည် ရုပ်ပျက်ဆင်းပျက်နှင့် ဖျော့တော့သောပုံပေါက်နေသော်လည်း သူရယ်လိုက်သောအခါတွင်မူ တိမ်မြုပ်နေသောရတနာအလား ယခင်ကဲ့သို့ ထက်မြက်မှူများပေါ်လာ​နေသေးသည်။


သူသည် ဤနှစ်များတစ်လျှောက်လုံး သူတို့နှစ်ဦး ခွဲခွာခြင်း မရှိခဲ့ဟု ​ခေတ္တ ခဏခံစားလိုက်ရပြီး  ရှန်ဝမ့်ချိုး မှာလည်း သူ့အပေါ်၌ လုံးဝမုန်းတီးခြင်းမရှိပေ။


.........


အထက်တန်းကျောင်း မှတ်ပုံတင် တင်သည့် နေ့မှာ နေ အရမ်းပူပြီး သူ့ဖိနပ်အောက်ခြေများ အရည်ပျော်သွားသလို ခံစားခဲ့ရသည်။


သူ့အဖေသည် ကျောင်းအဆောင်မှာ နေနေသည့်အတွက် သူ့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ပေးခဲ့သည်။ 


သူသည် ပုဝါ၊ ခေါင်းအုံး၊ ဖျာ နှင့် နေ့စဉ်လိုအပ်သော အသုံးအဆောင်ပစ္စည်းအချို့ပါရှိသော နိုင်လွန်ကြီးတစ်လုံးကို သယ်ဆောင်လာသည်။ အမှိုက်စုဆောင်းရာတွင် အများအားဖြင့် အသုံးပြုလေ့ရှိသည့် လျှပ်စစ်သုံး သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်လာတာဖြစ်၏။


လမ်း၌ ကားတစ်စီးကို အမှတ်တမဲ့ ခြစ်မိသွားပြီး တစ်ချက်လှည့်ကြည့်လိုက်သည့်အခါတွင် ထိုကားမှာ  အလွန်စျေးကြီးမှန်း သားအဖ နှစ်ယောက် သိလိုက်ရ၏။


ကားပိုင်ရှင်သည်လည်း ကားထဲမှ ဆင်းလာသည်။ 


သူသည် ရည်မွန်ပုံရသော လူလတ်ပိုင်း သူဋ္ဌေးတစ်ဦးဖြစ်သည်။ ခြစ်ရာတွေကို ကြည့်၍ သားအဖနှစ်ဦးကိုလည်း ကြည့်လာ၏။ 


သက်ပြင်းချကာ လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းပြီး ပြော၏။“မေ့လိုက်ပါ၊ ကားကအာမခံရှိသေးတယ်၊ ပေးစရာ မလိုပါဘူး။ “


သူ၏အဖေလည်း  စိတ်ပူပြီး ရိုးသားစွာဖြင့်ပြန်ပြောလိုက်သည်။ “မဟုတ်တာဗျာ ၊ မဟုတ်တာ၊ ဒါက ပေးရမှာပါပဲ။ ဒါပေမဲ့ ခင်ဗျားကို ပေးချေဖို့ ကျွန်တော့်မှာ  အခု ပိုက်ဆံမရှိသေးဘူးဗျ ။ အဲ့တာ ဖုန်းဆက်ဖို့ ဖုန်းနံပါတ်ချန်ထားလို့ရမလား။ကျွန်တော် ခင်ဗျားကို နောက်နေ့ ပေးပါ့မယ်။ဒါမှမဟုတ် မနက်ဖြန်ဆိုရင်ရော လူကြီးမင်း အဆင်ပြေမလားဗျ။"


ထိုအချိန်တွင် ကားနောက်ခန်းရှိ ပြတင်းပေါက်မှန်သည် လှိမ့်ဆင်းသွားကာ လုရုံသည် ခေါင်းတစ်လုံး ထွက်လာတာကို တွေ့လိုက်ရသည်။


13 နှစ်  သို့မဟုတ် 16 နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပြီး သူက အမြန်ပင် နှိုးဆော်လာသည်။“ဖေဖေ၊ မြန်မြန်လုပ်ပါ။" သားတို့နောက်ကျရင် အိပ်ဆောင်ထဲမှာ နေရာကောင်းကောင်း ရမှာမဟုတ်တော့ဘူး။”


စကားပြောနေစဉ်တွင် ကောင်လေးသည် လုရုံ ကို ကားထဲမှတဆင့် ဖြတ်ခနဲကြည့်လာသည်။


သူတို့နှစ်ဦး၏ အကြည့်များမှာ ဆုံသွားခဲ့ချေ၏။


ထိုကောင်လေးသည် အလွန်ကြည့်ကောင်းသည်၊ ဖြူစင်သော အသားအရည် ၊ ကြည်လင်သော မျက်လုံး၊ ရှည်လျားပြီး ထူထဲသော မျက်တောင်များနှင့် စိုစွတ်သော နှုတ်ခမ်းနီများ ရှိသည်။ သူ၏ ပုံပန်း သဏ္ဍာန်သည် လန်းဆန်းပြီး နူးညံ့ပုံပေါ်သသည်။ 

လုရုံသည် ဤမျှလှပသောလူတစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး ယောက်ျားဖြစ်သည် ၊ မိန်းမဖြစ်သည်ဟုပင် ဂရုမထားနိုင်တော့ဘဲ အံ့သြမှင်သက်သွားခဲ့ရသည်။


ကောင်လေး၏မျက်လုံးမှာ ဝိုင်းစက်လာပြီး ကြင်နာစွာ မေးလာလေသည်။“ အာ  မင်း အပူလျပ်ထားတာလား။ မင်းမျက်နှာက အခု အရမ်းနီနေတယ်နော်။"


ထိုသို့ပြောပြီးနောက်တွင် လုရုံ၏ညာဘက်လက် အင်္ကျီအနေအထားကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ 


အလုပ်လုပ်ရလွယ်ကူစေရန် အင်္ကျီလက်ဗလာ(လက်တစ်ဖက်မပါ၍ဗလာဖြစ်​နေခြင်း) ကို  လုံး၍ထုံးထားလျှက်ပင်။


လုရုံ၏ မျက်နှာသည် ပို၍ပင်နီရဲလာကာ ခေါင်းရမ်းပြီး မပီမသဖြင့် ဝေဝါးဝါးရေရွတ်လာလေသည်။


ကောင်လေးမှာ ပြန်လှည့်သွား၍ ကားအတွင်းရှိ freezer အသေးလေးမှ ကိုလာတစ်ဗူးကို ထုတ်ယူလိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်သို့ လက်ဆန့်လျက် သူ့ကို ကမ်းပေးလာလေသည်။ "ရော့၊ မင်းမျက်နှာအေးသွားအောင်။"


လုရုံ ထိုအရာကိုယူလိုက်၏။ "ကျေးဇူးပါ။"


သူတို့၏မိဘများမှာလည်း အချင်းချင်း ဆက်သွယ်ရန် နံပါတ်များလဲလှည်ကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ လမ်းခွဲခဲ့ကြာပြီး သက်ဆိုင်ရာဆီသို့ ပြန်သွားခဲ့ကြသည်။


လုရုံသည် သုံးဘီးဆိုင်ကယ်၏ အရှေ့ခုံတွင် ထိုင်နေလျက်။ သူ ထိုလှပသောကောင်ကလေးကို လမ်းတစ်လျှောက်တွေ့လာခဲ့ရသည်။ သူသည် ထိုသူတို့နှင့် သွားရာလမ်းကြောင်းတူနေကြောင်းကို သတိထားမိသွားသည်။ သူ့မှာ နောက်ကြည့်မှန်မှာတဆင့် ကြိမ်ဖန်များစွာ သူတို့ကိို ကြည့်နေမိ၏။


ထိုကား၏အနောက်ဘက်ပြတင်းပေါက်တွင် သိုးအရုပ်များစွာကို ချိတ်ဆွဲထားပေသည်။ လုရုံ၏အမြင်မှ ကြည့်လျှင်မူ သူတို့မှာ ကောင်လေး၏မျက်နှာကိုဝန်းရံနေကြသည့် သဏ္ဌာန်ပင်။ သို့သော်ငြား ထိုအရုပ်များမှာ ကောင်လေးကဲ့သို့တော့ ချစ်ဖွယ်ရာမကောင်းခဲ့ပေ။


ထိုသူသည် အလွန်ချစ်စရာကောင်းလှ၏။


လုရုံမှာ သူ့ဆီမှ အကြည့်မလွဲနိုင်ဘဲ နူးညံ့စွာရေရွတ်မိရတော့သည်။ "...သခင်ငယ်လေး။" 


သူသည် သူတို့နှစ်ဦးလုံးမှာ ကျောင်းတစ်ခုတည်းကို သွားဖြစ်ကြကာ စာသင်ခန်း၏အပြင်ဘက်တွင် ရပ်နေရလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။


သူတို့သည် ဆရာမထံသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိကြောင်း သတင်းပို့ကြရသည်။


လုရုံမှာ စာသင်ခန်းတံခါးရောက်သည့်အချိန်တွင် ချွေးများစိုရွဲနေပြီဖြစ်သည်။ သူသည် 

ရှန်ဝမ့်ချိုးကို စင်ပေါ်တွင် ဆရာမကိုမိတ်ဆက်နေသည်ကို တွေ့လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့။ သူ့မှာ နေရာမှန်ကန်ကြောင်းစစ်ရန် သူရောက်နေသောအခန်းကိုပင် တစ်ချက် ပြန်စစ်မိရ၏။ သူ၏နှလုံးသားမှာ နှစ်ချက်မျှ ခုန်ပြေးသွားပြီးကာမှ သူတို့သည် တစ်ခန်းတည်းဖြစ်လိမ့်မည်ဖြစ်ကြောင်းကို နားလည်သွားရတော့သည်။


သူသည် နေရှိန်ကြောင့် ချွေးများရွဲလို့နေပြီး သူ စိတ်လှုပ်ရှားလာသောအခါတွင် ပို၍ပင် ချွေးထွက်လာရသည်။ သို့သော် ရှန်ဝမ့်ချိုးမှာတော့ လန်းဆန်းကာ သန့်ရှင်းနေသည့်ပုံရှိနေဆဲပင်။ သူ လျှောက်သွား၍ ရှန်ဝမ့်ချိုး၏နောက်ဘက်တွင် ရပ်လိုက်၏၊ ထိုကောင်လေး၏ခန္ဓာကိုယ်မှ မွှေးရနံ့ကလည်း သင်းပျံ့နေလေသည်။


လုရုံမှာ မထိန်းနိုင်စွာဖြင့် ထပ်မံတစ်ခါ ရှက်သွေးဖြာမိရပြန်သည်။


သူသည် ချဥ်းကပ်ရမည်ကို ကြောက်ရွံ့မိသည်။ ရှန်ဝမ့်ချိုးက တိမ်လွှာများအထက် ကြည်လင်သော နှင်းစက်များဖြစ်၍ သူသည်ကား ကြမ်းတမ်းလှသည့် ရွံ့စေးရုပ်ထုကြီးတစ်ခုဟု ခံစားနေရ၏။


သူ ရှန်ဝမ့်ချိုး၏လက်များကို မြင်လိုက်ရသည်။ ထိုလက်များမှာကား သခင်ငယ်လေးတစ်ဦး၏လက်များပင်။ ၎င်းတို့မှာ ဆွမ်းမွှေးရွက်ကလေးများကဲ့သို့ဖြစ်နေပြီး သူ၏လက်ထိပ်ဖျားမှာလည်း ဖြူဖွေးလို့နေချေသည်။ ထိုသူသည် 'ရှန်ဝမ့်ချိုး' ဟူသော အမည်နာမကို လှပစွာ ချရေးလိုက်လေသည်။


ရှန်ဝမ့်ချိုး၊ ရှန်ဝမ့်ချိုး။


လုရုံတစ်ယောက် ထိုစကားလုံးများကို တိတ်တဆိတ် ရေရွတ်နေမိသည်။ သူ၏နှုတ်ခမ်းတစ်ဝှိုက်တွင် မွှေးရနံ့တစ်ခု တစ်ဝဲဝဲရစ်နွယ်နေသကဲ့ပင် နာမည်မှာကား အလွန်ကို နားဝင်ချိုလှသည်ဟု တွေးနေမိတော့သည်၊ ထိုနာမည်များမှာ ပိုင်ရှင်အတိုင်းပါပင်။


သူ ရေးပြီးသည့်နောက်တွင် ရှန်ဝမ့်ချိုးသည် ခေါင်းကိုလှည့်လာပြီး ရုတ်တရက်သူ့ကို မြင်သွားလေသည်။ သူက အံ့သြသွားရပြီး "ဟေး!"


လုရုံ အေးခဲသွားလေသည်။


ထို့နောက် ရှန်ဝမ့်ချိုးတစ်ယောက် အံ့သြမှုကို ရုတ်သိမ်းကာ နွေးထွေးစွာ ပြုံးပြ၍လာသည်ကို မြင်လိုက်ရ၏။ "တိုက်ဆိုင်လိုက်တာ! ငါတို့ကတကယ်တော့ အတန်းဖော်တွေဖြစ်နေတာပဲ! ငါက ရှန်ဝမ့်ချိုးပါ။"


လုရုံသည် ထိုအချိန်တုန်းက လုံးဝကို အေးခဲသွားခဲ့ရတာဖြစ်လေသည်။ သူ၏ စိတ်အစုံမှာ ဗလာဖြစ်သွားပြီး သူ၏နှလုံးခုန်သံများမှာလည်း ကျယ်လောင်လာလျက် သူ၏လက်ဖဝါးမှာလည်း ချွေးတစ်လွှာဖုံးလွှမ်းလာ၏။ ထို့နောက် မည်သို့မှန်းမသိစွာပင် သူ၏ပါးစပ်မှ လွှတ်ခနဲထွက်လို့သွားလေသည်မှာ 

"တော်တော်လေးလှတာပဲ။" ဟူ၍။


……


လုရုံ၏အာရုံမှာ ပြန်၍ရောက်ရှိလာသည်။


ရှန်ဝမ့်ချိုးမှာ တကယ်ကိုဗိုက်ဆာနေတာဖြစ်နိုင်ပေသည်၊ ထိုသူမှာ သူဌေးဖြစ်သူအား ဂရမ်၅၀စာ ခေါက်ဆွဲအပိုများ ထပ်ဆောင်း၍ထည့်ပေးရန် တောင်းဆိုနေလေသည်။


သူ၏မှတ်ဥာဏ်များအတွင်းမှ စနှိုးဝှက်မင်းသားလေးပုံရိပ်မှာ ဝေဝေဝါးဝါးဖြင့် သူ၏အရှေ့တွင်ရှိသောလူထံ ဖုံးလွှမ်းသွားလေသည်။ ထိုနောက် ပိုမို၍ရှင်းလင်းလာ၏။ 

အကြင်သူသည် ဆိုင်ရှင်ကို ဝက်သားနှပ်နံရိုးကို အပေါ်တွင် ထပ်၍ဖြူးပေးရန် တောင်းဆိုနေချေသည်။


ရှန်ဝမ့်ချိုးသည် ထပ်မံ၍မတောင်းဆိုတော့ဘဲ သူ၏ခေါင်းကိုပင် မဖော်တော့ဘဲ စတင်၍သာ စားသောက်တော့လေသည်။ သူက ပြောလာသေး၏။ "ကျေးဇူးပါ။"


သူသည် ကျေနပ်ရောင့်ရဲစွာဖြင့် စားသောက်နေချေသည်။


ရှန်ဝမ့်ချိုးသည် ပေါ့ပေါ့ပါးပါးသာ ထိုင်နေဆဲဖြစ်ပြီး သူ့ကိုမေးလာ၏။ "မင်းမှာ ဘောပင်နဲ့ စာရွက်ပါလား။"


လုရုံ checkbook နှင့် ဖောင်တိန်တစ်ချောင်းကို သူ့အိတ်ကပ်တွင်းမှယူပေးလိုက်သည်။


ရှန်ဝမ့်ချိုးလည်း စာရွက်ကို ဆုတ်ဖြဲလိုက်ကာ အနောက်ဘက်တွင် IOU * ဟု ကြမ်းတမ်းစွာရေးလိုက်သည်။ ကျသင့်ငွေမှာကား လုရုံက ကိုယ်စားရှင်းထားပြီးဖြစ်သည်။


(*I owe U လို့ရေးတာပါ။ အကြွေးမှတ်ထားဆိုတဲ့သဘောပါတဲ့။)


သူ ရေးပြီးသည့်အခါ သူ ထိုအရာများကို လုရုံရှေ့သို့ တွန်းပို့လိုက်သည်။


"ဒီမှာ။"


လုရုံက ထိုသည်ကို လက်မခံဘဲ မေးလာ၏။

"မင်းမှာ နေဖို့နေရာရှိလား။"


ရှန်ဝမ့်ချိုးက ပေါ့ပေါ့ပါးပါးပင် ပုခုံးတွန့်ပြလျက် ခေါင်းကိုကုတ်လိုက်မိ၏။ ထို့နောက် ရှက်ရွံ့စွာပင် ပြောလိုက်ရသည်။ "ငါအရင်ဆုံး ပန်းခြံထဲမှာ အိပ်ရမယ်ထင်တာပဲ။"


လုရုံက သူ၏လက်များကို စားပွဲပေါ်တွင်တင်လာသည်။ သူ အရှေ့ကိုကိုင်းညွှတ်ကာ ခပ်ပြင်းပြင်း အသက်တစ်ချက်ရှုလိုက်၏။ ထို့နောက်တွင်မှ တုန့်ဆိုင်းစွာဖြင့် ပြောလာသည်။ "အရင်ဆုံး မင်း ငါ့အိမ်မှာ လိုက်နေမလား။"


ရှန်ဝမ့်ချိုး တစ်ခဏမျှရပ်တန့်သွား၏၊ မတ်မတ်ပြန်ထိုင်၍ သူ့ကို မေးလိုက်သည်။ "မင်း မိသားစုနဲ့အတူနေလား။"


လုရုံ: "မနေဘူး။"


ရှန်ဝမ့်ချိုး: "ကောင်မလေးရော ရှိလား။"


လုရုံ: "မရှိဘူး။"


ရှန်ဝမ့်ချိုး: "ကောင်လေးရော?"


လုရုံ: "မရှိဘူး။"


"ငါတစ်ယောက်တည်းနေတာ။" လုရုံသည် စားပွဲပေါ်တွင် လက်ထောက်လိုက်ကာ သူ့ဘက်သို့ အနည်းငယ် ကိုင်းညွတ်လာလေ၏။ "အိမ်ငှားခလည်း ပေးစရာမလိုဘူး။"


ရှန်ဝမ့်ချိုးလည်း ပြုံး၍ ပျော်ရွှင်စွာပင် သဘောတူလိုက်တော့သည်။ "ကောင်းတာပေါ့။ ဒါက အခမဲ့နေထိုင်ရမှာပဲလေ။"


အဲ့ဒါဆိုရင် ငါလည်း နံနက်ဖြန်ဆိုတာ မရှိဘူးလို့သဘောထားပြီး နေရုံပဲပေါ့။


သူတွေးထားခဲ့သည်မှာ သူထိုနေရာတွင် အချိန်ကြာမြင့်စွာ နေရလိမ့်မည်မဟုတ်ဟု။


အရင်က သူ့အား ခေါ်ထားခဲ့ကြသောလူများကဲ့သို့ပင်၊ လုရုံသည်လည်း သူ၏ပြဿနာများကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဘဲ သူ့အား နှစ်ရက်အတွင်းမှာပင် စွန့်ပစ်သွားလိမ့်ဦးပေမည်။


******

Thanks for reading. 

T/n အမှားအယွင်းများ လိုအပ်ချက်များကို တွေ့ပါက အားမနာစတမ်းထောက်ပြနိုင်ပါတယ်နော်။ 


နောက်ပြီး ရှန်ဝမ့်ချိုးပါနော်။ သေချာနားထောင်ကြည့်တော့မှ 'ရှန့်' မဟုတ်ဘဲ ရှန် ဖြစ်နေလို့ပါ။