Second-Hand Love Letter
Chapter 2
ဟိုင်းဝေးလမ်းမကြီးပေါ်သို့ ကားရောက်ရှိပြီးသည့်နောက်တွင် ရှမ်ဝမ့်ချိုးတစ်ယောက် စတင်၍ ဝေဝါးစွာ မသက်မသာဖြစ်သလို ခံစားလာရတော့သည်။
သူ့တွင် ကားမူးတတ်သည့်ရောဂါမရှိပါချေ၊ သို့သော်ငြား ကြည့်ရသည်မှာ ခရီးလမ်းကား အလွန်ရှည်လျားလွန်းသည့်အတွက် ဖြစ်နိုင်ပေသည်၊ သူ အနည်းငယ် ခေါင်းမူးသလို ခံစားလာရ၏။ ဤသည်မှာ အဆီများလွန်းသော နေ့လယ်စာကြောင့်လည်း ဖြစ်နိုင်ပါ၏။ နေသည်ကား အပြင်ဘက်တွင် တောက်ပနေဆဲ။ လုရုံ၏ မာစီးဒီးကားသည်လည်း လမ်းမကြီးပေါ်တွင် မောင်းနှင်နေလျက်။ ထို့နောက် ခြောက်သွေ့သောတောင်တန်းများကြားရှိ ဥမင်လှိုဏ်ခေါင်းတွင်းသို့ ဖြတ်မောင်းနေလေသည်။ ထိုအချိန်တွင်မှ ရှန်ဝမ့်ချိုးမှာ သူသည် မေးရန်ကျန်ရှိနေသော မေးခွန်းတစ်ခုကို သတိရသွားရတော့သည်-
မည်သည့်နေရာတွင် လုရုံနေပါသနည်း။
ဖုန်းသည် အသိပေးချက်တစ်ခုဝင်လာ၍ အသံမြည်လာချေသည်။
ရှန်ဝမ့်ချိုးသည် ခေါင်းငုံ့ကာ စာသားမက်ဆေ့ချ်ကို ဖတ်လိုက်၏: နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်၊ H မြို့ ကနေ ကြိုဆိုပါတယ်! H မြို့ရဲ့ ယဥ်ကျေးမှုနှင့်ခရီးသွားဗျူရိုက နွေးထွေးစွာ အသိပေး ...
ရှန်ဝမ့်ချိုးမှာ ကြက်သေသေသွားရ၏။ ဒါ စောက်ကျိုးနည်း စီရင်စုထဲကပါ ထွက်သွားတာပဲ !
ရှန်ဝမ့်ချိုးလည်း မေးလိုက်သည်။ "မင်း ဘယ်မှာနေတာလဲ။"
လုရုံမှာ စက်ရုပ်တစ်ခုအတိုင်းပင်။ သူ ကားမောင်းနေသည်မှာ အလွန်ကြာမြင့်လှပြီးဖြစ်သော်ငြား ပင်ပန်းနေသည့်အရိပ်အရောင်ပင် မပြ။ "ငါက အခု H မြို့မှာ အလုပ်လုပ်နေတာ။"
ခဏကြာပြီးသည့်နောက် ရှန်ဝမ့်ချိုးတစ်ယောက် အံ့သြသင့်မှုများအနက်မှ မေးမြန်းလာပြန်သည်။ "... မင်း မပြောနဲ့နော်၊ H မြို့ကနေ ဒီအထိ တမင်ငါ့ကြောင့် ကားမောင်းလာတယ်လို့။"
အနက်ရောင်ကားမှာကား နေ့အချိန်နှင့်ညဥ်နက်၏နယ်နိမိတ်စည်းအကြားပြေးလွှားနေပြီး လိုဏ်ခေါင်းအတွင်းသို့ ဖြတ်မောင်းနေတာဖြစ်သည်။ ကားမှန်ပြတင်းပေါက်သို့လည်း လေသံသဲ့သဲ့ကြားနေရသည်။ လမ်းတစ်ဖက်တစ်ချက်ရှိ မီးအလင်းရောင်များမှာ ကြယ်ရောင်များက ဘေးပတ်ပတ်လည်တွင် စုဝေးလာသည့်အတိုင်း ရောက်ရှိလာကြပြီး လျင်မြန်စွာပင် အဝေးသို့ လွှင့်ပယ်သွားကြ၏။
"ဟုတ်တယ်လေ။" လုရုံက ပေါ့ပေါ့ပါးပါးပင် ဝန်ခံလာသည်။ ထို့နောက် ပြော၏။ "မင်းအိပ်ငိုက်လာရင်လည်း တစ်ရေးလောက် အိပ်လိုက်။ ငါတို့ မြို့ကိုဝင်ခါနီးပြီ။ ရှေ့မှာ မီးနီလည်းရှိမှာမဟုတ်ဘူး၊ အိမ်ကိုရောက်ဖို့ဆိုရင်တော့ နှစ်နာရီလောက်လိုဦးမယ်။"
"အနောက်ခုံမှာ စောင်တစ်ထည်ရှိတယ်။"
"မင်းကားမူးနေရင်လည်း ငါ့မှာ ကားမူးပျောက်ဆေးကပ်ခွာလေး*ရှိတယ်။"
(*motion sickness patch)
ရှန်ဝမ့်ချိုးကတော့ နားမထောင်ဖြစ်၊ သူက အခြားအကြောင်းအရာကိုသာ တွေးနေမိတာဖြစ်သည်။
လွန်ခဲ့သောငါးရက်က သူသည် မနက်နှစ်နာရီအချိန်တွင် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် သူက လုရုံကိုဆက်သွယ်ရန်အချက်အလက်များကို ရဲများထံသို့ပေးခဲ့သည်မှာမူ နံနက်၃နာရီဝန်းကျင်လောက်ဖြစ်၏။ လုရုံရောက်ရှိလာသည်မှာမူ နံနက်ရှစ်နာရီအချိန်ဖြစ်သည်။
သူ အဖမ်းခံရသည့်နေ့တွင် လုရုံသည် ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသည့်အချိန်ကတည်းက ချက်ချင်း ကားမောင်းလာမှသာ ထိုအချိန်တွင် ထိုနေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။
ရှန်ဝမ့်ချိုး၏နှုတ်ခမ်းများမှာ လှုပ်ရှားသွားရကာ ပြောလိုက်သည်။ "မင်းက လုံးဝကိုမပြောင်းလဲသေးဘူးပဲ။ မင်းကအရင်လိုမျိုး ဂရုစိုက်တတ်ပြီး တတ်လည်းတတ်နိုင် နေတုန်းပဲ။"
ရှန်ဝမ့်ချိုးသည် ထိုင်ခုံကို နောက်သို့လျောချလျက် အနောက်ခုံသို့သွားကာ သူ့ကိုယ့်သူ စောင်ဖြင့်ရစ်ပတ်လိုက်ပြီး ဆို၏။ "အဲ့ဒါဆိုရင်လည်း ငါ ခဏလေးအိပ်လိုက်ဦးမယ်။"
တစ်နာရီခွဲထက်အနည်းငယ်ပိုသောအချိန် ကျော်လွန်ပြီးနောက်။
ကားသည် မြို့တွင်းသို့မောင်းဝင်သွား၏။ မြို့ပြ၏တောက်ပသော မီးအရောင်မှာလည်း ပြတင်းပေါက်နံဘေးများမှ လျက်တပြတ်ဖြတ်လို့သွားလေသည်။
လုရုံသည် အနောက်ဘက်တွင် မည်သည့်လှုပ်ရှားမှုမျှ မကြားရတော့သည့်အခါတွင်မှသာ သူ၏မျက်လုံးများကိုမြှောက်လျက် နောက်ကြည့်မှန်မှတဆင့် ချောင်းကြည့်ရဲလေသည်။
သူသည် လက်ကိုဆန့်ထုတ်ကာ နောက်ကြည့်မှန်ကို ချိန်ညှိလိုက်သည်။ သို့မှသာ သူ နောက်ခုံရှိ ရှန်ဝမ့်ချိုးကို မြင်နိုင်မည်ဖြစ်ပေသည်။ ရှန်ဝမ့်ချိုးသည် အနောက်ခုံတွင် လှဲလျောင်းလျက် အိပ်မောကျနေပေသည်။ စောင်သည်ကား သူ့ကို အပြည့်အစုံလုံလောက်အောင်အထိ မကြီးပါချေ။ သူ၏ခြေချင်းဝတ်မှာ ထွက်လို့နေပြီး အလွန်ကို ပိန်ပါးလှသည့်သဏ္ဌာန်ပေါ်၏။
ရှန်ဝမ့်ချိုးသည်ကား ညစ်ပစ်ပေကျေကာ ပိန်လှီးလှသော လမ်းဘေးခွေးလေးတစ်ကောင်နှင့်ပင် တူနေချေတော့သည်။
–
ရဲစခန်းမှာကား ကောင်းမွန်သည့်နေရာမဟုတ်။ သူက အကြိမ်များစွာ အဖမ်းခံခဲ့ရဖူးသည်ဆိုလျှင်တောင်မျှ ထိုနေရာကား နေသားကျရန် မဖြစ်နိုင်သော နေရာပင်တည်း။ ဤရက်များအတွင်း သူသည် ကောင်းကောင်း မအိပ်စက်ခဲ့ရသည့်ပုံပင်၊ သို့သော် အံ့သြဖို့ကောင်းစွာ သူသည် နူးညံ့သော ဆိုဖာထက်တွင်တော့ အမှန်တကယ်ကို အိပ်မောကျနေတော့သည်။
……
အထက်တန်းကျောင်းပထမနှစ်၌ သူသည် အဆောင်တွင် တစ်ပတ်နေရမည်ဖြစ်ပြီး တင်းကျပ်လှသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်၏။
ရှန်ဝမ့်ချိုးကတော့ ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရသော ကလေးဖြစ်ခဲ့၍ အဆောင်နေရန်ကို အငြင်းအဆန်အတိုက်အခံဖြစ်ခဲ့ရသည်။ မျှော်လင့်ထားသလိုပါပင်၊ အဆောင်ပတ်ဝန်းကျင်မှာလည်း သူတွေးထားသည်ထက်ပင် ဆိုးဝါးနေခဲ့၏။ သံဘောင်များဖြင့်ပြုလုပ်ထားသောကုတင်များ၊ လူရှစ်ယောက်နေရသောအခန်းနှင့် အဆိုးဝါးဆုံးမှာကား သူသွားသည်ခဲ့က နောက်ကျသွားသောကြောင့် နေရာကောင်းအားလုံးမှာ ဦးသူရှိပြီးသား ဖြစ်နေခြင်းဖြစ်သည်။
ရှန်ဝမ့်ချိုး မာကျော၍ ညစ်ပတ်သော ဘုတ်ပြားများကိုကြည့်လိုက်သည်၊ ထို့နောက် တဖန် ဆေးများပင် လွှင့်ပြယ်နေပြီဖြစ်သော သစ်သားစားပွဲအဟောင်းကို ကြည့်မိပြန်သည်။ ကြမ်းပြင်ကလည်း ညစ်ပတ်သလို နံရံကလည်း ညစ်ပေနေလျက်။ သူ့မှာ မသိလိုက်ဘာသာနှင့်ပင် ဝိုးတိုးဝါးတား ရေရွတ်မိရတော့သည်။ "... ဒါက လူနေလို့ရောရလို့လား။"
သူ ပြောပြီးသည်နှင့်တပြိုက်နက်တည်း သူသည် ဆင်းရဲသောဖခင်နှင့်သားဖြစ်သူတို့မှ ပျော်ရွှင်စွာပြောနေသံကို ကြားလိုက်ရသည်။ "အခန်းက တော်တော်လေးသန့်ရှင်းတာပဲ! ကောင်းလိုက်တာ ! "
ရှန်ဝမ့်ချိုးတစ်ယောက် စို့နင့်သွားရတော့သည်။ သူ သူတို့ကို ကြည့်လိုက်မိပြီး ထိုသူများ သူ၏ရှက်ဖွယ်ရာကောင်းသောညီးငြူသံကို မကြားမိသွားစေရန် ဆုတောင်းမိရတော့သည်။ ထို့နောက် သူသည် ခေါင်းလှည့်လိုက်သည်။ သို့သော် သူသည် ကြီးမားကာ အရပ်ရှည်လျား၍အသားညိုသောထိုလူ၏အကြည့်များနှင့် တဖန်ပြန်၍စုံလိုက်ရသည်။ သူ၏နားများမှာ ချက်ချင်းကိုနီရဲသွားရပြီး ရှက်ရွံ့သွားရချေသည်။
ရှန်ဝမ့်ချိုးမြင်လိုက်ရသည်မှာ လုရုံသည် သူ၏ဖခင်ကို နှုတ်ဆက်စကားဆိုကာ ပြန်ပို့ပေးနေသောပုံပင်။
ကလေးနှစ်ယောက်ဟာ အိပ်ရာကိစ္စဆွေးနွေးကြတော့သည်။ အိပ်ရာနှစ်နေရာသာကျန်တော့သည်ပင်၊ တစ်ခုမှာအပေါ်ထပ်တွင်ဖြစ်ကာ ကျန်တစ်ခုမှာ အောက်ဖက်တွင်ဖြစ်သည်။
(နှစ်ဆင့်ကုတင်အပေါ်အောက်ပုံမျိုးပါ။)
အရပ်ရှည်၍အသားညိုသောထိုလူက သူ့ကို မေးလာ၏။ "မင်းအောက်ဘက်ကို လိုချင်လား။ အဲ့ဒါကပိုပြီး သက်တောင့်သက်သာရှိတယ်။"
ရှန်ဝမ့်ချိုး ထိုသူ၏တစ်ဖက်တည်းသောလက်မောင်းကိုကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ ထို့နောက် လေးနက်ဟန်ဆောင်ကာ ပြောလိုက်၏။ "မေ့လိုက်တော့။ ငါ အပေါ်ထက်မှာ အိပ်လိုက်မယ်။ ဒီအိပ်ရာက အရမ်းခိုင်တဲ့ပုံလည်းမပေါ်ဘူး။ မင်းကိုယ်ကြီးနဲ့အပေါ်ထပ်မှာအိပ်လို့ရှိရင် မတော်လို့ ငါ့အပေါ်သာ မတော်တဆပြိုကျသွားရင် ဘယ်လိုလုပ်မလဲ။"
လုရုံလည်း ချက်ချင်းကို သူ့ကိုယုံကြည်သွား၏။ "မင်းပြောတာမှန်တယ်။"
ထို့နောက် သူက ဒေါသတကြီးပြန်လှည့်လာပြီး ပြောလေသည်။ "ဒါပေမဲ့ ပြိုတော့မကျပါဘူး။ ငါက မဝဘူးလေ။"
ရှန်ဝမ့်ချိုးမှာ ဆွံအသွားရသည်။ "မင်းဘာလို့အဲ့လောက်တောင် တုံးရတာလဲ။ ငါက စနေရုံလေကွာ။"
ပြန်ရောက်သည့်အခါတွင် လုရုံသည် ပလက်စတစ်ဇလုံနှင့် အဝတ်စုတ်ကို နိုင်လွန်အိတ်ထဲမှ ထုတ်လိုက်သည်၊ ထို့နောက် တုန့်ဆိုင်းနေပြီးမှ အိပ်ရာနံဘေး၌ မည်သည့်အရာမျှမသိသည့်ပုံမျိုးဖြင့်ရပ်နေသော ရှန်ဝမ့်ချိုးကို မေးလိုက်သည်။ "မင်းကြည့်ရတာ သန့်ရှင်းရေးလုပ်တတ်ပုံလည်း မပေါ်ဘူး။ ငါ့ကို ကူပေးစေချင်လား။"
ရှန်ဝမ့်ချိုးပြန်၍မဖြေနိိုင်သေးခင်မှာပင် သူ၏အဖေမှာ လူတစ်ယောက်နှင့်ဝင်လာခဲ့သည်။ သူတို့က အိတ်ကြီး၊အိတ်ငယ်အသွယ်သွယ်ကို သယ်ဆောင်လာခဲ့ကြပြီး ကြည့်ရသည်မှာ သူ၏အိပ်ရာအတွက် ပဲစေ့မင်းသမီးလေး* ပင်အိပ်နိုင်လောက်သည်အထိ ပြင်ဆင်ချင်ကြသည့်ဟန်ပင်။
(*ပဲစေ့မင်းသမီးလေးပုံပြင်ပါ)
သူသည် အမြဲတစေ ကိစ္စများကို သူ့အလိုလိုသာဖြစ်ပါစေကြောင်း သဘောထားပြီးသားပင်၊ သို့သော်ငြား ဤရူးနှမ်းကာ ကြီးမားသော အရပ်ရှည်သည့် အနက်ကောင်ကြီးအရှေ့တွင်မူ သူ့မှာ ချက်ချင်းကို ရှက်သွေးဖြာသွားရပြီး ရှက်ရွံ့သည့်လေသံဖြင့် ပြောလိုက်မိသည်။ "ကျေးဇူး၊ မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့အဖေက သန့်ရှင်းရေးလုပ်ဖို့ အန်တီတစ်ယောက်ငှားထားတယ်။"
ဖေဖေရှန်လည်း လုရုံကို သတိထားမိသွားပြီး အံ့သြတကြီး ဆိုလာ၏။ "အိုး မင်းတို့ကအတန်းဖော်တွေလား။ ဟယ်လို၊ ဟယ်လို။"
သူပြောနေရင်းနှင့်ပင် သူသည် ရှန်ဝမ့်ချိုးအတွက်ပြင်ဆင်ထားသော ကြီးမားသည့်မုန့်နှင့်သစ်သီးဗီရိုကြီးအတွင်းမှ နွားနို့တစ်ဘူးကို ထုတ်ပေးလိုက်ကာ လုရုံကိုပေးလိုက်၏။ ထို့နောက် လျင်မြန်စွာ ပြောလာ၏။ "ဦးရဲ့ရှောင်ပါ့အာက တစ်ခါမှ အပြင်မှာမနေဖူးဘူးလေ။ သူက ဒီလိုတွေကိုနေသားကြဦးမှာမဟုတ်ဘူး၊ ဒါတွေကလည်း ဦးက သူ့ကိုအလိုလိုက်မိလို့ပါပဲ။ မင်းက ကြည့်ကောင်းပြီး လုပ်တတ်ကိုင်တတ်ပုံရတဲ့ကလေးပဲ။ ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးပါဦးကွာ .. "
'ရှောင်ပါ့အာ'ဟူသော အမည်နာမမှာ အခန်းထဲရှိ အခြားကျောင်းသားများက သူ့ကို လှည့်ကြည့်လာအောင် လုပ်နိုင်စွမ်းရှိပေသည်။
ရှန်ဝမ့်ချိုးမှာ သူ၏လက်များကို ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်ရပြီး ရှက်ရွံ့စွာပြောလိုက်ရ၏။ "အဖေ့! ကျွန်တော့်ကို ရှောင်ပါ့အာလို့ မခေါ်ပါနဲ့ဆိုနေ ! ကျွန်တော်က တစ်ဆယ့်ငါးနှစ်တောင် ရှိနေပြီဗျ ! "
ဖေဖေရှန်မှာ ရယ်မော၍လာပြီး သူ၏ခေါင်းကိုပုတ်လျက် ပြေလာလေသည်။ "ကျောင်းမှာ မင်းဒေါသကိုထိန်းနော်။ မင်းတကယ်လို့အရိုက်ခံရရင်တောင် အဖေမင်းကို ဂရုစိုက်မှာမဟုတ်ဘူးနော်။ မင်းဟာမင်း ရှင်းရမှာ။"
……
“ရှောင်ပါ့အာ။”
“ရှောင်ပါ့အာ၊ ငါတို့ရောက်နေပြီ။ ထတော့။"
သူ၏ဖခင်သေဆုံးသွားစဥ်ကတည်းက သူ့အား တစ်စုံတစ်ယောက်က ထိုသို့ခေါ်လာသည်ကို မကြားခဲ့ရသည်မှာ ကြာမြင့်ချေပြီ။ ရှန်ဝမ့်ချိုးမှာ တစ်ခဏမျှ ထင်ယောင်ထင်မှားဖြစ်မှုများထဲ ကျရောက်သွားရပြီး သူသည်ကား ပြန်လည်မွေးဖွားလာကာ အတိတ်သို့ ပြန်လည်ရောက်ရှိသွားသည်ဟုပင် ထင်သွားရသည်။
ထိုသည်မှာ ဤအရာအားလုံးဟာ သူ အလွန်ရှည်လျားသောအိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့သည်သာဖြစ်ကြောင်း သတိရသွားလျှင်အကောင်းဆုံးပင်။ ထို့နောက်တွင် သူနိုးထလာမည်ဖြစ်ပြီး သူသည် နှစ်သက်ဖွယ်ကောင်းသော ချမ်းသာသည့်သခင်လေးဖြစ်ဆဲဖြစ်မည်၊ အိမ်ခြေရာမဲ့ လေလွှင့်နေထိုင်သူအဖြစ်မဟုတ်ဘဲနှင့်။
ရှန်ဝမ့်ချိုး ထထိုင်လိုက်၏။ သူ၏ဝိဥာဥ်မှာကား ယခုထိတိုင် သူမနိုးထနိုင်သေးသောအိပ်မက်အတွင်းတွင် နှစ်မြှုပ်နေဆဲ။ သူ ခေါင်းမော၍ တံခါးအပြင်ဘက်တွင်ရပ်နေသော လုရုံကို ကြည့်လိုက်သည်။ "ငါ့ကို တစ်ယောက်ယောက်က 'ရှောင်ပါ့အာ'လို့ခေါ်တာ မကြားရတာ နှစ်၈၀လောက်တောင်ရှိသွားပြီ။ တစ်ခဏလောက် ငါအဲ့ဒီလိုအခေါ်ခံနေရတယ်ဆိုတာကိုတောင် အမှတ်တမဲ့ဖြစ်သွားရတယ်။"
"ရှက်စရာကြီးကွာ။ ငါတို့က အသက်တွေပဲကြီးနေကြပြီကို။"
ထို့အပြင် သူ ထိုသူနှင့်မတွေ့ရသည်မှာ ဆယ်နှစ်မျှပင် ရှိချေမည်။ ထို့သို့ဆိုလျှင် အဘယ်ကြောင့်များ လုရုံက သူ့အား သူ၏ထိုနာမည်ပြောင်နှင့် ခေါ်လာရပါသနည်း။
ရှန်ဝမ့်ချိုး လုရုံကို စိုက်ကြည့်မိ၏။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး—
ရှန်ဝမ့်ချိုးမှာ မလွယ်ကူစွာပင် ပြန်၍အကြည့်လွှဲလိုက်ရသည်။
လုရုံသည်ကား မရှက်သော်ငြား သူကတော့ ရှက်ရွံ့ပါ၏။
ရှန်ဝမ့်ချိုးက စောင်ကိုအနံခံလိုက်၍ တိုးတိုးလေး ပြောလာ၏။ "တောင်းပန်ပါတယ်။ ငါရေးမချိုးရတာ သုံးရက်ရှိပြီ၊ ငါတော်တော် အနံ့ထွက်နေတာ။ မင်းရဲ့စောင်ကိုပါ အနံ့စွဲသွားအောင် လုပ်မိပြီ။"
လုရုံက စောင်ကို ဆွဲယူလိုက်ကာ ပြောလာ၏။ "ရပါတယ်။ ငါတို့ ပြန်လျှော်လိုက်ရုံပဲလေ။"
သူတို့ ဓာတ်လှေကားဆီသို့ လျှောက်သွားဖြစ်ကြ၏။
လုရုံသည် သူ၏အခန်းသော့ကို ပွတ်ဆွဲလျက် ဓာတ်လှေကားခလုတ်မှ၁၉ထပ် ကိုနှိပ်လိုက်သည်။
ရှန်ဝမ့်ချိုး: "မင်းက တော်တော်လေးမြင့်တဲ့နေရာမျိုးနေတာပဲလား။"
လုရုံ: "မြင်ကွင်းက ကောင်းတယ်လေ။"
လုရုံသည် အတွင်း၌လှေကားတစ်ခုပါရှိသော ကြီးမားသည့် တိုက်ခန်းကျယ်ကြီးတစ်ခုတွင် နေထိုင်သည်၊ ဧရိယာအကျယ်အဝန်းမှာ ၃၀၀စတုရန်းမီတာကျော် ရှိ၏။ တိုက်ခန်းတွင်း၌ အိပ်ခန်းသုံးခု၊ ဧည့်ခန်းတစ်ခုနှင့် ကြီးမားသော ဝရံတာတစ်ခုပါရှိသည်။ အလွန်ကျယ်ဝန်းလှပေသည်။ လေထုသန့်စင်ရေးစနစ်တပ်ဆင်ထားကြောင်းလည်း ရှန်ဝမ့်ချိုး ခံစားမိသည်။ တံခါးများနှင့် ပြတင်းပေါက်များ တစ်နေကုန် ပိတ်ထားခဲ့သည်တောင်မျှ သူသည် ပိတ်လှောင်ခံထားရသကဲ့သို့ မခံစားရချေ။ တိုက်ခန်းမှာကား လှပစွာ မြေထဲပင်လယ်စတိုင် ပြင်ဆင်ခြယ်သထားသည်ပင်၊ အပြာ၊ အဖြူနှင့် အဝါတို့က အခြေခံအရောင်အဖြစ်ပြုဆင်ထားရာ သန့်ရှင်းကာ တောက်ပသည့်ဟန်ရှိသည်။ သို့သော်ငြား ဤအပြင်အဆင်မှာ သူ့ကိုတော့ ခြောက်သွေ့ကာ လူနေကင်းမဲ့ခြင်းဟူသော ခံစားချက်မျိုး ပေးစွမ်းနေ၏။
ရှန်ဝမ့်ချိုး၏အကြည့်သည် ဧည့်ခန့်းအတွင်းရှိ ကြီးမားသော ဆိုဖာကြီးထံကျရောက်သွားပြီး သူသည် ယနေ့ညတွင် ထိုနေရာတွင် အိပ်လိမ့်မည်ဟု တွေးလိုက်သည်။ ထို့နောက် ပြောလိုက်၏။ "မင်းအိမ်က အလှဆင်ထားတာ တော်တော်လေးလှတယ်။ မင်းတော်တော်လေး အားစိုက်ထုတ်ထားတာပဲ။"
လုရုံက ပြန်ဖြေလာသည်။ "ဒါတစ်ပတ်ရစ်အိမ်လေ။ မူလပိုင်ရှင်က အတွင်းပိုင်းအပြင်အဆင်ဒီဇိုင်းနာတစ်ယောက်၊ ငါက ဒီတိုင်းပဲထားလိုက်ပြီး ဘာမှမပြောင်းလိုက်တာ။"
ရှန်ဝမ့်ချိုး: "ဩ။"
သူတွေးလိုက်မိသည်။ အဘယ့်ကြောင့်များ လုရုံသည် တူညီဆဲဖြစ်နေရပါသနည်း။ သူသည် လုံးဝကို စကားဝိုင်းကို ကောင်းမွန်စွာဆက်၍မသယ်ဆောင်နိုင်ပါချေ။ ထို့အပြင် သူ့ကို အစကတည်းက ရိုးရှင်းသောအဖြေတစ်ခုသာ ပေးလိုက်လျှင် အဆင်ပြေသွားမည်မဟုတ်လော။
လုရုံကဲ့သို့သောလူမျိုးသည် ဘယ်လိုများ ဥက္ကဋ္ဌလုဖြစ်လာခဲ့ရပါနည်း။
လုရုံသည် ရှန်ဝမ့်ချိုးကို ဧည့်ခန်းအတွင်းရှိ စားပွဲရှည်ကြီးသို့ခေါ်သွားပြီး ပြော၏။ "မင်းဒီမှာ ခဏထိုင်နေဦး၊ ငါမင်းသောက်ဖို့တစ်ခုခုယူခဲ့မယ်။ ငါဟင်းချက်မလို့။"
လုရုံသည် သူ၏ဝတ်စုံအပေါ်ထပ်ကိုချွတ်လိုက်၏၊ နက်(ခ်)တိုင်ကို ဖြည်လျက် အင်္ကျီလက်များကိုလည်း ခေါက်တင်လိုက်ပြီး တစ်ဝက်ဖွင့်ထားသော မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ရှန်ဝမ့်ချိုးသည် လုရုံက ဟင်းချက်တတ်ကြောင်းနှင့် ဟင်းများကလည်း အရသာရှိလှကြောင်း သတိရသွားသည်။ လုရုံ၏မိသားစုသည် အစားအသောက်ဆိုင်လေးတစ်ခု ပိုင်ခဲ့သည်။ သူကြားသည်ကတော့ လုရုံသည် ကျောင်းမတတ်မီအရွယ်ကတည်းက ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နိုင်ကာ ခုံပုလေးပေါ်တွင်မတ်တပ်ရပ်လျက်လည်း ချက်ပြုတ်နေနိုင်ပြီဟူ၍။
လုရုံသည် ခေါက်ဆွဲကြော်ပြုလုပ်နေခြင်းဖြစ်သည်၊ ဒယ်အိုးအစွန်းကို သူ၏ ညာဘက်လက်အတုနှင့်ကိုင်ထားပြီး ဘယ်ဘက်လက်ကမူ တူဖြင့် ခေါက်ဆွဲများကို မွှေနေသည်။
အဲ့ဒီလက်အတုက ဒီလောက်လေးတဲ့အိုးနဲ့တောင် ချောချောမွတ်မွတ်အလုပ်လုပ်နိုင်တုန်းပဲလား။
ရှန်ဝမ့်ချိုးသည် သူ၏ပါးကို လက်တစ်ဖက်ဖြင့်ကိုင်လျက် နောက်သို့ဆုတ်လိုက်ကာ သိချင်စိတ်ကြီးစွာဖြင့် ပြောလိုက်သည်။ "မင်းက အခုက ဥက္ကဋ္ဌလုတောင်ဖြစ်နေပြီမဟုတ်လား။ ဘာလို့ အခုထိ ကိုယ့်ဘာသာကိုယ် ချက်နေသေးရတာလဲ။"
လုရုံသည် ချက်နေရင်း ပြန်ဖြေလာသည်။ "နေ့တိုင်းချက်ဖို့ အချိန်ရှိတာမျိုးတော့မဟုတ်ပါဘူး။ ငါ့မှာ အိမ်ပြန်ဖို့အချိန်ရှိမှ ကိုယ့်ဘာသာကိုယ်ချက်တာ၊ အဲ့ဒါက ပိုပြီးကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းတယ်လေ။"
သူ မွှေးရနံသင်းပျံ့နေသော ခေါက်ဆွဲကြော်နှစ်ပွဲကို စားပွဲပေါ်၌ချလိုက်သည်၊ ထို့နောက် လိမ္မော်သီးဖျော်ရည်နှစ်ခွက်ယူ၍ ရေခဲထည့်လိုက်သည်။
ရှန်ဝမ့်ချိုး သူ၏ပန်းကန်ကိုကြည့်လိုက်သည်၊ ထို့နောက် ကြက်ဥများ၊ ဝက်သားမွှကြော်အကုန်လုံးဟာ သူ၏ပန်းကန်တွင်သာရှိနေသလို ခံစားလိုက်ရ၏။ သူ မေးကြည့်လိုက်၏။ "ဒီလောက်အများကြီးလား။"
လုရုံက ပြော၏။ "မင်းက အရမ်းပိန်လွန်းတယ်၊ များများစား။"
လုရုံက လျင်မြန်စွာစားတော့သည်။ ရှန်ဝမ့်ချိုးမှာတော့ ဖိအားများကို ခံစားနေရချေ၏။
လုရုံကပြောသည်။ "မင်းအချိန်ယူစား။ အလျင်လိုဖို့မလိုဘူး။"
ရှန်ဝမ့်ချိုးမှာ မတတ်နိုင်ပါဘဲ အရှိန်ကိုမြှင့်မိသွားရသည်။ စားပြီးသည့်နောက်တွင် သူသည် အသိစိတ်ရှိစွာပင် ပန််းကန်များနှင့် တူများကို စတင်သိမ်းဆည်းရန်ပြင်လိုက်သည်။ လုရုံက သန့်ရှင်းရေးလုပ်ရန် အဝတ်နှစ်ခုယူလာ၍ ပြောလာ၏။
"ထားခဲ့လိုက်၊ ငါ ဆေးလိုက်မယ်။"
"အဝတ်အစားအသစ်တော့မရှိဘူး။ ငါ့ရဲ့အဝတ်ဟောင်းတွေကိုပဲ အရင်ဝတ်ထားလိုက်။ အဲ့ဒါတွေက လျှော်ပြီးသားတွေ။ နံရံမှာချိတ်ထားတဲ့ အပြာနဲ့အဖြူစပ်ထားတဲ့ပုဝါကို သုံးလို့ရတယ်။"
ရှန်ဝမ့်ချိုးသည် ဘဝတွင် ယခုလောက် ပြောစရာနားမထောင်ဖူးပါချေ။
သူက ရေကိုအကြာကြီးချိုးလိုက်သည်၊ ဆံပင်ကို အခြောက်ခံပြီးနောက် ပို၍သက်တောင့်သက်သာဖြစ်လာရသည်။
လုရုံ၏ဘေစင်မှာ ရှင်းလင်းလွန်းလှသည်၊ သွားတိုက်တံထည့်သော ခွက်နှင့် သွားတိုက်တံများမှအပ မည်သည့်အရာမှ မရှိပေ။ထိိနေရာတွင် Vaseline body lotion — တစ်ဘူးလျှင် ယွမ်တစ်ရာမျှသာ ကျသင့်ပြီး အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပေသည်။ ပုလင်းတစ်ဝက်သည်ကား အသုံးပြုပြီးဖြစ်သည်။
ရှန်ဝမ့်ချိုး ရေချိုးခန်းထဲမှထွက်လာခဲ့၏။
လုရုံမှာ ဧည့်ခန်းအတွင်းတွင် သူ့အား ထိုင်စောင့်နေ၏။ သူ့ကိုမြင်သည့်အချိန်တွင် မတ်တပ်ထရပ်ကာ ပြော၏။ "ငါနဲ့လိုက်ခဲ့။"
ရှန်ဝမ့်ချိုးမှာ မသိလိုက်ဘာသာနှင့်ပင် အိပ်ခန်းဆီကို ခေါ်သွားခဲရသည်။ လုရုံကပြောလာသည်။ "ငါ စောင်တွေရော အိပ်ရာခင်းတွေရော လဲထားပြီးပြီ။ အဲ့စောင်တွေကလည်း အရင်နေ့ကမှ လျှော်ပြီးခြောက်ထားတာ။"
ရှန်ဝမ့်ချိုး:"..."
သူတွေးခဲ့သည်မှာ လုရုသည် သူညစ်ပတ်နေခြင်းအား မနှစ်သက်မှု မဖြစ်လျှင်ပင် အဆင်ပြေလွန်းနေပြီဟု။ သို့သော် လုရုံ၏စကားလုံးများကား သူကသာ ပစ္စည်းညစ်ပတ်နေပါက မကြိုက်မည့်သူဟု ပြောနေသည့်အတိုင်း။ ထူးဆန်းလှပေ၏။
ရှန်ဝမ့်ချိုးမှာ တံခါးဝ၌သာ ရပ်နေမိကာ အထဲသို့ မဝင်မိချေ။ သူသည် ခေါင်းကိုကုတ်လျက် "ငါက ဘာပဲဖြစ်ဖြစ်ရပါတယ်။ ဒီအတိုင်း ငါ ဆိုဖာပေါ်မှာပဲအိပ်လိုက်မယ်။"
လုရုကပြန်ပြောသည်။ "ငါ ဆိုဖာပေါ်အိပ်လိုက်မယ်။"
ရှန်ဝမ့်ချိုးမှာ တစ်ခဏမျှ အေးခဲသွားရသည်။ "ဟမ်၊ အဲ့ဒါက ဧည့်ခန်းကြီးထဲမှာလေ။"
လုရုံသည် ခေါင်းညိတ်ပြသည်။ "ဒီအခန်းက တောင်ဘက်မှာရှိတာ၊ အလင်းရောင််အကောင်းဆုံးရတဲ့အခန်းပဲ။"
ဤသည်မှာ ကျီးကန်း၏အသိုက်ကို သိမ်းပိုက်လိုက်သော ချိုးဖြူငှက်မဟုတ်တော့ပြီ၊ ချိုးဖြူငှက်အား သူ၏အသိုက်ကို သိမ်းပိုက်ပေးပါရန် လာရောက်တောင်းဆိုနေသည်မှာ ကျီးကန်းသာဖြစ်နေ၏။
ရှန်ဝမ့်ချိုးသည် နောက်တစ်လှမ်းပြန်ဆုတ်လိုက်ပြီး "ငါပဲ ဆိုဖာပေါ်အိပ်လိုက်ပါ့မယ်။ ငါ ပန်းခြံထဲကခုံရှည်ပေါ်မှတောင် အိပ်ဖူးတာပဲ။ ဆိုဖာပေါ်မှာ မအိပ်နိုင်စရာအကြောင်းမရှိပါဘူး။"
ရှန်ဝမ့်ချိုးသည် နူးညံသောအပြုံးတစ်ပွင့် ထုတ်ပြလိုက်ပြီး "စောသေးတယ်နော်။ ငါ ဧည့်ခန်းထဲက တီဗီခဏလောက်ကြည့်လို့ရမလား။"
လုရုံ၏ကမ်းလှမ်းချက်မှာကား ငြင်းပယ်ခံလိုက်ရချေပြီ။ သူ၏မျက်နှာနှင့် ပုခုံးကြွက်သားများမှာ တောင့်တင်းသွားရကာ ပြောလာ၏။ "ကောင်းပြီလေ။"
ထို့နောက် သူကဆက်ပြောလာ၏။ "ငါ အလုပ်လုပ်စရာတွေ ရှိနေသေးလို့ စာကြည့်ခန်းထဲမှာရှိနေမယ်နော်။ မင်းတစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်လို့ရတယ်။"
ရှန်ဝမ့်ချိုးသည် ဆိုဖာဆီသို့တိုက်ရိုက်သွား၍ လှဲချကာ ထိုနေရာ၌အိပ်လိုက်၏။
လုရုံသည် ရှစ်နာရီခွဲတုန်းကတည်းက စာကြည့်ခန်းအတွင်းဝင်သွားတာဖြစ်သည်။ သို့သော် သူသည် ပြန်မထွက်လာသေး။ အချိန်မှာ မနက်၁နာရီမထိုးခင် အနည်းငယ်လိုသည့်အခါထိစောင့်ပြီးမှ အခန်းထဲမှထွက်လာလိုက်သည်။ သူသည် ရှန်ဝမ့်ချိုးကို "ကောင်းသောညပါ" ဟုဆိုလိုက်သည်။ ထို့နောက် ဆေးကြောပြီး အိပ်ရာဝင်တော့သည်။
"ကောင်းသောညပါ၊ ရှောင်ပါ့အာ။"
“.... ကောင်းသောညပါ၊ တာ့ရုံ။"
အခန်းမှာ တိတ်ဆိတ်မှုအတွင်း ကျရောက်သွားတော့၏။
ရှန်ဝမ်းချိုးသည် အိပ်ခန်းတံခါးပိတ်သွားသံကိုကြားလိုက်ပြီး တီဗီအသံကိုလျော့လိုက်သည်။ ငါးမိနစ်ကြာပြီးသည့်နောက်တွင် တီဗီကို ပိတ်လိုက်၏။
သူ သူ့၏လက်မောင်းကို ခေါင်းပေါ်သို့တင်ထားသည်မှာ နာရီဝက်မျှကြာသွားချေပြီ၊ သို့သော် သူအိပ်၍မပျော်နိုင်ဆဲ။
အထင်အရှားကိုပင် သူသည် အင်တာနက်ကဖေးများ၏ထိုင်ခုံများနှင့် ပန်းခြံများအတွင်းရှိ ပန်းအိပ်ရာ*များတွင် ပို၍အိပ်မောကျလွယ်သည်ပင်။
ရှန်ဝမ့်ချိုးသည် တိတ်တဆိတ်ထရပ်လိုက်၏၊ အပြင်သွားရန် တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် ဓာတ်လှေကား၏ခလုတ်ကို နှိပ်လိုက်သည်။
တုန့်ပြန့်မှုမရှိချေ။
ထပ်နှိပ်ကြည့်လိုက်၏။
တုန့်ပြန့်မှုရှိမနေဆဲ။
ကြည့်ရသည်မှာ သူသည် အခန်းကတ်မပါဘဲနှင့် အပြင်မထွက်နိုင်တော့သည့်ပုံပါပင်။
*********
Thanks for reading 💞
စာမစစ်ရသေးပါသဖြင့် အမှားများအတွက် ကြိုတင်တောင်းပန်အပ်ပါသည်🥲