Chapter 3
Viewers 30



Second-Hand Love Letter

Chapter 3 – သူသည် ပထမ၌ တိမ်းရှောင်ထွက်ပြေးရန်အတွက်သာ လုရုံအပေါ်တွင် မှီခိုချင်ခဲ့တာဖြစ်သည်။



ရှန်ဝမ့်ချိုးတစ်ယောက် တစ်ညလုံး အိပ်မရခဲ့ပေ။


လုရုံသည် သူ့ကို အကျဥ်းချထားချင်သလားဟုပင် သံသယဝင်မိ၏။


ပြောရလျှင် အရင်တစ်ချိန်တုန်းက လုရုံသည် ရူးသွားမတတ်ကို သူ့ကို သဘောကျခဲ့တာဖြစ်သည်ပင်။


ဤအချင်းအရာကြောင့်ပင် သူတို့၏ဆက်ဆံရေးမှာလည်း ပြိုလဲခဲ့ရတာဖြစ်သည်။ သူတို့သည် သူငယ်ချင်းများတောင် ဆက်၍မဖြစ်နိုင်တော့ဘဲ ဝေးကွာသွားခဲ့ရသည်မှာ၊ သူတို့သည် တစ်ဦးအပေါ်တစ်ဦးဆိုးဝါးသည့်အရာများ ဖြစ်ခဲ့သည့်အတိုင်း။


သူ့ကိုခေါ်ထားရခြင်း၏ လုံရုံ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သူ့ကို ကြိုက်နှစ်သက်ဆဲဖြစ်နေသောကြောင့်လား။ သို့မဟုတ် ထိုသူငယ်စဥ်အခါက သူ့ကြောင့်အလွန်ပင် ရှက်ရခဲ့သောကြောင့် ပြန်၍လက်စားချေလိုရခြင်းပင်လော။ သူ အဖြေကိုမစဥ်းစားနိုင်တော့ပါပေ။


ရှန်ဝမ့်ချိုးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။



မနက်ခင်း၌ အိပ်ခန်းတံခါး ဖွင့်လာသောအချိန်ဝယ် သူသည် ချက်ချင်းပင် နိုးလာသော်လည်း လုရုံ မည်သည့်အရာကို လုပ်မလဲသိချင်သောကြောင့် ပြန်၍အိပ်ချင်ယောင်ဆောင်လိုက်သည်။ 


လုရုံသည် ခြေဖျားထောက်လျက် ဆေးကြောရန်ထွက်သွား၏။


ရှန်ဝမ့်ချိုးသည် ထ၍ ကြမ်းပြင်ပေါ်၌ပင် ထိုင်ချလိုက်တော့သည်၊ ထို့နောက် မျက်မှောင်ကြုတ်လျက်ပင် တံခါးဆီသို့အကြာကြီးစိုက်ကြည့်နေသည်မှာ ၎င်းအထက်၌ အပေါက်ပင်ဖြစ်သွားစေချင်သည့်အလား။


အလုပ်ကို ဤမျှလောက် အစောကြီးသွားတော့မည်လား? ထိုသူသည်ကား သူ့ကို ဒီအတိုင်းပင် ဤနေရာတွင် ချန်ထားရစ်မည်လား။


သူ တွေးနေတုန်းတွင်ပင် လက်ဗွေရာစနစ်သော့ဆီမှ "ဒင်" ဟူသော မြည်သံကို ကြားလိုက်ရသည်။ ရှန်ဝမ့်ချိုး ထိုအချိန်ထိ မထသေး၊ လုရုံသည် အောက်ထပ်က ဆိုင်မှ ဝယ်ယူလာခဲ့သော နေ့လယ်စာဘူးနှင့် ပြန်ရောက်လာသည်။ သူသည် တံခါး၌ရပ်တန့်နေပြီး ရှန်ဝမ့်ချိုးက ကြမ်းပြင်ပေါ်တွင် ထိုင်နေသောအတွက် အံ့သြကာ ခြေလှမ်းများ ရပ်တန့်သွားသည့်ပုံပင်။


ရှန်ဝမ့်ချိုးလည်း အေးခဲသွားရ၏။ သူ၏မျက်နှာမှာလည်း ရှက်ရွံ့မှုကြောင့် နီမြန်းသွားရသည်။ လုရုံဆီမှ ဤကဲ့သို့ အပေါ်စီးမှ ငုံ၍အကြည့်ခံရသောအခါ သူ့ကိုယ်သူ ခွေးတစ်ကောင်လိုမျိုး ခံစားလာရတော့သည်။


... ကြည့်ရသည်မှာ သူ့တွင် လွန်ခဲ့သော အချိန်များစွာကတည်းက မှန်ကန်သော မိမိကိုယ့်ကိုယ်တန်ဖိုးထားမှု မရှိတော့သည့်ပုံပင်။


ရှန်ဝမ့်ချိုး ထရပ်လိုက်သည်၊ သူ၏လက်များမှာမူ မည်သည့်နေရာတွင် ထားရမည်မှန်းမသိဘဲ မရှိသည့်ဖုန်များကို ရိုက်ခါနေလိုက်သည်။ ထို့နောက် ပြောလိုက်၏။ "မင်းပြောတော့ ကိုယ့်ဘာသာကိုယ်ချက်စားတာက ပိုပြီးကျန်းမာတယ်ဆို။ ဘယ်လိုဖြစ်ပြီး fast food တွေ ဝယ်လာတာလဲ။"


လုရုံက သူ၏အနား ဧည့်ခန်းအတွင်းသို့ လျှောက်ဝင်လာကာ ပလက်စတစ်အိတ်ကို စားပွဲတွင် တင်ထားလိုက်သည်။ "မင်းအိပ်နေသေးမယ်လို့ ထင်တာ။ ငါတွေးထားတာ မင်းနိုးလာမှ ချက်ပေးမလို့ပဲ။ မင်းပင်ပန်းနေလောက်မယ်တွေးတာနဲ့ နေ့လယ်လောက်မှ နိုးမယ်ထင်ပြီး ဟင်းချက်ပေးသွားဖို့လုပ်ထားတာ။ အဲ့ဒီတော့ ဒီအတိုင်း ငါ့အတွက် ရိုးရှင်းတာလေး တစ်ခုခုဝယ်လာတာ။ အခုတော့ မင်းနိုးလာပြီဆိုတော့ ငါလည်း note ရေးချန်စရာမလိုတော့ဘူးပေါ့။"


ရှန်ဝမ့်ချိုးသည် သူ့နောက်သို့လိုက်လာ၏၊ သူ၏ဦးနှောက်သည်ကား ထူးထူးခြားခြားကို စိတ်အားသန်၍ စိတ်ပါဝင်စားရှိလာလေသည်။ ထို့နောက် သူက အနည်းငယ် စိတ်လှုပ်ရှားနေသောအသံဖြင့် ပြော၏။ "ငါကြိုးစားကြည့်ပြီးပြီ။ ဒါပေမယ့်လေ ဓာတ်လှေကားက အခန်းကတ်မပါဘဲ ဖွင့်မရဘူးဖြစ်နေတယ်။ အဲ့ဒီလိုဆိုရင် ငါအောက်ထပ်ကို ဘယ်လိုသွားရမလဲ။ မင်းမရှိတဲ့အချိန်ဆိုရင် ထွက်လို့မရဘူးဖြစ်သွားမှာပေါ့။"


လုရုံသည် သူ့ကိုပြန်ကြည့်လာ၏။ ခဏတုန့်ဆိုင်းနေပြီးမှ ပြန်ပြောလာသည်။ "အာ၊ ဓာတ်လှေကားရဲ့ညာဘက်မှာ တံခါးတစ်ခုရှိတယ်၊ အဲ့ဒါအရေးပေါ်ထွက်ပေါက်လှေကားလေ။"


"..." ရှန်ဝမ့်ချိုးတစ်ယောက်သူ၏လက်ချောင်းများကို ဘောင်းဘီအိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။


ရှန်ဝမ့်ချိုးသည် သူ၏ကြောင်တောင်တောင်နိုင်သောစိတ်ကူးယဥ်မှုများကြောင့် ရှက်ရွံ့နေရဆဲပင်။ လုရုံသည် စာကြည့်ခန်းတွင်းသို့ ဝင်သွားပြီး တစ်မိနစ်ကြာသောအခါ ပြန်ထွက်လာပြီး သူ့အတွက်လည်း အခန်းကတ်အပိုတစ်ခုယူလာလေသည်။ "ဒါကို အရင်ယူထားလိုက်ဦး။ ငါ့မှာ အခန်းကတ်ကနှစ်ခုပဲရှိတာ။ အဲ့ဒီတော့ မပျောက်စေနဲ့နော် ဂရုစိုက်။ တံခါးရဲ့လျှို့ဝှက်နံပါတ်ကကျ xxxxxx ပဲ ။"


ရှန်ဝမ့်ချိုးလည်း အခန်းကတ်ကို ယူထားလိုက်၏။


လုရုံသည် ရိုးစားစွာဖြင့် ဘဘာဝကျကျပင်မေးလာလေသည်။ "မင်းပြန်အိပ်ချင်သေးလား။ မင်းတကယ်လို့ထတော့မယ်ဆိုရင် ငါမင်းအတွက် မနက်စာပြင်ပေးခဲ့မယ်၊ ဒါပေမဲ့ စားပြီးရင်ရော ငါအလုပ်သွားရဦးမှာ။"


သူ၏ပြောဆိုမှုများမှာကား ထောက်ထားညှာတာ၍ တွေးတောပေးတတ်ကာ အကွာအဝေးတစ်ခု လည်းခြားထားသည်ပင်။


သူတို့သည် သူငယ်ချင်းများဖြစ်နေဆဲသကဲ့သို့။


ထို့နောက် လုရုံသည် ပေါက်ဆီတစ်ခြင်းစာကိုပေါင်းပေးလိုက်ပြီး တစ်ဝက်ကို သူစားလိုက်သည်။ ထို့နောက် ရုံးတက်ဝတ်စုံကိုဝတ်ဆင်လိုက်ပြီး ထွက်ခွာသွားတော့၏။


ထိုသူသည်ကား ရှန်ဝမ့်ချိုးအား အိမ်၌တစ်ဦးထားခဲ့လေသည်၊ မည်သည့်စကားမျှပင် မဆိုခဲ့ပေ။


သူထွက်သွားသည့်အခါ ရှန်ဝမ့်ချိုးလည်း တံခါးဖွင့်ကာ အပြင်ထွက်လာခဲ့လိုက်သည်။


သူ ညာဘက်ကိုလှည့်ကြည့်လိုက်၏၊ ထိုနေရာ၌ ကော်ရစ်တာတစ်ခုရှိပြီး တံခါးမှာလည်း သော့ပိတ်မထားချေ။ သူ အခန်းကတ်ကို ဓာတ်လှေကား၌ကတ်ဆွဲကြည့်လိုက်၏၊ ဓာတ်လှေကားမှာ ပွင့်လာချေ၏။



ရှန်ဝမ့်ချိုး မျက်လုံးလှန်လိုက်ပြီး သူ့ကိုယ်တိုင်၏အပြုအမူများအကြောင်း ပြန်တွေးကြည့်မိတော့သည်။ "ငတုံးကောင်။"



ရှန်ဝမ့်ချိုးသည် လှေကားဖြင့်သာ အောက်သို့ဆင်းသွားပြီး အနီးအနားဝန်ကျင်းကို လှည့်လည်ကြည့်ရူရန်ပြင်လိုက်သည်။


ဤပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများသည် အလွန်ကို ကောင်းမွန်လှပေတကား၊ သစ်ပင်ပန်းမန်များမှာလည်း ဟိုတစ်စုဒီတစ်စုပေါက်ရောက်လို့နေပြီး များစွာသော အန်တီကြီးများနှင့် အသက်ကြီးကြီးဖွားဖွားများသည် ကလေးငယ်များကို နံနက်ခင်းအချိန် နေပူဆာလုံရန် ခေါ်လာကြပေသည်။ ကလေးများသည်မှာလည်း စိတ်လက်ပေါ့ပါးစွာ ရယ်မောနေကြသည်။


သူ ဆက်လက်၍ အနီးအနားသို့ ပတ်ကြည့်လိုက်၏။


သူသည် သစ်တောတစ်ခု၏ အနက်တစ်နေရာသို့ရောက်သောအခါတွင် သူ ခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။


၎င်းသည် သေးငယ်သော "ပီပင်းစ်"(Pekingese) ခွေးအမျိုးအစားဖြစ်ပြီး ကြည့်ရသည်မှာ စွန့်ပစ်ခံထားရသည့်ပုံ။ သူသည်လည်း ထိုခွေး ဤနေရာ၌ ဤသို့လှည့်လည်သွားလာနေသည်မှာ မည်မျှကြာမြင့်နေပြီဖြစ်ကြောင်း မသိပါချေ။ ၎င်း၏ခန္ဓာကိုယ်၌ ကောင်းမွန်နေသောအရေပြား တစ်နေရာမှမရှိ၊ ထို့အပြင် အနံ့ပါထွက်နေသေးသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် အချင်းချင်းကြည့်ရှုနေကြသည်။ ရှန်ဝမ့်ချိုးသည် သူနှင့်အခြေအနေတူသောတစ်စုံတစ်ယောက်အားတွေ့လိုက်ရ၍ ဂရုဏာတစ်ချို့ ထွက်ပေါ်လာရသည်။ သို့သော်ငြား သေးငယ်သောခွေးလေးကတော့ သူ့ကို သတိအပြည့်ဖြင့် စိုက်ကြည့်ကာ မျက်နှာတည်တင်းနေပေ၏၊ ထို့အပြင် ၎င်းသည် သူ၏လည်ချောင်းအတွင်းမှပင် ခြိမ်းခြောက်ကာ မာန်ဖီနေသော အသံထွက်လာချေသည်။


ရှန်ဝမ့်ချိုးက လှောင်ရယ်ရယ်လိုက်၏။ "ဘာတွေလာလုပ်ပြနေတာလဲ။ ငါတို့ တော်တော်လေး အခြေအနေတူနေသားပဲ၊ မင်းငါနဲ့ ရင်းရင်းနှီးနှီးနေသင့်တာပေါ့။"


ခွေးကလေးမှာကား နှစ်ကြိမ်ဟောင်လာ၍ ထွက်ပြေးသွားတော့သည်။


"ပျင်းစရာပဲ။" ရှန်ဝမ့်ချိုး ရေရွတ်လိုက်ပြီး လုရုံ၏အိမ်သို့သာ ပြန်သွားလိုက်သည်။


သူသည် နံရံအပြည့်ပြတင်းပေါက်ဆီသို့ လျှောက်လာလိုက်သည်၊ အနည်းငယ် နီးကပ်သွားသောအခါ သူသည် မူးဝေလာသလို ဖြစ်နေသည့်အတွက် တုန်လှုပ်သွားရကာ သူ၏နောက်ကျော၌လည်း ချွေးအေးတစ်လွှာ ထွက်လာလေ၏။ သူသည် မျက်လုံးများကို မှိတ်ချလိုက်ပြီး ခန်းစီဆွဲချလိုက်တော့သည်။ ထို့နောက် သူဆက်လက်၍ ဆိုဖာပေါ်တွင် လဲလှောင်းလိုက်ကာ တီဗီဖွင့်၍ ဟာသအစီအစဥ်အချို့ကို ကြည့်နေလိုက်၏။ ဆက်လက်၍ ရေခဲသေတ္တာထဲမှ အအေးနှင့် ဗီရိုထဲမှ မုန့်အချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် တီဗီကြည့်၍ ရယ်မောကာ စားသောက်တော့သည်။


ဤသို့ဖြင့် ရက်တစ်ရက်ကုန်ဆုံးသွားပြန်သည်။



ညနေခင်း၌။


လုရုံသည် အလုပ်မှပြန်လာပြီး သူ့ကိုမေးလာ၏။ 

"ရှောင်ပါ့အာ၊ မင်းဒီနေ့ ဘာတွေလုပ်ဖြစ်လဲ။"


ရှန်ဝမ့်ချိုး ပြောလိုက်၏။ "အောက်ထပ်ကို လမ်းဆင်းလျှောက်တယ်၊နောက်ပြီး တီဗီကြည့်တယ်။ တော်တော်လေးတော့ ပျင်းဖို့ကောင်းတယ်။"


လုရုံသည် တစ်စုံတစ်ခုကို တွေးတောသွားသည့်ဟန်။


နောက်တစ်ရက်၌၊ လုရုံသည် အလုပ်မသွားခင် သူ့ကို delivery တစ်ခုကို လာရန်ရှိကြောင်း ပြောလာ၏။ ထို့သည်မှာ *ဂိမ်းစက်နှင့် ဂိမ်းကတ်ဖြစ်လေသည်။ အကယ်၍ သူသာ တီဗီကြည့်ရတာပျင်းပါမူ သူ ဂိမ်းကစားနိုင်မည် ဖြစ်လေသည်။

(*game console and game card)


ဂိမ်းစက်များမှာ နေ့လယ်အချိန်တွင် ရောက်ရှိလာသည်။


ထို့နောက်တွင်မူ ရှန်ဝမ့်ချိုးမှာ ဂိမ်းကစားခြင်းကို စွဲလန်းလာတော့သည်။


သူသည် ယခုနှစ်ပိုင်းတွင် ရိုးရှင်းလှသော နေ့ရက်များကြား နေထိုင်ခဲ့ရသည်၊ အင်တာနက်ကဖေးများတွင် ဂိမ်းကစားခြင်း သို့မဟုတ် လောင််းကစားလုပ်ခြင်းများပြုလုပ်လျက် လူသေတစ်ယောက်ကဲ့သို့ နေထိုင်ခဲ့သည်။


ရှန်ဝမ့်ချိုးသည် အခြားသူများထံလည်း ကပ်တွယ်၍မနေခဲ့။ သူ့တွင် အတိတ်အချိန်အခါများတုန်းကတော့ လူများစွာနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အတော်များများဆီကနေလည်း ကပ်တွယ်ခံရကာ ထောက်ပံ့ပေးခဲ့ရသည်။ ၎တို့ကို နှစ်မျိုးနှစ်စားခွဲခြားနိုင်ပေသည်။ သူတို့ဟာ အစပိုင်း၌ သူ့အား လိုလားစွာ အရင်စတင်၍ ခေါ်လာသူနှင့် သူ၏လက်ရှိပုံစံအား မကျေနပ်ကာ ကူညီရန်ကြိုးစားကြသော်လည်း မအောင်မြင်ခဲ့ကြသူများဟူ၍။ သို့သော် မည်သို့သောလူပင်ဖြစ်စေ ရက်အနည်းငယ်ကြာပြီးနောက် သူ့၌ အချိန်ကြာမြင့်စွာ နေထိိုင်မည့်အရိပ်အယောင်မျိုးတွေ့လာရသောအခါ ထိုသူတို့သည် အစပထမ၌ မသိလိုက်ဘာသာနှင့် အသိတစ်ချို့ပေးကြ၏။ ထို့နောက်တွင်မူ သေချာမရှင်းလင်းခင်တွင်ပင် သူ့ကိုအကြောင်းအမျိုးမျိုးပြကာ မောင်းထုတ်လိုက်ကြတော့သည်။ ထိုအကြောင်းပြမှာလည်း အမျိုးမျိုးကွဲပြားကြသေးပေရာ အချို့မှာကား မိဘ သို့မဟုတ် ၎င်းတို့၏ချစ်သူများက မနှစ်သက်သည့်အတွက် အဆင်မပြေခြင်းဟူ၍ ပြောကာ မောင်းထုတ်ကြ၏။


လုရုံကတော့ မတူ။


လုရုံသည်ကား သူ့အား အရင်ကတည်း ပျိုးထောင်လာခဲ့သလိုပင် ဆက်ဆံနေချေ၏။ သူ့အတွက်ရည်ရွယ်၍ဖွင့်ထားသော တံခါးဟူသည်မှာလည်း ကျယ်ဝန်းလွန်းပေစွ၊ သူစိတ်တိုင်းကျပင် ဝင်လိုကဝင်၍ ထွက်လိုက ထွက်နိုင်၏၊ သူဟူသည်မှာ လေကဲ့သို့ပင်။ သို့သော်လည်း လုရုံသည် သူ့အတွက် အစားအစာများချက်ပြုတ်ပေးကာ အလျင်းသင့်သလိုပင် သူ့အတွက် ဂိမ်းစက်လည်း ဝယ်ပေးလာသေး၏။ ထို့အပြင် သူ၏ဘဝအပေါ်ထားရှိသော အဆိုးမြင်မှုတိို့နှင့် ရှင်သန်လိုစိတ်ကင်းမဲ့မှုတို့အပေါ်လည်း မည်သည့် မှတ်ချက်မှ ပေးမလာခဲ့။


ရှန်ဝမ့်ချိုးသည် ဆိုဖာပေါ်တွင် ထိုအတိုင်း ငါးရက်မျှနေထိိုင်ခဲ့လေသည်။


အချိန်များသည်ကား မျက်လုံးတစ်မှိတ်စာအတွင်းမှာပင် ကုန်လွန်သွားပေသည်။


သူနိုးနေသည့်အချိန်များတွင် သူသည် စားသောာက်ကာ ဂိမ်းကစားမည်ဖြစ်ပြီး သူပင်ပန်းလာပါက အိပ်လိုက်ပေမည်။ သူ၏အချိန်ဇယားများမှာကား ပရမ်းပတာပင်။ နေ့တိုင်းနေ့တိုင်း သူနိုးလာချိန်၌ လုရုံက ထွက််သွားပြီးဖြစ်၏။ သူနိုးလာသည့်အချိန်တွင်မူ လုရုံက အိပ်နေချေပြီ။


လူသားဟူသည့်သတ္တဝါများမှာကား ကျေနပ်ရောင့်ရဲရန် ခက်ခဲသည့်လူများပင်။


ပထမအစ၌ သူသည် ရက်အနည်းငယ်ပို၍ကြာကြာနေရစေရန်အတွက် ယဥ်ကျေးစွာနှင့် ကောင်းမွန်စွာ နေထိုင်မည်ဟု တွေးထားတာဖြစ်သည်။ လုရုံ၏ကောင်းမွန်လှသော သဘောထားကိုတွေ့သွားသည့်အခါတွင်တော့ အထူးသဖြင့် ထိုလူက မည်သည့်အခါတွင်မှ မဆူပူ၊ မကျေနပ်မှုများမရှိကြောင်း တွေ့သွားရသည့်အခါတွင် သူသည်ကား လုရုံအိပ်နေသည့်အချိန်များ၌ ဧည့်ခန်းထဲတွင် စတင်၍ဂိမ်းများဆော့တော့သည်။


သူကစားနေရင်းနှင့်ပင် တွေးလိုက်မိသေးသည်၊ နောက်တစ်ခိုက်တန့်၌ လုရုံသည် စိတ်အနှောင့်အယှက်ဖြစ်လာသောကြောင့် အိပ်ခန်းတွင်းမှ ထွက်လာကာ သူ့အား အိမ်ပြင်သို့ မောင်းထုတ်လာနိုင်သည် ဟူ၍။


မနက်ဖြန်၊ မနက်ဖြန်တွင်တော့ လုရုံသည် သူ့ကို မောင်းထုတ်လာလောက်ပါ၏။




နံနက် ၇:၃၀ အချိန် ရှိနေပြီဖြစ်သည်။


လုရုံသည် အချိန်မီနိုးလာ၏။


သူသည် ရှန်ဝမ့်ချိုးက ဆိုဖာပေါ်တွင် လှဲလျောင်းလျက် ဟောက်နေတာကို တွေ့လိုက်ရသည်။ သူ၏ခြေထောက်မှာလည်း အပေါ်သို့ ထောင်ထားလျက် လက်ထဲတွင်လည်း ဂိမ်းစက်ကို ကိုင်ထားသေးသည်။ သူ့မှာ မထိန်းနိုင်တော့ဘဲ ပြုံးလိုက်ကာ ရေရွတ်မိရတော့သည်။ "ကလေးကျနေတာပဲ။"


အကြင််သူသည်ကား စရောက်လာတုန်းကထက် များစွာ အခြေအနေကောင်းမွန်လာပေသည်။ ပထမအစတုန်းကဆိုလျှင် ရှန်ဝမ့်ချိုးသည် ခွေခေါက်ကာ ကွေးကွေးကလေးအိပ်နေခဲ့တာဖြစ်သည်။


အရင်ကအမြဲတစေ ဗလာဟင်းလင်းဖြစ်နေသော ကော်ဖီစားပွဲမှာ ယခုအချိန်တွင်တော့ မုန့်များ၊ အအေးများအပြည့်ဖြစ်လို့နေပြီး အမှိုက်ပုံးမှာလည်း ပြည့်လျှံသည်အထိ ပစ်သိပ်ထည့်ထားသည်။


လုရုံသည် အမှိုက်များကို အမျိုးအစား အနည်းငယ်ခွဲလိုက်သည်။


သူ အလုပ်သွားသည့်အချိန်တွင်မှ သူ ယူသွားကာ အောက်ထပ်တွင် ပစ်လိုက်သည်။


ထို့နောက် သူ ကုမ္ပဏီသို့ သွားတော့သည်။ လမ်းခရီးမှာကား မိနစ်လေးဆယ်မျှ ကြာမြင့်ပေသည်။


သူ၏အလုပ်ရုံသည် H မြို့၏ မြို့ဆင်ခြေဖုံးရှိ စက်မှုဇုံတွင် တည်ဆောင်ထားတာဖြစ်ပြီး ၁၈၀၀ ဧကကျယ်ဝန်းပေ၏။ ထိုနေရာသည် သူ၏ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားသော တတိယမြောက် စက်မှုပန်းခြံတစ်ခုဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်းတွင် သူ၏တိုးတတ်လာခဲ့မှုများမှာကား ဒုံးပျံယာဥ်ကဲ့သို့ဟုပင် ဖော်ပြနိုင်ပေသည်။


သူ အထက်တန်းအောင်ပြီး နွေရာသီပိတ်ရက်အတွင်း၌ လုရုံသည် စီးပွားရေးရေးအခွင့်အလမ်းတစ်ခုကို အကြံရခဲ့ပြီး သူ၏ဖခင်ကိုလည်း ကုမ္ပဏီတစ်ခုတည်ထောင်ရန် အကြံပေးခဲ့တာဖြစ်သည်။ သူ၏တီထွင်မှုမှာ မူပိုင်ခွင့်ကျလာပြီးသည့်နောက် သူသည် ထိုတီထွင်မှုဖြင့် အရင်းအနှီးကို လေးနှစ်ဆက်တိုက် စုဆောင်းခဲ့ရသည်။ထို့နောက်တွင်မူ သူသည် တက္ကသိုလ်၌ သတ္တုဗေဒဆိုင်ရာ စက်မှုလုပ်ငန်းတွင် မေဂျာယူခဲ့ပြီး သူ၏သိပ္ပံနည်းပညာလေ့လာစမ်းသပ်မှုရလဒ်များကလည်း အလွန်ကောင်းမွန်ခဲ့၏။ အခြားသူများက အိမ်စာအကြောင်း စိတ်ဖိစီးနေကြချိန်တွင် သူသည်ကား မေဂျာ၏သတင်းစာတွင် ဖော်ပြခံနေရပြီဖြစ်သည်။ လုရုံမှာ ဘွဲ့ကြိုနှင့် မာစတာအတန်းများကို ကျော်တတ်ခွင့်ရခဲ့ပြီး ထိုအချိန်များအတွင်း နိုင်ငံခြားသို့လည်း ထူးချွန်ကျောင်းသားလဲလှယ်ရေးအစီအစဥ်များဖြင့် အကြိမ်များစွာ သွားဖူး၏။ ထို့အပြင် ဆက်စပ်သောစက်မှုကုမ္ပဏီများထံ သွားရောက်လေ့လာခဲ့သေး၏။ ထိုသည်များအားလုံးမှာ အချိန်ငါးနှစ်တာကြာမြင့်ခဲ့ပြီး သူသည်လည်း ထူးချွန်ကျောင်းသားတစ်ဦးအနေဖြင့် ဘွဲ့ရရှိခဲ့ပေသည်။


သူ ဘွဲ့ရပြီးသည်နှင့် သူ၏ဖခင်ဦးစီးနေသော ကုမ္ပဏီကို လက်လွဲယူခဲ့သည်။


ထိုအချိန်တုန်းကဆိုလျှင် ပြည်တွင်း၌ ပစ္စည်းများကိုပြန်လည်အသုံးပြုရန် အခန်းကဏ္ဍတွင် စျေးကွက်မြောက််များစွာပင် တိုးတတ်ရန် လိုအပ်နေဆဲအဆင့်သာရှိသေးပြီး ရှိနေသော ကုမ္ပဏီများတွင်လည်း ထူးချွန်လှသော နည်းပညာများရှိမနေပါချေ။ သူ၏ကုမ္ပဏီမှာလည်း ခြေကုတ်မြစ်တစ်ခုရယူရန် များစွာ အားစိုက်မထုတ်လိုက်ရပေ၊ ထို့အပြင် ရလဒ်များလည်း ကောင်းခဲ့ပါ၏။ ထို့နောင်တွင်တော့ ကိစ္စများမှာ အဆင်ချောခဲ့ပြီး လက်အောက်ခံကုမ္ပဏီနှစ်ခုကိုလည်း အစိုးရမှ တည်ထောင်ပေးခဲ့သည်။


မကြာသေးမီနှစ်များအတွင်း တရုတ်ပြည်သည်ကား စက်မှုလုပ်ငန်းဆိုင်ရာနယ်ပယ်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတတ်လာခဲ့တာဖြစ်သည်။ လုရုံသည် H မြို့သည် တရုတ်ပြည်၏ အဓိက သိပ္ပံနှင့် နည်းပညာ မြို့တစ်ခုအဖြစ်သို့ပင် တိုးချဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။ ထိုအခါ များစွာသော အရင်းအမြစ်များသည်လည်း ရရှိလာမည်ဖြစ်ကာ သူ၏ဌာနချုပ်ကိုလည်း ဤမြို့ပြောင်းရွေ့လာနိုင်မည်ပေ။ သူသည်ကား သန်မာကာ စီးပွားရေးတွင် အရည်အချင်းရှိလှသလို ကံလည်းကောင်းချေသည်။ မနှစ်က နှစ်ကုန်တွင် ကုမ္ပဏီသည် ယွမ်၅၀၀မီလီယမ်ဝင်ငွေရှိခဲ့ပြီး အသားတင်အမြတ်မှာ ယွမ်၈၀မီလီယမ်ရှိခဲ့၏။


ယခုဆိုလျှင် တဖြည်းဖြည်းနှင့် စက်မှုနယ်ပယ်တွင်ဦးဆောင်နေသော ငယ်ရွယ်ကာ အရည်အချင်းရှိသည့် လူငယ်တစ်ဦးဖြစ်နေပြီဖြစ်ပြီး များစွားသော ထူးချွန်လူငယ်ဟူသည့် ဆုတံဆိပ်များလည်း ရရှိထားပြီးဖြစ်သည်။


လုရုံသည် ဤအပတ်အတွက် မနက်ခင်းအစည်းအဝေးကို အဆုံးသတ်လိုက်သည်။


သူ၏ဖုန်းမှ သူငယ်ချင်းအသစ်လက်ခံရရှိကြောင်း အသိပေးချက်ရောက်ရှိလာလေသည်: [ငါက ကျန်းလင်ပါ။ ကျေးဇူးပြုပြီး ငါ့ကိုလက်ခံပေးပါ။ ငါ့မှာ မင်းကိုပြောစရာရှိတယ်။]


လုရုံ ဤလူကိုမှတ်မိပေသည်။ ထိုလူသည် သူ၏အထက်တုန်းကအထက်ဖော်ဖြစ်ခဲ့ပြီး ထိုအချိန်တုန်းကတော့ ရှန်ဝမ့်ချိုးနှင့် အလွန်ရင်းနှီးခဲ့သူ ဖြစ်သည်။


ထို့ကြောင့် သူ ချက်ချင်းပင် သူငယ်ချင်းအဖြစ် လက်ခံလိုက်၏။


တစ်ဖက်လူမှာ လျင်မြန်စွာပင် မက်ဆေ့ချ်များစွာ ပို့လာလေသည်။


[ငါ နောက်ဆုံးတော့ မင်းနဲ့အဆက်အသွယ်ရပြီ။]


[ငါကြားတာတော့ ရှန်ဝမ့်ချိုးက မှီခိုဖို့ မင်းကိုရှာခဲ့တာဆို?]


[ငါ တကယ်စိတ်မကောင်းပါဘူး ... ]


[သူ မင်းနဲ့အထက်တန်းအတူတူတတ်ခဲ့ရုံနဲ့ သနားမနေနဲ့။ ငါလည်း သူ့ကို အရင်ကခေါ်ထားဖူးတယ်။ ဒါပေမဲ့ အဆုံးကျတော့ သူက ဒီအတိုင်းပဲ နေပြီး ငါ့ဟာတွေကိုစား၊ ငါ့ပစ္စည်းတွေကို ခိုးခဲ့တယ်လေ။ သူက လူကောင်းမဟုတ်ဘူး။]


[သူ အကြွေးနစ်နေတယ်ဆိုတာ မင်းသိလား။]


[ရှန်ဝမ့်ချိုးက အခုဆိုရင် ရှောင်ရမဲ့ကောင်ဖြစ်နေပြီ။ မင်းလည်း ကြည့်ကြပ်နေဦး]


လုရုံက သူပြောပြီးသည်အထိ စိတ်ရှည်စွာစောင့်ပေးလိုက်သည်။


ထို့နောက် သူ အလျင်မလို၊ ဖြေးညင်းစွာ ပြန်ဖြေလိုက်လေသည်: [ငါသိတယ်။]





“ဒင်ဒေါင်”


တံခါး၏စနစ်သံမှ အသံတစ်ခုထွက်ပေါ်လာ၏။


delivery လာပို့တာလား? 

ရှန်ဝမ့်ချိုး ဂိမ်းကစားတာကို ရပ်လိုက်ပြီး သွားကြည့်လိုက်၏။


screen ပေါ်၌ ပေါ်လာသူမှာ ဤရက်များအတွင်း သူတွေ့နေကြ deliveryသမားမဟုတ်ပေ။ ထို့အစား အနည်းငယ်ပြည့်ဝနေဟန်ရှိသော ဂတုံးဆံထောက်ကေနှင့်လူတစ်ဦးဖြစ်ပေသည်။ ထိုသူက သူ့ကို စပ်ဖြဲဖြဲရယ်ပြကာ ပြောလာ၏။

"နေရာကောင်းပဲ၊ ရှန်ဝမ့်ချိုးရ။ မင်းမှာ သူငယ်ချင်းကောင်း ရှိနေသေးတာပဲ။"


"ထင်ထားတဲ့အတိိုင်းပဲ၊ ချမ်းသာတဲ့သခင်ငယ်လေးတစ်ယောက်ကတော့ အဆက်အသွယ်တော်တော့များတာပဲနော့။"


“ဘာလဲ။ မင်းက မင်းမှာ သူငယ်ချင်းအသစ်ရသွားတာနဲ့ မင်းရဲ့ မိတ်ဆွေဟောင်းတွေကို မလိုချင်တော့ဘူးလား။ တံခါးဖွင့်စမ်းပါ။"


ရှန်ဝမ့်ချိုး ဆဲလိုက်မိ၏။ "စောက်ပိန်းကောင်။"


သို့သော်ငြား "နောက်ဆုံးတော့ ရောက်လာပြီ" ဟူသော ခံစားချက်တစ်မျိုးလည်း ရသွားရ၏။


သူသည် ဤရက်များအတွင်း အမြဲ မလွယ်ကူသလို ခံစားနေခဲ့ရတာပင်။ သို့သော် သူကျွမ်းဝင်နေသောဤမျက်နှာကို မြင်လိုက်သည့်အခါမှ သူ တည်ငြိမ်သွားရတော့သည်။


သေစမ်း၊ မင်းငါ့ကို ဒီနတ်ပြည်ထဲ ရက်နည်းနည်းလောက်လေး ပိုပြီးစံစားခွင့်မပေးနိုင်ဘူးလား။


သူသည်ကား ဤကဲ့သို့သော သက်တောင့်သက်သာဖြစ်လှသည့်နေရာကို ရှာတွေ့သည်မှာ နှစ်ရက်ရှိသေးပေသည်။


ရှန်ဝမ့်ချိုးသည်ကား သူသည် အရေအတွက်ကိုးလုံးရှိသော အကြွေးတစ်ခုဝန်ကို ထမ်းထားရကြောင်း လုံးဝမမှတ်မိချင်ပါပေ။ အချို့မှာ ဘဏ်၌အကြွေးတင်နေတာဖြစ်ပြီး အချို့မှာကား ပုဂ္ဂလိကငွေချေးသူများထံ အကြွေးတင်နေခြင်းပါပင်။


သူ၏ဘဝမှာလည်း မျှော်လင့်ချက်မဲ့နေတာ ကြာလှပြီဖြစ်လေသည်။


ဂတုံးဆံတောက်ကေဖြင့် ထိုလူသည် မျက်နှာထက် အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်:


"ကျစ်၊ ဘာလို့ လာဆဲနေရတာလဲ။ ယဥ်ယဥ်ကျေးကျေးပြောလို့မရဘူးလား။"


"မင်းတံခါးမဖွင့်ဘူးဆိုရင် ငါ မင်းသူငယ်ချင်းရဲ့ ကုမ္ပဏီကိုပဲ တိုက်ရိုက်သွားရှာလိုက်မှာနော်။"


“လုရုံ၊ ဥက္ကဋ္ဌလု၊ ဟုတ်တယ်မလား။"


ရှန်ဝမ့်ချိုးက ဒေါသနှင့် ပြန်ပြောလိုက်၏။


"မလာနဲ့၊ အထဲဝင်မလာနဲ့။ ဒါငါ့အိမ်မှမဟုတ်တာ။ ဘာကိစ္စမင်းက ဝင်လာရမှာလဲ။"


"မင်းစောင့်နေ၊ ငါဆင်းလာခဲ့မယ်။"


ရှန်ဝမ့်ချိုးသည် လောင်ဝူနှင့်အတူ ရက်ကွက်ထဲရှိ ခုံတန်းရှည်တစ်ခုပေါ်၌ ထိိုင်နေသည်။ သူ များစွာတော့ ဂရုမစိုက်ပါချေ။ သူသည် များစွာသော အကြွေးနွံထဲ နစ်နေသည့်အချက်ကပင် သူမည်သည့်အရာကိုမှ ကြောက်ရွံ့မနေနိုင်တော့ကြောင်း ပြသနေတာဖြစ်သည်။


လောင်ဝူက သူ့ကို စီးကရက်တစ်လိပ်ကမ်းလာ၏။ "မင်းပြောင်းသွားတဲ့အခါ မင်းငါ့ကိုတော့ အသိပေးသွားသင့်တာကို။"


ရှန်ဝမ့်ချိုး တစ်ချက်ရယ်လိုက်ပြီး စီးကရက်ကို ယူလိုက်သည်၊ ထို့နောက် မီးခြစ်ငှားကာ မီးညှိလိုက်ပြီး ကျွမ်းကျင်စွာ ရှုမှုတ်လိုက်တော့သည်။


သူ ဆေးလိပ်မသောက်ရသည်မှာ များစွာကြာမြင့်ချေပြီ။


လုရုံသည် ဆေးလိပ်မသောက်သလို၊ အရက်လည်းမသောက်စား။ ထို့အတွက် သူလည်း ထိုသည်ကို မမေးဖြစ်ပေ။


လောင်ဝူ၏မျက်ဝန်းများ လက်သွားပြီး သူ သိချင်နေသော အဓိအကြောင်းအရာကို မေးလိုက်၏။ "အဲ့ဒီသူငယ်ချင်းဟောင်းကို ဖမ်းတာ ဘယ်လိုအခြေအနေရှိပြီလဲ။"


"ငါ မင်းအတွက် မတွေးပေးဘူးလို့လာမပြောနဲ့နော်။ ငါမင်းအပေါ်ဘယ်လောက်ကောင်းလဲ ကြည့်ပါလား၊ ငါသာမကောင်းရင် မင်းရဲ့ ကျောက်ကပ်တွေ၊ အသဲတွေ အကုန်ရောင်းပြီးလောက်ပြီ။"


"ဒီလိုဆိုရင်ရော မင်းသူငယ်ချင်းကို နေရာသစ်မှာ ကစားဖို့ပဲခေါ်လာခဲ့လိုက်လေ။"


“ငါလိုက်မေးကြည့်ပြီးပြီ။ ဒီတစ်ယောက်က လုံးဝကို အသားအပြည့်နဲ့ရွှဲနေတဲ့သိုးကြီးပဲဟ*။ ဒီတစ်ယောက်ကိုသာ ကြားဝင်ခံရအောင်လုပ်လိုက်ရင် မင်း အသက်ရှင်လို့ရသွားမှာမဟုတ်ဘူးလား။"


(*ပိုက်ဆံချမ်းသာတာကိုပြောတာပါ။)


ရှန်ဝမ့်ချိုးက စီးကရက်ကို တစ်ရှိုက်မှုတ်လိုက်ပြီး ခေါင်းလှည့်ကာ နူးညံ့သောအပြုံးလေး ပြုံးပြလိုက်သည်။ 

"အို။"


သူအစကတော့ ခဏမျှရှောင်တိမ်းနေရန်အတွက်သာ လုရုံကို မှီခိုချင်ခဲ့တာဖြစ်သည်။


အခုကြည့်ရသည်မှာတော့ ဤသည်မှာ ဖြစ်နိုင်တော့မည့်ဟန်မပေါ်တော့ပေ။


သူ မည်သည့်အရာများ လုပ်ရပါ့နည်း။


သူသိသည်မှာကား လုရုံ၏ဖုန်းနံပါတ်သာလျှင်ဖြစ်၏။ သူသည် ထိုနံပါတ်ကို လွန်ခဲ့သော သုံးနှစ်ကာ ကြားဖူးသည့်အတွက် အမြဲမှတ်မိနေရခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ထိုနံပါတ်သည် သူ၏နှလုံးသားအနက်ရှိုင်းဆုံးသောနေရာ၌ ထိုးထွင်းမိသွားသည့်ဟန်ပါပင်။ သို့သော်လည်း သူ ထိုနံပါတ်ကို မည်သည့်အခါမဆက်သွယ်ခဲ့ပေ။ သူသည် လုရုံက ဖုန်းနံပါတ်ပြောင်းလိုက်ပြီးလားဟုတောင် သေချာမသိခဲ့တာဖြစ်သည်။


ဤသည်မှာကား သူ၏နောက်ဆုံးသော သိမ်းဝှက်ထားသည့် ဖဲချပ်ဖြစ်ခဲ့ခြင်း ဖြစ်၏။


ထိုအချိန်တုန်းက၊ သူ လုရုံ၏နံပါတ်ကို ရဲစခန်း၌ပေးလိုက်ချိန်တုန်းက သူတွေးထားခဲ့သည်မှာ အကယ်၍ လုရုံကပါ သူ့ကို လျစ်လျူရှုခဲ့ပါလျှင် စခန်းမှလွတ်သောအခါတွင် သတ်သေလိုက်တော့မည်ဟူ၍။


သို့သော်ငြား သူသည်ကား လုရုံမှ သူ့ကို အမှန်တကယ် ဂရုစိုက်သောအခါ၌ မည်ကဲ့သို့ဆက်လုပ်မည်ဟူသော ဖြစ်နိုင်ချေမျိိုးကို ကြိုတင်တွေးမထားမိခဲ့ဖူးပါပင်။


******

Thanks for reading💞

နောက်ကျသွားတဲ့အတွက် မီးယားနဲပါ🥺