Chapter 4
Viewers 117



Second-Hand Love Letter

Chapter 4



အသက် ၂၃နှစ်အရွယ်မတိုင်ခင်၌ ရှန်ဝမ့်ချိုး၏ဘဝမှာ ချောမွေ့ခဲ့ပေသည်။


သူ့တွင် အဆင့်ကောင်းများလည်းရှိပြီး လူမှုဆက်ဆံရေးလည်း ကောင်းသလို ကောင်းမွန်သည့် မိသားစုနောက်ခံလည်းရှိခဲ့၏။ သူ ဘွဲ့ရပြီးသည်နှင့် သူ့အဖေ၏ကုမ္ပဏီသို့ အမွေဆက်ခံသူအနေဖြင့် ဝင်ရောက်ခဲ့သည်။ သူ့၌ ရွေးချယ်ခွင့်များမှာလည်း အကန့်အသတ်မဲ့ဖြစ်ခဲ့၏: သူ ဘယ်နေရာကိုသွားပါစေ၊ သူသည်ကား လူတိုင်းဆီမှ အချစ်ခံရမည်ပေ။


...ထို့နောက်တွင်တော့ မိသားစုစီးပွားရေး၌ ပြဿနာတစ်ခုပေါ်ပေါက်လာသည်။



အခြေအနေမှာကား မဖြစ်ဖူးသည့် ရှားပါးသောအခြေအနေမဟုတ်။ ဤသည်မှာ သာမန်ဖြစ်နေကြ ငွေကြေးကြပ်တည်းမှုသာလျှင်ဖြစ်၏။ သူတို့သည် လုပ်ငန်းတိုးချဲ့ရန် စိတ်အားထက်သန်လွန်းသွားသောကြောင့် အမှားတစ်ချို့ပြုလုပ်ခဲ့မိပြီး စျေးကွက်လမ်းကြောင်းအတိုင်းလိုက်ရန် ကျရှုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့နည်းတူ ရင်းနှီးမြုပ်နှံထားသော နေရာများမှာလည်း ရုတ်တရက် အရှုံးပေါ်လာခဲ့၏။ ရှန်ဝမ့်ချိုးမှာ ယခုမှ ဘွဲ့ရပြီး နှစ်နှစ်မျှသာရှိသေးသည်။ သူသည် မရင့်ကျက်သေးသလို အတွေ့အကြုံလည်း ကင်းမဲ့နေဆဲဖြစ်၏။ သူ ဘယ်လို ထိုအခြေအနေကို ကူညီပေးနိုင်မည်နည်း။ သူ လုပ်နိုင်ခဲ့သမျှသည်ကား တိတ်တဆိတ်ဖြင့် သူ့အဖေဝယ်ပေးထားသော ကား၊ အိမ်တို့အား ပေါင်နှံ၍ ဘဏ်မှလည်း ချေးငွေယူရန်သာ ဖြစ်သည်။ သို့သော် ထိုသည်များမှာ မလုံလောက်ခဲ့၊ ထို့ကြောင့် သူက အဆက်အသွယ်များသုံးကာ အချို့သော တရားမဝင် ပုဂ္ဂလိက ငွေချေးသူများထံမှ ငွေများချေးယူခဲ့သည်။ သူသည် သူ၏အမည်ဖြင့်သာ ချေးယူနိုင်သမျှနေရာအားလုံးဆီမှ ချေးယူခဲ့၏။


သူ၏ဖခင်သိရှိသွားသောအခါဝယ် သူသည် အလွန်ဒေါသထွက်ခဲ့သော်ငြား ခံစားလည်းသွားရပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်ဝမ့်ချိုးက သူ့အား ဘာမှမပြောဘဲ အရင်လုပ်ပစ်ခဲ့များဖြစ်၏။ သူသိသွားလျှင်တောင်မှ မည်သို့မျှ လုပ်ပေးနိုင်တော့မည်မဟုတ်ပေ။


သူတို့ ငွေမြောက်များစွာ ချေးယူခဲ့ရ၏၊ သို့သော်ငြား စီးပွားရေးသည်ကား ကျရှုံးခဲ့ဆဲပင်။


သူတို့၏စီးပွားရေးမှာ အလွန် မအောင်မြင်မတိုးတက်သေးခင်တွင်ပင် ပုပ်သွေးဆွေးမြေ့သွားသည့်ပုံပင်။


ဤသို့ဖြင့် ကုမ္ပဏီသည် ငွေကြေးကြပ်တည်းကာ ဒေဝါလီခံခဲ့ရလေသည်။


ဖခင်ဖြစ်သူရော၊ သားဖြစ်သူပါ နှစ်ဦးစလုံး နေ့ချင်းညချင်း အကြွေးနွံနစ်ခဲ့ရတော့သည်။


သူ၏အဖေမှာကား ဇွဲမလျော့ဘဲ ပြောလာ၏။

"မကြောက်နဲ့၊ အဖေဒီမှာရှိသေးတယ်။ အဖေတို့တွေ ပြန်စလို့ရသေးတယ်။ အဖေ ဒီပိုက်ဆံတွေအကုန်လုံးကို ပြန်ဆပ်ပေးမယ်။"


သို့သော်ငြား သူသည် သေချာပေါက်ကိုပင် ရှက်ရွံ့နေခဲ့၏။ သူ တစ်ခါအရက်မူးနေသောအခါ၌ ငိုလျက် သူ့ကို ပြောလာဖူးသည်။

"ငါတစ်ယောက်တည်းသာ ဒါတွေခံစားနေရတာဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းက အခုမှ အရူးလေးပဲရှိသေးတာလေ။ ဘာလို့ မင်းအိမ်ကိုရောင်းလိုက်ရတာလဲ။ အဖေတောင်းပန်ပါတယ်ကွာ၊ အဖေတောင်းပန်ပါတယ်။"


"ငါ မင်းအမေကို ကတိပေးခဲ့တယ်၊ အဖေရော သားရောကို ကောင်းမွန်တဲ့ဘဝမှာထားပေးပါမယ်လို့။ သူ(မ)ကတော့ ရှိမနေပေးခဲ့ဘူး။ အခုတော့ မင်းကပါ အဖေ့ကြောင့် ထိခိုက်နေရပြီ။ မင်းကတော့ အရမ်းငယ်သေးတယ်လေကွာ။"


ထိုအချိန်တုန်း သူ၏ဖခင်ဖြစ်သူမှာ အလွန်ပင် စိတ်ဖိစီးနေခဲ့သည်။ သူက ပြင်းပြင်းထန်ထန်ကို အလုပ်လုပ်ခဲ့ပြီး ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေခဲ့ရသည်။


တစ်နေ့၌၊ သူသည် လမ်းမဘေးသို့ ပြုတ်ကျခဲ့ရပြီး ရုတ်တရက် နှလုံးဖောက်သွားခဲ့လေသည်။ သူ ဆေးရုံသို့ရောက်သောအခါတွင်မူ သူသည်ကား အသက်ရှုရပ်လို့နေချေပြီ။


ထိုနေ့မှသာ ရှန့်ဝမ့်ချိုးတစ်ယောက် သူ၏မျက်ဝန်းထဲ၌ အကြွင်းမဲ့အာဏာရှိသော ဖခင်ဖြစ်သူမှာလည်း လုပ်နိုင်စွမ်းများအကန့်အသတ်ရှိသေးသည်ဟု သိရှိသွားခြင်းဖြစ်ပေ၏။


သူ၏အဖေမှာလည်း တကယ်တော့ သာမာန်လူတစ်ဦးသာ ဖြစ်နေသေးပေ၏။


သူ၏အဖေ ဇာပနပွဲကိုချေးငှားကာ ပြုလုပ်ပေးပြီးသည့် ပထမလအနည်းငယ်အတွင်း သူသည် အလွန်ပင်ကမောက်ကမဖြစ်နေသော ဘဝကို နေထိုင်ခဲ့ရသည်။


ပထမ၌ သူသည် သူ၏အစ်ကိုအိမ်နှင့် သူငယ်ချင်းအိမ်တွင်နေထိုင်ခဲ့၏။ ထို့အပြင် လူများစွာ၏အိမ်၌လည်း အိပ်ခဲ့ရသည်။ သူသည် မည်သူကမျှ အချိန်အကြာကြီး သူ၏ဘေး၌မနေနိုင်လောက်အောင် အဆိုးမြင်စိတ်များ ပြည့်နှက်နေလျက် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့ပါ၏။


သူ့ကို မည်သည့်သူငယ်ချင်းက ပြောခဲ့လည်းမမှတ်မိသော်ငြား လူတစ်ယောက်ကတော့ လေးလေးနက်နက်ဖြင့် ပြောလာခဲ့ဖူး၏။ သူသည် အရင်ဦးစွာ အနားယူသင့်သည်ဟု၊ သူ၏စိတ်ပိုင်းဆိုင်ရာနှင့် တင်းကြပ်နေသော စိတ်အာရုံများကိုလည်း ပြန်လည်ကုစားသင့်သည်ဟူ၍။ သူ့အား ဂိမ်းကစားခြင်းက သူ့ကို ပျော်ရွှင်စေသည်မဟုတ်ပေလား။ သူသည်လည်း ဂိမ်းကစားခြင်းကို မှန်သည်ထင်ခဲ့သည်၊ ထို့အပြင် ထိုအချိန်တုန်းကလည်း သူသည် လက်တွေ့ဘဝမှလွတ်မြောက်နိုင်မည့် နေရာတစ်နေရာလောက် ရှာတွေ့ရန်ကိုလည်း အလွန်ပင် မျှော်လင့်ခဲ့သောကြောင့်ဖြစ်သည်။


ထို့နောက် အသက်တစ်ရှိုက်အတွင်းမှာပင် သူ၏ဘဝမှာ ပို၍ပင် အောက်ခြေအထိပင် ကျရောက်သွားရတော့သည်။


သူသည် စတင်၍ လူမှုနယ်ပယ်အတွင်းသို့ ပြန်ဝင်ရန်နှင့် သာမန်ဘဝတစ်ခုကို ထူထောင်ရန် ငြင်းဆန်သထက်ငြင်းဆန်ခဲ့လာတော့သည်။ အကယ်၍ သူသာ ပြန်၍ နလန်ထောင်ချင်ပါက၊ သူသည် အခြားသူများထက်ပင် နာရီပေါင်းဒါဇင်ချီကာ အလုပ်လုပ်ရပေမည်။ သူသည် ရှိသမျှ ဆွေမျိုးတိုင်းနှင့် သူငယ်ချင်းများထံမှ ပိုက်ဆံချေးငှားခဲ့ဖူးသည်။ သို့သော်ငြား ငွေဟူသော အရာဝတ္ထု၏အရှေ့၌ သူငယ်ချင်းဆက်ဆံရေးမည်သော၊ ဘာသောဟူသည် မရှိတော့။ အထူးသဖြင့် သူသည် ပြန်၍မဆက်နိုင်ကြောင်း သိရှိသွားသောအခါ သူသည် ကောင်းမွန်စွာ ဆက်ဆံမခံရတော့ချေ။


သူ အဆုံးမရှိ သံသရာစက်ဝန်းကဲ့သို့ တွေးတောခဲ့ပြီးဖြစ်သည်၊ အကယ်၍ သူသာ အကြွေးများကို ပြန်ဆပ်ရန် အလုပ်ကြိုးစားခဲ့မည်ဆိုလျှင်တောင်မှ ဤကိစ္စများအားလုံး၏ အဓိပ္ပါယ်ကား အဘယ်နည်း၊ သူ၏အဖေသည်ကား ပြန်မလာနိုင်တော့ပြီ။


အဓိပ္ပါယ်မဲ့လှလွန်းချေ၏။


ဂိမ်းစွဲလာသည်မှာ မူးယစ်ဆေးစွဲနေသကဲ့သို့ပင်။ သူသည် ပို၍ ပိုကာ နွံထဲမှ ရှုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။ သူ အရာအားလုံးကို သေချာသိမြင်ပါသော်လည်း သူ မလုပ်ချင်ခဲ့ခြင်းသာ ဖြစ်သည်။ ဤအချိန်လေး၌သာ သူသည် သူ့ကိုယ်သူ လှည့်ဖျားနိုင်မည်ဖြစ်ပြီး လက်တွေ့ဘဝကို တစ်ခဏမေ့ကာ ခဏတာ ပျော်ရွှင်မှုတစ်ပိုင်းတစ်စလေးကို ရနိုင်မည်ဖြစ်သည်။



သူ့မှာ ရုတ်တရက် သေသွားဖို့ကိုတောင် ဆုတောင်းမိရ၏၊ ထို့သို့ဖြင့် သေခြင်းတရားကသာ အရာအားလုံးကို ဖြေရှင်းခွင့် ပေးလိုက်ချင်မိသည်။


သူ ကလေးဘဝတုန်းက သူသည် ဘဝသည်ကား အောက်ဆုံးသို့ထိုးကျသွားသော ဇာတ်ကွက်မျိုးပါသည့် ဝတ္ထုမျိုးနှင့် ဇာတ်လမ်းမျိုး ဖတ်ဖူးမြင်ဖူးခဲ့သည်။ သို့သော်လည်း ၎င်းဆိုသည်မှာ သူနှင့် မသက်ဆိုင်သော၊ ဝေးကွာလှသည့်အရာ ဟူ၍သာ ထင်မြင်ခဲ့ခြင်းဖြစ်သည်။


အောက်ခြေသို့ ပြုတ်ကျကာ ကျဆုံးခြင်းဆိုသည်မှာ ဤမျှလောက် လွယ်ကူလိမ့်မည်မှန်း သူမထင်ထားခဲ့။


သူ့အဖေ၏အုတ်ဂူသို့ နောက်ဆုံးအကြိမ်သွားစဥ်က သူသည် အုတ်ဂူနံဘေး၌ ဆောင့်ကြောင့်ထိုင်ချကာ စီးကရက်နှစ်ဘူးမျှ သောက်ခဲ့မိသည်။ ထို့နောက် ရုတ်တရက်ပင် ၎င်းမှာ အချိန်ကျရောက်လာပြီဟု သူခံစားလိုက်ရသည်။


ယခုတလောတွင် သူသည် မည်သည့်နေရာတွင် ဂိမ်းကစားပါစေ၊ ဘာလုပ်ပါစေ၊ အတော်လေး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသလို ခံစားခဲ့ရသည်။


ကောင်းပြီလေ၊ သေဖို့အချိန်တန်ပြီပဲ။


သူ သည် အိပ်မက်ထဲတွင်ပင် သေသွားသည်မှာ နည်းမျိုးစုံပင် ဖြစ်လို့နေချေပြီး ၎င်းအထဲ၌ အတိတ်ကဖြစ်ရပ်မျိုးစုံပါလာတတ်သည်။ ဤသည်များမှာ သူ မသေဆုံးခင် တစ်ဘဝလုံးကို သေချာဂရုတစိုက်ဖြင့် ပြန်၍ ကြည့်နေသည့်နှယ်။


ရှင်သန်ခြင်းအကြောင်း အိပ်မက်မက်ခြင်းက သေဆုံးခြင်းထံသို့ ဦးဆောင်လေပြီး သေဆုံးခြင်းအကြောင်း အိပ်မက်မက်ခြင်းဟာ ရှင်သန်လိမ့်မည်ဟု အဓိပ္ပါယ်မည်၏။



မေ့လျော့နေပြီ ဖြစ်သည့် များစွာသော ပုံရိပ်များဟာ ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြင့်၊ နောက်ဆုံးတော့ အမျိုးသားတစ်ဦး၏ပုံရိပ်သာလျှင် မြင်ကွင်းထဲ၌ ထပ်ခါတလဲလဲ ကျန်ခဲ့တော့သည်။


——လုရုံ


ရှန်ဝမ့်ချိုး သူ့အကြောင်းကို မက်လိုက်ရသည့်အကြောင်းအရင်းမှာ သူသည် လုရုံအပေါ်၌ အပြစ်ရှိစိတ် ကြီးမားလွန်းသောကြောင့်ဟု တွေးခဲ့သည်။


သူသည် လုရုံနှင့် နောက်ဆုံးအကြိမ်မက်ခဲ့သော အခေါက်ကို ပြန်၍မက်လေသည်။


၎င်းမှာ နှင်းထူထပ်သော နေ့တစ်နေ့ဖြစ်၏။


သူသည် ထိုနေ့က လုရုံကို မတွေ့ချင်ခဲ့ပါ၊ သို့သော်လည်း နှင်းများသည်ကား ပြင်းထန်စွာ ကျဆင်းနေခဲ့၏။ လုရုံမှာ ဗီလာ၏အပြင်ဘက်၌ ရပ်စောင့်နေရသည်မှာ နာရီဝက်မျှ ရှိသွားချေပြီ။ ထိုအကြောင်း သူ၏အဖေ သိသွားတော့ ပြောလာတော့သည်။


"လုရုံက သားကိုစောင့်နေတယ်လေ။ ဘာလို့ မင်း အဲ့ဒီလောက် ဆိုးသွမ်းနေရတာလဲ။ အလိုလိုက်ခံထားရတဲ့ကလေးလိုမျိုး ဘာလို့လုပ်နေရတာလဲ။ သား ဒီလိုလူမျိုးတွေကို အဆုံးရှုံးမခံသင့်ဘူးနော်။ ရန်ဖြစ်ထားတယ်ဆိုရင်တောင် သူ့ကို အရင်ဆုံး အိမ်ထဲဝင်ခွင့်ပေးလိုက်၊ ပြီးမှ အထဲမှာ ဆက်ဖြစ်ကြ။"


သူကတော့ အလွန်ကို စိတ်ဆိုးဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် သူပြန်ပြောခဲ့၏။


"အဖေ နားမလည်ပါဘူး ! ဒါ အဖေ့ကိစ္စလည်း မဟုတ်ဘူး ! "


ဤကဲ့သို့ ပြောခဲ့သော်ငြားလည်း ရှန်ဝမ့်ချိုးမှာ လုရုံကို ထွက်တွေ့ခဲ့ဆဲပါပင်။


သူ၏နှလုံးသားအတွင်း၌ကား ဒေါသများအပြည့် သယ်ဆောင်ထားရပြီး ရေခဲများနှင့် နှင်းထုကတောင်မှ သူ့ကို မငြိမ်းသက်နိုင်ခဲ့ပေ။


ရှန်ဝမ့်ချိုးတစ်ယောက် လုရုံကို အော်လိုက်သည်။


"မင်းရူးနေတာလား။ မင်းက ငါ့ကို အကြပ်ကိုင်နေတာလား။"


လုရုံ၏ ခြောက်သွေ့နေသော ပါးပြင်မှာ လေဒဏ်ကြောင့်ပင် ကွဲအက်လို့နေပြီ၊ သူ၏နှုတ်ခမ်းများမှာကား ခရမ်းရောင်ပင်သန်းလျက်။ ထိုသူသည်ကား အရပ်ရှည်လှသောကြောင့် အနည်းငယ်ရှေ့သို့ ကိုင်းညွတ်လာလေသည်။ ထို့နောက် ကွဲအက်နေသော လေသံဖြင့် ပြောလာ၏။


"မဟုတ်ပါဘူး.. မင်း ငါ့ကို လျစ်လျူရှုထားတာ ရက်တော်တော်ကြာနေပြီလေ။ ငါတွေးတာက၊ ငါတို့က သူငယ်ချင်းတွေမဟုတ်တော့ဘူးလားဟင်။"


ရှန်ဝမ့်ချိုး၏မျက်ဝန်းများမှာကား ရေခဲနှင့်နှင်းတို့ထက်ပင် အေးစက်လို့လာရချေပြီ၊ ထို့နောက် သူ၏ တစ်ဖက်သားကို ထိခိုက်စေလိုသော ရည်ရွယ်ချက်မှာ ရိုးတွင်းခြင်ဆီအထိပင် ထိုးတက်လို့လာ၏။ လူငယ်များသည်ကား အမြဲတစေပင် မည်သည်ကိုမျှ အရင်မတွေးဘဲ ပြောတတ်ကြသည်ပေ။


"ဟုတ်တယ်လေ၊ မင်းကိုယ်မင်း မသိဘူးလား။ မင်းက ငါနဲ့ သူငယ်ချင်းပဲ ဖြစ်ချင်တာမလို့လား။"


"ငါက အဲ့လောက်စိတ်ပျက်စရာကောင်းတဲ့အရာကို သေချာထုတ်ပြောနေရဦးမှာလား။"


“လုရုံ၊ မင်းကလေ မင်းဘယ်အခြေအနေရောက်နေသလဲဆိုတာတောင် မင်းမကြည့်ဘူး။"


"မင်းအဖေကတော့ မင်းကို ပျိုးထောင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ၊ နောက်ပြီး မင်းကတော့ ဂေးဖြစ်သွားတယ်တဲ့လား။ မင်းက မရှက်ပေမဲ့ ငါတော့ ရှက်တယ်ကွ။ အခုက ကော်လိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ၊ မင်းက ဒါတွေကို တွေးနေနိုင်သေးတယ်လား။"


လုရုံက သူ့ကို ကြည့်လာပါသည်၊ အကြင်သူ၏မျက်ဝန်းများမှာကား တဖြည်းဖြည်း အနီရောင်သန်းလာလေသည်၊ သို့သော် ငိုချမလာခဲ့။


ရှန်ဝမ့်ချိုး၏နှလုံးသားမှာလည်း အပ်ပေါင်းများစွာဖြင့် ထိုးစိုက်ထားသကဲ့သို့ နာကျင်လာတော့၏။ သူ အကြည့်လွဲလိုက်မိသည်။


"ငါကပဲ မင်းကို အနိုင်ကျင့်နေသလို လာလုပ်မနေစမ်းနဲ့။"


လုရုံတစ်ယောက် အချိန်တစ်ခုမျှ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် သူက သူ၏လည်စည်းကိုဆွဲချွတ်လာကာ ရှန်ဝမ့်ချိုးကို ပတ်ပေးလာသည်။


"မင်း ဘာလုပ်တာလဲ! ငါ့ကို မထိနဲ့ ! "


ရှန်ဝမ့်ချိုးမှာ ဒေါသထွက်သွားရပြီး ထိုလက်ကို ရိုက်ချရန် လက်မြှောက်လိုက်၏။ လည်စည်းပဝါမှာကား မြေပြင်ပေါ်သို့ကျသွားပြီး သူတို့နှစ်ဦး၏ တွန်းကန်မှုအရှိန်များကြောင့် ခြေတစ်လှမ်းဆုတ်မိသွားကာ ထိုပဝါကို နင်းမိသွားသည်။ ဖိနပ်၏အောက်ခြေသည်ကား ညစ်ပတ်နေသော နှင်းထုများ ပေကျေနေသည်ဖြစ်ရာ လည်စည်း၌လည်း ထင်ရှားလှသည့် အနက်ရောင်ခြေရာကြီး ခတ်နှိပ်ပြီးသား ဖြစ်သွားတော့သည်။ ရှန်ဝမ့်ချိုးတစ်ယောက် အေးခဲသွားရသည်။


ရှန်ဝမ့်ချိုး မှတ်မိပါသေးသည်။ ၎င်းပဝါမှာ လုရုံက သူ၏တစ်ဖက်တည်းသော လက်ဖြင့်ပင် ရအောင်ထိုးထားဖြစ်ပြီး ထိုပဝါပေါ်ရှိ စိန်ပွင့်သဏ္ဌာန်ပုံစံမှာလည်း နိုင်ငံခြားရှိနာမည်ကြီးဘရန်းတစ်ခုကို တုပထားကြောင်း။ သူသည် ထိုဘရန်းကို မဂ္ဂဇင်းတစ်ခုထဲတွင် မြင်၍ လိုချင်ခဲ့သော်လည်း မဝယ်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် သူသည် ၎င်း၏ပုံကို ညွှန်ပြကာ လုရုံကို မကျေမနပ် ညီးတွားပြခဲ့ဖူးသည်။ လုရုံကလည်း ချက်ချင်းပင် စိတ်အားထက်သန်စွာ ဆိုလာ၏။


"ဒီပုံစံက သိပ်မခက်ပါဘူး။ ငါထိုးတတ်တယ်လေ၊ ငါထိုးပေးရင် မင်းအတွက် ခရစ်စမတ်အမှီ ပြီးလောက်တယ်။"


သူကလည်း ပြုံးပြီး ပြောခဲ့သည်။

"တကယ်လား၊ မင်း ချည်ထိုးတတ်တာလား။ မိုက်တယ်ဟ။"


သို့သော်ငြား သူ ထိုအရာကို လက်မခံရသေးခင်တွင်ပင် သူတို့နှစ်ဦး ကွဲကွာခဲ့ရလေသည်။


လုရုံက လည်စည်းကို ပြန်ကောက်လိုက်သည်။ ထို့နောက် ပြောလာ၏။


"မင်းဝတ်ထားတာ ပါးပါးလေးရယ်၊ နောက်ပြီး မင်းနှာခေါင်းဆို အအေးဒဏ်ကြောင့်တောင် နီရဲနေပြီလေ။ ငါက မင်းကို နွေးသွားစေချင်လို့ပါ။"


လုရုံကြည့်ရသည်မှာ စိတ်ဆိုးသွားသည့်ပုံမပေါ်၊ သို့သော် ဤကဲ့သို့သောပုံစံမှာ ပို၍ပင် ရူးနှမ်းသွားဟန် ရှိနေ၏။ ဤအချင်းအရာမှာ ရှန်ဝမ့်ချိုးကို ပို၍ဒေါသထွက်သွားစေတော့သည်။


"ငါက မင်းနဲ့ ရန်ဖြစ်နေတာ! ငါက မင်းနဲ့ အဆက်ဖြတ်တော့မှာလို့ !!"


"ဘယ်လိုဖြစ်နေလဲ။ ဘာမှ မဖြစ်သလို လာဟန်ဆောင်မနေစမ်းနဲ့ !!!"


လုရုံ၏ပုံစံမှာ ကြီးမားစွာသော နာကျင်မှုများထဲ ကျရောက်သွားသည့်ဟန်၊ သို့သော် မတ်မတ်ရပ်ထားဆဲ။


"သြ။"


ရှန်ဝမ့်ချိုးက အသက်ပြင်းပြင်းရူ၍ မှုတ်ထုတ်လိုက်၏။ ဆောင်းတွင်းလေမှာကား အလွန်ပင် အေးစက်လှသည်၊ ထို့အပြင် သူ၏နှာခေါင်းနှင့် ပါးစပ်တို့ကလည်း ဓါးတစ်လက်ဖြင့်ပင် ထိုးစိုက်ခံထားရသလို ခံစားနေရ၏။ သူသည် အိပ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးတစ်ခုကို ထုတ်လိုက်၏။ အလွန်ပင်အေးလှသောကြောင့် သူ၏လက်ချောင်းများမှာ အေးခဲနေရချေပြီ။


၎င်းမှာ ချောမွတ်နေသည့် ကတ်ထူပြားလေးတစ်ခု၊ လုရုံကပေးထားခဲ့ခြင်းဖြစ်သည်။ လုရုံသည် ၎င်းကို သူ၏တစ်ပတ်ရစ်ပစ္စည်းများမှရရှိလာခဲ့သော ပုလဲရောင်စက္ကူကိို ဖြတ်ကာ ပြုလုပ်ထားခြင်းဖြစ်၏။ ထိုအရာမှာ စက္ကူဖြတ်စက်နှင့်ပင် ဖြတ်ထားပုံပေါ်ပြီး လေးထောင့်သဏ္ဌာန်ရှိကာ အပေါ်တွင် စာလုံးသုံးလုံး ထွင်းထုထားသည်: ဆုတောင်းကဒ်။


ရှန်ဝမ့်ချိုးက သူ့ကိုကမ်းပေးလိုက်ပြီး လုရုံကို ကြည့်လိုက်သည်။ ထို့နောက် ပြောလာသည်။

"ဒါက မနှစ်တုန်းက မင်းငါ့ကို မွေးနေ့လတ်ဆောင်ပေးခဲ့တဲ့ကဒ်ပဲ။ အခု ငါဒါနဲ့ ဆုတောင်းမယ် –"


"ငါဆုတောင်းပါတယ်၊ မင်းငါ့ကို ထပ်လာမရှာတော့ဖို့။ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ဖို့နဲ့ ဒီဘဝမှာ ငါ့ရှေ့ထပ်ပေါ်မလာတော့ဖို့ကို ငါဆုတောင်းပါတယ်။"


လုရုံမှာကား သေလူတစ်ဦးကဲ့သို့ပင်၊ မည်သည့် အသံမှလည်းထွက်မလာသလို့၊ လှုပ်လည်းမလှုပ်။ ထို့အတူ ကဒ်ကိုလည်း လက်ခံမယူခဲ့ပေ။


ရှန်ဝမ့်ချိုးက ထပ်ပေးပြီး ပြောလိုက်သည်။


"မင်းတတ်နိုင်တာထဲက ဆိုရင် မင်းဘာမဆိုလုပ်ပေးမယ်လို့ ငါ့ကို ကတိမပေးခဲ့ဘူးလား။"


နှင်းစက်များမှာ လုရုံ၏ဆံပင်ထက် ကျဆင်းနေကြသည်၊ ယင်းတို့မှာ ထိပ်ဖျား၌ပင် တွဲလဲခိုနေလျက် အရည်ပျော်မသွားကြပါပေ။ အချိန်အကြာကြီး ကြာသွားသည့်နောက်မှ ထိုသူမှာ လှုပ်ရှားလာ၏။ ထို့နောက် လည်ချောင်းအောက်ခြေမှ ထွက်လာသောအသံဖြင့် နူးညံ့စွာ ပြောလာသည်။

"ကောင်းပြီ။"


လုရုံက ကဒ်ကိုယူကာ သူ့ကို ကြည့်လာသည်၊ ထို့နောက် မသိလိုက်ဘာသာနှင့် သူ၏ပုံခုံးပေါ်ရှိ နှင်းများကို ဖယ်ရှာပေးချင်သည့်ဟန်ဖြင့် လက်မြောက်လာသည်။ သို့ပေမဲ့ သူ လက်ကိုမြောက်ပြီးကာမှ သူ ပြန်ရုတ်သိမ်းလိုက်ပါသည်။ ထိုသူက နှေးကွေးစွာ ပြောလာလေ၏။

"ငါနားလည်ပါပြီ၊ ရှောင်ပါ့အာ။"


"မင်း မြန်မြန် အထဲကို ပြန်ဝင်သင့်ပြီ၊ အပြင်မှာ အေးနေတယ်လေ။ ငါ မင်းပြောတာကို နားထောင်ပါ့မယ်။ မင်းမကြိုက်ဘူးဆိုရင် အနာဂတ်မှာ ငါမင်းရှေ့ကို ဘယ်တော့မှ ထပ်ပေါ်မလာတော့ပါဘူး။"


ရှန်ဝမ့်ချိုးတစ်ယောက် နောက်မကြည့်ဘဲ လှည့်ထွက်လာခဲ့သည်။


သူသည် နွေးထွေးလှသော သူ၏အခန်းတွင်းကို ရောက်သောအခါ အောက်ထပ်၏ခြံဝန်းထဲသို့ ဒုတိယထပ်မှ လှမ်းကြည့်မိသည်။ လုရုံသည်ကား ထိုနေရာ၌ ရပ်နေဆဲပါပင်။


လုရုံသည် ခေါင်းငုံထားပြီး လက်ထဲရှိ သေးငယ်သောကဒ်ကလေးကို စူးစိုက်ကြည့်နေ၏။


ဆယ်မိနစ်ကြာပြီးနောက်သာ လုရုံက ထွက်ခွာရန် ခြေလှမ်းစလာ၏။ သူ၏ခြေလှမ်းများကား အလွန်နှေးကွေးလှသည်။ လမ်းမပေါ်ရှိ နှင်းများမှာကား အလွန်မထူထပ်ပေ၊ သို့သော် သူ လျှောက်လှမ်းသော ခြေလှမ်းတိုင်းမှာ အလွန်ကိုပင် ရုန်းကန်နေရသည့်ဟန်။ အကြင်သူမှာ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်များကို ဆွဲထုတ်ရန်အတွက် အားများစွာ အသုံးပြုနေရသော ပုံစံမျိုးရှိပေသည်။ လမ်းလျှောက်သည့်ပုံစံမှာလည်း ပျက်စီးနေသော စက်ရုပ်တစ်ခုပုံစံပင် ပေါက်နေသေးရာ အလွန်ပင် ကဂျိုးဂဂျောင်နိုင်လှချေသည်။



ယနေ့၌ လုရုံသည် ပုံမှန်ထက် နာရီဝက် နောက်ကျ၍အိမ်ပြန်ရောက်လာသည်။


ရှန်ဝမ့်ချိုးမှာ နာရီကို ကြိမ်ဖန်များစွာ ကြည့်မိပြီး စိတ်အနှောင့်အယှက်ဖြစ်လာရတော့သည်။


နောက်ဆုံးတွင်တော့ တံခါးဖွင့်သံ ကြားလိုက်ရသည်။ သူ ချက်ချင်း ထရပ်ကာ လျှောက်သွားလိုက်ပြီး သူထွက်သွားတော့မည့်အကြောင်းကို မည်သို့ဆိုရမည်မှန်း တွေးတောနေမိသည်။


သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လိုက်သောအခါဝယ် ရှန်ဝမ့်ချိုးမှာ အေးခဲသွားရသည်၊ လုရုံ၏လက်မောင်းတွင်းမှ ညစ်ပတ်နေသောသိုးမွှေးလုံးလေးကို ကြည့်လိုက်သည်။ ထိုသည်မှာ သူလွန်ခဲ့သည့်ရက်အနည်းအငယ်က တွေ့ခဲ့သော လမ်းဘေးခွေးလေးပင်။


လုရုံက လက်ဆွဲအိတ်ကို ဝင်ပေါက်နားရှိစင်တွင်တင်ထားလိုက်ပြီး ဆိုသည်။

"ရှောင်ပါ့အာ၊ မင်း စတိုခန်းထဲကနေ ကတ်တူဘူးလေးတစ်ခုလောက် ယူခဲ့ပေးပါလား။ ငါ ဖိနပ်ချွတ်ပြီး အိမ်ထဲဝင်မနေတော့ဘူး။ ငါ သူ့ကို တိရစ္ဆာန်ဆေးရုံကို သွားပြချင်လို့။"


ရှန်ဝမ့်ချိုးက သိသိနှင့်မေးလိုက်သည်။

"ခွေးက ဘယ်ကရလာတာလဲ။"


လုရုံက ပြန်ဖြေသည်။

"ငါပြန်လာတော့ လုံခြုံရေးက ဒီခွေးကို ဖမ်းနေတာတွေ့လို့လေ။ အရွယ်ရောက်မှ စွန့်ပစ်ခံထားရတဲ့လမ်းဘေးခွေးဖြစ်မယ်။ သူတို့က သတ်ဖို့လုပ်နေကြတာနဲ့ ငါလည်း သူတို့ကို ခွေးကိုယူသွားလို့ရမလားလို့ မေးလိုက်တာ။"


ရှန်ဝမ့်ချိုး လုရုံ၏လက်ဖမိုးပေါ်ရှိ သွေးစအနည်းငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်ကာ စက္ကူဘူးတစ်ခုသွားယူလိုက်၏။ လုရုံကို ကမ်းပေးပြီး သူလည်း အပြင်စီးဖိနပ်လဲဝတ်ပြီး ပြောလိုက်သည်။


"ငါလည်း မင်းနဲ့ ဆေးရုံလိုက်ခဲ့မယ်။"


သူ ထိုအကြောင်းကို လုရုံကို နောက်မှသာ ပြောလိုက်တော့ချေမည်။


လုရုံက ခွေးကလေးရှိသောကတ်ထူဘူးကို လက်မောင်များအကြား ပွေ့ထား၏။


“မင်းက တကယ်ကောင်းတဲ့လူပဲ။"

ရှန်ဝမ့်ချိုး ပြောလိုက်သည်။


လုရုံမှာ ရပ်တန့်သွားပြီးမှ မေးလာ၏။


"ရှောင်ပါ့အာ၊ မင်းငါ့ကို တကယ်ချီးကျူးနေတာလား၊ ဒါမှမဟုတ် ခနဲ့နေတာလား။"


ရှန်ဝမ့်ချိုးမှာ ဆို့နင့်ပင်သွားရသည်။

"ငါ မင်းကို ချီးကျူးနေတာပါကွ! "


လုရုံက ခပ်ဖျော့ဖျော့ရယ်မောလေတော့သည်။


သူသည် လုရုံက လူကောင်းတစ်ဦးဖြစ်ကြောင်းကို အမြဲသိရှိထား၏၊ သူသည် အနည်းငယ် စိတ်ပေါ့သွားရသည်။ မှန်ပေ၏၊ လုရုံဆိုသည်မှာ အကြင်နာတတ်ဆုံးနှင့် အခွင့်လွှတ်တတ်ဆုံးလူသားပင်၊ ထိုလူသားသည်ကား သူ့ကို အတိတ်တွင် မည်သည့်အရာများလုပ်ခဲ့သည်ဖြစ်စေ၊ သူ့ကို ကူညီပေးရန် ဆန္ဒရှိနေဦးပေမည်။


မည်သို့ပင်ဆိုစေကာမူ လုရုံ သူ့ကိုကူညီပေးခြင်းမှာလည်း လမ်းဘေးက စွန့်ပစ်ခံထားရသောထိုခွေးလေးကို ကယ်တင်လာခြင်းနှင့်စေတနာချင်း မည်သို့မှ ကွာခြားမည်မဟုတ်။


၎င်းမှာ ဆယ်နှစ်မျှပင်ရှိသွားချေပြီ။


သူသည်ကား ယခုကဲ့သို့ပင် ပုပ်သိုးဆွေးမြေ့နေပြီဖြစ်ရာ မည်သို့များ လုရုံက ကြိုက်နှစ်သက်နေပါဦးမည်နည်း။


******

Thanks for reading💞


မီ့ကလေးလေးတွေ ဝူးဝူး 😭


ဘာသာပြန်သူ အာလူးဖုတ်မည်။(u can skip) 


မွေးစားသားလေးတွေကို ဒီအပိုင်းပြန်ရင်း ဝမ်းနည်းလိုက်ရတာ။ တကယ်တော့ ဒီအပိုင်းကို ဘာသာပြန်ရတာ သေချာမကျေနပ်ပါဘူး၊ ဒီထက်ပိုပြီး လှရမဲ့အပိုင်းလေးကို။ နောက်မှ သေချာပြန်ပြင်ပါမယ်နော်။ လပ်ယူ guysss