Chapter 5
Viewers 144



Second-Hand Love Letter

Chapter 5 – အမှန်တကယ်တော့ သူသည် လုရုံအား "ငါတောင်းပန်ပါတယ်" ဟူသော စကားကို ပြောချင်ခဲ့ရုံသာဖြစ်သည်။



ဤရက်များအတွင်း၌ ရှန်ဝမ့်ချိုးတစ်ယောက် လုရုံ၏နေထိုင်မှုဘဝပုံစံကို အကြမ်းအားဖြင့် သိရှိခဲ့သည်။


လုရုံသည် ယခုလက်ရှိမည်သို့ပင် ဖြစ်နေပါစေ၊ ထိုသူသည် ရိုးရှင်စွာနေထိုင်ဆဲ၊ ပိုက်ဆံအများကြီးလည်း သုံးဖြုန်းမနေသလို မည်သည့်နေရာတွင်မှ အလွန်အကြူးလည်းဖြစ်မနေခဲ့ပေ။ လုရုံ၏အဝတ်ဘီရိုရှိ နေ့စဥ်အဝတ်များမှာ အခြေခံအားဖြင့် သာမာန် ဘရန်းများဆီမှသာ ဖြစ်ပြီး နာမည်ကြီးဘရန်းတစ်ခုမှမပါ။ သို့သော် အနောက်တိုင်းဝတ်စုံနှစ်စုံနှင့် လယ်သာ ရှုးဖိနပ်တစ်စုံကတော့ မပါ ၊ ၎င်းတို့ကတော့ အလွန်ကို စျေးကြီးမည့်ဟန် ရှိပေသည်။



သို့သော် အလုပ်သွားသောရက်များတွင် သူသည် လုရုံက ထိုဝတ်စုံများကို ဝတ်တာမတွေ့ရချေ။ လုရုံဝတ်တာကို သူ တစ်ကြိမ်သာလျှင် မြင်ဖူးပါ၏၊ ထိုတစ်ကြိမ်မှာ လုရုံ သူ့ကို ရဲစခန်း၌ လာကြိုသော တစ်ကြိမ်သာလျှင် ဖြစ်ပါ၏။

  

ထပ်မံ၍ပြောရပါသော်။


သူသည် အဘယ်ကြောင့် လုရုံ၏အဝတ်ဘီရိုအကြောင်းကို သိရှိနေရပါလဲဟု တစ်ယောက်ယောက်ကတော့ သိချင်လိမ့်မည်ပေ။



အကြောင်းမှာကား လုရုံသည် သူ့ကို သော့ကတ်ဒ်တစ်ခုတည်းသာပေးခဲ့ခြင်းမဟုတ်ပါပေ။ အခန်းတံခါးများ၊ ဘီရိုများနှင့် အခန်းတိုင်းရှိ ရှိရှိသမျှသော အံဆွဲများ အားလုံးကို သော့မခတ်ဘဲ ဖွင့်လျက်သာ ထားပေးခဲ့၏။ ရှန်ဝမ့်ချိုးသာ အလိုရှိနေသ၍ သူသည်ကား အရာအားလုံးကို စိတ်တိုင်းကျ ဖွင့်နိုင်ပေမည်။



အစပထမကတော့ ရှန်ဝမ့်ချိုးသည် လုရုံသည်ကား တကယ်ကို သူ့အပေါ်၌ အပြင်လူတစ်ယောက်ကဲ့သို့ မဆက်ဆံဟု ခံစားခဲ့ရသည်။ သို့သော် သူ အကုန်လုံးကို ကြည့်မိပြီးသည့်နောက်တွင်တော့ ဤတိုက်ခန်းတွင် ၎င်းတိုက်ခန်းကိုယ်တိုင်မှအပ မည်သည့်အရာကမှ တန်ဖိုးမရှိကြောင်း တွေ့ခဲ့ရသည်။ လုရုံက သူ့ကို လုပ်ချင်တိုင်းလုပ်ခွင့်ပေးထားပြီး အကာအကွယ်လည်းကင်းမဲ့နေသည်မှာ အံ့သြစရာမရှိတော့ပါချေ။



ရှန်ဝမ့်ချိုးလည်း ပျင်းရိသောကြောင့် အကုန်လုံးကိို လျှောက်ကြည့်နေမိသည်။


လုရုံသည် နေ့စဥ်အသုံးစရိတ်များတွင် လွန်စွာ စိစစ်တတ်ပေသည်။ 


လွန်ခဲ့သောရက်အနည်းငယ်က သူ့တွင် ဘာမှလုပ်စရာမရှိခဲ့ပေ။ ထို့ကြောင့် သူသည် လုရုံနှင့်အတူ အနီးနားရှိ စူပါမားကတ်တစ်ခုကို နောက် သုံး၊ လေးရက်စာအတွက် လိုအပ်သော ပစ္စည်းများဝယ်ရန် လိုက်သွားခဲ့သည်။ လုရုံသည်ကား အမျိုးအစားတစ်ခုချင်းစီကို လျော့စျေးမည်မျှရသနည်းဆိုတာကိုပင် အသေးစိတ်လိုက်ကြည့်နေသေးသည်။ ထို့အပြင် စူပါမားကတ်တစ်ခုလုံးကို သေချာလိုက်ကြည့်၍ မည်သို့ ပို၍စျေးသက်သာအောင်ဝယ်ရမလဲဆိုတာပါ တွေးနေခဲ့သေးသည်။ အမှန်တကယ်ကို ဂရုတစိုက်တွက်ချက်နေခြင််းပါပေ။



ရှန်ဝမ့်ချိုး: "မင်း အခု ဥက္ကဋ္ဌလုဖြစ်နေတာတောင် ဘာလို့အဲ့ဒီလောက် ချွေတာနေသေးတာလဲ။"


လုရုံက ပြန်ဖြေလာခဲ့သည်။

"ပိုက်ဆံချွေတာလို့ရတဲ့နေရာမှာ ဘာလို့ ငါက အသားကုန်သုံးရမှာတဲ့လဲ။"


ရှန်ဝမ့်ချိုး : “မင်းကတကယ်ကို ကပ်စီးနဲ့တာပဲ။ ဒါပေမဲ့ ဥက္ကဋ္ဌလု၊ အနာဂတ်မှာ မင်း မိန်းကလေးတစ်ယောက်နဲ့သာ ချိန်းတွေ့မယ်ဆိုရင် ဒီ့ထက်ပိုပြီး ရက်ရောပေးဖို့တော့ လိုတယ်နော်။ မဟုတ်ရင် မင်းက အခြားသူတွေနဲ့ မယှဥ်နိုင်ဘဲ နောက်ကျရင် ချိန်းတွေ့ဖို့ လူရှာဖို့ ခတ်သွားတဲ့အထိဖြစ်သွားရလိမ့်မယ်။"



လုရုံသည် တစ်ခုကို စဥ်းစားနေသည့်ဟန်၊ တစ်ခဏမျှ မျက်မှောင်ကြုတ်သွားပြီးကာမှ တွေးတွေးတဆဖြင့် ဆိုလာသည်။


"ငါ အရင်တုန်းက blind date တစ်ခု စီစဥ်ပေးတာခံရဖူးတယ်။ ငါ တစ်ဖက်လူနဲ့ တစ်နပ်လောက်အတူစားခဲ့တာ၊ စားပြီးတော့လည်း ငါပဲရှင်းပေးခဲ့တာပါ၊ ငါသိမ်းထားတဲ့ ကူပွန်တွေသုံးပြီးတော့ကို ရှင်းပေးခဲ့တာကို။"

  

"ငါရဲ့အတန်းဖော်က နောက်တော့ပြောလာတယ်၊ ငါက လူကြီးလူကောင်းမဆန်ဘူးတဲ့။"



ရှန်ဝမ့်ချိုး: “ဟားဟားဟား။”


ဟားဟား။ လုရုံက အရင်က blind dateသွားတွေ့ဖူးတာလား။ ဟုတ်တာပဲ၊ သူ့ရဲ့အခုအခြေအနေကလည်းကောင်းနေပြီပဲကို။ အခုဆိုရင် သူ့ကို လက်ထပ်ချင်တဲ့မိန်းမတွေဆိုတာ ရှားမှာမဟုတ်ဘူး။


အထက်တန်းကျောင်းတုန်းကဆိုလျှင် လက်တစ်ဖက်ပဲရှိတာတောင်မှ သူ့ကိုကြိုက်နှစ်သက်ခဲ့သည့်မိန်းကလေးများ ရှိခဲ့သေးတာပင်။


အခု သူပြန်တွေးကြည့်လျှင် သူတို့သည် ဒီနှစ်တွင်် ၂၈နှစ်ရှိနေကြပြီဖြစ်သည်။ မကြာခင်တွင် ၃၀ ပြည့်တော့မည်။ သွက်သည့်အတန်းဖော်ဟောင်းအချို့ဆိုလျှင် ယခုအရွယ်၌ ဒုတိယကလေး သို့မဟုတ် ဒုတိယအိမ်ထောင်ပင်ဖြစ်နေကြလောက်ပြီဖြစ်သည်။ blind date ဆိိုသည်လောက်ကား ဘာမျှမဟုတ်။


လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝ အဆက်အသွယ်မရှိခဲ့။ လုရုံကလည်း သူ့ကို လာမရှာခဲ့ပေ။ အကြင်သူသည် သူ၏ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာ နေထိုင်နေသည့်ပုံပေါ်ကာ အရင်အချိန်များအတွင်း ချိန်းတွေ့တာမျိုးလည်း လုပ်ဖူးသည့်ပုံပေ။ 

ရှန်ဝမ့်ချိုး တွေးလိုက်မိ၏၊ လုရုံအတွက်မူ ငယ်ရွယ်စဥ်အခါတုန်းက ပြုလုပ်ခဲ့မိသော လိင်တူသည့်သူငယ်ချင်းတစ်ဦးကို ဖွင့်ဟဝန်ခံခြင်းမှာ စိတ်လက်မာန်မာလုပ်မိသော အိပ်မက်ယောင်ကာ ပြုလုပ်ခဲ့သည့်ရယ်ဖွယ်ရာတစ်ခုပင် ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သူ ထလာသည့်အခါတွင် သူသည် ပုံမှန်အတိုင်းပြန်ဖြစ်နေကြောင်း သိလိုက်ရလိမ့်မည်။ ယခုဆိုလျှင် သူသည် လမ်းကြောင်းအမှန်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်ပြီး လူတိုင်းအားကျမနာလိုရသော ငယ်ရွယ်ကာ အရည်အချင်းရှိသောလူတစ်ဦးဖြစ်နေချေပြီ။


သူ၏ထိုအချိန်တုန်းက ငြင်းပယ်ခဲ့မှုမှာ မှန်ကန်သည့်ပုံ။



သို့သော် လုရုံသည် စိစစ်ချွေတာတတ်သော်ငြား ရှန်ဝမ့်ချိုးသည် သူ၏စာကြည့်ခန်းထဲ၌ လှူဒါန်းမှုအတွက် ကျေးဇူးတင်လွှာတစ်ထပ်လိုက်ကို တွေ့ထားသည်။ ထိုသည်မှာ မနာကျန်းသော ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော မိန်းမငယ်လေးများအတွက်ဖြစ်ကား အကြိမ်တိုင်းအနည်းဆုံး ယွမ် 5,000 ကနေ 20,000 အထိပင် လှူဖူးသည်။ သူသည် အချို့ကျေးဇူးတင်လွှာများမှာ တောင်တန်းဒေသတွင်နေထိုင်သော လှူဒါန်းခံရသည့်ကလေးမလေးများထံမှ ဖြစ်ကြောင်းတွေ့ရသည်။ အချိန်အားဖြင့်ကြည့်လျှင် သူ ဘွဲ့ရကာ အလုပ်စဝင်စအချိန်ဖြစ်လောက်မည်။

 

သူက ပိုက်ဆံလေးနည်းနည်းရတာနဲ့ တန်းပြီး စလှူတော့တာပဲ၊ ဟမ့်။



ရှန်ဝမ့်ချိုးသည် ထိုအကြောင်းများကို တွေးတောနေရင်း တိရစ္ဆာန်ဆေးရုံဆိုင်းဘုတ်ကို မြင်လိုက််ရရာ မြန်မြန် လက်ညှိုးထိုးပြလိုက်ပြီး ဆိုသည်။


"ငါတို့ရောက်ပြီ၊ အဲ့ဒီမှာ။"


လုရုံသည် လမ်းဘေး၌ ကားရပ်ရန်နေရာ ရှာလိုက်သည်။


ရှန်ဝမ့်ချိုး ဆော်သြလိုက်သည်။


"မြန်မြန်လုပ်၊ ဒီခွေးရဲ့အနံ့က တော်တော်ဆိုးနေပြီကွ။"


လုရုံသည် သူ့ကိုလှည့်ကြည့်လာ၏။


သူ ဘာကိုမှ ရည်ရွယ်သည်မဟုတ်၊ သို့သော် ရှန်ဝမ့်ချိုးမှာ ခံစားလွယ်လှ၏၊ သူ ပြောလိုက်မိသော စကားကိုပြန်စဥ်းစားရင် သူ၏ပါးများမှာ ချက်ချင်းပူတက်လာတော့သည်။ လုရုံ သူ့ကိုကြိုကာ အတူတူပြန်လာသည့်နေ့တုန်းကဆိုလျှင် သူသည်လည်း ခွေးထက် ဘယ်လောက်မှ အခြေအနေကောင်းနေသည်မဟုတ်။ ဤသည်ကို သူက မကြိုက်နှစ်သက်ကြောင်း ပြောရဲသေးသည်။ ပြောရလျှင် ဤခွေးကမှ သူ့ထက်ပို၍ ချစ်ဖို့ကောင်းသေးပါသည်။



ဤသို့ဖြင့် ကားထဲမှထွက်သောအခါ သူသည် တိတ်တဆိတ် ကတ်ကူဘူးကို ယူရန် အစပြုလိုက်သည်။ သူ ဘူးကိုသယ်လိုက်သည့်ချက်ချင်း ခွေးက ရုတ်တရက် ထဟောင်တော့လေသည်။


လုရုံက ဘေးဘက်တွင်ရပ်ပြီး ပြောလသည်။

"ငါ သူ့ကိုသယ်လိုက်မယ်။"


ရှန်ဝမ့်ချိုးမှာ ကတ်တူဘူးကို လက်လွဲပေးလိုက်ရပြီး ရွေရွတ်လိုက်သည်။


"သေလိုက်ပါတော့၊ ခွေးကတောင် ဘယ်သူကဆန်ကုန်မြေလေးလဲ၊ ဘယ်သူက လူကောင်းလဲဆိုတာ အနံ့ခံနိုင်တာလား .. "


သူ၏စကားလုံးများမှာ ကားတံခါးပိတ်သံ 'ဘန်း' ဟူသောအသံနှင့် ရောယှက်သွားသည်။

  

လုရုံက သေချားမကြားလိုက်တာကြောင့် မေးလာသည်။


"ဘာပြောလိုက်တာလဲ၊ ရှောင်ပါ့အာ။"


ရှန်ဝမ့်ချိုးလည်း ပြောတာရပ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး။"


လုရုံသည် အရပ်ရှည်ကာ သန်မာသော လက်မောင်းများရှိပေသည်၊ ထို့ကြောင့် သူသည် လက်နှစ်ဖက်ဖြင့် ကတ်ထူဘူးကို အလွယ်တကူ ထွေးပွေ့လိုက်နိုင်၏။ သို့သော် ရှန်ဝမ့်ချိုးမှာ မနေနိုင်ဘဲ သူ၏လူလုပ်လက်အတုကို အာရုံစိုက်မိဆဲပင်။ အတိတ်တုန်းကဆိုလျှင် လုရုံသည် လက်တစ်ဖက်မရှိသည့်အတွက် ပစ္စည်းများကို လွယ်လွယ်ကူကူမသယ်နိုင်ခဲ့ပေ။ ထို့အတွက် ရှန်ဝမ့်ချိုးသည် သူ့ကို မကြာခဏ ကူညီပေးခဲ့ရ၏။ 


ယခုတွင်မူ သူသည် မည်သည့်အကူအညီမှမလိုအပ်တော့ပေ။



ဤတိရစ္ဆာန်ဆေးရုံရှိ ဆွေးနွေးခန်းမှာ အနည်းငယ်သေးလှသည်။ ထို့ကြောင့် ရှန်ဝမ့်ချိုးတစ်ယောက် အထဲသို့လိုက်ဝင်သည့်အခါ သူသည် လမ်းပိတ်နေမိသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ လုရုံကို ဆေးရုံ lobby ထဲတွင်စောင့်နေမည်ဖြစ်ကြောင်း ပြောခဲ့ပြီး ထွက်လာခဲ့လိုက်သည်။

 

သူသည် အေးစက်လှသောထိုင်ခုံပေါ်၌ ဝင်ထိုင်လိုက်၏၊ မည်သည့်အရာမှ လုပ်စရာလည်းရှိမနေပါချေ၊ ထို့အတွက် သူ၏အတွေးများမှာ ဦးတည်ရာမဲ့စွာ လျှောက်တွေးနေမိသည်:

'ငါက တကယ်ကို နှလုံးသားမဲ့တာပဲ။ လူအများစုက ဒီလိုလမ်းဘေးခွေးကိုတွေ့ကို သနားတတ်ကြတာပဲမလား။ ဘာလို့ ငါကကျ ဘာမှမခံစားရတာလဲ။ ဘယ်အချိန်ကတည်းက ငါဒီလို ဖြစ်သွားရတာလဲ။'


('...' တွေက စိတ်ထဲက ပြောနေတာတွေပါ။)


လည်ပင်းအစွပ်ကို ဝတ်ထားသော ခပ်ဝဝရုရှားအပြာရောင်ကြောင်လေး တစ်ကောင် ဖြတ်လျှောက်သွားတာကို မြင်လိုက်ရသည်။

ရှန်ဝမ့်ချိုး ၎င်းကို လှမ်းထိလိုက်၏၊ ထို့နောက် မနာလိုစွာ တွေးလိုက်မိသည်။ သူ နောက်ဘဝမှာ ကြောင်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာရလျှင် အလွန်ကောင်းချေမည်။ လူသားဖြစ်ရသည်ကား အလွန်ကို ပင်ပန်းစရာကောင်းလှပေ၏။


တစ်ခဏကြာတော့ လုရုံသည် ဆွေးနွေးခန်းအတွင်းမှ ပြန်ထွက်လာသည်။ ခွေးကလေး စစ်ဆေးမှုခံယူနေရပြီး သူက ငွေထွက်ရှင်းတာဖြစ်သည်။



ရှန်ဝမ့်ချိုးလည်း ထရပ်ကာ ငွေဘယ်လောက်များရှင်းရသလဲဆိုတာကို သွားနားထောင်လိုက်သည်။


"... စုစုပေါင်းကုန်ကျငွေ သုံးထောင်နှစ်ရာယွမ်ကျသင့်ပါတယ်။ မန်ဘာကဒ်များ လုပ်ထားမလားရှင့်။ မန်ဘာကဒ်နဲ့ဆိုရင် ယွမ်2,000 အတွက် 10% off ၊ 5,000အတွက်ဆိုရင် 15% off နဲ့ 10,000 ဆိုရင် 20% off ရပါတယ်ရှင်။"



ရှန်ဝမ့်ချိုးပြောလိုက်မိသည်ကား : "တအား စျေးကြီးတာပဲ" ဟု။


ယနေ့ခေတ် တိရစ္ဆာန်ကုသမှုများမှာ လူသားများထက်ပင် စျေးကြီးသေးသည်။ ခွေးသည်ကား သူ့ကိုထက်ပိုကောင်းသော ဘဝ၌ နေရ၏။ လုရုံက မန်ဘာကဒ်လုပ်လိမ့်မည်မဟုတ်ပေတကား၊ ထိုသို့ဆိုလျှင် များစွာ သက်သာသွားလိမ့်မည်။


လုရုံက ပိုက်ဆံအိတ်ကိုထုတ်လိုက်ရင်း စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားကာ ပြောလာသည်။


"ဒီတစ်ကြိမ်တော့ မလုပ်တော့ဘူး။ ငွေအပြည့်ပဲ ရှင်းလိုက်ပါမယ်။ ကျွန်တော့်မှာ ငွေသားအများကြီးမရှိတော့ဘူး၊ ကဒ်နဲ့ရှင်းလို့ရမလား။"


...ဤသည်မှာ သူက ထိုခွေးကို မွေးစားရန်အစီအစဉ်မရှိဘူးလို့ ဆိုလိုခြင်းမဟုတ်ပေလား။ ရှန်ဝမ့်ချိုး ထိိုအခါမှ တွေးလိုက်မိ၏။


သူသည်လည်း တကယ်တမ်း ခွေးအပေါ်၌ သနားစိတ်လုံးဝမရှိပါချေ၊ ထို့အပြင်သူသည် အနည်းငယ်ပင် မနာလိုဖြစ်နေခဲ့သေးသည်။ သို့သော်လည်း သူသည် ရုတ်တရက် တူညီသွားသော သူတို့၏ကံကြမ္မာကြောင့် အနည်းငယ်သနားမိသွားသည်။ လုရုံသည် ၎င်းကို ကယ်တင်ရန်အတွက် ပိုက်ဆံသုံးပေးရန်ဆန္ဒရှိသည့်တိုင် သူသည် မွေးစားရန်တော့ စီစဉ်မထားပေ။ ထို့အတူ ရုပ်ဆိုးကာ ဖျားနာနေသော ခွေးတစ်ကောင်အတွက် မွေးစားမည့်သူရှာရန် ဆိုသည်မှာ ခက်ခဲလိုက်ချေမည်။ အနှေးနှင့်အမြန်ပင် လုရုံသည် ၎င်းကို တာဝန်ယူစောင့်ရှောက်ပေးနေရတာကို စိတ်ကုန်လာလိမ့်မည်ပင်။


သူ့ကို ခေါ်ယူကာ စောင့်ရှောက်ထားရသကဲ့သို့။


လုရုံသည် ဘယ်ဘက်လက်ပေါ်ရှိ နာရီကို အကြည့်တစ်ချက်ပို့လိုက်ပြီး ပြောသည်။


"ဆရာဝန်က စစ်ဆေးချက်လုပ်ဖို့ နာရီဝက်လောက်ကြာဦးမယ်လို့ပြောတယ်။ အပြင်မှာရှိတဲ့ ဆိိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခုဝင်စာစကြတာပေါ့။"


ရှန်ဝမ့်ချိုးလည်း လုရုံလက်ပေါ်ရှိနာရီကို တစ်ချက်ကြည့်မိသွားသည်။


၎င်းမှာ Titoni-brand နာရီတစ်လုံးဖြစ်ပြီး အိုဟောင်ကား သက်တမ်းကြာလှချေပြီ။ ထိုနာရီကိို လုရုံ၏အဖေက အထက်တန်းကျောင်းတုန်းက လုရုံကို ဝယ်ပေးထားခြင်းဖြစ်ပြီး နာရီပြင်သမားတစ်ယောက်ကို ပြင်ခိုင်းကာ သူ့ကို လတ်ဆောင်အဖြစ်ပေးထခြင်းဖြစ်သည်။ ထို့သို့ဆိုပါက သူ ကျောင်းသွားသည့်အခါ အချိန်ကိုသိနိုင်ပြီဟူသော ရည်ရွယ်ချက်ဖြင့်။ လုရုံသည် ထိုနာရီကို အလွန်တန်ဖိုးထားခဲ့သည်။ ဆယ်နှစ်ကျော် ကုန်ဆုံးသွားသည့်အခါတွင်လည်း သူသည် ၎င်းကို ထိန်းသိမ်းကာ အသုံးပြုနေဆဲ။


၎င်းနာရီ၌ အမှတ်တရများစွာကို သယ်ဆောင်ထားပေ၏။




မစ်တီးဆိုင်ကိုရောက်တော့ လုရုံသည် မစ်တီးနှစ်ခွက်ကိုမှာလိုက်သည်၊ တစ််ခွက်က ရှန်ဝမ့်ချိုးအတွက် ဖြစ်ပြီး တစ််ခွက်က သူ့အတွက်သူဖြစ်သည်။


လုရုံက သူဘာသောက်ချင်လဲဟု မေးပြီး လုရုံက ဆက်ပြောလာသည်။


"သကြားညိုနဲ့ နို့များများမလား။ မင်း အဲ့ဒါကိုကြိုက်တယ်ဆိုတာ ငါမှတ်မိတယ်။"


ရှန်ဝမ့်ချိုးက ရယ်လိုက်သည်။


"အဲ့ဒါ အရင်တုန်းကလေ။ အဲ့ဒီအချိန်တုန်းက ငါ နွားနို့သောက်ရတာကြိိုက်တယ်ဆိုတာ မင်းငါ့ထက်အရပ်ရှည်တာကို မနာလိုဖြစ်လို့ပဲ။ ငါအခု cheese အနှစ်နဲ့ သစ်သီးဖျော်ရည်တစ်ခွက်သောက်ချင်တယ်။"


နောက်ထပ် အသားကြော်ဆိုင်ကိုရောက်တော့ လုရုံသည် သူ့အတွက်နှင့် ရှန်ဝမ့်ချိုးအတွက် အသားကြော်နှစ်ပွဲမှာလိုက်သည်။


ရှန်ဝမ့်ချိုးကလည်း သူ့နောက်လိုက်ကာ စားသည်။ သူ စားမပြီးခင်မှာတင် လုရုံသည် ပင်လယ်စာဆိုင်သို့ ခေါ်သွားပြီး ကျောက်ပုစွန် 2 catties၊ ကျောက်ပုစွန်စပ် 2 catties၊ အသားစိမ်းနှစ်ချပ် နှင့် ခေါက်ဆွဲအေးနှစ်ပွဲမှာလိုက်ပြီး စုစုပေါင်း ယွမ်၅၀၀ အထက် ကျသင့်သွား၏။


(Catties, catty ဆိုတာ တရုတ်မှာသုံးတဲ့အလေးချိန်ပါ။ ၅၀၀ဂရမ်ကို one catty ညီတယ်လို့ သိရပါတယ်။)



ရှန်ဝမ့်ချိုးတစ်ယောက် ဤကဲ့သို့ စိတ်လွတ်လက်လွတ် အသားကုန်မစားရသည်မှာ အချိန်ကြာခဲ့ပေပြီ။ သူသည် အလွန်ပျော်ရွှင်နေပြီး လေချဥ်တက်ကာ ဆိုသည်။


"အရမ်း စားလို့ကောင်းတာပဲ။"


လုရုံလည်း ပြောလိုက်သည်။

"အဲ့ဒါဆိုရင်လည်း 2 catties လောက် ထပ်မှာကြတာပေါ့။"


သူက လက်ကိုမြောက်ကာ ဝိတ်တာခေါ်ရန် ပြင်သည်။

  

ရှန်ဝမ့်ချိုးက ခေါင်းခါလိုက်၏။


"ငါ ဒီနေ့တော့ ထပ်မစားနိုင်တော့ဘူး။ နောက်မှ စားကြတာပေါ့။"



လုရုံလည်း ခေါင်းညိတ်လိုက်သည်။


အချိန်များ ကုန်ဆုံးသွားပြီဖြစ်သည်။ သူတို့လည်း ခွေးကလေးကို ပြန်ခေါ်ရန် ဆေးရုံသို့ ပြန်သွားလိုက်ကြ၏။ ဆရာဝန်မှာ ခွေးလေး၏ယေဘုယျအခြေအနေကို ရှင်းပြလာသည်။ ၎င်းမှာ အရေပြားရောဂါနှင့်အတူ သွားနှင့်မျက်လုံးများတွင်ပါ ပြဿနာရှာနေသည်။ သို့သော် ၎င်းတို့မှာ အသေးစားပြဿနာသာဖြစ်၏။ အကြီးမားဆုံးကိစ္စမှာ ascites* ဖြစ်နေခြင်းဖြစ်၏။ သို့သော် သတင်းကောင်းကတော့ ၎င်းမှာ ကုသ၍ရပြီး အရမ်းလည်း မပြင်းထန်ပေ။



( ascites ဆိုတာ အချင်းထဲမှာ အရည်တွေစုနေတဲ့ရောဂါလို့ပြောပါတယ်။ )


တိရစ္ဆာန်ဆရာဝန်က ပါးပါးနပ်နပ်ထပ်ပြောလာသည်။


"ဒီ ascites ရောဂါအတွက်ကုသမှုတွေက အရမ်းစျေးကြီးတယ်၊ နောက်ပြီး ပြန်ကောင်းနိုင်ပါမယ်လို့လည်း အာမခံချက်မရှိဘူး ... "


အိမ်မွေးခွေးများကို ကိုယ်တိုင်ဆန္ဒဖြင့် ကိုယ်တိုင်ကိုယ်ကျ မွေးမြူသူများအတွက်တောင် ၎င်းမှာ စျေးကြီးလွန်းသည်ဟု ပြော၍ရ၏။ လမ်းဘေးမှ ယခုလေးတင်ကောက်ယူလာသော ခွေးတစ်ကောင်အတွက်ဆိုရင် ထည့်ပြောရန်ပင် မလိုပါချေ။


လုရုံ : "အဆင်ပြေပါတယ်။ အရင်ဆုံး ကုကြည့်ကြတာပေါ့။"


တိရစ္ဆာန်ဆရာဝန် : "သေချာရဲ့လား၊ ယွမ်တစ်သိန်းလောက်တောင်ကျလောက်တယ်နော်။"


လုရုံ: "အဆင်ပြေပါတယ်။"



ရှန်ဝမ့်ချိုးသည် ဘာမှဝင်မပြောဖြစ်။ သူသည် ထိုင်ခုံ၌သာဝင်ထိုင်ပြီး လုရုံနှင့်ဆရာဝန်တို့ တစ်ခါ ဒုတိယထပ်ရှိကုသခန်းထဲသို့ ခွေးသွားကြည့်တာကို စောင့်နေလိုက်သည်။



ဘာလုပ်ရင်ကောင်းမလဲ။ သူ ပြန်လိုက်သွားပြီး လုရုံကို နှုတ်ဆက်ခဲ့သင့်လား။ အကြောင်းပြချက်ကရော ဘာလဲ။


သူ ဆေးလိပ်သောက်ချင်လာခဲ့ပြန်သည်။ သူ အိတ်ကပ်ကို ထိကြည့်လိုက်သော်လည်း မည်သည့်စီးကရက်မှ မတွေ့ခဲ့။

 

သူ ဆေးလိပ်ငွေ့များမှုတ်ထွက်သကဲ့သို့ သက်ပြင်းချကာ ရှုထုတ်လိုက်မိသည်။ သို့သော် သူ၏ရင်ဘက်အတွင်း၌ တစ်ခုခုပိတ်ဆို့နေသလို ခံစားရဆဲပါပင်။


အမှန်တကယ်တော့ သူသည် လုရုံကို 'ငါတောင်းပန်ပါတယ်' ဟူသော စကားကို ပြောခဲ့ချင်ရုံသာဖြစ်သည်။


ဤသည်မှာ သူ၏နောက်ဆုံးဆန္ဒဖြစ်၏။


ထိုသို့ပြောပြီးလျှင် သူလည်း စိတ်အေးချမ်းစွာဖြင့် သေဆုံးနိုင်လိမ့်မည်။ သူ ခွင့်လွှတ်ခံရသည်ဖြစ်စေ၊ မခွင့်လွှတ်ခံရသည်ဖြစ်စေ ကိစ္စမရှိပါ။ သို့သော် လုရုံနှင့် သူ တို့နှစ်ယောက်မှာ ပုံမှန်အတိုင်းသာ ဘာကိစ္စမှမဖြစ်ပျက်ခဲ့သလိုသာနေနေကြ၏။ သူသည် ထိုအကြောင်းကို စကားပြောရန် အခွင့်အရေးရှာမရပါချေ။


ထို့သို့ သူဘက်မှ စပြောလိုက်ပါလျှင်လည်း တအားအစွဲအလန်းကြီးလွန်းနေပုံပေါ်ကာ လူရယ်စရာဖြစ်သွားလိမ့်ချေမည်။


  

“Bzt——Bzt——”


ဖုန်းအသံမြည်လာသည်။


ရှန်ဝမ့်ချိုးသည် လုရုံကဖုန်းကို စားပွဲပေါ်တွင် မတော်တဆတင်ခဲ့မိကြောင်း မြင်လိုက်ရသည်။ screen ကား ပွင့်လို့လာပြီး မက်ဆေ့ချ်ဘားမှာ သူ wechat မှ မက်ဆေ့တစ်ခုရရှိကြောင်း နိုတီတက်သည်။


[ကျန်းလင်: ငါ့ကို အနာဂတ်ကျမှအပြစ်မတင်နဲ့နော်။ ရှန်ဝမ့်ချိုးက အခုဆို မကောင်းတဲ့ကောင်ဖြစ်နေပြီလို့ သတိပေးထားပြီးသား.. ]


ထို့နောက် ဖုန်း screen မှာ ပြန်၍ပိတ်ချသွားပြီး ပုံမှန်အနက်ရောင်မျက်နှာပြင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ မိနစ်အတော်အများကြာပြီးနောက် ရှန်ဝမ့်ချိုးတစ်ယောက်တွေးလိုက်မိသည်။ 

' အို၊ လုရုံက အစောကတည်း သိနေပြီးသားပဲ။'

  

လုရုံတစ်ယောက် ပထမထပ်ရှိ lobbyသို့ ပြန်ရောက်ချိန်တွင် ရှန်ဝမ့်ချိုးမှာ မရှိတော့ချေ။ သူသည် အပေါက်ဝသို့သွားပြီး ကြည့်လိုက်သည်၊ သို့သော် မည်သူမှမရှိ။


လုရုံ ဆေးရုံအထဲပြန်ဝင်လာလိုက်သည်။ ထို့နောက် ဧည့်ကောင်တာဆီသို့ လျှောက်သွားပြီး မေးမြန်းရန်ပြင်လိုက်၏။ သို့သော် ထိုဧည့်ကောင်တာမှ သူ့ကို သူ၏ဖုန်းကမ်းပေးလာသည်။


"ရှင့်သူငယ်ချင်းက ရှင့်ဖုန်းကို ပေးပေးဖို့ ပြောထားခဲ့လို့ပါ။"



လုရုံ မေးလိုက်သည်။ 


"သူဘယ်မှာလဲ။"


ဧည့်ကြိုဝန်ထမ်းမှ ပြန်ဖြေလာသည်။


"အမ်၊ သူ အပြင်တော့ထွက်သွားတာပဲ။ ကျွန်မသေချာတော့ မသိဘူး။"



လုရုံ မျက်မှောင်ကြုတ်လိုက်သည်။ သူ ဖုန်းဖွင့်ပြီး screen ကိုကြည့်လိုက်မိရာ အသက်ကိုပင် အောင့်ထားမိသွားပြီး မျက်ဝန်းအတွင်း၌လည်း လှိုင်းထသွားလေ၏။ တစ်မိနစ်မျှကြာပြီးနောက် သူ ချက်ချင်းကို ဘာဖြစ်သွားသလဲဆိုတာ နားလည်လိုက်ရသည်။ သူ မြန်မြန်မေးလိုက်သည်။


"ကျွန်တော့်သူငယ်ချင်းဘယ်ကို ထွက်သွားလဲဆိုတာ တွေ့မိလိိုက်သေးလား။ သူ ထွက်သွားတာ ဘယ်လောက်လောက်ကြာပြီလဲ။ ကျေးဇူးပါ။"


****

Thanks for reading💞