Second-Hand Love Letter
Chapter 6
ရှန်ဝမ့်ချိုး၏အိပ်ကပ်ထဲတွင် မည်သည့်အရာတစ်ခုမှ မရှိ၊ ပိုက်ဆံဆိုလျှင် ပို၍ဆိုးသေးသည်။ သူဝတ်ထားသော အဝတ်အစား၊ ဖိနပ်အားလုံးဟာလည်း လုရုံကသာဝယ်ပေးခဲ့ခြင်းဖြစ်သည်။
လမ်းနည်းနည်းလောက်လျှောက်ပြီးသည့်အချိန်တွင် သူ့မှာ ကြောင်အသွားခဲ့ရသည်။ သူသည် H မြို့တွင် အရင်က မနေဖူးသလို ရောက်လည်းမရောက်ဖူးပါ။ ထို့ကြောင့် သူ လမ်းများကိုလည်း မသိပေ။ သူ လမ်းမကြီးတစ်လျှောက်ကိုသာ ဦးတည်ရာမဲ့စွာ လျှောက်သွားနေခြင်းဖြစ်၏။ ဤနေရာတစ်ဝှိုက်မှာ ယခင်က ရှေးဟောင်းမြို့တော်ဖြစ်ပုံရပြီး ယခုမှပြန်လည်ပြုပြင်ထားသည့်ဟန်ရသည်။ ညာဘက်တွင် အခန်းကန့်ထားသောအပြာရောင်အဆောက်အအုံကြီးတစ်ခုရှိပြီး ဘယ်ဘက်မှာတော့ အိုဟောင်းနေသောဆိုင်များရှိ၏။
ညအချိန်အခါ၌ မည်သည့်သွားလာလှုပ်ရှားမှုများမရှိ၊ နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ကာ လူသူကင်းမဲ့နေလေ၏။
လမ်းကြားလေးများထဲတွင်တောင် ကားများ၊ ယာဥ်များ ဖြတ်သန်းသွားလာနေခြင်းမရှိပေ၊ သူတစ်ဦးတည်းကသာ ဤတိတ်ဆိတ်ခြောက်သွေ့နေသော လမ်းပေါ် ရှိနေသူဖြစ်လေသည်။
ထို့အပြင် စျေးဆိုင်များလည်း တစ်ခုပြီးတစ်ခု ပိတ်သွားကြကာ အိမ်တံခါးများမှာလည်း ပိတ်လို့ထား၏။ အကြည့်တစ်ချက်နှင့်ပင် သူသည် ဖွင့်နေသောနေရာဟူ၍ အများသုံးတယ်လီဖုန်းအခန်းငယ်လေးကိုသာ တွေ့လိုက်ရသည်။ ၎င်း၏မှန်ပြတင်းထက်၌လည်း "ဆေးပြင်းလိပ်"၊ "ဝိုင်” ၊ "ဖုန်းငွေဖြည့်ရန်" ဟူသော စကားလုံးများ ရေးကပ်ထား၏၊ သို့သော် ၎င်းစာလုံးတို့မှာ ရေးဆွဲချက်တစ်ချို့ ပျောက်ဆုံးနေကြပြီးစာလုံးပေါင်းများကလည်း မမှန်ပါချေ။
၎င်းမှာ ဆိုင်းအဟောင်းတစ်ခုဖြစ်ဟန်ရှိပြီး အပြင်အဆင်မှာလည်း လွန်ခဲ့သောဆယ်နှစ်လောက်က အပြင်အဆင်မျိုးဖြစ်သည်။
ရှန်ဝမ့်ချိုးတစ်ယောက် ရပ်တန့်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ ဆက်သွားမိပြန်သည်။
ပုစဥ်းရင်ကွဲများ၏ အော်မြည်သံများမှာ သူနားထဲ တိုးဝင်လာကြပြီး ထိုအသံမှာ သူ့ကို လွန်ခဲ့သောနှစ်နှစ်ဆယ်လောက် နွေရာသီတစ်ခုဆီသို့ ပြန်လည််ခေါ်ဆောင်သွားလေသည်။
ပူပြင်းလှသော ရာသီဥတု၌ စစ်ရေးလေ့ကျင့်ရခြင်းဟူသည် ငရဲတစ်ရပ်ပင်။
လူစုခွဲသည့်အချိန်ရောက်သည်နှင့် လူတိုင်းမှာ ကျောင်းကန်တင်းသို့ အမြန် ရေအေး သို့မဟုတ် အအေးတို့ သွားဝယ်ကြ၏။ သို့သော် ရှန်ဝမ့်ချိုးမှာတော့ လုရုံသည် ဘယ်သောအခါမှ အအေး သို့မဟုတ် မုန့်များဝယ်မစားသည်ကို သတိထားမိသွားရသည်။ သူက အမြဲ ဆေးများလွှင့်ပြယ်နေပြီဖြစ်သော ဓာတ်ဘူးအဟောင်းတစ်ခုကိုသာယူလာပြီး ကျောင်းမှ အလကားရသည့် ရေကိုသာ သောက်သည်။
ထိုအချိန်၌ သူတို့နှစ်ဦးမှာ မသိလိုက်ဘာသာနှင့် သူငယ်ချင်းများဖြစ်နေကြချေပြီ။ ရှန်ဝမ့်ချိုးသည်လည်း အတန်းထဲရှိလူများနှင့် ပို၍အဆင်ပြေ နေသားကြလာခဲ့၏။ ထိုသို့ဖြင့် ရက်အနည်းအငယ်အတွင်းမှာပင် သူငယ်ချင်းအုပ်စုတစ်ခုမှ ဖွဲ့ပြီးလို့သွားပြီး ရှန်ဝမ့်ချိုးကတော့ ၎င်းတို့၏အလယ်အဓိကဗဟို ဖြစ်လာခဲ့သည်။
လုရုံလည်း ထို့အဖွဲထဲပါသော်ငြား ၎င်းမှာ ရှန်ဝမ့်ချိုးမှ ခေါ်သွင်းထားခြင်းဖြစ်သည်။ ပြောရလျှင် လုရုံနှင့် အခြားသူများ၏ဆက်ဆံရေးမှာ အလွန် သာမန်လျှံကာဆန်လှသည်။
အားလုံးအတူတူ စူပါမားကတ်သွားကြသော အခါ လုရုံသည် ရှန်ဝမ့်ချိုး၏နောက်မှ ကပ်၍လိုက်လာမည်ဖြစ်သည်။ လူတိုင်းက ပစ္စည်းများ ဝယ်ချိန်တွင်တော့ သူဘာမှဝယ်မည်မဟုတ်သလို၊ သူများ၏သောက်စရာကိုလည်း အားကျတကြီးငေးကြည့်နေမည်မဟုတ်ပေ။ သို့သော်ငြား ရှန်ဝမ့်ချိုးကတော့ သူ့အတွက် မသက်သာသလို ခံစားခဲ့ရသည်။
အသေအချာကိုပင်၊ ရှန်ဝမ့်ချိုးကလည်း ပိုက်ဆံပြတ်လတ်နေသည်မဟုတ်။သူသည် လုရုံကို ကျွေးမွေးဖို့ရန် ဆန္ဒရှိသည်။ သို့သော် သူသည် လုရုံတစ်ယောက်တည်းကိုသာ ဝယ်ပေးကျွေးမွေးလိုက်လျှင် လုရုံကိုသာ အထူးတလည်ကြီး ဆက်ဆံနေသလို ဖြစ်သွားလိမ့်မည်။ ရှန်ဝမ့်ချိုးလည်း ထိုအကြောင်းကို သေချာတွေးကြည့်ပြီးနောက် လူတိုင်းကို ကျွေးမွေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဤသို့ဆိုလျှင် သူ၏လုရုံကို ကောင်းမွန်စွာဆက်ဆံပေးချင်သော ဆန္ဒမှာ အရမ်းကြီးထင်ပေါ်နေတော့မည်မဟုတ်။
လုရုံသည် သူ့အပေါ်အလွန်ကြင်နာ၏။ ထို့ကြောင့် ရှန်ဝမ့်ချိုးကလည်း အမြဲတမ်း လုရုံကို တစ်ခုခုပြန်လုပ်ပေးချင်ခဲ့တာဖြစ်သည်။ ရှန်ဝမ့်ချိုးသည် ငယ်စဥ်ကတည်းက လိုရာရ၍ အလိုလိုက်ခံခဲ့ရခြင်းဖြစ်သည်။ ညစဥ်ညတိုင်း လုရုံသည် တိတ်တဆိတ် အိပ်ရာကူပြင်ပေးလေ့ရှိပြီး အဝတ်တောင်မှ ကူလျှော်ပေးချင်ခဲ့သည်။ သို့သော် ရှန်ဝမ့်ချိုး ငြင်းပယ်ခဲ့ပါ၏။ ထိုသို့ဆိုလျှင် သူ ငယ်ရွယ်သည့် အလုပ်သမားတစ်ခုတစ်ဦးကို ငှားထားသည့်အတိုင်းဖြစ်နေပေမည်။ သူ လုရုံကို တိတ်တဆိတ် သေချာစကားပြောခဲ့သည်။
"ငါ့အဖေက ဒီအတိုင်းစတာလေ။ မင်းတကယ်ကြီး ငါ့ကို အထူးတလယ် ဂရုစိုက်ပေးဖို့မှမလိုတာ။"
လုရုံက ပြန်ပြောလာ၏။
"ရပါတယ်။ မင်း ဒါတွေကို နေသားမကျဘူးဆိုတာ ငါမြင်သားပဲ။ မင်း နောက်ဆုံးအကြိမ် အဝတ်လျှော်တုန်းကလည်း အဝတ်တွေက ပြောင်မှမပြောင်တာ။ သေချာပြောင်သွားအောင် ဘာလို့ ငါ့ကိုပဲ ပေးမလျှော်လိုက်တာလဲ။"
သူသည်ကား လက်နှစ်ဖက်ရှိသည့်သူဖြစ်သောလည်း တစ်ဖက်တည်းသာပါသည့်လောက်ပင် အလုပ်သေချာမလုပ်နိုင်ပါချေ။ သူ့ဆီမှာ ဘာများ မှားနေပါသနည်း။
ရှန်ဝမ့်ချိုးက စိတ်အနှောင့်ယှက်ဖြစ်မှုရော ရှက်ရွံ့မှုကိုပါ တစ်ပြိုင်တည်းခံစားလိုက်ရသည်။ သူဆိုသည်မှာ တကယ်ကို သခင်ငယ်လေးတစ်ဦးပင်။ သို့သော် ရှက်စရာတွေ့လျှင်တော့ အလွန်တကူရှက်ရွံ့တတ်သောသူပင်။
အဆုံး၌မူ သူသည် ယောင်္ကျားလေးတစ်ဦးသာ ဖြစ်နေသေးသည့်အတွက် အခြားသူများ၏ရှေ့တွင် ကြည့်ကောင်းချင်သေးပါ၏။
သို့သော် သူ၏နှလုံးသာအတွင်းမှကို သိပါ၏။ လုရုံသည်ကား လူများအပေါ် အလွန်ကို ကောင်းမွန်ပေးလှသည်၊ ထို့အတွက် သူ့မှာ သူ၏ကြင်နာမှုများကို လျစ်လျူမရှုနိုင်ပါပေ။ ထိုသို့ကြင်နာမှုကို တစ်ခုခုပြန်မဆပ်လျှင် သူ မည်သည့်ကများ သူဒီလူကို အနားထားနေရသည့် အကြောင်းဖြစ်မည်နည်း။ အသက်ငယ်ငယ်အစေခံတစ်ယောက်အနေနဲ့လား။ ဒါက ဘယ်လိုမျိုးကြီးပါလဲ။
လုရုံက တုန့်ဆိုင်းနေပြီးမှ သူ့ကို ပြောလာခဲ့သည်။
"ရှောင်ပါ့အာ၊ မင်း လူတိုင်းကို ခဏခဏဝယ်ကျွေးနေစရာမလိုဘူးလေ။ မင်းမှာ ပိုက်ဆံအများကြီးရှိရင်တောင် ခဏခဏဝယ်ကျွေးနေရင် သူတို့က မင်းကို အမြဲဝယ်ကျွေးရအောင်ပဲလုပ်တော့မှာ။ အဲ့ဒီလိုဆိုရင် မကောင်းဘူးလေ။"
"မင်းက ကြင်နာပြီးချစ်ဖို့ကောင်းပြီးသားပဲ။ မင်း အခြားသူတွေကို မုန့်ဝယ်မကျွေးတောင် သူတို့က မင်းနဲ့သူငယ်ချင်းဆက်ဖြစ်နေကြဦးမှာပဲ။"
ထိုအချိန်တွင်တော့ ရှန်ဝမ့်ချိုးမှာ အေးခဲသွားခဲ့ရပြီး သူ၏အမူအရာလည်း ပြောင်းလဲသွားခဲ့ရသည်။
လုရုံပြောတာကိုကြားတော့ သူ့မှာ အရူးတစ်ယောက်ဖြစ်သွားသလိုပင်။
ငါက တကယ်တော့ မင်းကိုဂရုစိုက်နေတာကွ! သို့သော် သူ့မှာ သူ့စိတ်ထဲအရာကို ထုတ်မပြောနိုင်ပါချေ။
"အမ်း။" ဟူ၍သာ နှာသံဖြင့် ပြောလိုက်ပြီး မည်းမှောင်နေသော အမူအရာဖြင့် ထွက်လာခဲ့လိုက်သည်။
သေစမ်း၊ သူ(LY) က တကယ်ပဲ လူတွေရဲ့စေတနာကို သတိမထားမိတာပဲ။
ရှန်ဝမ့်ချိုးမှာ တစ်ကိုယ်တည်း ညီးတွားရင်း နွားနို့တစ်ဘူးကိုသာ အသားကုန်သောက်လိုက်တော့သည်။
ကျောင်းတွင် စာလေ့လာချိန်၌ ကျောင်းသားများအားလုံးမှာ တူညီနေသည့်ဟန်ရှိကြသည်။ သူတို့အကုန်လုံးမှာ တူညီသောဝတ်စုံများဖြင့် တူညီသောအတန်းသောအတန်းများကို တက်ရောက်ကြရသည်။ သို့သော်လည်း ကြာလာသည်နှင့်အမျှ မိသားစုနောက်ခံ၊ ငွေရေးကြေးရေး အချင်းချင်း ကွာဟလွန်းသည့် လူများနှင့် ပေါင်းသင်းဆက်ဆံရေးလုပ်ရန်ဟူသည်မှာ ခက်ခဲလှကြောင်း သိရှိလာကြလိမ့်မည်ပေ။ *ရှန်ဝမ့်ချိုးသည် သူ့ကိုယ်သူဖိအားပေးကာ လုရုံနှင့်အတူ ခက်ခဲစွာ မနေချင်ပါချေ။ သို့သော်လည်း သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ လုရုံကို ပိုက်ဆံပေးခြင်းကလည်း သူ၏ မာနကို ထိခိုက်စေလိမ့်မည်ပင်။ သူသည် လုရုံသူ့အနားရှိနေချိန် ပိုက်ဆံများစွာလည်း အသုံးမပြုနိုင်ပေ။
(*သူငယ်ချင်းဆိုတာ စားအတူလာအတူမို့ သူသုံးတိုင်းလုရုံက လိုက်မသုံးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ပိုက်ဆံကိုဒီတိုင်း ရိုးရိုးသားသားစေတနာနဲ့ပေးလိုက်ရင်လည်း သူများမာနထိသလိုဖြစ်မယ်။ အဲ့လိုမဟုတ်ဘဲ နောက်တနည်း သူကပါက လုရုံလိုမျိုး ဘာမှမသုံးမဖြုန်းဘဲနေရင်လည်း သူ့အတွက်က ခက်ခဲပြီး သူ့ကိုယ်သူ ဖိအားရတာပဲလို့ပြောချင်တာပါ။)
ဤကိစ္စမှာ သူတို့ မည်သို့များလုပ်သင့်ပါ့နည်း။ သူ့ကိုယ်သူ ခက်ခဲအောင်လုပ်မည်လော၊ သို့မဟုတ် လုရုံ၏မာနကို ထိခိုက်စေရမည်လော။
သူ တွေးမိလိုက်သည်၊ ကြည့်ရသည်မှာ သူနှင့်လုရုံတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ရန် အဆင်ပြေသည့်ပုံမပေါ်။ သာမန်သူငယ်ချင်း အဖြစ်နေရန်သာ ပို၍အဆင်ပြေမည့်ဟန်ပင်။
သူသည် ဒီအတိုင်း လုရုံကို များစွာ ဂရုမစိုက်ချင်တော့ရုံဖြစ်သည်။
ထို့နောက် ရှန်ဝမ့်ချိုးသည် လုရုံကို နှစ်ရက်ဆက်တိုက်စကားမပြောတော့သလို လူများကို အတားအဆီးမဲ့ ပိုက်ဆံသုံးကာ ကျွေးမွေးခြင်းလည်း မပြောတော့။
ညနေခင်းတစ်ခုတွင် သူသည် လုရုံက မီးထွန်းကာ ညလယ်ခေါင်အထိ တစ်ခုခုလုက်နေကြောင်း တွေ့သည်။ ထိုသူ ဘာလုပ်နေသလဲ သူမသိ။ သို့ပေတိ သူ ဘာမျှလည်း မမေးဖြစ်ပါ၊ သူက ဒီအတိုင်း တဖြည်းဖြည်းနှင့် လုရုံနှင့် အဆက်အဆံမရှိတော့တာမျိုး လိုချင်တာဖြစ်သည်။
စစ်လေ့ကျင့်ရေး၏နောက်ဆုံးရက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာ၏။
ရှန်ဝမ့်ချိုး တွေးလိုက်သည်၊ သူ ဘာပဲဖြစ်ဖြစ် ကျောင်းမှာ နေတော့မှာမှ မဟုတ်တာ။ သူသည် လုရုံအပေါ် မမျှော်လင့်ဘဲ မှီခိုအားထားခဲ့မိရုံသာဖြစ်သည်၊ ဤသည်မှာ ကြက်ပေါက်ကလေးက သူ့အမေကို မှီခိုသလိုပုံစံမျိုးပင်။ သူသာ သူ့ကို ဒါပြီးလို့ နေ့တိုင်းမတွေ့ရတော့ရင် ဒီလိုမျိုးလည်း ခံစားနေရမည် မဟုတ်တော့။
စစ်လေ့ကျင့်ရေးပြီးဆုံးသွားသည့်နောက် ဆရာက ကျောင်းဖွင့်သည့်အခါ လိုအပ်လာမည့်အကြောင်းအရာများကို အကြမ်းဖျင်း ရှင်းပြလာသည်။ စုဝေးမှု ပြီးဆုံးသွားပြီးသည့်နောက်တွင် သူတို့ အဆောင်ကို ပြန်လာခဲ့ကြသည်။
ရှန်ဝမ့်ချိုးသည် လုရုံက သူ့နောက်သို့ တစ်လှမ်းချင်းလှမ်းကာ လိုက်လျက်ရှိကြောင်း ခံစားလိုက်ရသည်။ အဆောင်သို့ ပြန်ရောက်သည့်အခါတွင် သူသည် ကုတင်ပေါ်တွင် ထိုင်ချကာ ဖိနပ်လဲနေလိုက်သည်။ ထို့နောက် လုရုံက သူ့ဆီလျှောက်လာပါ၏။ လုရုံမှာ အလွန်အရပ်ရှည်လှပေသည်၊ သူ အနည်းအငယ်ကိုင်းညွှတ်ကာ သူ့ကို စကားပြောလာသည်။
"ရှောင်ပါ့အာ၊ မင်း ကျောင်းဖွင့်တဲ့အခါက အဆောင်မှာမနေတော့ဘူးလား။",
ရှန်ဝမ့်ချိုးမှာ အကျဥ်းအကြပ်ထဲ ရောက်သွားရသည်။
"ငါမသိသေးဘူး။"
လုရုံသည် ဘာမှထပ်မမေးတော့။
"ငါ မင်းကို ပေးစရာရှိတယ်။"
ရှန်ဝမ့်ချိုး သူ့ကိုမော့ကြည့်လိုက်သည်။
လုရုံက တစ်ခုခုကိုကမ်းပေးလာ၏၊ ထို့နောက် ကောက်ရိုးဖြင့် ပြုလုပ်ထားသော သိုးရုပ်ငယ်လေးတစ်ခု သူ့လက်ဖဝါးပေါ်ရောက်ရှိလာသည်။ ၎င်းအရုပ်ကလေးမှာ လုံးလုံးလေးနှင့် ချစ်စရာကောင်းလှသည်။
အရုပ်ကလေး၏ ချစ်ဖွယ်ကောင်ကောင်းမှုကြောင့် ရှန်ဝမ့်ချိုး၏မျက်ဝန်းများမှာ တောက်ပသွားကြသည်။ သူ မျက်တောင်ခတ်လိုက်၏၊ ထို့နောက် သူ ထိုသည်ကို လက်ခံမလား၊ လက်မခံရမလား မသိပါချေ။ သူသည် ငယ်စဥ်အခါကတည်းက သိုးနှင့်ပတ်သတ်သော အရုပ်၊ ကစားစရာ မှန်သမျှကို ကြိုက်နှစ်သက်လှသည်။ သို့သော် ဤတစ်ကြိမ်ကတော့ ပထမဆုံးအကြိမ် handmade ပစ္စည်းလေး ရဖူးခြင်းဖြစ်ပါ၏။
ရှန်ဝမ့်ချိုး လုရုံကိုကြည့်လိုက်သည်၊ ထိ့အတူ လုရုံကလည်း သူ့ကို ပြန်ကြည့်လာပါသည်။
ရှန်ဝမ့်ချိုးက သိုးကလေးကို ယူပြီး မေးလိုက်သည်။
"မင်း ဒီတလော ညပိုင်းတွေမှာ ခိုးကြောင်ခိုးဝှက်ဖြစ်နေတာ ဒါလုပ်နေတာကြောင့်လား၊ ဟမ်? ။ ငါ ထင်ခဲ့တာက မင်း စာတွေခိုးလုပ်နေတယ်လို့ ထင်ခဲ့တာ။"
နောက်ပိုင်းတွင်တော့ သူသည် လုရုံမှာ စာလုပ်ရန်အတွက် ဘယ်တော့မှ ညဥ့်နက်သည်အထိမနေကြောင်းနှင့် မည်သည့်ကျူရှင်မှလည်း မတက်ကြောင်း သိရှိခဲ့ရပါသည်။ သူသည် တစ်ခုခုပြုလုပ်လျှင်တောင်မှ သူဘာသာသူပင် အသစ်တီထွင်ဖန်တီးထားခြင်းဖြစ်ပါ၏။ သူသည် မည်သူ့ဆီကမှ ဘာကိုမှ မသင်ယူဖူးပေ။
လုရုံက ပြုံးလာသည်။
"မင်းကြိုက်တယ်ဆိုရင် ငါဝမ်းသာပါတယ်။"
နေ့လယ်ခင်း၌။
ရှန်ဝမ့်ချိုး၏အဖေက ရောက်လာပြီး သူ့ကို အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
ရှန်ဝမ့်ချိုး၏လက်မှာကား သူ့အဖေ၏ဆုပ်ကိုင်ခြင်းခံထားရလျက်။ ထိုနေ့မှာ ပူပြင်းလှသော နေ့တစ်နေ့ဖြစ်ခဲ့ပြီး သူ၏ လက်ဖဝါးများသည်လည်း စိုစွတ်နေခဲ့သည်။ သူ၏အခြားလက်တစ်ဖက်၌မူ သိုးရုပ်ကလေးကို ကိုင်ကာ ဆော့နေခဲ့သည်။ သူ တိုးတိုးလေးပြောလိုက်သည်။
"အဖေ .. ကျွန် .. ကျွန်တော် ထင်တာ ကျောင်းမှာ နေရင်ကောင်းမလားလို့။ ကျွန်တော် ကျောင်းမှာနေလို့ရမလားဟင်။"
သူ အကြောင်းပြချက်ပင် လုပ်၍ ထပ်ပေါင်းဆိုလိုက်သေးသည်။
"ကျွန်တော်တော့ ကျောင်းမှာနေတာ မကောင်းတာမျိုးလည်းမဟုတ်ဘူးလို့ ထင်တာပဲ။ မနက်ခင်းတွေ ပိုအိပ်လို့ရတာပေါ့။"
သူ တွေးလိုက်သည်၊ လုရုံသည်ကား အလွန်ပင် အထီးကျန်ဆန်ကာ ဝမ်းနည်းဖွယ်ကောင်းလှ၏။ လုရုံသည် ကျောင်း၌ နေလျှင် ဖယ်ကြဥ်ခံထားရနိုင်သည်မဟုတ်လော။ ဤသည်အလွန် သနားဖွယ်မကောင်းလှဘူးလား။ ထို့အပြင် ကိစ္စများမှာလည်း ခက်ခဲသည့်အရာများမဟုတ်။ သူ့အတွက်ဆိုလျှင် ကိစ္စများမှာ လက်မှောက်၊ လက်လှန်လုပ်သကဲ့သို့ လွယ်ကူလှသည်။
လုရုံကြောင့် သူသည်လည်း ကျောင်းအဆောင်တွင် အတော်လေး သက်တောင့်သက်သာနေခဲ့ရသည်ပင်။
သူ့အဖေပြုံးလာသည်။
"အမယ်၊ ငါတို့ရဲ့ရှောင်ပါ့အားလေးတောင် အရွယ်ရောက်လာပြီပဲ၊ အရင်စပြီး ခွဲနေဖို့တောင်ပြောနေပါလား။ ကြည့်ရတာ စစ်ရေးလေ့ကျင့်တာက အကျိုးရှိတဲ့ပုံပဲကွ ! နေ့ကျောင်းတွေအတွက် အဆောင်နေတာက အဆင်ပြေတာပဲ၊ campus တွေရှိရင်လည်း တကူးတကသွားနေစရာမလိုတော့ဘူး။ ဒါပေါ့ မင်း နေလို့ရတယ်*။"
(*ဒီနားလေးကို သေချာနားမလည်လို့ နားလည်သလို ရေးထားတာပါ။)
…
ယခု သူ ထိုအကြောင်းများကို ပြန်တွေးကြည့်လိုက်လျှင် သူသည်ကား အနည်းနှင့် အများ လက်တွေ့ဘဝကို နားလည်ခြင်းမရှိဘဲ တော်တော်လေးလည်း self-centered ဖြစ်နေသေးသည်။
"ဟမ်း။"
ရှန်ဝမ့်ချိုးသည် ခေါင်းမော့ကာ ညကောင်းကင်ယံကို ကြည့်လိုက်သည်။ ကောင်းကင်ထက်၌ ကြယ်ရော လမင်းကြီးပါ မရှိ၊ အလွန်နက်မှောင်နေသော ဟင်းလင်းပြင်ကြီးသာ ရှိသည်။ အတိတ်အချိန်များမှာ ယခု ပြန်တွေးကြည့်လျှင်တောင် အလွန်ရှက်စရာကောင်းနေသေးသည်။သူ့မှာဖြင့် ထိုတုံးအအလုပ်ရပ်များနှင့် ဘဝင်မြင့်ခဲ့သော ငယ်ရွယ်စဥ်က ကိစ္စများကို ခဲဖျက်နှင့်ဖျက်သလိုပင် ဖျက်ပစ်ချင်သေးပါ၏။
"ရှန်ဝမ့်ချိုး!"
သူ့ကို လှမ်းခေါ်နေသော စိတ်အခြေအနေမကောင်းသလို လေသံတစ်ခု ထွက်လာ၏။
ရှန်ဝမ့်ချိုး ပြန်လှည့်ကြည့်လိုက်သော် လမ်း၏အခြားတစ်ဖက်တွင် လုရုံကို မြင်လိုက်ရသည်။
ရှန်ဝမ့်ချိုး မြန်မြန်ပြန်လှည့်လိုက်သည်။ ထို့နောက် တစ်ခွန်းမှမပြောဘဲ သူနှင့် ဆန့်ကျင့်ဖက်လားရာဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ သူသည် ပို၍ ပိုသထက်မြန်အောင်လျှောက်နေသည်မှာ ထပြေးတော့မည့်အတိုင်း။ သူ၏နှလုံးခုန်သံများမှာလည်း လုရုံ၏ခြေလှမ်းများနီးကပ်လာရသည်နှင့်အညီ ပို၍လျင်မြန်လာရသည်။
လုရု၏ ညိုဖျကာ ကျယ်ပြန့်သော လက်ဖဝါးများသည် ရှန်ဝမ့်ချိုး၏ပုခုံးကို အနောက်မှ ဆွဲလာသည်။ သူသည် စိတ်လှုပ်ရှားနေသည့်အတွက် အားကို မထိန်းချုပ်နိုင်လိုက်ပေ။ သူသည် အားသုံးကာ အရှေ့ရှိလူကို သူ့ဆီပြန်ဆွဲလိုက်ခြင်းဖြစ်၏။ ရှန်ဝမ့်ချိုးမှာတော့ သူ၏လည်ချောင်းကို ကိုက်ခဲချင်သည့် သားရဲကြီးတစ်ကောင်စီမှ ဖမ်းကာ ကိုက်ဆွဲ၍ လှဲချလိုက်သလို ခံစားလိုက်ရသည်။
လုရုံက အမောတကောပြောလာ၏ ။ သူ၏မျက်ဝန်းများမှာလည်း အလွန်ကို ကြောက်လန့်နေသည့်ဟန်။ လုရုံက ရှန်ဝမ့်ချိုးကို ဒေါသတကြီး၊ အလွန် စိုးရိမ်ပူပန်နေဟန်စိုက်ကြည့်လာသည်။
"မင်း ဘယ်ကိုသွားနေတာလဲ။"
ရှန်ဝမ့်ချိုး၏နှလုံးသားမှာ တစ်ခဏမျှ နစ်မြှုပ်သွားရသည်။ ထို့နောက် အရှက်မရှိစွာပင် ပြုံးပြလိုက်ပြီး
"မင်းဘာတွေလုပ်နေတာလဲ။ ငါက ဒီအတိုင်း လမ်းလျှောက်ထွက်ချင်လို့လေ။"
"ငါ့ကို လွှတ်ပေးပါဦးကွာ။မင်းကြောင့် အရိုးတွေတောင် ကျိုးတော့မယ်။"
လုရုံသည် အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်သည်။ ထို့နောက်တွင်မှ သူ့လက်ကို ဖြေးဖြေးချင်းလွှတ်ပေးလိုက်ပြီး ပြောသည်။
"ငါတောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး။ ငါ ထင်တာက မင်း နှုတ်တောင်မနှုတ်ဆက်ဘဲ ထွက်သွားပြီလားလို့။"
"မင်းက အခု အလုပ်ရော၊ နေစရာရောရှိတာမှမဟုတ်တာ။ မင်းမှာ ဘယ်ကို သွားစရာရှိလို့လဲ။ အဲ့ဒါကြောင့် ငါ စိတ်ပူသွားလို့ပါ။"
သူတို့နှစ်ဦးလုံးမှာ wechat မှ အသိပေးချက်အကြောင်း ထည့်ပြောမလာခဲ့ကြ၊ တိတ်တဆိတ်ပင် ထိုကိစ္စနှင့်ပတ်သက်၍ ဘာကိုမှ ဖွင့်ဟမပြောရန် နားလည်ထားကြသည်။
ရှန်ဝမ့်ချိုးက လုရုံနှင့်အတူ ပြန်လိုက်လာ၏။
ရှန်ဝမ့်ချိုးသည် အစက ထိုအကြောင်းပြောချင်ခဲ့သည်။ သို့သော် စကားလုံးများက သူ့နှုတ်ခမ်းဖျားရောက်လာတိုင်း ပြန်မြိုမိသွားခြင်းဖြစ်သည်။
သူ ဘယ်လိုများ ရှင်းပြရမည်နည်း။ သူသည် အစကတည်းက ဆိုးဝါးသည့်လူတစ်ဦးပင်။ ထို့အတွက် သူသည် လူဆိုးတစ်ဦးမဟုတ်ကြောင်း မည်သို့ရှင်းရပြပါနည်း။ သို့မဟုတ်၊ သူသည် လုရုံ၏အရှေ့တွင်သာ လူဆိုးတစ်ဦးမဟုတ်တော့သည့်အကြောင်း မည်သို့ရှင်းပြရပါနည်း။ ဤသည်မှာ အရေးကြီးပါရဲ့လား။
ညလေအေးမှာ တိုက်ခတ်နေ၏။
ရုတ်တရက် ရှန်ဝမ့်ချိုး ကိစ္စတစ်ခုကို နားလည်သွားရသည်။ သူသည် လုရုံဆီကို မလာခဲ့သင့်ပါပေ။ လုရုံသည် အလွန်ကြင်နာလှကာ စိတ်နှလုံးနူးညံ့သည့်သူဖြစ်သည်။ သူသည် လမ်းဘေးခွေးကလေးများ ဒုက္ခရောက်နေသည်ကိုတောင် ရပ်ကြည့်နေနိုင်သူမဟုတ်။ အကယ်၍ သူသာ လုရုံအရှေ့တွင် ကောင်းမွန်သည့်ပုံစံဖြင့် နေပြီးမှ သတ်သေသွားပါက .. လုရုံသည် သေချာပေါက်ကိုပင် သူ့အတွက် စိတ်မကောင်း၊ ဝမ်းနည်းနေရလိမ့်ပေမည်။
ဤကမ္ဘာလောကကြီး၌ မည်သူကမှ သူ့အတွက် ဦးစွာ ငိုပေးကြမည်မဟုတ်။
ထိုသို့ဖြစ်သွားကြသည်မှာလည်း သူက ထိုသို့ဖြစ်စေမည့် အလုပ်များလုပ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုသို့ဆိုလျှင် လုရုံကိုလည်း သူ့အား မကောင်းသည့်လူတစ်ဦးအဖြစ် မြင်စေလိုက်မည်ဆိုလျှင် ကောင်းမည်လော။
မှန်ပေ၏? သူသည် လုရုံက သူ့ကို အလွန်စိတ်ပျက်သွားအောင် လုပ်သင့်သည်! ထိုသို့ဆိုလျှင် လုရုံ သူ၏နာရေးသတင်းကိုကြားလျှင်တောင်မှ စိတ်မကောင်းသည့်သဘော သက်ပြင်းတစ်ချက်သာချပြီး တွေးလာလိမ့်မည်: သူသည်ကား ထိုသို့အပြစ်ခံရရန် ထိိုက်တန်သည်ဟု၊ သေသွားသည်မှာ ကောင်းသည့်အရာဟူ၍။ ရှန်ဝမ့်ချိုးတစ်ယောက် အစီအစဥ်တစ်ခုကိုပင် အတွေးထဲ၌ တိတ်တဆိတ်တွေးကာ ပြင်ဆင်နေလိုက်တော့သည်။
အပြန်လမ်းတစ်ဝက်တွင် မီးနီတစ်ခုရှိပြီး သူတို့သည် ထိုမီးနီကိို စောင့်နေရသည်။
လုရုံသည် စတီယာတိုင်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး လက်ချောင်းလေးများဖြင့် ခပ်ဖွဖွ ခေါက်နေသည်။
ရုတ်တရက် လုရုံက ပြောလာ၏။
"ငါ တောင်းပန်ပါတယ်၊ ငါ မင်းကို ဆယ်နှစ်လုံး ပြန်မကြည့်(ပြန်မရှာ)ခဲ့မိဘူး။"
"ရပါတယ်။" ရှန်ဝမ့်ချိုး ပြန်ပြောလိုက်သည်။
"အဲ့လို လိုက်မရှာအောင် တားခဲ့တဲ့သူကလည်း ငါပဲလေ။ ငါအခု ဖြစ်ပျက်နေတာတွေက မင်းနဲ့မှမဆိုင်တာ။"
ဖြစ်နိုင်သည်မှာ အခြေအနေမှာ အလွန်ပင် ညှို့မှိုင်းလာသောကြောင့် ဖြစ်နိုင်ပါသည်။ ရှန်ဝမ့်ချိုးမှာ တကယ်ကို မေးခွန်းတစ်ခု မေးချင်လာရသည်။
"လုရုံ၊ မင်းဒီနှစ်တွေအတောအတွင်းမှာ ငါ့အကြောင်း စုံစမ်းဖူးလား။"
ထိုသို့မေးသည်မှာ မမှန်ကြောင်းသိသည်ပင်။ သို့သော် သူ၏နှလုံးသားမှာတော့ ထိန်းချုပ်၍မရစွာ ခုန်လို့နေပြီး လုရုံ၏အဖြေကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေမိ၏။
ထို့နောက် သူ လုရုံပြန်ဖြေလာတာကို ကြားလိုက်ရသည်။
"မစုံစမ်းဖူးဘူး။"
သူ၏ရင်ထဲ၌ လေးလံလှသည့်ကျောက်တုံးကြီးတစ်ခုဖြင့် ပစ်ချခံရပြီး သေနတ်တစ်လက်ဖြင့်ပါ အပစ်ခံလိုက်ရသည့်အတိုင်းပါပင်။
ရှန်ဝမ့်ချိုးသည် လုရုံမှာ ခေါင်းမာလှသော အကျင့်စရိုက်ရှိသည့် လူကောင်းတစ်ဦးမှန်းသိပါသည်။
လုရုံက ဘယ်သောအခါမှ လိမ်မည်မဟုတ်။
သို့သော် သူကတော့ လူလိမ်တစ်ဦးပင်၊ သူ ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။
"ငါရောပဲ။"
****
Thanks for reading💞