Chapter 7
Viewers 351


Second-Hand Love Letter

Chapter 7 – လုရုံ၏ပိုက်ဆံများမှာ အလွန်သန့်ရှင်းလှပေ၏၊ သူ့မှာ ၎င်းတို့ကို ညစ်ပတ်၍သွားအောင်တောင် မလုပ်နိုင်ခဲ့ပါပေ။



“ငါအရင်ရေချိုးလိုက်မယ်။"


လုရုံဟာ အိမ်ပြန်ရောက်လာသည်နှင့် ဆိုလာသည်။


သူသည် ယနေ့တွင် ညစ်ပတ်နေသောလမ်းဘေးခွေးတစ်ကောင်ကို ချီကာ ပွေ့ဖက်ခဲ့မိ၏၊ ထို့အပြင် ၎င်းခွေးမှာ အနံ့ဆိုးများလည်းထွက်နေသေးသည်ပေ၊ ထို့အတွက် သူသည် ရှန်ဝမ့်ချိုးထံမှ ရှောင်ဖယ်ခံရမည်ကို ကြောက်ရွံ့ပါ၏။


လုရုံမှာ မူလတန်းအရွယ်တုန်းက သူ၏အတန်းဖော်များမှ ဖယ်ကြဥ်ခံထားရသော အချိန်ကို မှတ်မိပါသည်၊ အကြောင်းမှာကား သူသည် အမှိိုက်ရောင်းသမားတစ်ဦးဖြစ်နေသောကြောင့်။


ထိုအချိန်တုန်းက သူ့မှာ ဆောင်းတွင်းကြီးမှာတောင် ဝီရိယရှိရှိရေချိုးကာ နေ့စဥ် လျောဖွတ်ပြီး အဝတ်အစားအသစ်များ ဝတ်လျှင်တောင်မှ၊ သူ၏လက်များကို နီရဲကာ ကြမ်းတမ်း၍ ဒဏ်ရာရလာသည်အထိ ဆေးကြောပွတ်တိုက်လျှင်တောင်မှ သူ့ အနားရောက်သည်နှင့် နှာခေါင်းပိတ်ကာ အမှိုက်နံ့ရသည်ဟု လှောင်ပြောင်ရယ်မောတတ်သော ကလေးများ ရှိနေဆဲပါပင်။ သူသာ သူတို့ကို ထိလိုက်မိပါက သူတို့သည် သူတို့ကိုယ်သူတို့ ညစ်ပတ်သွားပြီဟုလည်း ပြောလာကြသေးသည်။


ရှန်ဝမ့်ချိုးသည် သူ့ကို လှည့်ကြည့်လာပြီး ရုတ်တရက် မေးဖို့ သတိရသွားသည်။


"လုရုံ၊ မင်း ရေချိုးတဲ့အခါ၊ မင်းလက်ကို ဖြုတ်ချိုးရတာလား။"


လုရုံသည် ရှန်ဝမ့်ချိုးအိပ်နေစဥ်အတွင်းသာ တိတ်တဆိတ်ရေချိုးလေ့ရှိပြီး ထိုသို့မဟုတ်လျှင်လည်း သူ၏လူလုပ်လက်တုကို အပြည့်အစုံတပ်ဆင်ပြီးမှသာ ထွက်လာလေ့ရှိသည်။ ထို့အတွက် ရှန်ဝမ့်ချိုးမှာ များသောအားဖြင့် သူ၏ပြီးပြည်စုံသွားသော ပုံစံကိုသာ မြင်ရလေ့ရှိသည်။ အကြောင်းမှာတော့ ယခုတွင် သူ့၌ လက်အသစ်တစ်ဖက်ရှိနေပြီဖြစ်ရာ ရှန်ဝမ့်ချိုး၏အရှေ့တွင် image တစ်ခု အသစ်ပြန်၍ တည်ဆောက်ချင်ပါသောကြောင့်ပင်။


"အမ်း။"

လုရုံမှာ တစ်ခဏမျှ တောင့်တင်းသွားရ၏၊ သူ့မှာ သေချာတွေးတောပြီးမှ ဆက်ပြောလာသည်။


 “ငါ အဲ့ဒါကို အိပ်ရာမဝင်ခင်လည်း ဖြုတ်အိပ်လေ့ရှိတယ်။ ပြောရရင် အဲ့ဒါက လက်အစစ်မဟုတ်တော့၊ အချိန်တိုင်းဝတ်ထားရမယ်ဆိုရင် နာတယ်လေ။"


ရှန်ဝမ့်ချိုးမှာ ပို၍သိချင်လာရ၏။


လုရုံလည်း သူသိချင်နေတာကို မြင်သော်ကြောင့် မေးလိုက်သည်။


 “မင်း ကြည့်ချင်လို့လား။"


ရှန်ဝမ့်ချိုး: "ငါကြည့်လို့ရလား။"


လုရုံ: "အင်း။ ရပါတယ်။" 


ထိုသို့ပြောပြီးသည်နှင့် လုရုံကလည်း သူ့ကိုပြရန်ပြင်သည်။ သူသည် သူ၏ရှပ်အင်္ကျီကြယ်သီးတွင် လက်များတင်၍ ချွတ်ရန်ပြင်နေရင်း အနည်းငယ် ရှက်ရွံ့လာမိတော့သည်—


သူသည် နွေရာသီဖြစ်သည့်အတွက် ပါးပါးလေးသာဝတ်ထားခဲ့ခြင်းဖြစ်သည်။ အပေါ်ဝတ်ဆင်ထားသောအင်္ကျီအောက်တွင်လည်း တီရှပ်တစ်ထည်သာရှိသည်။ လုရုံတွင် သင့်တင့်သောကြွက်သားများနှင့်အတူ ပိန်ပါးသောကျောရိုးရှိ၏။ သူ၏တောင့်တင်းနေသောရင်အုပ်မှာ ချည်သားအင်္ကျီတွင် ဖောင်းထွက်နေပြီး သူ၏လက်မောင်းများမှာလည်း သန်မာထူထဲလှသည်။


 

ရှန်ဝမ့်ချိုးမှာ လုရုံက ဟိုးအရင်ဆယ်ကျော်သက်အရွယ်တုန်းကနှင့် များစွာ ကွာခြားကြောင်း အမြဲလိုလိုခံစားနေခဲ့ရတာဖြစ်သည်။ သူသည် ယခင်ကပိန်ပါးခဲ့သော်လည်း ယခုတွင်တော့ ကြွတ်သားများရှိနေချေပြီ။ ထို့အပြင်ကြည့်ရသည်မှာ ဤအရာသာ ပြောင်းလဲသွားတာဟုတ်သည့်ပုံမပေါ်။ သူ ရှာဖွေလေ၊ တွေ့ရှိလေ ဖြစ်နေရတတော့သည်။ သူ လက်ဆန့်ထုတ်ကာ လုရုံ၏ညာဘက်ပုခုံးကို ဖျစ်လိုက်၏။


"မင်းရဲ့ညာပုခုံးတွေက အရင်တုန်းက ဒီ့ထက်ပို သေးခဲ့တာ ငါမှတ်မိသေးတယ်။"


လုရုံမှာ သူ့ဆီမှ အထိခံလိုက်ရသည့်တစ်ခဏချင်း ထိုသူ၏နားရွက်အောက်ခြေမှာ လျှို့ဝှက်စွာဖြင့် သွေးရောင်သမ်းလာကြလေသည်။ ထို့နောက် သူပြန်ပြောလိုက်သည်။


"အရင်တုန်းက ငါက ဘယ်လက်နဲ့ပဲအလုပ်လုပ်နိုင်ခဲ့တာလေ၊ ပြောရရင် လက်နှစ်ဖက်ရဲ့လှုပ်ရှားရတဲ့ပမာဏချင်းမတူခဲ့ဘူး။ အခုဆိုရင် ငါ လက်နှစ်ဖက်လုံးကို တက်နိုင်သမျှ သန်မာပြီး ညီမျှအောင် အထူးတလယ်ဂရုစိုက် လေ့ကျင့်ခဲ့တာ။"


ရှန်ဝမ့်ချိုး ရယ်၍ ပြောလိုက်သည်:


"မင်းအထက်တန်း၊ စစ်လေ့ကျင့်ရေးဆင်းတုန်းကလေ မင်းလမ်းလျှောက်တိုင်းအမြဲတည့်တည့်လျှောက်ပေမဲ့ ပြီးရင် ယောင်ယောင်ပြီးတော့ ဘေးဘက်ချော်သွားခဲ့တာ။"


အကြောင်းအရင်းက ခန္ဓာကိုယ်နှစ်ဖက်က အညီအမျှဖြစ်မနေခဲ့လို့ပေါ့။


လုရုံ၏သတ္ထုလက်အတုမှာ သူ၏ပုခုံးများဖြင့် ဖုံးအုပ်ခံလုနီးပါး။ ရှန်ဝမ့်ချိုးသည်လည်း လုရုံမှာ ကျောင်းသားဘဝကတည်းဘာလို့ လက်အတုမဝတ်ဆင်ခဲ့လဲဆိုတာကိုသိသည်ပင်၊ အကြောင်းမှာ သူနဲ့ မတော်သောကြောင့်ဖြစ်ချေမည်။ လုရုံ၏ညာဘက်လက်ထိပ်လုံးမှာ တော်တော်လေးတိိုပြီး ထိုသို့တိုခြင်းကြောင့် သာမန်စျေးပေါ်သော လက်အတုကို ဝတ်ဆင်နိုင်မည်မဟုတ်ပေ။

  


သူသည် လုရုံတစ်ခါက ပြောပြလာတာကြားခဲ့ဖူးသည်၊ ဤသို့ မသန်မစွမ်းဖြစ်ခြင်းက မွေးရာပဲမဟုတ်ဟူ၍။ သူသည်ကား ဆယ်နှစ်သားအရွယ်အထိ ကျန်းမာစွာလှုပ်ရှားနေသော ပုံမှန်ခန္ဓာကိုယ်နှင့်ပင်။ သူသည် ညာသန်ပင်ဖြစ်ပြီး လက်ရေးမှာလည်းအတော်ကလေးလှခဲ့သည်ဟု။ တစ်ခုသောနွေရာသီ၌ သူသည် ကျေးလက်ဒေသရှိ သူ၏မွေးရပ်မြေသို့ အလည်အပတ်သွားခဲ့သည်။

 သူသည် တောထဲတွင် ရက်စ်ဘယ်ရီသီးကို ခူးယူနေတုန်း အဆိပ်ရှိမြွေတစ်ကောင်နှင့်တွေ့ကာ သူ၏လက်ဖျံထက် အကိုက်ခံခဲ့ရသည်။



ထိုအဆိပ်ရှိမြွေအမျိုးအစားမှာ ဖြေစျေးအလွန်ရှားပါးသည့်အမျိုးအစား၊ ၎င်း ဖြေစျေးမှာ ပြည်တွင်း၌တောင် မရရှိနိုင်သည်မျိုးဖြစ်နေသည်။ သူသည် ဆေးရုံနှစ်ခုအထိ ကူးပြောင်းပြသခဲ့သော်လည်း တာဝန်ယူလက်ခံခြင်းမရှိကြသောကြောင့် နောက်ဆုံးတွင်တော့ ဗဟိုဆေးရုံတွင်သာ တက်ခဲ့ရသည်။ တစ်ရက်ကြာသွားပြီးသည့်နောက်တွင်လည်း သူ့မှာ ဖြေစျေးကို မရနိုင်သေး။ ထို့အပြင် ထိုခေတ်အချိန်တုန်းက ဆေးပညာနှင့် ကူးသန်းဆက်သွယ်ရေးမှာလည်း မတိုးတက်သေး။ သူ၏အသက်မှာလည်း ယဲ့ယဲ့ကလေးသာကျန်တော့သည်။ သူ့ကို ကုသပေးသော ဆရာဝန်မှာလည်း ထပ်မံ၍ စောင့်ဆိုင်းရန် အချိန်မရှိတော့သည့်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချခဲ့ရလေတော့သည်။ ဤသို့ဖြင့် နောက်ဆုံးရလဒ်အနေဖြင့် သူသည်ကား လက်ဖြတ်၍ အသက်ကယ်ရန် ရွေးချယ်ခဲ့ရပေသည်။




အနည်းဆုံးတော့ အသက်ရှင်နိုင်ခဲ့သည်။



လုရုံသည် ဘယ်ဘက်လက်ဖြင့် သူ၏ညာဘက်လက်ကို ဆွဲကာ အပြင်ရှိ ခလုတ်တစ်ခုကိုနှိပ်လျက် လှည့်လိုက်သည်။ 'ကလစ်' ဟူသော မြည်သံဖွဖွကို ကြားလိုက်ရပြီး ၎င်းလက်တုမှာလည်း လွယ်လင့်တကူ ဖယ်ရှားခံလိုက်ရလေသည်။

  

ရှန်ဝမ့်ချိုးက လျှာကို နှစ်ချက်လောက် ခေါက်လိုက်သည်။


"တော်တော်လန်းတယ်ဟ။"



လုရုံ၏လက်မောင်အပြတ်လေးတွင် သတ္ထုစက်ပစ္စည်း(ဂီယာ)တစ်ခုရှိနေသည်။ ရှန်ဝမ့်ချိုးမမေးခင်တွင် လုရုံက ဦးစွာရှင်းပြလာပါ၏။


"ဒါက လက်တုအတွက် ဆက်ဖို့လေ၊ ဒါကို ခွဲပြီးထည့်ထားရတာ။ ဒီနည်းပညာက အရိုးနဲ့ လူလုပ်လက်တုကို တသားတည်းဖြစ်စေပြီး ပိုခိုင်ခိုင်ခန့်ခန့် ဖြစ်တာပေါ့။"



ရှန်ဝမ့်ချိုးမှာ စိတ်ထဲတွင် မေးရန် တရွရွဖြစ်နေသည်ကို မေးလိုက်သည်။


"ငါထိကြည့်လို့ရလား။"


လုရုံကခေါင်းညိတ်လာသည်။


ရှန်ဝမ့်ချိုးက သူ၏ ဘေးဘက်တွင်ရပ်၍ လက်ဆန့်ထုတ်လာသည်။ သူ၏လက်များမှာ လုရုံ၏ပုခုံးနားသာရောက်ရုံရှိသေး၊ သူ ပြန်ဆုတ်လိုက်မိပြီး ဆိုသည်။


"ငါ လက် အရင်သွားဆေးလိုက်ဦးမယ်။"


ရှန်ဝမ့်ချိုးသည် လက်ဆေးပြီးမှာ ပြန်ရောက်လာပါ၏၊ သူသည် သူ့ကြောင့် ဘက်တီးရီးယားဝင်သွားမည်ကို စိုးနေမိခြင်းသာဖြစ်သည်။ သို့သော်ငြား လုရုံတစ်ယောက်မှာ ဧည့်ခန်းထဲတွင် အင်္ကျီတစ်ဝက်ချွတ်လျက်သားဖြင့် အထိခံရန် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသော် သူ့မှာ တစ်ခုခုတော့ မှားယွင်းနေသလို ခံစားလိုက်ရသည်။


ထို့အပြင် သူ့ဘက်မှကြည့်လျှင် လုရုံတစ်ယောက် ထိုကဲ့သို့ ထိုင်နေပုံမှာ သူ့ကို လက်တစ်ဖက်ချိုးပဲ့နေသော Aphrodite နတ်ဘုရား သို့မဟုတ် ရှေးရိုးမန်ခေတ်က စစ်သည်တော်တစ်ဦးကို သတိရမိသွားစေသည်။ လက်တစ်ဖက်မရှိလျှင်တောင်မှ ထိုသူမှာအထက်တန်းကျကာ ကြော့ရှင်းသည့်အလှတရား၊ ချောမောမှုမျိုးရှိနေဆဲ။ သို့သော်လည်း သတ္ထုပစ္စည်းတစ်ခုမှ ပြတ်နေသောလက်တွင်ထည့်သွင်းထားရာ ၎င်းမှာ သူ၏ပုံရိပ်ထဲတွင် သိပ္ပံနှင့်နည်းပညာဟူသော အငွေ့အသက်မျိုး ထပ်မံပေါင်းထည့်သွားစေရာ ၎င်းမှာ ရှေ့နောက်မညီ ဝိရောဓဖြစ်နေသော်လည်း တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှု ရှိလှကြောင်း ခံစားလိုက်ရစေသည်။


ရှန်ဝမ့်ချိုး၏လက်ချောင်းထိပ်ကလေးများမှာ ရေနှင့်ဆေးခဲ့သောကြောင့် အနည်းငယ်အေးစက်နေခဲ့လေသည်။ သူသည် လုရုံ၏လက်ပြတ်ကို ဖြေးညင်းစွာ ထိတွေ့ရင်း မေးမိ၏။


"ဒါကြောင့် နာကျင်တာတွေရှိတတ်လား။"


ရှန်ဝမ့်ချိုးထိထားသော နေရာလေးမှာ လုရုံအတွက် ပူလောင်ပြင်းရှလာသလို ခံစားလာရသည်။ 


"နည်းနည်းပါ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။"



“ငါ ပုံမှန်အားဖြင့် အိပ်ရာမဝင်ခင်နဲ့၊ နိုးနိုးချင်းအချိန်တိုင်း အဲ့နေရာကို ပိုးသတ်ပြီး ထိန်းသိမ်းရတာ ဘာညာတွေလုပ်ရတယ်လေ။"


ကလေးဘဝအရွယ် သူ၏လက်ဖြတ်တောက်ခံရပြီး အစောပိုင်းနှစ်တွင် သူ၏လက်နေရာရှိနာကျင်မှုမှာ အလွန်ကို ဆိုးဝါးခဲ့၏။ သူသည် အမြဲတစေ သူ၏ဖြတ်ထုတ်ခံလိုက်ရသော ထိုလက်မှာ နေရာတွင်သာ ရှိနေဆဲဟု ခံစားရပြီး မမြင်နိုင်သော အရာများက ၎င်းလက်ကို လောင်ကျွမ်းစေကာ ဖြတ်ထုတ်နေသည်ဟု ခံစားခဲ့ရပေသည်။ ထို့အပြင် သူထိခိုက်မိသည့်အချိန်တိုင်း၊ ရရှိလာသည့်နာကျင်မှုမှာ မခံနိုင်ဖွယ်ရာ၊ သူ့မှာ ညလုံးပေါက်ပင် အိပ်မပျော်ရခဲ့သည်များလည်းရှိသည်။ ဆရာဝန်ပြောခဲ့သည်မှာ ဤရောဂါဟာဖြင့် စိတ်နှလုံးကြောင့် ဖြစ်ခြင်းဖြစ်ပြီး ကုသရန်ဆေးမရှိဟု။ ထို့အတွက် သူ့မှာ နာကျင်မှုကို သည်းခံအောင့်အီးခဲ့ရုံသာ တတ်နိုင်ခဲ့လေသည်။


အချိန်ကြာလာသောအခါတွင်တော့ ၎င်းနာကျင်မှာမှာ ရံဖန်ရံခါဖြင့် အချိန်ခဏမျှသာ ပေါ်လာတတ်တော့သည်။ သို့သော် ၎င်းပေါ်လာသောအချိန်တိုင်းလည်း နာကျင်မှုမှာ မခံမရပ်နိုင်အောင် ဆိုးဝါးနေဆဲ။


သို့သော် သူ ရှန်ဝမ့်ချိုးကို တွေ့သည့်အချိန်မှစ၍ ၎င်း ရှင်းပြ၍မရကာ မကုသနိုင်သော နာကျင်မှုမှာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ရသည်။ ထိိုအချိန်များမှာ သူ့ဘဝ၏သက်တောင့်သက်သာအဖြစ်ဆုံးနှင့် စိတ်အချမ်းမြေ့ခဲ့ဆုံးသော အချိန်များပါပင်။

  

သူတို့ ဝေးကွာပြီးသည့်နောက်တွင်လည်း ထိုနာကျင်မှုမှာ ပြန်ရောက်လာခဲ့သည်။ ထိုသို့ဖြစ်ချိန်တိုင်း သူ့မှာ ရှန်ဝမ့်ချိုးကိို တွေးတော့ခဲ့မိ၏၊ မသိလျှင် သူ၏ခန္ဓာကိုယ်မှ ရှန်ဝမ့်ချိုးကိို အမှတ်ရနေစေရန် အဆက်မပြတ်သတိပေးနေသည့်အတိုင်း။


သို့သော် ရှန်ဝမ့်ချိုးက သူ့ကို မနှစ်မြို့ဘူးဆိုသောအချက်ကိုလည်း သတိရမိရပြန်သည်၊ သူ့ဘက်မှ ရှန်ဝမ့်ချိုးအနား ချဥ်းကပ်မရှိတော့သည့်အချက်အပါအဝင်ပင်။


"ဒီဘဝမှာ ငါ့ရှေ့ထပ်ပေါ်မလာနဲ့တော့။"



ဤစကားလုံးများမှာကား ကျိန်စာတစ်ခုကဲ့သို့ပင်။


အကြိမ်ပေါင်းများစွာပင် သူ့မှာ ထိန်း၍မရလောက်အောင် သူ၏အတန်းဖော်များကို ရှန်ဝမ့်ချိုးအကြောင်း မေးချင်စိတ်ဖြစ်မိ၏၊ သို့သော် အဆုံးတွင်တော့ သူ ထိုစကားလုံးများကို ပြန်၍သာ မျိုချဖြစ်ပါသည်။ သူသာ မေးမိသွားပါက သူ၏စိတ်နှလုံးမှာ ပြန်၍ ရောဂါထလာပြီး ထပ်မံ၍တဖန် စွဲလန်းမိချေမည်ဖြစ်သောကြောင့်။ 


လုရုံသည် ရှန်မိသားစု၏ဒေဝါလီခံမှုအကြောင်းကိုလည်း အနည်းငယ်ကြားမိပါသည်၊ သို့သော် သူ ထိုအကြောင်းကို အစပြု၍ မစုံစမ်းမိခဲ့။ သူသည် ထိုသူမှာ သူငယ်ချင်းတစ်ယောက်မှ ခေါ်ယူသွားခံရကြောင်းသာ သိထားပြီး ရှန်ဝမ့်ချိုးကလည်း သူ့အကူအညီလိုလောက်မည်မဟုတ်ဟုသာ ခံစားခဲ့ရခြင်းဖြစ်သည်။


တွေ့လား၊ ရှန်ဝမ့်ချိုးက ဒီလိုလူကောင်းတစ်ယောက်ပဲ။

  

သူ့တွင် ပိုက်ဆံမရှိတော့လျှင်တောင်မှ သူ့ကို ကူညီရန် လိုလားသော သူငယ်ချင်းတစ်အုပ်စုကတော့ ရှိနေဦးမည်ပင်။ သူသည်ကား ရှန်ဝမ့်ချိုး၏ များစွာသော သူငယ်ချင်းများအနက်မှ တစ််ဦးသာဖြစ်ပြီး၊ ထည့်ပြောရန်ပင် မတန်။ ထပ်၍ပြောရပါလျှင် သူတို့၏ထိုသူငယ်ချင်းဟူသော ဆက်ဆံရေးမှာလည်း လွန်ခဲ့သော အချိန်များစွာကတည်း ပျက်စီးသွားနှင့်ပြီဖြစ်ပြီး သူတို့အချင်းချင်းမှာ သူငယ်ချင်းဟုပင် ပြောလို့ရတော့သည်မဟုတ်ပေ။



အဆုံးတွင်တော့ သူသည် ရဲထံမှ ဖုန်းတစ်ကောလ်ကို လက်ခံရရှိသည့်အချိန်မှသာ အခြေအနေများက မည်မျှ ဆိုးဝါးနေမှန်း သိခဲ့ခြင်းဖြစ်သည်။

  

သူ ငှားခဲ့သော ရှေ့နေက ရှန်ဝမ့်ချိုး၏ပြစ်မှုမှတ်တမ်းများအကြောင်းကို ပြောပြလာခဲ့သည်။ လုရုံနားလည်လိုက်ရသည်မှာ သူ အာရုံစိုက်မနေမိသော အချိန်ကလေးထဲတွင် ရှန်ဝမ့်ချိုးသည်ကား အများ၏အမြင်စံနှုန်းတွင် 'ဆိုးသွမ်းသောလူ' တစ်ဦး ဖြစ်လို့သွားခဲ့ပြီ။


ကျန်းလင်က ပြောသကဲ့သို့။


သို့သော် ရှန်ဝမ့်ချိုးကသာ 'ဆိုးသွမ်းသောလူ' တစ်ဦးဖြစ်မလာခဲ့လျှင် သူသည်လည်း ထိုသူ့ကို ကောက်ယူကာ အိမ်သို့ ခေါ်သွားနိုင်သော အခွင့်အရေးမျိုး အဘယ်သို့ ရှိလာခဲ့ပါအံ့။

  

သူ စိတ်ထဲမထားပါပေ။


ရှန်ဝမ့်ချိုးသည်ကား ရှန်ဝမ့်ချိုးသာလျှင်ဖြစ်သည်မို့။



ရှန်ဝမ့်ချိုးက ထိကြည့်လိုက်သည်၊ ထို့နောက် ရှေ့သို့ ငုံ့ကိုင်းလာရင်း သူ့နား အနံ့ခံလာသည်။


"ခွေးနံ ရနေတယ်။"


လုရုံမှာ ငြိမ်ငြိမ် မထိုင်နိုင်တော့။


"ငါ အခုပဲ ရေသွားချိုးလိုက်မယ်။"


ထို့နောက် သူ မေးလိုက်သည်။


"တကယ်လို့ ငါသာ အလုပ်မှာရှိနေပြီး မအားတဲ့အခါမျိုးကျ မင်းငါ့အစား ခွေးကို ဆေးရုံးခေါ်သွားပြီး ပြပေးလို့ရမလား။"


ရှန်ဝမ့်ချိုးက ချက်ချင်း ဘဘောတူမလာခဲ့။ အခိုက်အတန့်တစ်ခုမျှ တိတ်ဆိတ်နေပြီးတော့မှ သူက နှေးကွေးစွာ ပြောလာလေသည်။


"မင်းအတွက် တကယ်အဆင်မပြေဖြစ်နေရင်လည်း ငါ့မှာလည်း ဘာမှလုပ်စရာရှိတာမှမဟုတ်ပဲ။"




လုရုံသည် သူ့အတွက် လုပ်စရာတစ်ခုခု ရှာပေးချင်မိသည်။ လူများသည် ဘာမှလုပ်စရာမရှိကြသည့်အခါ အတွေးများမှာ ကြောင်အရူးနှမ်းလာတတ်ကြပြီး၊ တစ်ခုခုလေး လုပ်စရာရှိနေမှသာ စိတ်ပြေလက်ပျောက်ရှိကာ နေသာထိုင်သာရှိတတ်ကြပေသည်မိုဝ။


ရှန်ဝမ့်ချိုးမှာ ရေချိုးရန်ပင် အလွန်ပျင်းလို့နေရသည်။ သူ ဆိုဖာပေါ်သာ ဒီအတိုင်းလှဲအိပ်လျက် စောင်ခြုံလိုက်သည်၊ တစ်ပါးတည်းမှာပင် တွေးနေမိပြန်၏ : လုရုံ ငါ့ကိုလုံးဝစိတ်ကုန်သွားအောင် ဘယ်လိုလုပ်ရမလဲ။ ကျန်းလင်က ငါနဲ့ပတ်သတ်ပြီးဘယ်လို မကောင်းကြောင်းတွေကို ပြောထားတာလဲ။


ထို ကျန်းလင် ဆိုသောလူမှာ ရှန်ဝမ့်ချိုးနှင့် ဆက်ဆံရေးကောင်းရှိခဲ့ပေသည်။ ရှန်ဝမ့်ချိုးကသာ မိမိကိုယ်တိုင်၏ပုံရိပ်ကို ဆိုးဝါးအောင်လုပ်ခဲ့သူဖြစ်၏၊ သို့သော် သူ ဘယ်သောအခါမှလည်း တစ်စုံတစ်ယောက်က သူ့ကို ကြိုက်နှစ်သက်လာစေရန် မလုပ်ဆောင်ခဲ့ဖူးပါပေ။ ကျန်းလင်သည် အစကတည်းက လောင်းကစားတွင် ခုံမင်သူဖြစ်သည်။ ထို့ကြောင့် သူသည် ရှန်ဝမ့်ချိုးနှင့်အတူ လောင်းကစားပွဲများ ကစားရင်းမှာ ငါးမီလီယံနှင့်အထက် ဆုံးရှုံးသွားခဲ့ရသည်။



နောက်ပိုင်းတွင် ရှန်ဝမ့်ချိုးမှာ ကျန်းလင်နှင့် သူ၏ကောင်မလေးတို့သည် လဝက်အတွင်း လက်ထပ်တော့မည်ဖြစ်ကြောင်း သိသွားခဲ့ရ၏။ သူလည်း ဝင်ရောက်စွက်ဖက်ပြီး ထိုမိန်းကလေးထံသို့ ၎င်းမတော်တဆလောင်းကစားမှုအကြောင်းကို မက်ဆေ့ချ်တစ်ဆောင်ပို့၍ အသိပေးခဲ့သည်။ ၎င်းမိန်းကလေးမှာလည်း လုံလုံလောက်လောက်ကို ရက်စက်ပြတ်သားခဲ့ပါ၏။ သူမသည် ထိုအချိန်တွင် လက်ထပ်စာချုပ်ရော၊ ကလေးတစ်ယောက်ပါ ကိုယ်ဝန်ဆောင်နှင့်ပြီးဖြစ်သော်ငြား ကွာရှင်းရန်အတွက် ဆန္ဒရှိသလို ကလေးကိုလည်း ဖြတ်ချရန် လုပ်ခဲ့သည်။



ကျန်းလင်မှာ ထိုအချိန်မှ စ၍ သူ့ကို သေသည်အထိ မုန်းတီးလျက် လူသတ်သမားဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။


ရှန်ဝမ့်ချိုးသည် တကယ်တော့ သူ့ကို ရဲတိုင်ခဲ့သည့်သူကိုလည်း သံသယရှိပေသည်၊ ၎င်းမှာ ကျန်းလင်ဖြစ်လောက်မည်ဟု ... ထိုသူမဟုတ်တောင် တစ်ယောက်ယောက်က တိုင်ကြားဖို့ အချိန်တိုင်ရင်တောင်မှပေါ့။



ရှန်ဝမ့်ချိုးသည် ကျန်းလင်က သူ့မကောင်းကြောင်း ဘယ်လိုပြောမလဲဆိုတာကို သိသည်။ သူသည်လည်း တစ်ခါတရံ အခြားသူများထံမှ ကြားခဲ့ရဖူး၏။ ဤသို့ဖြင့်သူ၏မိသားစုဒေဝါလီခံပြီးနောက်တွင်၊ သူသည်ကား လူဆိုး၊ လူပျက်၊ ဆိုးသွမ်းသူ တစ်ဦးဖြစ်လာခဲ့ရတော့သည်။  



ထို့ကြောင့်ပင် ရှန်ဝမ့်ချိုးက မနက်စာစားနေရင်း ဆိုလိုက်သည်။


"မင်းငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးလို့ရမလား။"  


လုရုံကြည့်နေရသည်မှာ အနည်းငယ်သတိရှိသွားသည့်ပုံ၊ ထို့နောက် မေးလာပါ၏။


"...မင်းဘာအတွက် ပိုက်ဆံလိုချင်တာလဲ။"


ရှန်ဝမ့်ချိုးမှာ ထိုသူ လက်ထဲရှိတူများကို ကိုင်ထားသည်မှာ တင်းကြပ်သွားတာကိုကြည့်ရင်း တွေးလိုက်မိပါ၏၊ လုရုံက ငါ့ကို လောင်းကစားလုပ်ဖို့ ပိုက်ဆံလိုချင်တာလို့ ထင်သွားလောက်တယ်၊ ဟုတ်တယ်လား ဟူ၍။ လောင်းကစားသမားတစ်ဦးဆိုသည်မှာ ကိုယ်ချင်းစာပေးဖို့ မထိုက်တန်သည်မို့လေ။

  

ရှန်ဝမ့်ချိုး ပြောလိုက်သည်။


"ငါ့အိပ်ကပ်ထဲ ပိုက်ဆံတစ်ပြားမှမရှိတာ အဆင်ပြေမနေဘူးလေကွာ၊ ငါလည်း စီးကရက်တို့၊ အရက်တို့ ဝယ်ချင်သေးတာပေါ့။"


လုရုံမှာ မိနစ်တော်တော်ကြာ အတွေးနက်သွားလေသည်။ ထို့နောက်တွင်မှ သူ သတိတကြီး မေးလာပါ၏။ 


"မင်း ဘယ်လောက်လောက် လိုတာလဲ။"

 


ရှန်ဝမ့်ချိုး ပြောလိုက်သည်: "ငါးထောင်။"


သူသည် အရင်ဆုံး ငါးထောင်လောက် နှိုက်ထုတ်လိုက်ချေမည်။ လုရုံကဲ့သို့ ခြွေတာတတ်သောလူဆီမှ ပိုက်ဆံနှိုက်ထုတ်နိုင်ခြင်း။ ဤသည်မှာ သူအတော်ကို တွေးတတ်လှသည် မဟုတ်ပေတကား။


သူသည် တစ်ခုခုတွေးမိသွားသောကြောင့် ပြုံးလိုက်မိသည်၊ ထို့နောက် ပြောလိုက်သည်။


"ငါအထက်တန်းတုန်းက ငါ့ရဲ့တစ်လကုန်ကျစရိတ်ကလည်း ငါးထောင်ပဲရယ်။ ငါ မင်းကို IOU ရေးပေးမယ်လေ။"


လုရုံသည် သဘောတူမလာသေး။ အကယ်၍ ရှန်ဝမ့်ချိုးသာ အိတ်ထဲ ပိုက်ဆံရှိလာပါက သွားလာစရိတ်ရှိသွားပြီမို့ ထွက်သွားနိုင်သည်ပေ။


  


ရှန်ဝမ့်ချိုးကတော့ လုရုံက သဘောတူပြီးသကဲ့သို့သာ ပြုမူလာပါ၏၊ သူက ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်သည်။

"ငါ့ကို ငွေသားနဲ့ပဲပေးနော်၊ ငွေမလွဲနဲ့။"


"ငါ့အကောင့်ထဲသာ ငွေရောက်သွားရင်၊ ဘဏ်က ချက်ချင်း အကြွေးအဖြစ်သိမ်းသွားလိမ့်မယ်။"


လုရုံမှာ မျက်မှောင်ခပ်ဖွဖွမျှ ကြုတ်မိသွားရသည်၊ ဤသည်မှာလည်း တစ်ခဏမျှသာ။ သို့သော် ရှန်ဝမ့်ချိုးကတော့ မြင်လိုက်ပါ၏၊ မြင်လိုက်လျှင် မြင်လိုက်ချင်းလည်း သူ၏မျက်လွှာကို ချလိုက်မိသည်။  


သူသည် လုရုံကို စိတ်ပျက်သွားအောင် လုပ်ချင်သော်ငြား တကယ် သူလုပ်လိုက်ချိန်တွင်လည်း သူ၏နှလုံးသားထဲသို့ ဓါးဖြင့် ထိုးသကဲ့သို့ ခံစားနေရချေသည်။ ဟားဟား။ အခုဆိုရင် သူ၏ အကျင့်စာရိတ္တမကောင်းဟူသော ပုံရိပ်မှာ ငြင်းပယ်၍မရတော့ပါပေ။




"ကောင်းပြီလေ။" လုရုံက ပြောလာ၏။ သူသည် အချိန်ဆွဲမနေဘဲနှင့်ပင် ချက်ချင်း အောက်ထက်ရှိ ၂၄နာရီ ATM သို့ သွား၍ ယွမ် ငါးထောင်ကို ငွေသားဖြင့်ထုတ်ယူလာခဲ့ပြီး ရှန်ဝမ့်ချိုးထံ ပေးလိုက်ပါသည်။ ထို့နောက်တွင်တော့ အလဲအလှယ်အနေဖြင့် ပြန်ရလာသော ဒုတိယမြောက် IOU စာရွက်ကလေးကို သေသေချာချာသိမ်းလိုက်ပါတော့သည်။ 


သူသည် တကယ်ကို IOUနှင့်ပတ်သတ်၍ ဂရုမစိုက်ပါချေ၊ သို့သော် ရှန်ဝမ့်ချိုးကသာ ရေးရန်ဆန္ဒရှိသည်ဆိုပါကလည်း သူသည် လက်ခံမည်သာ ဖြစ်သည်။


"အဲ့ဒါဆိုရင် ငါအလုပ်သွားတော့မယ်။" 


လုရုံသည် တံခါးနားတွင် ရပ်နေရင်း သူ့ကို ပြောလာသည်။

"ငါ ညနေကျ ခုနစ်နာရီမတိုင်ခင် ချက်ပြုတ်ဖို့ပြန်လာမယ်နော်။" 


သူ့ကြည့်ရသည်မှာ မင်းသာ အပြင်ထွက်ကစားချင်ရင်လည်း ခုနစ်နာရီမတိုင်ခင်အိမ်ပြန်ရောက်ရမည်ဟု အသိပေးနေသည့်အတိုင်း။


"အမ်း။"

ရှန်ဝမ့်ချိုးလည်း တံခါးနားတွင်ရပ်နေရင်း သူ့ကိုလိုက်ပို့လိုက်သည်၊ အလေးမထားဟူသော အမူအရာမျိုးနှင့်။

  


လုရုံတော့ဖြင့် အမြဲကို တစ်ခုခုကမှားနေသလို ခံစားနေရသည်၊ အထူးသဖြင့် ဤသည်မှာ မနေ့က နှုတ်ဆက်စကားမဆိုဘဲ ထွက်သွားသော ရှန်ဝမ့်ချိုး၏သံသယဝင်ဖွယ်အရာ အပြုအမူအပြီးတွင်ဖြစ်သည်။


သူ့မှာ ယနေ့ပြန်လာသောအခါတွင် ရှန်ဝမ့်ချိုးမရှိတော့မည်ကို အလွန်စိုးရိမ်နေမိသည်။ သူသည် တကယ်ကို အိမ်တွင်သာ နေလျက်ရှန်ဝမ့်ချိုးကို တစ်နေ့ကုန် စောင့်ကြည့်ချင်မိသည်။ သို့သော်လည်း သူ့တွင် ကုမ္ပဏီ၏စမ်းသပ်တိုးတက်မှုဖြစ်စဥ်ကိုစောင့်ကြည့်ရန်လိုနေသေးပြီး မသွားလို့မဖြစ်သော ကိစ္စများစွာလည်းရှိနေသေး၏။ ထို့အပြင် ရှန်ဝမ့်ချိုးကို သူ့အနားတွင်သာ ချည်တုတ်ကာ သော့ခတ်ရင်း အကျဥ်းချထားရန်မှာလည်း မဖြစ်နိုင်ပါပေ။ 


ရှန်ဝမ့်ချိုးအနေဖြင့် သူ့အနားတွင်နေရတာ သက်သာသလိုခံစားရမှသာ ပို၍ကြာကြာနေလောက်မည် မဟုတ်ပေတကား။


ဟုတ်လောက်ပါသည်၊ လုရုံ အိမ်မှထွက်လာခဲ့လိုက်သည်။

  

အိမ်တွင် ရှန်ဝမ့်ချိုးတစ်ယောက်တည်းသာ ကျန်ရစ်တော့၏။


ရှန်ဝမ့်ချိုးတစ်ယောက် ခေါင်းငုံ့လိုက်ပြီး စားပွဲပေါ်ရှိ ငွေစက္ကူအသစ်များကို ရေတွက်နေလိုက်သည်၊ ရေတွက်နေသည်မှာ ငါးကြိမ်၊ ခြောက်ကြိမ်ပင် ရှိနေလေပြီ။ လွန်စွာ စိတ်ရှုပ်စရာကောင်းလွန်း၏၊ သေလိုက်ပါတော့။ လုရုံက မည်သို့သောကောင်မျိုးပါနည်း။ သူဟာ ဤမျှတုံးအနေလျှင် အဘယ်သို့များ ဥက္ကဋ္ဌတစ်ဦးဖြစ်လာရပါသနည်း။ ထိုသူသည် အဘယ်ကြောင့်များ သူက ပိုက်ဆံအကုန်လုံးကို လောင်းကစားလုပ်ပစ်မည်မှန်း သေချာသိနေသောအချိန်မျိုးတွင် သူ့ကို ချေးငှားနေရသေးပါသနည်း။


  


သူ ငွေစက္ကူထိပ်ကို လက်ထိပ်များဖြင့် ထိသပ်လိုက်ရင်း ငွေစက္ကူအသစ်တစ်ရွက်၏အနံကို ရှုရှိုက်နေလိုက်သည်။


  

ဤပိုက်ဆံမှာ အခြားသောငွေများနှင့် အတူတူဟုထင်ရသည်၊ သို့သော် သူသည်တော့ ၎င်းမှာ တကယ်တမ်းတွင် မတူမှန်း သိပါ၏။ လုရုံ၏ပိုက်ဆံများမှာ လွန်စွာ သန်ရှင်းလှပေ၏၊ သူ့မှာ ၎င်းတို့ကို ညစ်ပတ်၍ပင် မသွားစေနိုင်ခဲ့။



ရှန်ဝမ့်ချိုးသည် စာကြည့်ခန်းထဲရှိ လုရုံဟုလတ်မှတ်ထိုးထားသော လှူဒါန်းမှုပြေစာများကို သတိရသွားရသည်။


... အရာအားလုံး ပြီးဆုံးချိန်၊ အကယ်၍ လုရုံကသာ ထိုအကြောင်းကို မေးလာပါက သူလည်း လိမ်လိုက်ရုံသာ၊ သူက ထိုပိုက်ဆံများကို သောက်၊ စား၊ မိန်းမရှုပ်၊ လောင်းကစားလုပ်ရင်း ကုန်ဆုံးသွားသည်ဟုသာ လိမ်လိုက်မည်ပေ။


....... 


Thanks for reading💞


ကြာသွားတာ မီးယားနဲပါ 😭


အမှားအယွင်းနဲ့အရေးအသား လိုအပ်တာလေးတွေတွေ့ရင်လည်း အားမနာတမ်းဝေဖန်ထောက်ပြလို့ရပါတယ်နော် ><