Chapter 8
Viewers 348



Second-Hand Love Letter- chapter 8



“…angular velocity က 1400rpm၊ ဆီအပူချိန်ကတော့ 240°Cရှိပြီး ခြောက်မိနစ်တိုင်း ခြောက်ကြိမ် ပုံသေနှုန်းနဲ့ လည်ပတ်နေပါတယ်.."




“……Vacuum pyrolysis စမ်းသပ်မှုအခြေနေပြီး အပူချိန်က 40℃/min အထိ မြင့်တက်နေပါတယ်……”


“…နောက်ဆုံးpyrolysis အပူချိန်ကတော့ 600℃ပါ။ ကြာမြင့်ချိန်က မိနစ် 30 ၊ ပြီးတော့ cold trap အပူချိန်က -40℃ပါ ..”


"ဆားကစ်ပြားဒေတာမှာကျန်ရှိတဲ့စွန့်ပစ် ဖိနိုလစ်ကို pyrolysis လုပ်ပြီးနောက် pyrolysisရာခိုင်နှုန်း လျော့ကျသွားပါတယ်၊pyrolysisဆီနဲ့ ဓါတ်ငွေတွေက ရာခိုင်နှုန်းအားဖြင့် 69.5%, 27.6%, 2.7% အသီးအသီးရှိကြပါတယ်……"



(*အပေါ်ကဟာတွေကို ပြန်တတ်သလိုပြန်လိုက်ရတာပါ၊ သိတဲ့သူရှိရင်လည်း ထောက်ပြပြီး ခွေးလွှတ်ပေးပါဦး 😭 )




လုရုံသည် ကုတ်အဖြူကို ဝတ်ဆင်ထားလျက် ပုံမှန်လုပ်ငန်းစဥ်အတိုင်း R&D ဌာန၏ ဓာတ်ခွဲခန်းသို့ သွားရောက် ကြည့်ရှုဖြစ်၏။ အခြား သုသေတနပညာရှင်များနှင့်မတူကွဲပြားစွာ သူသည်ကား အလွန်အရပ်ရှည်နေလျက်၊ သို့သော်ငြား ပစ္စည်းကိရိယာများကို ကိုင်တွယ်လုပ်ကိုင်သည့်အချိန်တွင်တော့ အလွန် ဂရုတစိုက်လုပ်ကိုင်နေပုံမှာ သင်ထောက်ကူစာအုပ်ကြီးများမှ ပြဌာန်းထားသော စံနှုန်းများနှင့်ပင် နှိုင်းယှဥ်၍ရသေးပေသည်။




စင်စစ်တွင် သူသည် ယနေ့ခေတ်၏ချောမောလှသည်ဟူသော အလှပစံနှုန်းများနှင့် မွေးဖွားလာခြင်းမဟုတ်၊ ထိုအစား အရင်ခေတ်၏အလှပစံနှုန်းများနှင့် ပို၍ ကိုက်ညီပေသည်။ အနည်းငယ် လေးထောင်ပုံစံကျသော မျက်နှာထား၊ ထူးထဲသောမျက်ခုံးများနှင့်အတူ မျက်လုံးကြီးကြီးများမှာ အကြမ်းပတမ်းဆန်သည့်အသွင်အပြင်ဘက်မျိုး ယိမ်းသည်။ ထပ်မံ၍ပြောရပါလျှင် သူ၏ပုံစံနှင့် ပင်ကိုယ်စိတ်နေသဘောထားတို့ကလည်း အမြဲလိုလို ခေါင်းမာကာ ရှေးရိုးဆန်သည့်သဘောမျိုးပင်။


 


ကုမ္ပဏီ၏ငွေရေးကြေးရေးကိစ္စများကို စီမံခန့်ခွဲနေရသည်ထက်စာလျှင် လုရုံအတွက်တော့ ဓါတ်ခွဲခန်းထဲတွင် နေရသည်ကို ပို၍လိုလားသည်။ သူ့အတွက်မူ နည်းပညာများ ပို၍တိုးတက်လာခြင်း သို့မဟုတ် နည်းပညာအသစ်ရရှိခြင်းမှာ ငွေကြေးအစီရင်ခံစာတွင် အကျိုးအမြတ်များစွာ ရရှိခြင်းထက် ပို၍ စိတ်လှုပ်ရှားစေ၏။ အစတုန်းကဆိုလျှင် သူသည် ဤမျှ ကြီးသော ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သွားလိမ့်မည်ဟုပင် ထင်မထားခဲ့၊ သူ့မှာ ဤနေရာအထိ မသိလိုက်မသိဘာသာနှင့်သာ ရောက်ရှိလာခြင်းဖြစ်ပေသည်။



သူသည်ကား ထိပ်ဆုံးသို့မမြင်နိုင်သေး၊ ဆက်လက်၍ဝေးဝေးဆက်လျှောက်ရဦးမည်ပင်။


 

ညနေငါးနာရီထိုးတွင် လုရုံသည် သူ၏ကုတ်ဖြူကို ချွတ်လိုက်၏၊ ဤသည်မှာ သူ အလုပ်ဆင်းမည်ဖြစ်ကြောင်း သင်္ကေတပင်။


သူ့အတွက် ဓါတ်ခွဲခန်းတွင် နည်းနည်းပို၍ ကြာကြာနေရမည်ဆိုလျှင်လည်း ကိစ္စမရှိပေ၊ သို့သော်ငြား လက်ရှိတွင် သူ၏အဓိကအထောက်အထားမှာ ကုမ္ပဏီ၏သူဌေးဖြစ်နေချေပြီ။ အကယ်၍ သူသာ အလုပ်မဆင်းပါက မည်သူကများ အလုပ်ဆင်းစဆင်းရန် ဝံ့ရဲမည်နည်း။ ထိုသို့ဆိုလျှင် ဤသည်မှာ တစ်ဖက်လှည့်နှင့် လူတွေကို အလုပ်၌ အတင်းအကြပ် အချိန်ပိုဆင်းခိုင်းခြင်း ဖြစ်သွားမည် မဟုတ်ပေတကား။ 


နောက်ပြီး ... သူလည်းပဲ အိမ်သို့ စောစောပြန်နေချင်မိသည်။ ယခုသည် အရင်ကနှင့်မတူတော့၊ အိမ်တွင် သူ့ကို စောင့်ဆိုင်းနေမည့် တစ်စုံတစ်ယောက်ရှိနေချေပြီ။ သူ ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူ၏နှလုံးသားမှာ နွေးထွေးသွားခဲ့ရပြန်၏။



ပြန်မသွားခင်တွင် လုရုံသည် ကုမ္ပဏီ၏ရေချိုးခန်းတွင် ရေချိုးလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်၌ ဓာတုပစ္စည်းများ၏အငွေ့အသက်များ စွဲကျန်ရစ်နေမည်ကို စိုးမိပေသည်။


သူ အမျိုးသားအဝတ်လဲခန်း၌ အဝတ်လဲနေတုန်း တစ်စုံတစ်ယောက် ဝင်လာခဲ့၏။


ဝင်လာသူမှာ အသက်သုံးဆယ်တစ်ပတ်လည်ရှိလောက်မည့် အမျိုးသားတစ်ဦးပင်။ သူ့တွင် ပိန်းပါးသောခန္ဓာကိုယ်နှင့်အတူ ငယ်ရွယ်ဟန်ရသော မျက်နှာလေးရှိသော်လည်း ဆံပင်များကတော့ ဖြူနေချေသည်။ ထိုသူသည် သတ္ထုအပါးကွပ်ထားသော မျက်မှန်တစ်လက်ဝတ်ဆင်ထားပြီး မျက်လုံးကျဥ်းကျဥ်း၊ မျက်ခုံးသေးသေးရှိပေ၏။ သူက ခပ်တည်တည်နှင့်ပင် နှုတ်ဆက်လာ၏။


"သူဌေး။"


လုရုံသည် သူ၏ဝတ်စုံပေါ်ရှိ အနည်းငယ်တွန့်ခေါက်နေသောနေရာများကို သပ်ရပ်အောင် ပြန်ဖြန့်နေခြင်းဖြစ်သည်။ အခုတလောတွင် သူ့မှာ အိမ်မပြန်ခင်တိုင်း သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်စေရန် အားများစွာ စိုက်ထုတ်နေမိ၏။ နွေရာသီဆိုလျှင် သူ ချွေးများစွာထွက်ရာ သူလည်း ကြိမ်ဖန်များစွာ ရေချိုးလေ့ရှိသည်။ ယခုဆိုပါက သူ antiperspirant*ကိုပင် သုံးနေပြီဖြစ်ပြီး သူ၏ဝတ်ပုံစားပုံမှာလည်း အရင်ကနှင့်မတူ ကွဲပြားလာလေသည်။ သူဆိုသည်မှာ အလွန် သီးသန့်နေတတ်သောလူဖြစ်ပြီး အာရုံစိုက်ခံရသည်ကိုလည်း မကြိုက်ပေ။ ထို့အတွက် သူ စကားလုံးတစ်လုံးသာ ပြန်ပြောဖြစ်လိုက်သည်။


(* ချွေးတိတ်ဆေး၊ air freshener လိုမျိုးပါ။)


"အမ်း။"


တင်းနျမ်သည် သူတို့ကုမ္ပဏီ R&D ဌာန၏ သုသေသနခေါင်းဆောင်ဖြစ်ပေသည်။ သူသည် ဂျပန်ရှိ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာသုသေသနနယ်ပယ်ထဲတွင် စီနီယာသုသေသနပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးသည်။ သူသည် ယခုနှစ်ဆိုလျှင် ၃၇နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သောလေးနှစ်က လုရုံက တရုတ်သို့ ပြန်ခေါ်လာခြင်းဖြစ်၏။ သူ၏ဝန်ထမ်းလစာမှာလည်းမြင့်မားသည့်အပြင် ကုမ္ပဏီထဲတွင်လည်း ရှယ်ယာအချို့ ပါဝင်သေးသည်။ လုရုံမှာ ဆရာတင်းအပေါ်တွင် များစွာမှီခိုရသည်ဖြစ်ပြီး သူတို့အကြားရှိဆက်ဆံရေးများကား သူငယ်ချင်းများလိုပင် ဖြစ်လေသည်။


လုရုံသည် လျင်မြန်စွာ ဝတ်စားနေရာ အဝတ်များ ပွတ်တိုက်သံ တရှဲရှဲထွက်နေသည်။ သူသည် တိတ်တဆိတ် သူ၏antiperspirantကို အိတ်ကပ်ထဲ ထိုးဖွက်ထားလိုက်ပြီး သာမန်ကာလျှံကာ ဆိုလိုက်သည်။


"ကျွန်တော်သွားပြီ။ ခင်ဗျားလည်း အလုပ်စောစောဆင်းပြီး စောစောနားသင့်တယ်နော်။"



သူ့ မြန်မြန်ပြန်ချင်နေရခြင်းမှာ ရှန်ဝမ့်ချိုးအား တွေ့မြင်ချင်သောကြောင့် ဖြစ်ပေသည်။


တင်းနျမ်က သူ့ကို ဖြတ်ခနဲ့ကြည့်လာသည်။ သူ၏မျက်ဝန်းများမှာတော့ အနည်းငယ်အေးစက်လှပေ၏၊ သူက အမှုမထားသလို ခပ်တည်တည်သာ ဆိုလာသည်။


"စိတ်လွတ်လက်လွတ်လို့ အနားယူဖို့ကတော့ အချိန်မကျသေးဘူးလေ၊ ဟုတ်တယ်မလား။"



တင်းနျမ်က အိတ်ကပ်များထဲ လက်ထည့်လျက် သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေ၏၊ ထို့နောက်တွင်မှ သက်ပြင်းချလျက် ကူရာမဲ့စွာ ဆိုလာသည်။


"သူဌေး၊ ကျွန်တော်လည်း မင်းရဲ့ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်ချင်ပါဘူး။ ဒါပေမဲ့ မင့်မျက်နှာပေါ်က ကိုယ့်ကိုယ်တောင်မသိဘဲ ပေါ်ပေါ်လာတဲ့ ရူးကြောင်ကြောင်အပြုံးက ဒီရက်ပိုင်း ပိုပိုဆိုးလာပြီနော်။"


“မင်း ကိစ္စတွေကို မြန်မြန် အခြေကျအောင် နေရာချထားနိုင်မယ်လို့မျှော်လင့်ပါတယ်၊ အဲ့ဒါဆိုရင် သူဌေးလည်း အလုပ်ကို ပြန်ပြီး အာရုံစိုက်လို့ရတာပေါ့။"


လုရုံတစ်ယောက် ကြောင်အသွားရသည်၊ ထို့နောက် တဖြည်းဖြည်း မသိိလိုက်ဘာသာနှင့် မျက်နှာမှာ နီရဲသည်။ သူ့မှာ တစ်ယောက်ယောက်ကြားသိမည်ကို စိုးရွံ့သည့်အတိုင်း အသံနိမ့်လျက် မေးလိိုက်သည်။


"အရမ်း သိသာနေလား။"


 


သူ့မှာ အလွန်ကို ရှက်ရွံ့တေပါ၏။



တင်းနျမ်က ခေါင်းခါ၍ အလေးအနက် ပြောလာသည်။


"အရမ်းတော့ မသိသာသေးပါဘူး။ အခြားသူတွေက ရိပ်မိဦးမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူဌေးရဲ့ရောဂါလက္ခဏာတွေ ပိုဆိုးလာရင် သူတို့လည်း မရိပ်မိဘူးလို့ အာမမခံနိုင်ဘူးနော်။"


လုရုံမှာ ထိန်းမထားနိုင်ဘဲ အတိတ်ရှိ အကြောင်းအရာကို သတိရသွားရသည်။


 

သူသည် တကယ်တော့ အထက်တန်းတုန်းက ကိစ္စတွေကို အနည်းငယ် နားမလည်ခဲ့ပေ။ ထိိုလူများမှာ အဘယ်သို့များ သူ ရှန်ဝမ့်ချိုးကို ကြိုက်နှစ်သက်တာကို သိသွားကြပါသနည်း။ သူကတော့ သူကောင်းကောင်းပုန်းကွယ်နိုင်ခဲ့သည်ဟု ထင်ထားခဲ့တာပင်။



……


အထက်တန်းကျောင်းပြီးဆုံးကြောင်း အခမ်းအနားပါတီတွင်။


လုရုံသည် ရှန်ဝမ့်ချိုးနှင့် တစ်စားပွဲထဲ မထိုင်ရပါပေ၊ သို့သော် ရည်ရွယ်ချက်ရှိရှိဖြင့် ရှန်ဝမ့်ချိုးကို မြင်နိုင်သော တစ်နေရာကို ရွေးကာ ထိုင်ထားပါ၏။ လူတိုင်းမှာ ရူးသွားသကဲ့သို့ သောက်နေကြပြီး သူလည်း ပုလင်းအနည်းငယ်မျှ သောက်ထားခဲ့သည်။ သူ အရမ်းမမူးသေသည့်အချိန်တွင် အခြားသူများကတော့ တော်တော်လေး ရေချိန်ကိုက်နေကြပြီး စတင်၍ပင် ငြိမ်ငြိမ်မနေနိုင်ဘဲ ယိမ်းထိုးနေကြချေပြီ။


ရှန်ဝမ့်ချိုးလည်း အရက်မူးနေခဲ့၏၊ ထို့အတူ အလွန်လည်း ကြည့်ကောင်းနေသေးသည်။ သူ၏နှုတ်ခမ်းများမှာ သွေးများစိမ့်ထွက်နေသည့်ဟုပင် ထင်ရသယောင် နီရဲနေပြီး အကြင်သူ၏နား၊ လည်ပင်းတို့သည်လည်း နီရဲနေခဲ့၏၊ သို့သော် ဤသည်မှာ လှပစွာ နီရဲနေခြင်းမျိုး။ ဤသို့မြင်ရသည်ကလည်း သူ ရှန်ဝမ့်ချိုးကို ကြိုက်နှစ်သက်နေသောကြောင့် ဖြစ်နိုင်ပါ၏။ သူ ရှန်ဝမ့်ချိုးကို ကြည့်မိသည့်အချိန်တိုင်း သူ့မှာ filter ဆယ်ခုလောက် ခံကာ ကြည့်နေမိသည့်ပုံပေ။ အထူးသဖြင့် အကြင်သူ့၏မျက်ဝန်းတစ်စုံဟာ ရွှန်းစို၍ ငွေ့ရည်ဖွဲ့နေခဲ့ပါ၏၊ အကြင်သူမှာ ပျော်ရွှင်နေသည့်ပုံ၊ သို့သော် တစ်ချိန်တည်းမှာပင် ငိုတော့မည့်အတိုင်းလည်း ပေါ်နေပြန်သည်။


သူ ရှန်ဝမ့်ချိုးကို အလွန်စိုးရိမ်မိစွာဖြင့် အကြိမ်အနည်းငယ်မျှကြည့်မိသည်၊ သူ အကြင်သူ့နောက်ကို လိုက်ကြည့်နေခြင်းကို ရပ်လိုက်ချင်ပါသည်။ သို့သော် ရှန်ဝမ့်ချိုးတစ်ယောက် အရက်ဆိပ်တက်နေလျှင် ဘယ်နှယ့်လုပ်ပါ့နည်း။ မှောင်မည်းကာ နောက်ကျနေပြီပင်၊ အိမ်သို့ ဤပုံစံအတိုင်းပြန်လျှင် အန္တရာယ်များသည် မဟုတ်ပါလော။


လူနှစ်ယောက်၏မျက်ဝန်းများဟာ အချိန်နှင့်အမျှ ဝေဝါးဝါးတွေ့ဆုံမိကြ၏၊ သို့သော် ကြာကြာ အကြည့်မစိုက်မိကြ။ သူတို့နှစ်ယောက်လုံးမှာ တမင်သက်သက် တစ်ယောက်ကို တစ်ယောက် ရှောင်ရှားနေကြခြင်းဖြစ်လေသည်။


ထိုအချိန်ကဆိုလျှင် သူတို့ စကားမပြောတာ သုံးလလောက်ရှိနေပြီဖြစ်သည်။

 

ရှန်ဝမ့်ချိုးက စီနီယာအထက်တန်းတတိယနှစ်၏ဒုတိယနှစ်ဝက်တွင် ပြင်ပကျောင်းသား(အဆောင်မနေသူ) အဖြစ် ဖောင်တင်လာပြီး အဆောင်တွင် မနေတော့ချေ။ သူတို့၏ထိုင်ခုံများမှာ row နှစ်ခုမျှသာ ကွာခြားလျှင်တောင်မှ သူတို့နှစ်ဦးမှာ လွန်စွာ ဝေးကွာသွားသည့်ပုံ။ လုရုံကလည်း သူ၏စကားကို ဂရုတစိုက်လိုက်နာခဲ့ပြီး အကြင်သူနဲ့ စကားစမပြောတော့။ ပုံမှန်အချိန်များဆိုပါက သူသည် အတွေ့၊ အမြင်တောင်မခံတော့ချေ။


ရှန့်ဝမ်ချိုး ပထမဆုံးအစမ်းစာမေးပွဲ၏ ရလဒ်များမှာ အလွန်မကောင်းပါချေ။ သူ၏ ရူပဗေဒနှင့် ဓာတုဗေဒ ရမှတ်များဆိိုလျှင် လုရုံကိုတောင် စိတ်ပူပန်လာစေခဲ့သည်။ သူသည် တစ်ခါတလေကျ ရှန်ဝမ့်ချိုး၏ ဦးနှောက်က နှေးကွေးသည်ဟု ခံစားမိသည်။ စာမေးပွဲမတိုင်ခင်တွင် သူသည် ရှန်ဝမ့်ချိုးကို ကူညီကာ သူ့အတွက် အဓိကအချက်များကို note ထုတ်ရေးသားပြီး သူ၏စားပွဲပေါ်တွင် တိတ်တဆိတ်တင်ထားပေးခဲ့ဖူးသည်။ ညစာစားပြီးသည့်နောက်တွင်တော့ တာဝန်ကျသော အတန်းဖော်ဟာ သူ့ဆီသို့ ညစ်ပတ်ပေရေနေသောစာအုပ်နှင့်အတူ လာရှာ၍ သူ မတော်တဆ စာအုပ်ပျောက်ခဲ့သလားဟု မေးမြန်းလာလေသည်။


လုရုံမှာ ထပ်မပေးရဲတော့ပါပေ၊ နက်နဲစွာနားလည်လိုက်ရသည်ကား ရှန်ဝမ့်ချိုး၏ သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ချင်နေသောစိတ်ဆန္ဒမှာ မည်မျှပင် ခိုင်မာနေကြောင်း ဖြစ်၏။


သို့သော်လည်း သူတို့မှာ အထက်တန်းပြီးဆုံးတော့မည်ဖြစ်ပြီး မတူညီသော မြို့များရှိလတက္ကသိုလ်များကိုလည်း လျှောက်ထားခဲ့ကြသည်၊ တစ်ယောက်က တောင်ဆိုလျှင်၊ တစ်ယောက်က မြောက်ဆိုသကဲ့သို့ လွန်စွာဝေးကွာလှ၏။ အကယ်၍ ဤသို့သာဆက်သွားလျှင် သူတို့သည် ဤဘဝတွင် တကယ်ပဲ ဝေးကွာကြရတော့မည် မဟုတ်ပေတကား။



ရှန်ဝမ့်ချိုးသည် လွန်စွာ မူးဝေခဲ့၏၊ သူ့မှာ အမူးသမားတစ်ယောက်၏ ရူးကြောင်ကြောင်ဇာတ်လမ်းများပင် စတင်လျက် တွေ့သမျှလူတိုင်းကို လိုက်ဖက်နေတော့သည်။ လုရုံမှာ မျက်မှောင်ကြုတ်၍ လျှောက်သွားကာ ရှန်ဝမ့်ချိုး၏လက်မောင်းကို လှမ်းဆွဲထားလိုက်ရသည်။



သူ၏ဘေးတွင် ရှန်ဝမ့်ချိုးနှင့်အလွန်ရင်းနှီးသော အတန်းဖော်ကောင်လေးတစ်ယောက်က ရှိနေပြီး ရုတ်တရက် ထဆိုလာသည်။


"မင်းဘာလို့နေတာလဲ။ လုရုံ၊ မင်းပဲလား။ မင်းက ရှန်ဝမ့်ချိုးရဲ့ဇနီးလေးလား။ ဘယ်သူကမှ သူ့ကို ဖက်ခွင့်တောင်မရှိဘူးလားကွာ။"

 

"မင်းတို့နှစ်ယောက်က ဂေးလား။"


ဤသည်မှာ ဟာသတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါ၏၊ သို့သော် မကောင်းသော ရည်ရွယ်ချက်များဖြင့် နားထောင်နေကြသောသူများအတွက်မူ ဤစကားလုံးများဟာ ထူးခြားပေါ်လွင်နေခဲ့သည်။


အရက်မူးနေကြသော အတန်းဖော်များအားလုံးကလည်း စနောက်ချင်သောအပြုံးများ ပြုံး၍ ဆိုလာကြသည်။


"ငါ့အထင်တော့ မင်းတို့နှစ်ကောင် အခုတလော လမ်းခွဲထားသလားလို့၊ အဲ့ဒါကြောင့်ပဲ ဒီတလော တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတာဖြစ်မှာ။"


“မင်းတို့နှစ်ယောက်က တိတ်တခိုးတွဲနေကြတာလားဟ။"


“ဟေး။ လိင်တူကြိုက်တယ်ဆိုတာ စိတ်ရောဂါမဟုတ်ဘူးလား။ သူတို့ကို ဆရာဝန်ပြဖိို့လိုနေပြီမဟုတ်လား။"


“...ငါ့အထင်တော့ လုရုံက ရှန်ဝမ့်ချိုးကိုကြိုက်နေတာထင်တယ်! "



လုရုံ၏နှလုံးသားမှာ နစ်မြုပ်သွားရသည်။ သူ ငယ်ရွယ်နေဆဲအချိန်တုန်းက အတော်လေးကို နှံအခဲ့ပြီး မည်သို့ ပြန်ပြော၊ ဖုံးကွယ်ရမည်မှန်းလည်းမသိခဲ။ သူသည်ကား ထိုအတိုင်းသာ ကြောင်အစွာရပ်နေမိပြီး ဤပုံစံမှာလည်း ထိုလူများ၏စကားဟာ ဒဲ့မှန်သွားကြောင်း သိသာအောင် ပြုလုပ်ပေးနေသည့်နှယ်။


ရှန်ဝမ့်ချိုးက ရုတ်တရက် ထရယ်လာသည်။

"ဟုတ်တယ်၊ ငါလည်း သူ့ကိုကြိုက်တယ်လေ။"


လုရုံမှာ ပို၍အေးခဲသွားရသည်၊ သူ၏မျက်နှာလည်း ရှက်သွေးဖြာသွားရပြီး ရှုပ်ထွေးမှု၊ ပြာယာခတ်မှုတို့ကို တပြိုင်တည်းခံစားလိုက်ရသည်။ သူ၏နှလုံးသားမှာ ချက်ချင်းကို ရပ်တန့်သွားရခြင်း။


ရှန်ဝမ့်ချိုးမှာ စကားပြော၍ မပြီးသေးပါချေ၊ ထို့နောက် သူက နာမည်တစ်တန်းလိုက်ကြီးကို ရေရွတ်လာခဲ့သည်။


"ငါ ရှောင်အေ၊ ရှောင်ဘီ၊ ရှောင်စီ ... တို့ကိုလည်း ကြိုက်တယ်လေ။" 


အများစုမှာ အတန်းထဲရှိလူများ နာမည်ဖြစ်ပေသည်။


သူတို့မှာ အသားကုန် ရယ်မောလာကြတော့သည်။


"ရှောင်ပါ့အာ၊ မင်းက ရှိသမျှ ယောက်ျား၊ မိန်းမတွေအကုန် လိုချင်နေတာလား၊ ဟမ်? မင်းက မောင်းမဆောင်ဖွင့်တော့မလို့လားကွ။"

 


ဤသို့ဖြင့် လုရုံအပေါ်ရှိအာရုံများမှာလည်း လွဲဖယ်သွားတော့၏။



သို့သော် လုရုံကတော့ အချို့လူများက ဤအကြောင်းကို သိရှိကြကြောင်းခံစားမိပါသည်၊ သူတို့မှာ မတိကျမသေချာရုံမျှသာ။


လုရုံလည်း ရှန်ဝမ့်ချိုးနှင့် ခြေတစ်လှမ်းခွာဆုတ်လိုက်ပြီး အကြင်သူ့ကိုငုံ့ကြည့်လိုက်သည်။ ရှန်ဝမ့်ချိုးမှာ သူ၏သွယ်လျသော လည်တိုင်ကျော့ကျော့ကို ဒီဂရီတစ်ခုအထိငုံ့ကိုင်းထားပြီး သူ့နောက်ကျောပြင်ရှိ အရိုးအဆစ်များကို လှစ်ဟာပြသထားသည့်နှယ် ။ ၎င်းတို့မှာ လွန်စွာ ပိန်ပါးနေရာ၊ အသေးငယ်ဆုံးသောထိတွေ့မှုလေးဖြင့်တောင် ကျိုးပဲ့သွားမည့်ပုံပေါ်သည်။ အကြင်သူ၏ပုခုံးများမှာလည်း အနည်းငယ် တုန်ယင်နေကြပါ၏။


ကို့ရို့ကားယားနိုင်ကာ စနောက်မြူးထူးနေဟန် ရယ်သံများအလယ်တွင် ခြေတစ်လှမ်းစာ အကွာအဝေးဟာ တိတ်တဆိတ်ဝေးကွာသွား၏၊ ဤသည်မှာ ရှန်ဝမ့်ချိုးဟူသောလူသားမှာ အလှမ်းမမီနိုင်သော၊ ထိတွေ့၍မရနိုင်သည့်ပုံ ခံစားသွားရစေသည်။



ရှန်ဝမ့်ချိုးမှာ ပြန်၍ကြည့်မလာခဲ့၊ အကြင်သူမှာ သူ၏အကြည့်များကို ရှောင်လွဲလို့ အဝေးသို့ လျှောက်ထွက်သွားခဲ့သည်။


လုရုံတစ်ယောက် ရှန်ဝမ့်ချိုးက အခြားအတန်းဖော်များကို ပြောနေတာကို ကြားလိုက်ရသည်။


"ငါ့အဖေက ဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲလုပ်ဖို့ ကြယ်ငါးပွင့်ဟိုတယ်မှာ ဘိုကင်တင်ထားတယ်။ မင်းတို့ အားလို့ လာဖို့သေချာရင် ငါမင်းတို့ကို ဖိတ်စာပေးလိုက်မယ်။"



ရယ်မောပျော်ရွှင်မှုများအလယ်၊ ရှန်ဝမ့်ချိုးမှာ လူအပေါင်းတို့ဝန်းရံခံရလျက် အာရုံစိုက်မှုတို့၏အလယ်ဗဟိုဖြစ်ခဲ့ချေသည်။ သူက လုရုံကို ဖြတ်လျှောက်၍သွား၏၊ အကြင်သူမှာ သူ့ကို မမြင်ခဲ့သည့်အတိုင်းပါလေ။


လုရုံပြန်ရောက်တော့ သူလည်း ရှန်ဝမ့်ချိုး ဖိတ်ကြားလာမလား စောင့်ဆိုင်းခဲ့သည်၊ တွေးလည်းတွေးနေမိခဲ့၏၊ ဤသည်မှာ သူတို့၏တိုက်ပွဲကို ရပ်စဲကာ ပြန်လည်သင့်မြတ်ရန် အချိန်ကောင်းဟူ၍။ သူဆိုသည်မှာ သူငယ်ချင်းအဖြစ်သာဆိုလျှင်လည်း ကိစ္စမရှိပါချေ၊ အကြင်သူအပါးတွင် နေနိုင်ရုံဖြင့် သူ့အတွက်က လုံလောက်ပါ၏။ အကယ်၍ အခွင့်အရေးအသစ်တစ်ခုသာ ရရှိလာခဲ့ပါလျှင် သူလည်း အလွန်အထိန်းအကွပ်မဲ့ကာ စိတ်လိုက်မာန်မာ လုပ်ရပ်မျိုး ထပ်မံ၍လုပ်တော့မည် မဟုတ်တော့ပေ။


သူ စောင့်ဆိုင်းပြီးရင် စောင့်ဆိုင်းနေခဲ့၏။


ဤစောင့်ဆိုင်းမှုမှာ ဆယ်နှစ်မျှပင် ကြာရှည်သွားချေသည်။

 



ရှည်လျားလှသော မှတ်ဥာဏ်ရှည်ကြီးမှာ လျင်မြန်စွာ ဖြတ်ပြေးသွားပြီး တစ်ခဏမျှသာ ကြာလိုက်သည်။


တင်းနျမ်က အတွေ့ကြုံရင့်ကျက်စွာဖြင့် ဆိုလာသည်။


"ဒါပေမဲ့ ငါ့အထင်တော့ မင်းက ရည်းစားထားတဲ့အခါ ဖောက်ပြန်ခံမဲ့ သူမျိုးပုံစံပဲ။ မကောင်းတဲ့မိန်းမနဲ့တွေ့နေမယ်နော်၊ ဂရုစိုက်။"


"သူက မကောင်းတဲ့မိန်းမမဟုတ်ပါဘူး။"


လုရုံ ယုံကြည်ချက်ရှိရှိပင် ပြောလိုက်သည်။ ရှန်ဝမ့်ချိုးမှာ ယောက်ျားတစ်ယောက်ဖြစ်၏၊ ထိုသူက ကောင်းမွန်သည့်လူတစ်ယောက်ဟု ခေါ်ဆို၍မရလျှင်တောင်မှပေါ့။


လုရုံအတွက်မူ ရှန်ဝမ့်ချိုးက သူ့ကို လှည့်ဖျားခဲ့လျှင်လည်း ကိစ္စမရှိပါချေ။ အနည်းဆုံးတစ်ရက်မျှသာ သူတို့တွဲခွင့်ရခဲ့မည်ဆိုလျှင်တောင် သူ ကျေနပ်ပျော်ရွှင်မိမည်ဖြစ်သည်။

 

သို့သော် လက်ရှိအခြေအနေမှာ ထိုမျှလောက် ကောင်းမွန်မနေချေ။ ရှန်ဝမ့်ချိုးက သွားစရာနေရာမရှိသောကြောင့် သူ့အိမ်တွင် သောင်တင်နေရခြင်းသာ။



သူသည် ဘာကောင်မှမဟုတ်တောင် ရှန်ဝမ့်ချိုး၏လူသား ATM စက်နှင့် အိမ်ရှင်ဖြစ်နေသေးပါ၏။


လုရုံအိမ်ပြန်ရောက်တော့ ရှန်ဝမ့်ချိုးရှိမနေမှန်း သိလိုက်ရသည်။


 

ဧည့်ခန်းမှာ လစ်ဟာနေကာ လူသူကင်းမဲ့နေချေ၏။



ဆိုဖာပေါ်ရှိ စောင်မှာလည်း ဘောလုံးတစ်လုံးအသွင် ဖြစ်ကတတ်ဆန်း ခေါက်ထားခံရကာ ကြုံသလို လွှင့်ပစ်ခံထားရသည်။ ကော်ဖီစားပွဲပေါ်တွင်လည်း ပြန့်ကျဲနေကာ မုန့်အခွံများနှင့် ဘူးပုလင်းများရှိနေသေးသည်။ စားပွဲပေါ်၌ကား မဆေးရသေးသော ပန်းကန်များအပြည့်။ လုရုံသည် အခုတလော အလုပ်များနေခဲ့သည်၊ ပုံမှန်ဆိုလျှင် သန့်ရှင်းရေးနှင့် အခြားဝေယျဝစ္စများလုပ်ရန် အမျိုးသမီးတစ်ဦးငှားတတ်သော်ငြား ရှန်ဝမ့်ချိုးရောက်ချိန်ကစ၍ သူကိုယ်တိုင်သာ အကုန်လုပ်ခဲ့ခြင်း ဖြစ်သည်။


လုရုံသည် လျှောက်သွားကာ စောင်ကိုထိလိုက်၏။ စောင်မှာ အေးစက်နေချေသည်။ စောင်ထဲလုံးထွေးကာ အိပ်လေ့ရှိသော ပုဂ္ဂိုလ်မှာ ထွက်ခွာခဲ့တာ အချိန်ကြာမြင့်နေပြီဆိုသောသဘော။


အကြင်သူသည် လမ်းခရီးစရိတ်ရသည်နှင့် ချက်ချင်းထွက်ခွာသွားသည်လော။


လုရုံမှာ ဘာလုပ်ရမည်ပင်မသိတော့။ သူ အောက်ထပ်သို့ပြန်ဆင်းကာ လျှောက်ပတ်ကြည့်လိုက်သည်၊ သို့သော် ရှန်ဝမ့်ချိုးကို ဘယ်နေရာတွင် သွားလို့ရှာရမှန်းမသိပါချေ။ ရှန်ဝမ့်ချိုး၏ဖုန်းမှာ ချိုးပျက်လို့သွားခဲ့ပြီဖြစ်ရာ သူ့မှာ အကြင်သူ့ကို ဆက်သွယ်ရန် နည်းလမ်းပင် ရှာမရတော့။


ခေတ်သစ်နည်းပညာများဟာ လွန်စွာတိုးတက်နေပြီပင်၊ သို့ပေတိ လူသားများအကြား ဆက်သွယ်ရန်မှာ အဘယ်ကြောင့်များ ခက်ခဲကာနေရသေးပါနည်း။


လုရုံမှာ ရှန်ဝမ့်ချိုးအိပ်လေ့ရှိသောနေရာထက် ဝင်ထိုင်မိ၏။ သူ၏နားများမှာ တစ်ချိန်လုံး တဝီဝီမြည်သံသာကြားနေပြီး အိပ်၍မရပါချေ။ သူသည် ရဲစခန်းသို့သွားရန်ပင် တွေးမိသွားရသည်။ သို့သော် သူ့တွင် ရဲသို့ ဆက်တိုင်ရန် မည်သို့သော အခွင့်မျိုးရှိနေပါသနည်း။ သူ့မှာ ရှန်ဝမ့်ချိုး၏သူငယ်ချင်းဟုပြောဆိုရန်ပင် ယုံကြည်ချက်မရှိသည်မျိုး။

 

ထို့သည်သာမက၊ ရှန်ဝမ့်ချိုးမှာ ဒီအတိုင်း သူ့ကို မလိုချင်ခဲ့ရုံသာ၊ နောက်ပြီး ဤသည်မှာလည်း ဘာမှ မှားယွင်းနေသည့်ပုံမပေါ်။


မနက် နှစ်နာရီပင် ရှိလို့သွားချေပြီ။


လုရုံ တံခါးဖွင့်သံ ရေးရေးကို ကြားလိုက်ရ၏။


သူ ချက်ချင်းကို ထရပ်ကာ မီးဖွင့်ရန် လျှောက်သွားလိုက်သည်။

 

'တောက်' ဟူသော အသံနှင့်တူ မီးအလင်းများလည်း ရောက်ရှိလာခဲ့၏။


ရှန်ဝမ့်ချိုးမှာ ဆေးလိပ်နံ့၊ အရက်နံတို့ လှိုင်လှိုင်ထကာ တံခါးနားမတ်တပ်ရပ်နေချေသည်။ အသက်မပါသောမျက်ဝန်းများ၊ မကြည်လင်မျက်နှာထားဖြင့် သူသည်ကား လမ်းလျှောက်နေသော အလောင်းကောင်ကြီးနှင့်ပင် တူနေသေးသည်။ အကြင်သူက သမ်းဝေလာသည်၊ ထို့နောက် ပျင်းရိစွာ မေးမြန်းလာပါ၏။


"မင်းဘာလို့ မအိပ်သေးတာလဲ။"


လုရုံမှာလည်း ကို့ရို့ကားယားနိုင်စွာဖြင့် သူ့နောက်လိုက်ရင်း မေးလိုက်သည်။


"ရှောင်ပါ့အာ၊ မင်းဘယ်တွေသွားနေတာလဲ။"


ရှန်ဝမ့်ချိုးက ပျင်းရိတွဲတွဲ ပြန်ဖြေလာသည်။


"ငါ အပြင်ထွက်ကစားတာလေ။ တကယ်ကံမကောင်းခဲ့ဘူးကွာ။"


ရှန်ဝမ့်ချိုးက ဆေးကြောဖို့မသွား၊ ဆိုဖာပေါ်သို့သာ ပင်ပန်းတကြီးလှဲချလိုက်ပြီး ဗိုက်ကို ကုတ်လျက် ဆိုသည်။


"ငါအိပ်ငိုက်နေတယ်။ အိပ်ချင်ပြီ။ မီးပိတ်လိုက်တော့။"


ရှန်ဝမ့်ချိုးမှာ ကွေးကွေးလေး လှဲအိပ်သွားသည်၊ သူ၏မျက်ဝန်းများကို ပိတ်ဆို့လျက် အိပ်ပျော်ဟန် ဆောင်လိုက်ပေသည်။

 

သူသည် လုရုံက သူ့နံဘေးတွင် ရှိနေဆဲဟု ခံစားနေရ၏၊ သူ မမြင်နိုင်လျှင်တောင်မှ လုရုံက ကြောက်မက်အရှိန်အဝါများ ထုတ်လွှတ်နေသည်ကို ခံစားပေရာ သူ့မှာ ကျောချမ်းလာရတော့သည်။


မင်းဒေါသထွက်နေတာလား။ ဒေါသထွက်တာ ပုံမှန်ပါပဲလေ။

 

ငါ လောင်းကစားသွားလုပ်ခဲ့သေးလား လာမေးတော့လေ။


ရှန်ဝမ့်ချိုး စောင့်ဆိုင်းနေ၏။ သို့သော် သူ လုရုံ အဝေးသို့လျှောက်ထွက်သွားသံကိုသာ ကြားလိုက်ရသည်။ တစ်ခဏမျှအကြာတွင် နွေးထွေး၊ နူးညံ့ကာ စိုစွတ်နေသောပုဝါတစ်ထည်မှာ သူ၏ပါးပြင်ထက် ကျရောက်လာ၏။


ထို့နောက် သူထွက်သွားပြန်သည်။ လုရုံက ဆိုဖာ၏အစွန်းတွင်ထိုင်ချလာပြီး သူ၏ခြေချင်းဝတ်ကို ကိုင်တွယ်လာသည်။



ရှန်ဝမ့်ချိုးမှာ ဆက်၍ အိပ်ပျော်ဟန် အ

မဆောင်နိုင်တော့ပါပေ။ သူ့မှာ ရှက်ရွံ့သွားရပြီး ဝေဝါးဝါးအသံဖြင့် ဗလုံးဗထွေးမေးလိုက်ရသည်။


"မင်းဘာလုပ်နေတာလဲ။"


လုရုံက ပြန်ဖြေသည်။


"မင်းခြေထောက်ဆေးပေးနေတာလဲ။"


ရှန်ဝမ့်ချိုးမှာ ချက်ချင်း သူ၏ခြေထောက်ကို ကန်ထုတ်လာ၏။


"မင်း ညစ်ပတ်သွားမှာကို မစိုးဘူးလား။"


လုရုံက ဘာမှပြန်မပြော၊ သူ့ကို တိတ်တဆိတ်သာ ကြည့်လာသည်။


သူ့ကို တိုက်ရိုက် ဆူဆဲလာသည်ကမှ ယခုထက် ပိုကောင်းဦးပါမည်။ ရှန်ဝမ့်ချိုး အေးတိအေးစက်ပြောလိုက်သည်။


"မင်းအဲ့လိုလိုလုပ်လာတဲ့အခါတိုင်း ငါတကယ်မုန်းတာ။"


"မတုံးအစမ်းပါနဲ့။ ဟုတ်ပြီလား။ ငါတို့နောက်ဆုံးအကြိမ်တွေ့တာက လွန်ခဲ့တဲ့ဆယ်နှစ်ကလေ၊ ငါက လွန်ခဲ့တဲ့ဆယ်နှစ်ကငါမဟုတ်တော့ဘူး။ အဲ့ဒီလိုမဟုတ်တော့တာ အရမ်းကြာပြီ။ ငါက လူကောင်းတစ်ယောက်လို့ မင်းထင်နေတုန်းလား။"


လုရုံက အမှောင်ထဲထရပ်လာသည်၊ သူ့ကို တည်ငြိမ်စွာသာ စိုက်ကြည့်နေ၏။ ထို့နောက် အသံနက်နက်ဖြင့် အမှန်တရားကိုသာ ဆိိုလာသည်။


"ငါလည်း မထင်ပါဘူး။"


 

"မင်းက ပုပ်သွေးဆွေးမြေ့ပြီး မကောင်းတဲ့ကောင် ဖြစ်နေပြီမှန်းသိတယ်။"



The author has something to say:


ဂျူတီကုတ်ဖြူဝတ်ထားတဲ့ gong က ငါရဲ့ အထူးတလည်စွဲလမ်းမှုလေးပါ။ ငါအခု ပျော်နေပါပြီ။


----

E- translator note:

တရုတ်မှာက သူ နဲ့ သူမက အသံထွက်တူတူပါပဲ။ 


-----


Thanks for reading💞