Chapter 9 – လုရုံတောင်မှ သူ့ကိုမျှော်လင့်ချက်မရှိတော့သော လူဆိုးလူမိုက်တစ်ယောက်အဖြစ်သတ်မှတ်ထားလို့ခဲ့ပါ၏။
သူ အကြောင်းပြချက်ကိုနားလည်ပေသည်၊ သူက လုရုံကို ထိုသို့စကားမျိုးပြောလာအောင်ပင် စီစဥ်ထားခဲ့တာဖြစ်သည်။ သို့သော် လုရုံမှာ တကယ်တမ်း ထိိုသို့စကားမျိုးဆိုလာသောအချိန်တွင်တော့၊ ရှန်ဝမ့်ချိုးတစ်ယောက် သူ၏စိတ်နှလုံးမှာ နာကျင်ကိုက်ခဲလာကြောင်း သိလိုက်ရပေသည်။ ထို့အပြင် သူ၏မျက်ဝန်းများမှာလည်း မထိန်းချုပ်နိုင်စွာ ချဥ်စူး၊ စိုစွတ်လာခဲ့ရသည်။
သူ၏လက်များမှာလည်း လက်သီးတစ်အသွင် တင်းကြပ်စွာ ဆုပ်ထားမိလိုက်ပြီး လက်သည်းများမှာ လက်ဖဝါးအတွင်း နစ်ဝင်ဖြတ်တောက်မိတော့မတတ်။ သူ့မှာ မနည်းကျဆင်းလာတော့မည်ဖြစ်သော မျက်ရည်များကို ထိန်းထားလိုက်ရသည်။
သူ၏ပါးပြင်ပေါ်တွင် ပြင်းရှလှသော မမြင်ရသည့်နာကျင်မှုတစ်ရပ်ရှိနေခဲ့ပေ၏၊ သူ့မှာ ပါးရိုက်ခံလိုက်ရသည့်အတိုင်း။
ရှန်ဝမ့်ချိုးမှာ လုရုံက ထိုသို့တိုက်ရိုက် ထုတ်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ ဤသို့ လုရုံ ပြောင်ပြောင်တင်းတင်းထုတ်ပြောလိုက်သောအချိန်တွင်မှ သူသည်ကား သူ့ကိုယ်၌က နှလုံးသားအတွင်းတစ်နေရာတွင် ဆုတောင်းမှုသေးသေးလေးတစ်ခုရှိနေကြောင်း နားလည်လိုက်ရခြင်း၊ မသိလိုက်ဘာသာနှင့်တွေးနေမိသည်မှာ လုရုံက သူ့ကို လွန်ခဲ့သော ဆယ်နှစ်တုန်းကကဲ့သို့ပင် သူ့ကို ရှုးမူးစွာချစ်မြတ်နိုးနေဦးမည်ဟု။ သူ့ကိုယ်၌က ရွံများဖြင့် ပေကျေဖုံးလွှမ်းနေပါလင့်ကစား ဤကမ္ဘာပေါ်တွင် သူ့အား သန့်ရှင်းကာ ကြင်နာသောသူတစ်ဦးအဖြစ် ရူးမိုက်စွာ တွေးတောနေဦးမည့်လူမျိိုးရှိနေသေးရန် မျှော်လင့်နေခဲ့ခြင်းပင်။
သူဘာလုပ်နေမိတာပါလိမ့်။ လူရွှင်တော်တစ်ယောက်လိုမျိုး ကပြ ဖျော်ဖြေနေတာလား။ သူ့ကိုယ်သူ စိတ်ပျက်မိပါ၏။
သူသည်ကား လုရုံ၏နှလုံးသားထဲတွင် ပုံရိပ်ကောင်းရှိနေသေးသည်ဟုပင် မိမိကိုယ်ကိုယုံကြည်မှုရှိခဲ့သေးသည်။ သို့သော် အမှန်တကယ်မှာတော့ လုရုံသည် သူ့ကို 'ပုပ်သွေးဆွေးမြေ့နေသောသူ' တစ်ယောက်အဖြစ် သတ်မှတ်လို့နေခဲ့ပြီးဖြစ်သည်။
"မင်းက ပုပ်သွေးဆွေးမြေ့ပြီး မကောင်းတဲ့ကောင် ဖြစ်နေပြီမှန်းသိတယ်။"
လုရုံကတောင်မှ သူ့ကို မျှော်လင့်ချက်မရှိတော့သော လူဆိုးလူမိုက်တစ်ဦးအဖြစ် သတ်မှတ်လို့ထားခဲ့ပါ၏။
ရှန်ဝမ့်ချိုး၏ တစ်ကိုယ်လုံးရှိအားမှန်သမျှမှာ လုရုံ၏စကားများအကြား ကုန်ဆုံးသွားသည့်ပုံ၊ ထိုသာမက သူ၏စိတ်ဝိညာဥ်ပင် လွှင့်ပျောက်သွားဟန် ရှိပါ၏။ သူ နောက်သို့ပြန်လှဲလိုက်သည်၊ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှုကာ အလိုမရှိပါသော မျက်ရည်တို့ကို ဖိနှိပ်ပစ်ရသည်။ သူ့ကိုယ်သူ မျှော်လင့်ချက်မရှိသောလူအဖြစ် သတ်မှတ်ထားပြီးဖြစ်လင့်ကစား စိတ်လိုက်မာန်ပါ ပေါက်ကွဲလိုမှု ငြင်းဆန်လိုမှုတို့ကတော့ သူ၏နှလုံးသားထဲတွင် ထွက်ပေါ်ခဲ့သည်။
သူ လုရုံကို ထပ်ကန်လိုက်သည်၊ လုရုံကလည်း သူ့ကိုလွှတ်ပေးလာ၏။
ဤအချိန်ကလေးအတွင်းမှာပင် သူတို့နှစ်ဦးအကြား ဂရုတစိုက်ထိန်းသိမ်းထားခဲ့သည့် လွှဲမှားနေသော ငြိမ်းချမ်းမှုကလေးမှာ ရုတ်တရက် ရေခဲပါးလွှာလေးအသွင်ကူးပြောင်းသွားပြီး ကွဲအက်သွားရသည့်နှယ်။
ရှန်ဝမ့်ချိုးမှာ ပြင်းပြင်းပြပြကို စကားများရန်ဖြစ်ချင်သည့်တိုင်၊ သူပြန်၍ဖိနှိပ်ထားလိုက်ပါ၏၊ ထိန်းချုပ်မှုမှ လွှတ်ထွက်မခဲ့ပါပေ။
သူပြောလိုက်သည်။
"ငါအိပ်တော့မယ်။"
လုရုံက ဂရုတစိုက်သတိထားလျက် ဆိုလာသည်။
"ငါ မင်းတွေးသလိုပြောလိုက်တာမဟုတ်ပါဘူး။ ငါက .. "
သူ စကားမဆုံးသေးခင်မှာပင် ရှန်ဝမ့်ချိုးဆီက မကွဲမပြားမခြားစွာသာ ဖြတ်ပြောခြင်းခံလိုက်ရသည်။
"ငါသိတယ်။ ငါသိတယ်လို့။ မင်းရှင်းပြစရာမလိုပါဘူး။ စိတ်ရှုပ်လိုက်တာ။ ဥက္ကဋ္ဌလု၊ မင်း မနက်ဖြန် အလုပ်သွားရဦးမှာလေ။ စောစောအိပ်ပါတော့။"
လုရုံက ထွက်ခွာဖို့ ငြင်းဆန်နေဆဲ၊ ဆက်၍ပြောလာသည်။
"ငါမင်းအတွက် ဂိမ်းတွေထပ်ဝယ်ပေးမယ်လေ။ သူတို့က ပျော်ဖို့မကောင်းတော့ဘူးလား။ မင်းအရင်က ဂိမ်းကစားရတာ သဘောကျခဲ့တာမဟုတ်ဘူးလား။"
ရှန်ဝမ့်ချိုးက စိတ်မရှည်စွာ ဆိုလာပါ၏။
"အဲ့ဒါက ပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေလောက်တော့ ပျော်ဖို့မကောင်းဘူးလေကွာ။ အိမ်မှာတစ်ယောက်တည်း ဂိမ်းကစားရတာ ပျင်းစရာကောင်းတယ်။ မင်းနဲ့စကားပြောနေရတာလည်း အတူတူပဲ၊ လေပဲကုန်တယ်။"
လုရုံ: "..."
သူ့မှာ စိတ်ပူပန်နေပေစွ၊ သို့သော် သူတတ်နိုင်တာ ဘာမှမရှိတော့ပါပေ။
သူတို့များ အရင်များအချိန်တုန်းက ထိုသို့မဟုတ်ပါပေ။ သူတို့ အသက်တစ်ဆယ့်ငါးနှစ်အရွယ်၌ သူတို့မှာ သူငယ်ချင်းများဖြစ်ခဲ့ကြသည်၊ ထို့အတွက် သေချာပေါက်ကိုပင်၊ ပြောစရာတွေလည်း ဆုံးမကုန်အောင် ရှိခဲ့ကြသည်။ အချိန်အများစုမှာလည်း ရှန်ဝမ့်ချိုးကသာ အရင်အစပြုစကားပြောခဲ့ခြင်းပင်၊ သူ့တွင် သုန်မှုန်နေလေ့ရှိသည့်အကျင့်စရိုက်ရှိလျှင်တောင်မှ သူ၏အပြုံးများကတော့ နေရောင်ခြည်အလင်းသကဲ့သို့ တောက်ပခဲ့ပေသည်။
လုရုံပြောလိုက်သည်။
"မင်းမှာ အခက်အခဲတစ်စုံတစ်ရာရှိနေရင် ငါ့ကိုပြောလို့ရတယ်။ ငါတတ်နိုင်သမျှ မင်းကိုကူညီပေးမှာမို့။"
သူ ထိုသို့ပြောတာကြားချိန် ရှန်ဝမ့်ချိုးမှာ ခါးသီးစွာ တစ်ဖန်ထပ်မံ ပြုံးလိုက်မိသည်။ ထိုသူမှာ ပေါ့ပေါ့လေးသာ ဆိုလာသည်ပင်။ မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ သူ၏ဘဝမှာ အသူတရာချောက်နက်အတွင်းသို့ ကျဆင်းသွားပြီးဖြစ်ကာ သူသည်လည်း မီလီယံရာချီသော အကြွေးများ တင်နေသေးသည်။ သူ့ကို မည်သို့များ ကယ်တင်၍ရနိုင်ဦးမည်တုန်း။
လုရုံက နှစ်များစွာ စီးပွားရေးလောကတွင်ကျယ်လည်လာသောကြောင့် သူ၏အကျင့်စရိုက်မှာလည်း ပြောင်းလဲသွားခြင်းပေလော။ ထိုသူမှာ ဤသို့သောစကားများကို မျက်တောင်ပင်မခတ်ဘဲ ပြောလာနိုင်ခဲ့သည်လေ။
ရှန်ဝမ့်ချိုးက သူ၏ခန္ဓာကိုယ်ကို လှည့်လျက်၊ ဆိုဖာအတွင်းဖက်သို့ မျက်နှာမူလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါအရမ်းအိပ်ချင်နေပြီ။ ငါအခု မင်းနဲ့စကားပြောဖို့ အချိန်မရှိတော့ဘူး။ နောက်ရက်မှပြောကြတာပေါ့။"
"ငါမင်းကို တောင်းဆိုတာပါ၊ ဟုတ်ပြီလား။"
ထို့နောက် အချိန်မည်မျှပင် ကုန်ဆုံးသွားမှန်းမသိတော့၊ နောက်ဆုံးမှသာ လုရုံ ထွက်ခွာသွားလေသည်။
အိပ်ပျော်သွားသည်နှင့်တပြိုင်နက် ရှန်ဝမ့်ချိုး၏အတွေးများမှာ ဝဲလည်လည်ဖြစ်လာခဲ့သည်။ သူတွေးမိ၏၊ ဤကမ္ဘာပေါ်တွင် ပြန်လည်မွေးဖွားခြင်းဟူသောအရာသာ တည်ရှိပါလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်း။သူလည်း အရာအားလုံးကို အစမှတဖန်ပြန်၍စတင်နိုင်မည်ပေ။ ထို့သို့ဆိုလျှင် သူသည် သေချာပေါက်ကို သန့်ရှင်းစင်ကြယ်သောသူ ဖြစ်လာစေရမည် ဖြစ်၏။
……
ရှန်ဝမ့်ချိုးရော၊ လုရုံရော နှစ်ဦးစလုံးဟာ မိဘတစ်ယောက်တည်းသာရှိတော့သော မိသားစုမှ ကြီးပြင်းလာသူများဖြစ်ကြသည်။ သူ၏မိခင်မှာ ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ရခြင်ဖြစ်ပြီး လုရုံအမေကတော့ မနာကျန်းမှုကြောင့် သေဆုံးခဲ့ရခြင်းပေ။
နှစ်ဖက်မိသားစု၏ဖခင်များ တွေ့ဆုံခဲ့ကြခြင်းမှာ အရင်တစ်ခေါက်ကားမတော်တဆမှုကြောင့် ဖြစ်သည်။ ရှန်ဝမ့်ချိုး၏ဖခင်မှာ လုမိသားစုက ငွေရေးကြေးရေးအဆင်မပြေကြောင်း သိသည့်အလျောက် သူသည် လုရုံဖခင်အား မိသားစုကုမ္ပဏီ၏ထုတ်ကုန်များကို အလကားပေးကမ်းလေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ဆင်တူကြောင်း သိသည်နှင့် customerများနှင့် တောင် မိတ်ဆတ်ပေးခဲ့ဖူးသည်။
အမှန်တကယ်တော့ လုမိသားစု recycling center ၏ ဝင်ငွေမှာလည်း သိပ်မဆိုးလှပါပေ။ ထို့အပြင် ဖခင်ရော၊ သားဖြစ်သူရောဟာ ဝိရီယရှိကာ အလုပ်ကြိုးစားလှသောသူများ။ သို့သော် အတိတ်တုန်းက ကွယ်လွန်သွားပြီဖြစ်သော ဇနီးဖြစ်သူ၏ကုသမှုများအတွက် ချေးငွေများ ယူခဲ့ရသည်။ သူ၏ဖခင်မှာ အကြွေးယူရတာနှစ်သက်သာသူမဟုတ်၊ သူပိုက်ဆံပြန်၍ စုဆောင်းမိသည်နှင့် အခြေခံအသုံးလေးများသာချန်၍ ကျန်သည်အားလုံးကို အကြွေးကြေနိုင်ရန်သာ အသုံးပြုခဲ့သည်။
သူတို့နှစ်ဦးမှာ နှစ်ဝက်တစ်ခုထိ ရင်းနှီးခဲ့ကြပြီးအချိန်တွင် ရှန်ဝမ့်ချိုးသည် လုရုံကို အိမ်သို့လာရောက်ကစားဖို့ ဖိတ်ခေါ်ရန် သတ္တိမွေးလိုက်တော့သည်။
ဖိတ်ခေါ်မှုကို လုရုံကြားတော့ သူက မသိလိုက်ဘာသာ ပြန်ပြောမိိလိုက်သည်။
"ငါ ပိတ်ရက်ကျရင် ငါ့အဖေအလုပ်တွေကို ကူပေးစရာရှိသေးတယ် ... "
ရှန်ဝမ့်ချိုးတစ်ယောက် ဒေါသထွက်သွား၏။
ထို့နောက်မှသာ လုရုံက သူ့အားကြောက်ရွံ့နေသကဲ့သို့ ပြန်လည်ပြင်ဆင်ပြောလာပါ၏။
"အဲ့ဒါဆိုရင်လည်း ငါ ငါ့အဖေကို သောကြာနေ့ကျောင်းဆင်းရင် မင်းအိမ်ကိုလာလို့ရမလား မေးလိုက်ပါ့မယ်။"
အဆုံးတွင် လုရုံသည် သူ၏အိမ်သို့ ကစားရန်ရောက်လာခဲ့ဆဲ၊ နောက်ပြီးထိုသူမှာ suitအသစ်၊ ဖိနစ်အသစ်ဖြင့် လက်ဆောင်အနေဖြင့် သစ်သီးများကိုလည်း ယူလာခဲ့သေးသည် !
ရှန်ဝမ့်ချိုးမှာ ၎င်းကိုကြည့်လိုက်ပြီး နောင်တအနည်းငယ်ရသွားသလို ခံစားလိုက်ရသည်။ သူသည် တစ်ဖက်လူကို ငွေများစွာကုန်စေခဲ့သည်ပင်။ ထို့နောက် ပြောလိုက်၏။
"ဘာလို့ တအား ယဥ်ကျေးနေတာလဲ။ ငါမင်းကို ဘာလက်ဆောင်မှ ယူလာစရာမလိုဘူးလို့မပြောခဲ့ဖူးလား။ မင်း နောက်ကျရင်လည်း ခဏခဏငါ့အိမ်လာရဦးမှာပဲကို။ မင်းအကြိမ်တိုင်းဒီလိုလုပ်လာမလိုလား။ အဲ့ဒါဆိုရင် မင်း လာစရာမလိုတော့ဘူးနော်။"
လုရုံက ရိုးစင်းသာစွာ ဆိုလာသည်။
"ငါလည်းအဲ့ဒီလိုပြောခဲ့တာပဲ။ ဒါပေမဲ့ ငါ့အဖေက အိမ်တစ်အိမ်ကို ပထမဆုံးသွားလည်တဲ့အခါ လက်ဗလာနဲ့မသွားရဘူးလို့ပြောတယ်လေ။"
အိမ်ရှင်ဖြစ်သူမှာ ထိုသို့ပြောနိုင်သော်ငြား ဧည့်သူဖြစ်သူမှာကတော့ ဧည်သည်တစ်ယောက်အနေဖြင့် သူတို့လည်း လက်ဆောင်များယူမလာချင်ကြောင်း အစပြု၍ မပြောနိုင်ပါပေ!
ရှန်ဝမ့်ချိုးတစ်ယောက် လုရုံကို ကွန်ပျူတာဂိမ်းများ ကစားရန် ခေါ်သွားခဲ့သည်။ ဤသည်မှာ လုရုံ့အတွက် ပထမဆုံးအကြိမ် ကွန်ပျူတာဂိမ်းကစားရခြင်းဖြစ်ပြီး အတော်လေး ဆန်းသစ်သော အတွေ့အကြုံတစ်ခုဖြစ်နေခဲ့သည်။ ရှန်ဝမ့်ချိုးက ပြော၏။
"ငါ့အဖေက အလုပ်များနေတယ်။ နောက်ပြီး ငါလည်း ပုံမှန်အားဖြင့် အိမ်မှာနေရင်း တီဗီကြည့်ပြီး ဂိမ်းကစားတတ်တယ်။ ငါ့အဖေပြောတာက ငါသာ နောက်ဆုံးစာမေးပွဲမှာ ထိပ်ဆုံးငါးဆယ်အတွင်းဝင်ရင် ငါ့ကို နောက်ဆုံးပေါ်နိုင်ငံခြား ဂိမ်းစက်ဝယ်ပေးမယ်တဲ့လေ။ အခုငါ့မှာရှိတဲ့တစ်ခုက ပျက်လုနီးပါးဖြစ်နေပြီ ... "
"ငါ မင်းနဲ့ကစားဖို့အတွက် သက်သက် ဂိမ်းခွေ အသစ်တောင်ဝယ်ထားတာ။ ! "
(*game cassette)
အစကတော့ ရှန်ဝမ့်ချိုးမှာ လုရုံအရှေ့၌ အမြီးဖြန့်လျက် ကြွားဝါချင်မိခဲ့သည်။ ဤသည်မှာ သူမည်မျှ ချမ်းသာကြောင်း ပြချင်သည်မျိိုးမဟုတ်၊ ထိုအစား သူ ဂိမ်းကောင်းစွာ ကစားနိုင်ကြောင်း ကြွားဝါချင်ခြင်းမျိိုးပေ။ အကြောင်းမှာတော့ ကျောင်း၌ အဆင့်အရာ၌ သူ လုရုံကိုမယှဥ်နိုင်သောကြောင့်ပါပေ။ ထိုသို့ဆိုလျှင်တောင် သူ လုရုံထက် ဂိမ်းကောင်းကောင်း ကစားနိိုင်သေးသည်မဟုတ်ပါလော။
ယနေ့တွင် သူသည် လုရုံအား သူဌေးသားများ၏စကေးက မည်သို့ဖြစ်ကြောင်း ပြသလိုက်မည်ပေ !
အဆုံးတွင်တော့ သူ ဂိမ်းနှိပ်စက်ကိုကောက်ယူလိုက်သောအချိန်တွင်မှ သူ ကိစ္စတစ်ခုကို မေ့လျော့နေကြောင်း သတိရလိုက်သည်။
——လုရုံတွင် လက်တစ်ဖက်သာ ရှိသည်ပင်။
ရှန်ဝမ့်ချိုးမှာ အားနာသွားခဲ့ရသည်။
"အာ ၊ ငါမေ့သွားတာ ... "
ထိုအစား လုရုံက ရယ်မောလာခဲ့ပါသည်။
"အဆင်ပြေပါတယ်၊ မင်းမေ့တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။"
ရှန်ဝမ့်ချိုး ပြောလိုက်သည်။
"ကီးဘုတ်ဂိမ်းတွေကစားကြရအောင်။ လက်တစ်ဖက်တည်းနဲ့ ကစားလို့ရတဲ့ဂိမ်းတွေအများကြီးရှိပါတယ်။"
ထို့နောက် သူ လုရုံကို ဘယ်လိုဆော့ရမလဲဆိုတာ သင်ပေးလိုက်သည်။ ရှန်ဝမ့်ချိုးမှာ ပထမနာရီဝက်တွင် အနိုင်ရနေသော်ငြား အနည်းငယ်ကြာပြီးသည်နှင့် လုရုံ၏အနိုင်ယူခံရခြင်းအဖြစ်သို့ စတင်၍ပြောင်းလဲလာလေသည်။ ထို့သို့ဖြင့် ရှန်ဝမ့်ချိုးမှာ ပို၍ပိုကာရှုံးတော့ပြီး အနိုင်ရတာနည်းပါးလာတော့၏။ ဂိမ်းကစားရာတွင်လည်း နည်းလမ်းများရှိပေသည်၊ သူသည် ထိုသီအိုရီနည်းလမ်းများကိုသိသော်ငြား ထိုသည်တို့ကိုသေချာ ထုတ်မသုံးတတ်။ သို့ပေတိ၊ လုရုံကတော့ ၎င်းတို့ကို သင်ကြားသိရှိခြင်းမရှိပါဘဲနှင့်တောင် သောက်ကျိုးနည်း ကျွမ်းကျင်တတ်မြောက်သွားခဲ့သည်!
ရှန်ဝမ့်ချိုးမှာဖြင့် ဒေါသထွက်လွန်းလို့ ကီးဘုတ်ကြီးတောင် ရိုက်ချိုးပစ်မိမတတ်။
လုရုံကတော့ ရိုးစင်းသောလူတစ်ယောက်သာ။ ရှန်ဝမ့်ချိုးက ဆက်၍မကစားချင်တော့ကြောင်းပြောလာပါသော် သူက မေးလိုက်ပါ၏။
"ငါ အနိုင်မယူရဖူးလား။"
ထို့နောက် သူက ဆိုလာပါ၏။
"ငါမင်းကို အနိုင်ပေးပါ့မယ်၊ စိတ်မဆိုးပါနဲ့။"
နားထောင်ကြည့်ပါလေ၊ ဤသည်မှာ လူတစ်ယောက်ကို စကားပြောသင့်သည့်နည်းလမ်းပေလား။ သူသည် လုရုံတစ်ယောက် ဂျူနီယာအထက်တန်းကျောင်း၌ သူငယ်ချင်းမရှိကြောင်း ကြားသိခဲ့ရသည်မှာ အံ့သြစရာမရှိတော့။ ထို့အပြင် ယခုအတန်းထဲတွင်လည်း သူမှလွဲ၍ လုရုံနှင့်သူငယ်ချင်းဖြစ်ချင်သူမရှိပေ။ အရင်ကဆိုလျှင် တစ်စုံတစ်ယောက်က သူ့ကို ပြောခဲ့ဖူး၏၊ လုရုံသည် စိတ်ထားလည်းမကောင်းသလို ဘဝင်လည်းမြင့်သည်ဟူ၍တစ်မျိုး၊ ထိုသူမှာ စိတ်ကြီးဝင်ကာ လူအများအပေါ် အထင်သေးတတ်သည်ဟူသည့်အကြောင်းတစ်ဖုံ။
ရှန်ဝမ့်ချိုးမှာ စိတ်ပြန်၍တည်ငြိမ်သွား၏။ ထိုသူမှာ အလွန်စိုးရိမ်ကာ ဘာလုပ်မှန်းမသိဖြစ်နေတာကိုမြင်တော့ သူလည်း ရွှင်မြူးလာရပြီး ရယ်မောလိုက်သည်။
"ရပါတယ်။ ငါက သဘောထားသေးသိမ်တဲ့ပုံစံပေါ်နေလို့လားကွ။"
သူတို့ ဆက်၍ကစားဖြစ်ကြ၏။
ကံမကောင်းစွာနှင့် သူတို့မှာ ဂိမ်းနှစ်ပွဲမျှသာ ဆက်၍ ကစားနိုင်ခဲ့ပြီး ဂိမ်းစက်မှာ ပျက်သွားပေ၏။
ရှန်ဝမ့်ချိုးမှာ စက်ကို ဝုန်းကခဲထုလိုက်၏။ ထို့နောက်တွင်မှ စက်မှာ တကယ်ပျက်သွားတာ သေချာကြောင်းအတည်ပြုမိရင်း စိတ်ညစ်စွာ ညီးတွားမိတော့သည်။
“ပြင်ဖို့က ကရိကထများတယ်ကွ။ ငါ ဒါကို စက်ရုံပို့မှပဲ ဖြစ်မှာ။"
လုရုံက စက်ကို သေချာကြည့်ရှုပြီး ဆိုသည်။
"မင်းငါ့ကို ပြန်ပြင်ပေးစေချင်လား။ ငါ့ဆီမှာ ကွန်ပျူတာနှင့်ဗီဒီယိုဂိမ်းပြုပြင်စမ်းသပ်နည်းလမ်းလမ်းညွှန်ရဲ့ မိတ္တူတစ်စုံရှိတယ်။ အဲ့ဒီအထဲမှာ မင်းရဲ့ဒီဂိမ်းမော်ဒယ်အမျိုးအစားလည်းပါတယ်။"
ရှန်ဝမ့်ချိုးတစ်ယောက် နှုတ်ခမ်းဆူမိသွားလျက်။
“မင်းက ဒါကို ဘယ်လိုပြန်ပြင််ရလဲလည်း သိတာလား! "
လုရုံက တိကျသေချာသောအဖြေမျိိုးပေးမလာ။ ထိုအစား သူ ဤသို့သာ ဆိုလာသည်။
"ငါ အဲ့စာအုပ်ထဲကအတိုင်းလိုက်လုပ်ရင်း model တစ်ခုကို ပြင်ဖူးတယ်၊ ပြင်ပြီးတော့ ပြန်ပဲရောင်းလိုက်တာ။ ပြောရရင် model မတူပေမဲ့ ငါ့အထင်တော့ အနည်းနဲ့အများတော့ တူနေဦးမယ်ထင်တာပဲ။"
ဤသည်မှာ ပို၍စိတ်ဝင်စားဖွယ်မကောင်းပေဖူးလား။ ရှန်ဝမ့်ချိုးလည်း ဂိမ်းစက်ကို ကျောင်းလွယ်အိတ်ထဲထည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သွားမယ်! အခု သွားကြမယ်! "
ရှန်ဝမ့်ချိုးတစ်ယောက် သူ၏ဖခင်ကိုဖုန်းခေါ်ကာ သူ လုရုံအိမ်သို့သွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထို့နောက် သူ သေချာပြန်တွေးကြည့်လိုက်ပြီး လောကဝတ်အနေဖြင့် ပေးအပ်ရန်အတွက် မုန့်စင်မှ နိုင်ငံခြားဖြစ်မုန့်များကို ယူလိုက်သည်။
လုရုံ၏အိမ်မှာ သူ့အိမ်နှင့်အလွန်ဝေးလှ၏၊ ဘတ်စ်ကားဖြင့်ရောက်ရန်ပင် မိနစ်လေးဆယ်မျှ ကြာမြင့်ခဲ့သည်။
သူကတော့ လမ်းတစ်လျှောက်လုံးစကားပြောလာသည့်အတွက် ခရီးလမ်းမှာလတိုလွန်းလှသည်ဟုပင် ခံစားခဲ့ရ၏။ ရှန်ဝမ့်ချိုးမှာ စကားပြောစက်လေးတစ်ခုပင်တည်း၊ သူ၏ခေါင်းနှင့် ပါးစပ်များ မလှုပ်ရှားနိုင်တော့သည်အထိ တစ်နေကုန်လူများနှင့် စကားပြောနေချင်သည်။ ဤသည်မှာလည်း သူ လုရုံအပေါ် အမြင်ကောင်းရှိရသည့်အကြောင်းအရင်းဖြစ်၏—-
လုရုံသည် စကားများစွာ ပြောလေ့မရှိပေလင့်ကစား သေချာအာရုံစူးစိိုက်စွာတော့ နားထောင်ပေးလေ့ရှိသည်။ ထို့အပြင် တစ်ခါတရံတွင်လည်း အချို့ထူးဆန်းသောစကားအနည်းငယ်ကို ဖွင့်ထုတ်ပြောလာပေဦးမည်။ ထိုသူမှာ အမြဲတစေ လေးနက်သူဖြစ်ပြီး သူ၏ဦးနှောက်လမ်းကြောင်းမှာလည်း အခြားသူများနှင့်မတူ ကွဲပြားလှ၏။ ထိုသူက သူကိုယ်တိုင်ကြောင့် လေထုအခြေအနေကို ပျက်စီးသွားပြီမှန်းတောင် မသိပါလေ။
အခြားလူများသာဆိုပါက သူတို့မှာ လုရုံက စနောက်နေရုံသာဟူ၍တွေးတောကြလိမ့်မည်။ ထိုသူမှာ စကားမပြောသလို သူပြောဖြစ်လျှင်လည်း အခြားသူများမှာ ကြောင်အသွားရမြဲ။ သို့သော်ငြား ရှန်ဝမ့်ချိုးက ထိုသို့မတွေးပါချေ၊ သူဆိုသည်မှာ ရယ်မော၍တောင် လုရုံမှာ အလွန်ရယ်ဖွယ်ကောင်းသည်ဟုပင် တွေးတောဦးမည်ဖြစ်ပါသည်။
လုရုံ၏ recycle centerမှာ မသေးငယ်ပါပေ။
ဖေဖေလုမှာ ရှန်ဝမ့်ချိုးလည်း ပါလာကြောင်းကိုမြင်လိုက်ရတော့ ရုတ်တရက် ကြောင်အသွားခဲ့ရသည်။ သူ့မှာအမြန် ဝတ်ဆင်ထားသောအေပရွန်ထက် လက်သုတ်ရင်း ထိုလက်ဖြင့်ပင် မျက်နှာရှိချွေးများ သုတ်လိုက်မိ၏။ ရလဒ်အနေဖြင့်ကတော့ သူ၏မျက်နှာမှာ ပေပွညစ်ပေသွားရတော့လေသည်။
နေရာတစ်ခုလုံးမှာ အမှိုက်မျိုးစုံပြည့်နှက်နေပြီး အမျိုးအစားများ ခွဲခြားကာစီရီထားသည်ဆိုပေဦးတော့ ရှုပ်ပွနေဆဲဖြစ်လေ၏။ အကြည့်တစ်ချက်နှင့်ပင် ထိုနေရာမှာ ရှုပ်ပွပေရေနေပြီး အထူးသဖြင့် နွေရာသီလိုရာသီမျိုးတွင် အမှိုက်နံ့တောင် ရနေတတ်သည်။
ဖေဖေလုမှာ ရှက်ရွံ့သွားရ၏။ သူသည် အဝတ်စုတ်တစ်ခုကို အမြန်ဆွဲယူလိုက်ပြီး လက်များကို သုတ်လိုက်သည်။ သူ့မှာ ရှက်ရွံ့နေလျက် ပြောလာ၏။
"ရှောင်ပါ့အာ ၊ သား ကစားဖို့လိုက်လာတာလား။ ဦးတို့အိမ်က အရမ်းရှုပ်တာကို .. တာ့ရုံကို မင်းအတွက် အိမ်ထဲနေဖို့ တစ်နေရာရှာပေးလိမ့်မယ်နော်။"
ပြော၍အပြီး သူက မြန်မြန် သူ၏အိတ်ကပ်ထဲ နှုက်လိုက်ပြန်၏။ သူ အခုလေးတင်ပိုက်ဆံနည်းနည်းရလာတာပင်၊ ထို့နောက် သူ၏အိတ်ကပ်အတွင်းမှ လက်တစ်ဆုပ်အပြည့် တွန့်ကြေကာညစ်ပတ်နေသော အကြွေတစ်ထပ်ကိုထုတ်လိုက်ပြီး လုရုံကိုပေးလိုက်သည်။
"မင့်အတန်းဖော်ကို ကျွေးဖို့ မုန့်သွားဝယ်ချေ၊ကပ်စီးနဲပြီး နည်းနည်းပဲလည်းဝယ်မလာနဲ့ဦးနော်။"
ရှန်ဝမ့်ချိုး၏မျက်ဝန်းလေးများမှာ ပြုံးလျက် ကွေးတက်သွားကြ၏။ သူ ယဥ်ကျေးစွာ ပြန်ပြောလိုက်ပါ၏။
"ကျေးဇူးပါ၊ ဦးဦး။"
လုရုံကလည်း သူ၏အဖေကို ပြန်ပြောလိုက်သည်။
"သူက ကစားဖို့လာတာမဟုတ်ဘူး။ ဂိမ်းစက်ကိုပြင်ဖို့လာတာ။"
"ဟုတ်လား၊ ဟုတ်လား။ "
ဖေဖေလုက သူ့ကို အမြန်တိုက်တွန်းလာသည်။
"အဲ့ဒါဆိုရင် မင်းသွားပြီး ပြင်ပေးလိုက်တော့လေ။"
ထို့နောက်တွင်တော့ ရှန်ဝမ့်ချိုးဟာ လုရုံနှင့်အတူ အနောက်ဘက်ခြံဝန်းအတွင်း ရောက်ရှိသွားခဲ့သည်။ ထိုနေရာရှိ မြေလွတ်တွင် အုတ်၊ သစ်၊ မှန်၊ စတီးသွပ်တို့ဖြင့် ရိုးရှင်းစွာ တည်ဆောက်ထားသော အိမ်ငယ်လေးတစ်ခုရှိပေသည်။ လုရုံက ဆိုလာသည်။
"ငါ့အဖေက ကူဆောက်ပေးခဲ့တာလေ။ ကိရိယာတွေနဲ့ ပစ္စည်းတွေကလည်း ငါ့ဘာသာ စုဆောင်းထားတာတွေပဲ။"
ရှန်ဝမ့်ချိုးမှာတော့ အသစ်အဆန်းလောကကြီးကို တွေ့ရှိသွားသလိုပင်။ သူ အထဲသို့ တံခါးဖွင့်ကာဝင်လိုက်သည်နှင့် မျက်ဝန်းများ တောက်ပသွားရသည်။ ဤသည်မှာ ယောက်ျားလေးတိုင်းလိုလို လိုချင်ကြသော ကိုယ်ပိုင် စက်မှုအိမ် ကလေး ဖြစ်သည်ပေ။ နောက်ပြီး လုရုံမှာ ထိုသည်ကို ပိုင်ဆိုင်ထားလေသည်။
ရှန်ဝမ့်ချိုးဖြင့် စိတ်နှလုံးအပြည့်အားကျမှုများနှင့်အတူ ဆိုမိတော့ပေ၏။
"မင်းအဖေက မင်းအပေါ် အရမ်းကောင်းတာပဲ။"
သူသည် မြှောက်ပင့်ပြောနေရခြင်းမဟုတ်ပါပေ။
သူ၏ မိသားစုမှာ ချမ်းသာပြီး သူ့အဖေကလည်း သူ့အပေါ်ကောင်းသည်ဆိုလျှင်တောင်မှ သူ၏ထိုဖခင်ဖြစ်သူမှာ အရာဝတ္ထုများကိုပိုက်ဆံသာဖြင့်ဝယ်ပြီး ထိုသို့ဝယ်၍ရသောကိစ္စများတွင် အချိန်နှင့်စွမ်းအင်တို့အသုံးပြုပေးဖို့ ပျင်းရိတတ်၏။ ထို့အပြင် ဤသို့ဖြင့် သူနှင့်လည်း အချိန်များစွာ မကုန်ဆုံးနိုင်ပါပေ။
ရှန်ဝမ့်ချိုးမှာ ထိုအချိန်တုန်းက မြင်ကွင်းကို အမြဲမှတ်မိခဲ့ပါ၏။
နေရောင်ခြည်အလင်းတန်းဟာ ခေါင်မိုးပေါ်ရှိ ဖန်သားပြင်မှ တဆင့်အထဲသို့ ဝင်လာကြလျက်၊ ယင်းဝါကြဥ်ကြဥ်အလင်းရောင်ထဲတွင်လည်း ဖုန်မှုန့်တို့က ပျံဝဲနေကြသေးပြီး လုရုံအပေါ် ဖြာကျနေခဲ့သည်။ အနှီသူမှာတော့ စားပွဲပေါ်သို့ ကိုင်းညွတ်ထားလေ၏၊ သူ၏ရှေ့မှာကား ဆားကစ်ဘုတ်တစ်ခု။
လုရုံတွင် လက်တစ်ဖက်သာရှိသည်ပေ၊ အနှီသူသည် လွန်စွာ ကျွမ်းကျင်နေလျှင်တောင်မှ အချို့ကိရိယာများကို ကိုင်တွယ်ရာတွင် အခက်ခဲရှိနေဆဲ။ ထို့ကြောင့် သူ့မှာ ၎င်းတို့ကို ကိုင်တွယ်ရာတွင် ပို၍အားစိုက်ကာ ဂရုထားနေရ၏။ အနှီသူမှာ လွန်စွာ စိတ်ရှည်လှကာ အာရုံအပြည့်အဝ စိုက်ထားလျက်။ သူ၏ဘေးပတ်လည်ရှိအရာအားလုံးကိုလည်း မေ့လျော့သွားလေသည့်အတိုင်းပင်။
ရှန်ဝမ့်ချိုး သူ၏နံဘေးဝင်ထိုင်လိုက်သည်။အဆူအညံလုပ်ဖို့ဟူသည် ဝေးစွ၊ သူ့မှာ အသက်တောင်သေချာ မရှုထုတ်ရဲပါပေ။
ငွေသတ္ထုnodes များဟာ အစိမ်းရင့်ရောင်ဆားကစ်ဘုတ်တွင် မြင်နေရ၏၊ ၎င်းတို့မှာ ကြယ်ရောင်များ၏အလင်းတန်းကဲ့သို့ ခပ်ယဲ့ယဲ့လင်းလက်နေသည်။ ထို့အတူ ချိတ်ဆက်မှုတိုင်းနှင့် စီးကူးနေမှုတိုင်းဟာ ရှင်းလင်းကာ သပ်ရပ်လှသောအလှတရားမျိုးနှင့် တောက်ပနေကြသည်။
၎င်းအလင်းရောင်အားလုံးဟာ လုရုံ၏မျက်ဝန်းအိမ်ထဲ၌ စုဆုံနေခဲ့ပါ၏။
လုရုံသည် ဆားကစ်ဘုတ်ကိုပြန်၍ တပ်ဆင်လိုက်သော်ငြား ပြန်၍ အဖုံးမအုပ်သေး။ သူသည် အရင်ဆုံး သူ၏တီဗီအဟောင်းလေးနှင့် ချိတ်ဆက်လိုက်သည်။ လျှပ်စီးကြောင်းလေးမှာ ဆားကတ်ဘုတ်တစ်လျှောက် စီးဆင်းသွားကြ၏။
အလျံညီးညီးတောက်နေသော ကြယ်ရောင်စုံအလင်းများအတိုင်း၊ ၎င်းတို့မှာ စနစ်တကျလည်ပတ်လာကြပြီး စကြာဝဠာအတွင်းရှိ မမြင်နိုင်သော အလင်းတန်းသေးသေးလေးများအသွင် တဖန် ခွဲဖြာသွားကြလေသည်။
တီဗီမျက်နှာပြင်မှာ လင်းလာ၏၊ ထို့နောက် တစ်ပါးတည်း ပုံရိပ်မှာလည်း ပြတ်သားလာလေသည်။
"ရသွားပြီ။"
လုရုံက ဆိုလာသည်။
ရှန်ဝမ့်ချိုးတစ်ယောက် လုရုံ၏မျက်ဝန်းများ တောက်ပသွားသည်ကို မြင်လိုက်ရသည်၊ တောက်ပသွားသည်မှာ အရင်က အချိန်အားလုံးထက်ပင် ပို၍ တောက်ပနေခဲ့သည်။ သူသည် ကျောင်းရှိ လုရုံ၏တိတ်ဆိတ်ကာ မှိုန်မှိုင်းနေသောအမူအရာမျိုးသာ တွေ့မြင်ခဲ့ဖူးခြင်းဖြစ်၏။ ဤသည်မှာ သူ့အတွက်တော့ လုရုံ၏ကွဲပြားခြားနားသောဟန်ပန်တစ်ခုကို မြင်လိုက်ရသည့် ပထမဦးဆုံးအကြိမ်ပေတည်း။ အကြောင်းအရင်းရေရေရာရာမရှိဘဲ သူ့မှာ ဂိမ်းစက်အကြောင်းကိုတောင် ဂရုမစိုက်မိတော့။ ထိုအစား သူ၏အကြည့်တစ်စုံမှာ လုရုံ၏မျက်နှာထက်၌သာ ထိန်းချုပ်၍မရစွာ ကပ်ညှိနေမိတော့သည်။
ထိုအချိန်တုန်းက သူသည် လုရုံမှာ ဤကမ္ဘာပေါ်တွင် အချောမောဆုံးသော၁၅နှစ်သားလေးဖြစ်သည်ဟုပင် တွေးတောခဲ့မိသည်။
လုရုံမှာ ချွေးများထွက်နေပြီး ရောင်ခြည်အလင်းတန်းနှင့်အတူ လင်းလက်တောက်ပနေခဲ့၏။ သူသည် လက်ဆန့်ကာ သုတ်ရန်ပြင်လိုက်သော်လည်း ထူးဆန်းသောအတွေးတချို့ဖြင့် အနှောင့်ယှက်ခံလိုက်ရသည်။
ထို့နောက် လုရုံသည် ရုတ်တရက် သူ့ကိုလှည့်ကြည့်လာခဲ့ပါ၏၊ အနှီလူမှာ သူ အသိအာရုံကင်းမဲ့နေသည်ကို ဖမ်းမိသွားခဲ့သည်ပင်။
နှစ်ဦးသား၏မျက်ဝန်းတို့ ဆုံစည်းသွား၏။ ထို့နောက် ၎င်းမှာ မီးမြိုက်ခံလိုက်သည့်အတိုင်းပါပေ၊ ရှန်ဝမ့်ချိုးမှာ မြန်စွာ အကြည့်လွှဲလိုက်မိပြီး ဆိုလိုက်သည်။
"အာ? အာ.. ကျေးဇူးပါ၊ ကျေးဇူးတင်ပါတယ်။ ငါကြည့်ပါရစေဦ.. "
"တကယ်ပြင်လို့ရသွားတာပဲ။ မင်းအရမ်းတော်တာပဲ။ ငါသာ ပြင်ဖို့ ဆိုင်ဖို့လိုက်ရရင် ဒေါ်လာရာနဲ့ချီအောင်ကုန်တော့မှာ။"
ယခုတွင်တော့ ၎င်းတောက်ပနေသော လုရုံမှာ တံလျပ်ပုံရိပ်ယောင်တစ်ခုသာနှယ်၊ တစ်ခဏချင်း လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားပြီး ပြန်ကြည့်လိုက်သော် အနက်ရောင်ထုံအသည့်လူအကြီးအဖြစ်သာ ကျန်ရှိတော့လေသည်။
"မင်းအတွက်အဆင်ပြေသွားရင်ကောင်းတာပေါ့။"
သူ တုံးအစွာဆိုလိုက်သည်။
"နောက်တစ်ခါက ထပ်ပျက်ရင်လည်း ငါ့ဆီလာခဲ့၊ ငါပြင်ပေးမယ်။"
သူ့မှာ ရူးနှမ်းနှမ်းအမူအရာနှင့်ပင်ဆိုမိချေ၏။
"မင်းသာ ပျော်နေသရွေ့ပေါ့။
*****
Thanks for reading💞