💫Chapter 1
" ထိုက်ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တကယ်ကန်းနေတာပဲ… ပါရမီရှင်တွေအများကြီးကို နောက်မှာချန်ထားပြီး အဲဒီအစား အသုံးမဝင်တဲ့အမှိုက်ကို ခေါ်သွားတယ်လေ…"
" ဘာစိတ်ဝိညာဥ်အရင်းအမြစ်မှတောင် မရှိဘူးလား…တောက်တိုမယ်ရလုပ်ရတဲ့ ဝူစိတ်ဝိညာဥ်ရင်းမြစ်နဲ့လူတောင် သူ့ထက်သာဦးမယ် ဟုတ်တယ်မလား…"
ဆာ့ဆာ့က သူမလုပ်နေကျအတိုင်း စျေးဝယ်ထွက်ရန် တောင်အောက်သို့ဆင်းလာသောအခါ တစ်ဖက်ရှိ တပည့်ဂိုဏ်းသားနှစ်ယောက်က သူမ မကြားမှာစိုးသည့်အလား အသံကျယ်ကျယ်ဖြင့် စကားပြောနေကြတာကို တွေ့လိုက်ရသည်။
ဆာ့ဆာ့က ထိုကဲ့သို့ စကားလုံးများကို နားထောင်ပြီး စိတ်နာကျင်ခဲ့ရဖူးသော်လည်း ယခုဆိုလျှင် အများဆုံးမှ သူမအနားတွင် ယင်ကောင်များက ပျင်းစရာကောင်းစွာ တဝီဝီလာလုပ်နေသလောက်သာ ရှိတော့သည်။ ယနေ့တွင် သူမ အရေးတကြီးလုပ်စရာရှိနေပြီး သူတို့ပြောနေသည်ကို ဂရုစိုက်ရန်လည်း အချိန်မရှိပေ။
သို့သော် သူမ၏ ယခုကဲ့သို့ အဖက်မလုပ်သောအပြုအမူကြောင့် ထိုသူနှစ်ယောက်က ဒေါပွသွားပြီး သူမလမ်း၌ ပိတ်ရပ်လိုက်သည် ။
" ဘာလဲ… တချို့အရှုံးသမားတွေက ငါတို့ပြောတာကိုတောင် မကြားသလို လာဟန်ဆောင်နေတာလား…"
" မင်းသာ နည်းနည်းလောက်ဉာဏ်ကောင်းမယ်ဆိုရင် ထိုက်ယီဂိုဏ်းမှာ ကပ်တွယ်ပြီး လတ်လျားလတ်လျားလုပ်နေမယ့်အစား ကိုယ်တိုင်ပဲ အပြီးတိုင်တောင်အောက်ဆင်းဖို့ တောင်းဆိုလိုက်သင့်တယ်…"
နောက်ဆုံးတွင် ဆာ့ဆာ့က သူတို့ကို သာမန်ကာလျှံကာ ကြည့်လိုက်သည် ။
" ငါ့လမ်းက ဖယ်စမ်းပါ…"
ယနေ့ သူတို့လိုလူတွေနှင့် သူမ အချိန်ဖြုန်းရန် အချိန်မရှိပေ။
"မင်းကများ ဘယ်လိုလုပ် မောက်မာသလို ဟန်ဆောင်ရဲသေးတာလဲ… ကြည့်ရတာ ထိုက်ယီဂိုဏ်းက မင်းကို သေချာမသင်ပေးထားတဲ့ပုံပဲ… ဒီနေ့ မင်းကို ဘယ်လိုပြုမူရမလဲဆိုတာ ငါတို့ပဲ သင်ပေးလိုက်ရတာပေါ့…"
သူတို့နှစ်ယောက်စလုံးက အခြေတည်အဆင့်မျှသာ ရှိသေးသည်။ သို့သော်လည်း ဆာ့ဆာ့ကဲ့သို့ ဝိညာဥ်ရင်းမြစ်နှင့်မည်သည့်ကျင့်ကြံဆင့်မှ မရှိသည့်သူကို သင်ကြားပေးရန် အတွက် သူတို့က လုံလောက်သည်ထပ်ပင်ပိုနေပြီဟု တွေးနေ၏။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်ကိုပင် မထုတ်ရသေးမီ သူတို့ဦးနှောက်၌ တဆစ်ဆစ်နာကျင်လာပြီး မြေပေါ်သို့ လဲကျသွားကြသည်။
ဆာ့ဆာ့က သူတို့ကို မတူမတန်သလိုကြည့်ကာ ပြောလိုက်သည်။
"အခြေတည်အဆင့်လား အဲ့လောက်ပဲပေါ့… အမှိုက်ဆိုတဲ့ စကားလုံးက နင်တို့နဲ့တောင် ပိုလိုက်ဖက်သေးတယ်…"
ထို့နောက် ထက်သန်သောခြေလှမ်းများဖြင့် သူမက ကြွကြွလေး ထွက်သွား၏။ တောင်ပေါ်ကို ဆင်းနေတက်နေကြသော သူများရှိပြီး ထိုဟာသပြဇာတ်ကို လူဘယ်နှစ်ယောက်လောက်က တွေ့သွားကြသလဲဆိုသည်ကိုမူ မသိရပေ။ ထိုသူနှစ်ယောက်က နာမည်ပျက်အရှက်ရသွားပြီး ကိုက်ခဲနေသောခေါင်းကို ဖုံးကွယ်ကာ သူတို့ဂိုဏ်းသို့ ပြန်လာကြသည်။
စဥ်းစားတွေးခေါ်နိုင်သော ယောက်ျားတစ်ယောက်က ထိုအဖြစ်အပျက်ကိုတွေးပြီး ရယ်မောတော့သည်။
" အရူးနှစ်ကောင်…"
" တကယ်တုံးတာပဲ… ထိုက်ယီဂိုဏ်းရဲ့ ဒီတပည့်လေးက ဘာစွမ်းရည်မှမရှိဘူးဆိုပေမဲ့ သူ့ရဲ့စိတ်ဝိညာဥ်ပင်လယ်နဲ့ပတ်သက်တဲ့ဗဟုသုတက ရွှေဗဟိုချက်အဆင့်ရှိတဲ့သူနဲ့တောင် ယှဥ်လို့ရတယ်… သူ့ခန္ဓာကိုယ်ပေါ်က မှော်အဝတ်အစားတွေနဲ့ လက်ဝတ်လက်စားတွေက မူလဝိညာဥ်အဆင့်ထိရှိတဲ့သူတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်တယ်… ပြီးတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့တောင် သူက တော်တော်လေးကာကွယ်ပေးခံထားရမှန်း သိသာနေတာကို ဒီလူနှစ်ယောက်က ပြဿနာရှာလိုက်မိတာပဲ…"
ထိုက်ယီဂိုဏ်းရှိသည့် တောင်တစ်ခုတည်းပေါ်၌ မည်းမှောင်သော အလွှာအဆင့်ဆင့်မိုးတိမ်များက စုဝေးလျက် သိပ်သည်းစွာပြိုဆင်းလာပြီး မိုးကြိုးမုန်တိုင်းများအစပျိုးလာသည့်အလား လူများကို မရှူနိုင်မကယ်နိုင် ဖြစ်လာစေ၏ ။
" ဒါက အတိဒုက္ခဖြတ်ကျော်ခြင်းတိမ်တိုက်တွေပဲ… အတိဒုက္ခဖြတ်ကျော်တာက မစတင်သေးပေမဲ့ အခုကတည်းက ချောက်ချားဖို့ကောင်းတဲ့ဖိအားတွေထွက်ပေါ်လာပြီ…"
စီနီယာအစ်ကိုသုံးယောက်လုံးက တောင်ပေါ်လမ်းတစ်ဝက်ကို ရောက်နေပြီဖြစ်သည်။ အကြီးဆုံးစီနီယာအစ်ကိုကြီး စုန့်နင်ဖုန်းက တိမ်တိုက်များကို ကြည့်ကာ စိုးရိမ်ပူပန်နေ၏ ။ ဒုတိယစီနီယာအစ်ကို ချန်ကျီက သူ့အဂ္ဂိရတ်မီးပြင်းဖိုကို ပိုက်ကာ ညည်းညူနေစမြဲ ။ တစ်ဖက်တွင်တော့ ရှဲ့ရုန်က ယင်နှင့်ယန်ကို ကိုယ်စားပြုသော သင်္ကေတရှစ်ချပ်ဘုတ်ပြားဖြင့် ဆက်တိုက်တွက်ချက်ကြည့်နေပြီး သူ့မျက်နှာတွင် ယခင်ကကဲ့သို့ စနောက်တတ်သည့်အမူအရာမျိုးလည်း ကင်းမဲ့နေ၏။
ဆာ့ဆာ့က သူတို့ရှိရာသို့ အမြန်ရောက်ချလာသည်။
" အကြီးဆုံးစီနီယာအစ်ကို ၊ ဒုတိယစီနီယာအစ်ကို နဲ့ တတိယစီနီယာအစ်ကိုတို့အားလုံး ဒီကိုရောက်နေတာပဲ… အခြေအနေက ဘယ်လိုလဲ…"
" အစ်ကိုတို့အပေါ် အတိဒုက္ခသက်ရောက်မှာစိုးလို့ ဆရာက တောင်ပေါ်ကို မလာခိုင်းဘူး… ဒီလောက်နှစ်တွေထောင်ချီပြီးရှိလာတာတောင် ဘယ်သူမှ အာကာသဟင်းလင်းပြင်ပေါက် ဖြိုခွင်းဖို့ မကြိုးစားဖူးဘူးလေ… ဆရာတောင်မှ အဲ့ဒါကို မသေချာ..."
စုန့်နင်ဖုန်း၏ စိတ်နေသဘောထားက ဆရာသခင်ရွှီယွီကဲ့သို့ အကျိုးသင့်အကြောင်းသင့်ဆုံးဖြတ်တတ်သူဖြစ်သည် ။ သို့သော် ဤအချိန်တွင် သူ့စိတ်နှလုံးသားထဲမှ စိုးရိမ်စိတ်ကို မကွယ်ဝှက်ထားနိုင်တော့ပေ ။
" တတိယစီနီယာအစ်ကို ၊ သင်္ကေတဘုတ်ပြားက ဘာပြောထားလဲ…"
ဆာ့ဆာလည်း အကြားအမြင်ရသော ရှဲ့ရုန်အပေါ်တွင်သာ မျှော်လင့်ထားရတော့သည် ။
" ဘာမှ တွက်ချက်ကြည့်လို့မရဘူး…ဘာလို့ ဘာမှ မရှိနေရတာလဲ…"
တောင်ထိပ်ပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့် ယောက်ျားက အကာအကွယ်အောက်၌ တင်ပလ္လင်ခွေချိတ်ကာ ထိုင်နေ၏။ မျက်ခုံးပင့်ထားသော သူ၏မတုံမလှုပ်အမူအရာက မည်သူမှ လက်လှမ်းမမှီနိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ့ဦးခေါင်းအပေါ်သို့ မိုးကြိုးသွားများကျရောက်နေသော်လည်း သူ့အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ ။
ထိုလူက ထိုက်ယီဂိုဏ်း၏ ဂိုဏ်းချုပ်ရွှီယီဖြစ်သည်။
ထို့နောက်တွင် အတိဒုက္ခတိမ်တိုက်များက စုဝေးကာ ခရမ်းနက်ရောင် မိုးကြိုးသွားများအဖြစ် ပစ်ချလာ၏။ ရွှီယွီ မျက်လုံးပွင့်သွားပြီး အလင်းဓားသွားကို မိုးကောင်းကင်သို့ ပစ်ခွင်းလိုက်သည်။
ထိုဓားသွားက အာကာသဟင်းလင်းပြင်ပေါက်ကို ဖြိုခွင်းသွား၏။
တောင်တက်သည့်လမ်းတစ်ဝက်တွင် တပည့်လေးယောက်က အကာအရံဖြင့် ကာကွယ်ထားသော်လည်း နောက်ဆက်တွဲအနေဖြင့် သွေးများအန်ထွက်ပြီးမှ ဖြတ်ကျော်နိုင်သွားကြသည်။
ဆာ့ဆာ့ ပြန်သတိရလာသောအခါ ထိုက်ယီဂိုဏ်းတစ်ခုလုံးက ဖရိုဖရဲဖြင့် လွင့်စင်နေ၏။ သူမ၏ နူးညံ့သောမျက်နှာ၌ အနက်ရောင်ဖုန်မှုန့်များ ပေကျံနေပြီး ဆံပင်များကလည်း ရှုပ်ပွနေသည်။ သို့သော်လည်း သူမက ကိုယ်ပေါ်တွင် မှော်လက်နက်များစွာကို သယ်ဆောင်ထားတာကြောင့် ပေါက်ကွဲမှုသက်ရောက်လာချိန်တွင် အင်အားများစွာက သူမကို ကာကွယ်ပေးထားသည့်အတွက် သူမက ဒဏ်ရာရအနည်းဆုံးနှင့် အားလုံးထဲတွင် ဦးဆုံး နိုးလာ၏။
" အကြီးဆုံးစီနီယာအစ်ကို ၊ ဒုတိယစီနီယာအစ်ကို ၊ တတိယစီနီယာအစ်ကို..."
ငိုင်တွေနေရာမှ သတိပြုမိသွားသော ဆာ့ဆာ့က အကျိုးအပဲ့အပျက်အစီးများက ကြားထဲမှ လူများကို ဆွဲထုတ်နေ၏။
စီနီယာအစ်ကိုသုံးယောက်က အနည်းငယ်ပေပွနေသော်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာမရကြပေ။ ဆာ့ဆာ့က သူတို့သုံးယောက်ကို သက်စောင့်ဆေးများတိုက်လိုက်ပြီးနောက် သူမက တောင်ပေါ်သို့ အမြန်ပြေးသွား၏။
ရဲရဲတောက်နေသော နေမင်းက တောင်ထိပ်၌ ထွက်ပေါ်နေပြီး မတိုင်မီကလို မှောင်းမည်းသောတိမ်တိုက်များ ရှိမနေတော့ပေ။ ဆာ့ဆာ့လည်း သေချာမခန့်မှန်းနိုင်ပေ။
' ဆရာသခင်က အောင်မြင်သွားတာလား… ကျရှုံးသွားတာလား…'
' ဆရာသခင်ကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး…'
တောင်ပေါ်လမ်းတစ်ဝက်ရှိ အပျက်အစီးများလိုမဟုတ်ဘဲ တောင်ထိပ်၌ အစီအရင်အကာအရံများအားလုံးက ဖျက်ဆီးခံထားရပြီး ပြောင်ရှင်းကာ နက်မှောင်နေ၏ ။ အလယ်ရှိ လူတစ်ယောက်က မြေပေါ်တွင် လဲကာ သတိမေ့နေသည် ။
ဆာ့ဆာ့က ရွှီယီကိုတွေ့သွားပြီး အမြန်ပြေးသွားလိုက်သည်။ ၎င်းက အပျက်အစီးများကြားထဲတွင် ဆရာသခင်ကို နတ်သက်ကြွေလာသကဲ့သို့ တွေ့မြင်ရခြင်းက သူမအတွက် ပထမဆုံးဖြစ်၏။ သူ၏ ပိုးသားလို နူးညံ့သော ဆံနွယ်များက မြေပေါ်တွင် ပြန့်ကျဲနေပြီး သူ၏ လရောင်ဖြူကဲ့သို့ ဝတ်ရုံကလည်း အရောင်အဆင်းများ ကျဆင်းနေသည်။ ရွှီယီ၏ မျက်နှာဆိုလျှင် စာရွက်တစ်ရွက်လိုပင် ဖြူဖျော့နေ၏။ ဆာ့ဆာ့က သူ့ကို အသာရွှေ့လိုက်သောအခါ သူ့နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်းရှိနေသည်။
ဆာ့ဆာ့ မျက်ရည်များကို ထိန်းထားလိုက်သည်။ ရွှီယီက အပြင်းအထန်ဒဏ်ရာရထားသည်ကို သိသောကြောင့် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အားအင်ဖြစ်စေသော ဆေးပေါင်းစုံကို ထုတ်ကာ ရွှီယီပါးစပ်ထဲသို့ ထည့်ပေးလိုက်သည် ။
ရွှီယီက ချောင်းနှစ်ခါဆိုးပြီး တဖြည်းဖြည်းသတိပြန်ရလာ၏ ။
ဆာ့ဆာ့က အလွန်ဝမ်းသာသွားပြီး ရွှီယီ၏ပါးစပ်ထဲသို့ သက်စောင့်ဆေးများထပ်ထည့်ရန် လုပ်လိုက်သည်။
ရွှီယွီ : " ထပ်မထည့်နဲ့တော့ ဆာ့ဆာ့…"
" ဒါပေမဲ့ ဆရာ့ရဲ့ ဒဏ်ရာက.."
" အဲ့ဒါက အရေးမကြီးပါဘူး… ဒီဆေးတွေက ဆရာ့အပေါ်ကို အကျိုးသက်ရောက်မှုမရှိဘူး… ဆရာ့ ဒဏ်ရာတွေက သူ့ဘာသာ တဖြည်းဖြည်းပြန်သက်သာသွားပါလိမ့်မယ်…"
ဆာ့ဆာ့က သူ့လက်ကို ပြန်ရုတ်လိုက်သည်။
ရွှီယီက မေးလိုက်သည် ။
" မင်းရဲ့ စီနီယာအစ်ကို သုံးယောက်ရော…"
" သူတို့က အခုထိ တောင်ပေါ်တက်တဲ့ လမ်းတစ်ဝက်မှာပဲ…"
ဆာ့ဆာ့က ထေ့ငေါ့ညည်းညူလာ၏။ သူတို့အဆင်ပြေနေကြောင်းသေချာမှ ဆာ့ဆာ့က တောင်ထိပ်သို့ ပြေးတက်လာပြီး သူတို့ရှိနေသေးသည်ကိုပင် မေ့သွားသည် ။
ထိုမှသာ ရွှီယီက ပြောလာ၏။
" ပြန်ပြီး တစ်ချက်ကြည့်တာပေါ့… "
ရွှီယီက သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံးကာ သူတို့သက်သာလာအောင်လုပ်ပေးပြီးနောက် စုန့်နင်ဖုန်းနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် သတိပြန်ရလာ၏။
" ဆရာသခင်…"
ရွှီယီက သူတို့စိတ်လှုပ်ရှားစွာဖြင့် ဂါရဝပြုလာသည်ကို လက်ဝှေ့ယမ်းပြပြီး ရပ်ခိုင်းလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာက ယခင်ကဲ့သို့ မတုန်မလှုပ်အမူအရာသာ ဖြစ်ပြီး သူကမေးလာ၏။
" မင်းတို့ အဲ့ဒါကို ခံစားမိလား… "
ဆာ့ဆာ့: "..."
ရှဲ့ရုန် : "..."
စုန့်နင်ဖုန်းနှင့် ချန်ကျီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ အတိဒုက္ခကို ကြံ့ကြံ့ခံနိုင်သည့် အကြီးဆုံးစီနီယာအစ်ကိုကပင် အရင်စပြောလာ၏ ။
" ဆရာ ...အဲဒါက ပြောင်းလဲသွားတဲ့ပုံပဲ …"
ရွှီယီက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။
" ဟုတ်တယ်… ငါတို့အခု ကမ္ဘာတွေ ပြောင်းသွားပြီး အရင်နေရာမှာပဲ မဟုတ်တော့ဘူး…"
ဆာ့ဆာ့နှင့် ရှဲ့ရုန် : "..."
စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း တစ်ခုခုကို ကြိုခန့်မှန်းမိနေသည်အလား ဖြစ်လာသည့် အခြေအနေကို ကောင်းစွာ လက်ခံလိုက်ကြသည်။
ထို့နောက်တွင် ရွှီယီက ရှဲ့ရုန်ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည် ။
" အားရုန် မင်းထပ်လွဲချော်သွားပြန်ပြီ… ဒီမှာရှိနေတဲ့ အငွေ့အသက်က အရင်နေရာထက် ပိုပေါများတာတောင် မင်းက သတိမထားမိဘူးလား… အဲ့ဒါက မင်းမတိုင်မီက ဝီရိယရှိရှိ လေ့ကျင့်ရဲ့လားဆိုတာ ငါသေချာ ဂရုမစိုက်မိလို့များလား… "
ရှဲ့ရုန်က မရှိသည့်မျက်ရည်ကို ညှစ်ထုတ်လာ၏ ။
" ကျွန်တော် သိသားပဲ… ဂျုနီယာညီမလေးဘေးရောက်တာနဲ့ ရေသာခိုတဲ့သူအဖြစ်ပြောခံရရင် ကျွန်တော်က အဆိုးဆုံးပဲ… "
တစ်ချက်ကြည့်လိုက်တာနှင့် သူဘာတွေးနေသည်ကို ရွီယွီက သိသည် ။
" ဆာ့ဆာ့က ဘာဝိညာဥ်ရင်းမြစ်မှမရှိသလို စိတ်ဝိညာဥ်အပြောင်းအလဲကိုလည်း သတိပြုမိမှာမဟုတ်ဘူး… မင်းကိုယ်မင်း ဘယ်လိုလုပ် သူနဲ့ နှိုင်းယှဥ်ရဲရတာလဲ… "
ရှဲ့ရုန် "..."
မှားနေတယ်ဆိုတာ ဒီတပည့်က သိသားပဲ…
ထို့နောက် ရွှီယီက ပြောလိုက်သည် ။
" ဟုတ်ပြီ…အားလုံးပဲ ကျင့်ကြံဖို့ ကိုယ့်အဆောင်ကို ပြန်ကြရအောင်… ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့… "
စုန့်နင်ဖုန်းနှင့် ချန်ကျီက ဤကိစ္စနှင့်ပတ်သက်၍ ဘာမှပြောစရာမရှိပေ ။
ရှဲ့ရုန်ကသာ ထင်မြင်ချက်ရှိနေ၏ ။
" အာ အဲ့လိုကိုး…ဆရာ ဒီကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာကိုတောင် ကျွန်တော်တို့ မသိဘူး… ကျွန်တော်တို့ ဘယ်လိုလုပ် ဒီလိုသီးသန့်အရပ်ဒေသကြီးမှာ နေနိုင်မှာလဲ… အဲ့ဒါက မကောင်းပါဘူး… ကျွန်တော်တို့ နတ်ဘုံလောကကို ရောက်လာပြီလားဆိုတာ အနီးအနားမှာ ကင်းထောက်ကြည့်သင့်တယ်… ဒီအရပ်ဒေသနေရာတိုင်းလိုလိုမှာ မသေမျိုးတွေနဲ့ တခြားတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ…"
ရွှီယီက ရှဲ့ရုန်ကို အော်တော့မည့်အချိန်မှာပင် ဘေးတွင် ဆာ့ဆာ့က ခေါင်းတညိတ်ညိတ်လုပ်နေသည်ကို တွေ့လိုက်ရ၏။
' တကယ်ပဲ ဆရာက ငါတို့ကို အမြင့်ဘုံကို ခေါ်လာတာလား… '
ဆာ့ဆာ့က ၎င်းကိုတွေးမိရင်း စိတ်လှုပ်ရှားနေ၏။
' ဒါကြောင့်ရဲ့ လူတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အဲ့ဒီလူရဲ့အစုအဖွဲ့အတွက် လုပ်ဆောင်နိုင်စွမ်းလိုပဲလို့ ပြောကြတာပေါ့ ဟုတ်တယ်မလား… ငါ့လို စိတ်ဝိညာဥ်ရင်းမြစ်မရှိဘဲ မကျင့်ကြံနိုင်တဲ့သူက အဆင့်တက်ဖို့ ဦးဆောင်လမ်းပြခံရတာပဲ…'
အခြားသူများက တည်ငြိမ်နေသော်လည်း ဆာ့ဆာ့က အလွန်စူးစမ်းချင်နေပြီး အပြင်ဘက်ကမ္ဘာက မည်သို့ ဖြစ်လိမ့်မည်ကို အလွန်သိချင်နေ၏။
၎င်းကိုတွေ့သောအခါ ရွှီယီလည်း မတတ်သာတော့ဘဲ သက်ပြင်းသာ ချလိုက်ရသည်။
" ဆာ့ဆာ့က သွားချင်တယ်ဆိုလည်း သွားလေ…"
သူက သူ့နတ်အာရုံကို အသုံးချကာ မိုင်ရာချီကို အာရုံခံလိုက်သည်ကို ထုတ်မပြောလိုက်ပေ။ သို့သော်လည်း မိုင်တစ်ရာအတွင်းတွင် ကန္တာရ သာရှိပြီး ထိုမှကျော်လျှင် သူထိုက်ယီတွင် စိတ်ကူးဖူးသော 'အလွန်စိတ်တက်ကြွဖွယ်ကောင်းသည့်ကမ္ဘာနှင့် မတူသည့် လူအစုအဝေးသာရှိသည်။ သို့သော်လည်း ကမ္ဘာက သူအလိုက်အထိုက်နေ၍ရပြီး သူ့တပည့်လေးယောက်သာ ကျင့်ကြံရနေသ၍ ရွှီယီက စူးစမ်းရှာဖွေကြည့်ရန် စိတ်ကူးမရှိပေ။ အတိတ်တွင် သူက မဖြစ်မနေလိုအပ်သောလေ့ကျင့်ရေးမှအပ အပြင်ထွက်ခဲသည်။ သူက ဂိုဏ်းတစ်ခုလုံးတွင် သူ့တပည့်လေးယောက်မှလွဲ၍ အခြားသူများနှင့်တွေ့ရန် အလွန်ခဲယဥ်းပြီး သူ့ပုံစံက အခြားသူများနှင့် ပြောရဆိုရသည်ကို သဘောကျပုံမရပေ။
ရွှီယီက သူ့ပထမဆုံး တပည့်သုံးယောက်ကိုမူ အလွန်တင်းကြပ်သည်။ သို့သော် ဆာ့ဆာ့ အပေါ်တွင်တော့ ကွာခြား၏။ ရွှီယီက အားလုံးအပေါ်တွင် တင်းမာခက်ထန်ပုံပေါ်သော်လည်း ဆာ့ဆာ့နှင့် ပတ်သက်လာလျှင်မူ သဘောထားကြီးသောအရိပ်ယောင်များ ရှိသည်။
ဆာ့ဆာ့က ဝမ်းသာအာရ အော်ဟစ်လာ၏ ။
ရှဲ့ရုန်က ချက်ချင်း လုပ်အားပေးလိုက်သည် ။
" အပြင်မှာ အန္တရာယ်တစ်ခုခုရှိမှာစိုးလို့ ကျွန်တော်ဆာ့ဆာ့နဲ့အတူ လိုက်သွားလိုက်မယ်… တစ်ခုခုဆို ဂျူနီယာညီမလေးကို ကာကွယ်ပေးလို့ရတာပေါ့… "
သူ့ဆရာက ဘက်လိုက်နေကျဖြစ်ပြီး သူကလည်း အသားကျနေ၏။ သို့သော် ဂျူနီယာညီမလေး၏ ရောင်ဝါသာတောက်ပလာသရွေ့ သူ မဖြေရှင်းနိုင်သည့်အရာ မရှိပေ ။
ရွှီယီက ရှဲ့ရုန်ကို တွန့်ဆုတ်စွာကြည့်နေ၏။ ရှဲ့ရုန်က မည်မျှ စိတ်ချ၍မရသည်ကို ရွှီယီက ကောင်းကောင်းသတိပြုမိသည် ။
အဲဒီလိုဆိုရင် ဆာ့ဆာ့ကသာ ရှဲ့ရုန်ကို ပြန်ဂရုစိုက်ပေးနေရမှာ မဟုတ်ဘူးလား…
ထို့နောက် စုန့်နင်ဖုန်းက ပြောလိုက်သည် ။
" ဆရာ ကျွန်တော် သူတို့နဲ့ သွားလိုက်ရမလား…"
ရွှီယီလည်း သူ့ဘက်က ဦးစွာကမ်းလှမ်းလာမှ စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည် ။
" ဒါဆို မင်းသွားလေ… "
စုန့်နင်ဖုန်းက ချန်ကျီကို ကြည့်လိုက်သည်။
" အားကျီရော ငါတို့နဲ့ အတူလိုက်ခဲ့ချင်လား…"
ချန်ကျီက သူ့အဂ္ဂိရတ်မီးပြင်းဖိုကို ကောက်ယူကာ ပြောလိုက်သည် ။
" ငါ့မှာ ဆေးတစ်မျိုး လုပ်စရာရှိသေးတယ်… မင်းတို့ပဲ သွားကြပါ…"
ထို့နောက် သူက သူ၏အဂ္ဂိတ်ရတ်အခန်းထဲသို့ ဝင်သွားလေသည်။
ဟုတ်ပြီ… ဆရာသခင်ရဲ့ ကူးပြောင်းမှုကြောင့် ငါ နောက်ကျရတာက ငါ သည်းခံနိုင်တဲ့အတိုင်းအတာအကုန်ပဲ…
သုံးယောက်သားက အတူစုပြီး လှေပျံပေါ်သို့တက်ကာ လူများစုဝေးသည့်အရပ်သို့ ဦးတည်လိုက်သည်။
သူတို့ သုံးယောက်လုံးက သူတို့ နတ်ဘုံမှာမဟုတ်လျှင် လူများ၊ ရွာများရှိသည့် မူလကျင့်ကြံရေးလောကနှင့် ဆင်တူသောနေရာတွင် ရောက်နေခြင်းသာဖြစ်မည်ဟု တွေးလိုက်ကြသည်။ သို့သော်လည်း သူတို့၏ ရှေ့တည့်တည့်၌ လုံးဝ မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခု ရှိနေ၏ ။
ထိုနေရာတွင် အဆောက်အဦအမြင့်ကြီးများ ၊ လှုပ်ရှားနေသောပုံရိပ်များ (displays) နှင့် အသံများရှိနေသည် ။ ထိုနေရာတွင် ရံဖန်ရံခါ အခြားသော အမြင့်ပျံယာဥ်များကိုတွေ့ရသော်လည်း ၎င်းက သူတို့၏ယာဥ်နှင့် ကွာခြားပြီး ထိုအရာများက ပိုလည်း လျင်မြန်၏ ။ ထိုနေရာတွင် သံနှင့်လုပ်ထားသော သားရဲများ (ပို့ဆောင်ရေးယာဥ်မျိုးစုံ)က လမ်းပေါ်တွင် ရွေ့လျားနေကြပြီး သူတို့ထက်လည်း လုံးဝအရှိန်မလျော့ပေ။
ပစ္စည်းများဖန်တီးပြုလုပ်ရသည်ကို သဘောကျသော စုန့်နင်ဖုန်းက ယခုသူတို့စီးလာသော မိုးပျံလှေကိုလည်း သူကိုယ်တိုင် လုပ်ထားခြင်းဖြစ်သည်။ ယခု သူ့မျက်လုံးများက ထိုအရာများကို မကြည့်မိအောင်နေရန် ခံနိုင်ရည်မရှိတော့ပေ။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒါက တကယ်ကြီး နတ်ဘုံလောကပဲ… အငွေ့အသက်တွေကို အသုံးချနေတာမျိုး ငါမခံစားမိသေးပေမဲ့ ဒီမှာ ဖန်တီးပြုလုပ်ထားတာတွေက ငါတွေးထားတာထက်တောင် ပိုပြီး အဆင့်မြင့်နေသေးတယ်… "
ရှဲ့ရုန်နှင့် ဆာ့ဆာ့သာ အနားမှာရှိသေး၍ မဟုတ်ရင် စုန့်နင်ဖုန်းက ၎င်းကို ပြုလုပ်သည့် ဆရာကြီးဆီသို့သွားပြီး သင်ပြပေးရန် တောင်းဆိုမိလောက်သည်။
ရှဲ့ရုန် နှင့် ဆာ့ဆာ့လည်း ထို့အတူပင်။ သူတို့၏ မျက်လုံးများက အဝေးသို့ပင် အကြည့်မလွှဲနိုင်တော့ပေ ။
သူတို့သုံးယောက်က စီးလာသော မိုးပျံလှေကို ပြန်သိမ်းကာ လှည့်ပတ်ကြည့်တော့သည်။
ချောမောသောအမျိုးသားနှစ်ယောက်နှင့် လှပသောအမျိုးသမီးတစ်ယောက်က အတူတကွရှိနေပြီး သူတို့၏ ထူးဆန်းသောဝတ်စားဆင်ယင်မှုနှင့်ပါ ထပ်ပေါင်းလိုက်လျှင် လူအများ၏အာရုံကို ဖမ်းစားနေ၏။
စုန့်နင်ဖုန်း၏ မျက်လုံးများက ပျံသန်းသောစက်ပစ္စည်းများရောင်းသည့်ဆိုင်တွင်သာ ကော်လိုကပ်နေပြီး အဝေးသို့လှည့်ထွက်မသွားနိုင်တော့ပေ။
ဆာ့ဆာ့ စိတ်ပိုင်းဖြတ်ထားပြီး ပြောလာ၏။
" စီနီယာအစ်ကိုကြီး အထဲဝင်ပြီး ကြည့်ကြည့်ရအောင်…"
စုန့်နင်ဖုန်းက စက်ပစ္စည်းမျိုးစုံတွင် စိတ်ဝင်စားနေသော်လည်း ၎င်းတို့၏ လှပပြေပြစ်သော အပြင်ပန်းပုံစံကြောင့် အထဲမှ တည်ဆောက်မှုပုံစံကို သိရရန် မလွယ်ကူပေ။ စုန့်နင်ဖုန်းက နတ်ဘုံလောကတွင် ပစ္စည်းများ၏ တန်ဖိုးကိုလည်းမသိသောကြောင့် သူက အပြာရောင်ပျံသန်းယာဥ်အသေးစားလေးကိုသာဂရုတစိုက်ရွေးချယ်လိုက်သည်။
" စုစုပေါင်း ကြယ်ဒင်္ဂါး ၁၅သိန်း၆သောင်းကျသင့်ပြီး ကျသင့်ငွေကို ပေးချေရမှာပါ…"
အရောင်းဝန်ထမ်းက ချိုသာစွာပြောလာ၏ ။ သူမက ချမ်းသာသောသူများကို ဝန်ဆောင်မှုပေးရချိန်၌ အပြုအမူက လုံးဝကွာခြားသည်။
ထိုလူများက အနည်းငယ်ထူးဆန်းသော်လည်း သူတို့၏ရုပ်ရည်က အလွန်သာလွန်၏။ သူတို့ဆီမှာပါလာသည်များကလည်း သာမန်ထက်သာလွန်ပြီး ပျံသန်းယာဥ်၏ စျေးကို မေးလာခြင်းဖြစ်သည့်အတွက် သေချာပေါက် ချမ်းသာရပေမည် ။
"..."
စုန့်နင်ဖုန်းက သူမပြောသမျှ စကားလုံးတစ်လုံးချင်းစီတိုင်းကို နားလည်သော်လည်း အားလုံးကို စုပေါင်းလိုက်လျှင် နားမလည်တော့ပေ။
သူက သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးနှစ်တုံးကို ထုတ်ပေးလိုက်သည် ။
" စိတ်မရှိပါနဲ့ မိန်းကလေး…ဒါတွေနဲ့ဆို ပေးဖို့လောက်မလား… "
အရောင်းဝန်ထမ်း မိန်းကလေးက ဖြူဖျော့သွား၏။
" ရှင်က ကြည့်ကောင်းပါတယ် ဒါပေမဲ့ ဒါကို တန်ဖိုးမရှိတဲ့သတ္တုရိုင်းတွေနဲ့ ဝယ်ချင်နေတာလား …"
💫💫💫