Chapter 2
Viewers 756

💫Chapter 2




၎င်းက ပထမဦးဆုံးအကြိမ်ပင် ဖြစ်သည်။


မျက်ခုံးထင်းထင်း ၊ အားကောင်းသောတည်ရှိမှု၊ တည်ငြိမ်ပြီး ယုံကြည်အားကိုးရသော ပစ္စည်းများဖန်တီးသည့်နေရာ၌ ပါရမီရှင်စုန့်နင်ဖုန်းက ပိုက်ဆံပင်မရှင်းနိုင်သော မျိုးမစစ်တစ်ယောက်လို ဆက်ဆံခံလိုက်ရသည် ။


ပို၍ နီးကပ်စွာကြည့်လျှင် စုန့်နင်ဖုန်း၏မျက်နှာက နားမလည်နိုင်ဖြစ်နေပုံရသည်။ 


အရောင်းဝန်ထမ်းမိန်းကလေးက သူ့ကို သေချာကြည့်နေ၏။

' ရုပ်ချောတာက လူတွေကို ထမင်းမကျွေးထားနိုင်ဘူးပဲ…'


၎င်းကိုတွေ့သောအခါ ရှဲ့ရုန်နှင့် ဆာ့ဆာ့က ရှေ့တိုးလာ၏။ 

" အထင်လွဲတာပါ… ဒါက အထင်လွဲရုံပါပဲ… "


ရှဲ့ရုန်က အရောင်းဝန်ထမ်းမိန်းကလေးကို တောက်ပစွာပြုံးပြပြီး သူ၏ခေါက်ယပ်တောင်ကို ဟန်ကျကျမြှောက်လိုက်သည်။ 

" မိန်းကလေး မင်းပြောတဲ့ ကြယ်ဒင်္ဂါးဆိုတာ ဘယ်လိုပုံစံမျိုးလဲ…" 


ရှဲ့ရုန်က ရုပ်ချောအပြောကောင်းသည့်အပြင် ကျင့်ကြံရေးကမ္ဘာ၌ မိန်းကလေးများကို စိတ်ကျေနပ်အောင်လုပ်ပေးတတ်သည်။ ဤကမ္ဘာသို့ ရောက်လာသော်လည်း သူ့အကျင့်က မပြောင်းလဲသွားပေ ။ 


အဲ့အပြုံးက ဆွဲဆောင်မှုရှိတာထက်ကိုပိုတယ်လေ… ဒါကို ဘယ်မိန်းကလေးကများ တောင့်ခံနိုင်ပါ့မလဲ…


ရှဲ့ရုန်၏ အပြုံးကြောင့် အရောင်းဝန်ထမ်းမိန်းကလေး၏ မျက်လုံးကတောက်ပသွားသည်။ သို့သော်လည်း သူမက ရှဲ့ရုန်ကို အနည်းငယ် သနားသလို ပြန်ကြည့်လာပြန်၏ ။ 

' အာ ကြယ်ဒင်္ဂါးကိုတောင် မသိဘူးလား…သူက ရုပ်ချောပေမဲ့ ဦးနှောက်ပြဿနာတော့ ရှိနေတဲ့ပုံပဲ…'


ရှဲ့ရုန်က သူ့ညီအစ်ကိုသုံးယောက်ကြားတွင် အင်အားအနည်းဆုံးဖြစ်သော်လည်း သူ၏အာရုံက သာမန်သူများထပ် ပိုအားကောင်းသည်။ သူက အရောင်းဝန်ထမ်းမိန်းကလေး၏ မျက်လုံးထဲမှ အပြောင်းအလဲကို သတိထားမိသွားပြီး သူ၏ ပြစ်ချက်ကင်းသောအပြုံးပင်လျှင် အနည်းငယ် ကျိုးပဲ့သွား၏ ။ 


တောင်ခြေအောက်တွင် ပိုအတွေ့အကြုံများပြီး သာမန်လူများနှင့် ပိုပြောဆိုတတ်သော ဆာ့ဆာ့က အစ်ကိုနှစ်ယောက်၏ အရှုပ်များကို ရှင်းပေးပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေ ၊ ငွေအထုပ်လိုက်ကို ထုတ်လိုက်သည်။ 

" ကျွန်မ ဒါနဲ့ရော ပေးလို့ရမလား…"


အရောင်းဝန်ထမ်းက တစ်ချက်ကြည့်လာ၏ ။ ထိုလူသုံးယောက်က ပြဿနာရှာရန်အတွက် ဤနေရာကို တမင်ရောက်လာခြင်းဖြစ်မည်ဟု သူမတွေးမိသည် ။သို့သော်လည်း သူမက ထိုရက်ရောသော ရွှေ ၊ ငွေအပုံလိုက်ကို ထိကြည့်သောအခါ ၎င်းက မူမှန်ပုံမရပေ။ 


" ဒါက ငွေကြေးအရ တော်တော်တန်ဖိုးရှိပါတယ်…ဒါပေမဲ့ ကျွန်မတို့ဒီမှာ ရွှေတွေငွေတွေကို လက်မခံပါဘူး… ရှင်တို့ပြန်လာမဝယ်ခင် အဲ့ဒါတွေကို ကြယ်ဒင်္ဂါးနဲ့ အလဲအထပ်လုပ်လို့ရမယ့်ဆိုင်ကို ရှာလိုက်ပါလား…"


ထိုအဖြေက ဆာ့ဆာ့နှင့် အစ်ကိုနှစ်ယောက်ကို စိတ်သက်သာရာရသွားစေ၏ ။ 

" အနည်းဆုံးတော့ ငါတို့က ဒီကမ္ဘာမှာ တစ်ပြားတစ်ချပ်မှတောင် မရှိတဲ့သူ မဖြစ်တော့ဘူးပေါ့…"


ထို့နောက် အသံကျယ်ကျယ်တစ်သံက ထွက်ပေါ်လာ၏။

" ငါဒါအတွက် ရှင်းလိုက်မယ်… မင်းတို့ ဒီလေယာဥ်ကို ယူလို့ရပါတယ်… ငါတို့ မိတ်ဆွေတွေ ဖြစ်နိုင်မလား…"


အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းရှိသော အမျိုးသားက ပြုံးဖြီးဖြီးနှင့် ပြောလာ၏။ သူ့မျက်လုံးက မှေးကျဥ်းပြီး အလွန်တောက်ပနေသည်။


စုန့်နင်ဖုန်း၏ အကြည့်ကတောက်ပသွားပြီး ပြောလိုက်သည်။

" ဒါဆိုလည်း ကျွန်တော် တလေးတစားနဲ့ လက်ခံလိုက်ပါမယ်…"


ရှဲ့ရုန်နှင့် ဆာ့ဆာ့က ဘာမှမပြောလာပေ။ ဂိုဏ်းအပြင်ဘက်၌ သူတို့က အကြီးဆုံးစီနီယာအစ်ကို ပြောသမျှကို နားထောင်ကြသည် ။ 


စုန့်နင်ဖုန်းက လေယာဥ်ကို သူနှင့်အတူ ယူဆောင်သွားချင်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် လက်နက်များကို ပြုလုပ်ခဲ့သောကြောင့် ‌ဤလေယာဥ်အကြောင်း သူ များများစားစားမသိလျှင်ပင် မောင်းရန်အခက်အခဲရှိမည်မဟုတ်ဟု တွေးထားသည်။ ယာဥ်ပေါ်သို့ တက်လိုက်သည်နှင့် ခလုတ်မျိုးစုံကြောင့် စုန့်နင်ဖုန်း ဆွံအသွား၏။

' ဒါက ဘာတွေတုန်းဟ… '


စုန့်နင်ဖုန်းက ရှဲ့ရုန်နှင့်ဆာ့ဆာ့၏ မျှော်လင့်နေသောအကြည့်များနှင့် ဆုံသွားသည်။ သူတို့နှစ်ယောက်ရှေ့တွင် အကြီးဆုံးစီနီယာအစ်ကိုကြီးက မျက်နှာပျက်၍ မဖြစ်သောကြောင့် အစမ်းသဘောဖြင့် ခလုတ်ကို စမ်းဖိလိုက်သည်။ လေယာဥ်က စတင်ပြီး အရှိန်ပြင်းစွာလည်ပတ်နေတော့သည်။ 


" ဆရာ...ဆရာ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့…"


စုန့်နင်ဖုန်း ဇောချွေးများထွက်လာပြီး နောက်ဆုံးတွင် ဝန်ထမ်း၏ အကူအညီဖြင့် စက်ရပ်နိုင်သွားသည်။ 


ဝဖောင်းဖောင်းအမျိုးသားက မသင်္ကာသလိုမေးလာ၏။ 

" မင်းမှာ ယာဥ်မောင်းလိုင်စင်မရှိဘူးမလား… "


" ယာဥ်မောင်းလိုင်စင်လား… အဲ့ဒါက ဘာလဲ…" 

စုန့်နင်ဖုန်းက ရိုးသားစွာဖြင့် နားမလည်နိုင်သလိုမေးလာ၏။ 


ဝတုတ်လေးက သူ့နဖူးကိုပြန်ရိုက်ကာ သူ့အကဲခတ်နိုင်စွမ်းကို ပြန်သံသယဝင်မိနေတော့သည် ။ 

' ဒီလူသုံးယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ အဲ့လောက်ပိုက်ဆံအများကြီးကို သုံးလိုက်မိတာ တန်ရဲ့လား… ငါ့အမြင်က တစ်ခုခုမှားနေတာများလား…'


" မင်းမှာ လေယာဥ်မောင်းဖို့ လိုင်စင်မရှိဘူးဆိုရင် ရေပေါ်မောင်းကားတို့ ဘာတို့အတွက်ရော…"


" အဲ့ဒါက မိုးပျံလှေလို လက်နဲ့ပဲ့ထိန်းသွားရုံပဲ မဟုတ်ဘူးလား… " 

စုန့်နင်ဖုန်း နားမလည်နိုင်ဖြစ်နေ၏ ။


ဝတုတ်လေး "..."

ဤတစ်ခေါက် သူ့ရင်းနှီးမြှုပ်နှံမှုက ကျရှုံးသွားကြောင်း သေချာသွားသည် ။


သူတို့က ဤသို့ပြောလာသောကြောင့် အဆုံး၌ စုန့်နင်ဖုန်းက လေယာဥ်ကို သူနှင့်အတူ ယူဆောင်မသွားနိုင်တော့ပေ။ 


" ဒီမှာ ဘားခလုတ်လိုမျိုး မပါဘူး… ဘားခလုတ်တွေက ငွေအအများကြီးပေးရတဲ့ အဆင့်မြင်စက်တွေမှာပဲ ပါတာ…"


သိုလှောင်အိတ် သို့မဟုတ် သိုလှောင်လက်စွပ်က ဖြေရှင်းပေးနိုင်လောက်မည်ဟု ထင်နေသော စုန့်နင်ဖုန်းမှာ လက်ရှိသူရောက်နေသော ကမ္ဘာက သူစိတ်ကူးယဥ်ထားသော နတ်ဘုံလောကနှင့် အလွန်ကွာခြားနေသည်ကို သတိပြုမိသွားပြီး အတွေးများသွား၏။


ဒီနေရာမှာ စွမ်းအားမြင့် မိုးပျံလှေတွေရှိပေမဲ့ သူတို့မှာ သိုလှောင်အိတ်လေးတစ်အိတ်တောင် မရှိကြဘူးလား… 


စုန့်နင်ဖုန်းက ကွာခြားသောကမ္ဘာကို ကျင့်သားမရသေးသော်လည်း လူတစ်ယောက် မည်မျှချမ်းသာကြွယ်ဝသသည်ကို မထုတ်ဖော်ကောင်းဟူသည့် နိယာမကို နားလည်သေးသည်။ ထို့ကြောင့် သူက သူတို့စကားအတိုင်းသာ လုပ်လိုက်သည်။


" ရှင် လိုင်စင်ရတာနဲ့ အချိန်မရွေး ဒါကိုလာယူလို့ရပါတယ်… " 


ဆာ့ဆာ့ နှင့် ရှဲ့ရုန်ကို မျက်စိတစ်ဖက်မှိတ်ပြပြီးနောက် သူတို့က ဝတုတ်လေးနောက်မှ လိုက်သွားကြသည် ။ 


ဝတုတ်လေး၏ နာမည်မှာ လော့ကျန်းဖြစ်ပြီး သူ့မိသားစုက 'B111 'ဂြိုဟ်ပေါ်တွင် မြေယာများစွာ ပိုင်ဆိုင်ထား၏။ ထိုမြေများကို သူကသာ စီစဥ်နေသည် ။


လူကထိန်းရန်မလိုသော စောင့်ကြည့်ရေးယာဥ်မှာ သူတို့၏ပိုင်ဆိုင်မှုတစ်ခုဖြစ်သော ကျယ်ပြန့်သည့်မြေရိုင်းပေါ်တွင် ရုတ်တရက် တောင်ထွတ်တစ်ခုပေါ်လာသည်ကို စစ်ဆေးမိသွားပြီး ရောင်ခြည်မော်နီတာ၌ အတက်အကျများ ဖြစ်ပေါ်လာ၏။ 


လော့မိသားစုက မြေရိုင်းနှင့်ပတ်သက်၍ ဂရုမစိုက်သော်လည်း ထိုနေရာက လူခေါင်ပြီး တိုးတက်လာရန်လည်း မလွယ်ပေ။ ထို့ကြောင့် လော့ကျန်းက ၎င်းနှင့်ပတ်သက်ပြီး အပင်ပန်းခံအာရုံမထားတော့ချေ ။ သို့သော်လည်း အခြားသူများက သူ့နှာခေါင်းအောက်မှာပင် ထိုကဲ့သို့ လာရှုပ်နေကြပြီ ဖြစ်သည့်အတွက် လော့ကျန်းက ဤအတိုင်း လွှတ်မထားနိုင်ပေ။ ထိုလူများ "ဘယ်ကလာသလဲ ၊ ဘာလာလုပ်ကြသလဲ" ဆိုသည်ကို သူရှာဖွေရမည်။


ထို့နောက် လော့ကျန်းက ဒရုန်းမှတစ်ဆင့် သူတို့သုံးယောက် ပင်မမြို့သို့ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသည် ။ သူတို့၏ ထူးဆန်းသောအပြုအမူကြောင့် လော့ကျန်းက အချိန်အနည်းငယ်သုံးကာ သူတို့ဒုက္ခရောက်နေချိန်တွင် ကူညီပေးလိုက်ပြီး ချဥ်းကပရန် အခွင့်အရေးကိုသာ စောင့်နေလိုက်သည်။


သို့သော် သူတို့နှင့် သူပိုပြီးစကားပြောမိလေလေ ထိုလူများက ပုံမှန်မဟုတ်လေလေ ဖြစ်သည် ။


လော့ကျန်းက စုန့်နင်ဖုန်းနှင့် ကျန်နှစ်ယောက်ကို စားသောက်ဆိုင်ထဲရှိ သီးသန့်အခန်းသို့ ဖိတ်လိုက်ပြီး ပါးလွှာသောမီးနူးကတ်ဖြင့် မှာခိုင်းလိုက်သည်။ စုန့်နင်ဖုန်း ချက်ချင်း မျက်လုံးကျယ်သွား၏။

" စိတ်ဝင်စားစရာပဲ ...အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ…"


လော့ကျန်း "..."

' အဲ့ဒါက မီးနူးကတ်လေးပဲလေ…'


" ဒါက ဘယ်လိုလုပ်ရတာလဲ… ထူးဆန်းတယ်… ငါဘာလို့ စိတ်ဝိညာဥ်စွမ်းအားအတက်အကျတစ်ခုကိုမှ မခံစားမိတာလဲ…"


စုန့်နင်ဖုန်း ၎င်းကိုပြောပြီးနောက် သူ ပြဿနာတစ်ခုကို ရုတ်တရက်တွေးမိသွားသည် ။ သူ ဤနေရာကိုရောက်လာပြီးနောက် အရာဝတ္ထုများတွင် စိတ်ဝိညာဥ်စွမ်းအားကို မခံစားမိရုံသာမက လူများထံမှလည်း စိတ်ဝိညာဥ်စွမ်းအားကို မခံစားမိပေ။ ထိုသူတို့က ကျင့်ကြံရေးစွမ်းအားမရှိသည့် သာမန်လူများကဲ့သို့ပင် ။


ထိုလူက ဆရာသခင်ရွှီ၏ အဆင့်လောက်သာ မရောက်သေးလျှင် သူတို့က စိတ်ဝိညာဥ်စွမ်းအားကို စုန့်နင်ဖုန်းထံမှ ဖုံးကွယ်ထားရန်က မဖြစ်နိုင်ပေ ။


' အဲ့ဒါက ဒီကမ္ဘာပေါ်မှာ ရှိသမျှသူတိုင်း စွမ်းအားမြင့်တယ်ဆိုတဲ့ အဓိပ္ပါယ်လား… ဆိုင်ထဲက ပစ္စည်းရောင်းတဲ့သူ အပါအဝင်လေ …'


စုန့်နင်ဖုန်းက သူရှာတွေ့ထားသည်များကို ရှဲ့ရုန် နှင့် ဆာ့ဆာ့ဆီသို့ တိတ်တဆိတ်ပို့လွှတ်လိုက်သည် ။ 


ရှဲ့ရုန်က ကိစ္စတော်တော်များများတွင် မယုံကြည်ရသော်လည်း အရေးကြီးကိစ္စများတွင် ထိုသို့မဟုတ်တော့ပေ။ သူက မျက်နှာတွင် ပြုံးနေသော်လည်း သတိဖြင့် စောင့်ကြည့်နေ၏။ ဆရာသခင်က ဂျူနီယာညီမလေးကို သူနှင့်အပ်နှံလိုက်၍ ဆာ့ဆာ့ကို ဘာမှဖြစ်ခွင့်မပေးနိုင်ပေ။ 


ဆာ့ဆာ့က အစောပိုင်း၌ ပစ္စည်းကို ငွေပေးချေချိန်ကတည်း သံသယအချို့ရှိနေပြီးသား ဖြစ်သောကြောင့် သူမက တည်ငြိမ်နေ၏။ ယခု စုန့်နင်ဖုန်းက သူရှာတွေ့ထားသည်ကို ပြောလာသောအခါ ၎င်းက သူမ၏ သံသယများကို ပိုသေချာသွားစေသည် ။ 

" စီနီယာအစ်ကို… ဒီကမ္ဘာမှာ ဘာစိတ်ဝိညာဥ်စွမ်းအားမှ မရှိဘူးလို့ရော မခန့်မှန်းမိဘူးလား…"


လက်ရှိကမ္ဘာက ယခင်လျှို့ဝှက်လောကနှင့်ယှဥ်လျှင် စိတ်ဝိညာဥ်စွမ်းအား ပေါကြွယ်ဝသည်။ ထိုကမ္ဘာ၌ စိတ်ဝိညာဥ်သွေးကြောရှိသည့် ဂိုဏ်းများပင် လက်ရှိကမ္ဘာလောက် စိတ်ဝိညာဥ်စွမ်းအား ပေါများနိုင်မည်မဟုတ်ပေ ။ ထို့နောက် ထိုကဲ့သို့ ကောင်းမွန်သော အခြေအနေနှင့်သာဆိုလျှင် ဤကမ္ဘာရှိလူများက ကျင့်ကြံသင့်ပေသည်။


ထို့နောက် ဆာ့ဆာ့က ပြောလာ၏ ။

" ဒါပေမဲ့ အကြီးဆုံးစီနီယာအစ်ကို… ခုဏတုန်းက အကောင်းဆုံး စိတ်ဝိညာဥ်ကျောက်တုံးကို ထုတ်ပေးလိုက်ပေမဲ့ အဲ့ဒီမိန်းလေးရဲ့ မျက်နှာက အစိမ်းရောင်တောင်ပြောင်းသွားသေးတယ်လေ… မထင်ထားလောက်အောင် တန်ဖိုးမြင့်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတောင် ဒီမှာဆိုရင် အဖိုးမတန်ဘူးလေ ဟုတ်တယ်မလား… ကျွန်မ အရင်သေမျိုးလောကမှာ ရှိခဲ့တုန်းကဆိုရင်လည်း ရွှေတွေ ၊ ငွေတွေကိုပဲ အသုံးပြုခဲ့ရတာ… " 


ဒီကမ္ဘာမှာ စိတ်ဝိညာဥ်ကျောက်တုံးက တကယ်ပဲ ရွှေတွေ ၊ ငွေတွေထက် တန်ဖိုးနိမ့်တာလား… ဒါက အရမ်းကို သံသယဖြစ်စရာပဲ…


စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်က ဆာ့ဆာ့လောက်မသိသည်ကို အပြစ်ဆိုနိုင်ဖွယ်မရှိပေ။ သူတို့နှစ်ယောက်က အသက်နှစ်ဆယ်အတွင်းခန့်ရှိပြီဟု ထင်ရသော်လည်း အမှန်တွင် ကျင့်ကြံသူများက အသက်မကြီးသွားသလို အခြေတည်ပြီးနောက် သူတို့၏ ရုပ်ရည်ကလည်း အိုမင်းလာခြင်းမရှိတော့ပေ။ စုန့်နင်ဖုန်းက အသက်ကိုးဆယ်၊ ရှဲ့ရုန်က အသက်သုံးဆယ် ရှိနေပြီဖြစ်ပြီး သေမျိုးလောကက သူတို့နှင့် အလွန်ဝေးကွာလွန်းသည် ။


သို့သော်လည်း သူတို့နှစ်ယောက်စလုံးက အခြေခံသိသင့်သိထိုက်သည်များကို မမေ့သေးဘဲ ဆာ့ဆာ့က ထိုသို့ပြောလာချိန်၌ သူတို့၏စိတ်ထဲတွင် အတွေးများနေ၏ ။


လော့ကျန်းနှင့် နာမည်ချင်းမိတ်ဆက်ပြီးနောက် စုန့်နင်ဖုန်းက သူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည် ။


" ညီအစ်ကို လော့ကျန်း… ငါတို့မောင်နှမသုံးယောက်က ဒီအပြင်ဘက်ကမ္ဘာနဲ့ မဝင်ဆံ့ဘူးဆိုတာ မင်းသတိထားမိမှာပါ… တကယ်တော့ ငါတို့သုံးယောက်က ဆရာသခင်ဆီကနေ ပညာရပ်တချို့ကို သင်ကြားနေရတဲ့အတွက် အပြင်မထွက်တာတော်တော်ကြာနေပြီ… ဒါက ငါတို့ ပထမဆုံးအပြင်ထွက်လာတာပဲ… ဒါကြောင့် အပြင်ဘက်က အလေ့အကျင့်တွေနဲ့ သိပ်မရင်းနှီးဘူး… ကျေးဇူးပြုပြီး ငါတို့ကို ရှင်းပြပေးပါဦး…"


လော့ကျန်း ရုတ်တရက် ၎င်းကို သတိထားမိသည် ။

' လျှို့ဝှက်ဂိုဏ်းလား… ဒါက သူတို့ဝတ္ထုစာအုပ်တွေထဲမှာ ရေးနေကြပဲ… ဒါပေမဲ့ ကြယ်တာရာခေတ်မှာ အဲ့ဒါမျိုး တကယ်ရှိလိမ့်မယ်လို့ ငါမထင်ထားမိဘူး…'


လော့ကျန်းက ဤကိစ္စအား တစ်ခါတည်းနှင့် လက်ခံသွားသည်ကို မည်သူမှအပြစ်မဆိုနိုင်ပေ။ ၎င်းက စုန့်နင်ဖုန်းတို့မောင်နှမမှာ အလွန်ကိုယုံကြည်၍ကောင်းနေခြင်းကြောင့်သာ။ သူတို့က လက်ရှိကိစ္စရပ်များကို မသိကြသလို ၊ သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူများကလည်း အလွန်ကွာခြားနေပြီး ရုပ်ရည်ကလည်းတစ်ခါတည်းနှင့် မှတ်မိနိုင်လောက်သည်။ စုန့်နင်ဖုန်းက အလွန်ယုံကြည်အားထားရပုံပေါက်ပြီး စကားပြောလျှင် စိတ်အားထက်သန်မှုရှိကာ သူ့ကို မယုံကြည်ရန်ကက ခက်ခဲလှသည်။ 


" မင်းတို့က ဘာလေ့လာကြတာလဲ…"

လော့ကျန်းက စိတ်ဝင်တစားမေးလာ၏ ။


" အဲဒါက ပြောဖို့တော့ခက်တယ်… ငါတို့က ထိုက်ယီဂိုဏ်းမှာ မတူညီတာတွေကို လေ့လာခဲ့တာ… ငါတို့အပြင်ထွက်လာပြီးနောက်မှ အဲ့ဒါကို သိသွားတာလေ… အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းငါ့ကို ပြောပြပါလား…"


စုန့်နင်ဖုန်းက မရေမရာဖြင့် ဂိုဏ်း၏အကြောင်းအရာများကို ဘေးဖယ်ထားလိုက်ပြီး သူအသိချင်ဆုံးအကြောင်းအရာများကို စကားနှိုက်လိုက်သည် ။


လော့ကျန်းလည်း စုန့်နင်ဖုန်းကြောင့် ချက်ချင်း စကားလမ်းကြောင်းလွှဲခံလိုက်ရပြီး အလိုအလျောက် သူ့ပုံပြင်ကို စတင်လိုက်သည် ။ 

' သူတို့က အဲ့ဒီမှာ တစ်ခုခုသင်ယူစရာရှိတယ်လို့ထင်နေတာနေမှာ… ဒါပေမဲ့ နောက်ကျတော့ သူတို့က အပြင်ကမ္ဘာနဲ့တောင် အဆက်အသွယ်မရှိတော့ဘူးဆိုပဲ…ဒီဂိုဏ်းလို့ ခေါ်တဲ့ဟာက တကယ်တမ်းတော့ လူလိမ်ဖြစ်နိုင်တယ်… '


" မင်းတို့အခုမြင်နေရတဲ့ ဖန်သားပြင်စက္ခုကွန်ရက်ကိုတော့ သိတယ်မလား… မင်းတို့ အင်တာနက်နဲ့ ချိတ်ပြီး အခုသိချင်တဲ့ ဘယ်အကြောင်းအရာမဆို ရှာကြည့်လို့ရတယ်လေ …"


လော့ကျန်းလည်း သေချာရှင်းမပြနိုင်သောကြောင့် အင်တာနက်က ဤပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု တွေးလိုက်သည်။ 


စုန့်နင်ဖုန်း နှင့် သူ့မောင်နှမနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။ 

" စက္ခုကွန်ရက်က ဘာလဲ… အင်တာနက်ကရော ဘာလဲ… "


ထပ်ဖြစ်ပြန်ပြီ… သူတို့ စကားလုံးတစ်လုံးချင်းစီတိုင်းကို နားလည်တယ်… ဒါပေမဲ့ အားလုံးပေါင်းလိုက်ရင် နားမလည်တော့ဘူး… 


လော့ကျန်း ဆွံ့အသွား၏ ။

' မွေးစာရင်းတင်ပြီးတာနဲ့ ကြယ်တာရာခေတ်နိုင်ငံသားတိုင်းကို စက္ခုကွန်ရက်တပ်ဆင်ပေးထားပြီးသား မဟုတ်ဘူးလား…ဒီလူတွေက နိုင်ငံသားအထောက်အထားပါ မရှိတာများလား… '


လော့ကျန်းက သူတို့က အနည်းငယ်သနားသလို ကြည့်လာ၏ ။ 

' ဒီလူတွေက ကောင်းကောင်းမွန်ခေါ်ထားခံရတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ တရားမဝင်လူကုန်ကူးခံထားရတာလား… မဟုတ်ရင် သူတို့မှာ ဘာလို့မွေးစားရင်းမရှိရတာလဲ…'


လော့ကျန်းက သီးသန့်စနစ်ကိုဖွင့်ပြီး သူ၏စက္ခုကွန်ရက်ကို သူတို့ဘက်ကို တိုးပေးလိုက်သည် ။

" ဒါကို တစ်ချက်ကြည့်ကြည့် ဒါက စက္ခုကွန်ရက်ပဲ…"


သူက စက္ခုကွန်ရက်၏ လုပ်ဆောင်ချက်များကို တစ်ဆင့်ချင်း ရှင်းပြလိုက်ပြီး လူသုံးယောက်ကို အောင်မြင်စွာ အံ့အားသင့်အောင် လုပ်နိုင်လိုက်သည်။


သူတို့သုံးယောက်က လော့ကျန်းရှေ့တွင် သာမန်ထက်နားလည်နိုင်စွမ်းမြင့်သည်ကို ထုတ်မကြွားချင်ပေ။ ထို့ကြောင့် သူတို့က ရည်ရွယ်ချက်ရှိရှိ တဖြည်းဖြည်းချင်း အပေါ်ယံကြည့်ရင်း အားလုံးကို မှတ်ထားလိုက်သည် ။


များပြားသောအချက်အလက်များကို အမြန်မှတ်ယူလိုက်ရပြီးနောက် ထိုက်ယီဂိုဏ်းမှ လူသုံးယောက်က နောက်ဆုံးတွင် သေချာသွား၏။


ငါတို့က မသေမျိုးကျင့်ကြံရေးနဲ့ ဘာမှမဆိုင်တဲ့ ကမ္ဘာကို ရောက်လာကြတာပဲ… ဒါကို 'ကြယ်တာရာ' လောကလို့ခေါ်ပြီးလူတွေက အာကာသရဲ့ ကျယ်ပြောလှတဲ့ အရင်းအမြစ်တွေကို ကန့်သတ်မထားဘဲ အခြေချဖို့ ဂြိုဟ်တွေလည်း ပေါများတယ်… ငါတို့ရောက်နေတဲ့ ဂြိုဟ်က 'B111'ဂြိုဟ်ဖြစ်ပြီးတော့ လူသူကင်းမဲ့တဲ့ဂြိုဟ်ထက် နည်းနည်းပဲ ပိုသာတယ်…


သို့သော်လည်း ဤဂြိုဟ်က အရင်းအမြစ်များ နည်းပါးပြီး အကန့်အသတ်သာရှိသည်။ ဤနေရာတွင် မည်သည့်နတ်ဘုရားကျင့်ကြံသူမှ မရှိသော်လည်း လူသားများ၏ တီထွင်ကြံဆနိုင်စွမ်းကို ဘယ်သောအခါမှ အထင်သေး၍မရပေ။ နည်းပညာ၏စွမ်းအားမှ တစ်ဆင့် သူတို့က ကျင့်ကြံရေးကမ္ဘာထက်မနိမ့်သော ကမ္ဘာကို စူးစမ်းရှာဖွေခဲ့သည်။


" အကြီးဆုံးစီနီယာအစ်ကို ၊ ကျွန်တော် ဒါကို ဝယ်ချင်တယ်…" 

ရှဲ့ရုန်က စက္ခုကွန်ရက်ကို လက်ညှိုးထိုးကာ ပြောလာ၏ ။ 


' အင်တာနက်နဲ့ စက္ခုကွန်ရက်က တကယ်အံ့အားသင့်စရာပဲ… '


" ဘာပိုက်ဆံမှ မရှိတော့ဘူး ။ " 

စုန့်နင်ဖုန်းက ၎င်းနှင့်ပတ်သက်ပြီး အလေးမထားသလိုသာပြောလိုက်သည်။


" အကြီးဆုံးစီနီယာအစ်ကို ကျွန်မလည်း ဒါကို ဝယ်ချင်တယ်…" 

ဆာ့ဆာ့ကလည်း ၎င်းကိုစိတ်ဝင်စားနေသောကြောင့် စက္ခုကွန်ရက်ကို လက်ညှိုးထိုးကာ ပြောလာ၏။ 


" ကောင်းပြီ ဒါဆိုလည်း ဝယ်လိုက်လေ… သွားကြတာပေါ့…" 

စုန့်နင်ဖုန်းက ရှဲ့ရုန်၏ ဝမ်းနည်းသောအကြည့်ကို လျစ်လျူရှူကာ မျက်နှာလိုက်ပြီး ပြန်ဖြေလိုက်သည်။




💫💫💫