💫Chapter-3
အမှန်တွင် ရှဲ့ရုန်နှင့် ဆာ့ဆာ့ကို မဆိုထားနှင့် ၊ စုန်နင်ဖုန်းကိုယ်တိုင်ပင် စက္ခုကွန်ရက်ကို လိုချင်နေသော်လည်း သူတို့အခြေအနေက ကြပ်တည်းနေသည်ကို သူသိသည် ။
ထိုက်ယီဂိုဏ်းတစ်ခုလုံးတွင် သူတို့ငါးယောက်က ဝိညာဥ်ကျောက်တုံးနှင့်ပက်သက်၍ ယခင်က ပူပန်ခဲ့ရခြင်းမျိုးမရှိဖူးပေ။ သို့သော်လည်း သူတို့တွင်ရှိသမျှ ဝိညာဥ်ကျောက်တုံးများက ဤကမ္ဘာတွင် အသုံးမဝင်သော ကျောက်တုံးရိုင်းများဖြစ်လာပြီး မည်သည့်နေရာတွင်မှ အသုံးပြုမရဖြစ်နေ၏။ ဆာ့ဆာ့မှလွဲ၍ အခြားတစ်ယောက်၏ သိုလှောင်အိတ်ထဲ၌ ရွှေနှင့်ငွေတို့ ရှိခဲပေသည် ။
သိုသော်လည်း ဆာ့ဆာ့လက်ထဲ၌ ရှိသော ရွှေနှင့်ငွေတို့ကလည်း အကန့်အသတ်သာဖြစ်၏။ ၎င်းက မသေမျိုးလောကတွင် သွားလာရလွယ်ကူအောင် ကြိုတင်ဆောင်ထားခြင်းသာဖြစ်ပြီး သူမတွင်လည်း အများကြီးမရှိပေ။ သူတို့က ကမ္ဘာအသစ်ကိုရောက်နေ၍ ဝယ်စရ များလည်းများစွာရှိသည် ။
စုန့်နင်ဖုန်းက အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်အနေဖြင့် ရေရှည်ကိုပါတွေးရန် လို၏။ သူပုံမှန်ဝင်ငွေရမည့်လမ်းကြောင်းကို မရှာနိုင်မချင်း ငွေကိုဖြုန်းတီးပစ်၍ မဖြစ်ပေ။
သို့သော်လည်း စက္ခုကွန်ရက်က အလွန်အသုံးဝင်သည့်အပြင် သေချာပေါက်ငွေရင်းနှီးရမည့်အရာဖြစ်သည်ကို တွေးမိသောအခါ သူဝယ်မှဖြစ်ပေမည် ။
ဒါကြောင့် စုန့်နင်ဖုန်းက လော့ကျန်းကို မေးလိုက်သည်။
" ဒီစက္ခုကွန်ရက်က ဘယ်လောက်လောက်ကျသင့်လဲ… "
သူလည်း ယခုတွင် ကြယ်ဒင်္ဂါးငွေကြေးစနစ်ကို သတိပြုမိသွား၏ ။
" စက္ခုကွန်ရက်က စျေးပေါပါတယ်… မင်းဝယ်တဲ့ အမျိုးအစားပေါ်မှာပဲ မူတည်တာ… တချို့က တစ်ထောင်တန်တယ်… တစ်ချို့က တစ်သောင်းတန်တယ်… ပြီးတော့ အခုမှမွေးစာရင်းတင်တဲ့သူတွေအတွက်ဆို အလကားတောင်ပေးသေးတယ်… ဒါပေမဲ့ အခု မင်းတို့က တရားမဝင်နေထိုင်သူတွေဆိုတော့ စာရွက်စာတမ်းကိစ္စတွေမှာ ပြဿနာတော့ရှိလိမ့်မယ်… "
စက္ခုကွန်ရက်များကို လော့ကျန်း သူ့အဆက်အသွယ်များဖြင့် ယူခိုင်း၍ရသည့် မှောင်ခိုစျေးကွက်တွင်ရောင်းသော်လည်း ထိုလူများနှင့် သူ ယခင်က တစ်ခါမှ မဆုံဖူးသေးသည့်အတွက် လော့ကျန်းက ထိုလမ်းကြောင်းကို မိတ်ဆက်ပေးမည်မဟုတ်ပေ။
စုန့်နင်ဖုန်းက ကြယ်ဒင်္ဂါးဖြင့် ငွေချေရသည့် အင်အားကို နားလည်လိုက်သည်။ ထိုအရာများက အလွန်စျေးပေါနေလိမ့်မည်ဟုသာ သူ မထင်ထားခြင်းပင်။ ၎င်းက စျေးပေါပြီး သူတို့အတွက်လည်း တစ်ခုတစ်လေ ရှိထားမှဖြစ်မည်ဆိုသည့်အတွက် ဝယ်ကိုဝယ်ရလိမ့်မည် ။
သို့သော်လည်း ဤနေရာရှိ စာရင်းသွင်းမှတ်တမ်းစနစ်က တင်းကြပ်ပြီး မည်သည့်နေရာကမှန်းမသိ ပေါ်လာသောသူများက တရားဝင်နိုင်အထောက်အထားကတ်ရရှိအောင် လမ်းကြောင်းရှာရမည် ။
နယ်မြေခံချမ်းသာသောသိုးပေါက်လေးနှင့် အလွယ်တကူ ခင်မင်ခွင့်ရခဲ့သော စုန့်နင်ဖုန်းက လော့ကျန်း ပြောလာသော အခွင့်အရေးကို လက်လွှတ်မခံဘဲ ကျေနပ်စွာ ပြောလိုက်သည်။
" ညီအစ်ကိုလော့ကျန်း… တရားဝင်အထောက်အထားကတ်အသစ်ကို ရဖို့ဆိုရင် ဘယ်လိုလုပ်ရမလဲ… မင်းမှာ ကူညီပေးနိုင်မဲ့ အသိလေးဘာလေးမရှိဘူးလား… ငါတို့သေချာပေါက်မင်းရဲ့ကြင်နာမှုကို အမှတ်ရနေပြီး နောက်ကျရင် ကျေးဇူးပြန်ဆပ်ပါ့မယ်…"
အခုချိန်တွင် သူတို့က စကားနှင့်သာ ကျေးဇူးတင်နိုင်သေးသည် ။
လော့ကျန်းက သူ့ရင်ဘက်ကိုပုတ်ကာ ပြောလာ၏၊
" စိတ်မပူပါနဲ့… ငါမင်းတို့ကို ဂရုစိုက်ပေးပါ့မယ်… "
သို့သော်လည်း သူရင်ဘက်ကိုပုတ်လိုက်ချိန်၌ တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည် ။
ငါက ဘာလို့ကူညီပေးသင့်တာလဲ… တစ်ဖက်လူက အသားလွတ်ကတိတွေပဲ ပေးနေတာကို ဘာဖြစ်လို့ ကူညီပေးသင့်ရတာလဲ… ဒါက အစတုန်းက စုန့်နင်ဖုန်းနဲ့ တခြားသူတွေကို ချဥ်းကပ်ရတဲ့ ရည်ရွယ်ချက်အမှန်မဟုတ်ဘူးလေ… ငါကတော့ ဆေးမိသွားတာပဲ အဲ့လိုပဲ ဖြစ်ရမယ်…
သို့သော်လည်း စုန့်နင်ဖုန်းနှင့် အခြားနှစ်ယောက်က သူ့ကို စကားပင်ပြန်ရုတ်သိမ်းရန် အခွင့်အရေးမပေးချေ။ မောင်နှမ သုံးယောက်က တစ်ပြိုင်တည်းပြောလာ၏။
" ကျေးဇူးအရမ်းတင်ပါတယ်…မင်းက လူကောင်းဆိုတာ ငါတို့သိသားပဲ… "
လော့ကျန်း "...."
သူက သူခိုးများနှင့်တစ်လှေတည်းစီးနေရသည့် ခံစားချက်မျိုးရနေသည်။ လော့ကျန်းက အမှန်တွင် စကားကိုပြန်မရုတ်သိမ်းပေ ။
သူက အရူးမဟုတ်သလို စုန့်နင်ဖုန်းနှင့် အခြားနှစ်ယောက်က သူ့အပေါ် ဆေးမခတ်ထားကြောင်းလည်း သူသေချာသိသည်။ ထိုအခြေအနေတွင် သူ မူလက သဘောတူပေးရန် မစဥ်းစားမိသည့်အရာမျိုးကို သူတို့က သဘောတူလာအောင် လုပ်နိုင်ခဲ့ခြင်းသာ ဖြစ်၏ ။
ဒီလူတွေက ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ…
ဤအခြေအနေတွင် ဆက်သွားပြီး ကောင်းကောင်းကိုင်တွယ်နိုင်ရန် ကြိုးစားကြည့်ရုံသာရှိတော့သည် ။
လော့ကျန်းက အသက်မကြီးသေးသလို သူလုပ်ဆောင်နိုင်သည့်အချိန်တွင် သူ့မိသားစုတစ်စုလုံးကို B111 ဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်ရန် စီစဥ်နေရသေးသည် ။
" ညီအစ်ကို လော့ကျန်း ငါမင်းကို မလိမ်တော့ဘူး… အခုထိ တောင်အောက်ကနေ မဆင်းရသေးတဲ့ ဂိုဏ်းထဲက လူနှစ်ယောက်ရှိသေးတယ် …"
" မင်းမှာ ဓာတ်ပုံနဲ့ အခြေခံအချက်အလက်တွေရှိရင် ငါအဲ့ဒါကို ကူညီပေးနိုင်ပါတယ်… ဘာပဲဖြစ်ဖြစ် ၊ မင်းတို့ ငါ့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်…"
လော့ကျန်းက လူတိုင်းအပေါ် ရက်ရောသည်။ သူက ထိုအရာပေါ်တွင် ဆက်လုပ်ရန် ရည်ရွယ်ထား၍ သူ တတ်နိုင်သမျှလုပ်ပေးသည့်အပေါ် သူတို့သိတတ်ရန်သာ မျှော်လင့်မိသည်။
ထို့နောက် အဓိကအရေးကြီးသည့်အချက်ကို မှတ်မိသွားပြီး သူက ကျီစယ်သလိုမေးလာ၏ ။
" မင်းတို့ပြောတဲ့ ဂိုဏ်းက ဘယ်နေရာမှာရှိတာလဲ…"
စုန့်နင်ဖုန်း ဤကမ္ဘာ၏ မြေမျက်နှာကိုသြဒိနိတ်များကို နားမလည်သော်လည်း သူကပတ်ဝန်းကျင်ပုံစံကို ပြောပြလိုက်သည်။
လော့ကျန်းက ာခုမှ နားလည်သွားသလို ဟန်ဆောင်လိုက်သည် ။
" ငါထင်တာသာ မမှားဘူးဆိုရင် အဲ့ဒါက ငါတို့မိသားစုပိုင်တဲ့မြေပဲ…"
စုန့်နင်ဖုန်း ၊ ရှဲ့ရုန် ၊ ဆာ့ဆာ့ : "....."
ဒါက တကယ်ကို စိတ်ထိခိုက်စေတာပဲ…
ဘယ်သူက တွေးမိမယ်တဲ့လဲ…
သူတို့က မတူညီသည့်ကမ္ဘာတွင် ဂိုဏ်း၏ နယ်မြေကိုပါ ဆုံးရှုံးလိုက်ရသည်။ သူတို့လက်ထဲတွင် ကျန်နေသော ငွေပမာဏကို စဥ်းစားလိုက်သောအခါ သေချာပေါက်မေးနေစရာပင်မလိုတော့ချေ။ သူတို့ ဒေဝါလီခံလိုက်ရပြီ ဖြစ်သည် ။
တစ်ချိန်က နာမည်ကြီးထိုက်ယီဂိုဏ်းမှာ တပည့်ဦးရေနည်းသည်ကလွဲလျှင် ကျင့်ကြံရေးကမ္ဘာတွင် အထင်ကရဟုဆိုနိုင်သည်။ သူတို့၏ မြေကပါ အခြားသူ၏အပိုင်ဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားမိပေ။ ထို့အပြင် ရန်သူကလည်း သူတို့ရှေ့တည့်တည့်တွင် ရှိနေသေးသည် ။
လူအချို့က ဂိုဏ်း၏တံခါးကို သူတို့၏ခြေချောင်းဖြင့် ပြန်တူးမိသောကြောင့် အရှက်ရနေကြသည်။ အသေးအဖွဲကိစ္စများတွင် သူတို့သေချာပေါက်ပြန်ပေးဆပ်နိုင်သည့်အတွက် လော့ကျန်းကို စကားလုံးအနည်းငယ်ဖြင့် အကူအညီတောင်း၍ရသည်။ သို့သော်လည်း တစ်စုံတစ်ယောက်၏မြေကွက်ပိုင်ဆိုင်မှုနှင့်ဆိုင်သော ကိစ္စမျိုးတွင် စုန့်နင်ဖုန်း အနည်းငယ် မတင်မကျဖြစ်နေ၏။
ရှဲ့ရုန်နှင့် ဆာ့ဆာ့က စုန့်နင်ဖုန်းကို ကပျာကယာကြည့်လာ၏။
' ဒီလိုအချိန်မျိုးက စီနီယာအစ်ကိုကြီး အပေါ်မှာပဲ မူတည်တော့တယ် …'
စုန့်နင်ဖုန်းက ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း ဂိုဏ်းအတွက် အရေးကြီးသောကိစ္စမျိုး၌ ပေါ့ဆ၍ မဖြစ်ပေ ။
သူက ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ရင်း မပြောခင် စကားကို အရင်စီလိုက်သည်။
" ညီအစ်ကိုလော့ကျန်း ဒါက မရည်ရွယ်ပါဘူး… ငါတို့က အဲ့ဒါကို မင်းရဲ့ မိသားစုပိုင်မြေဖြစ်မယ်လို့ မထင်ထားမိဘူး… စွန့်ပစ်မြေလို့ပဲ ထင်ခဲ့မိတာ… ငါတကယ် အရှက်ရမိပါတယ်… ဒါပေမဲ့ ငါမင်းကို အရဲစွန့်ပြီးမေးပါရစေ… ငါတို့ အဲ့ဒီမြေအပိုင်းလေးကို ငှားရမ်းလို့ရမလား… ငါတို့ ပိုက်ဆံရှိလာရင် ဝယ်ဖြစ်မှာပါ… ပြီးတော့ ဒီလိုအခြေအနေမှာ မင်းကိုငါတို့ အဆိုးကြီး ဆက်ဆံမှာ မဟုတ်ပါဘူး…"
လော့ကျန်း အနည်းငယ် ဆွံ့အသွား၏ ။
' မင်းမှာ ပိုက်ဆံအများကြီးမရှိပေမဲ့ ငါ့ကို အဆိုးကြီးဆက်ဆံမှာ မဟုတ်ပါဘူးတဲ့လား… '
ဒီလို အသားလွတ်ကတိပေးတတ်တဲ့ စွမ်းရည်ကို ငါလည်း သင်ထားရမယ်… ငါသာ ဒါကို သင်ယူနိုင်သွားရင် မိသားစုကိစ္စတွေ ကွပ်ကဲတဲ့နေရာမှာ စိုးရိမ်ဖို့တောင် ဘယ်လိုပါ့မလဲ…
သူ တရားလွန်သွားပြီလားဟု စုန့်နင်ဖုန်း ခံစားမိသည်။ သူတို့သေချာပေါက်အတိုးရောအရင်းပါပြန်ပေးဆပ်မည်ဆိုသည်က သေချာသော်လည်း လော့ကျန်းက သူတို့ကို တစ်ခါမှ မတွေ့ဖူးသောကြောင့် ယုံကြည်မည်မဟုတ်ပေ။
သူက ဆာ့ဆာ့ကို မျက်စိမှိတ်ပြလိုက်သောအခါ ဆာ့ဆာ့က သူမမှာ ရှိသမျှ ရွှေတွေငွေအားလုံးကို တိုးပေးလိုက်သည် ။
" အစ်ကိုလော့ကျန်း ဒါကို အခုကစပြီး ငှားရမ်းခလို့ သတ်မှတ်လို့ရပါတယ်… ကျွန်မတို့လည်း ဒါကို ကြယ်ဒင်္ဂါးအဖြစ်လဲလှယ်နိုင်တာမှမဟုတ်တာ… ရှင်ဆိုရင်တော့ ကိုင်တွယ်နိုင်လောက်ပါတယ်…"
လော့ကျန်း၏ အမူအရာက အနည်းငယ်သက်သာရာရသွားပြီး စုန့်နင်ဖုန်းနှင့် အခြားသူများအကြောင်းကိုလည်း သူ သေချာသိချင်သေးသည်။ သူတို့က သာမန်လူများမဟုတ်သည်ကိုတွေ့ရသောအခါ ထိုလူများနှင့် သူမိတ်ဖွဲ့ချင်သည်။ သို့သော် ယခုက အလှူလုပ်နေခြင်းလည်း မဟုတ်ပေ။ အကယ်၍ ထိုလူများကသာ သူ့ကို အလွယ်တကူသိမ်းသွင်း၍ရသောသူဟု ထင်သွားလျှင် သူတို့က အခြားတစ်ဖက်လှည့်လာလောက်သည် ။
သို့သော်လည်း ထိုလူများက ရုပ်ရည်သာရှိသောသူမဟုတ်ဘဲ မည်သို့ပြုမူရမည်ကို သိသေးသည်။
" မြေငှားရမ်းခလေးပဲလေ အဲ့လောက် မကျသင့်ပါဘူး… အဲ့ဒါက မြေရိုင်းဆိုတော့ အရမ်းလည်း စျေးမကြီးပါဘူး…"
လော့ကျန်းက ရွှေငွေမျာကို ပြန်တွန်းပေးလိုက်သည်။
အချို့လူများက သူ့ကို စီးပွားရေးသမားဟုခေါ်နေကြသော်လည်း သူက ဘယ်တော့မှ အရှုံးပေါ်မည့်စီးပွားရေးကို မလုပ်တတ်သည့်သူဟု ခံစားမိသည် ။ သူ့ရည်ရွယ်ချက်က ရှင်းလင်းပြီး အခြားတစ်ဖက်က ခံစားကြည့်ချင်လျှင် သူကလည်း တိုက်ခိုက်ရန် ဝန်မလေးပေ ။
ထို့နောက် စုန့်နင်ဖုန်းက ပြောလာ၏ ။
" မင်းက ငါတို့ဒီအပြင်ဘက်မှာ ပထမဆုံးသိခွင့်ရတဲ့မိတ်ဆွေပဲ… ပြီးတော့ မင်းကိုအမြဲတမ်း ဒုက္ခပေးမိတဲ့အတွက် ငါတို့လည်း အားနာပါတယ်… အဲ့ဒီရွှေနဲ့ငွေတချို့က တကယ်ကိုဘာမှမဟုတ်ပါဘူး… မြေကို ဘယ်အချိန်မှ ဝယ်နိုင်မလဲဆိုတာ ငါတို့လည်း မသေချာဘူး… "
လော့ကျန်းက သူတို့ကို ယဥ်ကျေးနေရန် မလိုပေ။
စုန့်နင်ဖုန်းက သူ့သိုလှောင်အိတ်ထဲမှ ကြွေပုလင်းနှစ်ပုလင်းကို ထုတ်ကာရှက်ကိုးရှက်ကန်းဖြင့် ကမ်းပေးလိုက်သည် ။
" ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုအတွက် မင်းကို လက်ဆောင်တချို့ပေးသင့်တာပေါ့… ဒါပေမဲ့ အခုလောလောဆယ် ငါတို့မှာလည်း ဒါကလွဲပြီး တခြားဟာမရှိပါဘူး… ဒီပုလင်းနှစ်ပုလင်းက သက်စောင့်ဆေးပါ… ကျေးဇူးပြုပြီး မငြင်းပါနဲ့… "
လော့ကျန်းက သေးငယ်ပြီး လှပသောကြွေထည်ပစ္စည်းလေးကို လက်ခံရန်အသင့်ဖြစ်နေ၏။
' ကျန်းမာရေးအတွက် ကောင်းတာလား… ဒါကသိပ်စျေးမကြီးတဲ့ ကျန်းမာရေးဖြည့်စွက်စာလိုမျိုး ဖြစ်မယ်ထင်တယ်…'
သူက ၎င်းကို စိတ်ထဲထားမနေဘဲ 'သူတို့ကောင်းကောင်းလုပ်နေတာပဲ'ဟုသာတွေးလိုက်သည်။ တန်ဖိုးရှိခြင်း ၊ မရှိခြင်းကို ယခု ခဏဘေးဖယ်ထားပြီး အနည်းဆုံး ယဥ်ကျေးမှုအရ ကြည့်မည်ဆိုလျှင် မည်သူမှ အပြစ်တင်၍မရတော့ပေ။
စုန့်နင်ဖုန်းပေးလိုက်သောဆေးများက ခန္ဓာကိုယ်ကိုပြန်လည်သန့်စင်စေသောဆေး နှင့် စိတ်ဝိညာဥ်ကိုပြန်လည်သန့်စင်စေသောဆေးဖြစ်ပြီး ပထမဆေးက ခန္ဓာကိုယ်ကို အားအင်ပြည့်စွမ်းစေရန် ကူညီပေးသည်။ နောက်တစ်မျိုးက စိတ်ဝိညာဥ်ပင်လယ်ကို ကျယ်ပြန့်စေပြီး နှစ်ခုစလုံးက ဒုတိယစီနီယာအစ်ကို ချန်ကျီ ပြုလုပ်ထားခြင်းဖြစ်၏ ။ ၎င်းကို အခြေခံအဆင့် သာမန်လူများပါသောက်၍ရအောင် ပြုလုပ်ထားခြင်းဖြစ်သည် ။
၎င်းထက်ပိုပြီး အဖိုးတန်သောဆေးများက မရှိတော့ခြင်း မဟုတ်ပေ။ ယခင်ကျင့်ကြံရေးကမ္ဘာရှိ အနှောင့်အယှက်ချိုးဖောက်ပေးသောသက်စောင့်ဆေးက ယေဘုယျအားဖြင့် အများအလိုရှိသောအဆင့်မြင့်ဆေးဖြစ်သော်လည်း ဤကမ္ဘာတွင် မည်သည့်နတ်ဘုရားမှ မရှိသည့်အတွက် အလုပ်မဖြစ်ပေ။
ထို့ကြောင့် စုန့်နင်ဖုန်းက သူ့အပိုင်အဖြစ်သိမ်းထားသော ပုလင်းနှစ်ပုလင်းကိုသာ ရှက်ရှက်နှင့် ထုတ်ပေးရတော့သည်။ ဤကမ္ဘာက နည်းပညာတိုးတက်သည်ကို သူသိထားပြီး သာမန်လူများ၏ ခန္ဓာကိုယ်ကလည်း ကျင့်ကြံရေးကမ္ဘာရှိ သာမန်လူများ၏ ခန္ဓာကိုယ်ထက်ပိုကောင်းသည်။ ထို့အပြင် သူတို့ ခန္ဓာကိုယ်၌ ပြဿနာတစ်ခုခုရှိလာလျှင် ဆေးအခန်းထဲ လှဲလိုက်ရုံဖြင့်ပင် သက်သာသွားနိုင်သည်။ လော့ကျန်းက သူ့ဆေးလေးများကို စိတ်ထဲတွင်ပင် ထည့်လောက်မည်မဟုတ်ပေ။
အာ..ဒီကမ္ဘာက ငါတို့လို ကျင့်ကြံသူတွေအတွက် ရှင်သန်ဖို့ ခက်ခဲတာပဲ…
မောင်နှမသုံးယောက်က စူးစမ်းလိုစိတ်ဖြင့်ထွက်လာကြပြီး စိတ်ပျက်ပျက်နှင့်ပင် ပြန်ကြရတော့ပေမည်။ သူတို့ခရီးက တကယ်ကို မျက်စိပွင့်နားပွင့်ဖြစ်စေသော်လည်း သူတို့သုံးယောက်က ၎င်းနှင့်ပက်သက်ပြီး ဘာမှမတတ်နိုင်တော့ပေ။
' ငါတို့ဂိုဏ်းက ချွတ်ခြုံကျတော့မယ်… '
အရေးပေါ်အခြေအနေပဲ…
သို့သော်လည်း လော့ကျန်းက အလွန်ကျင်လည်၏။ သူက စက္ခုကွန်ရက်များကို သူတို့ဆီပို့ပေးလိုက်ပြီး သူတို့ဧရိယာတစ်ဝိုက်ကို အင်တာနက် တပ်ဆင်ပေးလိုက်သည် ။
လော့ကျန်းက အထောက်အထားကတ်၌ သူတို့၏ အသက်ကိုဖြည့်သွင်းရာတွင် သူက လူအချို့၏ အသက်ကိုအရွယ်ကို အနည်းငယ်လိမ်ခဲ့သည် ။
ဂြိုဟ်ပေါ်ရှိ ပျမ်းမျှအသက်က ၁၅၀ နှစ်အထိသာဖြစ်၏။ ထို့ကြောင့် ဆာ့ဆာ့က ၁၈နှစ်ဟု ဆိုပြီး အခြားသူများက သူတို့အသက်ကို လိမ်ပြောနေပုံရသည် ။ အထူးသဖြင့် သူတို့ဆရာရွှီယီ ဆိုသူပင်။ အလွန်နူးညံ့သိမ်မွေ့သောမျက်နှာကိုကြည့်လျှင် သူက အသက် ၂၀၀နှစ်ရှိပြီဆိုသည်ကို ယုံမည့်သူ မရှိပေ။
ထို့ကြောင့် ကိုယ်ရေးအကျဥ်းဖြည့်သွင်းရာတွင် ရွှီယီကို အသက်လေးဆယ်ဟု ထည့်ထား၏။ စုန့်နင်ဖုန်းက အသက် သုံးဆယ်၊ ချန်ကျီက နှစ်ဆယ့်ရှစ်၊ ရှဲ့ရုန်က နှစ်ဆယ့်ငါး နှင့် ဆာ့ဆာ့က ဆယ့်ရှစ်နှစ် ဖြစ်သည်။
သူတို့၏ စက္ခုကွန်ရက်အသီးသီးကို ရရှိပြီးနောက် ရွှီယီက တပည့်များက တစ်ဖန်စုစည်းလိုက်ပြန်၏ ။
သူက အလေးအနက်ပြောလိုက်သည် ။
" အစတုန်းကတော့ ဒီကမ္ဘာကဘယ်လိုဖြစ်နေသလဲဆိုတာ ငါတို့နဲ့ မသက်ဆိုင်ပါဘူး… ငါတို့က ကောင်းကောင်းကျင့်ကြံဖို့ပဲလိုတာ… ဒါပေမဲ့ ငါတို့ဂိုဏ်းက တခြားသူရဲ့ပိုင်နက်ကို ကျူးကျော်မိတယ်ဆိုတော့ ဒါက ရေရှည်အတွက်အဖြေမဟုတ်ဘူး… အနာဂတ်မှာ စိတ်ပျံ့လွင့်တာမရှိဘဲ ကျင့်ကြံနိုင်အောင်၊ ပိုက်ဆံရှာပြီး ငါတို့နေရာကိုပြန်ယူမှဖြစ်မယ်… မင်းတို့မှာ တွေးထားတာ ရှိကြလား…"
မည်သူမှ ပြန်မဖြေပေ ။
ရွှီယီမော့ကြည့်လိုက်သောအခါ တပည့်လေးယောက်လုံးက သူပြောနေသည်ကို မကြားသည့်အလား စက္ခုကွန်ရက်ကို ကိုင်ထားပြီး ချိုမြိန်သောအမူအရာဖြင့် ဖန်သားပြင်ကိုပွတ်ဆွဲကြည့်နေကြသည်။
ဆာ့ဆာ့နှင့် အခြားသူများက တောင်အောက်ဆင်းချိန်က စက္ခုကွန်ရက်ကို သုံးကြည့်ဖူးပြီးသားဖြစ်သော်လည်း ၎င်းက အချိန်တိုလေးသာဖြစ်ပြီး လူသုံးယောက် မျှသုံးခဲ့ရခြင်းဖြစ်၏။ သူတို့က သတင်းအချက်အလက်အတွက် အကြံဉာဏ်အကြမ်းဖျင်းသာရခဲ့ပြီး လော့ကျန်းရှေ့တွင် သူတို့က 'ဘယ်လောက်တောင် လိုအပ်တာတွေရှိနေလဲ' ဟူသည်ကိုလည်း ပြသရန် ရှက်နေ၏။ ထို့နောက်တွင် သူတို့ကိုယ်ပိုင်စက္ခုကွန်ရက်ရှိလာပြီ ဖြစ်၍ သူတို့ သေချာလေ့လာသင့်ပေသည်။
သူတို့ ထိုအရာကို တစ်ကြိမ်လေ့လာကြည့်သည်နှင့် တစ်ခါတည်း စွဲလမ်းသွား၏ ။
ရွှီယီ၏နဖူးမှ သွေးကြောများပင် တင်းလာ၏ ။
ဒီကမ္ဘာက စိတ်ကိုဖြားယောင်းနိုင်တဲ့အရာတွေများကြီးပဲ…ကျင့်ကြံသူတွေအတွက် တကယ်မသင့်လျော်ဘူး…
သူက တင်းမာသော မျက်နှာထားဖြင့်ပြောလိုက်သည်။
" မင်းတို့တွေ ဆက်ပြီး ပမာမခန့်လုပ်နေမယ်ဆိုရင် ငါအင်တာနက်ကို သွားဖြတ်လိုက်တော့မယ်…"
အင်တာနက်ဖြတ်ခြင်းက မည်သည့်ကမ္ဘာတွင်မဆို ပြောရဆိုရခက်သောကလေးများကို ကိုင်တွယ်ရာ၌ အသုံးဝင်သောနည်းလမ်းဖြစ်သည်။ တပည့်လေးယောက်က ချက်ချင်းခေါင်းထောင်လာပြီး အပိုအလိုမရှိ လေးနက်သောအမူအရာဖြင့် ပြောလာကြသည်။
" ဆရာ ကျွန်တော်/ကျွန်မတို့ နားထောင်နေပါတယ်…"
💫💫💫