Chapter 5
Viewers 768

💫Chapter 5



လော့ပေါင် ဆေးစစ်ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော်လည်း တစ်ကြိမ်တစ်ခါမှ ထူးခြားခြင်း မရှိခဲ့ပေ။ သူက ညတွင်းချင်း ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်လာနိုင်ရန်မရှိပေ။


လော့ပေါင်၏ ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အားအဆင့်က အလယ်အလတ်မှ အမြင့်သို့တက်သွား၏။ ထို့အပြင် လော့မိသားစု၏ အကူအညီဖြင့် သူ့အနာဂတ်က ဆိုးလိမ့်မည်မဟုတ်ပေ။ ထို့မျှသာမက Sအဆင့်မှာ တစ်ဖက်ကမ်းခတ်အဆင့်ဖြစ်၍ လော့ပေါင်က ၎င်းကို အလွယ်လေးတက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ 


လော့မိဘများက လော့ကျန်းကို ဆွဲကာပြောလိုက်သည်။ 

" ဘာတွေဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်း… လော့ပေါင်ရဲ့ ကျန်းမာရေးက မှားနေတာတော့ မရှိဘူးမလား…"


" အနည်းဆုံးတော့ စက်ပစ္စည်းတွေ စမ်းသပ်မှုအရ ဘာပြဿနာမှ မရှိပါဘူး… ဒါပေမဲ့ အခုဖြစ်နေတာတွေကို ကျွန်တော်လည်း သိပ်နားမလည်နိုင်ဘူး…"


' ဒါကြီးက လုံးဝကို သိပ္ပံနည်းမကျဘူးလေ…'


လူအများစု ဗီဇတိုးမြှင့်ဆေးသောက်သည်ကို လော့ကျန်းမြင်ဖူးသည်။ ထို့အပြင် ဓားထက်ထက်ဖြင့် အသားကိုရှမိလျှင်ပင် မျက်တောင်မခတ်သည့် သန်မာသောသူများက ဆေးသောက်ပြီးနောက် ဘေးထွက်ဆိုးကျိုးအနေဖြင့် အခန်းထဲတွင် နာကျင်မှုကို ခံစားနေရတတ်သည်။ ကိုယ်တက်ချင်သည့်အဆင့်က မြင့်လေလေ ဗီဇတိုးမြှင့်ဆေး၏ လိုအပ်ချက်များက မြင့်လေလေပင်။ ဆေးက မကောင်းမွန်လျှင် ၎င်းက အကောင်းမှအဆိုးသို့ပြောင်းပြီး ဗီဇပြိုကွဲခြင်းဖြစ်တတ်သည်။ 


ဆေးသောက်ခြင်းက နာကျင်ရတတ်ပြီး ၎င်းကို သည်းခံနိုင်ရန် စိတ်စွမ်းအင်များစွာ လိုအပ်လိမ့်မည်။ ထို့ကြောင့်လည်း ကလေးအရွယ်များကို ဆေးမသောက်ခိုင်းခြင်းဖြစ်သည်။ သူတို့က နာကျင်မှုကို သည်းခံနိုင်ရန် အလွန်ငယ်လွန်း၏ ။ 


ဒါပေမဲ့ စားဖို့သောက်ဖို့ပဲသိတဲ့ လော့ပေါင်က အဲဒီနာကျင်မှုကို ဘယ်လိုများ ခံနိုင်ရည်ရှိသွားတာလဲ… 


သူ့အစ်ကိုအရင်းလော့ကျန်းက ၎င်းကို ခေါင်းထဲမှ ထုတ်လိုက်သည် ။ 


ဒါက ဆေးဝါးထုတ်လုပ်တဲ့အေးဂျင့်တွေရဲ့ အမှားပဲဖြစ်ရမယ်…


စုန့်နင်ဖုန်းထုတ်ပေးလိုက်သည့် အဖိုးမတန်သော ကျန်းမာရေးထုတ်ကုန်ပုံစံပုလင်းက လူတစ်ယောက်၏ ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်၏အဆင့်ကို တိုးမြှင့်ပေးလိုက်နိုင်သည်။ 


စိတ်ဝိညာဥ်ပင်လယ်၏ အဆင့်က အနည်းငယ်နိမ့်နေသေးသော်လည်း ၎င်းက ပိုပြီးအဖိုးတန်ပေ၏။


' ဒီသတင်းသာပျံ့သွားရင် လူတွေဘယ်လောက်တောင် ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ကြမလဲ… သူ့လို ပိုင်ရှင်က ဘယ်လိုလုပ် အရမ်းလက်လွတ်စယ်လုပ်မိရတာလဲ…'


ခုချိန်ထိတိုင် လော့ကျန်းမှာ မယုံကြည်နိုင်သေးပေ။ 


ဒါက အရမ်းသဘာဝမကျဘူးလေ… သူတို့က တကယ်ပဲ ဘုန်းကြီးဂိုဏ်းလိုမျိုးများလား… သူတို့က ပစ္စည်းကိုတောင် ဘယ်လိုတန်ဖိုးထားရမှန်း မသိဘူးပဲ…


လော့ကျန်းက စုန့်နင်ဖုန်းကို တိုက်ရိုက်ဆက်သွယ်လိုက်သည်။ သူတို့ ယခင်က စက္ခုကွန်ရက်နံပါတ်အချင်းချင်းလဲလှယ်ဖူးပြီး တစ်ဖက်ကပြန်ဖြေသည်နှင့် လော့ကျန်းက စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်သည် ။ 

" ညီအစ်ကိုစုန့်… မင်းငါ့ကို ပေးလိုက်တဲ့ သက်စောင့်ဆေးက ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်ကို တိုးမြှင့်ပေးနိုင်တယ်ဆိုတာ မင်းသိလား…"


စုန့်နင်ဖုန်းက မေးလိုက်သည် ။

" ဗီဇအဆင့်ကဘာလဲ… စိတ်ဝိညာဥ်ပင်လယ်ကရော ဘာလဲ…"


လော့ကျန်း "....."


သူ့စိတ်ကပြောင်းလဲသွားသောကြောင့် စုန့်နင်ဖုန်းကို သူ ယခင်ကကြည့်သည့် ရိုးအသူတစ်ယောက်ကဲ့သို့ လော့ကျန်းဆက်မကြည့်နိုင်တော့ပေ။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။ 


စုန့်နင်ဖုန်း နားလည်လိုက်သည်။ ဤကမ္ဘာတွင် ကျင့်ကြံသူများမရှိသော်လည်း အဆင့်လိုက် အားကြီးသူ ၊ အားနည်းသူဟူ၍ ခွဲခြားထားဆဲပင်။


ဗီဇအဆင့်က လူတစ်ယောက်ခန္ဓာကိုယ်၏အင်အားနှင့်သက်ဆိုင်ပြီး ကျင့်ကြံရေးကမ္ဘာက ခန္ဓာကိုယ်ပြန်လည်သန့်စင်တည်ထောင်ခြင်းလိုပင်။ ထို့နောက် စိတ်ဝိညာဥ်ပင်လယ်က လူတစ်ယောက်၏ စိတ်နှင့် သက်ဆိုင်သည် ။ ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်နိမ့်သောသူများက အလုပ်မရနိုင်ကြပေ ။ 


ကြယ်တာရာခေတ်သမိုင်းကြောင်းတွင် အမြင့်ဆုံးဗီဇအဆင့်က S+ အဆင့်ဖြစ်သော်လည်း အထက်တန်းလွှာအနည်းစုကသာ Sအဆင့်သို့ရောက်နိုင်ကြသည်။


လော့ကျန်း ရှင်းပြသည်ကို နားထောင်ပြီးနောက် စုန့်နင်ဖုန်းက ပြောလိုက်သည် ။ 

" သက်စောင့်ဆေးက ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်ကို မမြှင့်တင်ပေးနိုင်ဘူး… "


လော့ကျန်း "...."


စုန့်နင်ဖုန်းက ဆက်ပြောလာ၏ ။ 

" ပုလင်းနှစ်ပုလင်းက လုပ်ဆောင်ပုံခြင်းမတူဘူး… တစ်ခုက ဗီဇအဆင့်ကိုတိုးမြှင့်ပေးပြီး တစ်ခုက စိတ်ဝိဉာဥ်ပင်လယ်ကို တိုးမြှင့်ပေးတာ… တစ်ခုတည်းမှာ အာနိသင်နှစ်မျိုးစလုံးမရနိုင်ဘူး…"


လော့ကျန်း : ' ငါတောင်းပန်ပါတယ်… ကျေးဇူးပြုပြီး လှည့်ပတ်မနေပါနဲ့တော့…'


' သက်စောင့်ဆေးတစ်ခုတည်းမှာ အာနိသင်နှစ်မျိုးရမနိုင်ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ… အဓိကက အဲ့ဒီသက်စောင့်ဆေးက တကယ်အံ့မခန်းပဲလေ… '


' ညီအစ်ကိုရေ မင်းတကယ်ပဲ ဗီဇအဆင့်နဲ့စိတ်ဝိညာဥ်ပင်လယ်အဆင့်ရဲ့ အရေးပါမှုကို မသိဘူးလား…'


လော့ကျန်း လည်ချောင်းပင်ခြောက်နေ၏ ။ 

" မင်းပေးတဲ့လက်ဆောင်က အရမ်းအဖိုးတန်လွန်းတယ်..."


သူက ပြန်ပေးရန် ပြောလိုက်ချင်သော်လည်း လော့ပေါင်က တစ်ပုလင်းကို စားပြီးသွားပြီ ဖြစ်သည်။ သူ ပြန်ပေးချင်လျှင်ပင် ပေးစရာမရှိတော့ပေ ။


စုန့်နင်ဖုန်းက ဂရုမစိုက်သလိုပြောလာ၏ ။ 

" အဲ့ဒါက အရမ်းအဖိုးမတန်ပါဘူး… မင်းတို့လည်း အရင်က ငါတို့ကို အများကြီးကူညီထားဖူးတာပဲ မလား… ငါတို့က မိတ်ဆွေတွေပဲ ဒီလို ယဥ်ယဥ်ကျေးကျေးတွေ မပြောနေပါနဲ့တော့… မင်းညီလေး အဆင့်တက်ရောက်သွားတာက သူဘယ်လောက်ပမာဏစားလိုက်သလဲဆိုတာနဲ့လည်း ဆိုင်မယ်ထင်တယ်… သက်စောင့်ဆေးက အဲ့လောက်အစွမ်းမထက်ပါဘူး… ပြီးတော့ စားပြီးပြီးချင်းမှာပဲ အဲ့လောက်မြန်မြန်ကြီး အကျိုးသက်ရောက်မှုမပြသင့်ဘူး… "


လော့ကျန်း "...."


သူ၏ စုန့်နင်ဖုန်းအပေါ် အစပိုင်းပညတ်ချက်က 'ဘာမှမသိသောအစ်ကိုကြီး' နှင့် 'ဆင်းရဲပြီးတွယ်ကပ်တတ်သော ရိုးအသူ' ဖြစ်ပြီး ယခုတွင်မူ ထိုသူက 'ချမ်းသာသောမြေပိုင်ရှင်' တစ်ယောက်ဖြစ်လာ၏။ ယခင်က သူ့တွင် စက္ခုကွန်ရက်ဝယ်ရန်ပင် ပိုက်ဆံမရှိသော်လည်း သူက မိုးလောက်မြင့်အောင်အဖိုးတန်သည့် ဆေးကိုပေးခဲ့သည် ။


သူတို့ကို ဘယ်လိုပြောရမှန်းပင် သူ မသိတော့ချေ။ 


အကယ်၍ တစ်စုံတစ်ယောက်ကသာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ဗီဇအဆင့်ကို တိုးမြှင့်နိုင်မည်ဆိုလျှင် ၎င်းက ထူးထူးခြားခြားအစွမ်းမပြဘူးဆိုလျှင်ပင် လူအများက ဝယ်ယူကြမည်ဖြစ်သည်။ လူများ၏ အဓိကပြဿနာမှာ နောက်ပိုင်းဆေးကိုထပ်သောက်ပြီးလျှင်ပင် အစွမ်းမပြမည်ကိုမဟုတ်ဘဲ ဆေးများက ယခုသောက်သောက်ချင်းကို အစွမ်းမပြခြင်းဖြစ်သည် ။ 


ယခင်က သူ့မှာ ဝေဖန်မှုများ အဆုံးမရှိသော်လည်း ယခုတွင်တော့ သူတို့က ပုန်းကွယ်နေသော သူတော်စင်များ ဖြစ်သည်ဟု သူယုံကြည်လိုက်သည်။ ဤအချိန်တွင် သူက ယဥ်ကျေးစွာ ပြောလာ၏ ။  

" ညီအစ်ကိုစုန့် မင်းကတော့ သိမှာမဟုတ်ဘူး… မင်းရဲ့ဒီဆေးတွေက တကယ်တန်ဖိုးမြင့်ပြီး ပိုက်ဆံနဲ့တောင် ဝယ်ချင်တိုင်းဝယ်လို့မရဘူး… မင်းက ငါ့ကို သူငယ်ချင်းလို သဘောထားမှတော့ ငါမင်းကို လိမ်မနေတော့ဘူး… ဒါက အပေးအယူပဲ ဒါကို ရောင်းပေးလို့ရမလား…"


လော့ကျန်းက ပါးနပ်သော စီးပွားရေးသမားဖြစ်ပြီး အမြတ်ကိုကြည့်ကာ သူရမည့်အကျိုးကို ဤအတိုင်းကျော်သွားမှာ မဟုတ်ပေ ။ 


သူက အကြောင်းပြချက်မရှိ သူတို့အပေါ် အခွင့်ကောင်းယူလျှင်ပင် သူတို့က စိတ်ထဲထားမည်မဟုတ်သော်လည်း အချိန်ကြာလာလျှင် စိတ်ထဲ၌မကျေမနပ်ဖြစ်လာမိမည်က မလွဲဧကန်ပင်။ လော့ကျန်းက အရေးပါသောဆက်ဆံရေးကို အကျိုးအမြတ်သေးသေးအတွက် အဆုံးအရှုံးခံမည်မဟုတ်ချေ။ 


သူက လူလည်ကျတတ်သော်လည်း လုပ်နိုင်စွမ်းရှိပြီး ဆိုးရွားသည့်လူ မဟုတ်ပေ။ မဟုတ်ပါက စုန့်နင်ဖုန်းနှင့် အခြားသူများက သူ့ကို မိတ်ဆွေအဖြစ် မြင်ရန်ပင် ဆိုနိုင်ဖွယ်မရှိပေ။


စုန့်နင်ဖုန်းက ခဏတန့်သွားပြီးနောက် ပြောလိုက်သည်။ 

" ဒါက ငါတို့ပထမဆုံးတွေ့ဆုံခြင်းအတွက် ပေးထားတဲ့လက်ဆောင်လေ… ဒါကြောင့် ပေးပြီးဆိုမှတော့ ပေးပြီးပြီပဲပေါ့… ဒါပေမဲ့ အဆင်ပြေမယ်ဆိုရင်တော့ ငါတို့ဂိုဏ်းရှိနေတဲ့မြေကို လိုချင်ပါတယ်… အဲ့လိုဆိုရင်ရော အဆင်ပြေမလား… "


သူ့မှာသာပိုက်ဆံရှိလျှင် ထိုကဲ့သို့ ကိစ္စမျိုးကို စုန့်နင်ဖုန်း ဘယ်တော့မှ တွက်ချက်နေမည်မဟုတ်ပေ။ သို့သော်လည်း ဂိုဏ်းက ဆန်အိုးထဲ ဆန်ဖြည်ရန်ပင် ခက်ခဲနေ၍ သူက ဆင်းရဲပြီး ရက်ရောသလို ဟန်ဆောင်နေ၍မရနိုင်ချေ။ 


စုန့်နင်ဖုန်းက ရှက်ကိုးရှက်ကန်းဖြစ်နေပြီး လော့ကျန်းက သူ့ထပ်ပင် ပိုဆိုးသေးသည်။ သူက အမြန်ပြောလိုက်သည် ။  

" ငါတစ်ယောက်ယောက်ကို အမြန်ဆုံး လွှဲပြောင်းတဲ့ကိစ္စတွေ လုပ်ခိုင်းလိုက်ပါမယ်… ဒီစွန့်ပစ်မြေက မြေရိုင်းပဲ…တန်ဖိုးကလည်း နိမ့်တယ်… သက်စောင့်ဆေးနဲ့ ဘာမှမယှဥ်သာပါဘူး…"


B111ဂြိုဟ်ပေါ်က လူပြတ်လပ်သော နေရာတွင်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သောနေရာနှင့် ယှဥ်လျှင် ဘာမှ မဟုတ်ပေ။ အဆုံးတွင်တော့ သူအခွင့်ကောင်းယူလိုက်ခြင်းသာ ဖြစ်သည်။ 


ထိုက်ယီဂိုဏ်းရှိနေသော မြေအပြင် သုံးဆယ်ကီလိုမီတာအတွင်းရှိ မြေကို ထိုက်ယီဂိုဏ်းအား သူက လက်ဆောင်အဖြစ်ပေးလိုက်ပြီး အပိုထပ်ဆောင်းအနေဖြင့် စုန့်နင်ဖုန်းအား ကြယ်ဒင်္ဂါးဆယ်သန်းကိုပါ ပေးလိုက်သေးသည်။ လောကီရေးကို စိတ်မဝင်စားဘဲ ပိုက်ဆံကိုအမှိုက်လိုသာ တန်ဖိုးထားတတ်သော စုန့်နင်ဖုန်းမှာ ရုတ်တရက်ကြီး ချမ်းသာလာရသည်က အလွန်အံ့အားသင့်ဖွယ်ကောင်းသလို ခံစားလိုက်ရသည် ။ 


လက်ရှိတွင် ဂိုဏ်းကလည်း အမှန်တကယ် ပိုက်ဆံလိုအပ်နေသောကြောင့် လော့ကျန်းပေးသည်ကို စုန့်နင်ဖုန်း မငြင်းလိုက်ပေ။ မဟုတ်လျှင် သူတို့ လိုချင်တာမှန်သမျှကို ငေးကြည့်နေရန်သာ ရှိတော့သည်။ သို့သော်လည်း လော့ကျန်းကို သူ့စိတ်ထဲတွင် ကောင်းစွာမှတ်ထားလိုက်သည်။ သူ့မှာ အခွင့်အရေးရှိပါက ပြန်ပေးဆပ်ရမည်။


ဖုန်းချလိုက်ပြီးနောက် လော့မိဘများက သူ့ကို အရောင်တောက်ပနေသောမျက်လုံးများဖြင့် ကြည့်လာ၏ ။

" သား...ဘယ်လိုလဲ… အဲ့ဒီလိုပစ္စည်းမျိုးရှိနေတာ ဘယ်သူလဲ… အမေတို့လည်း သူတို့နဲ့သိချင်တယ်… "


လော့ကျန်း အနည်းငယ်နဖူးတွန့်သွား၏။

"ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်းပါးပါး လေးစားကြပါဦး…"


ထိုသို့သောမိဘများကြောင့် လော့ကျန်း သူ့ပုခုံးပေါ်တွင် ပို၍လေးလံလာသလို ခံစားလိုက်ရသည်။


လော့ကျန်းက သူတို့ကို ဂရုစိုက်မနေတော့ဘဲ လော့ပေါင်အကုန်မစားသွားသော ဆေးပုလင်းကို ထုတ်ကြည့်နေပြီး သူ့မျက်လုံးက အရောင်လက်သွား၏ ။ 

' သက်စောင့်ဆေးတစ်မျိုးက အာနိသင်တစ်မျိုးပဲပြတယ်ပေါ့… ဒါဆို လော့ပေါင်စားသွားတာက ဗီဇအဆင့်တိုးမြှင့်ဆေးလား… စိတ်ဝိညာဥ်ပင်လယ် တိုးမြှင့်တဲ့ဆေးကို ထွေးထုတ်လိုက်လို့ နည်းနည်းပဲ တက်လာခဲ့တာလား… '


' ဒီလိုဆိုရင် စိတ်ဝိဉာဥ်တိုးတက်စေတဲ့ဆေးကလည်း ဗီဇအဆင့်တိုးမြှင့်ဆေးလောက် မညံ့ဘူးဆိုတဲ့သဘောပဲ… ဒါက လော့ပေါင် နည်းနည်းလေးပဲ သောက်သွားလို့ဆိုတာ ရှင်းနေတာပဲ…'


သူ၏ ခန့်မှန်းချက်ကြောင့် အံ့အားသင့်သွားရသည်။

' မင်းသာ အဆင့်တက်ပြီးပြီဆိုရင် ဘာလိုချင်လဲ…'


သို့သော်လည်း လော့ကျန်းက စုန့်နင်ဖုန်းတို့နှင့် ဆုံပြီးတည်းက အံ့သြစရာများစွာကို တွေ့ကြုံပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ထိုထူးဆန်းသောခန့်မှန်းချက်က မှန်လိမ့်မည်ဆိုသည်က သေချာနေ၏ ။ 


လော့ကျန်းက သူ့ညီလေးကို ဆေးများ ထွေးထုတ်ခိုင်းမိပြီး သူ၏အားမကိုးရသောမိဘများကို သူ့ခန့်မှန်းချက် ထုတ်ပြောပြမိသွားသဖြင့် စိတ်နှလုံးကြေကွဲနေရသည် ။ 


လော့မိဘများလည်း သက်စောင့်ဆေးကို ဂရုတစိုက်ယူသွားပြီး ရတနာအလား ဂရုတစိုက်အကဲဖြတ်နေကာ သဘောတကျအနံ့ရှူကြည့်နေ၏ ။ 

" အဲ့ဒါက သာမန်လိုပဲ… "


" အဲဒါက ဒီလောက် မရိုးရှင်းဘူး… " 


လော့ကျန်းက မျက်လုံးလှန်လိုက်သည် ။ 

' သူတို့က စစ်ဆေးစက်လိုမျိုး ဒုတိယတစ်ကြိမ် ပါဝင်ပစ္စည်းတွေကို စမ်းသပ်ကြည့်ချင်နေသေးတာလား…'


အကယ်၍ ဤအကြောင်းကို ဘယ်သူမှမသိလျှင် ကြမ်းပြင်ပေါ်ကျသွားလျှင်ပင် ထိုပုလင်းကို ကောက်မည့်သူမရှိပေ။ 


လော့ကျန်း စိတ်ပျက်၍မပြီးသေးခင် လော့မိဘများက သက်စောင့်ဆေးကို ပြန်ပေးလာ၏။ 

" ဒါသောက်ပြီး စောစောနားလိုက်တော့… ဒါဆိုမင်းလည်း အဲ့ဒါဘယ်လောက်အစွမ်းရှိလည်း သေချာသွားတာပေါ့…"


လော့ကျန်းက မယူလိုက်ပေ။

" လော့ပေါင်အတွက် မဟုတ်ဘူးလား… နည်းနည်းလေးသောက်ရုံနဲ့တောင် သူ့ရဲ့စိတ်ဝိညာဥ်အဆင့်ကို တိုးမြှင့်နိုင်တယ်လေ အမေတို့..."


အဖေလော့က သူ့ပုခုံးကို အားဖြင့်ပုတ်လာ၏ ။ 

" ဒါကို မင်းအတွက်ယူထားလိုက်… အစကတည်းက ဒါက မင်းဥစ္စာပဲလေ… လော့ပေါင်က မင်းဆီကနေ အခွင့်အရေးကြီးကို ယူပြီးနေပါပြီ… မင်းသာ စိတ်ဝိညာဥ်အဆင့်တိုးလာမယ်ဆိုရင် ပိုပြီး အခွင့်အလမ်းတွေ ရှိလာနိုင်တယ်မလား…" 


သူက စီးပွားရေးသမားတစ်ယောက်ဆိုသော်လည်း မိဘလည်း ဖြစ်သည်။ ၎င်းကိုသောက်မည့်သူက သားအကြီးလား ၊ သားအငယ်လားဆိုသည်ကို ဂရုမစိုက်ပေ ။ အားလုံးက အတူတူပင် ဖြစ်၏ ။ ထိုကဲ့သို့ ဆန်းကြယ်သောသူများနှင့် သိခွင့်ရသည်က လော့ကျန်းအတွက် အခွင့်အရေး ဖြစ်သည်။ 


ပြီးတော့ ဘယ်လိုမိဘကများ သူတို့ကလေးရဲ့ အခွင့်အရေးကို ဖြတ်ယူသွားမှာလဲ…


လော့ကျန်း၏ ငယ်ဘဝအိပ်မက်က မာရှယ်နှင့် မက်ခါမောင်းနှင်သူပိုင်းလော့ ဖြစ်လာရန်ပင်။ သို့သော် နောက်ပိုင်းတွင် သူက လမ်းကြောင်းများကို ရပ်တန့်ပစ်လိုက်ရသည်။ သူ့တွင် Aအဆင့် ဗီဇရှိသော်လည်း စိတ်ဝိညာဥ်ပင်လယ်အဆင့်ကBသာဖြစ်သောကြောင့် သူ မည်မျှကြိုးစားပါစေ ၊ သူက သာမန်စစ်သားတစ်ယောက်သာ ဖြစ်နိုင်၏။ သူ့ထက်အဆင့်မြင့်သော လူတစ်ယောက်က သူ့ကို အသာလေးကျော်သွားနိုင်ပြီး အထက်အရာရှိ ဖြစ်လာနိုင်သည် ။ 


လော့ကျန်းက စီးပွားရေးကိုသာ စပြီးအာရုံစိုက်လိုက်သည်။ စီးပွားရေးကလည်း အားကောင်းသည့်တည်ရှိမှုဖြစ်ရန်လိုအပ်သည်။ သူ့ညီလေးလော့ပေါင်က အရည်အချင်းရှိသောကြောင့် အရွယ်ရောက်လာလျှင် သူ့ကို ကူညီနိုင်လောက်သည်။ 


လော့မိသားစု၏ အနာဂတ်လုပ်ငန်းရှင်က စိတ်ဝိညာဥ်အဆင့် Bသာရှိသည့်အကြောင်းက လူအများထံမှ တိတ်တဆိတ်ဝေဖန်ခံရသည်။ ထို့အပြင် လော့မိသားစုဝမ်းကွဲများကလည်း ဤကိစ္စအပေါ်အတွေးမရှိခြင်းတော့ မဟုတ်ပေ ။ ကိစ္စများ အနည်မထိုင်သေးသောကြောင့် သူတို့ခဏတာခန့် စောင့်ဆိုင်းရမည်။


လော့ကျန်းက ပုံမှန်အားဖြင့် စိတ်ထဲတွင် ဘာမှမထားတတ်သည့်သူလို ပြောချင်ရာပြောတတ်သည်။ 

ဒါပေမဲ့ သူ တကယ်ပဲ မစိုးရိမ်ဘဲ နေနိုင်ပါ့မလား… 


သေချာပေါက် မဟုတ်ဘူးပေါ့ ..


သူက လက်ထဲတွင် သက်စောင့်ဆေးကို ဆုပ်ကိုင်ထားရင်း သူ့နှလုံးသားထဲ တုန်ရီနေ၏ ။  


လော့ကျန်းက ဆေးအားလုံးကို မျှော်လင့်ချက်ကြီးစွာဖြင့် သောက်လိုက်သည်။ သို့သော်လည်း နေ့တစ်ဝက်ကျိုးသည်အထိ သူဘာမှ ပြောင်းလဲလာသည်ဟု မခံစားရသေးပေ။ 


လော့ပေါင်က သူ့ကို မလိမ်ခဲ့ပေ။ ဆေးသောက်ပြီးနောက် မ်သည့်မသက်မသာဖြစ်ခြင်းမှ ခံစားရခြင်းမရှိပေ ။ လော့ကျန်းက ဘာမှမဆိုးသည့်အရာကို စားလိုက်ရသလို ခံစားလိုက်ရသည်။ ၎င်းက နာကျင်မှုကို ရင်ဆိုင်ရန် ဆုံးဖြတ်နေချိန်မှာပဲ 'ကောင်းပြီ ၊ နောက်တစ်ယောက် ' ဟုပြောလိုက်သလိုပင် ။


' အဲ့ဒါက တကယ်အလုပ်ဖြစ်ရဲ့လား…'


လော့ကျန်းက ဆေးအခန်းထဲတွင် လှဲလိုက်ပြီး သူ့စိတ်ထဲထင့်နေ၏။


" A+"


' အဲ့ဒါက A+ပဲ… '


တစ်ခါတည်း Aအဆင့်ကိုပါ ကျော်လွန်သွားသောလော့ကျန်းက ရလဒ်ကို ဝေဝါးစွာကြည့်ရင်း ပြောလိုက်သည်။

" စိတ်ဝိညာဥ်အဆင့်ကို တိုးမြှင့်ရတာက အရမ်းခက်တဲ့ပုံတော့ မပေါက်ပါဘူး …"


အဖေလော့က သူ့နောက်ကျောကို ရိုက်လာ၏ ။

" နိုးထတော့ ကောင်လေးရေ မင်းက အံ့မခန်းမဟုတ်ဘူး… ဒီဆေးကမှ အံ့မခန်းပဲ… ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်အမှားတွေ ပေးမနေနဲ့…"



💫💫💫