Chapter 7
Viewers 757

💫Chapter 7



တင်ဆက်သူများက အခြားတင်ဆက်သူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် ကောမန့်ရေးကြသည့်အခါ သူတို့၏ ပရိုင်ဖိုင်အစစ်ကို ဖော်ပြထား၏။ 


[တခြားတင်ဆက်သူတစ်ယောက်က ဘယ်လိုလုပ် နံပါတ်တစ် ဂမ္ဘီရတင်ဆက်သူလီယိကို လာတိုက်ခိုက်ပြီး လှောင်ပြောင်ရဲရတာလဲ… ]


[ ငါကြည့်ကြည့်ပါဦးမယ်… အဲ့ဒါက သူ့ဖန်တွေကို ဆွဲဆောင်ဖို့ သူ့ရဲ့ရုပ်ရည်ကိုပဲ အားကိုးနေရတဲ့ တင်ဆက်သူမလား… သူက ဆရာယိကို တိုက်ခိုက်ပြီး နာမည်ကြီးချင်နေတာလား… ]


[ ကျစ်...ကျစ်… ဒီနေ့ခေတ်မှာ တင်ဆက်သူတွေက နာမည်ကြီးဖို့ ဘာမဆို လုပ်နေကြပြီပဲ…]


[ သူတစ်ပါးကို တိုက်ခိုက်ဖို့ စည်းကျော်တယ်ဆိုတာက တကယ်ဟာသပဲ… ဒီတင်ဆက်သူပေါက်စလေးက ရုပ်လွန်ပညာအကြောင်းရော နားလည်လို့လား…]


ပရိသတ်များက ရှဲ့ရုန်၏ မှတ်ချက်ကြောင့် ဒေါသထွက်နေကြသည်။ လီယိက ထိုသူကို တွက်ချက်ပေးမည်ဆိုလျှင် ထိုသူအတွက် ဂုဏ်ယူစရာဟု ဖန်များက တွေးကြသည်။ အဆုံးတွင် သာမန်သူများက နာမည်ကြီးချင်လျှင်ပင် ဖြစ်လာနိုင်ရန် မရှိပေ ။ 


[ ဒါပေမဲ့ ဒီရှဲ့ရုန်ဆိုတာက ဘယ်သူလဲ… ဒါက သူ့အတွက် ပျော်ရွှင်ဖို့ခက်ခဲနေမှာပေါ့… ဒါကြောင့်လည်း သူ့ပါးစပ်ကိုဖွင့်ပြီး ဆရာယိကို ဆဲနေတာလေ…]


[ ဒီလိုနည်းလမ်းကိုသုံးပြီး လူစိတ်ဝင်စားခံရအောင်လုပ်တာက တကယ်ကိုစိတ်ကောင်းမရှိတာပဲ…]


ရှဲ့ရုန်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထိုပရိသတ်ကိုကူညီပြီး ထုတ်ဖော်ပေးလိုက်ရုံသာဖြစ်၏ ။ 


သူက တခြားတစ်ယောက်ကို သူရဲ့ဂမ္ဘီရပညာကိုလက်ခံပေးဖို့ မေးနေစရာလိုသေးလို့လား…ကြည့်ရတာ ဒီလူကတော့ အစာဝဝမစားခဲ့ရတဲ့ပုံပဲ… ယုံချင်ရုံ မယုံချင်နေ ၊ သူ့ထိုက်နဲ့ သူ့ကံပဲ…


သူက ထိုအလိမ်ဆရာထက် ပိုပြီး တောကျနေသည်ကိုလည်း သူ့ကိုယ်သူသိသည်။ ထို့ကြောင့် သူ့ကို လူများစွာက ဝိုင်းကြိမ်းမောင်းကြသည်မှာ ပုံမှန်ပင်ဖြစ်သည် ။ 


ရှဲ့ရုန်က ထိုလီယိ၏ပရိသတ်များနှင့် ဖြေရှင်းရန်လည်း ပြင်ဆင်မနေပေ။ စိတ်ဝင်စားမှုမရှိတော့သောကြောင့် သူက သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ပြန်သွားလိုက်သည် ။ ထိုလူက နာမည်ကြီးချင်သည့်သူဖြစ်မည်ဟု ပရိသတ်များက တွေးမိသောကြောင့် သူ့၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအထိပါ လိုက်လာပြီး ကြိမ်းမောင်းကြတော့သည်။ သူတို့က သူ့ကို အကောင့်ဖျက်ပြီး ထွက်သွားသည်အထိလုပ်ရန်ပါ စိတ်ပိုင်းဖြတ်ထား၏ ။ 


ရှဲ့ရုန်၏ ဖန်များမှာ အလှသာကြည့်တတ်သောဖန်များဖြစ်သောကြောင့် လီယိ၏ပရိတ်သတ်များထံမှ တိုက်ခိုက်ခံရသောအခါ တော်တော်များက ထွက်ပြေးကုန်၏။ ကျန်ခဲ့သောသူများကလည်း ကြက်များအလား တိတ်ဆိတ်နေ၏။ 


အခုတွင် ရှဲ့ရုန် မပျော်တော့ပေ။ သူ့တွင် အစကတည်းက ပရိသတ်များစွာ မရှိခဲ့သည့်အပြင် ယခုတွင် သူတို့လည်း ကြိမ်းမောင်းခံရသောကြောင့် ထွက်ပြေးကုန်ကြသည်။ 


သူက ခေါင်းမှ ခြေအဆုံး မကျေနပ်ချက်များအားလုံးကို ထပ်ပေါင်းပြီး ပြောလိုက်သည် ။

" အဓိပ္ပါယ်မရှိတာတွေပဲ… တစ်ယောက်ယောက်ရဲ့ မျက်နှာကို လိုင်းပေါ်ကနေ ကျပန်း ရှာကြည့်တာတောင်မှ လီယိရဲ့ ဂမ္ဘီရပညာထက် ယုံကြည်ရသေးတယ်…"


လီယိ၏ဖန်များက ထိုတင်ဆက်သူပေါက်စလေး အရှုံးပေးတော့မည်ဟုတွေးနေမိချိန် သူက ထပ်ပြီး ရန်စလာလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့ ပို၍ပင် ဒေါသထွက်လာ၏။ 


[ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ… ဘယ်ကနေမှန်းမသိထွက်လာတဲ့ ကောင်ငယ်လေးက ရုပ်လွန်ပညာကို သိပါတယ်လို့ ဘယ်လိုများ ပြောရဲရတာလဲ…]


[သူ့ကို ထပ်ပြီး အာရုံစိုက်မနေကြနဲ့တော့… ငါတို့က သူ့ကို အာရုံပိုစိုက်လေလေ သူက ပိုနာမည်ကြီးလေလေဖြစ်နေဦးမယ်…]


[ တကယ်ကြီးနော် ဒီတင်ဆက်သူက စကားပြောရတာ တကယ်ခေါင်းမာတာပဲ… မသိတဲ့သူတွေဆိုရင် သူ့ဆီကနေ အရူးလုပ်ခံရလောက်တယ်…]


ရှဲ့ရုန်က ပြန်ပြောရာ၌ ယဥ်ကျေးမနေပေ။ 

" အဲ့ဒီအလိမ်ဆရာဆီကနေ အရူးလုပ်ခံရတဲ့သူတွေကမှသာ တကယ်အရူးတွေ… မင်းတို့ကို ငါဆေးရုံကောင်းကောင်းတစ်ခု ညွှန်းပေးမယ်…"


၎င်းက ဆာ့ဆာ့ ဝင်လာလာချင်း တွေ့လိုက်ရသည့်အရာဖြစ်သည်။ 

' နှောင့်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး…'


ဆာ့ဆာ့ရှေ့တွင် ရှဲ့ရုန်က စီနီယာဟူသော သိက္ခာရှိသေးသည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ လည်ချောင်းရှင်းလိုက်ပြီး အမူအရာက တည်ငြိမ်နေ၏ ။ 

" အဟမ်း အဲ့ဒါက တိုက်ဆိုင်သွားရုံပါပဲ…"


ဆာ့ဆာ့က အံ့အားသင့်မသွားပေ။ 'ဘယ်လိုအရာမျိုးကများ သူ့တတိယစီနီယာအစ်ကိုကို ဆွေ့ဆွေ့ခုန်သွားစေသလဲ'ဆိုသည်ကိုသာ သူမ သိချင်မိသည် ။


ဤကိစ္စဖြစ်ပြီး ရှဲ့ရုန်က အလွန်ဒေါသထွက်နေ၏။ 

" အဲ့ဒီလူတွေက ငါ့ထက် အလိမ်ဆရာကို ပိုယုံနေကြတယ်…"


ဆာ့ဆာ့လည်း ရှဲ့ရုန်၏လုပ်နိုင်စွမ်းကို သတိပြုမိသည်။ ကျင့်ကြံရေးကမ္ဘာတွင် ရှဲ့ရုန်က ဂျူနီယာလေးဟု ယူဆ၍ရသော်လည်း သူက ကောင်းကင်ဘုံတာအိုပညာကို အမှန်တကယ် အတွင်းကျကျနားလည်သူဖြစ်သည် ။ သူ့နာမည်ကို ကြားသည့်အခါ မည်သူကမှ သူ့ကို အထင်မသေးရဲကြပေ။ မတူညီသည့်ကမ္ဘာတွင် အလိမ်ဆရာတစ်ယောက်က သူ့ကို အနိုင်ကျင့်ရဲလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မထားမိပေ။ 


ဆာ့ဆာ့က ချက်ချင်းပင် သူ့အင်္ကျီအနားစကို ဆွဲလိုက်သည်။

" တတိယစီနီယာအစ်ကို… ကျွန်မလည်း အစ်ကို့ကိုကူပြီး သူတို့ကို ဝင်ဆဲပေးနိုင်တယ်… ဒီလူတွေက တကယ်အမြင်မွဲတာပဲ…သူတို့က သူတို့ရဲ့ ဘိုးဘေးကိုတောင် မမှတ်မိနိုင်ကြဘူး…"


အတိတ်က ကျင့်ကြံရေးကမ္ဘာတွင် ဂမ္ဘီရပညာ၌ ရှဲ့ရုန်ထက် ပိုပြီး တော်သည့်ကျင့်ကြံသူများမရှိခြင်း မဟုတ်သည့်အပြင် ကောင်းကင်ဘုံ၏ကံကြမ္မာကို ဖတ်ရှူခြင်းက တာအိုပညာရပ်ပင်ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင်မူ ထိုအရာများအကြောင်း ဘာမှပြောကြခြင်းမရှိပေ။ 'တာအို'က ပျောက်ဆုံးနေ၍ တတိယစီနီယာအစ်ကို ဤကမ္ဘာတွင် အားအကြီးဆုံးဂမ္ဘီရပညာရှင်ဖြစ်မည်ဆိုလျှင်ပင် အဓိပ္ပါယ်မရှိခြင်း မဟုတ်ပေ။


ရှဲ့ရုန်က ဤအင်တာနက်အသုံးပြုသူများရှေ့တွင် သူ့ပုံရိပ်ကို ဂရုမစိုက်ဘူးဆိုလျှင်ပင် ဆာ့ဆာ့ကို ဆွဲထည့်၍ မရပေ။ သူသာ သူ့ဂျူနီယာညီမလေးကို သင်ခန်းစာအမှားများ ပို့ချမိလျှင် သူ့အထက်ရှိ ဆရာနှင့် အခြားစီနီယာအစ်ကိုနှစ်ယောက်ပါ လိုက်လာလိမ့်မည် ။


ဆာ့ဆာ့က ရှဲ့ရုန်၏ ရင်ဘက်ပုတ်အာမခံနေခြင်းကို ကြည့်ပြီး စကားများသည့်နေရာ၌ ဘုရင်တစ်ဆူဖြစ်နေသည်က ဂုဏ်ယူစရာတစ်ခုမဟုတ်ကြောင်း သူ့ကို သတိပေးချင်မိသည်။ 


သို့သော် ဆာ့ဆာ့က ထိုအရာကို စိတ်ထဲ၌ မှတ်ထားလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၌ နာမည်ကြီးခြင်းက အလွန်အရေးပါသည်ဟု သူမ ကြားထားသည်။ တတိယစီနီယာအစ်ကိုက အင်အားနည်းနေပြီး ဂျူနီယာညီမလေးတစ်ယောက်အနေဖြင့် သူမ သေချာပေါက် သွားပြီး အားပေးရမည်။ 


ရှဲ့ရုန်က သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး စတားကွန်ရက်၌ ဖြစ်ထားသည်ကို လျစ်လျူရှူထားလိုက်သည်။ သို့သော် သူဒေါသထွက်အောင်လုပ်လိုက်သော သူများက ငြိမ်ကျမသွားသေးပေ။ 


သူမှတ်ချက်ရေးလိုက်သော လီယိ၏ ပရိသတ်က ဝမ်ချွမ်းဖြစ်ပြီး စတားမက်ခါနည်းပညာတွင် နည်းပညာရှင်တစ်ယောက်ဖြစ်သည်။ စတားမက်ခါကုမ္ပဏီက ကြယ်တာရာခေတ်တွင် နာမည်ကြီးပြီး သူတို့ထုတ်လုပ်သော စစ်တပ်သုံးစက်ယန္တရားမက်ခါများမှလွဲ၍ အခြားမက်ခါများအားလုံးက ကြယ်တာရာခေတ်တွင် ထိပ်ဆုံးဖြစ်သည်။ 


ဝမ်ချွမ်းက သူ့အလုပ်နှင့်ပတ်သက်ပြီး အမြဲလိုလို ဂုဏ်ယူနေတတ်သည်။ ထို့အပြင် သူ့အလုပ်ကလည်း အခြားသူများတကယ်ကို မနာလိုရလောက်သော အလုပ်မျိုး ဖြစ်၏။ သူက ရှဲ့ရုန်ကို လုံးဝမယုံကြည်ပေ ။ သူ့အလုပ်က ရံဖန်ရံခါ အချိန်ပိုဆင်းရပြီး အနည်းငယ် ဦးနှောက်ခြောက်ရသော်လည်း အဆင်ပြေချောမွေ့နေသည် ။


လီယိ၏ စကားလုံးများက သူ့ကိုအလွန်ယုံကြည်သက်ဝင်စေ၏။ သူ မကြာသေးမီက ရည်းစားတစ်ယောက်ရထားသည်။ သူက ထိုသူ၏ အခြေခံအချက်အလက်များကို ဆရာ့ကိုပေးထား၍ ဆရာက အားလုံးတွက်ချက်ပေး၏။ အခြားသူများက ဆရာယိတွက်ပေးခြင်းက တိကျသည်ဟုပြောကြပြီး အမှန်တကယ်လည်း ဟုတ်ပေသည်။


ရှဲ့ရုန်၏ ပေါက်တက်ကရစကားကြောင့် ဝမ်ချွမ်းမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း သူက ၎င်းကို အာရုံစိုက်မနေလိုက်ပေ။ သူက အနည်းငယ်ငြီးတွားပြီး ဤအတိုင်းသာ ထားလိုက်သည်။ 


သူက သူ့ရည်းစား၏ စိတ်အခြေအနေကိုသာ တစ်ချိန်လုံး စောင့်ကြည့်နေ၏။ သူက တစ်ချိန်လုံးအလုပ်ကိုသာ အာရုံစိုက်နေသောကြောင့် သူမက လမ်းခွဲချင်နေကြောင်း သေချာသွားသည်။ သူက သူမကို နာရီအနည်းငယ်ခန့်ချော့ပြီး ပစ္စည်းအနည်းငယ် ဝယ်ပေးလိုက်ပြီးသောအခါ သူတို့ပြန်အဆင်ပြေသွား၏။ ဝမ်ချွမ်းက ဆရာယိကို ပို၍ပင် ယုံကြည်လာမိသည်။

' သူက တကယ့်ကို ဆရာအစစ်ပဲ ၊ သူဟောတာ အရမ်းမှန်တယ်… '


သူက ဆရာယိကို ဆုများထပ်ပေးပြီး တစ်ဦးချင်းဟောပေးရန်အတွက် ချိန်းဆိုရန်ပြင်နေချိန်မှာပင် အံ့အားသင့်းစရာကောင်းစွာ ကုမ္ပဏီက သူ့ကို ဆက်သွယ်လာ၏။

" ဝမ်ချွမ်း အချိန်ပိုဆင်းဖို့ အလုပ်ကို ပြန်လာခဲ့… မင်းအရင်တစ်ပတ်က တွက်ထားတဲ့ဒေတာတွေက မှားနေတာ အများကြီးပဲ…"


ဝမ်ချွမ်းရင်ထဲ ထိတ်သွား၏။ 


သူက ကုမ္ပဏီကို အမြန်ပြန်သွားရန် လုပ်နေချိန်မှာပင် သူ့ရည်းစားက သူ့လက်ကိုဆွဲကာ ပြောလာ၏။ 

" မရဘူး ကျွန်မ ရှင့်ကို မလွှတ်ပေးနိုင်ဘူး… ကျွန်မကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ… အလုပ်ကအရေးကြီးလား ကျွန်မက ပိုအရေးကြီးလား…"


သူ့ရည်းစားက တစ်ခါတစ်လေ ဒရမ်မာချိုးတတ်သည်ကို သူသိသည်။ သို့သော် ဤမျှအထိ ဆင်ခြင်ဉာဏ်မဲ့လိမ့်မည်ဟု သူ မထင်ထားမိပေ။ ထိုအချိန်တွင် သူ့မျက်နှာက မှုန်ကုပ်သွား၏ ။ 

" ကုမ္ပဏီမှာ ကိုယ်အရေးတကြီးလုပ်စရာရှိသေးတယ်… တကယ်လို့ ကိုယ်သာ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ကိုယ့်အလုပ်ကိုတောင် ဆုံးရှုံးရနိုင်လောက်တယ်… "


သူ့ရည်စားက စာရွက်လှန်သည်ထက်ပင် ပိုအပြောင်းအလဲ မြန်နေသေးသည် ။

" ရှင်က ရှင့်အလုပ်ကိုတောင် မထိန်းထားနိုင်ရင် ကျွန်မက ဘာလို့ ရှင်နဲ့ ဆက်တွဲနေရဦးမှာလဲ… "


သူတို့နှစ်ယောက်က အတူရှိသည်မှာ မကြာသေးသော်လည်း ဝမ်ချွမ်းက သူမကို အတော်ငြိတွယ်နေမိ၍ တစ်ဖက်လူထံမှ ထိုကဲ့သို့ စကားမျိုးကို ကြားရသောအခါ တော်တော်လေးဝမ်းနည်းမိသွားသည်။

" လမ်းခွဲချင်ရင်လည်း လမ်းခွဲလိုက်…"


သူက ရုံးခန်းသို့ပြေးသွား၏။ သူက အလုပ်နှင့်ရည်းစား နှစ်မျိုးလုံးကို မဆုံးရှုံးချင်ပေ ။ 


ကုမ္ပဏီ၌ ဌာနတစ်ခုလုံးက ရောက်နေပြီဖြစ်သည်။ အထက်လူကြီးက တင်းမာသောမျက်နှာထားဖြင့် ခုံပေါ်တွင် အချက်အလက်များကို ရိုက်ချလိုက်သည်။

" မင်းအဲ့ဒါတွေကို တွက်ချက်ပြီးပြီလို့ ငါ့ကို မပြောခဲ့ဘူးလား… ဘယ်လိုလုပ် ဒီလိုကြီးမားတဲ့ အမှားမျိုး ရှိနေရတာလဲ… "


ဝမ်ချွမ်းက ဒေတာများကို ဖတ်ရှူရာ၌ ခက်ခဲခဲ့ပြီး အမှားအယွင်းဖြစ်သွား၏။ ထိုဒေတာများကို လုပ်နေချိန်က သူက ရည်းစားဆီကိုရောက်ရန် လောနေပြီး ထိုကဲ့သို့ အမှားမျိုးကို လုပ်မိသွားသည်။


ဤကိစ္စအတွကိ သူ့မှာ တာဝန်အပြည့်ရှိသည် ။ 


ဝမ်ချွမ်းက အသက်ဝဝရှူလိုက်သည် ။

" အဲ့ဒါက အကုန်ကျွန်တော့်အမှားပါ… အားလုံးကို ဒီကိစ္စထဲဆွဲသွင်းမိတဲ့အတွက် တောင်းပန်ပါတယ်… ကျွန်တော် ဒီညပဲ ပြန်စစ်ဆေးလိုက်ပါမယ်… ဒီလို အရှုပ်အထွေးမျိုး ထပ်မဖြစ်စေရပါဘူး… "


စက်ယန္တရားမက်ခါများကို ပြုလုပ်ခြင်းက တိကျသောဒေတာများ လိုအပ်ပြီး အမှားတစ်ခုကပင် စနစ်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်၏။ ဝမ်ချွမ်းလည်း ဤကိစ္စဖြစ်ပြီးနောက် ဤနှစ်အတွက်အပိုဆုကြေးရတော့မည် မဟုတ်သလို သူ့အလုပ်ကိုထိန်းထားနိုင်ရန် ခက်ခက်ခဲခဲကြိုးစားရတော့မည်ဆိုတာကို သူသိသည် ။ 


ထို့ကြောင့် နောက်ထပ်အချိန်ကာလတစ်ခုတိုင်အောင် သူ့နေ့ရက်များကို စမ်းသပ်ခန်းထဲ၌ ဒေတာများတွက်ချက်ရင်းသာ အချိန်ကုန်ရတော့သည်။


ဒေတာများအားလုံးမှန်ကန်အောင် တွက်ချက်ပြီးမှသာ သူ့မှာ စတားကွန်ရက်သို့ဝင်ရန် အချိန်ရတော့သည်။ သာမန်ကြည့်လျှင် မယုံကြည်ရလောက်ဟုထင်ရသော လူငယ်လေးက အကြံပေးခဲ့သည်ကို သူ မမေ့သေးပေ။ သူ့အလုပ်သာမက သမီးရည်းစားဆက်ဆံရေးကိုပါ ထိုသူက အကုန်မှန်အောင် ပြောနိုင်သည်။ သူက ထိုကဲ့သို့သော လူကိုကောင်းကို အသိအမှတ်ပြုရမည့်အစား သူ့ကို ကျိန်ဆဲမိသည်ဟုခံစားမိပြီး အခြားသူများပါ အထင်လွဲကာ ထိုသူ့ကိုလှောင်ရယ်စေမိသည့်အတွက် လိပ်ပြာမလုံဖြစ်မိသည် ။ 


ဝမ်ချွမ်းက ချက်ချင်းလိုင်းတက်ကာ ရှဲ့ရုန်ကို တောင်းပန်ရန် အသင့်ဖြစ်နေ၏ ။ ရှဲ့ရုန်၏ အစောပိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ပိတ်ချလိုက်ခြင်းကို မလိုမုန်းထားပရိသတ်များက ' လိပ်ပြာမလုံဘဲရှက်သွားတာဖြစ်မည်' ဟု အဓိပ္ပါယ်ကောက်လိုက်ကြသည် ။ ထို့နောက် သူတို့အများစုလည်း ထွက်သွားကြ၏ ။ အများဆုံးမှ သူက တစ်ပတ်လောက်သာ အလှောင်ခံရမည်ဟုတွေးသော်လည်း လူနည်းစုက ယခုချိန်ထိမမောနိုင်မပန်းနိုင်ဘဲ ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြပြီး သူ့ကို 'ဘယ်လိုပြုမူရလဲ'ဆိုသည်အား သင်ပေးရန် ကြိုးစားချင်နေကြသည် ။ 


' အင်တာနက်က မမေ့သေးဘူး…'


ရှဲ့ရုန်က သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ ထိုလူများ အနှောင့်ယှက်မခံပေ။ သူက သူလုပ်စရာရှိသည်ကို လုပ်နေဆဲဖြစ်သည်။ အကယ်၍ ကိုယ်ရေးကိုယ်တာတိုက်ခိုက်ခြင်းမျိုး ရှိလာပါက သူတို့ နောက်ထပ်မှတ်ချက်မရေးနိုင်အောင် သူ ပိတ်လိုက်သည်။ ၎င်းက အခြေခံဆွေးနွေးခြင်းသာ ဖြစ်ပါက အရေးမကြီးပေ။ သူတို့က သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အနည်းငယ် ဆားဖြူးပေးလိုက်သလိုပင်။


ပုံမှန်အားဖြင့် ဤanti fanများက ရှဲ့ရုန်ကို ကြိမ်းမောင်းရန်အတွက် သူတိုက်ရိုက်ထုတ်လွှင့်မည်ကို စောင့်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ရှဲ့ရုန်က သူတို့နှင့် ညှိနှိုင်းရန်မလုပ်သည့်အတွက် ၎င်းက အဓိပ္ပါယ်မရှိသလို သူတို့ စတင်ပြီး ခံစားလာရသည်။ ထိုအစား သူတို့က သူတိုက်ရိုက်ထုတ်လွှင့်တာကိုသာ ဤအတိုင်းကြည့်နေကြတော့သည်။ သူတို့ ခဏလောက်ကြည့်နေပြီးနောက်...


အမ်း...သူတို့က သူ့ကို ဆုတောင်ချလိုက်သေးတယ်…


အဆုံးတွင် သူ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုက ထူးခြားပြီး ပျော်စရာကောင်းသည်။ သူက ဟန်ဆောင်နေခြင်းမျိုးမရှိသည့်အတွက် သူ့ကိုမုန်းရန် မဖြစ်နိုင်ပေ။ 


" ဟမ် သူတို့ဘာလို့ ဒီနေ့လည်း ထပ်မလာကြတာလဲ…"


(ပါးစပ်ထဲမှာအသားတွေအပြည့်) က ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ နံပါတ်တစ် anti fanဖြစ်သည်။ သူတို့ကို anti fanများဟု ခေါ်နေသော်လည်း လွန်ခဲ့သည့်နှစ်ရက်တွင် သူတို့က အခြားပရိတ်သတ်များထက်ပင် သူ့တိုက်ရိုက်ထုတ်လွှင့်ဆက်မှုကို ကြည့်ရှူခဲ့ကြသေးသည်။ 


ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့်ရက်က အတိအကျမရှိပေ။ သူ့စိတ်အခြေအနေပေါ်မှာသာ မူတည်သည်။ 


(ပါးစပ်ထဲမှာအသားတွေအပြည့်)က မှတ်ချက်ရေးလာ၏။

[ မင်းထုတ်လွှင့်တာက အတိအကျလည်းမရှိဘူး… ဘယ်လိုလုပ် နာမည်ကြီးလာနိုင်မှာလဲ… မင်းမှာ ဇွဲရှိရင် တစ်နေကုန်တိုက်ရိုက်ထုတ်လွှင့်နိုင်အောင်လုပ်လေ… မင်းသာ သတ္တိရှိရင် ထွက်မပြေးနဲ့ …]


၎င်းက အချစ်လား အမုန်းလားဆိုသည်ကိုပင် ပြောရန်ခက်သွား၏ ။ 


မကြာသေးမီကမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ရောက်လာကြသော ကြည့်ရှူသူများက (ပါးစပ်ထဲမှာအသားတွေအပြည့်)ကို ရှဲ့ရုန်၏ အမာခံဖန်ဟုပင် ထင်သွားကြသည် ။ 


ယနေ့လည်း ရှဲ့ရုန်က တိုက်ရိုက်ထုတ်လွှင့်ရမည်ကို နေ့ဝက်ကျော်မှ သတိရသွားပြီး နောက်ကျမှ ရောက်လာပြန်၏ ။သူက သူ့ပရိသတ်များနှင့် (ပါးစပ်ထဲမှာအသားတွေအပြည့်)ကဲ့သို့ anti fanများကိုပါ နှုတ်ဆက်လိုက်သည် ။


ရှဲ့ရုန်က လွယ်ကူသည့်ဘဝမျိုးကို ရချင်သည်ဟု ပြောခဲ့သော်လည်း သူက တိုက်ရိုက်ထုတ်လွှင့်ရာတွင် ဆုအမြင့်များကို မရခဲ့ဖူးပေ။ သူက မည်မျှပင် နာမည်မကြီးပါစေ ၊ သူ့ဂိုဏ်း၏နောက်ခံကိုတ ဘယ်တော့မှ မမေ့သလို ဆုများပေးရန် သူ့ဘက်က တောင်းဆိုခြင်းမျိုးမရှိသည့်အပြင် ဤသို့ပင် ပြောလိမ့်မည် ။

" မင်းတို့စိတ်တိုင်းကျ လာချင်လာ သွားချင်သွား… ဆုလည်း ကြိုက်သလိုသာပေး…"



💫💫💫