Chapter 8
Viewers 765

💫Chapter 8



သူက တင်ဆက်သူပေါက်စလေးသာရှိသေးသောကြောင့် သူ့ကို ရံဖန်ရံခါ ဆုအနည်းငယ်ချသည့် ဖန်တစ်ယောက် ၊ နှစ်ယောက်ရှိသည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု ဆိုရပေမည်။ 


ရလဒ်အနေဖြင့် ဝမ်ချွမ်း၏ရက်ရောသော အပြုအမူက ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးကို ပေါက်ကွဲသွားစေ၏ ။


[ဘာတွေဖြစ်နေတာလဲ…နောက်ဆုံးတော့ ဗုဒ္ဓလိုကျင့်ကြံတဲ့ တင်ဆက်သူလေးက ကြော်ငြာဖို့ ပိုက်ဆံသုံးတော့မှာလား…]


[ အံ့သြစရာကောင်းအောင်ချမ်းသာတဲ့ပရိသတ်ပဲ…သူဌေးကြီးရဲ့ ခြေထောက်ကို ဖက်ထားလိုက်တော့…အလွတ်မပေးနဲ့…]


(ငါအသားစားချင်တယ်)က လီယိ၏ အမာခံဖန်ဖြစ်ပြီး တစ်နည်းအားဖြင့် ဆိုရလျှင် သူမက ရှဲ့ရုန်၏ anti fanဖြစ်သည်။ သူမက (ညတွင်းချင်း ချမ်းသာလာတယ်)ဟူသည့်အကောင့်ကို မှတ်မိနေပြီး ချက်ချင်း ရှော့ခ်ရသွား၏။ 


[ဒါက ဘာလဲဟ…] 


အချို့သူများက ပွဲအရှိန်တက်နေသည်ကို သတိမထားမိဘဲ မေးခွန်းများ တစ်ခုပြီးတစ်ခုမေးလာ၏။


(ငါအသားစားချင်တယ်)က သူတို့ကို ယခင်က ကံကြမ္မာဟောသည့် ကိစ္စအကြောင်း ပြောမှဖြစ်ပေတော့မည် ။ 

[ ဒီ (ညတွင်းချင်းချမ်းသာလာတယ်)ဆိုတဲ့တစ်ယောက်က သူ(ရှဲ့ရုန်)ကံကြမ္မာဖတ်ပေးလိုက်တဲ့ တစ်ယောက်ပဲ...]


ဝမ်ချွမ်းက ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည် ။

[ဒီဆရာရဲ့ တွက်ချက်မှုက တိကျတယ်… ငါ့အလုပ်က ပြဿနာတက်ပြီး ရည်းစားကလည်း ငါ့ကို လမ်းခွဲသွားတယ်… အခုမှလာပြီး တောင်းပန်ရတဲ့အတွက် တောင်းပန်ပါတယ်… ဆရာ့ကို အရင်က အထင်လွဲမိတဲ့အတွက် စိတ်မကောင်းပါဘူး… ငါက ငါ့အရှေ့မှာရှိနေတဲ့ တောင်ကြီးကိုတောင် သတိမထားလိုက်မိတာပဲ…]


လီယိ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ရောက်လာကြသည့် (ငါအသားစားချင်တယ်)နှင့် အခြားသောanti fanများ : "...."


ဒါက အလိမ်ပဲ… ဒါကြီးက အလိမ်ပဲ ဖြစ်ရမယ်…


ဝမ်ချွမ်း သူ့ကို ဆုချလိုက်ကတည်းက ရှဲ့ရုန် သူ့ကို သတိပြုမိပြီးသားဖြစ်သည်။ ရလဒ်က သူ့အတွက် အံ့သြစရာပင်မဟုတ်ချေ။ သူ့ကို ယခင်က ဂမ္ဘီရတွက်ချက်ပေးရန်ပြောသောသူများဆိုလျှင် ပိုက်ဆံပြတ်သွားသည်ဆိုသည်ကို မရှိပေ။ ထို့ကြောင့် သူက ဆုအတွက် ပေါ့ပေါ့ပါးပါးသာ ကျေးဇူးတင်လိုက်သည်။

" အဲ့ဒါက မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာပါ…"


ထို့နောက် သူက ဘာမှ မပြောတော့ပေ။ သူက ဝမ်ချွမ်း ဆုမချမီက သူပြောနေသည်ကို ဆက်ပြောလိုက်သည်။ 


ပရိသတ်များ : ဒါပဲလား… မင်းအဲ့ဒါကို သေချာရှင်းပြဖို့ မလိုတော့ဘူးလား…


ထိုကဲ့သို့ ဆုလာဘ်အမြောက်အများက ချန်နယ်၏ပင်မစာမျက်နှာတွင်လည်း ပေါ်လာပြီး ကြည့်ရှူသူအသစ်များကိုပါ ဆွဲဆောင်နေ၏။ 


အချို့သူများက ရှဲ့ရုန်၏ ကြည့်ကောင်းသောမျက်နှာကြောင့် ဆက်ကြည့်နေကြသည်။ 


အချို့သောသူများက ပွဲဖြစ်ခဲ့သည်ကို မှတ်မိပြီး မေးခွန်းများမေးလာကြသည် ။


[အဲဒါက အရင်တစ်ခေါက် ဆရာယိကို တိုက်ခိုက်ပြီး နာမည်ကြီးအောင်လုပ်တဲ့ တင်ဆက်သူမလား… သူက အခုဘာလို့ မာကတ်တင်းဆင်းနေရသေးတာလဲ…]


တစ်စုံတစ်ယောက်က လီယိ၏တိုက်ရိုက်ထုတ်လွှင့်မှုကိုပင်သွားပြီး သူ့ကို သတင်းပေးလိုက်သေးသည်။ ၎င်းက လီယိ၏ ဖန်အမြောက်အများကိုပင် ဆွဲဆောင်မိသွား၏ ။ 


ဝမ်ချွမ်းက ရှဲ့ရုန်ကို ယုံကြည်ရကြောင်း အတည်ပြုပေးသော်လည်း အချို့လူများ၏ စိတ်ထဲတွင် သံသယရှိနေဆဲဖြစ်သည် ။ 


[ဒါက ကြိုတင်စီစဥ်ပြီး သရုပ်ဆောင်နေကြတာ မဟုတ်ဘူးလား…]


ရှဲ့ရုန်ကို အနည်းငယ်ပိုပြီးရင်းနှီးနေကြသော ကြည့်ရှူသူများက သူ့က ထိုမျှအထင်သေးစရာကောင်းလိမ့်မည်ဟု မထင်ကြပေ။ သို့သော်လည်း ရှဲ့ရုန်ကို ဂမ္ဘီရဆရာအဖြစ် မည်သို့မှ မြင်ကြည့်၍မရပေ။ သူက ပုံမှန်အားဖြင့် အားလုံးနှင့် အတင်းအဖျင်းပြောဆိုလေ့ရှိပြီး ရုပ်လွန်ပညာအကြောင်း တစ်လုံးတစ်လေမှ ပြောလေ့မရှိပေ။ ၎င်းက လီယိနှင့် ဖြစ်သွားသောပွဲမှာ တိုက်ဆိုင်သွားရုံသာ ဖြစ်သည့်အလားပင်။


[ ရှင်းပြစမ်းပါဦး… နင်က တကယ်ပဲ ရုပ်လွန်ပညာအကြောင်းသိတာလား… ငါတကယ်သိချင်နေပြီလို့… အကျိုးမရှိတဲ့ကိစ္စတွေချည်းပဲ မပြောဘဲနေကြရအောင်လေ ဟုတ်ပြီလား…]


ထိုပရိသတ်များအပါအဝင် နောက်မှရောက်လာကြသော ကြည့်ရှူသူများက ဤကိစ္စ တကယ်လားဆိုသည်ကို သိချင်နေကြသည်။ 


လီယိ၏ဖန်များက ယဥ်ကျေးမှူမရှိဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆို။သော် ဤကိစ္စသာအမှန်ဆိုပါက ဆရာယိက အလိမ်ဆရာဆိုသည်ကို သက်သေပြပေးလိုက်သလို ဖြစ်သွားပေမည်။ ဤသို့ဆိုလျှင် တင်ဆက်သူပေါက်စလေးက ဆရာယိကို တက်နင်းပြီး အမြင့်ကို တက်သွားမည်ဖြစ်သည်။ 


[ ဆရာလီယိက နင့်ကိုမနှောင့်ယှက်တာတောင် နင်က ပိုပြီး ရန်ရှာနေတာမဟုတ်ဘူးလား…ငါတို့ဖန်တွေက နင့်ကို တကယ်ပဲ ဒေါသမထွက်ဘူး ထင်နေတာလား…]


[ တစ်ယောက်က ငါးစာချပြီး တခြားသူတွေကလည်း ဝင်တုံ့ပြန်နေကြတယ်… တကယ်ရိုးရှင်းပြီး နာမည်ကြီးအောင်လုပ်တဲ့နည်းပဲ… အဲဒါကို ဘယ်သူမှ မမြင်ကြဘူးလား…]


ဝမ်ချွမ်း ရှဲ့ရုန်ကို ဆုချရသောရည်ရွယ်ချက်မှာ ဆဲဆိုနေသည့်ပွဲဖြစ်အောင်လုပ်ရမ် မဟုတ်သော်လည်း ဤလူများအားလုံးက ရှဲ့ရုန်ဆီရောက်လာကြသည်ကို တွေ့ရသောအခါ သူ စိတ်ပူလာ၏ ။ 

[ ငါ တစ်ခါမှ ဆရာနဲ့မတွေ့ဖူးပါဘူး… ငါက လီယိရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အချိန်တော်တော်ကြာဖန်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်… မင်းတို့ငါ့ကို ရင်းနှီးသလို မဖြစ်ကြဘူးလား… ငါက သူ့ကို စိတ်ရင်းနဲ့ ဆုချတာပါ… မင်းတို့ငါ့ကို မယုံဘူးဆိုရင်တောင် သူ့ကိုဘာလို့ စိတ်ရှုပ်ခံပြီး ကြိမ်းမောင်းနေရသေးတာလဲ …]


(ညတွင်းချင်း ချမ်းသာလာတယ်)၏ အကောင့်မှာ ထိပ်ဆုံးဖန်ဆယ်ယောက် စာရင်းထဲတွင် မပါသော်လည်း လီယိကို မကြာခဏဆုချတတ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် အတော်လေးပါဝင်လေ့ရှိသည်။ 


(ငါအသားစားချင်တယ်) နှင့် အခြားသောလီယိ၏ ဖန်အဟောင်းများက သူ့ကို သတိပြုမိကြသည်။ သူက ထိုကဲ့သို့ အထောက်အထားနှင့်ပြောလာသောအခါ လူအုပ်ကြီးက ငြိမ်ကျသွား၏ ။ 


[ ဒါက တကယ် သရုပ်ဆောင်နေတာ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ…]


သို့သော်လည်း သဘောထားမပြောင်းလဲသော တစ်စုံတစ်ယောက်က ရှိနေ၏။


[ နင်ဘာလိုချင်တာလဲ… ဘယ်လို လူလိမ်မျိုးက ရိုးသားချင်ယောင် မဆောင်ကြလို့လဲ… နင်အရင်က ဆရာယိရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရှိဖူးတယ်ဆိုတာ ဘာက သက်သေပြနိုင်လို့လဲ… နင့်ကို မကြာသေးခင်ကမှ ပိုက်ဆံပေးပြီး ငှားထားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ…]


လီယိက ဝမ်ချွမ်းကို ကံကြမ္မာဟောပေးပြီး ၎င်းက ကျပန်းရွေးချယ်ခဲ့ခြင်းသာ ဖြစ်သောကြောင့် အတိအကျ ဤလူဖြစ်လိမ့်မည်ဟု ခန့်မှန်းရန်မလွယ်ပေ။ သို့သော်လည်း ဟော၍ပြီးမှ ဝမ်ချွမ်းက ရှဲ့ရုန်ထံမှ ပိုက်ဆံကို လက်ခံမည်ဆိုလျှင် မဖြစ်နိုင်ခြင်း မဟုတ်သည့်အပြင် ယခုက ရည်ရွယ်ချက်ရှိရှိ ရှဲ့ရုန်ကို နာမည်ကြီးအောင် ပူးပေါင်းပေးနေခြင်းလည်း ဖြစ်နိုင်သည် ။


ယခုမှ ရောက်လာကြသော ကြည့်ရှူသူအသစ်များက ဘယ်ဘက်မှ မပါပေ။ သူတို့က ပွဲဖြစ်နေသည်ကိုသာ စိတ်ဝင်တစားကြည့်နေ၏။


သူတို့က ကောင်းကောင်းစကားနိုင်လုနေတာကို တွေ့ရသောအခါ ဝမ်ချွမ်း ဒေါသပင်ထွက်လာသည် ။ 

[ ငါက အဲ့ဒီမဖြစ်စလောက် ပိုက်ဆံလေးကို လိုနေလို့လား… လီယိက အလိမ်ဆရာဆိုတာ မင်းတို့ဘာလို့ ဝန်မခံရဲရတာလဲ… အနည်းဆုံးတော့ သူက မှန်အောင်တောင် မတွက်ချက်ပေးတတ်ဘူးလေ… သူက ဖန်တွေကို အမှန်တိုင်းပြောခွင့်မပေးဘူးမလား…]


ထို့နောက် သူက ရှဲ့ရုန်ကို နောက်တစ်ခါထပ်ပြီး တောင်းပန်ပြန်၏ ။

[ ဆရာ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိလို့ပါ...]


ဝမ်ချွမ်းက ရှဲ့ရုန်ကို ဆရာအဖြစ် သူ့ဘာသာသတ်မှတ်လိုက်ပြီး ရှဲ့ရုန်၏ လုပ်ဆောင်ချက်များကို သူ့ဘာသာအဓိပ္ပာယ်ကောက်ယူလိုက်သည် ။

' ဆရာက ဒီမှာ ဘဝအတွေ့အကြုံယူဖို့ ရှိနေတာပဲဖြစ်ရမယ်… ဒါက အဲဒီ အစီစဥ်ရှိပြီးသားဆရာတွေ လုပ်နေကျပဲ… တကယ်လို့ ဒီဆရာကသာ နာမည်ကြီးချင်တယ်ဆိုရင် သူက ဘယ်လိုလုပ် နာမည်မကြီးဘဲ ရှိပါ့မလဲ… သူက ငါ့လိုလူကို ပွဲဖြစ်အောင်လုပ်ပေးဖို့တောင် ဘာလို့ လိုနေဦးမှာလဲ… ပုံမှန်ဆိုရင် သူ့လိုလူတွေက ကံကြမ္မာကိုတောင်ဟောပေးလေ့မရှိဘူး… သူက သင့်တော်တဲ့ လူမှန်ကို စောင့်နေတာပဲ ဖြစ်မယ်…'


သူက ရှဲ့ရုန်ကို ပြဿနာပေးမိပြီဟု တွေးနေသောကြောင့် စိုးရိမ်ပူပန်လာပြီး ပြဿနာများကို မတည့်မတ်နိုင်သည့်အပြင် ဆရာ့ကိုပိုပြီး ဆန့်ကျင်မိသလို ဖြစ်မှာကိုသာ ကြောင့်ကြနေမိသည် ။


သူက ရှဲ့ရုန်ကို အလွန်ရိုကျိုးနေပြီး ၎င်းက အခြားသူများအား သူ့-င်လာနမ်းရန် တောင်းဆိုနေသလိုပင်။


[ဒီလူကို ပိုက်ဆံဘယ်လောက်တောင် ပေးထားလဲ မသိဘူး…]


[ ညီအစ်ကိုတွေ အုပ်စုဖွဲ့ပြီး ပိုက်ဆံတူတူရှာကြတာလား…]


ဤကိစ္စက ဝမ်ချွမ်းလိမ်ညာပြောထားခြင်းမပါဘဲ ဖြစ်လာတာကြောင့် ရှဲ့ရုန်က ဤကဲ့သို့ကိစ္စမျိုးနှင့် ဝမ်ချွမ်းကို ဒေါသမထွက်မိပေ။ ဝမ်ချွမ်း စိုးရိမ်နေသည်ကို သူခံစားမိသောကြောင့် ပြောလိုက်သည် ။

" စိတ်မပူပါနဲ့ ငါမင်းကို အပြစ်မတင်ပါဘူး…"


သို့သော်လည်း ရှဲ့ရုန်က သူ့ကို ကြိမ်းမောင်းနေကြသော မှတ်ချက်အများစုကြောင့် စိတ်ရှုပ်လာ၏ ။

' လူတွေက ငါ့ရဲ့ ချောမောမှုတွေကို ဘယ်လိုလုပ် ခံစားနိုင်တော့မှာလဲ…'


ရှဲ့ရုန်က ပြောလိုက်သည် ။ 

" မင်းတို့ငါ့ကို မယုံရင် မလာကြနဲ့… အဲ့ဒါက ဘာပဲဖြစ်ဖြစ် ငါ့ရဲ့တိကျအောင်တွက်ချက်နိုင်စွမ်းရည်ကို သက်ရောက်မှာမဟုတ်ဘူး…"


[ ခေါင်းမာချက်ပဲ နင့်ကိုယ်နင်တကယ်ပဲ ဂမ္ဘီရမှာ နံပါတ်တစ်ဆရာတစ်ဆူလို့များ ထင်နေလား…]


ရှဲ့ရုန်က သာမန်ကာလျှံကာသာပြောလိုက်သည်။

" အဲ့ဒါက လီယိရဲ့အဆင့်နဲ့ ယှဥ်ကြည့်မယ်ဆိုရင်တော့ ငါ့ကိုယ်ငါ နံပါတ်တစ်လို့ ပြောရလည်း ကိစ္စမရှိပါဘူး…"


၎င်းက ရည်ရွယ်ချက်ရှိရှိ လီယိကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ရိုးသားသောအမှန်တရားသာဖြစ်၏။ ကျင့်ကြံရေးကမ္ဘာတွင် ရှဲ့ရုန်က လက်ဆောင်ပဏ္ဍာများ မည်မျှရရှိပါစေ ထိုကဲ့သို့ စကားကြီးစကားကျယ်မျိုးကို မပြောရဲပေ။ သို့သော်လည်း လူလိမ်က ဆရာအဖြစ် နာမည်ခံနေသောနေရာတွင် သူ့လိုကောင်းကင်ဘုံ၏တာအိုလမ်းကြောင်းကို အာရုံခံနိုင်သည့် အခြားကျင့်ကြံသူမျိုး ရှိနိုင်မည်မထင်ပေ။ ထိုကြောင့် သူ့ကိုယ်သူ နံပါတ်တစ်ဟုပြောလည်း ပြဿနာမရှိနိုင်ဟု တွေးလိုက်မိသည်။


သေချာပေါက် ဆရာရွှီယိီကလည်း 'တာအို'နှင့်ပတ်သက်၍ အနည်းအကျဥ်းနားလည်သည်။ သို့သော်လည်း သူက ဓားရေးကိုသာ အဓိကဖြစ်ပြီး ရှဲ့ရုန်၏ လမ်းကြောင်းနှင့် မသက်ဆိုင်လှပေ။


ဤသို့ပြောလိုက်ခြင်းက အခြားသူများအတွက် မောက်မာသလိုဖြစ်နေ၏။ ကီးဘုတ်ဖိုက်တာများက တဖြောက်ဖြောက် ကျိန်ဆဲနေကြသော်လည်း ရှဲ့ရုန်က မတုန်မလှုပ် နည်းနည်းမှ ခေါင်းထဲမရှိသည့်အလားပင်။ 


သို့သော် လူအများ၏အာရုံကို ပိုဆွဲဆောင်နေသည့် ဂမ္ဘီရထုတ်လွှင့်တင်ဆက်မှု၏ နံပါတ်တစ်အစ်ကိုကြီး လီယိရောက်လာသောကြောင့် လူအုပ်ကြီးက ထွက်မသွားတော့ပေ။ 


တိုက်ရိုက်ထုတ်လွှင့်မှုသို့ သူရောက်လာသည်နှင့် သူက ပေါက်ပေါက်ဆုပ်စားမည့်သူနှင့် အခြားဖန်အမြောက်အများကိုပါ ခေါ်လာ၍ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှူသူသန်းချီသွားစေ၏။ ထိုလူများရောက်မလာမီ ရှဲ့ရုန်၏ ကြည့်ရှူသူအရေအတွက် ရာဂဏန်းမျှသာ ရှိသည် ။ 


ဤသို့ဖြစ်လာသည်နှင့် လီယိဘက်က လူများသွား၏။ ထိုကဲ့သို့ လူထုအမြင်က ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် လီယိဘက်တွင်လည်း မကောင်းသော သက်ရောက်မှု ရှိလာနိုင်သည်။


ထိုတင်ဆက်သူပေါက်စလေး ရှဲ့ရုန်က နောက်ထပ်မုန်တိုင်းတစ်ခုကို ထပ်ဖြစ်စေလိမ့်မည်ဟု လီယိက ထင်မထားမိပေ။


ယခင်ကလည်း သူ့နာမည်ကြီးမှုကို အသုံးချချင်နေသည့် အခြားတင်ဆက်သူများကို လီယိမတွေ့ဖူးခြင်း မဟုတ်သော်လည်း သူတို့ထဲက တစ်ယောက်မှ အောင်မြင်ကြသည်မျိုးတော့မရှိပေ။ ထို့ကြောင့် အစပိုင်းတွင် လီယိက ရှဲ့ရုန်ကို စိတ်ထဲမထားလိုက်သော်လည်း ယခုတွင်မူ လျစ်လျူရှူထား၍ မဖြစ်နိုင်တော့ပေ ။ 


လီယိက ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ မှတ်ချက်ရေးလိုက်သည် ။

[ အစတုန်းကတော့ မင်းရဲ့အဓိပ္ပါယ်မရှိတာတွေကို ငါဘာမှ မလုပ်ချင်ဘူး… ဒါပေမဲ့ အခုတော့ မင်းက ထိပ်ကိုရောက်ဖို့ ငါ့ကိုတောင် နင်းချင်နေပြီ… ငါက ဒီတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... မင်းက ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ် ဂမ္ဘီရပညာရှင်လို့တောင် ပြောချင်နေသေးတယ်… ဒါဆိုလည်း ပြိုင်ကြတာပေါ့… မင်းရှုံးရင် ငါ့ကိုတောင်းပန်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ရုတ်သိမ်းလိုက်တော့…]


လီယိက အံ့အားသင့်စရာကောင်းအောင် တင်ဆက်သူပေါက်စလေးနှင့် ပွဲစလိုက်ပေသည်။


ပေါက်ပေါက်ဆုပ်လာစားကြသောလူအုပ်က သူတို့အပေါင်းအဖော်များကိုပါခေါ်လာ၍ ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ခါထပ်၍ လိုက်မမှီနိုင်သောအဆင့်သိုရောက်အောင် နာမည်ကြီးသွားစေ၏။ 


ရှဲ့ရုန်က စိတ်ဝင်တစားမေးလိုက်သည် ။ 

" မင်းရှုံးရင် ဘာလုပ်မလဲဆိုတာတော့ မင်း မပြောရသေးဘူးနော်…"


လီယိက သူရှုံးလိမ့်မည်ဟု မတွေးထားပေ ။


သူက ရှဲ့ရုန်၏မျက်နှာကိုဖြတ်ရိုက်ပြီး သူ့သြဇာအာဏာကို ထုတ်ပြရန်သာ ဤနေရာကိုရောက်လာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ်တွင် သူ့ကိုတိုက်ခိုက်ပြီးမသမာသောနည်းလမ်းဖြင့် နာမည်ကြီးချင်သောသူများ ထပ်မရှိလာအောင်ပင်။


သို့သော်လည်း ရှဲ့ရုန်က ထိုသို့ပြောလိုက်သောအခါ လီယိက သံယောင်လိုက်လာ၏။ 

[ မင်းနိုင်တယ်ဆိုရင် အခြေအနေကအတူတူပဲ… မင်းက တော်တော်လေးယုံကြည်မှုရှိနေတယ်ဆိုပေမဲ့ ...စိတ်မပူပါနဲ့ ငါမင်းကို အဲဒီလို အခွင့်အရေးမျိုး ပေးမှာ မဟုတ်ဘူး…]


ရှဲ့ရုန်က စိတ်မပါလက်မပါပြောလိုက်သည် ။ 

" မင်းက ပြိုင်ချင်နေတယ်ဆိုမှတော့ လုပ်လိုက်ကြတာပေါ့… ဒါပေမဲ့ သိပ်စိတ်ဖိစီးမနေနဲ့… မင်းရှုံးသွားတယ်ဆိုရင်တောင် မင်းလုပ်ချင်ရင် တိုက်ရိုက်ထုတ်လွှင့်တာကို ဆက်လုပ်လို့ရပါတယ်… ငါက အဲ့ဒီလောက် အကြင်နာတရားမဲ့တဲ့သူမဟုတ်ပါဘူး…"


လီယိ၏ အမူအရာကခန့်မှန်းရန် ခက်ခဲ၏။ 

' ဒီရှဲ့ရုန်က တကယ်လွယ်တဲ့သူမဟုတ်ဘူးပဲ… သူက အခုပဲ ထုတ်ပြောလိုက်ပြီ… တကယ်လို့ သူရှုံးသွားပြီး စည်းကမ်းလိုက်နာရမယ်ဆိုရင် ငါက ရန်လိုပြီး ခွင့်မလွှတ်တတ်တဲ့သူဖြစ်မသွားဘူးလား…'


သို့သော်လည်း ရှဲ့ရုန်က ပြောသင့်သည့်အရာ မှန်သမျှကို ပြောပြီးပြီဖြစ်ပြီး သူ ယခုထပ်ပြောလိုက်လျှင် များသွားမည်စိုးသောကြောင့် တိတ်တိတ်နေလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။



💫💫💫