Chapter 9
Viewers 761

💫Chapter 9



ရှဲ့ရုန်က အနိုင်ရရန်သာ ပြင်ဆင်ထား၏။ ယခုတွင် သူ့ဂျူနီယာညီမလေးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေပြီး သူ့အတွက်ပင် ဖန်အင်အားတည်ထောင်ရန် အသင့်ဖြစ်နေသည်။ ထို့ကြောင့် သူလည်း ပိုအလေးအနက်ဖြစ်လာပြီး သူ၏ သင်္ကေတရှစ်ချပ်ဘုတ်ပြားကိုပါ ထုတ်လိုက်သည်။ 


တိုက်ရိုက်ထုတ်လွှင့်မှု၌ ကြည့်ရှူသူများက ပွဲကိုစောင့်ကြည့်နေကြပြီး ယောက်ျားနှစ်ယောက် ပွဲကြီးကြီးဖြစ်လာမည်ကို မစောင့်နိုင်ကြတော့ပေ။ ၎င်းက အခမဲ့ ကြော်ငြာပေးနေသလိုပင်။ တင်ဆက်သူနှစ်ယောက် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းနှစ်ခန်းကို ချိတ်ဆက်လိုက်သောကြောင့် နှစ်ယောက်ထဲမှတစ်ယောက်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုဝင်လိုက်သည်နှင့် သူတို့တိုက်ခိုက်နေသည်ကို တွေ့မြင်ရနိုင်သည်။ 


ကြယ်တာရာခေတ်တွင် ရုပ်လွန်ပညာကို ယုံကြည်သက်ဝင်သူက လူနည်းစုသာဖြစ်ပြီး ဂမ္ဘှီရပညာကလည်း ငွေရပေါက်တစ်ခုဖြစ်သည်။ ဂမ္ဘီရဆရာနှစ်ယောက် လူသိရှင်ကြားပြိုင်ဆိုင်သည့်ပွဲက ဂမ္ဘီရပညာကို စိတ်မဝင်စားသည့်သူများ၏ အာရုံကိုပါ ဆွဲဆောင်မိသည် ။ 


နှစ်ယောက်စလုံးက ပြောစရာပင်မလိုအောင် ကြည့်ကောင်းနေ၏။ ရှဲ့ရုန်၏ မျက်နှာကလည်း ပြောစရာမလိုသလို လီယိကလည်း ရှဲ့ရုန်နီးပါးလောက် အမြင်ဖမ်းစားနေပြီး သူ့ထပ် အနည်းငယ်အသက်ပိုကြီးပုံရသည်။ သို့သော်လည်း သူတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် သူက အခြေအနေဆိုးမှာမဟုတ်ကြောင်း သေချာနေပြီး ပြုမူပုံများက အလွန်အဆင့်မြင့်နေ၏။ 


ရှဲ့ရုန်နှင့် လီယိက မျက်နှာပြင်တွင် တစ်ဖက်တစ်ချက်စီ၌ ပေါ်လာသောအခါ 'ဘယ်သူက ဆရာနဲ့ ပိုတူသလဲ' ဟု မေးနေသည့်အလား လူအများက လီယိကို ဆရာနှငိ့ ပိုတူသည်ဟု တွေးလိုက်မိကြသည် ။ သို့သော်လည်း လူအချို့ကမူ မီးမောင်းထိုးခံရသည့်သမင်လေးအလား ရှဲ့ရုန်၏ မျက်နှာကိုသာ ဦးတည်ကြည့်နေကြ၏ ။ 


ရှဲ့ရုန်နဲ့ လီယိတို့ ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်နေကြပြီ…


လီယိက မေးလိုက်သည် ။

" မင်းဘယ်လို ပြိုင်ချင်လဲ…"


သူက သူသေချာပေါက်နိုင်မည်ဟု တွေးနေသောကြောင့် အနိုင်ရရှိသူတစ်ယောက်လိုပြုမူနေ၏။ 


သို့သော်လည်း ရှဲ့ရုန်က ဂရုမစိုက်သလိုသာပြောလိုက်သည်။ 

"ဘာပဲဖြစ်ဖြစ်ရတယ် မင်းရွေးလိုက်…"


သူလည်း သူ အနည်းငယ်အနိုင်ကျင့်မိသလို ခံစားမိသောကြောင့် တတ်နိုင်သမျှ လွှတ်ပေးထားလိုက်သည် ။ 


လီယိ၏ မျက်ခုံးက မသိမသာကျုံ့သွား၏။

အဲဒီရှဲ့ရုန်က ဒီလောက်ချေငံနေတာ သူ့မှာ ဝှက်ဖဲရှိနေလို့လား ဒါမှမဟုတ် သက်သက်ဟန်ဆောင်နေတာလား…


သို့သော် လီယိက စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ရှဲ့ရုန်ကြောင့် ခေါင်းရှုပ်မခံတော့ပေ ။ 


လီယိ၏ ဘိုးဘေးများကလည်း ဂမ္ဘီရကံကြမ္မာဟောခြင်းကို လေ့လာခဲ့ကြသည်။ သို့သော် ကြယ်တာရာခေတ်တွင်တော့ ထိုကဲ့သို့ ဂမ္ဘီရပညာက ခေတ်မစားတော့ပေ။ ကျန်ရှိနေသေးသော လူအများစုကလည်း သူတို့၏ ဘဝနေထိုင်မှုကို ဤကဲ့သို့ အချင်းအရာများပေါ်၌ မမှီခိုတော့သလို လူနည်းစုကလည်း ထိတွေ့မှုနည်း၏ ။


လီယိ၏စိတ်က ပြတ်သားသည်။ သူက ဤသို့ဆက်သွားနေလျှင် မဖြစ်တော့သောကြောင့် ပိုက်ဆံရှာရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။


အမှန်တွင် သူကိုယ်တိုင်လည်း ရုပ်လွန်ပညာကို ယုံကြည်မှုမရှိလှပေ။ သူကိုယ်တိုင်လည်း သူ့တွက်ချက်မှုက မတိကျကြောင်း သေချာနေသော်ငြား ထိုသူကတော့ 'တိကျ'နေ၏။  


လီယိက သူ့ဟက်ကာသူငယ်ချင်းများကို အကူအညီတောင်းပြီး နောက်လူတစ်ယောက်၏အချို့သောဒေတာနှင့် အပ်ပလီကေးရှင်းအသုံးပြုမှုမှတစ်ဆင့် ကြားဝင်ကာ စက္ခုကွန်ရက်ပေါ်ရှိ အချက်အလက်များကို ရယူနိုင်မည့် ပရိုဂရမ်ကို ဆွဲထားသည်။ ဥပမာအားဖြင့် ထိုလူက မကြာသေးမီက မိန်းကလေးအသုံးအဆောင်အချို့ကို ဝယ်ယူလျှင် ဒါက ထိုသူ မကြာသေးမီကပဲ ရည်းစားရနေခြင်းဖြစ်နိုင်သည် ။ ၎င်းက မတည်ငြိမ်သေးသော ဆက်ဆံရေးလည်း ဖြစ်နိုင်ပေမည်။


ထို့နောက် သူက တရုတ်ပြက္ခဒိန်ပေါ်ရှိ သင်္ကေတရှစ်ချပ်နည်းနှင့် ဆက်စပ်၍ ဟောလိုက်ရုံသာဖြစ်သည်။ ၎င်းက လူများ၏စိတ်နှင့် ကိုက်ညီအောင် ပြော၍ရသည့် နည်းလမ်းကောင်းဖြစ်ပြီး လူများကိုလည်း အံအားသင့်သွားစေနိုင်၏။ 


ထိုဂမ္ဘီရပညာဟူသောအရာက စိတ်ပညာကို အနည်းငယ်အလုပ်ပေးရုံသာဖြစ်ပြီး လူများ၏စိတ်ကို ဖော်ထုတ်ရသည့် ပညာရပ်သာဖြစ်သည်ဟု လီယိတွေးမိသည်။ ယနေ့ခေတ်တွင် ထိုဒေတာအချက်အလက်များက ပို၍ပင် အရေးပါနေသေး၏။ ထို့ကြောင့် ခိုးယူထားသော ဒေတာအချက်အလက်များ၊ စိတ်ပညာနှင့် ရုပ်လွန်ပညာကို ပေါင်းစပ်လိုက်သောအခါ သူ့ကို မည်သူမှ မယှဥ်နိုင်တော့ပေ။


ရှဲ့ရုန်က သူ့ထပ်ပိုပြီးကောင်းကောင်းလုပ်နိုင်လိမ့်မည်ဟု သူ မယုံပေ ။ 


နောက်ဆုတ်ရန် ဘယ်လိုမှ မဖြစ်နိုင်သောကြောင့် လီယိက ပြောလိုက်သည် ။

" ပရိသတ်လူငါးယောက်ကို ကျပန်းရွေးပြီး သူတို့ရဲ့ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အရေးပါတဲ့အတွေ့အကြုံတွေကို တွက်ချက်ကြည့်တာပေါ့…ပိုပြီး တိကျအောင် တွက်ချက်နိုင်တဲ့သူက အနိုင်ရမယ် …"


အဆုံးတွင် ရှဲ့ရုန်က အလွန်ဝါနုသေးသည်ဟု လီယိခံစားမိသည်။ ဤစည်းမျဥ်းများအောက်တွင် မည်သူက အနိုင်ရမလဲ ဘယ်သူက ရှုံးမလဲဆိုသည်ကို သံသယဝင်နေစရာပင် မလိုတော့ချေ။ 


" ဒါပေမဲ့ အဲ့ဒါက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်သလို ဖြစ်မနေဘူးလား… "


" ပါဝင်ချင်တဲ့သူတွေက စာရင်းသွင်းပြီး ရွေးချယ်မဲ့နေရာမှာ ကလစ်နှိပ်လို့ရတယ်… ပြီးတော့ စနစ်က သူတို့ရဲ့ နာမည်တွေကို အလိုအလျောက် ရွေးချယ်ပေးလိမ့်မယ်… "


အချို့လူများက သူတို့၏ ကိုယ်ရေးကိုယ်တာ ထုတ်ဖော်ခံရမည်ကို စိုးရိမ်ကြသော်လည်း ပရိသတ်များက အလွန်များသောကြောင့် ထိုကိစ္စတွင် စိတ်ပါဝင်စားကြသူများလည်း ရှိနေပြီး သူတို့နှစ်ယောက်တွင် မည်သူက ပိုတိကျအောင် တွက်ချက်နိုင်မည်ကို သိချင်နေကြသည်။ သူတို့ဟောသည်က တကယ်မှန်လား သေချာစေမည့်နည်းလမ်းက ကိုယ်တိုင်ပါဝင်လိုက်ရန်ပင်။ လူများက အချင်းချင်းမသိကြလျှင် သူတို့၏ အရေးကြီးသောဖြစ်ရပ်များက ဘာလဲဆိုသည်ကို ခန့်မှန်းရန် အလွန်ခက်လိမ့်မည် ။ 


ထို့ကြောင့် စာရင်းသွင်းသည့်ဖောင်ကို ဖွင့်လိုက်ပြီးနောက် လူများစွာက ပါဝင်ရန် ကလစ်နှိပ်လာကြ၏။


တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံလိုင်းကလည်း ဤပြိုင်ပွဲကြောင့် စိတ်ဝင်စားမှုအလွန်များလာပြီး အခွင့်ကောင်းရသွား၏။ ထို့ကြောင့် သူတို့ဘက်ကလည်း ပြိုင်ပွဲကို မျှတပြီး သမာသမတ်ကျအောင် ကူညီပေးရန်အတွက် အကောင့်တုများ ပါဝင်မလာအောင် ထိန်းချုပ်ပေးထားလိုက်သည်။ 


ငါးမိနစ်ကြာပြီးနောက် စာရင်းသွင်းခြင်းကို ပိတ်လိုက်ပြီး စနစ်က လူငါးယောက်ကို ကျပန်းရွေးပေးလိုက်သည် ။ 


Anti fanဖြစ်သော ( ငါအသားစားချင်တယ် ) က စာရင်းတွင်ပေါ်လာပြီး သူမက စိတ်လှုပ်ရှားနေခြင်းကို ဖော်ပြရန် စာအရှည်ကြီးဖြင့် မှတ်ချက်ပေးလိုက်သည် ။ 

 

[ ငါထင်တောင် ထင်မထားမိဘူး… ထီမပေါက်ဘဲ ဒီလိုမျိုး ကံကောင်းသွားလိမ့်မယ်လို့ မထင်ထားမိဘူး…]


သူတို့နှစ်ယောက် တစ်ယောက်အဖြေကို တစ်ယောက်က ခိုးမချနိုင်အောင် ရှဲ့ရုန်နှင့် လီယိတို့က သူတို့၏ တွက်ချက်မှုကို တိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံလိုင်းတွင် တင်ရန်လိုပြီး တစ်ယောက်ပြီး တစ်ယောက်ထုတ်ပြန်ရမည် ဖြစ်သည်။ 


( ငါအသားစားချင်တယ်)က ပထမဆုံး တွက်ချက်ခံရမည့်သူဖြစ်သည် ။ 


ရှဲ့ရုန်နှင့် လီယိတို့ကို တိုက်ရိုက်ထုတ်လွှင့်မှု၌ သေချာဖော်ပြထား၏။ လီယိက မျက်လုံးအသာမှိတ်ထားပြီး လက်ထဲ၌ ကြေးဒင်္ဂါးကို ကိုင်ထားလျက် ပါးစပ်က မန္တာန်ကို ရွတ်ဆိုနေသည်။ တစ်ဖက်မှ ရှဲ့ရုန်ကမူ ဘာမှမလုပ်ပေ ။ သင်္ကေတရှစ်ချပ်ဘုတ်ပြားကို ဘေးချထားပြီး လီယိက ရိုးရာပုံစံဖြင့် ဖျော်ဖြေနေသည်ကိုသာ စိတ်ဝင်တစားကြည့်နေ၏။ 


သူတို့နှစ်ယောက်ကြား၌ လက်ခံနိုင်စွမ်းက ကွာခြား၏။ 


ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက ပြောမပြနိုင်အောင် စိုးရိမ်နေကြသည် ။ 


[ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဆိုရင်လည်း အနည်းဆုံးတော့ ဟန်ဆောင်ပန်ဆောင်လေး လုပ်ပါဦး…] 


ရှဲ့ရုန်က မှတ်ချက်အပြုံလိုက်ကို မမြင်သည့်အလား သူ့၏ တွက်ချက်မှုရလဒ်ကို တိုက်ရိုက်ထုတ်လွှင့်မှူ ရုပ်သံလိုင်းတွင်သာ အေးအေးဆေးဆေး တင်လိုက်သည်။ လူတစ်ယောက်၏ သာမန်ဖြစ်ရပ်များဖြစ်သော အတိတ်ကိုခန့်မှန်းရခြင််းက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များပင် မပါသောကြောင့် စိတ်ဝိညာဥ်စွမ်းအားများစွာ သုံးစရာမလိုပေ။ ၎င်းက ရှဲရုန်အတွက် အိပ်နေသလောက်သာရှိသည်။ 


ကြည့်ရှူသူများက စိတ်ဝိညာဥ်အတက်အကျကို မခံစားနိုင်သောကြောင့် သူဘာမှမလုပ်ဟု အထင်လွဲသွားခြင်း ဖြစ်သည်။ 


ရှဲ့ရုန်က ရလဒ်ကို အမြန်တင်လိုက်သောကြောင့် 'သူတစ်ခုခုတောင် ရေးထားရဲ့လား ၊ ဒါမှမဟုတ် ကြုံရာလျှောက်ရေးထားသလား' ဆိုသည်ကို ကြည့်ရှုသူများက သိချင်နေမိသည် ။ 


ရှဲ့ရုန်၏ လျင်မြန်မှုက လီယိ၏ လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေ၏။ လီယိက ရှဲ့ရုန်ကို မော့ကြည့်လိုက်ပြီး သူ၏စက္ခုကွန်ရက်ပေါ်တွင် ရလဒ်ကို တင်ပေးလိုက်သည်။


" မင်းအသက် ၇နှစ်တုန်းက မောင်လေးတစ်ယောက် ရခဲ့တယ်…" 


" မင်းအသက် ၁၅ နှစ်မှာ မင်းအဖေက မင်းရဲ့ပထမဆုံး မက်ခါကို ပေးခဲ့တယ် …"


" မင်းအသက် ၁၈နှစ်မှာ ပထမဆုံးဖက်ဒရယ်စစ်တပ်ပညာသင်ကျောင်းရဲ့ မက်ခါဌာနကို ဝင်ခွင့်ရခဲ့တယ် …" 


"..."


လီယိက သူ့ရလဒ်ကို ဖတ်ပြလိုက်ပြီး (ငါအသားစားချင်တယ် )ကလည်း မှတ်ချက်ကို စိတ်လှုပ်ရှားစွာရေးသားလိုက်သည် ။ 

[ အဲဒါက အရမ်းတိကျတာပဲ ။ ဆရာလီယိ ပြောတာကွက်တိပဲ…]


ငါ အကြာကြီး ပရိသတ်လုပ်လာရတာ မဆိုးဘူးပဲ…


ထိုသူ အခြားသူများအတွက် တွက်ချက်ပေးနေခြင်းနှင့် သူမအတွက် တွက်ချက်ပေခြင်းကို ကြည့်ရသည်က လုံးဝကို မတူညီသော ခံစားချက်ဖြစ်သည် ။ 


ဘာတွေးရမလဲဆိုသည်ကို မသိသည့် လူအများလည်း ရှိသေးသည်။ 


[ အဲ့ဒါက တကယ်ပဲ အဲ့လောက်တောင် တိကျတာလား… အဲလောက်တောင်ပဲ ရှင်းလင်းတယ်ပေါ့… သူတို့က တကယ်ပဲ လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုတောင် တွက်ချက်နိုင်တာလား…]


လီယိ၏ ဖန်များက အောင်ပွဲခံရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆုများချနေကြ၏။ ထို့အပြင် သူတို့အများစုက လီယီ၏တွက်ချက်မှူမှာ မြေကြီးလက်ခတ်မလွဲမှန်ကန်သည်ဟု တွေးနေကြသည် ။


(ငါအသားစားချင်တယ်)က လီယိ၏ ပရိသတ်ဖြစ်သော်လည်း သူမက လွန်ခဲ့သည့်နှစ်ရက်တွင် ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှု၌လည်း အချိန်အတော်ကြာကြာဖြုန်းခဲ့သေးသည်။ သူမက ရှဲ့ရုန်ကို ကြိမ်းမောင်းပြီး မကျေနပ်ချက်များပြောနေသော်လည်း ယခုတွင် မည်သည့်ရန်လိုစိတ်မှ ရှိမနေပေ ။


သူမက ရှဲ့ရုန်မှာ အနိုင်ရနိုင်သည့် အခွင့်အရေးအလွန်နည်းနေခြင်းကို တွေးမိပြီး စိုးရိမ်မိသွားသောကြောင့် မှတ်ချက်ရေးပေးလိုက်သည် ။ 

[ ရှုံးတာကို ဝန်ခံပြီး တောင်းပန်လိုက်ပါတော့… ဆရာလီယိက ခက်ခဲအောင်လုပ်မှာ မဟုတ်ပါဘူး… ဒီလိုဆို နင်လည်း ရှက်စရာအခြေအနေကြီးကို ရှောင်ပြီးသား ဖြစ်တာပေါ့…]


ရှဲ့ရုန်က မှတ်ချက်ကို တွေ့သောအခါ ရယ်လိုက်သည် ။ 

" ငါ ငါ့ရဲ့ရလဒ်ကိုတောင် မပြောရသေးဘူးလေ… ငါရှုံးမယ်လို့ ဘာလို့ အားလုံးက တွေးနေကြတာလဲ…"


ပရိသတ်များက အတိုင်းအတာမရှိ ရှုတ်ချလာ၏။

[ အဲ့ဒါက ရှင်းနေပြီပဲ မဟုတ်ဘူးလား…]


သို့သော်လည်း ရှဲ့ရုန်က စိတ်အေးလက်အေးဖြင့် အင်္ကျီလက်ကိုဆွဲချကာ ပြောလိုက်သည် ။ 

" မင်းမှာ မောင်လေးရှိတယ်… မင်းတို့က မကြာခဏရန်ဖြစ်တတ်ကြပေမဲ့ အရမ်းလည်း ရင်းနှီးကြတယ်… မင်း ပထမဆုံးစစ်တပ်သင်တန်းကျောင်းကို ရောက်သွားတာက မင်းကိုယ်တိုင်သဘောကျလို့မဟုတ်ဘဲ မင်းမောင်လေးက သဘောကျလို့ပဲ… ဒါပေမဲ့ သူ့မှာက မက်ခါကို မောင်းနှင်နိုင်တဲ့ စွမ်းရည်မရှိဘူး… မင်းက အနုပညာကို သဘောကျပေမဲ့ အဆုံးမှာ မက်ခါကိုပဲ ရွေးချယ်ခဲ့တယ်…"


(ငါအသားစားချင်တယ်)က မျက်တောင်မခတ်ဘဲ စက္ခုကွန်ရက် ဖန်သားပြင်ကိုသာ ကြည့်နေ၏။


သူမစိတ်ကို ပြောင်းလဲခဲ့ရခြင်းက သူမမောင်လေးကြောင့်ဆိုသည်ကို မည်သူ့ကိုမှ သူမ မပြောပြခဲ့ဖူးပေ။ သူမ၏ အမေနှင့်အဖေ အပါအဝင် အားလုံးက သူမကိုယ်ပိုင်စိတ်အရ ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်း သိထား၏။ အခုချိန်တွင် သူမကိုယ်တိုင်က တစ်ခုခုကို လုပ်ချင်ခဲ့ခြင်းကို မေ့မလို ဖြစ်နေသည် ။ 


မှတ်ချက်ရေးသားသည့်နေရာ၌ လူများက (ငါအသားစားချင်တယ်)ကို အလုအယက်မေးနေကြ၏။

[တကယ်လား သူတွက်ချက်တာက မှန်လား ]


အကယ်၍ ရှဲ့ရုန်တွက်ချက်ဖသည်ကသာ မှန်လျှင် လီယိနှင့် ယှဥ်ပြိုင်ခြင်းက အပြတ်အသတ်ဖြစ်သွားလိမ့်မည် ။ 


အခြားသူများ၏ တိုက်တွန်းမှုအရ နောက်ဆုံးတွင် (ငါအသားစားချင်တယ်)က မှတ်ချက်ရေးလာ၏။

[ အဲ့ဒါအမှန်ပဲ သူပြောတာ အကုန်မှန်တယ်…]


မှတ်ချက်ရေးသားသည့်နေရာ၌ ပွဲဆူသွား၏ ။


[ တကယ်လို့ ဝမ်ချွမ်းလုပ်တာက ရှဲ့ရုန်နာမည်ကြီးဖို့ဆိုရင် အခုဟာကရော…ရုပ်သံလိုင်းကပါ ရှဲ့ရုန် နာမည်ကြီးအောင် ပူးပေါင်းပေးနေတာတော့ မဖြစ်နိုင်ဘူးမလား…]


ရှဲ့ရုန်က (ငါအသားစားချင်တယ်)၏ သမိုင်းကြောင်းကိုပါ ထိုကဲ့သို့အထောက်အထားနှင့် တွက်ချက်ပေးလာ၍ မယုံကြည်ရန် ခက်ခဲလှသည်။ ၎င်းက ရင်းနှီးသည့်လူတစ်ယောက် ပြန်ပြောပြသည်ထက်ပင် ပို၍ရှင်းလင်းနေသေးသည်။ 


လီယိ ပထမဆုံးဖြစ်သွားသော အမူအရာမှာ - 

' ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒါ ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်… တကယ်လို့ ရှဲ့ရုန်သာ အဲ့လောက်ထိတော်နေရင် သူက တိုက်ရိုက်ထုတ်လွှင့်မယ့်အစား တစ်ခြားတစ်ခုခုလုပ်သင့်တာပေါ့…'


သို့သော် ၎င်းက သူ့ကိုယ်သူအရူးလုပ်နေခြင်းသာဖြစ်ကြောင်း သူသိသည်။ သူ ထိတ်လန့်နေချေပြီ ။ 

' ဒါက ကြိုတင်စီစဥ်ထားတာ မဟုတ်ဘူး… ရှဲရုန်ကလည်း တကယ့်ပညာရှင်ဆိုရင် သူကတော့...'


' သူက တကယ့်ဆရာပဲ…'


ပရိသတ်များက ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဤသို့ စတင်ပြီး မှတ်ချက်ရေးလာကြ၏။

[ ဆရာ ကျွန်မကိုလည်း ကူပြီး တွက်ချက်ပေးပါ…]


ယခုဆိုလျှင် လီယိ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ ဖန်များကပင် နောက်ဆုတ်ချင်နေကြ၏။ ရှဲ့ရုန်၏ တွက်ချက်မှုက တိုက်ဆိုင်သွားသည်ဟု ပြောရန် အလွန်တိကျလွန်းနေ၏။


လီယိက ဂမ္ဘီရပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုတွင် နံပါတ်တစ် တင်ဆက်သူဖြစ်နိုင်သော်လည်း သူ့‌တွင် anti fanများ မရှိခြငိး မဟုတ်ပေ။ ယခင်က သူ့ပရိသတ်များနှင့် ချန်နယ်လိုင်း၏ ကြီးကြပ်ရေးက သူ့ကို အားပေးပြီး anti fanများကို ထကြွရန် အခွင့်အရေးမပေးခဲ့ခြင်းဖြစ်သည် ။ သို့သော် ယခုတွင် လီယိ၏ anti fanများက အခြေအနေကို အခွင့်ကောင်းယူကာ လီယိကို ဝေဖန်လာကြသည် ။ 

[ ငါပြောသားပဲ သူက အလိမ်ဆရာပါဆို… နင်တို့အရူးတွေက သူ့ကို ယုံကြည်နေလို့ အရူးလုပ်ခံရတာ…]


[ သူ့ဖန်တွေအားလုံးက သိုးသာသာပဲ…]


လီယိ၏ အမူအရာက တင်းမာသွား၏။ သူက မီးဖိုပေါ်သို့ တင်ခံလိုက်ရသည့်အလား ခံစားလို

က်ရပေသည်။


ရှဲ့ရုန်က သူ့ကိုကြည့်ရင်း ရိသဲ့သဲ့ပြုံးလျက် ပြောလိုက်သည်။

" ဆက်ပြိုင်ချင်သေးလား… မင်းအခု အရှုံးကို ဝန်ခံမယ်ဆိုရင် ငါလက်ခံပေးမယ်…"



💫💫💫