Chapter 10
Viewers 764

💫Chapter 10



ရှဲ့ရုန်က လီယိ၏စိတ်ခံစားချက်ကို ဂရုစိုက်မနေပေ။ သူက ပရိသတ်များကို သက်တောင့်သက်သာပင် နှုတ်ဆက်လိုက်ပြီး ဘာမှမဖြစ်သည့်အလား ပြောလိုက်သည် ။ 

" အိန်ဂျယ်လ်အသစ်လေးတွေက သုံးခါကလစ်နှိပ်လို့ရတယ်နော်… ကျွန်တော်က ရုပ်ချောတဲ့တင်ဆက်သူ ရှဲ့ရုန်ပဲ ဖြစ်ပါတယ်…ကျွန်တော့်ကို follow လုပ်ထားမယ်ဆိုရင် အရှုံးရှိမှာ မဟုတ်ပါဘူး…"


သူက ကင်မရာကို လက်ပြလိုက်သည် ။ 


[တစ်ဆိတ်လောက်ပါ ဒီတင်ဆက်သူက အရင်ကတည်းက ဒီလို အပြောကောင်းတာလား…]


[ဟုတ်တယ် သူက အရင်ကတည်းက ဒီလို သဘောကျစရာကောင်းပါတယ်… ဒါပေမဲ့ ပိုက်ဆံပေးပြီးပွဲရှာခိုင်းတဲ့သူ ဖြစ်နေတာ စိတ်မကောင်းစရာပဲ…]


[ ငါများ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှားဝင်မိတာလား… သူက ဆရာလီယိနဲ့ ပြိုင်မယ်လို့ မပြောသွားဘူးလား… သူက မျက်နှာကိုပဲ အဓိကထားတဲ့ တင်ဆက်သူဖြစ်နေတာလား…]


ထိုထူးဆန်းသောမှတ်ချက်များကြားတွင် (ဂျူနီယာညီမလေးက သန်မာတဲ့သူဖြစ်လာချင်တယ်) ၏ 50x စူပါကြယ်တံဆိပ်ဆုချလိုက်ခြင်းက အလွန်ကို သိသာနေ၏ ။ 


ဤဆုတစ်ဆုက ကြယ်ဒင်္ဂါး ၅သောင်းတန်သည်။ (ဂျူနီယာညီမလေးက သန်မာတဲ့သူဖြစ်လာချင်တယ်) ကချက်ချင်းပင် နံပါတ်၂ အားပေးသူဖြစ်လာပြီး သူမ၏ မှတ်ချက်များက အရောင်စုံပြောင်းလဲသွား၏ ။ 


ဒီမှာ ဘာမာကတ်တင်းမှ မလုပ်ထားဘူးလို့ ဘယ်သူက ယုံမှာလဲ…


သို့သော်လည်း ရှဲ့ရုန်က နာမည်ကိုတွေ့သွားသောအခါ သူ့မျက်နှာက ကင်မရာဘက်ကိုလှည့်ရင်း မဲ့သွား၏ ။ 

" တစ်ဆိတ်လောက်ပါ ကျွန်တော် အဆိုးလေးကို သင်ပြပေးလိုက်ဦးမယ်…"


ထို့နောက် ရှဲ့ရုန်က ကင်မရာရှေ့မှ ထွက်သွား၏။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူသူများက မည်သည့်အရာများဖြစ်နေလဲဆိုသည်ကို နားမလည်နိုင်သေးမိီမှာပင် ရှဲ့ရုန်က ထိုအကောင့်မှာ ဂျူနီယာညီမလေးဆာ့ဆာ့ ဖြစ်ကြောင်းသိလိုက်သည် ။ 


သူက ဆာ့ဆာ့၏ နေရာဝန်းသို့ရောက်လာပြီး တံခါးနှစ်ချက် ခေါက်လိုက်သည်။ ဆာ့ဆာ့က တံခါးဖွင့်ကာ ရိုးသာသောမျက်နှာလေးဖြင့် ထွက်လာ၏။ 

" တတိယစီနီယာအစ်ကို… ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မနေဘဲ ကျွန်မ အခန်းကို ရောက်လာတာလဲ…"


 (ဂျူနီယာညီမလေးက သန်မာတဲ့သူဖြစ်လာချင်တယ်)က တကယ့်ကို ဆာ့ဆာ့ဖြစ်နေ၏။ တတိယစီနီယာအစ်ကိုက ကောင်းကောင်းအလုပ်မဖြစ်နေသည်ကို သူမ သတိထားမိသည်။ ချိုမြိန်သော ဂျူနီယာညီမလေးအနေဖြင့် သူ့ကို သူမ အားပေးရပေမည်။


ထို့ကြောင့် ယနေ့တွင် သူမက ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သောအခါ လီယိက သူ၏အင်အားကြီးသောဖန်နောက်ခံဖြင့် ဝေ့လည်ကြောင်ပတ်ပြောနေတာကို တွေ့လိုက်ရသည်။ 

သူ(ဆာ့ဆာ့) ဘယ်လိုလုပ် သည်းခံနိုင်တော့မလဲ…


သူတို့ ထိုက်ယီဂိုဏ်းက ဤကဲ့သို့ အပြင်လူများထံမှ လွယ်လွယ်အနိုင်ကျင့်မခံရနိုင်ပေ။ 


သူမ၏ တတိယစီနီယာအစ်ကိုက လက်ရှိတွင် ဖန်အမြောက်အများမရှိသေးသော်လည်း ဆာ့ဆာ့က ထိတ်လန့်မသွားပေ။ သူတို့ ပရိသတ်ထောင်ပေါင်းများစွာကို သူမတစ်ယောက်တည်းလည်း ရင်ဆိုင်နိုင်သည်။ သူမက တစ်ခါတည်း ကြယ်ဒင်္ဂါး ၅သောင်းတန်ဆုကို ချပေးလိုက်သည်။ 


ပိုက်ဆံက ခဏတာအဆင်ပြေနေသော်လည်း တတိယစီနီယာအစ်ကို၏ " အဆိုးလေးကို သင်ပြပေးလိုက်ဦးမယ် " ဟူသော စကားကိုကြားသောအခါ ဆာ့ဆာ့ အနည်းငယ်ကြောက်သွားပြီး ရှဲ့ရုန်ရှေ့၌ မသိဟန်ဆောင်နေ၏ ။ 


ရှဲ့ရုန်က ဆာ့ဆာ့ခေါင်းကို လက်လှမ်းကာ ပြောလိုက်သည်။ 

" ချစ်ဖို့ကောင်းအောင်လုပ်ပြမနေနဲ့… ငါ့အပေါ်မှာ ဒါမျိုးနဲ့ အလုပ်မဖြစ်မှန်း မင်းသိပါတယ်… မင်း အကြီးဆုံးစီနီယာအစ်ကိုပေးတဲ့ မုန့်ဖိုးတွေအားလုံး သုံးပစ်လိုက်တာလား…"


ဆာ့ဆာ့ ဝန်ခံမှ ရတော့ပေမည် ။

" တစ်ဝက်လောက်ကိုပဲ သုံးလိုက်တာပါ… "


စုန့်နင်ဖုန်းက ဆာ့ဆာ့ကို အဆင့်မြင့်သုံးဖက်မြင်ကစားစက်ဝယ်ပေးပြီးနောက် နောက်ထပ် ကြယ်ဒင်္ဂါးတစ်သိန်းကိုလည်း သူမလိုချင်သည်များဝယ်ရန် လွှဲပေးလိုက်သေးသည်။


ရှဲ့ရုန်က ဆာ့ဆာ့၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည် ။ 

" ပိုက်ဆံတွေကို လက်လွတ်စပယ်ဖြုန်းမပစ်နဲ့… တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းက ၅၀ရာခိုင်းနှုန်း ဖြတ်သွားတာပဲလေ… ဒါကြောင့် ဘာလို့ ငါ့ကို ငွေတွေလွှဲပေးနေမှာလဲ… နောက်တစ်ခါ ငါ့ကို ဆုမချနဲ့တော့…"


၎င်းက ဆာ့ဆာ့၏ ပိုက်ဆံဖြစ်ပြီး သူမကြိုက်သလို သုံး၍ရသည်ဟု ရှဲ့ရုန်တွေးမိသည်။ သို့သော် သူမကိုယ်တိုင်အတွက် သုံးသည်က အဆင်ပြေသော်လည်း သူ့ကို ဆုချရန်သုံးခြင်းက အသုံးမဝင်ပေ ။ 


ဆာ့ဆာ့က ရှက်ကိုးရှက်ကန်းဖြစ်သွား၏ ။ 

"ဒါပေမဲ့ တတိယစီနီယာအစ်ကိုမှာ သူ့ကိုထောက်ပံ့ပေးမယ့်သူတွေရှိသေးတယ်ဆိုတာလည်း ကျွန်မက တခြားသူတွေကို သိစေချင်သေးတယ်လေ…"


' တတိယစီနီယာအစ်ကိုအတွက် တိုက်ရိုက်ထုတ်လွှင့်တာကို စဖို့က တကယ်ခက်ခဲတယ်… ပြီးတော့ လူတွေက ပိုခက်ခဲအောင်လုပ်နေတာပဲ… သူ အဲ့ဒီလိုနဲ့ စိတ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ …'


နည်းနည်းလေးမှ စိတ်ထိခိုက်မနေသော ရှဲ့ရုန်က ချိန်ဆတွေးလိုက်သည်။ သူ့ဂျူနီယာညီမလေး အထင်မလွဲအောင်လုပ်ရန်နှင့် ဂိုဏ်း၏ဂုဏ်သိက္ခာလည်း မကျအောင် လုပ်ရမည်ဖြစ်သည့်အတွက် သူလည်း ဤမျှလောက်အထိတည်ငြိမ်နိုင်ရန် မတတ်နိုင်ပေ။ အကယ်၍ သူကောင်းကောင်းမလုပ်နိုင်သည်ကို သိပြီး တစ်ခြားစီနီယာအစ်ကိုများကပါ သက်ညှာမှုကိုပြသရန် ရောက်လာကြလျှင် သူ့အတွက်လည်း နေမထိထိုင်မသာဖြစ်ရလိမ့်မည်။ 


ရှဲ့ရုန်က ယုံကြည်မှုရှိရှိပြုံးကာ ကျောက်စိမ်းအရိုးကို ထုတ်လိုက်သည်။ သူက ထိုအရာကို နှစ်ခါမျှ ခတ်လိုက်သည် ။ 

" ဆာ့ဆာ့ စိတ်မပူပါနဲ့… ငါ့အရည်အချင်းတွေ သူတို့ကိုထုတ်ပြမှာကိုသာ စောင့်ကြည့်လိုက်… အဲ့ဒီလူက ဖန်တွေအများရှိပေမဲ့ ငါက သူ့ကိုတော့ ရှုံးမှာမဟုတ်ပါဘူး…" 


ကောင်းပြီ… သူ့မှာ အခုကိစ္စအသစ်အတွက် နည်းနည်းလုပ်ချင်ကိုင်ချင်စိတ်ရှိသွားပြီ…


လီယိက သေချာပေါက် အရှုံးကို ဝန်မခံချင်ပေ။ အရှုံးကို ဝန်ခံလိုက်ခြင်းက ပရိသတ်အမြောက်အများကို ဆုံးရှုံးပြီး သူ့နာမည်လည်း ကျဆင်းသွားစေမည့် အဓိပ္ပါယ်ပင်။သို့သော်လည်း သူသာ ဤနည်းအတိုင်းဆက်သွားနေလျှင် သူက မျက်နှာပိုပျက်ရပြီး ငွေပိုဆုံးရှုံးရလိမ့်မည်ဆိုသည်ကို သူသိသည် ။


လီယိက မျက်နှာမပျက်ချင်သော်လည်း သူက အကောင်းနှင့် အဆိုးကို ချိန်ဆတတ်သည့် အတွေ့အကြုံရှိသူဖြစ်သည်။ သူက ချက်ချင်းပင် ပြောလိုက်သည် ။

" ငါဝန်ခံပါတယ်… ငါက မျက်လုံးကန်းနေပြီး ညီငယ်လေးရဲ့ 'တာအိုပညာ'က ငါ့ထက်ပိုမြင့်နေတာကို မမြင်မိတဲ့အတွက် တောင်းပန်ပါတယ်… မောက်မာမိတာကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…"


သူ့အမူအကျင့်က မည်မျှကောင်းသည်ကို တွေ့လိုက်ရသောအခါ ဖန်အမြောက်အများက ဆက်သည်းမခံနိုင်တော့ပေ။ 

[ ရှဲ့ရုန်က ငယ်သေးတာကိုတွေ့ပြီး သူဘယ်လောက်လုပ်နိုင်သလဲဆိုတာကို မခန့်မှန်းမိတာ ပုံမှန်ပါပဲ… ပြီးတော့ ဒီလိုအလုပ်မျိုးမှာ အဲ့လောက်ကျွမ်းကျင်တဲ့သူကို တွေ့ဖိုဆိုတာ မလွယ်ဘူးလေ… ရှဲ့ရုန်က အံ့အားသင့်စရာကောင်းပါတယ်… ဒါပေမဲ့ လီယိက အဲ့ဒီလောက် မတိကျတာဘဲ ရှိတာ မှားနေတာတော့ မဟုတ်ဘူးလေ…]


သို့သော် ရှဲ့ရုန်က ရှင်းရှင်းလင်းလင်း မထုတ်ဖော်သေးဘဲ လီယိကို ပြောလိုက်သည် ။

" မင်းက ငါ့ကိုရော သတိမထားမိဘူးလား… မင်းက တော်တော်လေးတိကျတယ်ဆိုမှတော့ ငါဘယ်လောက်အထိ လုပ်နိုင်လဲဆိုတာကိုရော ဘာလို့မတွက်ချက်ကြည့်ခဲ့ရတာလဲ…"


လီယိက ရှဲ့ရုန်နှင့် အကြည့်ချင်းဆုံသွားပြီး နဖူး၌ ချွေးများပြန်လာ၏။ လီယိ၏ စိတ်ထဲ၌ အပြင်းအထန် ငြင်းဆိုနေသည် ။ 

' မဖြစ်နိုင်တာပဲ… သူအဲ့လောက်ထိတော့ မလုပ်နိုင်လောက်ပါဘူး…'


လီယိက သူ့ကိုယ်သူ ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည် ။

" ပါးစပ်ပိတ်ထားစမ်း…"


ရှဲ့ရုန်သာ သူ(လီယိ) 'ဘယ်လို ကံကြမ္မာဟောနေသလဲ' ဆိုသည်ကို ပြောလိုက်သည်နှင့် သူ့ စီးပွားရေးက လုံးဝကို မြောင်းထဲရောက်သွားလိမ့်မည်။ ထိုသို့ပြောပြီးနောက် သူ့အသံက အနည်းငယ်လွန်သွားသည်ကို သိလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည် ။

" တောင်းပန်ပါတယ်… ငါအရမ်းစိတ်လှုပ်ရှားသွားလို့ပါ… မစ္စတာရှဲ့ ...အိုး မဟုတ်သေးပါဘူး… ဆရာရှဲ့ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ… ငါမင်းကို နောက်ကျရင် ခက်ခဲအောင်မလုပ်တော့ဘူးဆိုတာ ကျိန်ဆိုပါတယ်… ငါမင်းကို အကြွေးတစ်ခုတင်သွားပြီ…"


ဤအချိန်တွင် သူက သံပူပြားကို ကန်မိရုံသာမဟုတ်ဘဲ Sအဆင့်ရှိ မက်ခါကို ကန်မိလိုက်ကြောင်း လီယိလည်း သဘောပေါက်သွားသည်။ သူ့ခြေထောက်ကျိုးသွားခြင်းလောက်က ပြဿနာမဟုတ်သော်လည်း သူ့ဘဝတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလျှင် ပြဿနာရှိသွားလိမ့်မည် ။ 


လီယိက ရှဲ့ရုန်ကို စကားဖြင့် ကျေနပ်စေရုံသာမကဘဲ ရှဲ့ရုန်ဆီသို့ သီးသန့်စာများလည်းများစွာ ပို့လိုက်သည်။ ထိုထဲတွင် ရှဲရုန်သာဘာမှမပြောသရွေ့ ကြိုက်သလို ညှိနှိုင်း၍ရပြီး တိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှ သူတို့ပြောကြလျှင် အကောင်းဆုံးပဲဟု ပြောထား၏ ။ 


လီယိ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး တစ်ခုခုမှားနေကြောင်း သိသာနေ၏။ မှတ်ချက်ရေးသည့်နေရာ၌ အမေးသင်္ကေတ (question mark)များ ပလူပျံနေပြီး လီယိ 'ဘာလို့ ရုတ်တရက်ကြီး ရိုကျိုးသွားသလဲ'ကို သိချင်နေကြသည် ။ 


[ရှဲ့ရုန်က တိတ်တဆိတ်တစ်ခုခုလုပ်လိုက်တာများလား…]


လီယိ၏ဖန်များပင်လျှင် ရှဲ့ရုန်ကို အမြန်ထုတ်ပြောစေချင်နေကြ၏။


ရှဲ့ရုန်က လီယိပို့ထားသော သီးသန့်စာများကို မဖတ်ဘဲ ပြောလိုက်သည် ။

" ငါမင်းရဲ့ မျက်နှာသာပေးတာရော ၊ အကျိုးပြုတာရော မလိုချင်ဘူး… ဒါပေမဲ့ မင်းမသမာတဲ့နည်းနဲ့ ရထားတဲ့ ငွေတွေအားလုံးကို လှူဒါန်းရမယ်… ပြီးတော့ ဒီလို လိမ်လည်တာမျိုးကို ထပ်မလုပ်နဲ့တော့…"


လီယိ၏ နှုတ်ခမ်းထောင့်များက မဲ့ရွဲ့သွားပြီး သူ့စိတ်ထဲနာကျင်နေသော်လည်း သူကပြောလိုက်သည် ။

" ငါနားလည်ပါပြီ… အဲဒီလို လုပ်လိုက်ပါ့မယ်…"


ကံကြမ္မာဟောရာမှ ဝင်ငွေရသည့်အပြင် လီယိက အွန်လိုင်းစျေးဆိုင်တွင် အဆောင်ကျောက်နှင့် လက်ဖွဲ့များ ရောင်း၍လည်း ဝင်ငွေအမြောက်အများရခဲ့သည်။ ရှဲ့ရုန်၏ မသမာသောနည်းလမ်းဆိုသည်က ၎င်းကိုလည်း ရည်ညွှန်းနေ၏။ 


လီယိက အခြားသူများ ထိခိုက်အောင် ဘာမှမလုပ်သည့်အတွက် ရှဲ့ရုန်က ၎င်းကို အကျယ်ချဲ့မနေတော့ပေ။ သူက ဘာမှအပိုလုပ်မနေတော့ဘဲ သူ့အတွက်ဖွင့်ထားသည့် တံခါးမှ ထွက်သွားချင်နေ၏ ။ 


လီယိ၏ ဆော့ဖ်ဝဲလ်ကတော့ အခြားဝဘ်ဆိုဒ်များကဲ့သို့ စျေးဝယ်သူဆားဗစ်ကို တိုးမြှင့်နိုင်အောင် သိသာသည့်ဒေတာများကိုသာ ဖမ်းယူခြင်းဖြစ်သည်။ ထိုကဲ့သို့ အရာမျိုးကလည်း သေချာပေါက် မီးခိုးရောင်နယ်မြေပင််ဖြစ်၏ ။ အားလုံးက သိနေကြသော်လည်း ထုတ်မပြောကြပေ။ 


လီယိ၏ ဦးနှောက်က အလွန်သွက်သည်ဟုသာ သူပြောနိုင်သည်။ သူက အချက်အလက်များနှင့် ကံကြမ္မာဟောသည်ကို ပေါင်းစပ်ရန်ပင် တွေးမိနိုင်၏။ 


ရှဲ့ရုန်က ပြုံးကာ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှူသူများကို ပြောလိုက်သည် ။ 

" ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုက ဒီလောက်ပါပဲ… သုံးဆကလစ်ဖို့ မမေ့နဲ့နော်…ဒီအတိုင်းပျောက်မသွားဘဲ ၊ ကျွန်တော့်ကိုလည်း followသွားကြပါဦး…"


ပရိသတ်များက အခြေအနေကို နားလည်စပြုရုံသာရှိသေးသည် ။ 


[ဘာတွေဖြစ်နေတာလဲ… လီယိက လူလိမ်လား… ဒါဆို သူဘယ်လိုလုပ်ခဲ့တာလဲ… နင်ငါတို့ကို မရှင်းပြသွားတော့ဘူးလား… ]


ကံကြမ္မာမဟောရသေးသည့် လူလေးယောက်ကျန်နေသေးသောကြောင့် သူတို့က ရှဲ့ရုန်ကို ထွက်မသွားစေချင်သေးပေ။ 


[ငါတို့လည်း ရွေးချယ်ခံထားရတာမဟုတ်ဘူးလား…ငါတို့လည်း ကံကြမ္မာဟောပေးတာ လိုချင်တယ်လို့…]


ရှဲ့ရုန်က သူတို့ကို တိုက်ရိုက်အချက်အလက်များပေးပို့လိုက်သည်။ 

" အာ... ဒါက မင်းတို့ရဲ့ ကိုယ်ပိုင်အကြောင်းအရာပဲလေ… မင်းတို့ကိုယ်တိုင်သိကြတယ် မဟုတ်ဘူးလား… ပြိုင်ပွဲကပြီးသွားပြီ…ဒါကြောင့် ဒါကို မင်းတို့ဘာသာပဲ သိမ်းထားလိုက်တော့…"


သူတို့လေးယောက်မှလွဲ၍ အချက်အလက်ထဲတွင် မည်သည့်အရာများရေးထားသည်ကို ဘယ်သူမှမသိကြပေ ။ သို့သော် သူတို့လေးယောက်က ဖတ်ရှူပြီးနောက် မှတ်ချက်များရေးလာ၏။ 

[ဆရာရှဲ့က အံ့သြစရာပဲ…]


ခေါင်းစဥ်က မသိမသာပြောင်းလဲသွား၏။


*****


ဆာ့ဆာ့က ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း၌ ပုန်းပြီး ချောင်းကြည့်နေခြင်းဖြစ်သည်။ သူမ၏ တတိယစီနီယာအစ်ကိုက အခြေအနေကို ထိန်းချုပ်နိုင်သွားကြောင်း တွေ့လိုက်တာနှင့် သူမက ထွက်လာပြီး " တတိယစီနီယာအစ်ကိုက အကောင်းဆုံးပဲ"ဟု ပြောကာ ပစ္စည်းလာပို့ခြင်းကို လက်ခံရန် ထွက်သွား၏။


သူမ မှာထားသော သုံးဖက်မြင်ကစားစက်က ရောက်လာပြီဖြစ်သည် ။ 


ပို့ဆောင်ရေးစက်ရုပ်က တောင်ပေါ်တက်သည့်လမ်း၏ တံခါးရှေ့၌ ရပ်နေသည်။ ရွှီယီက အတိဒုက္ခဖြတ်ကျော်ရန် သွားချိန်၌ ဂိုဏ်းတစ်ခုလုံး၏ ကာကွယ်ရေးအစီအရင်ကို ပိတ်ချထားခဲ့သည်။ သို့သော်လည်း ခရီးစဥ်ပြီးနောက် ရွှီယီက အစီအရင်ပြန်ချလိုက်သောကြောင့် အပြင်လူများက ခွင့်ပြုချက်မရှိ ဝင်လာ၍မရတော့ပေ။


ပို့ဆောင်ရေးစက်ရုပ်ပင်လျှင် တောင်အောက်ခြေအထိသာ ပို့ပေးနိုင်၏။ 


စက်ရုပ်က ဆာ့ဆာ့ကို မေးခွန်းမေးနိုင်သည်အထိ တိုးတက်နေ၏။

" မဒမ် တောင်ပေါ်အထိ သယ်သွားဖို့ အကူအညီလိုအပ်သေးလား …" 


ဆာ့ဆာ့က သူမထက် နှစ်ဆကြီးသော ပါဆယ်ထုပ်ကိုလက်တစ်ဖက်တည်းဖြင့်သယ်လျက် ပြောလိုက်သည်။ 

" မလိုတော့ပါဘူး ကျေးဇူးတင်ပါတယ်… "


စက်ရုပ်က ကမ္ဘာကြီးကို မြင်ဖူးပြီးသား စက်ရုပ်တစ်ရုပ်ဖြစ်သော်လည်း ဆာ့ဆာ့၏ လုပ်ဆောင်ချက်က အနည်းငယ် အံ့အားသင့်သွားစေ၏ ။

" အံ့သြစရာကောင်းတဲ့ မိန်းကလေးပဲ…"


ဆာ့ဆာ့က မကျင့်ကြံနိုင်သော်လည်း သူမ၏ စီနီယာအစ်ကိုများက သူမကို ချစ်သောကြောင့် သူမအတွက် ပစ္စည်းကောင်းများကို စုပေးထားတတ်သည်။ သူမ ကိုယ်တိုင်ပင်လျှင် မည်သည့်ရုပ်ပိုင်းဆိုင်ရာတောင့်တင်းကြံ့ခိုင်စေသည့်ဆေးကို စားထားမိသည်ကိုပင် မသိတော့ချေ။ သူမ၏ ရုပ်ပိုင်းဆိုင်ရာက သာမန်လူများနှင့် ယှဥ်လျှင် အများကြီး ပိုသန်မာနေ၏။ 


သုံးဖက်မြင်ကစားစက်ကို သယ်တာလေးများ ၊ ဘာမှအထွေအထူးမဟုတ်ဘူး…


ဆာ့ဆာ့က ပါဆယ်ထုပ်ကို ဖောက်ကြည့်ရန် မစောင့်နိုင်တော့ပေ။ လမ်းညွှန်ချက်အတိုင်း ချိတ်ဆက်ကြည့်ပြီးနောက် သူမက လှဲလျောင်းကာ သုံးဖက်မြင်လှုပ်ရှားမှုကို ဖွင့်ပြီး စတားကွန်ရက်ထဲဝင်လိုက်သည်။ 


စတားကွန်ရက်အတွက် သုံးဖက်မြင်လှုပ်ရှားမှုက ဆာ့ဆာ့၏ အတွေးများဝင်ရောက်သွားနိုင်သည့် ကမ္ဘာကြီးတစ်ခုလိုပင် လူအစစ်က ထိုအထဲ၌ လက်တွေ့ဖြစ်နေသည့်အတိုင်းဖြစ်၏။ 


ဆာ့ဆာ့လည်း မနေနိုင်တော့ဘဲ သိချင်စိတ်ဖြင့် မှန်ထဲကြည့်လိုက်မိသည်။ မှန်ထဲရှိလူက သူမနှင့် တစ်ထေရာတည်းတူပြီး ၎င်းက အစစ်လားဆိုသည်က်ု ခံစားကြည့်ရန် သူမက လက်ကို ဖျစ်ညှစ်ကြည့်လိုက်သည်။



💫