Chapter 11
Viewers 758

💫 Chapter 11



ပုံမှန်အားဖြင့် သူမက သီးသန့်နေရာ၌ ရှိလျှင်ပင် သူမ၏ ပုံစံအမှန်ကို မကြည့်ချင်လျှင် မျက်နှာဖုံးဝတ်ထားတတ်သည်။ သုံးဖက်မြင်စတားကွန်ရက်တွင်မူ သူမ၏ အတွေးကို ချိန်ညှိလိုက်ရုံပင်။ ဂိမ်းကမ္ဘာထဲတွင် ခံစားနိုင်မှုကို လျှော့ချလိုက်ပါက ထိတွေ့မှုနှင့် နာကျင်မှုကဲ့သို့သော ခံစားနိုင်စွမ်းကလည်း လျော့ကျသွားလိမ့်မည်။ လူအများစုက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိအောင် ဂိမ်းကစားရာ၌ သူတို့၏ ခံစားနိုင်စွမ်းကို လျှော့ချထားသည်။ သို့သော်လည်း ဆာ့ဆာ့က ထိုသို့မလုပ်ထားပေ။


ဆာ့ဆာ့က ပြင်ပမှလာသော အံ့ဖွယ်အာရုံကို တွေ့လိုက်ရပြီး ၎င်းက ကျင့်ကြံရေးကမ္ဘာ၌ တွေ့မြင်နေကြမဟုတ်ပေ။ သို့သော် နည်းပညာ၏ စွမ်းအားအရ အားလုံးက သူတို့၏ အသိအာရုံကို ထုတ်လွှတ်နိုင်၍ အံ့အားသင့်စရာတစ်မျိုးပင် ဖြစ်သည်။ ဆာ့ဆာ့က နည်းပညာ၏စွမ်းအားကို သတိရမိပြီး မက်ခါလေ့ကျင့်သည့်နယ်မြေသို့ ပြောင်းရွှေ့လိုက်သည်။ သူမ၏ ဂိမ်းထဲမှသူငယ်ချင်းများက စိတ်ဝင်စားစရာကောင်းသော သုံးဖက်မြင်ဂိမ်းမျိုးစုံကို ညွှန်းပေးခဲ့သော်လည်း သူမစိတ်ဝင်စားဆုံးအရာက မက်ခါထဲတွင် ရှိနေ၏ ။ 


ဆာ့ဆာ့ မကြာသေးမီကမှ ထိုနာမည်ကို ကြားဖူးထားပြီး အချက်အလက်အချို့ကို ရှာကြည့်ထား၏။ ဤကမ္ဘာက ကျင့်ကြံရေးကမ္ဘာနှင့် အလွန်ကွာခြားသည်ကို သူမ ရှာတွေ့ထားသည်။ ကျင့်ကြံရေးကမ္ဘာမှ လူများက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏စွမ်းအားကို ကျင့်ကြံရန် အသုံးပြုသည်ဆိုလျှင် ကြယ်တာရာခေတ်မှလူများက သူတို့ကိုယ်သူတို့ အင်အားတပ်ဆင်ရန် နည်းပညာ၏ စွမ်းအားကို အသုံးချကြသည်။ ကျင့်ကြံရေးကမ္ဘာမှ လူများက ကိုယ့်ကိုယ်ကိုယ် တည်ထောင်ရာ၌ အလေးပေးပြီး ကြယ်တာရာခေတ်၏ လူများက လူများကို အားနည်းရာမှ အားကောင်းလာစေမည့် မက်ခါကဲ့သို့ ပြင်ပပစ္စည်းများကို ဦးစားပေးကြသည် ။ 


မက်ခါ ဆိုသည်မှာ ဂိမ်းထဲတွင်သာရှိသည့် စိတ်ကူးယဥ်ပစ္စည်းမျိုးမဟုတ်ဘဲ အပြင်၌လည်း အမှန်တကယ်ရှိနေ၏။


ကျင့်ကြံနိုင်ရန်ဆိုသည်က ဆာ့ဆာ့၏စိတ်ထဲမှ နောင်တတစ်ခုဖြစ်ပြီး မက်ခါကို မောင်းနှင်ခြင်းကမူ စိတ်ဝိညာဥ်ရင်းမြစ်မလိုအပ်သောကြောင့် ဆာဆာ့အတွက် ကမ္ဘာအသစ်တစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ပင်။ 


သူမက ဆရာနှင့် အခြားသူများကို မပြောသေးဘဲ စတားကွန်ရက်ရှိ မက်ခါမောင်းနှင်သည့်ဂိမ်းတွင်သာ ဦးဆုံးစမ်းကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုလျှင် ထိုသူများက သူမကျင့်ကြံနိုင်ရန်ကို စိတ်ပူနေရဆုံးသောသူများဖြစ်ပြီး ဤကိစ္စကိုလည်း ထပ်ပြီးစိတ်ပူနေကြမည်ကို သူမသိနေသောကြောင့်ပင်။ သူတို့ကို မပြောမီ သူမ မက်ခါကို မောင်းနှင်နိုင်ကြောင်း သေချာအောင် ‌ဦးစွာလုပ်ရမည်။


မက်ခါလေ့ကျင့်သည့်နယ်မြေပြင်ပတွင် ဆာ့ဆာ့၏ ငယ်ရွယ်သောမျက်နှာလေးက အခြားသူများ၏ အာရုံကို ဆွဲဆောင်နေ၏။


အားလုံးသိကြသည့်အတိုင်း မက်ခါမောင်းနှင်ခြင်းက စိတ်ပိုင်းဆိုင်ရာအင်အားနှင့် ဗီဇအဆင့်တို့လိုအပ်သည်။ ဗီဇအဆင့်ဟုခေါ်သောအရာက ရုပ်ပိုင်းဆိုင်ရာ အင်အားတောင့်တင်းမှုကို ဆိုလိုသည်။ မက်ခါလုပ်ဆောင်မှုကို အပြီးသတ်နိုင်ရန်အတွက် မက်ခါတိုက်ခိုက်ရေးသမားများက သူတို့၏ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကို အပြင်းအထန်အားထုတ်ရန် လိုအပ်သည်။ ကြွက်သားများ အလွန်တောင့်တင်းနေရန် မလိုအပ်သော်လည်း ဆာ့ဆာ့ကဲ့သို့ အပျော်တမ်းကစားသမားဖြစ်ကာ ကျိုးပဲ့လွယ်နေပုံပေါက်၍မရပေ ။ 


ထို့ကြောင့် လူများက စိတ်ထဲ၌ ခေါင်းခါယမ်းနေမိကြသည်။ 


" ဘာမှမသိဘဲ အတွေ့အကြုံရှာမယ့် နောက်တစ်ယောက်လာပြန်ပြီ… အဲ့ကလေးမ အကြိမ်ပေါင်းများစွာ ပြုတ်ကျပြီး ငိုယိုရင်းပါ ပြန်ပြေးသွားလောက်တယ်… မက်ခါဌာနရဲ့ အဓိကတက္ကသိုလ်တွေက သူတို့ရဲ့ဝင်ခွင့်စံနှုန်းကို မလျှော့ချထားတာပဲ ကံကောင်းပြီလို့ပြောရမယ်… မဟုတ်ရင် ဒီလို လူသစ်လေးတွေ ဝင်လာတာနဲ့ လွယ်မှာ မဟုတ်ဘူး… "


အခြားသူများ၏ စိတ်ပျက်မှုကို သတိမထားမိဘဲ ဆာ့ဆာ့က နေရာအနှံ့ပတ်ကြည့်ကာ ပျော်ပျော်ပါးပါးဝင်ရောက်လာ၏ ။ 


ဗီဇအဆင့် : မှတ်တမ်းမရှိ


စိတ်ဝိညာဥ်ပင်လယ်အဆင့် : မှတ်တမ်းမရှိ


လေ့ကျင့်ဖူးသည့် အရေအတွက် : သုည


ထိုနေရာ၌ နူးညံ့သော မိန်းကလေးတစ်ယောက်၏အသံက ထွက်ပေါ်လာသည် ။ 

( သင့်အတွက် တက်သစ်စလမ်းညွှန်မုဒ်ကို ဖွင့်ပေးပါမယ် ၊ ဘလာဘလာဘလာ...)


ဆာ့ဆာ့ ထိုကဲ့သို့ နောက်ပိုင်းစကားများကို ကလစ်နှိပ်ကာ ကျော်လိုက်သည်။ သူမက လမ်းညွှန်ချက်များကို စိတ်ဝင်စားမှုမရှိသော်လည်း အဆုံးတွင် မက်ခါစီမံရေးလမ်းညွှန်ချက်ကို သေချာဖတ်လိုက်သည် ။ 


မက်ခါစီမံရေးလမ်းညွှန်ချက်က အခြေခံအသိပညာဖြစ်သော်လည်း မက်ခါအတွင်းရှိ ခလုတ်မျိုးစုံအကြောင်းကို မိတ်ဆက်ပေးထားသည်။ မက်ခါကို အခုမှစမောင်းမည့် အချို့လူသစ်များက သူတို့၏ ခြေလက်များနှင့် ဦးနှောက်၏လုပ်ဆောင်မှုကြား၌ ညီညွတ်မှုမရှိသေးသောကြောင့် မက်ခါက မကြာခဏပြုတ်ကျလာတတ်သည်။ သူတို့က မက်ခါကို ပိုပြီးမြင့်မြင့်မောင်းနှင်လေလေ သက်ရောက်မှုက ပိုကြီးလာလေလေပင်။ 


ဆာ့ဆာ့မှာ အစကတည်းက ဗီဇအဆင့်သာမက စိတ်ဝိညာဥ်ပင်လယ်အဆင့်ပါမရှိသည့်အတွက် သူမက စိတ်အနှောင့်အယှက်ဖြစ်မနေပေ။ ဆာ့ဆာ့ အတွက် ယခုရရှိနိုင်သည်အားလုံးက မက်ခါလေ့ကျင့်ရေးအခြေခံများနှင့် လူသစ်များစမ်းကစား၍ရသော မက်ခါသာဖြစ်သည်။ ဖော်ပြချက်၌ ပါရှိသော မက်ခါ၏ အဆင့်များကို သူမက ကျော်ချသွား၏ ။


မက်ခါထဲကို ရောက်သည်နှင့် ဆာ့ဆာ့က လှည့်ပတ်စူးစမ်းနေပြီး သူမ မမောင်းနှင်မီ အားလုံးကို စိတ်ထဲ၌ မှတ်သားနေရာချထားလိုက်သည် ။


အစပိုင်း၌ သူမခြေထောက်ကို မ,လိုက်သည့်အခါ အသားမကျသေးဘဲ သူမခန္ဓာကိုယ်တစ်ခုလုံးက အနောက်သို့ ယိုင်သွား၏။ 


သို့သော်လည်း " အသားမကျ" သည့်ခံစားချက်မျိုးက ဆာ့ဆာ့အတွက် နေ့စဥ်ကြုံတွေ့နေကျဖြစ်သည်။ သူမက ကျင့်ကြံနခြင်းနှင့် စိတ်ဝိညာဥ်ရင်းမြစ်ကင်းမဲ့နေခြင်းကို ပြောင်းလဲရန်အတွက် မျိုးစုံပြုလုပ်ခဲ့ဖူးသည် ။ သူမ၏ 'တန်းထျန်'ကို တိုက်ရိုက်သက်ရောက်မှုရှိစေရန်အတွက် သူမစိတ်အာရုံကို အသုံးပြုခြင်းနှင့် သူမခန္ဓာကိုယ်တွင် အချက်ပြလာစေရန် ထိုကဲ့သို့ စိတ်ဝိညာဥ်စွမ်းအားအမြောက်အများအသုံးပြုရပြီး ဆေးများဘယ်လောက်တောင်သောက်ခဲ့ရသည်ကို သူမကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ 


အချို့သော သက်စောင့်ဆေးများက သာမန်သူများပါ သောက်သုံး၍ရပြီး အချို့သော သက်စောင့်ဆေးများကမူ ရှေးဦးဝိညာဥ်အဆင့်ကျင့်ကြံသူများသောက်သုံးလျှင် ဘေးဥပါဒ်ဖြစ်စေ၏။ ဆာ့ဆာ့က ထိုဆေးများ၏ သက်ရောက်မှုအားလုံးကို စိတ်စွမ်းအင်တစ်ခုတည်းနှင့် တောင့်ခံခဲ့ရသည်။ 


ဆာ့ဆာ့က အကြိမ်ပေါင်းများစွာ သေလုဆဲဆဲဖြစ်ခဲ့ရပြီး သူ့ဆရာကပင် ကယ်တင်ခဲ့ရသည်။ ထို့ကြောင့်လည်း ဆရာနှင့် အခြားစီနီယာအစ်ကိုများက သူမကို စိတ်ပူနေကြခြင်း ဖြစ်သည် ။ 


အလွန်မြင့်နေသောနေရာတွင် မက်ခါကိုမောင်းနှင်နေချိန်၌ ခြေလက်ဖြင့် ထိန်းချုပ်မှုတစ်ခုလွတ်သွားခြင်းက အလွန်မသက်မသာဖြစ်သော်လည်း ဆာ့ဆာ့အတွက် အရေးမကြီးလှပေ။


သူမ၏စိတ်က ရှင်းလင်းနေ၏။ သူမ မက်ခါ၏လမ်းကြောင်းပြောင်းလဲမှုနှင့် သူမ မည်သို့ပြန်တည့်မတ်နိုင်မည်ကို တွေးလိုက်သည်။ 


ဆာ့ဆာ့က ပြုတ်ကျတော့မည့်အချိန်တွင် သူမက အန္တရာယ်များသော အမြင့်တက်ခြင်းကို ရွေးချယ်လိုက်သည်။ ၎င်းက အမြင့်ဆုံးသတ်မှတ်ချက်ကိုပင် ရောက်မလိုဖြစ်နေသော်လည်း တစ်ပတ်လည်ပြီးနောက် ပြန်ဆင်းသက်လာ၏။ 


၎င်းက အခုမှ လမ်းလျှောက်စသင့်သည့် ကလေးတစ်ယောက်လိုပင် အနည်းငယ်ရယ်စရာကောင်းနေ၏ ။ 


သို့သော်လည်း ထိုနေရာတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်သာရှိနေလျှင် သူတို့ ရယ်နိုင်တော့မည်မဟုတ်ပေ။ 


အဲ့ဒါက အဲဒီလောက်တောင်ပဲ ခြေမခိုင်ဖြစ်နေတာလား…လမ်းလျှောက်စသင်တဲ့ ဘယ်ကလေးကများ မလဲကျဖူးလို့လဲ… သူကတော့ တစ်ကြိမ်လေးတောင် မပြုတ်ကျဘူးလေ … ဒါက နည်းနည်းလေးတောင် ခြေမခိုင်တဲ့ပုံစံပေါက်မနေဘူး… ဒါက ရည်ရွယ်ချက်ရှိရှိ စွမ်းရည်တွေထုတ်ပြနေတာပဲ…


သူမက ပြုတ်ကျမည့်ဆဲဆဲဖြစ်နေချိန်တိုင်း အချိန်ကိုက် ပြန်တည့်မတ်လိုက်နိုင်သည်။ ဤသို့ ထိန်းချုပ်နိုင်စွမ်းက သာမန်သူများတွင် မရှိပေ။


ဆာ့ဆာ့က သူမ၏စွမ်းရည်ကို ထုတ်ပြရန်လုပ်နေခြင်းမဟုတ်ဘဲ သူမက မက်ခါနှင့်အသားကျအောင်လုပ်ပြီး ၎င်း၏ တုံ့ပြန်မှုအကန့်အသတ်ကို စမ်းသပ်နေခြင်းဖြစ်သည်။ သို့သော် သူမ မက်ခါကိုမောင်းနှင်နေချိန်၌ ပြုတ်ကျသွားမည်ဆိုပါက အလွန်ရူးနှမ်းရာကျနေလိမ့်မည်။ ထို့ကြောင့် သူမက နောက်ဆုံးအရေးကြီးသည့်အခိုက်အတန့်မှသာ ထိန်းချုပ်လိုက်ခြင်းဖြစ်၏ ။ 


ငါးမိနစ်ကြာပြီးနောက် ဆာ့ဆာ့က မက်ခါ၏ ရွေ့လျားမှုပုံစံများနှင့် ရင်းနှီးသွားပြီး နောက်ထပ်ငါးမိနစ်အကြာတွင် မက်ခါ၏လက်နက်များနှင့် မည်သို့တိုက်ခိုက်ရမည်ကို သိသွား၏ ။ 


ဤဆယ်မိနစ်က ဆာ့ဆာ့၏ စိတ်အားထက်သန်မှုကို နှိုးဆွပေးလိုက်ပြီး ယခု သူမက မက်ခါ၏ အခြားသော လုပ်ဆောင်နိုင်စွမ်းများကိုပါ စမ်းကြည့်ချင်နေသည် ။ 


ဆာ့ဆာ့က တစ်ယောက်ချင်းလေ့ကျင့်ရေးအခန်းမှ ထွက်လိုက်ပြီး ကစားသမားများယှဥ်ပြိုင်သည့်ကွင်းသို့ သွားလိုက်သည်။ 


တစ်စုံတစ်ယောက်က ဆာ့ဆာ့ထွက်သွားသော လေ့ကျင့်ရေးအခန်းသို့ဝင်လာသောအခါ သိမ်းဆည်းသည့်နေရာ၌ လေ့ကျင့်ရေးမှတ်တမ်းများကျန်ရှိနေတာကို တွေ့လိုက်ရပြီး ညည်းညူလိုက်မိသည် ။ 

" ဘယ်သူကများ သူတို့ရဲ့ လေ့ကျင့်ရေးမှတ်တမ်းတွေကို ဒီမှာထားသွားရလောက်အောင် ရိုးအရတာလဲ… သူက ကိုယ်ရေးအချက်အလက်တွေ ဖော်ထုတ်ခံလိုက်ရမှာ မကြောက်ဘူးလားမသိဘူး… "


သူက လေ့ကျင့်ရေးမှတ်တမ်းများကို ဖျက်ပစ်မည်လုပ်ရင်း တစ်ချက်ကြည့်ကြည့်လိုက်သည်။ ကြည့်လိုက်မှ သူ့မျက်လုံးများပါ ပြူးကျယ်သွား၏။ 

" ဒါက သာမန်လူတစ်ယောက် လုပ်နိုင်တာရော ဟုတ်ရဲ့လား… အဲ့ဒီလူရဲ့ မက်ခါက အတုပဲဖြစ်ရမယ် ဟုတ်တယ်မလား…"


လီချန်ယွီက မက်ခါဌာန၏ တစ်ဦးတည်းမောင်းနှင်သူဖြစ်ပြီး စတားကွန်ရက်၌ အမြဲလေ့ကျင့်ရန် လာလေ့ရှိသည်။ သူ့မှာ ထိုအချက်အလက်အပေါ် အခြေခံအမြင်ရှိနေ၏ ။ 

' ဒီလို ပြင်းထန်တဲ့ ရွေ့လျားမှုတွေ ငါသာဆို မလုပ်နိုင်လောက်ဘူး…'


သူ့လိုမျိုး မက်ခါများ၏ အပြစ်အနာအဆာကို ရင်းနှီးနေသော သူတစ်ယောက်က ထိုကဲ့သို့ ကို့ရိုးကားယားရွေ့လျားမှုများကို ပြုလုပ်မည်မဟုတ်ပေ။ သူက အလွန်ကျွမ်းကျင်သည့်သူဖြစ်သော်လည်း ထိုကဲ့သို့ ပြင်းထန်သောရွေ့လျားမှုများကို ပြုလုပ်နိုင်သည်ဟု မဆိုလိုပေ ။ 


' ဒီလူက ဒါကို ဘယ်လိုများ လုပ်သွားတာလဲ… သူက သေချာပေါက် အခြေခံအကျဆုံးမက်ခါအမျိုးအစားကို သုံးသွားတာပါပဲ… မဟုတ်မှလွဲရော ကျွမ်းကျင်တဲ့သူတစ်ယောက်က တမင်တကာ လူသစ်လေးတွေကို အနိုင်ကျင့်ဖို့ ရောက်လာတာများလား…'


လီချန်ယွီက အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို ချောင်းကြည့်ရတာ ဝါသနာထုံသူမဟုတ်သော်လည်းတစ်ဖက်လူချန်ခဲ့သည့် လေ့ကျင့်ရေးမှတ်တမ်းများက အလွန်စိတ်ဝင်စားစရာကောင်းနေ၏။


လီချန်ယွီက မှတ်တမ်းများကို မဖျက်ပစ်မီ တစ်ဖက်လူ၏ နာမည်ကို တစ်ခါပြန်ကြည့်လိုက်သည်။ ထိုနာမည်မှာ ( ဂျူနီယာညီမလေးက သန်မာလာချင်တယ်) ဖြစ်၏ ။ 


ဒါက ဘယ်လို ထူးဆန်းတဲ့နာမည်ကြီးလဲ… ဒီလိုနာမည်မျိုး ငါအရင်က တစ်ခါမှ မကြားဖူးပါဘူး…


သူတွေးနေဆဲမှာပဲ မှတ်တမ်းများက ရှင်းလင်းသွား၏။ 


သို့သော်လည်း လီချန်ယွီ၏ စိတ်ထဲတွင် မြင်ကွင်းအချို့က စွဲနေသေးသည်။ သူသာ ဤရွေ့လျားမှုများကို သင်ယူနိုင်လျှင် တိုက်ခိုက်မှုအသစ်ကိုထုတ်ပြီး သူ့ပြိုင်ဘက်ဟောင်းကို အနိုင်ယူနိုင်လောက်သည် ။ 


လီချန်ယွီက သူ့၏ မူလလေ့ကျင့်ရေးအစီစဥ်ကို ပယ်ဖျက်လိုက်ပြီး သူမြင်တွေ့ခဲ့ရသောလှုပ်ရှားမှုများကို လေ့ကျင့်နေ၏။


အံ့သြစရာပင်မရှိချေ။ သူ ပြုတ်ကျသွား၏ ။


လီချန်ယွီက မြေပေါ်ပြုတ်ကျသွားပြီး တွေးလိုက်မိသည်။ 

' ဘယ်လိုလုပ် အဲ့လူရဲ့ အခြေခံသုံးမက်ခါက အဲဒီလောက်တောင် အင်အားကြီးနေရတာလဲ… ငါ့ရဲ့ ဒီမက်ခါက ဘယ်လိုကြည့်ကြည့်ပိုသာနေတာ သိသာတာကို…' 


ဆာ့ဆာ့က သူမထွက်သွားပြီးနောက် တစ်ယောက်ယောက်က သူမ၏ လေ့ကျင့်ရေးကို လိုက်လုပ်လိမ့်မည်ဟု ထင်မထားပေ။ လီချန်ယွီက သူ့ဘဝကို သံသယဝင်နေချိန်တွင် ဆာ့ဆာ့က ကစားသူများယှဥ်ပြိုင်ရသည့်ကွင်းသို့ ရောက်လာ၏။ ကွင်းထဲတွင် ရွေးချယ်စရာ လေ့ကျင့်ရေးမျိုးစုံရှိသည် ။ ဒီဇိုင်းဆွဲထားသောပြိုင်ပွဲ ၊ ကျပန်းပြိုင်ပွဲ ၊ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ စသဖြင့်ပင်။


ဒီဇိုင်းဆွဲထားသောပြိုင်ပွဲက လေ့ကျင့်ရန်အတွက် တစ်ယောက်ယောက်နှင့် ပြိုင်၍ရသည့် ပြိုင်ပွဲမျိုးဖြစ်သည်။ ကျပန်းပြိုင်ပွဲများက အခွင့်အရေးပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများက ရမှတ်များအပေါ်မှာ မူတည်သည် ။ 


သူတို့ထဲတွင် ထိပ်ဆုံးအယောက် ၁၀၀ ၌ပါဝင်သူများကို ဖန်သားပြင်ပေါ်၌ ကြေညာပေးပြီး ထိပ်ဆုံး ၁၀ ယောက်က နောက်ဆုံးပေါ်မက်ခါ နှင့် ကြယ်ဒင်္ဂါးအမြောက်အများ ဆုချီးမြှင့်ခံရလိမ့်မည် ။ 


ဆုများကို တွေ့သောအခါ ဆာ့ဆာ့က မျက်လုံးအရောင်တောက်သွား၏ ။ 


ဒါက ငါ့ အတွက်ပဲ…


သို့သော် ဆာ့ဆာ့က သတိရှိသောသူဖြစ်သောကြောင့် သူမသာ အရည်အချင်းရှိသည့် ပြိုင်ဘက်နှင့်တွေ့လျှင် အနိုင်ရရန် သေချာမည့်အာမခံချက်ရှိရန် လိုအပ်လိမ့်မည်။ 

' ပြိုင်ဘက်နဲ့ အရင်ဆုံး လေ့ကျင့်ကြည့်လို့ရတာပဲ…'


တစ်ယောက်ယောက်သာ သူမ တွေးနေသည်ကိုသိလျှင် သူတို့က သူမကို ကော်လံကဆွဲပြီး ရန်တွေ့လောက်သည် ။ 

' လာစမ်းပါ… နင်က ဆယ်မိနစ်ထဲနဲ့ မက်ခါကိုအသားကျသွားပြီး လူအစစ်တစ်ယောက်နဲ့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတာတောင် နင့်ကိုယ်နင် သတိထားဖို့လိုသေးတယ်လို့ ပြောချင်နေသေးတာလား… အရည်အချင်းမှာ မရှုံးလောက်ဘူးလို့ထင်နေတဲ့ ထိပ်ဆုံးကစားသမားတွေက အဲ့ဒီလို စိတ်ကြီးဝင်ပြီး တွေးနေစရာမလိုပါဘူး…'


' နိုးထပါတော့ ညီအစ်မရေ… နင်က လုံးဝကို သာမန်ကာလျှံကာလေး ဟုတ်မနေဘူး…'


ဆာ့ဆာ့က သတိမမူဘဲ တစ်ယောက်တစ်ယောက်ချင်း ပြိုင်ရသောပြိုင်ပွဲကို နှိပ်လိုက်မိသည် ။ 


မကြာမီမှာပင် သူမနှင့် သူမပြိုင်ဘက်က ကွင်းအသေးစားတစ်ခုဆီသို့ ပို့ဆောင်ခံလိုက်ရသည်။ ထိုကွင်းက ဖွင့်လှစ်ထားပြီး ကစားသမားများက အခမဲ့ပွဲကိုကြည့်မလား ၊ အခကြေးငွေပွဲကို ကြည့်ရှူမလားဆိုသည်က်ို ရွေးချယ်၍ရသည်။ ကျွမ်းကျင်သည့်သူများက ကျပန်းပြိုင်ပွဲကိုသာ ရွေးချယ်ကြသည့်အတွက် မည်သူကမှ ထိုကဲသို့ အခမဲ့ပွဲများကို ကြည့်ရှူမည်မဟုတ်ပေ ။ 


ပြိုင်ဘက်က ဆာ့ဆာ့၏ ကိုယ်ရေးအကျဥ်းကို တစ်ချက်ကြည့်ရှူလိုက်ပြီး သူမက အတွေ့အကြုံမရှိသည့်တက်သစ်စလေးဖြစ်ကြောင်းကို သိလိုက်သည်။ ထိုသူက အနည်းငယ် စိတ်ပျက်သွား၏ ။

" အာ...ငါက ကျွမ်းကျင်တဲ့ပြိုင်ဘက်နဲ့ တွေ့ရလောက်အောင် ကံကောင်းနေပြီထင်တာ… ဒါက တော်တော်ကံဆိုးတာပဲ…" 


" (ဂျူနီယာညီမလေးက သန်မာလာချင်တယ်)တဲ့လား…မိန်းကလေးပေါ့ ၊ ဟမ် စိတ်မကောင်းပါဘူး ညီမလေးရေ… ငါ့မှာ မင်းလိုတက်သစ်စလေးကို သင်ပြပေးဖို့ အချိန်မရှိဘူး… ဒါကြောင့် မင်းရဲ့ လှုပ်ရှားမှုတွေကိုသာ သတိထားတော့… " 


ထိုသို့ဖြစ်ရခြင်းမှာ မက်ခါကို စိတ်ဝင်စားကြသောယောက်ျားများက သူတို့စိတ်ထဲတွင် မက်ခါသာရှိပြီး သနားညှာတာခြင်းမျိုး လုံးဝမရှိသောကြောင့်ပင် ။



💫💫💫