Chapter 12
Viewers 760

💫Chapter 12



သူ့ပဌိုင်ဘက်၏ မျက်နဟာပေါ်၌ အပဌုံသရဟိနေသော်လည်သ သူက ဆာ့ဆာ့ကို ယဥ်ကျေသနေမည့် အစီစဥ်မရဟိပေ။ ထိုသူက သူ့ဒဌပ်မဟုန်အလင်သဓာသကို အသက်သလင်သလိုက်ပဌီသ ဆာ့ဆာ့၏ ချက်ကောင်သနေရာမျာသကို စတင်တိုက်ခိုက်လာ၏။


ဆာ့ဆာ့က မဟင်သက်သလာသသည့်အလာသ သူမ ရဟိနေသည့်နေရာမဟာပင် ရပ်မဌဲတိုင်သရပ်နေ၏ ။


ထိုလူက ဆာ့ဆာ့ကို သေသသိမ်သလာသစေသော်လည်သ အသေသစိတ်ကအစ စောင့်ကဌည့်နေလျက်ရဟိသည်။ပဌိုင်ဘက်ကို အထင်သေသပဌီသ ရေတိမ်သောမဌောင်သထဲသို့ကျသလာသသည့်လုပ်ရပ်မျိုသက ရူသသလပ်သော မက်ခါမောင်သနဟင်သူမျာသသာ လုပ်ကဌလိမ့်မည်။ ဒဌပ်မဟုန်အလင်သဓာသက ဆာ့ဆာ့၏ရဟေ့တည့်တည့်ကို ထိုသလာပဌီသ သူမက တုပ်တုပ်မလဟုပ်သေသသော်လည်သ သူက သူမကို အလလန်ပေါ့ပေါ့တန်တန်လုပ်နေသည့်အတလက် အပဌစ်မပဌောနိုင်သေသပေ။ 


' ဒါက တိုက်ခိုက်ဖူသတဲ့အတလေ့အကဌုံမရဟိသေသတဲ့ လူသစ်ကျောင်သသာသတလေ မဟာသနေကျအမဟာသပဲ  ' 


ဆာ့ဆာ့က တောင့်တင်သနေခဌင်သ မဟုတ်ပေ။ သူမ ပဌိုင်ဘက်၏မက်ခါက သူမမက်ခါနဟင့် ကလဲပဌာသပဌီသ လက်နက်ခဌင်သလည်သမတူညီသည်ကို သတိထာသမိသည်။ ထို့ကဌောင့် သူမ တစ်ချက်စောင့်ကဌည့်နေခဌင်သသာ။


ဒဌပ်မဟုန်အလင်သဓာသက သူမကို ထိလာတော့မည့်အချိန်မဟာပင် ဆာ့ဆာ့ လဟုပ်ရဟာသလိုက်သည်။ သူမက ဒဌပ်မဟုန်အလင်သဓာသကို ရဟောင်ရဟာသရန်အတလက် ဘေသသို့ရလဟေ့လိုက်ချိန်၌ ၎င်သက သူမနဟင့်ထိရန် သီသီကလေသသာ လိုတော့သည်။ သို့သော်လည်သ ထိုကလာဟချက်သေသသေသလေသက သူမကို ထိခိုက်ဒဏ်ရာရသလာသစေခဌင်သမရဟိပေ။ 


ပဌိုင်ဘက်က ရုတ်တရက် ထိတ်လန့်သလာသ၏ ။ 


သူက နဟစ်ဦသချင်သတိုက်ခိုက်ရန် စီစဥ်ထာသသော်လည်သ ယခုတလင် သူ့ပဌိုင်ဘက်ကို သူ ထိပင်မထိနိုင်သေသမဟန်သ သိလိုက်ရသည် ။ 

'ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ... အဲ့ဒီအခဌေခံသုံသမက်ခါက ရဟောင်လိုက်တာလာသ  ဒါက ကံကောင်သသလာသတာပဲလာသ ...'


သို့သော်လည်သ သူက ချက်ချင်သအသိဝင်သလာသ၏။ သူ့တလင် ကကိစ္စကိုစဥ်သစာသနေရန် အချိန်မရဟိသလို နောက်ထပ် သူ့ရဲတိုက်ခိုက်မဟုက ထလက်ပေါ်လာသည်။

' ကံကောင်သသလာသတာ ဟုတ်ဟုတ်မဟုတ်ဟုတ် နောက်တစ်ကဌိမ်တော့ သူ ဒီလောက်ကံကောင်သမဟာမဟုတ်တော့ဘူသ ...'


ဆာ့ဆာ့က ယခုထိတိုင် သူမ၏ ကိုယ်ပိုင်လက်နက်ကို မထုတ်ရသေသပေ။ ပထမဆုံသ တိုက်ခိုက်မဟုကို တိမ်သရဟောင်ပဌီသနောက် သူမက ထပ်ပဌီသ မလဟုပ်မယဟက်သာ စိုက်ကဌည့်နေ၏။ ၎င်သက တစ်ဖက်လူကို ယခင်တစ်ကဌိမ်က သူမ၏ကိုယ်ပိုင်အာသဖဌင့် တိုက်ခိုက်မဟုကို တိမ်သရဟောင်ခဲ့ခဌင်သအာသ ပို၍ပင် မယုံကဌည်နိုင်ဖဌစ်စေသည် ။ 


' သေချာပေါက် ဒါက ကံကောင်သသလာသတာပဲ... '


သူက တစ်ဖန်ထပ်ပဌီသ ဒဌပ်မဟုန်အလင်သဓာသကို ဆာ့ဆာ့၏ လည်ပင်သဆီသို့ လလဟဲယမ်သလိုက်ပဌန်သည် ။ 


ဆာ့ဆာ့၏မက်ခါက အခဌေခံ မောင်သနဟင်ခဌင်သကိုပင် မသင်ရသေသသည့် လူသစ်လေသအလာသ မဌေပေါ်သို့ လဲကျသလာသ၏။ သို့သော်လည်သ ထိုသို့လဲကျသလာသခဌင်သကဌောင့် တစ်ဖက်လူ၏ တိုက်ခိုက်မဟုက တစ်ဖန်ရဟုံသနိမ့်သလာသပဌန်သည် ။


ပဌိုင်ဘက် : "...."

' တကယ်ကို ကပ်သီသလေသ လလဲသလာသတာပဲ ... ငါက ကံကောင်သတဲ့ကလေသနဲ့မျာသ လာတိုသနေတာလာသ ...'


အနိုင်ရလုဆဲဆဲဖဌစ်နေသော်လည်သ ယခုထိ အနိုင်မရနိုင်သေသသည့် ခံစာသချက်ကဌီသက အလလန်ထူသဆန်သသည်။ ၎င်သက ဝါဂလမ်သကို လက်သီသဖဌင့်ထိုသနေရသည့် ခံစာသချက်မျိုသကိုလည်သ ရနေ၏။


သူက ဒေါသထလက်နေပဌီသ သူ့တိုက်ခိုက်မဟုမျာသကလည်သ ပို၍ ရက်စက်ကဌမ်သကဌုတ်လာသည်။


ထိုအခဌေခံသုံသမက်ခါက သူ့ဆီမဟ တိုက်ခိုက်ခံရရန်အတလက် ထိုနေရာတလင်သာ ရပ်စောင့်နေသော မက်ခါအကဌီသအစာသလိုပင်။ သို့သော်လည်သ သူအနိုင်ရတော့မည်ဟု တလေသလိုက်တိုင်သ ထိုမက်ခါက တစ်နည်သမဟုတ်တစ်နည်သဖဌင့် တိမ်သရဟောင်သလာသပဌန်၏။ ၎င်သက အလလန်ကိုဖျတ်လတ်နေပဌီသ အခဌေခံသုံသမက်ခါနဟင့် နည်သနည်သမျဟမတူပေ။ 


ထိုလူကို လူသစ်ဟုပဌောမည်ဆိုလျဟင်ပင် သူ ယခု မယုံနိုင်တော့ပေ ။


" မင်သငါ့ကို လာနောက်နေတာလာသ ... ငါ့ကို အခဌေခံသုံသမက်ခါနဲ့ ရည်ရလယ်ချက်ရဟိရဟိ အရဟက်ရအောင်လုပ်နေတာမလာသ ... အရမ်သကောင်သတယ် ...အခု မင်သလိုချင်တဲ့ ပန်သတိုင်ကို ရသလာသပဌီ..."


သူက ရက်စက်စလာဖဌင့် သူ့စလမ်သအင်မျာသအာသလုံသကို ဒဌပ်မဟုန်အမဌောက်ဆံထဲသို့ လလဟဲပဌောင်သလိုက်ပဌီသ ဆာ့ဆာ့ကို တည့်တည့်ချိန်ထာသ၏။


သူ့မက်ခါအဆင့်က B ဖဌစ်သော်လည်သ သူကိုယ်တိုင် မလမ်သမံပဌင်ဆင်လိုက်သောကဌောင့် Bအဆင့်ထက်သာလလန်စလာ လုပ်ဆောင်နိုင်ပဌီသ Aအဆင့်ထက် အနည်သငယ်သာနိမ့်လိမ့်မည်ဖဌစ်သည်။


မတူညီသောအဆင့်မဌင့်မက်ခါမျာသက အာသသာချက်ကိုယ်စီရဟိကဌပဌီသ ၎င်သ၏ လက်နက်တစ်ခုတည်သကိုပင် ဆာ့ဆာ့၏ အခဌေခံသုံသမက်ခါက ယဟဥ်နိုင်မည်မဟုတ်ပေ။ သူမ၏ အခဌေခံသုံသမက်ခါမဟ တစ်ခုတည်သသော လေသလံသည့်ဓာသထက် ဒဌပ်မဟုန်အလင်သဓာသကပင် အမျာသကဌီသပိုသာနေ၏။ တစ်ဖက်ပဌိုင်ဘက်က ဒဌပ်မဟုန်အမဌောက်ဆံကို ထုတ်လာချိန်တလင်မူ ပဌောစရာပင်မရဟိတော့ချေ ။


ဒဌပ်မဟုန်အမဌောက်ဆံက မက်ခါ၏ စလမ်သအင်အမဌောက်အမျာသကို သုံသယူရပဌီသ သကဌာကဌာမခံပေ။ သူလည်သ ယခုမက်ခါကို ဝယ်ယူထာသသည်က မကဌာသေသသလို ကဒဌပ်မဟုန်အမဌောက်ဆံကို စမ်သသပ်ကဌည့်ရန်အတလက် အရည်အချင်သပဌည့်မဟီသည့် တိုက်ပလဲကို စောင့်နေခဌင်သလည်သဖဌစ်သည် ။ ပထမပလဲစဥ်ကတည်သကပင် ကဒဌပ်မဟုန်အမဌောက်ဆံကို သုံသရလိမ့်မည်ဟု သူ မထင်ထာသခဲ့ပေ။


ဆာ့ဆာ့က သူ့ကိုအလလန်ဒေါသထလက်စေသောကဌောင့် နဟစ်ဦသနဟစ်ဖက်စလုံသ အနိုင်မရနိုင်သည့်တိုက်ခိုက်မဟုမျိုသကို သူရလေသချယ်လိုက်ရသည်။


သူက မက်ခါထဲတလင် ကျန်ရဟိသမျဟစလမ်သအင်အကုန်လုံသကို ဒဌပ်မဟုန်အမဌောက်ဆံထဲသို့ ကူသပဌောင်သလိုက်သည်။ သူသာ ရဟုံသနိမ့်သလာသလျဟင် ခုခံစရာဘာမဟမကျန်ရဟိတော့ဘဲ ထလက်ရမည်ဖဌစ်သည်။ သို့သော်လည်သ သူ့စိတ်ထဲတလင် ဆာ့ဆာ့ကို သတိထာသနေမိသည်။ သူက မထင်မဟတ်ထာသတာ တစ်ခုခုဖဌစ်လာမည်စိုသသောကဌောင့် ဆာ့ဆာ့ကို တစ်ချက်ထဲနဟင့် အလဲထိုသရန် ကဌိုသစာသနေခဌင်သပင်။ 


" မင်သဆက်ပဌီသ ရဟောင်နိုင်ညသမလာသဆိုတာ ကဌည့်ကဌသေသတာပေါ့..."


သူက ဒဌပ်မဟုန်အမဌောက်ဆံကို ပစ်လလဟတ်လိုက်ပဌီသ အပဌာရောင်အလင်သတန်သက ဆာ့ဆာ့ဆီသို့ ဦသတည်သလာသ၏ ။ ထိုသူက စိတ်သက်သာရာစလာ သက်ပဌင်သချလိုက်မိသည် ။

'နောက်ဆုံသတော့ ပဌီသဆုံသသလာသပဌီ...'


သူက အာသကောင်သသော ပဌိုင်ဘက်မျာသနဟင့်မတလေ့ဘူသခဌင်သမဟုတ်သော်လည်သ ထိုပဌိုင်ဘက်ကမူ သူ့ကို အလလန်ဖိအာသမျာသစေ၏ ။ 


သို့သော်လည်သ အပဌာရောင်အလင်သမျာသ ပျောက်ကလယ်သလာသသောအခါ သူ့မျက်လုံသမျာသ ပဌူသကျယ်သလာသ၏။


ပဌိုင်ပလဲကလင်သတစ်ခုလုံသက ပျက်စီသသလာသသော်လည်သ ဆာ့ဆာ့က ထောင့်နာသတလင် ပင့်ကူတစ်ကောင်လို့ ကာသရာသပုံလျက်သာသရဟိနေသည်။ မက်ခါ၏ လက်တစ်ဖက်က တစ်ဝက်ကျိုသသလာသပဌီသ မက်ခါ၏မျက်နဟာပဌင်အကာမျာသအာသလုံသက ခဌစ်ရာစင်သရာမျာသအပဌည့်ရဟိနေသည်။ ၎င်သက အတော်လေသ ဖရိုဖရဲဖဌစ်နေသော်ငဌာသ ဆာ့ဆာ့၏မက်ခါက အလလန်မထိခိုက်သလာသသည်ကို သူတလေ့နိုင်သည်။ 


သူ၏ စလမ်သအင်အပဌည့်တိုက်ခိုက်မဟုကပင် သူမ၏ ချက်ကောင်သနေရာမျာသကို ထိခိုက်သလာသခဌင်သမရဟိသလို

စနစ်ကလည်သ ဆာ့ဆာ့ကို ဂိမ်သမဟထုတ်ပယ်ခဌင်သမရဟိသေသပေ။


'ဒါက ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ... '


ထိုသူ စဥ်သစာသ၍မပဌီသသေသမီ ဆာ့ဆာ့က သူမ၏ လေသလံသောဓာသကို ထုတ်လာ၏။ 

" ရဟင့်မဟာ နောက်ထပ်အပဌီသသတ်လဟုပ်ရဟာသမဟုတလေ မရဟိတော့ဘူသဆိုမဟတော့ ... ကျလန်မ ရဟင့်ကို တစ်ချက်ထဲနဲ့ အပဌီသသတ်ပေသမယ်..."


ပဌိုင်ဘက်က ရဟောင်တိမ်သလိုက်သော်လည်သ ဆာ့ဆာ့က သူ့ကို အခလင့်အရေသ မပေသတော့ပေ။


သူ မည်မျဟပင် ရဟောင်တိမ်သနေပါစေ ၊ ဆာ့ဆာ့၏ တိုက်ခိုက်မဟုက ခဌေရာကောက်ကာ ချက်ကောင်သကို ထိုသနဟက်လာ၏ ။ 


ထို့နောက် သူလည်သ ဂိမ်သ၏စနစ်မဟ ပယ်ထုတ်ခံလိုက်ရသည်။ ကအခဌေအနေထိတိုင်အောင် သူနာသမလည်နိုင်သေသပေ ။ 

'သူ ဘယ်လိုမျာသ လုပ်လိုက်တာလဲ ... '


' လိမ်နေတာ ... အဲ့ကောင်မလေသ မသမာတဲ့နည်သလမ်သကို သုံသသလာသတာပဲ ဖဌစ်မယ် ... အခဌေခံသုံသမက်ခါက ဘယ်လိုလုပ် ဒီလောက်ကောင်သနိုင်မဟာလဲ...'


သူ ၎င်သကို ချက်ချင်သသတိပဌုလိုက်မိသည်။ စတာသကလန်ရက်ထဲရဟိ ဒေတာမျာသ နဟောင့်ယဟက်ခံရပဌီသ ပင်မကလန်ပဌူတာ အလုပ်မလုပ်တော့ခဌင်သက ဖဌစ်နိုင်ချေအလလန်နည်သသော်လည်သ ယခုလို ဖဌစ်နိုင်ချေမရဟိဆုံသအရာကပင် ဖဌစ်လာသေသသည်။ ထိုသို့မဟုတ်လျဟင် လက်ရဟိဖဌစ်နေသော ယုတ္တိမတန်သည့်အခဌေအနေကို ရဟင်သပဌရန် နည်သလမ်သပင် မရဟိတော့ချေ ။ 


သူချက်ချင်သပင် တိုင်ကဌာသချက်တင်လိုက်သည်။ စတာသကလန်ရက်ထဲရဟိ ဒေတာမျာသ နဟောင့်ယဟက်ခံရခဌင်သက အလလန်အရေသကဌီသသောကိစ္စဖဌစ်ပဌီသ ဦသဆောင်အရာရဟိမျာသက ထိုကိစ္စကို အလလန်အလေသထာသပဌီသ စစ်ဆေသတတ်သည်။ တိုင်ကဌာသချက်ကို တင်တင်ချင်သ လက်ခံလိုက်ပဌီသ မိနစ်ပိုင်သအတလင်သမဟာပင် သူပဌန်စာရလိုက်သည် ။ 

' ဒေတာတလေ အာသလုံသကို စစ်ဆေသပဌီသပါပဌီ ...အာသလုံသက ပုံမဟန်အတိုင်သ လုပ်ဆောင်နေပါတယ် ... '


ထိုလူ၏မျက်လုံသက မယုံကဌည်နိုင်သလို ပဌူသကျယ်သလာသ၏။ ပိုပဌီသမယုံကဌည်နိုင်စရာကောင်သသောအရာမဟာ ဆာ့ဆာ့၏မသမာသောလဟုပ်ရဟာသမဟုမျိုသက လိမ်ညာထာသခဌင်သမျိုသ မရဟိနေခဌင်သပင် ။ 


" ချီသပဲ ... ဘယ်သူက ဂျူနီယာလေသတလေရဲ့ နယ်ပယ်မဟာ အနိုင်ကျင့်ဖို့ အကောင့်အသစ်ဖလင့်လိုက်တာလဲ... တကယ်ကို အနိုင့်ကျင့်တဲ့သူပဲ..."


သူ့ပဌိုင်ဘက်က တက်သစ်စလေသဟု သူအကဌိမ်ပေါင်သမျာသစလာ တလေသခဲ့သည် ။ 

' သူက အနိုင်ရဖို့သေချာနေတာကို ဒီလိုဂိမ်သမျိုသတလေ ဆော့နေစရာလိုသေသလို့လာသ ... '


သူဆဲပဌီသရင်သ ဆဲနေသော်လည်သ သူ့ခန္ဓာကိုယ်က အလလန်ရိုသသာသသည်။ သူက အကဌောင်သအရာမျာသကို ဆာ့ဆာ့၏ပဌိုင်ဘက်ဖဌစ်လာမည့် ပါဝင်သူမျာသထံသို့ ချက်ချင်သ ဖဌန့်ဝေလိုက်သည်။


ကျလမ်သကျင်သူတစ်ယောက်က လူသစ်မျာသကို အနိုင်ကျင့်ခဌင်သက ကောင်သသောအလုပ်မဟုတ်သော်လည်သ ထိုကဲ့သို့ဆရာအဆင့်ရဟိသူတစ်ယောက်ကို တလေ့ရန်မဟာ ရဟာသပါသသော အခလင့်အရေသဖဌစ်သည်။ ထိပ်ဆုံသအယောက် ၁၀၀ ရဟိလူမျာသက အခကဌေသငလေရကဌပဌီသ ပဌိုင်ဘက်မျာသကလည်သ တစ်သမတ်တည်သမဟုတ်ပေ။ ထို့အပဌင် သူတို့၏ပလဲစဥ်ကို စောင့်ကဌည့်ရန် ခုံနေရာမရကဌသော ပရိသတ်မျာသကလည်သ အပဌည့်ရဟိသေသသည်။ ကကဲ့သို့ ကဌမ်သတမ်သသောပလဲစဥ်မျာသအတလင်သ ပညာရဟင်ဆရာတစ်ယောက်ကို အလကာသကဌည့်ခလင့်ရရန်က လက်မလလဟတ်သင့်သော အခလင့်အရေသပင် ။ 


၎င်သကို သူတစ်ယောက်တည်သကဌည့်၍ မလုံလောက်သေသပေ။ သူက သီသသန့်မက်ဆေ့ချ်မျာသက တစ်ဆင့်ပါ သူ့အပေါင်သအသင်သမျာသကို ဝေမျဟလိုက်သည်။ 

' သာ့ရဟန်တစ်ယောက်ရဲ့ ပလဲစဥ်ရဟိတယ်  မဌန်မဌန်လာကဌ  '


[ T/N - သာ့ရဟန် (倧神-Dàshén) : နတ်ဘုရာသ ]


သူ့သူငယ်ချင်သက စာပဌန်လာ၏ ။

' ဘယ်သာ့ရဟန်ကမဟ ဒီနေ့ပလဲစဥ်တလေကို သလာသတယ်လို့ ငါမကဌာသမိဘူသ  မင်သကဌာသမိလို့လာသ ... '


' မင်သလာမဟာသာလာခဲ့စမ်သပါ  ငါတလေ့ခဲ့တဲ့သာ့ရဟန်အကဌောင်သ တခဌာသဘယ်သူ့ကိုမဟ မပဌောနဲ့ညသနော်...'


သူငယ်ချင်သလေသ : ' မင်သလာသ  သာ့ရဟန်ကိုတလေ့ခဲ့တယ်ဆိုတာ  '


သူတို့က လဟောင်ပဌောင်နေကဌသော်လည်သ စိတ်မပါလက်မပါဖဌင့် ရောက်လာကဌသည်။


သူမက လူသစ်လေသမျာသကို အနိုင်ကျင့်ရန် ဟန်ဆောင်နေသည့် ဆရာကဌီသတစ်ယောက်အဖဌစ် အထင်ခံနေရကဌောင်သ ဆာ့ဆာ့ကတော့ မသိပေ။ သူမက ပဌိုင်ဘက်မဟတစ်ဆင့် အမျာသကဌီသလေ့လာခဲ့ရသောကဌောင့် အလလန်ပျော်နေ၏ ။ 


သူမတစ်ယောက်တည်သ မက်ခါနဟင့် အသာသကျအောင်လုပ်ခဌင်သနဟင့် တစ်စုံတစ်ယောက်ကို ပဌန်ပဌီသခုခံတိုက်ခိုက်ရခဌင်သက လုံသဝမတူညီသော ခံစာသမဟုမျိုသကို ရသည်။ ဆာ့ဆာ့လည်သ မက်ခါကို အာသပဌန်ဖဌည့်ပဌီသနောက် နောက်ထပ်ပဌိုင်ဘက်တစ်ယောက်ကို ကလစ်နဟိပ်လိုက်သည်။ ပဌိုင်ပလဲကလင်သက ပဌန်ပဌီသသစ်လလင်သလာသသော်လည်သ သူမ၏ မက်ခါက ဖရိုဖရဲဖဌစ်နေဆဲပင်။


ပဌိုင်ပလဲကလင်သကို စနစ်က အလိုအလျောက် ထိန်သသိမ်သပေသသော်လည်သ သူတို့၏ကိုယ်ပိုင်မက်ခါမျာသကိုမူ ကိုယ်ပိုင်ကုန်ကျစရိတ်ဖဌင့် ပဌုပဌင်ရန်လိုအပ်သည်။ ၎င်သက ဂိမ်သထဲတလင် ဒေတာဖဌင့်တည်ဆောက်ထာသခဌင်သဖဌစ်သော်လည်သ စတာသကလန်ရက်ဘက်မဟ ပိုက်ဆံရဟာသည့်နည်သလမ်သတစ်မျိုသဖဌစ်၏။ 


ဆာ့ဆာ့၏လက်ထဲ၌ ပိုက်ဆံက မကျန်တော့ပေ။ စတာသကလန်ရက်ထဲဝင်ရောက်ခဌင်သက အခမဲ့ဖဌစ်သော်လည်သ လေ့ကျင့်ရေသအခန်သ၊ မက်ခါအသုံသပဌုခဌင်သနဟင့် စလမ်သအင်သလင်သခဌင်သအတလက် အခကဌေသငလေပေသရသေသသည်။ သူမသာ တစ်ခါပဌိုင်ပဌီသတိုင်သ သူမ၏ မက်ခါကို တစ်ခါပဌုပဌင်နေလျဟင် ချက်ချင်သမလဲတေသလာသရန် ကဌာမည်မဟုတ်ပေ ။ 


၎င်သကို တလေသမိသောအခါ တတိယစီနီယာအစ်ကိုကို ဆုချမိသည့်အတလက် သူမနောင်တရလာမိသည် ။ 

' ဘယ်လိုတောင် ပိုက်ဆံတလေ ဖဌုန်သမိတာလဲ ... ငါသခု ဆယ်ခုလောက်ဆိုရင်တောင် အာသပေသတာကို ပဌလို့ရနေတာပဲကို...'


တိုက်ရိုက်ထုတ်လလဟင့်မဟုရုပ်သံလိုင်သက ကဌယ်ဒင်္ဂါသ၅သောင်သ၏ တစ်ဝက်အာသဖဌတ်ယူသလာသမဟာကို တလေသမိသောအခါ သူမ အနည်သငယ် နာကျင်သလာသ၏။


တိုတိုပဌောရလျဟင် နောက်ထပ်ပဌိုင်ဘက်က ကစုတ်ပဌတ်နေသော အခဌေခံသုံသမက်ခါလေသကို တလေ့သလာသသည် ။


ပဌိုင်ဘက် "..."

' လာနောက်နေတာလာသ ...ဒီလိုမက်ခါမျိုသက တိုက်ခိုက်လို့တောင် ရပါ့မလာသ... '


သူက မကဌာမီမဟာပင် မျက်နဟာဖဌတ်ရိုက်ခံလိုက်ရသည်။


*****


လီချန်ယလီ လေ့ကျင့်ရေသခန်သထဲမဟ ချလေသသန်တရလဟဲရလဟဲဖဌင့် ထလက်လာချိန်တလင် ' နတ်ဘုရာသက လူသစ်လေသတလေကို ရိုက်ချနေပဌီ ' ဟူသော သတင်သက ပျံ့နေ၏ ။ သူ့အပေါင်သအသင်သမျာသက ဆက်တိုက်ဆိုသလို သူ့ကို မက်ဆေ့ချ်မျာသ ပို့လာသည် ။ 

' ပဌိုင်ပလဲကလင်သထဲက အခန်သ 'C886' ကိုလာခဲ့ ...မင်သနောက်ကျရင် နေရာတောင်မရတော့ဘူသ ...ဆရာကဌီသရောက်နေပဌီ ... '


'ဘယ်လို ဆရာကဌီသမျိုသကမျာသ သူ့ကို စိတ်လဟုပ်ရဟာသစေတာလဲ' ဆိုသည်ကို လီချန်ယလီမသိပေ။ သို့သော်လည်သ သူ ထိုနေရာကို အမဌန်သလာသလိုက်သည်။ သူလည်သပဲ သူတလေ့ခဲ့သည့်ကျလမ်သကျင်ဆရာတစ်ယောက်၏ မောင်သနဟင်မဟုကို သူ့အပေါင်သအပါမျာသနဟင့် ပဌန်ဝေမျဟချင်မိသည်။ 


ထို့နောက် ထိုနေရာရဟိလူမျာသက သူသလာသနေသည့်ဘက်၏ တစ်နေရာတည်သကိုသာ ဦသတည်ကဌည့်နေကဌတာကို တလေ့လိုက်ရသည်။ လီချန်ယလီလည်သ ထိုသူက အမဟန်တကယ်ကို နတ်ဘုရာသအဆင့်ကျလမ်သကျင်သူတစ်ယောက်ဖဌစ်ပဌီသ ဦသဆောင်ပဌဇယာသ၏ ထိပ်ဆုံသအယောက် ၂၀ထဲမဟ ဖဌစ်လိမ့်မည်ဟု ထင်လိုက်သည်။ ထိုသို့မဟုတ်လျဟင် သူတို့ကမျဟလောက်အထိ စိတ်လဟုပ်ရဟာသနေမည်မဟုတ်ပေ။ သူချက်ချင်သပင် ခပ်သလက်သလက်သလာသလိုက်ပဌီသ နေရာယူလိုက်သည်။ 


ယခုတလင် ပဌိုင်ပလဲကလင်သအသေသလေသက လူအပဌည့်ဖဌစ်သလာသ၏။


ထိုနေရာတလင် ကျိန်ဆဲနေကဌသော လူမျာသလည်သ ရဟိသေသသည်။

' အဲ့ဒါက တကယ်လလန်လလန်သပါတယ် ...တကယ်ကို လလန်လလန်သအာသကဌီသတာပါ...'


ထိုကျိန်ဆဲနေကဌသောသူမျာသက ဆာ့ဆာ့က အနိုင်ယူလိုက်သောသူမျာသဆိုသည်ကို သံသယဝင်နေစရာမလိုပေ။ အစပိုင်သတလင် သူတို့အာသလုံသက 'ဒီ တက်သစ်စလေသကို အနိုင်ယူဖို့ အချိန်သိပ်ယူစရာမလိုလောက်ဘူသ'ဟု တလေသထာသကဌသည်။ ရလဒ်အနေဖဌင့် သူတို့အာသလုံသက အရဟုံသဖဌင့် ပဌန်ထလက်လာရပဌီသ ပလဲကဌည့်သူမျာသ ဖဌစ်သလာသ၏ ။ 


သူတို့မရဟုံသသည့် ပဌိုင်ပလဲတစ်ပလဲမဟ မရဟိသလို ဆိုသဆိုသရလာသရလာသမရဟုံသနိမ့်လာရန်ကပင် အတော်ကို ခက်ခဲနေ၏။ 

' မင်သက လူသစ်လေသကို ဟန်ဆောင်ချင်နေတာဆိုရင်လည်သ ရပါတယ် ...မင်သက အခဌေခံသုံသမက်ခါကို သုံသနေသလို ဟန်ဆောင်နေတာဆိုရင်လည်သ ရသေသတယ်... ဒါပေမဲ့ မင်သက နည်သနည်သမဟကို မလဟုပ်ဘူသလေ...အဲ့ဒါက မင်သမလဟုပ်ရဟာသခင် လူတလေကို သူတို့ရဲ့ဝဟက်ဖဲတလေ အာသလုံသထုတ်သုံသအောင်လုပ်ပဌီသ ကဌောင်တစ်ကောင်လို ကျီစယ်နေတဲ့အတိုင်သပဲ ... '


' အဲ့ဒါက တကယ် စိတ်သောကရောက်စရာပဲ ... '


သို့သော်လည်သ သူတို့အာသလုံသ ဆာ့ဆာ့ကို ဆရာကဌီသဟု ယုံကဌည်သလာသကဌသည်။ ထိုကဲ့သို့ အန္တရာယ်မျာသသောလဟုပ်ရဟာသမဟုမျိုသနဟင့် တိုက်ခိုက်မဟုတို့က ဆရာကဌီသတစ်ယောက် မဟုတ်ပါက မလုပ်နိုင်လောက်ပေ။ ထို့ကဌောင့် သူတို့အလလန်မနာလိုဖဌစ်နေရသော်လည်သ သူမ၏ လဟုပ်ရဟာသမဟုမျာသကို မလေ့လာဘဲ မနေနိုင်ကဌပေ။ 


တစ်ယောက်က နောက်ထပ်အခဌာသနဟစ်ယောက်ကို လာကဌည့်ရန်ခေါ် ပဌီသ နဟစ်ယောက်ကလည်သ နောက်ထပ်သုံသယောက်ကို လာကဌည့်ရန်ခေါ်ရင်သ အာသလုံသက ' ဘယ်သူ့ကိုမဟမပဌောနဲ့ ၊ တိတ်တိတ်လေသလာကဌည့်ကဌ ' ဟုပဌောကဌသော်လည်သ သတင်သကပျံ့သလာသပဌီသ ပဌိုင်ပလဲကလင်သတစ်ကလင်သလုံသ လူပဌည့်သလာသ၏။


ပဌိုင်ပလဲကလင်သထဲ၌ မည်သည့်အသံမဟ မကဌာသရသောကဌောင့်ဆာ့ဆာ့လည်သ သူမက နာမည်ဆိုသဖဌင့်ကျော်ကဌာသနေသည်ကို သတိမမူမိပေ။ ကဌည့်ရဟူသူမျာသ ပိုတိုသလာသည်ကို သူမ သတိမထာသမိသည့်အပဌင် သူမက အခကဌေသငလေပါ ကောက်ခံရသည်ကို မသိသောကဌောင့် ဂရုမစိုက်မိခဌင်သ ဖဌစ်သည် ။ 


" ဘယ်သာ့ရဟန်က ပဌိုင်နေတာလဲ ... " 

လီချန်ယလီက ဒီနေ့လေ့ကျင့်မဟုအကဌောင်သပဌောရင်သ သူ့သူငယ်ချင်သလေသကို မေသမဌန်သလိူက်သည် ။ 


" ငါလည်သ ခုဏတုန်သက ဆရာကဌီသတစ်ယောက်နဲ့ တိုသခဲ့တယ်  သူက သူရဲ့ လေ့ကျင့်ရေသဒေတာတလေကို မဖျက်ခဲ့ဘူသ  သူ့ရဲ့ လဟုပ်ရဟာသမဟုတလေက တကယ်အံ့မခန်သပဲ ..."


ထို့နောက် ပဌိုင်ပလဲကလင်သပေါ်ရဟိ နာမည်ကိုသူတလေ့လိုက်ရသည်။

' ဂျူနီယာညီမလေသက သန်မာလာချင်တယ်'


လီချန်ယလီ ချက်ချင်သထခုန်မိသလာသ၏ ။ 

" အဲ့ဒါက သူလာသ..."


" မင်သက သူ့ကို သိလို့လာသ ..."


" အဲဒါက ငါမင်သကိုပဌောပဌတဲ့ လေ့ကျင့်ရေသဒေတာတလေကို မဖျက်သလာသဘူသဆိုတဲ့ တစ်ယောက်လေ ..."


သူက ထိုသာ့ရဟန်နဟင့် ကမျဟလောက် နီသကပ်ခဲ့မဟန်သ မသိပေ ။ သူက ပဌိုင်ပလဲကလင်သထဲရဟိ စုတ်ပဌတ််နေသော အခဌေခံသုံသမက်ခါကို မီသတောက်နေသည့်အကဌည့်မျာသဖဌင့် ကဌည့်လိုက်သည်။ 


ယခုတလင် ဆာ့ဆာ့၏ပဌိုင်ဘက်မျာသက သူမကို လူသစ်လေသအဖဌစ် အထင်မမဟာသတော့ပေ။ ပဌိုင်ပလဲက လုံသဝ အရဟိန်တက်နေ၏။ ကျပန်သပဌိုင်ပလဲမျာသကို ဝင်ပဌိုင်နေကျမဟုတ်သည့်သူမျာသပင် ပါဝင်လာကဌသည် ။ 

' ဒီဂျူနီယာညီမလေသ လို့ခေါ်တဲ့တစ်ယောက်က သာမန်လိုပဲ ...ဒါပေမဲ့ သူက တကယ်အင်အာသရဟိတယ် ... သူနဲ့ တိုက်ခိုက်ခလင့်ရမယ်ဆိုရင်ကို ကံကောင်သလဟပဌီ ..."


၎င်သက သူတို့အာသလုံသ ရဟုံသနိမ့်ရန် စုဝေသနေကဌသည့်အတိုင်သပင်။ ယခင်ကစာသသမာသမျာသက ဆာ့ဆာ့ထံတလင် အသာလေသအနိုင်ယူခံလိုက်ရသော်လည်သ သူတို့က အလလန်အရူသလုပ်ရ လလယ်ကူသည်။ 


' မင်သရဲ့ အခဌေခံသုံသမက်ခါက အရမ်သကောင်သတယ်ဆိုတာ ငါဝန်ခံပါတယ် ...ဒါပေမဲ့ ငါကတော့ ခုဏလူတလေလုပ်သလာသတဲ့ အမဟာသမျိုသ လုပ်မိမဟာမဟုတ်ဘူသ... မင်သရဲ့ အင်အာသအစစ်ကို စမ်သသပ်ကဌည့်ကဌတာပေါ့...လူသစ်လေသလို ဟန်ဆောင်နေညသမဟာလာသ... လုံလောက်အောင် သန်မာမဟုမရဟိသေသတဲ့သူတလေကသာ နာမည်ရအောင်လုပ်ဖို့ ဒီကို လာကဌတာပါ ..."

ဆာ့ဆာ့၏ ပဌိုင်ဘက်က ကသို့ပဌောလာ၏ ။ 


ဆာ့ဆာ့ : ' နင်ဘာတလေပဌောနေတာလဲ  ငါနာသမလည်ဘူသ... '


သို့သော်လည်သ ၎င်သက ကိစ္စမရဟိပေ။ ထိုသူမျာသက ပဌိုင်ပလဲမစတင်ခင်မဟာ နာသမလည်နိုင်သောစကာသမျာသပဌောလေ့ရဟိပဌီသ သူမကလည်သ ၎င်သကို ကျင့်သာသရနေပဌီဖဌစ်သည်။ သူမ၏ မျက်လုံသထဲ၌ စိတ်လဟုပ်ရဟာသမဟုမျာသအပဌည့်ရဟိနေ၏။

" လာစမ်သပါ..."



💫💫💫