Chapter 13
Viewers 753

💫 Chapter 13

 


ဆာ့ဆာ့က သူတို့၏ ယုံကြည်မှုကို တမင်တကာ ချိုးဖျက်နေခြင်းမဟုတ်ပေ။ ပြိုင်ပွဲအတွင်း၌ ကွာခြားသောမက်ခါမျိုးစုံကို သူမတွေ့ရှိသွားသောကြောင့် မလှုပ်ရှားမီ သူမက သေချာလေ့လာနေခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် ၎င်းက အချည်းအနှီးသာ ဖြစ်ရလိမ့်မည်။ 


သူမက မောပန်းရမှန်းပင်မသိသည့် ပြိုင်ပွဲချိုးတစ်ယောက်လိုပင် ဗဟုသုတအသစ်များကို ဆက်တိုက်ရယူနေ၏။ 


သို့သော်လည်း သူမ၏မက်ခါက အကြိမ်ပေါင်းများစွာ ပျက်စီးလုဆဲဆဲဖြစ်နေသောကြောင့် ဆာ့ဆာ့က ထိုအရာကို အကြိမ်အနည်းငယ်ခန့် ပြုပြင်ရန် လိုလာ၏။ သူမအရှေ့ရှိ ပြိုင်ဘက်၏မက်ခါက သူမ မတွေ့ဖူးသော စတိုင်တစ်မျိုးရှိသည် ။ 


ဆာ့ဆာ့၏ ယခုပြိုင်ဘက်အမည်မှာ 'အားပိုင်' ဖြစ်ပြီး အရည်အချင်းရှိရမှတ်ကောင်းများရှိထား၏။ ထိုသူက ထိပ်ဆုံးအယောက် ၁၀၀ ထဲတွင်မပါဝင်သော်လည်း ထိပ်ဆုံးအယောက် ၂၀၀အတွင်းတွင် ရှိသည်။ သူ ဤပြိုင်ပွဲကိုမလာမီ ကျွမ်းကျင်သူတစ်ယောက်က လူသစ်လို ဟန်ဆောင်နေကြောင်း ကြားသိခဲ့ရသည်။ 


တောင်ပေါ်တွင် ကျားမရှိခင်တွင် မျောက်က ဘုရင်ဖြစ်နေလိမ့်မည်။ 

' တစ်ယောက်ယောက်က ဘော့စ်ဖြစ်လာဖို့ အခြေခံသုံးမက်ခါလေးကို သုံးနေတာပဲ... သူ့မှာ အရည်အချင်းတချို့ရှိလောက်မယ်ဆိုပေမဲ့ အဲ့ဒီလောက်ပါပဲ ...မဟုတ်ရင် သူက အဆင့်သတ်မှတ်ထားတဲ့ပြိုင်ပွဲကိုပဲ သွားပြိုင်မှာပေါ့...'


' သူက အရည်အချင်းမဆိုသလောက်လေးနဲ့ နာမည်ရချင်နေတဲ့ သူပဲဖြစ်ရမယ်..."


'သူ သင်ခန်းစာပေးခံရဖို့လိုနေပြီ..."


၎င်းက သူတို့အများဆုံးတွေးကြသည့်အတွေးပင်။ သူတို့အများစုက ကစားသမားကောင်းများဖြစ်ကြပြီး မည်သည့်နေရာကမှန်းမသိထွက်လာသည့် ဟန်များသော လူတစ်ယောက်ကိုလည်း ယခင်က ဘယ်တော့မှ မရှူံးဖူးပေ။ အားပိုင်က သူမနှင့် တစ်ခါတည်း ပြိုင်ရလောက်အောင် ကံကောင်းသွားသည်။ 


ဆာ့ဆာ့က ဗျူဟာပိုင်းကျွမ်းကျင်သည်ဟု သူကြားထားပြီး ကံကောင်းစွာဖြင့် သူကလည်း လျင်မြန်မှု၌ နာမည်ကြီးသည့် တစ်ဦးတည်းသောမောင်းနှင်သူ ဖြစ်သည်။ 


ဆရာကြီးတစ်ယောက်၏ ကိုင်တွယ်မှုက အားလုံးကို ပြောင်းလဲသွားစေ၏။ အားပိုင်က အလွယ်လေးမလှုပ်ရှားရဲသလို ဆာဆာ့၏ နည်းလမ်းများကိုလည်း အစကတည်းက မျက်စိဒေါက်ထောက်ကြည့်နေ၏။ ထို့နောက် သူက အနီးသို့ တိုးသွားပြီး တိုက်ခိုက်လိုက်သည်။ သူက ဆာ့ဆာ့ကို ရှောင်တိမ်းရန် အခွင့်အရေးမပေးချေ။


အားပိုင်က ထိပ်ဆုံးအယောက် ၁၀၀အထိမဝင်နိုင်သေးသော်လည်း သူက ပြိုင်ပွဲကိုရူးသွပ်နေသူဖြစ်ပြီး တိုက်ခိုက်ရာ၌ ကိုယ်ပိုင်ပုံစံရှိသောကြောင့် သူ့ကို အားပေးသူများ ရှိသေးသည် ။ 


ထို့ကြောင့် သူပြိုင်ပွဲကွင်းထဲသို့ ဝင်လာသောအခါ ကြည့်ရှူသူများထဲမှ တစ်ယောက်က သူ့ကို သတိထားမိသွားသည် ။ 

" အဲ့ဒါက အားပိုင်ပဲ ...ဒီတစ်ခေါက်တော့ ဂျူနီယာညီမလေး ကန်ထုတ်ခံရတော့မယ် ... "


" အဲ့ဒါက မမှန်ဘူး ... ဂျုနီယာညီမလေးက လှည့်ကွက်များပေမဲ့ သူမက တကယ်ထူးခြားတယ်..."

ထိုနေရာတွင် ဆာ့ဆာ့ကို ချီးကျူးကြသော သူများလည်း ရှိသေးသည်။ 


လီချန်ယွီလည်း ဆာ့ဆာ့နိုင်လိမ့်မည်ဟု တွေးမိသည်။ ဆာ့ဆာ့၏ နည်းလမ်းများကို သူတွေ့ဖူးပြီး ကိုယ်တိုင်လည်း အတွေ့အကြုံရဖူးသည်။ သူက ထိုနည်းလမ်းများကို ဦးနှောက်ထဲ၌ လေ့လာနိုင်သော်လည်း ခန္ဓာကိုယ်က မလုပ်နိုင်သည်ကို သတိထားမိသွားသည်။ အလွန်ရိုးရှင်းမည်ဟု ထင်ရသော လှုပ်ရှားမှုများက အချိန်ကိုက်မှုနှင့် သွက်လက်နေရန် လိုအပ်သည် ။ 


' ဒီလိုလူက ရိုးရှင်းနိုင်ပါ့မလား..."


လီချန်ယွီက စီနီယာစာရင်းများကို ပြန်စဥ်းစားပြီး ဤဂျူနီယာညီမလေးက မည်သူများဖြစ်မလဲဟု ရှာကြည့်မိသည်။သို့သော်လည်း ခန့်မှန်းကြည့်၍ မရပေ။ 


' မဟုတ်မှလွဲရော သူက စတားကွန်ရက်ပေါ်မှာ ပေါ်လာခဲတဲ့ စစ်တပ်အရာရှိလောင်းများ ဖြစ်နေမလား ...'


စတားကွန်ရက်၏ အဆင့်သတ်မှတ်ချက်များက အထင်ကြီးစရာကောင်းသည်။ သို့သော်လည်း အချို့ဆရာကြီးများကမူ စတားကွန်ရက်ပေါ်ရှိ ပြိုင်ပွဲများက အလွန်နိမ့်နေသေးပြီး မက်ခါများက ပြင်ပရှိမက်ခါအစစ်များကို မောင်းနှင်ရသည်နှင့်မတူဟုတွေးကြသောကြောင့် သူတို့က ဝင်ပြိုင်ရမည်ကိုပင် အထင်သေးကြသည် ။ 


လီချန်ယွီ ၎င်းကို နားမလည်နိုင်သလို ထပ်လည်း စဥ်းစားမနေချင်တော့ပေ။ သို့သော်လည်း လီချန်ယွီ၏ သူငယ်ချင်းက အားပိုင်ကို အားပေးနေ၏ ။ 

" ဒီဂျူနီယာညီမလေးက တော်တော်လေး အားကောင်းပါတယ်... ဒါပေမဲ့ သူက တစ်နာရီနီးပါးလောက် ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ငါကြားထားတယ်... သူ့ရဲ့ အာရုံခံငါးပါးကို အနိမ့်ဆုံးအထိ လျှော့ချထားမယ်ဆိုရင်တောင် သူက ရှုံးနိမ့်လုနီးနီး ဖြစ်နေမှာပဲ... အားပိုင်က သိပ်မဆိုးတဲ့အပြင် သူ့ထပ်ပိုကောင်းတဲ့ မက်ခါလည်း ရှိသေးတယ် ... သူက ဘာလို့ မနိုင်ဘဲရှိမှာလဲ ... "


လီချန်ယွီ အနည်းငယ်တွန့်ဆုတ်သွား၏ ။

" သူ မနားရသေးဘူးလား..."


စတားကွန်ရက်ပေါ်ရှိ ပြိုင်ပွဲများက လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အမှန်တကယ်မကျဆင်းစေသော်လည်း လူတစ်ယောက်က သူတို့၏ အာရုံခံနိုင်မှုအဆင့်ကို အမြင့်ဆုံးအထိတင်ထားမည်ဆိုလျှင် အားအင်ကို ကျဆင်းစေလိမ့်မည်။


လူတစ်ယောက်က အစစ်အမှန်နီးပါးလောက် ထိခိုက်ဒဏ်ရာရပြီး ပင်ပန်းနေတာတောင် ဘယ်လိုလုပ် နည်းနည်းမှ မောပန်းတယ်လို့ မခံစားရတာလဲ… စိတ်ဝိညာဥ်ပင်လယ်အဆင့်မြင့်တဲ့သူတွေတောင် နည်းနည်းပိုခံနိုင်တယ်ဆိုပေမဲ့ ဘယ်သူမဆို အကန့်အသတ်ရှိတာပဲ…


ဆာ့ဆာ့လည်း အနားယူခဲ့လောက်မည်ဟု လီချန်ယွီ တွေးမိသည်။ အဆုံးတွင် သူမက ကြည့်ကောင်းသည့်ပုံပေါက်ရန် လိုသေး၏။


ထိုသူငယ်ချင်းလေးက ခဏလောက်တွန့်ဆုတ်နေပြီး ပြောလိုက်သည်။ 

" သူ အနားမယူရသေးဘူးလို့တော့ မင်းအတိအကျကြီး ပြောလို့မရဘူး ...ပြိုင်ပွဲတွေ.. မက်ခါပြင်ဆင်ရတာတွေက အချိန်ပေးရပြီး သူက ဒီအချိန်တွေကို အနားယူဖို့ သုံးခဲ့လောက်တယ် ... "


လီချန်ယွီ၏ မျက်နှာက အမူအရာကင်းမဲ့နေ၏ ။

' ပြိုင်ပွဲပြင်ဆင်တာက ဆယ်စက္ကန့် ..မက်ခါပြင်ဆင်တာက ၅မိနစ်အောက် ... ဒါကို အနားယူတယ်လို့ ခေါ်တာလား ...'


သို့သော်လည်း ဤအချက်ကြောင့် လီချန်ယွီ၏ စိတ်က လှုပ်ရှားသွား၏ ။ 

' ဂျူနီယာညီမလေးက တကယ်ပဲ မရှုံးလောက်ဘူးမလား... '


ဂျူနီယာညီမလေး အမှန်တကယ် ဘာလုပ်ချင်နေသည်ကို သူလည်းနားမလည်နိုင်ဖြစ်သွားသည် ။ 


' လေ့ကျင့်ဖို့လား... တခြားသူတွေနဲ့ တိုက်ခိုက်ပြီး အတွေ့အကြုံယူဖို့လား... အနိုင်ရဖို့ ကြိုးစားနေတာများလား...'


' ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ...သူ အနားယူဖို့တော့ လိုသေးတယ်မလား ...'


ဆာ့ဆာ့၏ စိတ်ဝိညာဥ်ပင်လယ်အဆင့်က ရွှေဗဟိုချက်အဆင့်ရှိသူများနှင့် ယှဥ်၍ရပြီး စိတ်စွမ်းအားက သူတို့သာမန်လူများထက် မရေမတွက်နိုင်အောင် မြင့်နေသည်ကို သူ မသိပေ။ 


ထို့အပြင် အလျွန်အကျွံကြိုးစားခြင်းနှင့်လည်း သူမက အသားကျနေ၏။ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ပြုပြင်မွမ်းမံလေ့ရှိပြီး သူတို့၏ လုပ်နိုင်စွမ်းအကန့်အသတ်ကိုလည်း တွန်းတင်ရန် လိုအပ်သည်။ တတိယစီနီယာအစ်ကို ရှဲ့ရုန်မှလွဲ၍ ဆရာရွှီယီဖြစ်စေ ၊ စီနီယာအစ်ကိုနှစ်ယောက်ပင်ဖြစ်စေ သူတို့တာအိုလမ်းစဥ်ကို လေ့လာကတည်းက အပင်ပန်းမခံရသူမရှိပေ။ 


ဆာ့ဆာ့ ယခုတွင် အနည်းငယ် ပင်ပန်းသလိုလိုရှိလာ၏ ။ ထို့အပြင် အစောပိုင်းဒဏ်ရာများနှင့် နာကျင်မှုများကို သူမက တစ်ရာရာခိုင်နှုန်း ခံစားခဲ့ရသည်။ သို့သော်လည်း ဤမောပန်းမှုက ဆာ့ဆာ့၏ အာရုံကြောများကို ပိုပြီး လှုံ့ဆော်ပေးနေ၏။ သူမက ပို၍ပင် စိတ်ဓာတ်တက်ကြွလာသည် ။


လီချန်ယွီက ၎င်းကိုမသိသောကြောင့် ပြိုင်ပွဲကိုသာ တိတ်တဆိတ်စောင့်ကြည့်နေ၏။ သူက ဆာ့ဆာ့၏ လေ့ကျင့်ရေးခန်းထဲမှ လှုပ်ရှားမှုများကို တွေ့ကြုံခဲ့သောကြောင့် သူမ၏လှုပ်ရှားမှုပုံစံကို ရင်းနှီးနေသည် ။

' ဟုတ်တယ် ...အဲ့ဒါ သူပဲ...'


သို့သော် သူကြည့်လိုက်သောအခါ တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်သည် ။ 


လေ့ကျင့်ခန်းထဲတွင်ကျန်ခဲ့သော လေ့ကျင့်ရေးဒေတာများနှင့် ယှဥ်လျှင် ဆာ့ဆာ့၏ လှုပ်ရှားမှုများက ပိုသွက်လက်နေ၏။ ယခုဏထိတိုင်အောင် လီချန်ယွီက အတော်လေး နားလည်ရခက်နေသေးသည် ။ 

' လူတစ်ယောက်က ဘယ်လိုလုပ်ပြီး တစ်ချိန်တည်းမှာပဲ လူသစ်လိုရော ကျွမ်းကျင်တဲ့သူလိုရော ဖြစ်နေရတာလဲ...'


သို့သော် ယခုတွင် ပြိုင်ပွဲကွင်းထဲရှိ အခြေခံသုံးမက်ခါက အစတုန်းကကဲ့သို့ ခံစားချက်မျိုးမပေးတော့ပေ ။ 


လီချန်ယွီ "..."


သို့သော်လည်း သူ့ခန့်မှန်းချက်က အလွန်မတန်တဆဖြစ်နေသောကြောင့် ယုံဖို့ပင် ခက်ခဲလှသည်။ လီချန်ယွီလည်း အာခေါင်ခြောက်ခြောက်ဖြင့် သူ့သူငယ်ချင်းကို မေးလိုက်သည် ။ 

" ဒီဂျူနီယာညီမလေးက အခုမှ လေ့လာနေတဲ့ လူသစ်ဖြစ်မယ်လို့ မင်းထင်လား..." 


သူငယ်ချင်းလေးက သူ့ကို ဤအတိုင်းကြည့်လာ၏။ 

" မင်းဘာတွေ ပွစိပွစိပြောနေတာလဲ ... ဒါကို လူသစ်လို့ မင်းကပြောချင်တာလား ..."


ပြိုင်ပွဲကွင်းအတွင်းတွင် အားပိုင်က ဆာ့ဆာ့နှင့် သူ့ကြားအကွာအဝေးကို နီးကပ်လိုက်ပြီး သူ၏ စွမ်းအင်အမြောက်ဆံကို ဆာ့ဆာ့ဆီလွှတ်လိုက်သည်။ ထိုကဲ့သို့ နီးကပ်သောအကွာအဝေးတွင် တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ဆိုသည်မှ ဘယ်လိုမှ မဖြစ်နိုင်ပေ။ စွမ်းအင်အမြောက်ဆံ၏ အားကလည်း အမြင့်ဆုံးဖြစ်၏ ။ 


သို့သော်လည်း တစ်ချိန်တည်းတွင် ဆာ့ဆာ့က အားပိုင်ကို ချဥ်းကပ်လိုက်သည်။ အခြေခံသုံးလေးလံသောဓားက အားပိုင်၏ စွမ်းအင်ဗဟိုချက်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ပြီး အားပိုင်လည်း ၎င်းကို မရှောင်တိမ်းနိုင်လိုက်ပေ ။ 


နှစ်ယောက်လုံး တစ်ပြိုင်တည်း ထုတ်ပယ်ခံလိုက်ရသည် ။


စနစ်၏ ဆုံးဖြတ်ချက်: ' သရေကျ' 


' ဒါကို လူသစ်လို့ခေါ်တာလား… ဒီထင်မြင်ချက်ထက် ယုတ္တိမကျတာ ရှိတော့မှာ မဟုတ်ဘူး ...'


သူငယ်ချင်းလေးက စိတ်ဆက်ဆက်ဖြင့် ပြောလာ၏။

" ဒါက သူရဲ့ ပထမဆုံးမက်ခါသုံးဖူးတဲ့ နေ့လို့ပဲ မင်းဘာလို့ မပြောလိုက်တာလဲ..."


လီချန်ယွီလည်း ၎င်းကို တွေးမိသွားသောအခါ အလွန်လက်မခံနိုင်ဖွယ်ဖြစ်နေ၏ ။


' နှေးကွေးနေရာကနေ သွက်လက်သွားဖို့ အချိန်တစ်နာရီ၊ နှစ်နာရီလောက်ပဲ ယူလိုက်ရတာလား ...ဒါက လူသားရော ဖြစ်နိုင်ပါဦးမလား...'


ပုံမှန်အားဖြင့် တစ်နာရီ၊ နှစ်နာရီဆိုသည်မှာ လူသားတစ်ယောက်အတွက် မက်ခါနှင့် လမ်းလျှောက်တတ်အောင် သင်ယူနေရဆဲပင် ရှိလိမ့်မည် ။


သရေပွဲဟုမထင်မှတ်ထားသော်လည်း ကစားသမားနှစ်ယောက်၏ အရည်အချင်းကို စမ်းသပ်နိုင်လိုက်သည်။ ဂျူနီယာညီမလေးက နောက်ဆုံးအခိုက်အတန့်မှာပင် သူ့ကို ဆွဲချသွားနိုင်လိမ့်မည်ဟု အားပိုင် မထင်ထားမိပေ။ သူက ရှိသမျှအားအကုန်ထုတ်ခဲ့ရသည်ကို သိသည်။ သူက လူသစ်လေးမဟုတ်သော်လည်း သူမက အလွန်အင်အားကြီးနေ၏။


' ဒါက အခြေခံမက်ခါကို သုံးထားတဲ့ သူ့(ဆာ့ဆာ့)ရဲ့ ရလဒ်ပဲ ...တကယ်လို့ သူသာ ပိုကောင်းတဲ့ မက်ခါကို သုံးမယ်ဆိုရင်...'


အားပိုင်လည်း သူမသာ လူသစ်လေးများကို အနိုင်ကျင့်ရန်ဆိုလျှင် အလွန်နိမ့်နေလိမ့်မည်ဟု အစပိုင်းတွင် တွေးထားခဲ့သည်။ သို့သော်လည်း သူက ရှုံးနိမ့်သွားခဲ့သောသူဖြစ်ပြီး ကိုယ်တိုင်က အရည်အချင်းလိုအပ်နေသည်ကို အခြားသူများအား စောဒကတက်နေစရာ အကြောင်းမရှိပေ ။ အားကောင်းသောသူများက သူတို့လုပ်ချင်သည်အား လုပ်နေခြင်းကို နားလည်၍ ရနိုင်သည် ။ 


ဆရာကြီးမှာတွေလည်း သူ့တို့ကိုယ်ပိုင်သဘောကျတာတွေ ရှိတာပဲ မဟုတ်ဘူးလား…


အားပိုင်က နှုတ်ဆက်ရန်အတွက် သွားပြီး သူ့ကိုမိတ်ဆက်ပြီးနောက် မေးလိုက်သည်။

" ငါမင်းကို သူငယ်ချင်းအဖြစ် ထည့်လို့ရမလား... နောက်ကျရင် ငါတို့ ဆက်ပြီး ပြိုင်ရင်ပြိုင်လို့ရတာပေါ့..."


" အိုး...အိုး ..ဟုတ်ပြီလေ ... ကျွန်မကို ဆာ့ဆာ့လို့ ခေါ်လို့ရပါတယ် ..."


ဆာ့ဆာ့က စတားကွန်ရက်၏ သုံးဖက်မြင်ရုပ်ကြွအတွင်း အသုံးပြု၍ရသည့် လုပ်ဆောင်ချက်များနှင့်မရင်းနှီးသေးသောကြောင့် ကွန်ရက်ပေါ်တွင် သူငယ်ချင်းအဖြစ် ထည့်ရန်ပင် အချိန်အတော်ကြာကြာယူလိုက်ရသည် ။ 


အားပိုင်လည်း အမှန်တကယ်တော်သည့်သူဟု သူမ တွေးမိသည်။ သူမသာ လေ့ကျင့်ရေးခန်းထဲမှ ထွက်လာခါစအတိုင်းသာဆိုလျှင် သရေကျနိုင်လိမ့်မည်မဟုတ်ပေ။ ယခင်ပြိုင်ခဲ့ရသည့် သူများကိုလည်း သူမ ကျေးဇူးတင်သင့်သည်။ သူတို့က သူမ၏ လေ့ကျင့်မှုကို ကူညီပေးပြီး မက်ခါများ၏ မျိုးစုံသောလုပ်ဆောင်နိုင်စွမ်းကို နားလည်စေကာ သူမ၏ အသုံးချနိုင်မှုကို ပိုတိုးတက်စေ၏ ။ 

' လုံးဝ မသက်ညှာပေးတဲ့အတွက် ကျေးဇူးပါပဲ...'


အကယ်၍ သူမ ဘာတွေးနေသည်ကိုသာ အားပိုင်သိလျှင် သူ မညည်းညူမိဘဲ နေနိုင်မည်မဟုတ်ပေ။


သို့သော် အားပိုင်က သိမည်မဟုတ်ချေ။ သူ ယခုလေးတင် ဆာ့ဆာ့၏ အသံကိုကြားလိုက်ရပြီး သူမက အလွန်ငယ်ရွယ်ကာ စတားကွန်ရက်၏ လုပ်ဆောင်ချက်များကို ကျွမ်းကျင်သေးပုံမရပေ။


' သူက မိသားစုကြီးက မိန်းမငယ်လေးတစ်ယောက်များလား ... ကွန်ရက်မချိတ်ဆက်ဘဲ လေ့ကျင့်လေ့ရှိပေမဲ့ စတားကွန်ရက်မှာ သိပ်မကစားဖူးတဲ့သူများလား ...'


အားပိုင်၏ စိတ်ထဲ၌ ခန့်မှန်းချက်များ ပွထနေပြီး သူချက်ချင်းပင် ၎င်းကို ဘေးဖယ်ထားလိုက်သည်။ 

' ဘာပဲဖြစ်ဖြစ် ဒါက အွန်လိုင်းပေါ်က သူငယ်ချင်းပဲကို အများကြီးတွေးမနေစမ်းပါနဲ့ ... ဒါပေမဲ့ ဂျူနီယာညီမလေးကြည့်ရတာ အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်တော့ ဟုတ်ပုံမရဘူး... ပြီးတော့ ဆရာကြီးတွေလို အေးစက်တဲ့အရှိန်အဝါမျိုးလည်း မရှိပါဘူး ...သူက မထင်ထားလောက်အောင် စကားပြောလို့လည်း ကောင်းသေးတယ်...'


ထို့နောက် ဆာ့ဆာ့က ယိုယွင်းနေသောမက်ခါထဲမှ ထွက်လာပြီး သူမ၏မရင့်ကျက်သေးသောမျက်နှာကို ထုတ်ဖော်လိုက်သည် ။ 


အိုး...ကြယ်တာရာခေတ်အသက်တိုင်းတာမှုအရ သူက အရွယ်ရောက်ပြီးသားမဟုတ်သေးဘူးပဲ…


သူမကို ငယ်ရွယ်လိမ့်မည်ဟု အားပိုင်ထင်ထားသော်လည်း ဤမျှငယ်လိမ့်မည်ဟု မထင်ထားမိပေ။ သူလည်း မတတ်သာဘဲ သတိထားမိသွား၏။

" မင်းက အခုအတော်လေး နာမည်ကြီးသွားပြီပဲ... မျက်နှာအကာလေးဘာလေးတပ်သင့်တယ် မဟုတ်ဘူးလား... မဟုတ်ရင် အဲ့ဒါက အလွယ်တကူ ပြဿနာဖြစ်နိုင်တယ်..."


ဆာ့ဆာ့လည်း ပြန်ဖြေကြားလိုက်သည် ။ 

" အိုး ဟုတ်သားပဲ ...ကျေးဇူးတင်ပါတယ် ..."


သူမက မျက်နှာအကာတပ်ထားလိုက်သည်။ သူမ၏ မထင်ထားလောက်သော ရုပ်ရည်ကို ကြည့်ပြီး အားပိုင်၏ စိတ်ထဲ၌ အနည်းငယ် မတည်မငြိမ်ဖြစ်နေ၏ ။ 

' ဘယ်လိုလုပ်ပြီးတော့များ ဒီလိုနူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို ငါ လက်ရွယ်မိရတာလဲ...'


သို့သော်လည်း သူ ၎င်းကိုတွေးမိသောအခါ ဆာ့ဆာ့၏ မက်ခါမောင်းနှင်ရာ၌ နူးညံ့ပြီး ချစ်စရာကောင်းခြင်းက ဘာမှလုပ်လို့မရပေ။ ဤသို့ တွေးမိပြန်သောအခါလည်း သူ့စိတ်က အေးချမ်းသွားပြန်၏ ။ 


ဘာပဲဖြစ်ဖြစ်လေ… နောက်တစ်ခါဆိုရင်တော့ ငါတို့ပိုပြီး သေချာယှဥ်ပြိုင်လို့ ရလောက်တယ်...


အားပိုင်လို ပြိုင်ပွဲရူးသွပ်သည့်သူက ဆာ့ဆာ့၏ အသက်အရွယ်နှင့်ပက်သက်၍ နှစ်မိနစ်ထပ်ပိုပြီး မသနားပေးတတ်ဘဲ သူတို့၏စကားဝိုင်းမှာ မကြာမီမှာပင် မက်ခါများအကြောင်းရောက်သွား၏။


အကောင်းဆုံးသူနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရခြင်းက ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ အားပိုင်လည်း ယခုပြိုင်ပွဲတွင် အများကြီးလေ့လာခဲ့ရပြီး ဆာ့ဆာ့နှင့် စကားပြောချင်နေ၏ ။ 

" မင်းက ဟန်ချက်ချိန်ညှိမှုကို လေ့ကျင့်ဖို့ပဲ အခြေခံသုံးမက်ခါကို သုံးတာလား ..."


အခြေခံသုံးမက်ခါက ထူးခြားသောတပ်ဆင်မှုနှင့် လက်နက်ထွေထွေထူးထူးမပါဝင်သလို အဆင့်မြင့်မက်ခါများကဲ့သို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သူတို့က တည်ဆောက်မှုနှင့် ဟန်ချက်ကို ပိုစမ်းသပ်ရပြီး လူတို့၏ ကန့်သတ်ချက်ကို ပိုတိုးမြှင့်ပေးသည်။ 


အားပိုင် ဉာဏ်အလင်းပွင့်သွား၏ ။


ဆာ့ဆာ့က သူ့ကို နားမလည်နိုင်သလို ကြည့်လာ၏။

" မဟုတ်ပါဘူး ...ဘယ်သူက ပိုကောင်းတဲ့မက်ခါတွေကို မကြိုက်ဘဲ ရှိပါ့မလဲ... ဒါပေမဲ့ အဲ့ဒီအဆင့်မြင့်မက်ခါတွေက ဝယ်ဖို့ အရမ်းစျေးကြီးလွန်းတယ်..."


အားပိုင်၏ ခေါင်းပေါ်၌ အမေးသင်္ကေတများ ထွက်ပေါ်လာ၏။

'ကောင်းပြီ ...ဆာ့ဆာ့က မိသားစုကြီးက အထက်တန်းလွှာမိန်းကလေးမဟုတ်ဘူးဆိုရင်တောင် သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် စတားကွန်ရက်က အရည်အသွေးကောင်းတဲ့ မက်ခါတစ်ခုကိုတော့ မတတ်နိုင်တဲ့ ပုံမပေါ်ပါဘူး ... ဟုတ်တယ်မလား...'


မက်ခါများက ငွေကုန်ကြေးကျများသည်မှာ မှန်သော်လည်း စတားကွန်ရက်ထဲရှိ ဆရာများနှင့် လက်တွေ့ပြင်ပမှ ဆရာများအားလုံးက ပိုက်ဆံပြတ်လပ်နေကြခြင်းမဟုတ်ပေ။ လက်တွေ့တွင် အဆင့်မြင့်မက်ခါများကကြီးမားသောအကျိုးခံစားခွင့်များရှိပြီး အပြင်ထွက်ကာ သူတို့ကိုယ်ပိုင်အပိုဝင်ငွေလည်း ရှာနိုင်ကြသည်။ စတားကွန်ရက်တွင် မောင်းနှင်သူများက အပိုဆုကြေးများ ခံစားခွင့်ရှိပြီး ကြည့်ရှူသူအရေအတွက်မှရရှိသည့် ဝင်ငွေကိုလည်း မျှဝေခံစားခွင့်ရှိသည်။ 


အားပိုင် ခဏလောက် တောင့်တင်းသွားပြီးနောက် ပြောလိုက်သည်။ 

" အဲ့ဒါက...လူတွေ ပြိုင်ပွဲလာကြည့်ရင် မင်းက အခကြေးငွေသတ်မှတ်လို့ရတယ်ဆိုတာ မသိဘူးလား... အဲ့ဒီလိုဆိုရင် မင်းလည်း ရှယ်ယာအများဆုံးရနိုင်လောက်တယ်..." 


ဆာ့ဆာ့ ရုတ်တရက် သူမခေါင်းကို ကာလိုက်မိသည်။


အားပိုင်လည်း ရုတ်တရက် တန့်သွားသည်။

"ဘာဖြစ်လို့လဲ ..."


" ဝူးဝူးဝူး...ကျွန်မအခု ဘီလီယံနဲ့ချီပြီး ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်… ကျွန်မ စိတ်ထဲ အရမ်းနာကျင်ရတာပဲ..."


အားပိုင်: "..."


'အဲဒါက တကယ်ကြေကွဲဖို့ကောင်းတာပဲ... ဒါပေမဲ့ အခုဖြစ်နေတာတွေကို ငါလည်း ရယ်နေရုံပဲ တတ်နိုင်တော့တယ်...' 



💫💫💫