💫 Chapter 14
သူမ မရလိုက်သည့် သန်းတစ်ရာကို နှမြောနေမိသော်လည်း ဆာ့ဆာ့က ပြန်သွားပြီး ပြိုင်ပွဲထပ်မဝင်တော့ချေ ။
ဆာ့ဆာ့၏ မက်ခါက အားပိုင်၏ စွမ်းအင်အမြောက်ဆံကြောင့် ပျက်စီးသွားပြီး နောက်မက်ခါတစ်ခု လဲလှယ်ရန် လိုနေသော်လည်း အသုံးစားရိတ်က သူမကို အနည်းငယ် စိတ်နာကျင်စေ၏။ သူမ တဖြည်းဖြည်းလျှော့ချမှရမည်။ယနေ့တွင် သူမ များစွာသင်ယူခဲ့ရ၍ လေ့ကျင့်ရေးဆက်လုပ်ရန်အတွက် စိုးရိမ်နေစရာမလိုတော့ပေ ။
စတားကွန်ရက်ပေါ်ရှိ မက်ခါများကို စမ်းသပ်ပြီးနောက် မက်ခါများက သူမကဲ့သို့ မကျင့်ကြံနိုင်သည့်သူအတွက် သန်မာလာစေရန် မဖြစ်မနေလိုအပ်သောလက်နက်တစ်မျိုးပင် ဖြစ်သည်။ ကျင့်ကြံရေးကမ္ဘာတွင် သူမ၏ လမ်းကြောင်းက ပိတ်ဆို့နေသော်လည်း ယခုကမ္ဘာတွင် ဖြစ်နိုင်ချေရှိလာ၏။
သူမ ရှာဖွေတွေ့ရှိသွားသည့်အရာက သူမကို စိတ်လှုပ်ရှားစွာဖြင့် ဘာပြော၍ပြောရမှန်း မသိအောင်ပင်ဖြစ်စေ၏။ သူမမှာ ပျော်ရွှင်ရလွန်း၍ ပင်ပန်းသည့်ဒဏ်ကပင် သူမ၏ စိတ်လှုပ်ရှားသည့်ခံစားချက်ကို မဖျောက်ဖျက်နိုင်ပေ။ ထို့အပြင် ဤသို့ဖြစ်ရခြင်း၏ တစ်စိတ်တစ်ပိုင်းက ' ငါက ပင်ပန်းနေတယ်ဆိုရုံလေးနဲ့ ငါတစ်သက်လုံးမျှော်လင့်နေခဲ့ရတဲ့အရာ ငါ့အရှေ့ကို ရောက်လာချိန်မှာ ဘယ်လိုလုပ် အခွင့်အရေးကို လက်လွှတ်ခံနိုင်မှာလဲ ...'
ဆာ့ဆာ့က အားပိုင်နှင့် အချင်းချင်းမိတ်ဆက်ပြီးနောက် လိုင်းဆင်းသွား၏။ ၎င်းက ဆာ့ဆာ့နှင့် သိကျွမ်းချင်သည့် အခြားသူများကို အောင့်သက်သက်ဖြစ်သွားစေသည် ။အားပိုင်နှင့် ဆာ့ဆာ့တို့ စကားစမြည်ပြောနေကြသည်ကို ကြည့်ပြီး သူတို့မှာ အကြံလေးရသွား၏။
' ငါသာ သူနဲ့ နီးကပ်သွားမယ်ဆိုရင်ရော...'
သို့သော်လည်း သူတို့ ဘာမှပင်မတတ်နိုင်သေးခင် ဆာ့ဆာ့က ထွက်သွား၏ ။
အားပိုင်လည်း ပြိုင်ပွဲဆက်ဝင်ရန် အစီစဥ်မရှိပေ။ သူက လေ့ကျင့်ရေးအခန်းကိုသာ ကြိုတင်ငှားထားပြီး တိုက်ပွဲမှရလာသည့်သင်ခန်းစာများကို ပြန်ကျေညက်အောင်လုပ်ရန် စီစဥ်ထား၏။
ကိုယ့်အရှိန်ကိုယ်သိသော တစ်ဦးတည်းမောင်းနှင်သူအနေဖြင့် အားပိုင်က သာမန်သူထကါပိုပြီး တည်ဆောက်ပုံချိန်ညှိမှုများကို လေ့လာခဲ့သည်။ ထို့ကြောင့် သူ့အာရုံက အခြားသူများထက် ပိုစူးရှပြီး သူ၏ သိမြင်နိုင်စွမ်းကလည်း အခြားသူများထက် ပိုနက်ရှိုင်း၏။ ပြိုင်ပွဲတစ်ပွဲပြီးနောက် ပြန်ပြင်ဆင်ရမည့် ပျက်စီးစေနိုင်သော သူ့အမှားအချို့နှင့် လှုပ်ရှားမှုများကို ရှာတွေ့သွားသည် ။
အားပိုင်က ပြင်ပမှ အများပြည်သူမနှောင့်ယှက်နိုင်သော လေ့ကျင့်ရေးခန်းထဲသို့ ဝင်သွား၏။ သို့သော်လည်း သူ့မှာက ကိုယ်ပိုင်အဆက်အသွယ်အချို့ ရှိနေသေးသည်။ ထိုလူများကလည်း ပြိုင်ပွဲအကြောင်းကြားသိသွား၏ ။
" ဘာတွေဖြစ်နေတာလဲ ...အဲဒီ ဂျူနီယာညီမလေးက အဲ့လောက်တောင်ပဲ သန်မာတယ်ပေါ့...ငါ သူ့အကြောင်းကို အရင်ကတစ်ခါမှ မကြားဖူးပါဘူး...သူက အသစ်ရောက်လာတဲ့သူလား..."
" အားပိုင်... ငါတို့ကိုလည်း မိတ်ဆက်ပေးစမ်းပါ...မင်းပြီးမှ လေ့ကျင့်ရေးခန်းသွားလို့လည်း ရတာပဲ..."
အားပိုင်က တစ်ယောက်ချင်းစီကို စာပြန်လိုက်သည်။
" သူက ငါ့ထက်ပိုတော်တယ်..."
ထို့နောက် ထပ်ပြောလိုက်သေးသည် ။
" မိတ်ဆက်ပေးဖို့ကို သူ လက်ခံဖို့ လိုသေးတယ်လေ..."
အကယ်၍ ဆာ့ဆာ့သာ သာမန်လူတစ်ယောက်ဆိုလျှင် မိတ်ဆက်ပေးခြင်းက သာမန်မိတ်ဆက်ပေးသည်သာ ဖြစ်လိမ့်မည်။ သို့သော်လည်း သူမက ကမ္ဘာကြီးကိုပင် မမြင်ဖူးသေးသော အသက်မပြည့်သေးသည့် မိန်းကလေးလိုဖြစ်နေပြီး အားပိုင်၏ အသိစိတ်အနည်းငယ်ကြောင့် သူတို့ကို သူမနှင့် မိတ်မဆက်ပေးမီ ဦးဆုံး တိုင်ပင်ရန် လိုသေးသည်ဟု တွေးလိုက်သည်။
ထိုအပြုအမူက လူများကို သံသယများသွားစေ၏ ။
" ညီအစ်ကိုရေ အဲဒါက သိပ်မကောင်းပါဘူး..."
" မင်းနဲ့ ဒီသာ့ရှန်ကြားမှာ ဘာတွေရှိနေတာလဲ ...ဘာကများ မင်းကို သူ့အပေါ် အဲ့လိုအထူးအနေနဲ့ ဆက်ဆံပေးစေတာပါလိမ့်..."
အားပိုင်က ဆာ့ဆာ့၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာများကို မပြောပြချင်သည့်အတွက် စာပြန်မနေတော့ဘဲ လေ့ကျင့်ရေး၌သာ အာရုံစိုက်ထားလိုက်သည် ။
လူနှစ်ယောက်က လိုင်းဆင်းသွားပြီး လေ့ကျင့်နေကြသော်လည်း အပြင်ဘက်ရှိ သတင်းများက မပျောက်သွားသေးပေ။ ထို့အပြင် သတင်းများက ပို၍ပင် အားကောင်းလာ၏ ။
" မင်းတို့ကြားဖူးလား...ဒီနေ့ ကျပန်းပြိုင်ပွဲဇယားမှာနတ်ဘုရားအသစ်တစ်ယောက် ထွက်လာပြီး လူတွေကို ဆက်တိုက်ရိုက်ချဖို့ အခြေခံသုံးမက်ခါကို သုံးသွားတာတဲ့... အဲ့ဒီထဲမှာ ထိပ်ဆုံးအယောက် ၂၀၀ထဲက အားပိုင်တောင် ပါသေးတယ်..."
" ပြီးတော့ သူက အရမ်းငယ်သေးတဲ့ မိန်းကလေးလို့လည်း ပြောလို့ရတယ် ...အဲ့ဒါကြောင့် အစတုန်းက သူက သာ့ရှန်ဆိုတာတောင် ဘယ်သူမှ မယုံကြဘူး..."
ဆာ့ဆာ့၏ မျက်နှာကို မျက်နှာအကာမတပ်မီက မြင်ဖူးထားကြသော်လည်း မည်သူကမှ သူမကို ကျွမ်းကျင်သူအနေဖြင့် တွဲမမြင်နိုင်ကြသေးပေ။ ပုံမှန်အားဖြင့် သူမကို သူတို့ ဂရုမစိုက်မိခဲ့သောကြောင့် စခရင်ရှော့ တစ်ခုတစ်လေမျှကိုပင် မရလိုက်ချေ။ အဆုံးတွင် လူများက ဆက်ဆွေးနွေးနေကြပြီး ပြောစရာပိုများလာ၏။
အချို့သူများက သာ့ရှန်ကို ချောမောသောမိန်းကလေးဟုပြောနေကြပြီး အချို့သူများကမူ ထိုသူက မိန်းကလေးနာမည်ကို တမင်ယူသုံးထားသည့် ယောက်ျားတစ်ယောက်သာဖြစ်သည်ဟု ပြောနေကြသည်။ အဆုံးတွင်တော့ မည်သူပြောသည်ကအမှန်ဖြစ်သည်ကို မည်သူမှ မသိကြပေ။
သတင်းများကြောင့် ဆာ့ဆာ့၏ပြိုင်ပွဲသို့ လာမကြည့်ဖူးသောသူများက 'နတ်ဘုရားအသစ်တစ်ယောက်ရှိလာပြီ'ဆိုသည်ကို လှောင်ရယ်နေကြသည် ။
" အခုခေတ်မှာ မက်ခါမောင်းနိုင်တဲ့ ဘယ်သူမဆို နတ်ဘုရားဆိုတဲ့ပုံစံဖမ်းလာကြပြီမလား ..."
" အားပိုင်ဆိုတာကရော ဘယ်သူလဲ ...သူတို့ကို တစ်ခါမှတောင်မကြားဖူးပါဘူး...ထိပ်ဆုံးအယောက်၂၀၀ထဲပါသွားတယ်ဆိုရုံနဲ့ ကိုယ့်ကိုယ့်ကိုယ် ဆရာကြီးလို့ခေါ်လို့ရနေပြီလား... မင်းတို့ အဲ့ဒီ ထိပ်ဆုံးအယောက် ၁၀၀ထဲက တကယ့်ဆရာကြီးတွေကိုတောင် စိန်ခေါ်ရဲလို့လား..."
ဆာ့ဆာ့တွင် တစ်မူထူးခြားပြီး ထင်ရှားသောတိုက်ခိုက်သည့်ပုံစံရှိသည့်အပြင် ဖော်လိုဝါတော်တော်များများကို ဆွဲဆောင်နိုင်လိုက်သည်။ ဆာ့ဆာ့ကို အထင်သေးနေသော ဤစကားများကို တွေ့ရသောအခါ သူတို့အကြိမ်အနည်းငယ်လောက် ရန်တွေ့လာ၏ ။
" ဂျူနီယာညီမလေးက အားပိုင်နဲ့ ထိပ်တိုက်တွေ့ရကတည်းက တော်တော်များနဲ့လည်း သူမက တိုက်ခိုက်ခဲ့ပြီးသွားပြီ... ပြီးတော့ သူက အပြင်မှာ သေချာပေါက် ပိုသန်မာတယ်..."
" သူက အခြေခံသုံးမက်ခါကို သုံးသွားတာနော်...သူသာ ပိုကောင်းတဲ့ မက်ခါကိုသုံးသွားရင် အားပိုင်နဲ့တောင် ဘာလို့အတူတူ သရေကျနေတော့မှာလဲ..."
ဆာ့ဆာ့ကို အထင်သေးနေကြသောသူများကလည်း ကိုယ်ပိုင်အကြောင်းပြချက်များရှိကြသည် ။
" အဲ့ဒါက အကုန်ပြောပြီးသားတွေပဲ...သူသာ တကယ်တတ်နိုင်တယ်ဆိုရင် တကယ့်ဆရာကြီးတွေနဲ့ပြိုင်ဖို့ အဆင့်မြင့်မက်ခါနဲ့ပြောင်းပြီး သူကိုယ်တိုင်အတွက် ရမှတ်တွေ စုဆောင်းလို့ရနေတာပဲ...ဒါပေမဲ့ သူ ဘာလို့ အဲ့လိုမလုပ်ရတာလဲ...ပြီးတော့ သူက အခြေခံသုံးမက်ခါနဲ့ လူသစ်လေးလိုတောင်ဟန်ဆောင်လိုက်သေးတယ်..."
" သူက အားပိုင်ကို ပိုက်ဆံပေးထားပြီး နာမည်ကြီးအောင် တမင်လုပ်ဇာတ်ကြီးနဲ့ တိုက်ခိုက်ပြတာလည်း ဖြစ်နိုင်တာပဲ..."
ဆာ့ဆာ့က သူမ၏မက်ခါကို အဆင့်မြင့်မက်ခါနှင့် ပြောင်းလဲချင်ရုံသာမက လက်တွေ့မက်ခါအစစ်ကိုလည်း လိုချင်နေသေး၏။ စတားကွန်ရက်ထဲရှိ မက်ခါများက ဒေတာဖြင့်တည်ဆောက်ထားသည့်အဆင့်မြင့်မက်ခါများဖြစ်ပြီး ဝယ်သူစိတ်တိုင်းကျတည်ဆောက်ထားသောကြောင့် ကြယ်ဒင်္ဂါးမီလီယံချီပြီး ကျသင့်သည်။
သို့သော်လည်း လက်တွေ့မက်ခါအစစ်များကဲ့သို့မဟုတ်သေးပေ။ လက်တွေ့တွင် မက်ခါအစစ်များက အခြေခံသုံးမက်ခါအပါအဝင် ဆယ်သန်းအောက် မက်ခါမရှိချေ။ Aအဆင့် နှင့် Sအဆင့် မက်ခါများ၏ တန်ဖိုးက မိုးလောက်မြင့်ပြီး စိတ်တိုင်းကျထပ်ပြီး တည်ဆောက်ချင်ပါက ပိုက်ဆံရှိနေရုံဖြင့် မရတော့ဘဲ ထိပ်တန်းမက်ခါဆရာကြီးများနှင့် ဆုံရန်လည်း လိုသေးသည် ။
အားလုံးချုံ့ပြောရလျှင် မက်ခါများက ငွေကုန်ကြေးကျများသည် ။
ဆာ့ဆာ့ သက်ပြင်းရှည်ကြီးချမိ၏ ။
ကြယ်တာရာခေတ်သို့ရောက်လာပြီးနောက် ဆာ့ဆာ့မှာ ကျင့်ကြံရရန် ခေါင်းမကိုက်ရတော့ဘဲ ပိုက်ဆံမရှိသောကြောင့် ခေါင်းကိုက်နေရသည်။ ၎င်းက တကယ်ကို ခက်ခဲလွန်းလှ၏။
အကြီးဆုံးစီနီယာအစ်ကိုလက်ထဲ၌ ပိုက်ဆံကျန်ရှိသေးသော်လည်း ဆာ့ဆာ့က သူ့ကို မပူဆာချင်တော့ပေ။ မက်ခါဝယ်သည်က အမှန်တကယ်ငွေကုန်ကြေးကျများပြီး ၎င်းက တစ်ဂိုဏ်းလုံးသုံးရမည့် ပိုက်ဆံလည်း ဖြစ်သည်။ ဆာ့ဆာ့က သူမအတွက် တစ်ဂိုဏ်းလုံး၏ပိုက်ဆံကို သုံးပေးခြင်းမျိုး မဖြစ်စေချင်ပေ။
သူမသာ ကိုယ်ပိုင်မက်ခါဝယ်ချင်လျှင် ပိုက်ဆံရှာမှ ဖြစ်မည်။ သူမ ယခုလေးတင် သိလိုက်ရသော အကျိုးအမြတ်အရှိဆုံးအလုပ်က စတားကွန်ရက်ပေါ်တွင် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိပ်ဆုံးအယောက်၂၀အတွင်းပါဝင်ကာ ဆုရယူခြင်းနှင့် ကြည့်ရှူသူများကို လက်မှတ်များရောင်းချခြင်း ဖြစ်သည် ။
ဆာ့ဆာ့က သူမ၏စိတ်ဝိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန်အတွက် တရားထိုင်နေပြီး ယနေ့တိုက်ပွဲမှ သူမလေ့လာခဲ့ရသမျှကို ပြန်သုံးသပ်ရင်း သုံးဖက်မြင်ကစားစက်ထဲသို့ ပြန်လည်စိတ်နှစ်လိုက်သည်။ ငွေရှာသူများအတွက် အချိန်က အလွန်အရေးကြီး၏။
မုန်းတီးနေသူများက " သူသာလုပ်နိုင်ရင် ဆရာကြီးတွေကို စိန်ခေါ်သင့်တယ် " ဟုပြောနေချိန်တွင် ဆာ့ဆာ့က အဆင့်သတ်မှတ်ထားသောပြိုင်ပွဲများကို ကစားနေ၏ ။
သတင်းရသွားပြီးနောက် ဆာ့ဆာ့အကြောင်းသိချင်နေကြသောသူများက ကြည့်ရှူရန်အတွက် နေရာရရန် အပြေးရောက်လာကြသည် ။
ဆာ့ဆာ့ကို မုန်းတီးနေသူများ : "..."
သူတို့ ဒေါသအနည်းငယ်ကို ခံစားလိုက်ရသည် ။
မဟုတ်သေးဘူး...သူ့စနစ်ထဲကထွက်ဖို့ အဲ့ဒီသူဘယ်လို အရိုက်ခံရမလဲဆိုတာ သွားကြည့်ဦးမယ်...
ထို့နောက် သာ့ရှန်အသစ်၏ ပြိုင်ပွဲက ပြိုင်ပွဲတစ်ပွဲလျှင် ကြယ်ဒင်္ဂါး၅၀၀ ပေးချေရမည့် ပုံစံသို့ပြောင်းလဲသွားသည်ကို အားလုံးသတိထားမိလိုက်သည်။ ၎င်းက စတားနက်ပြိုင်ပွဲပလာဇာတွင် အမြင့်ဆုံးသတ်မှတ်နိုင်သည့် စျေးဖြစ်၏။ အကယ်၍ ပြိုင်ပွဲ၏စျေးနှုန်းကိုသာ ထပ်မြှင့်၍ရလျှင် သူမက ပိုစျေးကြီးသည်အထိ တန်ဖိုးမြှင့်လိမ့်မည်ဆိုသည်ကို သူတို့ သံသယမရှိချေ။
ပြိုင်ပွဲကွင်းအသေးလေးက လူငါးရာအထိ ဆံ့ပြီး သူမ၏အခုအောင်မြင်မှုနှင့်ဆိုလျှင် ပြိုင်ပွဲကွင်းကို လူအပြည့်ဖြည့်ရန်က သူမအတွက် ပြဿနာမဟုတ်ချေ ။ ၎င်းက ပြိုင်ပွဲတစ်ပွဲကို အနည်းဆုံး ကြယ်ဒင်္ဂါး၂သိန်းခန့် ရနိုင်သည့် သဘောပင်။
ဤအတိုင်း စူးစမ်းချင်ရုံသာရှိကြသောသူများက စိတ်မဝင်စားကြတော့ပေ။ ဤသို့ လူများ၏အာရုံကို ဆွဲဆောင်ပြီး နောက်ပိုင်းတွင် စျေးအမြင့်ဆုံးတင်လိုက်သည့်လုပ်ရိုးလုပ်စဥ်က သူတို့အတွက် အသစ်အဆန်းမဟုတ်တော့ချေ။ လုပ်ကိုင်သည့်နည်းစနစ်များက အလွန်ပေါ်လွင်နေပြီး အများစုက နာမည်ကြီးအောင်လုပ်ထားသောကြောင့် ဂျူနီယာညီမလေးက အမှန်တကယ်သန်မာသည့်သူဆိုသည်ကို ယုံရန်ခက်ခဲနေကြသည် ။
ဆရာကြီးတစ်ယောက်၏ ပြိုင်ပွဲကိုကြည့်ရန် ကြယ်ဒင်္ဂါး ၅၀၀ဆိုသည်မှာ မဆိုးလှပေ။ ပြဿနာမှာ ဤလူက ထိပ်ဆုံးအယောက်၂၀၀ထဲရှိ အားပိုင်နှင့်သာ ပြိုင်ဖူးနေခြင်းဖြစ်၏။ ၎င်းက အထင်ကြီးစရာကောင်းသည်ဟု ထင်ရသော်လည်း အမှန်တွင် လူများအသိအမှတ်ပြုရလောက်သည့် 'နတ်ဘုရား' အဆင့် မဟုတ်သေးပေ။ ထို့အပြင် အားပိုင်က သူ့ပြိုင်ပွဲများအတွက် မည်သည့်အခါကမှ ငွေကောက်ခံဖူးခြင်းမရှိသလို သူက ပိုက်ဆံပြတ်လပ်နေသည့်သူလည်းမဟုတ်ပေ။
သူ(ဆာ့ဆာ့)က အရမ်းလောဘကြီးတာပဲ…
အချို့လူများက ဤအတိုင်းလေးသာ ထွက်သွားကြသော်လည်း အချို့သူများကတော့ သူမ ရှုံးနိမ့်မည်ကိုမြင်ရရန် ပြိုင်ပွဲကို ကြည့်ချင်နေကြသည်။ ယခင်က ဆာ့ဆာ့၏ တိုက်ခိုက်မှုကို မြင်ဖူးသည့်သူများကသာ တွန့်ဆုတ်မနေဘဲ ပိုက်ဆံပေးလာကြသည် ။
'ဂျူနီယာညီမလေးက ဝါရင့်ဆရာကြီးလောက်တော်ပါ့မလား'ဆိုသည်ကို သူတို့မသိသော်လည်း သူမ တိုက်ခိုက်သည်ကို ကြည့်ရခြင်းမှာ အရှုံးမရှိကြောင်း သူတို့သိကြသည်။
အချို့သော ဆရာကြီးများက သူတို့၏ ပြိုင်ဘက်ကို ရှုံးနိမ့်အောင်လုပ်ရာ၌ အလွန်တော်ပြီး ထိုပြိုင်ပွဲတွင် မည်သည့်အရာများဖြစ်လာမည်ဆိုသည်ကို မည်သူမှ မပြောနိုင်ကြချေ။
သို့သော်လည်း ဂျူနီယာညီမလေး၏ ပြိုင်ပွဲများကမူ ကွာခြားသည်။ သူမက ပြိုင်ဘက်များကို တစ်ချက်တည်းနှင့် အလဲမထိုးဘဲ သူမ၏ပေါ့ပါးသွက်လက်သော နည်းဗျူဟာများဖြင့် မတိုးသာမဆုတ်သာဖြစ်အောင် လုပ်တတ်သည်။ ထိုလူများက သူမ ရှုံးတော့မည်ဟု ထင်နေချိန်တွင် အဆုံး၌ သူမက အနိုင်ရအောင် လုပ်ပြလိမ့်မည်။
အချို့ဆရာကြီးများက သန်မာသည်ကို သူတို့သိကြသော်လည်း မည်သည့်နေရာတွင် သန်မာသည်ကို တပ်အပ်မပြောနိုင်ကြပေ။ သို့သော် ဂျူနီယာညီမလေး၏ ဂိမ်းများကို ကြည့်ရခြင်းက သူမ၏အကွက်များကို လေ့လာနိုင်ရုံသာမကဘဲ အနည်းဆုံး 'သူဘာလို့မသေလဲ'ဟူသည်ကို မြင်နိုင်ပြီး 'ငါလည်းသင်ယူနိုင်တယ်' ဟူသည့်ခံစားချက်မျိုးကို ရစေသည် ။
အချို့သော မုန်းတီးနေကြသူများကလည်း တွန့်ဆုတ်နေပြီး ငွေပေးလာကြလိမ့်မည်ဟု သူတို့မထင်ထားမိပေ။ ဆာ့ဆာ့က ဤနေရာကို ငွေရှာရန်သာ လာခြင်းဖြစ်ကြောင်း သူတို့မျက်မြင်တွေ့ချင်ကြသော်လည်း ဘာမှမရင်းနှီးဘဲနှင့်လည်း သူတို့ကြည့်၍မရနိုင်ချေ။ သူတို့က ဆာ့ဆာ့ အမှန်တကယ် ဘာလုပ်မလဲဆိုသည်ကို မြင်ချင်နေကြပြီး ပြီးမှ သူမကို ကြိမ်းမောင်းရန် အသင့်ဖြစ်နေ၏။
ဆာ့ဆာ့၏ ပရိသတ်ခုံများက ပြည့်သွားရန် မကြာလိုက်ပေ။
အားပိုင်လည်း သတင်းရလိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် ပြိုင်ပွဲပလာဇာသို့ ရောက်ရှိလာ၏ ။
" မင်း ၂နာရီတောင် မနားရသေးဘူးလေ… ဒီလိုမျိုး ဆက်သွားချင်လို့လား…"
ဆာ့ဆာ့ကို ငွေမက်သည့်သူဟုလည်း သူ မထင်သလို သူမက တမင်တကာနာမည်ကြီးအောင်ပြီး အခွင့်အရေးကိုအသုံးချကာ ပိုက်ဆံရှာနေသည်ဟုလည်း မထင်ပေ ။
' ဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရလားဆိုတာတောင် သူ အရင်က သိတာမှမဟုတ်တာ...'
' သူက ဆင်းရဲပြီး အခုသူ့ရှေ့မှာ ပိုက်ဆံရှာဖို့အခွင့်အရေးရလာလို့ စိတ်ဆုံးဖြတ်လိုက်တာပဲ...'
အားပိုင်က သူမ လုပ်နိုင်မည်ဟု ယုံကြည်သော်လည်း အနည်းငယ်စိတ်ပူမိသည်။ သူမက အလွန်ငယ်သေးပြီး အနာဂတ်တွင်လည်း ပိုက်ဆံရှာရန်အခွင့်အရေး များစွာရှိသေးသည်။ သူမသာ သူမ၏စိတ်ဝိညာဥ်စွမ်းအင်များကို အလွန်အကျွံသုံးမိ၍ ထိခိုက်သွားလျှင် လုံးဝမတန်ပေ။
အားပိုင်က ပြောလိုက်သည် ။
" မင်းတကယ်လို့ ပိုက်ဆံလိုနေတယ်ဆိုလည်း ငါမင်းကို ချေးပေးနိုင်ပါတယ်..."
အားပိုင်အတွက်လည်း ၎င်းက အသစ်အဆန်းဖြစ်နေ၏ ။ သူက နမော်နမဲ့နေတတ်သူလည်းမဟုတ်သလို မည်သူ့ကိုမှလည်း ပိုက်ဆံမချေးပေးဖူးပေ။ ဤတစ်ကြိမ်တွင် သူက သူမ၏ပါရမီကို အလွန်တန်ဖိုးထားပြီး ဆာ့ဆာ့ကို ငွေကြောင့်လမ်းလွဲကို မရောက်စေချင်သည့်အတွက် သူကိုယ်တိုင် ဦးစွာထုတ်ပြောလာ၏။
ဆာ့ဆာ့မှာ အကြီးဆုံးစီနီယာအစ်ကိုဆီမှ ပိုက်ဆံကို မချေးချင်သည့်အတွက် အွန်လိုင်းသူငယ်ချင်းဆိုလျှင် ပို၍ပင် ပြောစရာမလိုတော့ချေ။ သူမက ပြုံးကာ ပြောလိုက်သည်။
" ကျေးဇူးပါပဲ...ဒါပေမဲ့ မလိုပါဘူး...ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းအလွန်အကျွံဆွဲချမှာ မဟုတ်ပါဘူး..."
" အားပိုင်...ရှင်က တကယ်လူကောင်းပဲ..."
သူမက ချီးကျူးရန်လည်း တွန့်ဆုတ်မနေပေ ။
မထင်မှတ်ထားဘဲ လူကောင်းဟု အခေါ်ခံလိုက်ရသော အားပိုင်က ဆာ့ဆာ့မှာ ကိုယ့်ကိုကိုယ် အတင်းဖိအားပေးပြီး လုပ်နေခြင်းမဟုတ်သည်ကို တွေ့လိုက်ရသည့်အတွက် နားမလည်နိုင်ဖြစ်သွား၏။ သူမမှာ အစောပိုင်းတုန်းက မည်သည့်လေ့ကျင့်ရေး၊ မည်သည့်ပြိုင်ပွဲမှ မဝင်ထားသည့်အလား အားအင်အပြည့် ဖြစ်နေသည် ။
' ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...'
အားပိုင် မမေးဘဲ မနေနိုင်တော့ပေ ။
" ငါဒါကို မေးတာ နည်းနည်း ရဲတင်းလွန်းသလိုတော့ဖြစ်နေလိမ့်မယ် ...မင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်က ဘယ်လောက်လဲ..."
ဤကဲ့သို့ တောင့်ခံနိုင်စွမ်းနှင့် ပြန်နာလန်ထူနိုင်စွမ်းနှင့်သာဆိုလျှင် သူမ၏ စိတ်ဝိညာဥ်ပင်လယ်အဆင့်က သေချာပေါက် မနိမ့်လောက်ပေ။
" မင်းငါ့ကို မဖြေချင်ရင်လည်း ရပါတယ်...ဒါပေမဲ့ တကယ်လို့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကို စိတ်ဝိညာဥ်အဆင့်နဲ့ ထိန်းထားနိုင်မယ်ဆိုရင် မင်းလို တစ်ဦးတည်းမက်ခါမောင်းနှင်သူတွေကို ကျောင်းရော အစိုးရဘက်ကရော ငွေကြေးထောက်ပံ့ပေးနေတာပဲ...မင်းဘာလို့ ပိုက်ဆံလိုသေးတာလဲ..."
ထို့နောက် ဆာ့ဆာ့၏မေးခွန်းကို သူကြားလိုက်ရသည် ။
" စိတ်ဝိညာဥ်ပင်လယ်အဆင့်ဆိုတာက ဘာလဲ ...ကျောင်းလား...သူတို့က ဒါကို ကျောင်းမှာရော သင်ပေးလား...ထောက်ပံ့ပေးတာကရော ဘာလဲ...အဲဒါကို ဘယ်လိုထောက်ပံ့တာလဲ ..."
အားပိုင်: "..."
' အိုး...ဘုရားရေ... သူက ကမ္ဘာကူးပြောင်းလာတဲ့ ရှေးခေတ်လူသားများလား...'
ဆာ့ဆာ့၏ မျက်လုံးများက အားပိုင်ကို တောက်ပစွာကြည့်နေပြီး ၎င်းက သူမအမှန်တကယ်သိချင်ခြင်းဖြစ်ပြီး စနောက်နေခြင်းမဟုတ်ကြောင်း ညွှန်ပြနေ၏ ။
သူမက ပညာရေးကို ကောင်းစွာမသင်ယူခဲ့ရ၍ မက်ခါများကို သူမဘာသာ လေ့လာနေရခြင်းက အပြစ်ဆိုနိုင်ဖွယ်မရှိချေ။ သူမက စိတ်ဝင်စားသောအရာများကိုသာ ဦးစွာဖတ်လေ့ရှိပြီး အခြေခံအကြောင်းအရာတော်တော်များများကို သိထားခြင်းမရှိပေ။
အားပိုင် မမေးဘဲ မနေနိုင်တော့ပေ။
" မင်းတကယ်ပဲ ဘယ်လိုနေရာမျိုးကနေများ လာတာလဲ..."
ထို့နောက် ဆာ့ဆာ့က လော့ကျန်းကို အကြီးဆုံးစီနီယာအစ်ကို အရူးလုပ်ခဲ့သည့်စကားများအတိုင်း တစ်ထေရာတည်း ပြန်ပြောလိုက်သည်။ ၎င်းက အရူးလုပ်သည်ဟုလည်း ပြော၍မရချေ။ အရေးကြီးဆုံး အချက်အလက်များကို ချန်လှပ်ထားရုံသာ။
အားပိုင် စိတ်သောကရောက်သွား၏ ။
" လျှို့ဝှက်ဂိုဏ်းတဲ့လား...အဲဒါက ဘာကြီးတုန်း...မင်းခေတ်နောက်ပြန်ဆွဲခံထားရတယ်ဆိုတာရော သိရဲ့လား ...တကယ်ကို လမ်းလွဲနေတာ...အလိမ်ခံထားရတဲ့ကလေးပဲ..."
ဆာ့ဆာ့က ဂိုဏ်းကို ကာပေးရန် မျက်နှာစူပုတ်ပုတ်ဖြင့် ပြောလာ၏ ။
" အဲ့ဒါက တကယ်ရှင်ထင်နေသလို မဟုတ်ပါဘူး..."
အားပိုင်က ခေါင်းသာခါလိုက်သည်။
" ကြည့်ရတာ လုံးဝကို ဦးနှောက်ဆေးခံထားရတဲ့ ပုံပဲ..."
ဆာ့ဆာ့ : 'ဂိုဏ်းရဲ့ မရှင်းမလင်းသတင်းကြီးကို ဖယ်ပစ်လို့မရဘူးပဲ...'
💫💫💫