Chapter 15
Viewers 777

💫Chapter 15



အားပိုင်က စိတ်ရှည်လက်ရှည်ဖြင့် သတင်းအချက်အလက်အပုံလိုက်ကို ဆာ့ဆာ့ဆီ ပို့ပေးလိုက်သည် ။ 

" မင်းရဲ့ ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်ကို သိရဖို့ စစ်ဆေးကြည့်သင့်တယ်...အနည်းဆုံးတော့ မင်းရဲ့ စတားကွန်ရက်ပေါ်က လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် မင်းရဲ့စိတ်ဝိညာဥ်အဆင့်က သေချာပေါက် မနိမ့်လောက်ဘူး... ပြီးတော့ မင်းက တစ်ဦးတည်းမောင်းနှင်သူဖြစ်ဖို့ သင့်တော်လောက်တယ်..."


သူက ဆာ့ဆာ့ကို ကျောင်းကောင်းကောင်းကို ဝင်ခွင့်ရပြီး တရားဝင်ပညာရေးကို ရယူခြင်းက မည်သည့်အကျိုးအမြတ်ရှိကြောင်း ရှင်းပြပြီး လူရိုင်းဂိုဏ်း၏ ဦးနှောက်ဆေးခံရခြင်းမှ ဆာ့ဆာ့ကို လွတ်မြောက်အောင် ကြိုးပမ်းနေ၏။


သူ ပို့ပေးသော အချက်အလက်များကို ချက်ချင်းဖတ်ပြီးနောက် ဆာ့ဆာ့ကပြောလိုက်သည် ။

" ကောင်းပြီ...ကျွန်မ ပြန်ရောက်တာနဲ့ ကျောင်းကို သွားလိုက်ပါမယ်..."


သို့သော် ယခုတွင် ပြိုင်ပွဲက အရေးကြီးနေဆဲပင်။ ကျောင်းတက်ပြီးရလာမည့် အပိုဝင်ငွေထောက်ပံ့ကြေးနှင့် ပြိုင်ပွဲမှရလာသော ရှယ်ယာဆုကြေးကြားတွင် ဝိရောဓိဖြစ်စရာမရှိပေ။ နှစ်ဖက်စလုံးကို လက်လွှတ်မခံဘဲ အရယူရမည်ဖြစ်သည်။


တစ်ဦးချင်းပြိုင်ရသော ပွဲများတွင် အနိုင်ရသူက အမှတ်ရပြီး ရှုံးနိမ့်သူက အမှတ်မရနိုင်သောကြောင့် အဆင့်မှီရမှတ်များက ရရှိရန် အလွန်ခက်သည်။ ပုံမှန်အားဖြင့် စနစ်က အမှတ်မတိမ်းမယိမ်းရှိသူများကို ယှဥ်တွဲပေးလေ့ရှိ၏။ သို့သော်လည်း လူများက သူတို့ထက် အဆင့်မြင့်သောသူများကို စိန်ခေါ်ပိုင်ခွင့်ရှိပြီး အနိုင်ရပါက အမှတ်များအမြန်ဆုံးတက်သွားလိမ့်မည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သူတို့ထက် ၁၀ဆင့်မြင့်သော လူတစ်ယောက်ကို စိန်ခေါ်လိုက်ပါက အနိုင်ရလျှင် ၁၀မှတ်ရရှိပြီး ရှုံးနိမ့်လျှင် ၁၀မှတ်လျော့သွားလိမ့်မည် ။ 


၎င်းက အချို့လူများကို ရမှတ်၌ အနှုတ်ပါပြစေ၏။ အနှုတ်ပြပြီးနောက်တွင် သူတို့က သူတို့ထက် မြင့်သောသူများကို ဆက်ပြီးစိန်ခေါ်ပိုင်ခွင့်မရှိတော့ဘဲ ရမှတ်များကိုသာ တဖြည်းဖြည်းပြန်စုဆောင်းရလိမ့်မည်။ 


ဆာ့ဆာ့က ရမှတ်များကို အမြန်စုဆောင်းချင်သောကြောင့် ထိပ်ဆုံးအယောက် ၁၀၀ နှင့် ၂၀၀ ကြားမှာ လူများကို တိုက်ရိုက်စိန်ခေါ်လိုက်သည်။ သူမက အခြေအနေကိုလည်း အကြမ်းဖျင်းအားဖြင့် ပြန်လည်သုံးသပ်ထား၏ ။ ထိုအဆင့်အပိုင်းကြားရှိ လူများ၏ စံနှုန်းကလည်း ကောင်းမွန်ပြီး သူတို့က အားပိုင်ထက်အနည်းငယ် ဆိုးရွားသော်လည်း ရမှတ်များကို အန္တရာယ်ကင်းစွာ စုဆောင်းနိုင်၏။ 


ဆာ့ဆာ့က ချက်ချင်းပင် 'Tiger' ဟုခေါ်သော သူနှင့် ပြိုင်ပွဲစလိုက်သည် ။ 


အားပိုင်မှလွဲ၍ ဆာ့ဆာ့က စတားကွန်ရက်ပေါ်ရှိ လူများနှင့် မသိသလို အမည်များ၏ အယူအဆကိုလည်း နားမလည်ပေ။ 


သို့သော်လည်း စင်ပေါ်ရှိ ကြည့်ရှူသူများက ပုံမှန်အားဖြင့် မက်ခါကို စိတ်ဝင်စားကြသူများဖြစ်သည်။ မက်ခါအဆင့်သတ်မှတ်ချက်ပြိုင်ပွဲများက စတားကွန်ရက်ပေါ်တွင် အကောင်းဆုံးသာဖြစ်၏။ ပြိုင်ပွဲကို လာရောက်ကြည့်ရှူကြသောသူ အနည်းစု သို့မဟုတ် အများစုက ဆရာကြီးအဆင့်ကစားသမားများနှင့် ထူးခြားသောပုံစံရှိသူများကို သတိထားမိကြသည်။ ဤအချိန်တွင် စင်ပေါ်၌ အော်သံက ထွက်ပေါ်လာ၏ ။ 

" အဓိပ္ပါယ်မရှိတာတွေပဲ "


ဆာ့ဆာ့ကို မလိုမုန်းထားသူများက ကျေနပ်အားရဖြစ်ကုန်၏ ။ 

" ကြည့်ရတာ စနစ်ကတောင်မှ ဟန်လုပ်နေတာကို ရပ်ကြည့်မနေနိုင်တော့ဘူးနဲ့တူတယ် ...သူ ဒီတစ်ခေါက်တော့ ကန်ထုတ်ခံရတော့မှာပဲ..."


အခြားသူများကလည်း အံ့အားသင့်ကုန်၏ ။ 

" အဲ့ဒါက ဆရာကြီး ' Tiger' လား ...ငါသူ့ကို မကြားဖူးပဲနေမလား..."


ထိုသူကို သိသော လူတစ်ယောက်က တိကျသော သတင်းကိုပေးလာ၏ ။

" ဒီ'Tiger' ဆိုတဲ့သူက ဆရာကြီးရယ်လို့တော့ မဟုတ်ပါဘူး...ဒါပေမဲ့ သူက တော်တော်နာမည်ကြီးပြီး အားပိုင်ထပ်တော့ မနိမ့်ဘူး..."


' Tiger' ဆိုသူက အားပိုင်ထပ်ပိုပြီး ကြမ်းတမ်းသော တိုက်ခိုက်ရေးပုံစံကြောင့် နာမည်ကြီးသည်။ သူက သူ့ကိုယ်သူ အကြိမ်ရာချီခန့် အထိခိုက်ခံပြီး ပြိုင်ဘက်ကို အကြိမ်ပေါင်းထောင်ချီလောက်ထိခိုက်အောင် လုပ်တတ်သည်။ သို့သော်လည်း သူ ထိုကဲ့သို့ တိုက်ခိုက်သည့်ပုံစံကို သဘောကျသော သူများကလည်း သေချာပေါက် ရှိနေ၏။ ထို့ကြောင့် သူ့မှာ ရူးသွပ်နေသည့်ကျား ဟူသည့်နာမည်ပြောင်လည်း ရထားသည် ။


ဤလူက အဆင့်ကျော်စိန်ခေါ်ရသည့် ပြိုင်ပွဲမျိုးကို သဘောကျသည့်သူဖြစ်၏။ ထို့အပြင် သန်မာသောသူများကို တိုက်ခိုက်ရခြင်းကသာ သူ့ဝိညာဥ်ကို တုန်လှုပ်စေပြီး တိုက်ခိုက်ရာ၌ ညင်သာနေစရာ အကြောင်းမရှိဟု ပြောတတ်သေးသည်။ 


သူက ၎င်းကို စကားအဖြစ်သာ ပြောခြင်းမဟုတ်ပေ ။ သူ့ထက် အမှတ်များသောသူများက သူတို့သေချာဂရုမစိုက်လျှင် သူ့ထံတွင် အသားများကိုက်ဖြတ်ခံရတတ်သည် ။ 


သူလည်း အနိုင်မရနိုင်သောပြိုင်ဘက်နှင့် တွေ့ခဲ့သေးသည်။ ထို့ကြောင့်သာ ယခုသူ့အဆင့်များက နိမ့်နေခြင်းပင်။ 


ရူးသွပ်နေသည့်ကျားက အဆင့် ၂၀၀ကြားရှိပြီး သူ့ကို ဆာ့ဆာနှင့် ယှဥ်ပြိုင်ရန် စနစ်က ရွေးချယ်ပေးထားခြင်း ဖြစ်၏။


အချို့လူများကမူ ဆာ့ဆာ့က သုံးစားမရဘဲ ဤပြိုင်ပွဲက သေချာပေါက် သူမလုပ်နိုင်သည်ထက် ကျော်လွန်နေလိမ့်မည်ဟု တွေးထားကြသည်။ ပိုက်ဆံများ အလဟာသဖြစ်မသွားသည်ကိုပင် ကျေးဇူးတင်ရမည် ။ အဘယ်ကြောင့်ဆိုလျှင် 'Tiger' ၏ရူးသွပ်သောတိုက်ခိုက်မှုက လူများ၏ အာရုံကိုဆွဲဆောင်နေသာ အရာတစ်မျိုး ဖြစ်၏။


'Tiger'က ယှဥ်တွဲပေးထားသော ပြိုင်ပွဲဝင်ကိုကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူ၏ အနက်ရောင်မျက်နှာဖုံးအောက်တွင် ကွယ်ဝှက်ထားသော ကျီစယ်သည့်အကြည့်များရှိနေ၏ ။ 

" မင်းအမှတ်တချို့လျော့သွားရင် တစ်ယောက်ယောက်ကို မင်းအတွက်အမှတ်လေးဘာလေးပေးဖို့ တောင်းခံလိုက်တာက ပိုကောင်းမယ်..."


" စလိုက်ကြတာပေါ့..."


ဆာ့ဆာ့က သူပြောနေသည်ကို မကြားသည့်အလား သူ့ကို ကြည့်လိုက်သည်။ သူမကတည်ငြိမ်သော အမူအရာဖြင့် သူ့ဘက်က ဦးစွာလှုပ်ရှားလာမည်ကို စောင့်နေ၏။ သူမက ထိုရူးသွပ်နေသည့်ကျား၏ မှတ်တမ်းများကို မသိဘူးဆိုသည်ကို ပြောစရာပင်မလိုတော့ချေ။ အကယ်၍ သူမ သိခဲ့လျှင်ပင် သူမ၏စိတ်အခြေအနေကို အနည်းအကျဥ်းမျှ ပြောင်းလဲမှုရှိစေလိမ့်မည်မဟုတ်‌ပေ။


ကျင့်ကြံသူအားလုံးက 'ကောင်းကင်ဘုံတာအို' ကို တိုက်ခိုက်ရန်ပါ အဆင်သင့်ပြင်ထားရသည် ။ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကို ဆန်တက်သည်အထိ ကျင့်ကြံရန်စိတ်ပိုင်းမဖြတ်ထားလျှင် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေးအဆင့်ကို ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုမှစကာ ထိုလူ၏ စိတ်က မကောင်းမှုများ ပြည့်နှက်နေပြီး ဆက်ပြီး ကျင့်ကြံရန် မဖြစ်နိုင်တော့ချေ။ ဆာ့ဆာ့တွင် စိတ်ဝိညာဥ်ရင်းမြစ်မရှိသော်လည်း ဆရာရွှီယီပြောသလို မာကျောသောတာအိုနှလုံးသားရှိ၏ ။ 


ရူးသွပ်နေသည့်ကျားက မိန်းမတစ်ယောက်သဖွယ် လေသံမာမာအသံမျိုးရှိပြီး အသက်ကြီးသေးပုံမရပေ။ သူက စိတ်ဝင်တစားပြောလာ၏ ။ 

" မိန်းမငယ်လေးပေါ့...ဟမ် ...အဆင့်ကျော်စိန်ခေါ်ပွဲတွေက တော်တော်အလှမ်းကျယ်လွန်းတယ်...ဒါပေမဲ့ ဒါက မင်းလို ကလေးမလေးတွေ ကစားဖို့အတွက် မဟုတ်ဘူး...ရှုံးတာကို ဝန်ခံလိုက်တော့...ငါမင်းကို ဆိုးဆိုးရွားရွားကြီး မရိုက်နှက်ချင်ဘူး..."


ဆာ့ဆာ့၏ မျက်လုံးများက တည်ငြိမ်အေးဆေးနေဆဲပင်။ သူမ၏ စိတ်က 'Tiger'၏မက်ခါကို ကြည့်ကာ သူ့အားနည်းချက်ကို ရှာဖွေရင်း ပို၍တည်ငြိမ်လာ၏။ 


' သူက ဒါကိုတော့ လုပ်လောက်မှာ မဟုတ်ပါဘူးနော်...ဒီလိုဆိုရင်တော့ ငါလည်း ယဥ်ကျေးနေမှာ မဟုတ်တော့ဘူး...'


ဆာ့ဆာ့က 'Tiger'ကို အမြန်နှုန်းဖြင့် ချဥ်းကပ်သွားပြီး သူ၏စွမ်းအင်ပင်မနေရာကို လေးလံသောဓားဖြင့် တိုက်ခိုက်လိုက်သည်။ 'Tiger'က ရုတ်တရက် လန့်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိကာ သတိလက်လွတ်မနေနိုင်တော့ပေ။ ဆာ့ဆာ့၏လှုပ်ရှားမှုဗျူဟာနှင့် သူမကိုထပ်ပြီး ကလေးမလေးသဖွယ် ဆက်ဆံနေ၍ မဖြစ်နိုင်တော့ချေ။


သို့သော် 'Tiger'ကလည်း ခပ်ညံ့ညံ့တော့မဟုတ်ပေ။ သူ၏ တုံ့ပြန်နိုင်စွမ်းက အလွန်လျင်မြန်ပြီး ချက်ချင်း ဒြပ်မှုန်အလင်းဓားကိုထုတ်ကာ ဆာ့ဆာ့ကို ပြန်တိုက်ခိုက်လိုက်သည်။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားသော အရိပ်ယောင်များ ဖြတ်ပြေးသွား၏ ။ 

' ကောင်းတယ်...သူက ငါ့ပြိုင်ဘက်ဖြစ်နိုင်တယ်...'


တိုက်ပွဲက ပိုပြင်းထန်လာလေလေ ခန္ဓာကိုယ်ထဲမှ စိတ်လှုပ်ရှားစေသည့်အက်ဒရီနလင်က ပိုလှုံ့ဆော်ပေးလေလေဖြစ်၏။ 


အခြေခံသုံးလေးလံသည့်ဓားနှင့် ဒြပ်မှုန်အလင်းဓားတို့ ရိုက်ခတ်မိသောအခါ မည်သူမဆို ရလဒ်ကို သိလောက်သည် ။


မထင်မှတ်ထားစွာဖြင့် ဆာ့ဆာ့က 'Tiger'၏ တိုက်ခိုက်မှုကို ရှောင်ရင်း သူမ၏ အခြေခံသုံးဓားကို ပြန်ရုတ်လိုက်သည်။ ထို့နောက် သူမ၏ ဓားကို ဘယ်လက်မှ ညာလက်သို့ပြောင်းပြီး 'Tiger'၏ ဘယ်ဒူးကို ဟက်တက်ထိုးခွဲလိုက်၏ ။ 


ဤအချိန်တွင် 'Tiger'က သူမ၏ သိမ်မွေ့သော လှုပ်ရှားမှုများကို နားလည်သွားပြီး အစပိုင်း မတုန်မလှုပ်ရှိနေခြင်းက သူမ၏လှုပ်ရှားမှုများကို သူလျှော့တွက်မိအောင် လုပ်ခြင်းသာဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်က သူ့ကို အခုချက်ချင်း ပြိုင်ပွဲက ထွက်စေရန်မဟုတ်ဘဲ သူ၏ ဘယ်ခြေကို သုံးမရအောင် ဦးဆုံးလုပ်နေခြင်း ဖြစ်၏ ။ 


ကံမကောင်းစွာဖြင့် ယခုက တုံ့ပြန်ရန်နောက်ကျသွား၏။ သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်၏ လုပ်ဆောင်မှုကို မလိုက်နိုင်တော့ဘဲ တုံ့ပြန်ရန် နောက်ကျသွားပြီဖြစ်သည် ။ 


သေချာပေါက် ၎င်းက 'Tiger'၏ လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုတို့မှ ဆာ့ဆာ့ပြန်ရယူလိုက်သောအရာဖြစ်သည်။ 

' သူက ဘယ်ခြေကို အားပြုတဲ့သူပဲ...သူ့ဘယ်ခြေသာမရှိတော့ဘူးဆိုရင်...ပြိုင်ပွဲက တစ်ဝက်လောက်ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မယ်...'


သူမက မလှုပ်ရှားမီကတည်းက ဤအကွက်လေးဖြင့် မြောက်များစွာပြန်လည်အကျိုးရှိနိုင်မည့်နည်းလမ်းကို တွေးထားပြီးသားဖြစ်သည်။ ၎င်းက တကယ်လည်း အမြင့်ဆုံးရလဒ်ကို ပြန်ပေးလာ၏။


ဤပြိုင်ဘက်က သူ ယခင်တစ်ခေါက်ကြုံတွေ့ခဲ့သော လူကောင်ကြီးသည့်ပြိုင်ဘက်နှင့် ဘာမှမကွာဘူးဆိုတာကို သတိထားမိသွားသောအခါ 'Tiger'၏စိတ်ထဲ အအေးလှိုင်းများဖြတ်ပြေးသွား၏ ။ သူ့ကို ဤအခြေအနေအထိရောက်အောင်တွန်းပို့ရန်ဆိုလျှင် တစ်ဖက်လူက ဗျူဟာကို အဆင့်မြှင့်ထားရုံမက ရုပ်ပိုင်းဆိုင်ရာစွမ်းရည်လည်းရှိရန် လိုသည်။


အကယ်၍ ဆာ့ဆာ့ ဂရုမစိုက်မိ၍ 'Tiger' ၏ဒြပ်မှုန်အလင်းဓားကသာ အနည်းငယ် ပိုမြန်သွားလျှင် ဆာ့ဆာ့က ပြိုင်ပွဲမှ ထုတ်ပယ်ခံရလောက်သည်။ သို့သော် ဆာ့ဆာ့က မိုက်ရူးရဲဆန်ခြင်းမဟုတ်ဘဲ သူမ အမှန်တကယ်လုပ်နိုင်သည်မှာ ထင်ရှား၏ ။ 


ထိုအတွေးများက 'Tiger' ၏ စိတ်ထဲဖြတ်ပြေးသွားသော်လည်း သူသာ အရှုံးကိုဝန်ခံလိုက်လျှင် သူ့နာမည်က 'ရူးသွပ်သည့်ကျား' ဖြစ်တော့မည်မဟုတ်ပေ။  


သူက ဤအတိုင်း ဘယ်ခြေကို လက်လွှတ်ကာ မြေပြင်မှ သူ့ခန္ဓာကိုယ်ကို အားကုန်ရုန်းထလိုက်သည် ။ ထို့နောက် ဒြပ်မှုန်အလင်းဓားက ဒြပ်မှုန်အမြောက်ဆံအဖြစ်သို့ ပြောင်းလဲသွားပြီး ဆာ့ဆာ့ဆီသို့ ပစ်လွှတ်လိုက်၏ ။ 


'Tiger'ကလည်း ဆာ့ဆာ့၏ လှုပ်ရှားမှူများကို နားလည်သွား၏။ ဆာ့ဆာ့က လှုပ်ရှားမှုများက ကျွမ်းကျင်သည်ကို သူသိလိုက်ရသောကြောင့် ဒြပ်မှုန်များကို ဆက်တိုက်ပစ်လွှတ်ကာ သူမကို ရှောင်စရာမရှိဘဲ သေသည်အထိ တွန်းအားပေးနေ၏။ ထို့နောက် သူ့တွင် ပစ်ဖို့ နှစ်ချက်သာ ကျန်တော့သည်။


'Tiger'က သည်းသည်းမဲမဲ အံကြိတ်ထား၏ ။ အခက်အခဲများကို ပြန်လည်တွန်းလှန်ရခြင်းက သူ့အတွက် အလွန်စိတ်ဝင်စားစရာကောင်းသည် ။ 


သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးက အေးခဲသွား၏။ သူ၏ စွမ်းအင်ပင်မနေရာက ဆာ့ဆာ့၏ လေးလံသောဓားဖြင့် ထိုးဖောက်ခံထားရသည် ။


သူ့လက်နက်က စွမ်းအင်များ စုစည်းနေဆဲဖြစ်သော်လည်း စနစ်က သူ့ကို ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတိပေးလာ၏။ 


သူက ဆာ့ဆာ့၏ လှုပ်ရှားမှုများကို အကဲခတ်နေချိန်တွင် ဆာ့ဆာ့ကလည်း သူ့လှုပ်ရှားမှုများကို အကဲခတ်နေခဲ့သည်။ သူက ဆာ့ဆာ့ကို ထောင့်နားကပ်သွားအောင် တွန်းအားပေးနေချိန်တွင် သူမက သူ့ကို ပစ်မှတ်အတွင်းဝင်အောင် ဆွဲသွင်းသွားခြင်း ဖြစ်သည် ။


ဆာ့ဆာ့က တမင်တကာ သူ့တွန်းအားအတိုင်း နောက်ဆုတ်သွားရသလို ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် စိတ်တည်တည်ငြိမ်ဖြင့် Tiger၏ တရပ်စပ်ပစ်ခတ်မှုကို ထိုးဖောက်သွားခြင်း ဖြစ်၏။ သူမက ပစ်ခတ်မှုကြားရှိ ကွာဟသည့်ကြားနေရာများ ၊ စွမ်းအင်အသုံးချမှု နှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို တွက်ချက်လိုက်ခြင်း ဖြစ်သည်။


ထို့နောက် တစ်ဒင်္ဂအချိန်လေးကိုဖမ်းဆုပ်ကာ ဓားကို ပစ်ခွင်းလိုက်ခြင်း ဖြစ်၏ ။ 


ဆာ့ဆာ့က သူမတွင် သူ့ကို ပြောစရာစကားအနည်းငယ်ရှိသည်ဟု စနစ်ကိုတောင်းဆိုထားသောကြောင့် 'Tiger'က ပြိုင်ပွဲမှ ချက်ချင်းထုတ်ပယ်မခံရသေးပေ။


'Tiger'က တောင့်တင်းစွာဖြင့် သူမ ရှေ့တိုးလာသည်ကိုသာ ကြည့်နေ၏ ။ 


သူမက မြေပြင်ပေါ်တွင် လှဲနေသော ထိုလူကို မတူမတန်သလိုကြည့်ကာ ပြောလိုက်သည်။

" မက်ခါတွေက မိန်းမငယ်လေးတွေနဲ့ မသင့်တော်ဘူး... ဒါပေမဲ့ ကျွန်မအထင်တော့ ရှင်နဲ့ဆိုရင် ပိုလို့တောင် မသင့်တော်ဘူး... အဆုံးကျတော့လည်း ကျွန်မက ကစားနေတယ်ဆိုရင်တောင် ရှင့်ထက်တော့ တိုက်ခိုက်တာ သာသေးတယ်... ဦးလေး ...အဲ့ဒါက ရှင်နဲ့ မသင့်တော်ဘူးဆိုမှတော့ ကစားမနေပါနဲ့တော့...ဒီလိုလုပ်ဆောင်ချက်ကောင်းတဲ့မက်ခါတွေကို ရှင်သုံးနေတာက ဖြုန်းတီးရာကျတယ်..."


" စကားမစပ်...ဦးလေး ခုနက ကျွန်မကို ဆိုးဆိုးရွားရွား မရှုံးစေချင်ဘူးလို့ ပြောလိုက်သလားလို့...အားနာပါတယ်နော်...ရှင်စောစောကတည်းက အရှုံးကို ဝန်ခံလိုက်ရမှာ...တကယ်တော့ ကျွန်မလည်း ရှင့်ကို ဆိုးဆိုးရွားရွား မရှုံးစေချင်ပါဘူး..."


'Tiger'၏မျက်နှာက စိမ်းလိုက် နီလိုက် ဖြစ်နေ၏။ ပြိုင်ပွဲကွင်းအတွင်း သူ၏ကြမ်းတမ်းမှုကြောင့် ရိုင်းရိုင်းစိုင်းစိုင်းစော်ကားပြောဆိုလာခြင်းကို သူအမြဲတမ်းကြားဖူးနေကျဖြစ်သည်။ သို့သော်လည်း ဆာ့ဆာ့၏ ချက်ကောင်းကိုထိမိသောစကားများကဲ့သို့ သူ့စိတ်ကိုတော့ မထိုးနှက်နိုင်ပေ။


'Tiger'က ရှုံးနိမ့်သွားသောသူများ စော်ကားပြောဆိုလာသည်ကို မည်သည့်အခါကမှ စိတ်ထဲမထည့်သလို သူ့ကို ပြန်ပြီး အနိုင်ရသွားသောသူများကလည်း ဂုဏ်သိက္ခာကြောင့် သူ့ကို အဖက်လုပ်ပြီး စကားပြောမနေကြပေ။ သို့သော် သူ့ကို ယခုအနိုင်ရသွားသော ကလေးမလေးက သူ့နှလုံးသားကို ဓားဖြင့် ထိုးစိုက်နေ၏။


သို့သော်လည်း 'Tiger'မှာ သူမထွက်သွားသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည် ။ 


ဆာ့ဆာ့က ပုံမှန်ပြိုင်ဘက်တစ်‌ယောက်ကို အနိုင်ရပြီးသွားလျှင် ထိုးနှက်နေမည် မဟုတ်တော့ပေ။ သို့သော်လည်း 'Tiger'၏ အဖွင့်စကားများက သူမကို ဒေါသထွက်စေ၏။


' ကလေးမလေးတွေက မက်ခါနဲ့ ကစားဖို့ မသင့်တော်ဘူး...'


' မင်းမှာ စိတ်ဝိညာဥ်ရင်းမြစ်မှ မရှိတာ...ဘာလို့ ကံကြမ္မာကို လက်မခံနိုင်ရသေးတာလဲ...'


' တစ်ခုခုနဲ့ သွားဆော့နေစမ်းပါ ...ကျင့်ကြံတာက မင်းအတွက်မဟုတ်ဘူး...'


' ပိုပြီး သန်မာလာချင်တာလား ...မဖြစ်နိုင်တာတွေ မတွေးစမ်းပါနဲ့ ကလေးမလေးရယ်...'


ဆာ့ဆာ့က ထိုကဲ့သို့ ခပ်ဆင်ဆင်စကားများကို သူမ၏ ဘဝ၌ မရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။


ထိုသို့ပြောလာသောသူများက မစူးစမ်းဘဲ ရမ်းသန်းပြီး တစ်ခြားသူ၏လမ်းကြောင်းကို ထောက်ပြတတ်သည်။ ဤလူများက သင်ခန်းစာပေးခံရရန် လိုအပ်ပြီး ကောင်းကောင်းဆုံးမခံရမှ အနာဂတ်တွင် မှတ်မိနေလိမ့်မည်ဟု ဆာ့ဆာ့တွေးမိသည်။


ဤအရာများအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွား၏။ ငါးမိနစ်အတွင်း တစ်ဦးချင်းတိုက်ခိုက်မှုက ပြီးဆုံးသွားပြီး အရှက်ရသွားသော Tigerက ကြည့်ရှူသူများမတုံ့ပြန်လာမီ ပြေးထွက်သွား၏။


" သေစမ်း..သာ့ရှန်အသစ်က မဆိုးဘူးပဲ...အရမ်းအံ့ဩဖို့ကောင်းတာပဲ..."


" အရမ်းတန်တယ်...ဒီပွဲက ကြည့်ရတာ တကယ်မဆိုးဘူး..."


ဆာ့ဆာ့က နာမည်ကြီးချင်ရုံသာဖြစ်သည်ဟု ပြောခဲ့သော anti fanများမှာ ပြောစရာစကားပင်မဲ့သွား၏။ ၎င်းက ဟန်ပြလုပ်နေခြင်းသာဆိုပါက ဤကမ္ဘာတွင် အမှန်တကယ်အရည်အချင်းရှိသူ မရှိတော့ပေ။


ချက်ချင်း ပရိသတ်အဖြစ်ပြောင်းလဲသွားသော anti fanအချို့လည်း ရှိကြသည်။ မက်ခါကို ချစ်ကြသောမည်သူမဆို အင်အားကို ကိုးကွယ်ကြလိမ့်မည်ဖြစ်သည်။ 


တစ်ဦးချင်းတိုက်ခိုက်သည့်ပွက ၅မိနစ်အောက်သာ ကြာသော်လည်း မည်သူကမျှ ကြယ်ဒင်္ဂါး၅၀၀ ဆုံးရှုံးလိုက်ရသလို မခံစားမိပေ။ ပြိုင်ပွဲက တိုတောင်းသော်လည်း ရိုက်ချက်များ၊ တုံ့ပြန်မှုများနှင့် ပြိုင်ဘက်နှစ်ယောက်၏ သတိရှိမှူတို့က မည်သည့်ရှူထောင့်ကမဆို အမိုက်စား ဖြစ်သည်။ ၎င်းက အက်ဒရီနလင်များ ပြည့်နှက်နေသည်ဟုပင် ပြောရတော့မည် ။


အမှန်တွင် 'Tiger'က အလွန်ညံ့ပြီး လျှော့ကစားနေခြင်းမဟုတ်ဘဲ ဂျူနီယာညီမလေးကသာ ကြောက်ခမန်းလိလိဖြစ်နေခြင်းပင်။ 


ဂျူနီယာညီမလေး၏နာမည်က နောက်ဆုံးတွင် 'နာမည်ကြီးချင်လို့လား'ဟူသည့် မေးခွန်းအောက်မှ လွတ်မြောက်သွားပြီး စတားကွန်ရက်၏ အရည်အသွေးမှီပြိုင်ပွဲများ၌ မှတ်ကျောက်တင်သွား၏။



💫💫💫