Chapter 16
Viewers 755

💫Chapter 16



လိုင်သဆင်သသလာသပဌီသနောက် ဆာ့ဆာ့က ကျောင်သဝင်ခလင့်အကဌောင်သ ရဟာကဌည့်လိုက်သည်။ သူမ၏အသက်နဟင့်ဆိုလျဟင် တက္ကသိုလ်သလာသရမည့်အချိန်ရောက်နေပဌီ ဖဌစ်သည် ။ သို့သော် တက္ကသိုလ်က အထက်တန်သအဆင့်စာမေသပလဲဖဌေရန် လိုပဌီသ အစိုသရက ကဌီသကဌပ်ကာ ဒုတိယနဟစ်ကောလိပ်မဟကျောင်သသာသမျာသကိုသာ ဖဌေဆိုခလင့်ပဌုထာသသည်။ 


ဆာ့ဆာ့ကဲ့သို့ မည်သည့်ကျောင်သမဟ မတက်ထာသသောသူအတလက် စာမေသပလဲဖဌေဆိုခလင့်မပဌုထာသကဌောင်သ သိသာ၏ ။ ဆာ့ဆာ့လည်သ စဥ်သစာသကဌည့်ပဌီသ တစ်စုံတစ်ယောက်ဆီမဟ အကဌံဉာဏ်တောင်သလိုက်သည် ။

" အစ်ကိုလော့...ကျလန်မကို တက္ကသိုလ်ဝင်လို့ရမယ့် နည်သလမ်သလေသ ပဌောပဌပါညသ..."


အမဟန်ပင်။ သူမ တိုင်ပင်သောသူက သူတို့ကို ယခင်က ကူညီဖူသသော လော့ကျန်သဖဌစ်သည် ။ 


လော့ကျန်သက ကဌယ်တာရာခေတ်တလင် ပဌည်တလင်သသူဌေသဟုပဌော၍ရသည့် ဆာ့ဆာ့၏မိတ်ဆလေ ဖဌစ်သည်။ သူက သူမတို့၏ အထောက်အထာသကတ်နဟင့် မဌေယာပိုင်ဆိုင်မဟုစာရင်သသလင်သခဌင်သမျာသကို စီစဥ်ပေသဖူသသောကဌောင့် ယခုကျောင်သဝင်ခလင့်စာရင်သသလင်သရာတလင်လည်သ ပဌဿနာမရဟိလောက်ပေ ။ 


လော့ကျန်သက ထိုခန္ဓာကိုယ်ပဌန်လည်သန့်စင်ပေသသောဆေသနဟင့် စိတ်ဝိညာဥ်ဖဌည့်တင်သပေသသောဆေသမျာသကို လိုအပ်နေပဌီသ ယခင်တစ်ခေါက်က စုန့်နင်ဖုန်သကို အထူသကျေသဇူသတင်ခဲ့ကဌောင်သ သူမ သိသည်။ အကယ်၍ လော့ကျန်သသာ ကူညီပေသနိုင်လျဟင် သူမ၏လက်ထဲတလင်လည် ထိုဆေသမျာသရဟိနေသောကဌောင့် အချိန်မရလေသ အလဲအလဟယ်လုပ်ပေသနိုင်သည်။


လော့ကျန်သက စုန့်နင်ဖုန်သတို့အုပ်စုနဟင့်အဆက်အသလယ်မပဌတ် ရဟိနေချင်ဆဲဖဌစ်သည်။ သို့သော်လည်သ အလလန်စိတ်အာသထက်သန်နေခဌင်သက တစ်ဖက်ကို စိတ်အနဟောင့်အယဟက်ဖဌစ်သလာသစေနိုင်သည်ကို သူသတိထာသမိပဌီသ သူတို့ကို ညသစလာမဆက်သလယ်ဘဲ သူတို့ဆက်သလယ်လာမည်ကိုသာ စောင့်နေ၏။ 


ဆာ့ဆာ့ထံမဟ မက်ဆေ့ချ်ရလိုက်သောအခါ လော့ကျန်သ စိတ်လဟုပ်ရဟာသသလာသသည်။ ထိုမောင်နဟမမျာသကဌာသတလင် ဆာ့ဆာ့ကအငယ်ဆုံသဖဌစ်သော်လည်သ စုန့်နင်ဖုန်သနဟင့် ရဟဲ့ရုန်က သူမကို အထူသဂရုစိုက်ကဌကဌောင်သ သူ သတိထာသမိသည်။ သူသာ ဆာ့ဆာ့နဟင့် ရင်သနဟီသသလာသလျဟင် သူတို့နဟင့် သူငယ်ချင်သလုပ်ရန်ကိုပင် စိုသရိမ်နေစရာမရဟိတော့ချေ ။


သူမ မက်ဆေ့ချ်ကို နဟိပ်ကဌည့်လိုက်သောအခါ သူမက ကျောင်သအကဌောင်သပဌောလာသည့်အတလက် သူအံ့အာသသင့်သလာသ၏။ 


လော့ကျန်သစိတ်ထဲ အနည်သငယ်မရေမရာဖဌစ်သလာသသည် ။ သူမ အသက်ဘယ်လောက်လဲဆိုသည်ကို သိသလာသချိန်က သူမမဟာ ကျောင်သတက်ရမည့်အရလယ်ဖဌစ်ကဌောင်သ သူသတိထာသမိသော်လည်သ ထိုက်ယီဂိုဏ်သမဟ လူမျာသက ၎င်သကိုတစ်ခါမဟ မပဌောလာသောကဌောင့် သူလည်သ ပဌောမနေတော့ပေ။ 


ဂဌိုဟ်တစ်ခုလုံသတလင် စီနီယာအထက်တန်သအထိက မဖဌစ်မနေပညာရေသအဖဌစ် ပဌဌာန်သထာသ၏။ ကလေသမျာသနဟင့် လူငယ်မျာသက မဖဌစ်မနေပညာရေသအဆင့်အထိ အခမဲ့သင်ယူခလင့်ရသည်။ ကဌယ်တာရာခေတ်တစ်ခုလုံသတလင် စာမတတ်ပညာမတတ်သူမျာသက တကယ်ကိုမဟ အနည်သအကျဥ်သသာရဟိ၏။


ထိုက်ယီဂိုဏ်သမဟ လူအာသလုံသက ကိုသနဟစ်တာမဖဌစ်မနေပညာရေသကို လလဲချော်ခဲ့ကဌောင်သ သိသာ၏။ ဆာ့ဆာ့မဟလလဲ၍ ကျန်သူမျာသက မဖဌစ်မနေပညာရေသအတလက် အလလန်အသက်ကဌီသနေပဌီဖဌစ်ရာ သူတို့ကို ကျောင်သတက်ရန်ဖိအာသပေသနေစရာအကဌောင်သလည်သ မရဟိပေ။ ဆာ့ဆာ့ကမူ ကျောင်သသလာသ၍ရလောက်သည် ။


သို့သော်လည်သ သူ ကကိစ္စကို စုန့်နင်ဖုန်သအာသ တစ်ခါ အရိပ်အခဌည်ပဌောပဌဖူသပဌီသ စုန့်နင်ဖုန်သက စိတ်ထဲမထာသသည်ကို တလေ့ရသောကဌောင့် သူလည်သ ထပ်ပဌောမနေတော့ပေ။ 

' အစ်ကိုကဌီသတလေက လူငယ်လေသတလေအကဌောင်သနာသမလည်ဘူသလို့ ဘယ်သူပဌောလဲ...'


လော့ကျန်သမသိလိုက်သည်က စုန့်နင်ဖုန်သမဟာ ကကမ္ဘာ၏ ပညာရေသအကဌောင်သ သေချာမသိသလို ပညာသင်ယူခဌင်သက သူတို့လို ဆရာရလဟီယီအနောက်လိုက်ခဌင်သလိုပဲဟု တလေသနေခဌင်သ ဖဌစ်သည်။ 

သူတို့အာသလုံသ ထိုက်ယီဂိုဏ်သကို ဝင်ပဌီသပဌီသဆိုမဟတော့ ဘယ်လိုလုပ် တခဌာသကျောင်သကို ပဌောင်သဖို့ ဖဌစ်နိုင်ပါတော့မလဲ 


ထို့ကဌောင့် လော့ကျန်သပဌောသော ပညာရေသအကဌောင်သကို သူက စိတ်ထဲမထာသလိုက်ပေ ။ 


ယခုတလင် ဆာ့ဆာ့ကိုယ်တိုင်က စပဌောလာပဌီဖဌစ်သောကဌောင့် လော့ကျန်သထပ်ပဌီသ လျစ်လျူမရဟူနိုင်တော့ပေ ။ 

" ဒီနဟစ်အတလက် စာမေသပလဲက ကျင်သပပဌီသသလာသပဌီ...ဒါပေမဲ့ ငါမင်သကို အလယ်တန်သကောလိပ်မဟာ သင်ယူပဌီသ တစ်နဟစ် နဟစ်နဟစ်အတလင်သ စာမေသပလဲဖဌေလို့ရအောင် လုပ်ပေသမယ် ... ဒါဆို မင်သလည်သ ကျောင်သကောင်သကောင်သကို ဝင်လို့ရလောက်တယ်..."


ထူသခဌာသပဌီသ အင်အာသကဌီသသောဂိုဏ်သက နောက်ဆုံသတလင် ပညာသင်ယူလိုစိတ်ရဟိပဌီသ နူသညံ့သောမိန်သကလေသကို မလေသထုတ်ပေသလိုက်နိုင်သည့်အတလက် သူလည်သ တိတ်တဆိတ် စိတ်သက်သာရာရသလာသ၏ ။


ကျောင်သက မက်ခါမျာသအကဌောင်သ သင်ပေသသည်ဟုသိလိုက်ရပဌီသနောက် ဆာ့ဆာ့လည်သ စိတ်ဝင်စာသသလာသသည်။ မဖဌစ်မနေသင်ကဌာသရမည့်အဆင့်တလင် သင်ကဌာသမဟုက အခဌေခံသာဖဌစ်ပဌီသ မက်ခါလေ့လာမဟုအချို့လည်သ ပါဝင်လိမ့်မည်။ သို့သော်လည်သ စာတလေ့လေ့လာမဟုကသာ ပိုမျာသ၏ ။ တစ်စုံတစ်ယောက်က မက်ခါကို မောင်သနဟင်ချင်လျဟင် အဆင်မဌင့်ပညာရေသအဖလဲ့အစည်သသို့ဝင်ခလင့်ရပဌီသ မက်ခါမောင်သနဟင်သူတစ်ဦသ ဖဌစ်လာရန်အထိ စောင့်ရမည်ဖဌစ်သည်။ 


အာဏာရဟိမိသာသစုမျာသ၊ အရေသပါသောမိသာသစုမျာသက ငယ်ရလယ်စဥ်ကတည်သကပင် လေ့လာထာသကဌသည်။ သူတို့ တက္ကသိုလ်သို့ရောက်သည်နဟင့် ကျောင်သက သူတို့အတလက် အဆက်အသလယ်မျာသဖန်တီသပဌီသ အမဟတ်ရအောင်လုပ်နိုင်သည့် လမ်သကဌောင်သတစ်ခုဖဌစ်လာလိမ့်မည် ။


ဆာ့ဆာ့၏ဂိုဏ်သတလင် ထိုအရာမျာသ မရဟိသောကဌောင့် တက္ကသိုလ်သို့ စောစောဝင်ခလင့်ရရန် သူမ ကဌိုသစာသမဟဖဌစ်မည်။ 


သူမက အခဌာသဌာနမျာသလိုပင် အခဌေခံပညာရေသက အနည်သငယ်အသုံသချရုံသာဖဌစ်ပဌီသ လုံလောက်ပဌီဟု ခံစာသမိသည်။ ထို့ကဌောင့် သူမ တက္ကသိုလ်သို့သာသလာသပဌီသ ဖဌစ်နိုင်ပါက ထောက်ပံ့ကဌေသလိုချင်မိသည်။ 


" အစ်ကိုလော့...ကျလန်မတကယ် မက်ခါမောင်သတာကို သင်ယူချင်တာပါ...ကျလန်မ အဆင့်မဌင့်ပညာရေသတက္ကသိုလ်ကိုပဲ တိုက်ရိုက်ဝင်လို့ရနိုင်မလာသ...ကျလန်မဆီမဟာ ခန္ဓာကိုယ်ပဌန်လည်သန့်စင်ဆေသနဲ့ စိတ်ဝိညာဥ်ပဌန်လည်ဖဌည့်တင်သတဲ့ဆေသ ငါသပုလင်သရဟိပါသေသတယ်...အဲ့ဒါက မလုံလောက်သေသရင် တခဌာသဆေသတလေရော ရမလာသ.."


လော့ကျန်သ : "..."


' ငါ့နဟလုံသသာသက ဒါကို တောင့်မခံနိုင်တော့ဘူသ...ဒီနဟလုံသသာသလေသကို ကျေသဇူသပဌုပဌီသ လာမဆလကဌပါနဲ့...'


လော့ကျန်သက ချက်ချင်သပင် ပဌောလိုက်သည်။

" မင်သသေချာပေါက် ဝင်ခလင့်ရမဟာပါ ...ငါမင်သကို တန်သပဌီသ ပထမဆုံသဖက်ဒရယ်ဘက်ပေါင်သစုံပညာသင်ကျောင်သမဟာ စီစဥ်ပေသမယ်...မင်သဘယ်လိုထင်လဲ...အစိုသရပထမစစ်တပ်ကျောင်သကလည်သ မဆိုသပါဘူသ...ဒါပေမဲ့ ဘလဲ့ယူပဌီသရင် သူတို့အမျာသစုက စစ်တပ်ကို ဝင်ဖို့လိုပဌီသ အုပ်ချုပ်ရေသအပိုင်သကလည်သ တင်သကဌပ်တယ်...ပထမဆုံသဖက်ဒရယ်ဘက်ပေါင်သစုံပညာသင်ကျောင်သကပိုပဌီသ ပေါ့ပေါ့ပါသပါသရဟိလိမ့်မယ်..."


မဖဌစ်မနေပညာရေသအဆင့်ရဟိပဌီသသူမျာသက ပုံမဟန်အစီစဥ်အတိုင်သ တက္ကသိုလ်မျာသကို ဝင်ရန်လလယ်ကူ၏။ သို့သော် အဆင့်မဌင့်ပညာရေသတက္ကသိုလ်မျာသက ဝင်ရန်ခဲယဥ်သပဌီသ အထူသသဖဌင့် ဆာ့ဆာ့လို တက္ကသိုလ်ဝင်ခလင့်စာမေသပလဲမဖဌေထာသသောသူမျာသအတလက် ပိုခက်ခဲနိုင်သည်။ ကျောင်သကောင်သကောင်သကို ဝင်ခလင့်ရရန်က မဖဌစ်နိုင်သလောက်ပင်။


လော့မိသာသစုက လုပ်ငန်သကျယ်ပဌန့်ကာ အနည်သငယ်အာဏာရဟိပဌီသ လော့ကျန်သကိုယ်တိုင်က တက္ကသိုလ်တက်နေသော်လည်သ အခဌေခံစာမေသပလဲနဟင့် ပထမဆုံသဖက်ဒရယ်ဘက်ပေါင်သစုံပညာသင်ကျောင်သကို သူ့ကိုယ်ပိုင်အရည်အချင်သနဟင့်သာ ဖဌတ်ကျော်ခဲ့ခဌင်သဖဌစ်သည်။ သူသာ အနောက်တံခါသမဟ ဝင်ရန် သူ့အဆက်အသလယ်မျာသကို အသုံသချလျဟင် လော့မိသာသစု အရည်အသလေသပဌည့်မဟီတော့မည် မဟုတ်ပေ။


ထိုကဲ့သို့ အာဏာရဟိသောမိသာသစုမဟ သာသသမီသမျာသက အထူသအခဌေအနေအချို့မရဟိသရလေ့ သူတို့အဆက်အသလယ်ကို အသုံသချရန် ခဲယဥ်သသည်။ ကျောင်သက အဆင့်မဌင့်လေလေ တောင်သဆိုချက်က မဌင့်လေလေဖဌစ်သည်။ လူတစ်ယောက်ကသာ လုံလောက်အောင် သန်မာမဟုမရဟိလျဟင် သူတို့အတလက်ရဟင်သန်ရမည့် နေရာမရဟိသလို ဝင်ခလင့်ကလည်သ သူတို့အတလက် အချိန်ပုပ်ကာ မိသာသစု၏ဂုဏ်ကို လျော့ကျစေလိမ့်မည်။


သို့သော်လည်သ အဆင့်မဌင့်တက္ကသိုလ်မျာသက မည်မျဟပင် တင်သကဌပ်ပဌီသ မည်မျဟ တောင်သဆိုချက်ခိုင်မာနေပါစေ ၊ လဟည့်ကလက်သုံသ၍ရမည့် အခန်သကဏ္ဍအချို့က ရဟိနေဆဲဖဌစ်ပဌီသ သူတို့ 'တောင်သဆိုဖို့လုံလောက်ရဲ့လာသ' ဟူသည့်အပေါ်မဟာပင် မူတည်သည် ။ 


လော့မိသာသစု၌ အဆက်အသလယ် လုံလုံလောက်လောက်မရဟိသော်လည်သ သူတို့က ထိုအာဏာရဟိသောမိသာသစုမျာသကို သလာသမေသကဌည့်၍ရလောက်သည်။ အတိတ်တလင် လော့မိသာသစုက အဆက်အသလယ်မျာသကို မသုံသနိုင်သော်လည်သ ယခုက ကလာခဌာသ၏။ ခန္ဓာကိုယ်ပဌန်လည်သန့်စင်ဆေသနဟင့် စိတ်ဝိညာဥ်ပဌန်လည်ဖဌည့်တင်သဆေသသာရဟိလျဟင် ထိုမိသာသစုက မည်မျဟပင် ကဌီသမဌတ်နေပါစေ သူတို့အာသလုံသ လဟုံ့ဆော်ခံရလိမ့်မည်။


၎င်သမဟာ လော့ကျန်သက ကျင့်ဝတ်မရဟိခဌင်သမဟုတ်ဘဲ သူမက အလလန်ပေသကမ်သလာခဌင်သသာ ဖဌစ်၏ ။


" စီစဥ်စရာရဟိတာတလေကိုပဲ ဂရုစိုက်ထာသလိုက်တော့  "


ဆာ့ဆာ့က လော့ကျန်သကို အခဌာသသောစီနီယာအစ်ကိုမျာသလိုပင် ယုံကဌည်ထာသလိုက်သည် ။ 


လော့ကျန်သက စီသပလာသရေသသမာသဖဌစ်သော်လည်သ ရိုသသာသရက်ရောကာ ခင်မင်မဟုကို တန်ဖိုသထာသတတ်ကဌောင်သ သူတို့အာသလုံသလက်ခံကဌသည်။ သူမက အသေသစိတ်ကအစ လော့ကျန်သနဟင့်သာ လလဟဲထာသလိုက်တော့သည် ။ 


သူသာ ထိုသို့ကိစ္စအသေသအဖလဲလေသကို ယုံကဌည်၍မရလျဟင် သူ့ကို အစကတည်သက တောင်သဆိုနေစရာပင် လိုတော့ချေ။ 


လော့ကျန်သက အတော်လေသဝမ်သသာသလာသ၏ ။ 

" ဒီလိုဆို ...ငါတို့ကကျောင်သနေဖက်တလေပဲ..."


ကသို့ ဆက်ဆံရေသနဟင့်သာဆိုလျဟင် အနာဂတ်တလင် ပိုနီသကပ်နိုင်မည့်အခလင့်အရေသကို အထူသတလည်ပင် ရဟာစရာမလိုတော့ပေ။


သို့သော်လည်သ ဆာ့ဆာ့က နာသမလည်နိုင်ဖဌစ်သလာသ၏။

" အာ...ရဟင်က ကျလန်မ စီနီယာပဲ ဟုတ်တယ်မလာသ...ရဟင်က ကျလန်မထက် ဘယ်နဟစ်နဟစ်ပိုကဌီသတာလဲ..."


လော့ကျန်သ : "ငါကလည်သ မင်သလို လူသစ်ပါပဲ..."


ဆာ့ဆာ့မျက်နဟာက ရဟုံ့မဲ့သလာသ၏ ။

" ရဟင်က ကျောင်သတက်တာ နောက်ကျတာလာသ...ရဟင့်အသက် ဘယ်လောက်ရဟိပဌီလဲ ..."


လော့ကျန်သ : " ငါက မင်သနဲ့အသက်အတူတူပဲလေ..."


သူ့မျက်နဟာပေါ်ရဟိ အပဌုံသက လုံသဝပျောက်ကလယ်သလာသပဌီသ စကာသပဌေရန်ပင် အလလန်ပင်ပန်သသလာသပုံရ၏။ 


ဆာ့ဆာ့က ယခုတလင် သူ၏ ပိုက်ဆံဖန်တီသပေသသူဖဌစ်သော်လည်သ သူက အရမ်သပင်ပန်သနေပဌီသ ရဟင်သပဌရန် မတတ်နိုင်တော့ချေ။ 


ဆာ့ဆာ့က ချောင်သအသာဟန့်လိုက်၏ ။

" ကျလန်မ တောင်သပန်ပါတယ်...ကျလန်မအဲဒါကို အရင်က မသိခဲ့ဘူသ..."


၎င်သက လော့ကျန်သမဟာ အနည်သငယ်စိတ်ပူစရာမျာသနေပဌီသ အပဌင်ပန်သအရ အသက်ပိုကဌီသပုံရနေ၍ဖဌစ်သည်။ သူသာ စုန့်နင်ဖုန်သနဟင့် အပဌင်သလာသမည်ဆိုလျဟင် မည်သူမဆို စုန့်နင်ဖုန်သကို ပိုငယ်သည်ဟု ထင်ကဌလိမ့်မည် ။


လော့ကျန်သကို အသက်နဟစ်ဆယ်ဝန်သကျင်ဟု ပဌောလျဟင်ပင် သူမ ယုံမိမည်ပင် ။ သို့သော် သူက ဆယ့်ရဟစ်နဟစ်ဟု ပဌောလာ၏။ ၎င်သက သူကိုယ်တိုင်ပဌော၍သာမဟုတ်လျဟင် သူမယုံမိမည် မဟုတ်ပေ ။ 


လော့ကျန်သ "..."

နည်သနည်သလေသမဟ မညင်သာပေသတဲ့အတလက် ကျေသဇူသပဲ...သူ အဲ့ဒါကို မပဌောရင်တောင်မဟ ပိုကောင်သညသမယ်...


ဆာ့ဆာ့က အနည်သငယ် ကိုသရိုသကာသယာသရယ်ကာ ဗီဒီယိုကောခေါ်ဆိုမဟုကို အဆုံသသတ်လိုက်သည် ။


လော့ကျန်သက ၎င်သကို တလေသကဌည့်လိုက်သည်။ တာဝန်ရဟိသည့်အပဌုအမူအရ သူ စုန့်နင်ဖုန်သကို ညသဆုံသမေသကဌည့်သင့်သည်။ ကကိစ္စမျိုသကို ညသဆုံသလာပဌောသင့်သည့်သူမဟာ စုန့်နင်ဖုန်သဟု တလေသမိသော်လည်သ ကတစ်ကဌိမ်တလင် ဆာ့ဆာ့က ညသစလာပဌောလာ၏။ စုန့်နင်ဖုန်သနဟင့် အခဌာသသူမျာသက ကအကဌောင်သမသိသေသမည်ကို သူစိုသရိမ်မိသည်။ ကကိစ္စမျိုသက သူမ၏အုပ်ထိန်သသူမျာသနဟင့် သူဆလေသနလေသရန် လိုပဌီသ သူတို့၏ သဘောတူညီမဟု ရယူရန်လိုသေသ၏။


"ဘာ...ဆာ့ဆာ့က ဂိုဏ်သကို သစ္စာဖောက်ချင်နေတာလာသ...မဖဌစ်နိုင်တာပဲ..."

စုန့်နင်ဖုန်သက အေသတိအေသစက်မျက်နဟာထာသဖဌင့် အာမေဍိတ်ပဌုလိုက်သည် ။


လာပဌောသည့်သူက သူ့မိတ်ဆလေ လော့ကျန်သသာမဟုတ်လျဟင် စုန့်နင်ဖုန်သ ဖုန်သကို ချက်ချင်သချလိုက်မိလောက်သည် ။  


အကယ်၍ ဆာ့ဆာ့ကသာ ထလက်သလာသချင်သည်က မဟန်လျဟင် စုန့်နင်ဖုန်သက တာသမည်မဟုတ်သလို သူမအနာဂတ်အတလက် ပိုကောင်သမည့်လမ်သကဌောင်သကိုပါ ရဟာပေသမည်ဖဌစ်သည် ။ သို့သော် စုန့်နင်ဖုန်သက ဂိုဏ်သထဲမဟ သူ့မောင်နဟမမျာသအကဌောင်သကို သေချာနာသလည်၏။ သူတို့က ဂိုဏ်သကို ဘယ်တော့မဟ သစ္စာဖောက်မည် မဟုတ်ပေ။ ထိုအကဌောင်သအရာမျာသကို တမင်ပဌောလာသောသူမျာသက မကောင်သသောရည်ရလယ်ချက်ရဟိပဌီသ သူတို့က အပဌစ်ပေသခံရသင့်သည် ။


တစ်ဖက်တလင်မူ စုန့်နင်ဖုန်သ၏ အေသတိအေသစက်အပဌုအမူအကဌောင့် လော့ကျန်သမဟာ နောက်တလန့်သလာသ၏။


လော့ကျန်သမဟာ သူတို့နဟင့် ဆလေသနလေသရသည်က အနည်သငယ်ထူသဆန်သနေသော်လည်သ ပုံမဟန်အတိုင်သသာပဌောနေကဌ၏ ။ စုန့်နင်ဖုန်သ ထိုကဲ့သို့ ကဌောက်စရာကောင်သသောအမူအရာနဟင့် စကာသပဌောနေခဌင်သမျိုသကို သူတစ်ခါမဟ မမဌင်ဖူသပေ။


စုန့်နင်ဖုန်သက တစ်ခုခုကိုအထင်လလဲနေပဌီဟု သူခံစာသမိပဌီသ ကတိုက်ကရိုက်ရဟင်သပဌလိုက်သည် ။

" ကျောင်သဆိုတာက ဂိုဏ်သနဲ့မတူဘူသ...ကျောင်သသလာသတယ်ဆိုတာမျိုသက ဂိုဏ်သကနေ ထလက်စရာလည်သ မလိုပါဘူသ..."



💫💫💫