Chapter 24
Viewers 774

💫 Chapter 24



ယခုဏလေးတင် ဆာ့ဆာ့အပေါ်ယုံကြည်မှုအပြည့်ရှိနေသော လီချန်ယွီပင်လျှင် နင်သွား၏ ။ 

' ငါ သူ့အပေါ် ယုံကြည်မှုလွန်ကဲသွားတာများလား...ဒါမှမဟုတ် ဆာ့ဆာ့က စတားကွန်ရက်ပေါ်မှာပဲ ကျွမ်းပြီး လက်တွေ့မှာ မက်ခါတောင်မမောင်းတတ်တာများလား...'


သေချာရှိုးပြချင်သော ဆာ့ဆာ့ပင်လျှင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏ ။ 

" ဒါက မတော်တဆဖြစ်ရုံပါပဲ..."


မက်ခါကို ပြင်ပတွင် လက်တွေ့ထိန်းချုပ်ရခြင်းက စတားကွန်ရက်နှင့် အနည်းငယ်ကွာခြားပြီး နှစ်ခုစလုံးနှင့် ရင်းနှီးနေသော သူများအတွက်က ၎င်းက ပြဿနာမဟုတ်ပေ။သို့သော် စတားကွန်ရက်ပေါ်တွင်သာ မောင်းနှင်ဖူးသူများအတွက် ကွာခြားချက်က အလွန်ကြီးပြီး သာမန်လူတစ်ယောက်အနေဖြင့် ထိန်းညှိနိုင်ရန် အချိန်တစ်ခု လိုအပ်သည်။


ဆာ့ဆာ့လည်း လုံးဝ အသားကျမနေဘဲ အားထည့်လွန်သွားလိုက် ၊ လုံလောက်အောင် အမိန့်မပေးနိုင်ဖြစ်လိုက်နှင့် လှုပ်ရှားနိုင်ရန် မျှော်လင့်နေသော်လည်း ဤသို့သာ အလွဲလွဲအချော်ချော်ဖြစ်နေ၏။ သူမ မောင်းနှင်နေသော မက်ခါကို ကြည့်ရသည်မှာ မူးမူးနှင့် ခုန်ပေါက်နေသကဲ့သို့ပင်။ 


ကျန့်ချင်းက ဆာ့ဆာ့ကို မက်ခါဌာနတွင် တစ်ခုခုလုပ်ပြနိုင်လိမ့်မည်ဟု ထင်ထားသော်လည်း ယခုကြည့်လိုက်သောအခါ အသစ်လေးက သူမ၏ အင်အားကိုပင် မြှင့်တင်နိုင်ပုံမရပေ။ 

' လူသစ်တစ်ယောက်က ကိုယ့်လုပ်နိုင်စွမ်းကိုယ်တောင် မသိတာမျိုးက မဖြစ်သင့်ပါဘူး...'


ထိုကဲ့သို့ သူမျိုးကို သက်ညှာပေးနေစရာ မလိုတော့ပေ။ သူမကို ဤဘာသာရပ်နှင့်အတန်းတွင် နေခွင့်ပေးထားခြင်းက အတန်းအတွက် အရှက်ရစရာဖြစ်လိမ့်မည် ။ 


" ဒီလိုဆိုမှတော့ ငါ သက်ညှာမနေတော့ဘူး..."


အနီးနားတွင် ပွဲလာကြည့်နေကြသော သူများက သူတို့၏ မျက်လုံးများကိုပင် အုပ်ထားမိကြသည်။ ဆာ့ဆာ့၏ သနားစရာကံကြမ္မာကို သူတို့ မကြည့်ချင်ပေ။


ကျန့်ချင်းက ဆာ့ဆာ့အနားသို့ ချဥ်းကပ်သွား၏။ သူက အလင်းဓားကို ဝှေ့ရမ်းကာ လေထုကို ဖုံးအုပ်သွားစေပြီး ဒြပ်မှုန်ပိုက်ကွန်ဖြင့် ဆာ့ဆာ့ကို ချုပ်မိသွားအောင်လုပ်လိုက်သည်။ ၎င်းက ရန်သူ၏လှုပ်ရှားမှုကို ကာဆီးပြီး ထောင်ဖမ်းသည့် သူ့အကွက်များထဲမှ အကောင်းဆုံးတစ်ခုဖြစ်သည်။ 


၎င်းက သေချာပေါက် ကျောင်းသားများကြားမှ တိုက်ပွဲတစ်ခုဖြစ်သည့်အတွက် သူတို့၏ မက်ခါလက်နက်များကို ထိခိုက်မှုနည်းစေသည့် လက်နက်များဖြင့် အစားထိုးထားသည်။ ထို့ကြောင့် ဆာ့ဆာ့က ဒြပ်မှုန်အလင်းဓားဖြင့် တိုက်ခိုက်ခံရလျှင်ပင် အများဆုံးမှ ဒဏ်ရာဒဏ်ချက်အနည်းငယ်သာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်မည်မဟုတ်ပေ။ 


ကွင်းအပြင်ဘက်ရှိ တစ်ယောက်က ညည်းညူလိုက်သည် ။

" ကျစ်...ကျန့်ချင်းက တကယ်အညှာအတာမဲ့တာပဲ..."


ဒြပ်မှုန်အလင်းဓားက လူများကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိစေပြီး အထူးသဖြင့် လူသစ်များဆိုလျှင် ပိုဆိုး၏။ ၎င်းက လူအချို့အတွက် စိတ်ဒဏ်ရာပင် ကျန်စေနိုင်သည်။ 


သို့သော် ကျန့်ချင်းမှာ လေ့ကျင့်ရေးကွင်းအလယ်၌ တစ်ခုခုမှားနေသည်ကို အာရုံခံမိသွား၏ ။ 


ဒြပ်မှုန်အလင်းဓားမှ အလင်းရောင်များက မှေးမှိန်ပျောက်ကွယ်သွားပြီးနောက်တွင် သူ့ထောင်ချောက်ထဲ၌ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည် ။

' ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'


ကျန့်ချင်း၏ နောက်ကျော၌ ချွေးစေးများထွက်လာသော်လည်း တုံ့ပြန်ရန် အလွန်ကို နောက်ကျသွား၏ ။ ဆာ့ဆာ့၏ အခြေခံသုံးမက်ခါဓားက သူ့ကို အသံကျယ်ကျယ်ဖြင့် မြေပေါ်သို့ လဲကျသွားစေသည် ။ 


ထို့နောက် ဆာ့ဆာ့က ကျန့်ချင်းကို ဘာမှထိခိုက်မှုမရှိသည့်အတိုင်း ပြုံးပြလာ၏ ။

" ဒါအတွက် အားနာပါတယ် အာ... အတန်းဖော် နင့်ရဲ့ အကွက်တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ...ဒါပေမဲ့ ဒီနေ့တော့ ငါလှလှပပလေးပဲ အနိုင်ရချင်တယ်...နောက်တစ်ခေါက်ကျမှ ငါနင်နဲ့ သေချာ တိုက်ခိုက်ပေးတော့မယ်..."


၎င်းက အတန်းဖော်များရှေ့တွင် ပထမဆုံးအနေဖြင့် သူမ မက်ခါအသုံးပြုခြင်းဖြစ်ပြီး အချိန်သိပ်ဆွဲလျှင်မကောင်းသောကြောင့် သူမက ရိုးရိုးရှင်းရှင်းသာ အဆုံးသတ်ပေးလိုက်သည်။


ကျန့်ချင်း "...."


ဆာ့ဆာ့ကို စိတ်ဒဏ်ရာရအောင် လုပ်မိသွားလားမသိသော်လည်း သူကိုယ်တိုင်က စိတ်ဒဏ်ရာတစ်ခုရသွားသလို ခံစားလိုက်ရသည်။ 


ပထမဆုံးအကြိမ်အဖြစ် လက်တွေ့တွင် မက်ခါကို အသုံးပြုလိုက်ရခြင်းက ဆာ့ဆာ့ကို တစ်ခု သတိထားမိသွားစေ၏ ။ မက်ခါအတန်းက အမှန်တကယ်ပင် မက်ခါတိုက်ခိုက်ရေးသမားများ၏ အင်အားအပေါ်တွင် အထူးသက်ရောက်မှုရှိသည်။ 


စတားကွန်ရက်ပေါ်တွင်မူ သူမက ပြဿနာအချို့ကိုသာ သတိထားမိခဲ့သည်။ ဖြစ်နိုင်သည်မှာ သာမန်မက်ခါမောင်းနှင်သူတစ်ယောက်အတွက် မက်ခါက အရေးကြီးဆုံးမဟုတ်သလို သာမန်မက်ခါကလည်း အဆင့်မြင့်မက်ခါကို အနိုင်ယူနိုင်သည်။ သို့သော် မတူညီသောမက်ခါအတန်းမှ မက်ခါတိုက်ခိုက်ရေးသမားနှစ်ယောက် ထိပ်တိုက်တွေ့မည်ဆိုလျှင် ပိုကောင်းသည့်မက်ခါနှင့်သူက အနိုင်ရနိုင်ချေရှိသည်။ 


၎င်းက သူမပြိုင်ပွဲများ ဆက်မယှဥ်ပြိုင်ရတော့သည့် အကြောင်းပြချက်တစ်စိတ်တစ်ဒေသပင်။ သူမက အင်အားကို ဦးဆုံးမြှင့်တင်ခြင်း သို့မဟုတ် ပိုကောင်းသည့်မက်ခါကို ဦးစွာရှာခြင်းမျိုးလုပ်ချင်သည် ။


အမှန်တွင် မက်ခါအတန်းများ၏ ကွာဟချက်က ပို၍ သိသာ၏။ သူမက အခြေခံသုံးမက်ခါများ၏ နောက်ဆုံးကန့်သတ်နိုင်စွမ်းအထိ လုပ်ဆောင်ခဲ့ပြီဟု ခံစားရပြီး ထိုအခြေခံသုံးမက်ခါနှင့် သူမက ပိုခက်ခဲသောအရာများကို စိန်ခေါ်ချင်သေးသည်။ သို့သော်လည်း အဆင့်မြင့်မက်ခါများက အခြေခံသုံးများမက်ခါများနှင့် ယှဥ်လိုက်ပါက လုပ်ဆောင်ချက်ရှူထောင့်တိုင်းတွင် ပိုသာနေ၏။ ထို့အပြင် ၎င်းက ချို့ယွင်းချက်များသောကြောင့် စွန့်စားရန်လည်း မလွယ်ကူပေ။ 


ဤတစ်ခေါက်တွင် ဆာ့ဆာ့ သေသပ်စွာ အနိုင်ရသွားခြင်းက ကျန့်ချင်း၏ လှုပ်ရှားမှုတို့နှင့်လည်း သက်ဆိုင်သည် ။ 


ကျန့်ချင်းက အလင်းဒြပ်မှုန်ကွန်ရက်ကို ပစ်လွှတ်လိုက်ပြီး အမြင်အာရုံကိုပါ ဖုံးလွှမ်းသွားစေသော်လည်း သူက ဆာ့ဆာ့ကို အလွန်လျှော့တွက်ထားပြီး သူမ လွတ်မြောက်နိုင်လိမ့်မည်ဟု လုံးဝ တွေးမထားပေ။ ထို့ကြောင့် ဆာ့ဆာ့က ၎င်းကို အခွင့်ကောင်းယူကာ သူ့ဆီကို ချဥ်းကပ်သွားပြီး အဆုံးသတ်ပေးလိုက်ခြင်းပင်။ 


သူသာ ထိုကဲ့သို့ အလှပြကွက်များခင်းသွားပြီး လှည့်ဖျားရမလွယ်လျှင် အနည်းဆုံး လက်တွေ့တိုက်ပွဲများနှင့် မရင်းနှီးသေးသည့် ဆာ့ဆာ့နှင့် နည်းနည်း ပိုကြာကြာတိုက်ခိုက်နိုင်လောက်သည်။


ဆရာလည်း ရလဒ်ကို မကြေညာမီ အစာကြေအောင် အရင်ဆုံး အချိန်ယူလိုက်ရသည် ။

" ဆာ့ဆာ့ အနိုင်ရတယ်…"


ဘေးဘက်ရှိ ကျောင်းသားများမှာ မယုံကြည်နိုင်သည့်အလား မျက်လုံးများပင် ပွတ်မိကြသည် ။ 

' ဒါက အရမ်းပြင်းထန်တာပဲ...မှော်နည်းလမ်းတွေများလား ...သူက ပုံရိပ်ယောင်တွေဘာတွေများ ထုတ်လိုက်တာလား...'


တစ်ယောက်ယောက်က အော်ဟစ်လာ၏ ။ 

" ဘာတွေဖြစ်ကုန်တာလဲ ...တစ်ယောက်ယောက် ငါ့ကို ရှင်းပြစမ်းပါ...သူ အရမ်းဆိုးဆိုးရွားရွား ရှုံးသွားမှာကိုတောင် ကြည့်ရမှာကြောက်လို့ ငါ့မျက်လုံးတွေကို မှိတ်ထားခဲ့တာ..."


မျက်စိတစ်မှိတ်စာအတွင်းတွင် ကျန့်ချင်းက ရှုံးသွားလိမ့်မည်ဟု မည်သူမှ မတွေးထားမိကြပေ။


" လာမမေးနဲ့ ...ငါ့မျက်လုံးတွေက ပွင့်နေတာဆိုပေမဲ့ ဘာမှမမြင်လိုက်ရဘူး..."


၎င်းက အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့်ပင်။ သူတို့အားလုံး ကွင်းထဲကို ကြည့်နေကြသည်မှာ မှန်သော်လည်း ဆာ့ဆာ့က ကျန့်ချင်းကို တစ္ဆေတစ်ကောင်လို ချဥ်းကပ်သွားပြီး ထိုအခိုက်အတန့်မှာပင် ကျန့်ချင်းက ရှုံးနိမ့်သွား၏ ။ 


ဆာ့ဆာ့မှာ ယခင်က မကျင့်ကြံနိုင်သောကြောင့် သူမ၏ဆရာနှင့် အစ်ကိုများက ဘာမှမတောင်းဆိုခဲ့သည့်အတွက် သူမမှာ သူတို့နှင့်ယှဥ်ပြိုင်ရန် အခွင့်အရေး မရခဲ့ပေ။ ယခုတွင် သူမမှာ သာမန်ကျောင်းနေဘဝမျိုး ရရှိသွားပြီဟု တွေးမိသည် ။ 

' အနိုင်ရတဲ့ခံစားချက်က အရမ်းကောင်းတာပဲ...'


ဆာ့ဆာ့က တိုက်ခိုက်ထားသည့်နေရာမှ ထွက်ကာ လီချန်ယွီနှင့် လက်ဝါးချင်းရိုက်လိုက်သည် ။ 


လီချန်ယွီက ရလဒ်ကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း အေးဆေးလက်ခံနိုင်လိုက်သည်။ ဆာ့ဆာ့နှင့် တွေ့ပြီးနောက် မထင်မှတ်ထားသည်များ ကြုံတွေ့ရခြင်းက ပုံမှန်သာဖြစ်ပြီး မထင်မှတ်ထားသည်ကို မကြုံတွေ့ရမှသာ ပုံမှန်မဟုတ်ခြင်း ဖြစ်လိမ့်မည် ။


အချို့ ကျောင်းသားများက အံ့အားသင့်သွားသော်လည်း အမြန်လက်ခံနိုင်သွားကြသည်။ ထိုအစား ဆာ့ဆာ့နှင့် တိုက်ခိုက်ရသည့်သူက သူတို့သာဆိုလျှင် မည်သည့် ရလဒ်မျိုးထွက်လာမည်ကို စဥ်းစားနေကြ၏။ သူတို့က ကောင်းကောင်းအကဲခတ်နိုင်ကြပြီး ဆာ့ဆာ့၏ နည်းလမ်းများက လီချန်ယွီနှင့် တူညီနေသည်ကို သတိထားမိသွားကြသည်။ ဆာ့ဆာ့၏အစပိုင်းက ကိုးရို့ကားယားဖြစ်နေသော်လည်း လီချန်ယွီထက် အများကြီးသာ၏ ။ 


ထို့ကြောင့် တစ်စုံတစ်ယောက်က ဆာ့ဆာ့ဆီသို့လာပြီး နှုတ်ဆက်လာ၏ ။ 

" ဟယ်လို...ငါ့နာမည်က ဟယ့်ချောင်ယွမ်ပါ... ငါတို့အခွင့်အရေးရမယ်ဆိုရင် ငါမင်းနဲ့ တစ်ခေါက်လောက် တိုက်ခိုက်ဖို့အဆင်ပြေမလား..."


ထိုကောင်လေးက ဆံပင်ထိုးထိုးထောင်ထောင်နှင့် ချောမောသောရုပ်ရည်ရှိပြီး သူ၏ ဖြူဖွေးသောအသားအရေကလည်း သူ၏ ဂရုမစိုက်တတ်သောအမူအရာကို ဖြည့်စွက်ပေးနေ၏ ။ 


" ဟယ်လို ငါ့နာမည်က ဆာ့ဆာ့ပါ...သေချာပေါက် ရတာပေါ့..."


ဆာ့ဆာ့က သူ့အေးတိအေးစက်အပြုအမူကို တုန်လှုပ်မနေပေ။ သူမ၏ ဆရာက ပြိုင်ဘက်ကင်းရေခဲတုံးဖြစ်သော်လည်း ထိုသူက အလွန်ကောင်းသောသူဆိုသည်ကို သူမသိသည်။ သူမက ထိုကဲသို့ပုံစံမျိုးကို အလိုလျောက်ခင်တွယ်တတ်သောကြောင့် သူ့ကို နွေးထွေးစွာ ဆက်ဆံလိုက်သည်။ 


ထို့အပြင် အကြီးဆုံးစီနီယာအစ်ကိုကလည်း သူမကို အတန်းဖော်များနှင့် ရင်းနှီးစွာဆက်ဆံရန် မှာထားသေးသည်။ ဤကျောင်းသားက သူမကို ရည်ရွယ်ချက်ကောင်းဖြင့် ဆက်ဆံသော တတိယစီနီယာအစ်ကို၏ဖန်မဟုတ်သည့် ရှားပါးကျောင်းသားတစ်ဦးပင်။ ထို့အပြင် ဆာ့ဆာ့ကလည်း ၎င်းကို တန်ဖိုးထား၏။ 


လီချန်ယွီက ဘေးတွင် ရပ်နေပြီး ပါးစပ်ပင် အနည်းငယ်ပွင့်နေ၏။ ဆာ့ဆာ့က ဘာမှမသိသော်လည လီချန်ယွီက သိနေသည်။ ဟယ့်ချောင်ယွမ်က မက်ခါတိုက်ခိုက်ရေးမေဂျာတွင် ပထမနေရာကို အပိုင်သိမ်းထားသူဖြစ်ပြီး ဖက်ဒရယ်စစ်တပ်မိသားစုတစ်စုဖြစ်သည့် ဟယ့်မိသားစုမှ မိသားစုဝင်ပင်။ ထို့အပြင် ဟယ့်ရှန်းရှန်းနှင့်ကလည်း တစ်မိသားစုတည်း ဖြစ်သည် ။ 


သူ့ကို လူအများနှင့် အရောတဝင်မနေတတ်သည့်သူဟုသိကြပြီး အတန်းဖော်များနှင့်လည်း ထိုသူက အဆက်ဆံမလုပ်ပေ။ ထိုမိတ်ဆက်ခြင်းက ဟယ့်ချောင်ယွမ်၏ အသိအမှတ်ပြုခြင်း ဟုပင် ပြော၍ရသည် ။


ထိပ်ဆုံးကျောင်းသား ဟယ့်ချောင်ယွမ်တောင် ဆာ့ဆာ့ကို အသိအမှတ်ပြုတယ်ဆိုမှတော့ ဘာပြောစရာရှိသေးလဲ...


အခြားကျောင်းသားများပါ ဆာ့ဆာ့ကို နှုတ်ဆက်ရန် ရောက်လာကြတော့သည် ။


သို့သော် အချို့သူများက အခြေအနေကို အသာတကြည်လက်မခံနိုင်သေးပဲ ဒန်းနစ်လိုကျောင်းသားမျိုးက စိတ်ခံစားချက်များပွင့်ထုတ်လာသည့်အလား ချဥ်တူးတူးဆိုလာ၏။ 

" မင်းနဲ့ လီချန်ယွီက တကယ်ပဲ တူတူလျှောက်လည်လို့ရတယ်...မင်းက လီချန်ယွီထက်တောင် ပိုပြီး ပဲများသေးတယ်...မင်းက ပထမဆုံးအကြိမ် မက်ခါမောင်းနှင်ဖူးသလို သရုပ်ဆောင်ပြီး ပြီးမှ ပြန်တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ လူတွေအထင်ကြီးအောင် လုပ်သွားတာမလား..." 


ဆာ့ဆာ့က သူ့ကို အမှန်ပြင်ပေးလိုက်သည် ။

" ငါအရင်က ဒါကို ပြောခဲ့ဖူးပါတယ်...ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ် မက်ခါကို ထိတွေ့ဖူးတာ မဟုတ်ဘူး...ငါအရင်က စတားကွန်ရက်မှာ သုံးဖူးပါတယ်..."


ဒန်းနစ် နင်သွား၏ ။ 

" မင်းက ဒါကို ပြင်ပမှာ ပထမဦးဆုံးအကြိမ် မက်ခါကို ထိတွေ့ဖူးတာလို့ ဆက်ပြောနေသေးတာလား..."


" ဟုတ်တယ်လေ..."


ဒန်းနစ် မျက်ဆံပင်လှန်မိသွား၏ ။ 

" ဘယ်သူက အဲ့ဒါကို ယုံမှာလဲ...မင်းက ဉာဏ်ကြီးရှင် ကောင်မလေး စတိုင်ဖမ်းနေတာလား...အမြင့်ရောက်ပြီးမှပြုတ်ကျမှာကိုလည်း သတိထားဦး..."


သူက သူမနှင့် စကားပင် ထပ်မပြောချင်တော့ပေ။ သို့သော် သူထွက်သွားတော့မည့်အချိန်တွင် ဆာ့ဆာ့က လီချန်ယွီကို မေးနေသည်ကို ကြားလိုက်ရသည် ။ 

" ဒါဆို အားလုံးရဲ့အမြင်မှာ ဒီလောက်လုပ်နိုင်ပြီဆိုရင်ကို ဉာဏ်ကြီးရှင်ဖြစ်နေပြီလား...ဟားဟား... အားလုံးက အရမ်းကြင်နာတတ်တာပဲ...ငါ့ကိုတောင် ဉာဏ်ကြီးရှင်အဖြစ် ချီးကျူးနေကြသေးတယ်..."


သူမက ပုံမှန်အားဖြင့် အသုံးမဝင်သောအမှိုက်အဖြစ်သာ ယူဆခံရပြီး ဉာဏ်ကြီးရှင်ဟူသော ဖော်ပြချက်မျိုးက သူမ၏ ဆရာ၊ အစ်ကိုများနှင့်သာ သက်ဆိုင်၏ ။


ဒန်းနစ်မှာ ခြေလှမ်းများတန့်သွားပြီး သွေးအန်မိမလိုပင် ဖြစ်သွားသည် ။ 


လီချန်ယွီက ရူးသွပ်စွာပျော်နေသော ဆာ့ဆာ့ကို ကြည့်ပြီး ပြောလိုက်ချင်မိသည် ။

' အဲ့ဒါက ကြင်နာတတ်တာ မဟုတ်ဘူးလေ...အသိလေးဘာလေး ဝင်ပါဦး..'


သူမကို အစောပိုင်းတုန်းက တိုက်ခိုက်ရေးကဏ္ဍအတွက် ချဥ်းကပ်လာသော ဟယ့်ချောင်ယွမ်ပင် ထိုနည်းတူဖြစ်သွား၏ ။ 

' ဒါက စကားနိုင်ထိုးတာပဲကို...ဘယ်လိုလုပ် ကြင်နာတတ်တာ ဖြစ်ရမှာတုန်း...'


သို့သော် ဆာ့ဆာ့ဘက်က ကြည့်လျှင် ဤသို့ဖြစ်နေ၏။ 

" ငါ့ကို စကားနိုင်ထိုးဖို့လာရှာတယ်ဆိုတာက ငါ့အင်အားကို အသိအမှတ်ပြုတာ ...ငါ့ကိုလက်ခံတာ..ငါ့ကို သဘောကျတာနဲ့ အတူတူပဲလေ..."


အမှတ်ပြည့်ပဲ…



💫💫💫