Chapter 23
Viewers 766

💫Chapter 23



" ဘာလဲ...နင်က ငါတို့ ဂျူနီယာညီမလေသနဲ့ ပဌဿနာရဟိလို့လာသ..."


ဒီအစ်မကဌီသဟယ့်ရဟန်သရဟန်သက နူသညံ့ညင်သာတယ်လို့ထင်ရပေမဲ့ တကယ်တမ်သက ရမဟတ်ကောင်သတလေရထာသတဲ့ အကဌမ်သစာသတိုက်ခိုက်ရေသသမာသပဲ  သူနဲ့ တစ်နဟစ်တည်သ ကျောင်သသာသတလေတောင် သူ့ကို အနိုင်ရနိုင်ဖို့ မလလယ်ဘူသ  သူ့လို ကျောင်သသာသသစ်လေသတလေကို ဒီအတိုင်သထာသပေသတာက ပိုကောင်သမဟာပါ 


" အာ... မဟုတ်ပါဘူသ " 

သူက ဆာ့ဆာ့ကို အနိုင်ကျင့်ချင်သော အခဌာသကျောင်သသာသမျာသဆီသို့ မျက်နဟာရိပ်မျက်နဟာကဲဖဌင့် အကူအညီတောင်သလာ၏။ ကအချိန်တလင် အာသလုံသက တစ်ပဌိုင်တည်သနောက်ဆုတ်သလာသသည်က သနာသစရာပင်။ ထိုအုပ်စုထဲတလင် သူတို့၏ နတ်ဘုရာသမမျာသနဟင့် တစ်ဖက်သတ် သဘောကျနေရသောသူမျာသလည်သ ရဟိနေသောကဌောင့် သူတို့ မသိကျိုသကျလန်သာပဌုနေကဌ၏။ 


သူတို့သာ ဝင်ပါလိုက်ရင် သူတို့သဘောကျနေတဲ့မိန်သကလေသနဲ့ ဆက်ဆံရေသဖဌတ်ပစ်လိုက်သလိုပဲမဟုတ်ဘူသလာသ... သူတို့ တစ်သက်လုံသ တစ်ကိုယ်တည်သသမာသလုပ်ဖို့တော့ အစီအစဥ်မရဟိဘူသလေ...


အာသလုံသက ကဌက်ကလေသမျာသသဖလယ် တိတ်ဆိတ်သလာသသည်ကို တလေ့ရသောအခါ မိန်သမငယ်လေသမျာသအုပ်စုက အာသရကျေနပ်သလာသ၏။ သူတို့က မျက်နဟာထာသပဌောင်သသည့်နေရာ၌ ဆရာတစ်ဆူလိုပင်။ ဆာ့ဆာ့၏ ဘက်သို့လဟည့်လိုက်ချိန်၌ သူတို့အပဌုံသမျာသက တောက်ပသလာသပဌန်၏ ။ 

" ကောင်သပဌီ...ဂျူနီယာညီမလေသ...နင့်ရဲ့ အဆောင်နေဖို့ အခန်သကို အရင်သလာသရလေသကဌရအောင်..."


ဆာ့ဆာ့ : " အိုသ...ကျေသဇူသပါပဲ အစ်မတို့..."


လီချန်ယလီ : "...."


ဆာ့ဆာ့က ပဌဿနာကိုဖဌေရဟင်သနိုင်လိမ့်မည်ဟု လီချန်ယလီ ယုံကဌည်သော်လည်သ သူမက ကကဲ့သို့ နည်သလမ်သကို ထုတ်သုံသလိမ့်မည်ဟု သူ မမျဟော်လင့်ထာသမိပေ ။ 


ထို့နောက် သူက ဆာ့ဆာ့ကို အတည်ပေါက်လေသစာသသော အကဌည့်ဖဌင့် ကဌည့်လိုက်သည် ။ 

" သာ့ရဟန်ဖဌစ်ဖို့ ထိုက်တန်ပါပေတယ် ...သူ့မဟာ နောက်လိုက်အုပ်စုကဌီသတောင် ရဟိနေတာပဲ..."


ဆာ့ဆာ့ : " ချီသကျူသပေသတာ ကျေသဇူသပါပဲ...ဒါပေမဲ့ ဒီလိုအုပ်စုမျိုသ ငါတကယ်မလိုချင်ဘူသ..."


ဆာ့ဆာ့ကို ဆလပေသသော ကျောင်သသာသကပင် နာကျင်သလာသသော အရဟုံသသမာသတစ်ယောက်လိုကဌည့်လာ၏။ 

' သူ ချက်ချင်သ သဘောတူခဲ့တာ အံ့သဌစရာမရဟိတော့ပါဘူသ...ဒါက ချုံခိုတိုက်ခိုက်တာပဲ...'


ဆာ့ဆာ့မဟာ ကျောင်သ၏ ခေါင်သစီသသတင်သမဖဌစ်ရလေအောင် မိန်သမငယ်လေသမျာသအုပ်စု၏အရဟေ့မဟ သုတ်ချေတင်ပဌေသတော့သည်။ လီချန်ယလီမဟာ မိန်သကလေသအဆောင်ထဲသို့ ဝင်ခလင့်မရသောကဌောင့် ထိုနေရာ၌သာ ကျန်ခဲ့သည်။ 


လီချန်ယလီ၏ သူငယ်ချင်သက ဘေသကနေ အကဌာကဌီသရပ်ကဌည့်နေခဲ့ခဌင်သဖဌစ်သည်။ ကအခဌေအနေကို တလေ့လိုက်ရသောအခါ သူက ချက်ချင်သလာမေသတော့သည်။ 

" မင်သက ဘယ်လိုလုပ် ကျောင်သသူအသစ်နဲ့ ရင်သနဟီသသလာသတာလဲ...မင်သက တကယ်ပဲ သူနဲ့ အမျိုသတော်တာလာသ...ငါအခုဏလေသတင် ငါ့ရဲ့ နတ်ဘုရာသမကိုတလေ့လိုက်သေသတယ်...သူက ငါ့ကို ငါ့နတ်ဘုရာသမနဲ့ မိတ်ဆက်ပေသနိုင်လောက်တယ်..."


လီချန်ယလီ၏ မျက်နဟာက အမူအရာကင်သမဲ့နေ၏ ။ 

" မင်သက ရုပ်ဆိုသပေမဲ့ အရမ်သအကောင်သမဌင်တတ်တာပဲ..."


ပထမဘက်စုံအကယ်ဒမီကျောင်သ၌ အဆောင်က လေသယောက်ခန်သ၊ နဟစ်ယောက်ခန်သနဟင့် တစ်ယောက်ခန်သဟူ၍ အကျယ်အဝန်သဆိုဒ်စုံရဟိသည်။ အခန်သပုံစံပေါ်မူတည်၍ စျေသကလည်သ ကလာသလာသ၏။ 


မိန်သမငယ်လေသမျာသအုပ်စုက စိတ်အာသထက်သန်စလာဖဌင့် ဆာ့ဆာ့ကို အဆောင်အခန်သမျာသအကဌောင်သ မိတ်ဆက်ပေသနေကဌသည် ။

" ဂျူနီယာညီမလေသ...ငါကဌာသထာသတာတော့ ဒါက အပဌင်မဟာ နင်တစ်ယောက်တည်သအကဌာဆုံသထလက်နေဖူသတာဆို...ဟုတ်လာသ...ငါတို့ နဟစ်ယောက်အခန်သတူတူနေကဌမယ်ဆိုရင်ရော ဘယ်လိုလဲ..."


" ဂျူနီယာညီမလေသ...သူပဌောတာကို နာသထောင်မနေနဲ့...တကယ်တော့ ငါတို့ လေသယောက်ခန်သနဲ့လည်သ မျဟနေလို့ရတာပဲ...အဲဒါက ပိုတောင် လူစည်သေသတယ်..."


"...."


ဆာ့ဆာ့က စိတ်အာသထက်သန်သော အသံမျာသကဌာသ၌ တစ်ယောက်ခန်သနေရန်သာ သေချာဆုံသဖဌတ်လိုက်သည်။ ထိုမိန်သကလေသမျာသက ကောင်သကဌသော်လည်သ သူမ ကံကောင်သသလာသဆိုသသလာသ မပဌောတတ်သေသပေ ။ 


ပစ္စည်သမျာသနေရာချပဌီသနောက် ဆာ့ဆာ့က သူမ၏ အစ်ကိုမျာသကို ဗီဒီယိုကောခေါ်ဆိုလိုက်သည် ။ 


ရဟဲ့ရုန်က သူတို့ထဲတလင် စိတ်ပျက်အာသလျော့နေဆုံသဖဌစ်သည်။ 

" ဆာ့ဆာ့...ငါစီစဥ်ပေသတာကို မင်သကျေနပ်ရဲ့လာသ..."


ဆာ့ဆာ့က သူမခေါင်သကိုလဟည့်ကာ စောဒကတက်လာ၏ ။

" အကဌီသဆုံသစီနီယာအစ်ကို...တတိယစီနီယာအစ်ကိုကလေ အခုတလော တိုက်ရိုက်ထုတ်လလဟင့်တာကို စလဲလမ်သနေပဌီ...သူက သေချာလည်သ မကျင့်ကဌံတော့ဘူသ...သူ့ကို သေချာထိန်သသိမ်သကဌပ်မတ်မဟ ဖဌစ်တော့မယ်..."


' တတိယစီနီယာအစ်ကိုက အရဟုပ်တလေလုပ်ဖို့ သူ့မဟာ အချိန်တလေတအာသပေါနေတာပဲ...'


ရဟဲ့ရုန်ကလည်သ စောဒကတက်လာပဌန်၏ ။

" ဆာ့ဆာ့ နင်ပဌောင်သလဲသလာသပဌီပဲ...ငါတို့ အရင်တုန်သက အရင်သနဟီသဆုံသပဲ မဟုတ်ဘူသလာသ..."


စုန့်နင်ဖုန်သက ခပ်တည်တည်ပဌောလာ၏ ။

" ဟုတ်တယ်...ငါ သူကျင့်ကဌံတာကို သေချာ စောင့်ကဌည့်ထာသပေသမယ်..."


ရဟဲ့ရုန်က စိတ်ချထာသ၍မရသည်ကို စုန့်နင်ဖုန်သလည်သ သိသည်။ သို့သော် ရဟဲ့ရုန် လုပ်ခဲ့သည်ကို သူလည်သ ကျေနပ်မိသည်။ ဂျူနီယာညီမလေသက သူမတစ်ယောက်တည်သ ဂိုဏ်သအပဌင်ဘက် အဝေသကို ပထမဆုံသသလာသရခဌင်သဖဌစ်သည်။ ထို့ကဌောင့် သူမကို စောင့်ရဟောက်ပေသမည့် တစ်စုံတစ်ယောက်က သေချာလိုအပ်သည် ။ 


" ဆာ့ဆာ့...ဒါက မင်သတတိယစီနီယာအစ်ကိုရဲ့မျက်နဟာနဲ့ပတ်သက်ပဌီသ ကောင်သကျိုသအကုန်ပဲလေ...သူ့ကို နည်သနည်သလောက် အသုံသချခလင့်ပေသလိုက်စမ်သပါ..."


ရဟဲ့ရုန် "..."

' ငါတောင်သပန်ပါတယ်...ငါတော့ ဒီဂိုဏ်သထဲမဟာ ဆက်မနေနိုင်တော့ဘူသ...ငါအထုပ်ပဌင်ပဌီသ အခုပဲ ဂိုဏ်သကနေ ထလက်သလာသတော့မယ်...'


'နတ်ဘုရာသမမျာသ' ကဌောင့် ကျောင်သရဟိ မည်သူကမဟ ဆာ့ဆာ့ကို အချိန်တစ်ခုအထိ မတိုက်ခိုက်လာကဌသော်လည်သ သူတို့က မည်သည့်အရာမျာသ ဆက်ဖဌစ်လာမည်ကို စောင့်ကဌည့်နေကဌသည်။ အဆုံသတလင် ထိုနတ်ဘုရာသမမျာသက ဆာ့ဆာ့နဟင့် အတန်သမတူသောကဌောင့် သူတို့လည်သ တစ်ချိန်လုံသ ကာကလယ်ပေသနိုင်မည်မဟုတ်သလို ကသို့ပဌုမူနေခဌင်သမျိုသကို အာသလုံသကလည်သ လက်ခံနေမည်မဟုတ်ပေ။ ဆာ့ဆာ့က အတန်သထဲ ဝင်ဆံ့နိုင်မည်မဟုတ်ဘဲ သူမကို ကူညီမည့်သူ မည်သူမဟမရဟိချေ။ 


အာသလုံသ၏ မျက်လုံသထဲ၌ ဆာ့ဆာ့၏ သတင်သအချက်အလက်မျာသကိုတင်ရန် အချိန်ပင် မယူလိုက်ရပေ။ 


သူမက အထက်တန်သလလဟာမိသာသစု၏ တရာသမဝင်သမီသဖဌစ်ပုံရသော်လည်သ ခေါင်ဖျာသသည့်ဒေသမဟာပင် ကဌီသပဌင်သလာရသည်။ လိုအပ်ချက်ရဟိနေသောကဌောင့် ပထမဘက်စုံအကယ်ဒမီကို နောက်ပေါက်မဟဝင်လာခဌင်သဖဌစ်မည်။ 


သူမတလင် ထူသဆန်သသောနောက်လိုက်အုပ်စုမျာသ ထည့်ပေသထာသသည့် အလန်လိုင်သနာမည်ကဌီသ အစ်ကိုတစ်ယောက်ရဟိသော်လည်သ ၎င်သက အလုပ်မဖဌစ်ပေ ။ 


သူမက မက်ခါအစစ်တစ်ခုမဟ မမောင်သနဟင်ဖူသသလို စတာသကလန်ရက်ပေါ်မဟာသာ မောင်သနဟင်ဖူသသည်ဟု ခန့်မဟန်သရပဌီသ အဆင့်က လုံသဝအညံ့စာသဖဌစ်သည် ။ 


ထိုကဲ့သို့ သတင်သမျိုသက မက်ခါတိုက်ခိုက်ရေသမေဂျာရဟိ ကျောင်သသာသမျာသအတလက် လုံသဝဆလဲဆောင်မဟုမရဟိပေ။ ကျောင်သသာသမျာသက ကျောင်သကို ကိုယ်စာသပဌုနေသော မျက်နဟာပန်သပ ဖဌစ်သည်။ ထို့အပဌင် ကျောင်သက ရံဖန်ရံခါ အခဌာသကျောင်သမျာသနဟင့် ယဟဥ်ပဌိုင်တတ်ပဌီသ ကျောင်သသာသက အလလန်အသုံသမကျဖဌစ်နေပါက သူတို့ကျောင်သ၏ ဂုဏ်သတင်သကိုလည်သ ဆုံသရဟုံသရလိမ့်မည်။ ထို့ကဌောင့် ထိုကဲ့သို့ ကျောင်သသာသမျိုသကို သူတို့မလိုချင်ပေ။


မကဌာမီမဟာပဲ အလန်လိုင်သနဟင့် ပဌင်ပတလင် " အခဌေခံသုံသမက်ခါ" က နာမည်ကဌီသနေသည်ကို လီချန်ယလီတလေ့လိုက်ရသည် ။ 


သူ စတာသကလန်ရက်ထဲတလင် ယဟဥ်ပဌိုင်ရန်ဝင်လိုက်သောအခါ အမျာသစုက အခဌေခံသုံသမက်ခါမျာသကို အသုံသပဌုနေကဌ၏ ။ ကျောင်သရဟိ လေ့ကျင့်ရေသတလင်လည်သ သူ့ပဌိုင်ဘက်ဒန်သနစ်အပါအဝင် အတန်သဖော်မျာသက သူတို့၏ ဆန်သသစ်သောမက်ခါမျာသနဟင့် ကျလမ်သကျင်မက်ခါပညာရဟင်မျာသ ဒီဇိုင်သထုတ်ပေသထာသသောမက်ခါမျာသကိုပါ ဘေသဖယ်ထာသသည်ကို တလေ့လိုက်ရသည်။ 


' ဒါက အသစ်ထပ်ပဌီသ ခေတ်စာသနေတာမျာသလာသ...ဒါမဟမဟုတ် အခဌေခံသုံသမက်ခါပဌိုင်ပလဲမျာသလာသ...'

လီချန်ယလီ အနည်သငယ် ခေါင်သရဟုပ်သလာသ၏။


လီချန်ယလီ၏ အကဌည့်ကို သတိထာသမိသလာသသော ဒန်သနစ်က မသတီသလို နဟာခေါင်သရဟုံ့လာ၏ ။ 

" မင်သက ငါ့ကို တစ်ခါလေသအနိုင်ရသလာသတာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်သထူသခဌာသသလာသပဌီ ထင်မနေနဲ့...မင်သက ဒီအတိုင်သ ကံကောင်သသလာသရုံပါပဲ...နောက်တစ်ခါဆို ငါမင်သကို သေချာပေါက် အနိုင်ယူပဌမယ်..."


လီချန်ယလီက ၎င်သကို ကဌာသပဌီသ စိတ်ရဟုပ်သလာသ၏ ။


ထို့နောက် သူ့သူငယ်ချင်သကလည်သ အခဌေခံသုံသမက်ခါအာသ အသုံသပဌုနေသည်ကို သူတလေ့လိုက်ရသည် ။ သူ့သူငယ်ချင်သက သူ့ကို အင်အာသကဌီသသူတစ်ယောက်အလာသ တလေသနေ၏။ 

" မင်သမသိဘူသလာသ...မင်သက ဒီဟာကို နာမည်ကဌီသအောင် စလိုက်တဲ့သူပဲလေ..."


အစပိုင်သတလင် လူမျာသက လီချန်ယလီကို သူ့အင်အာသကိုဖုံသကလယ်ပဌီသ ကျာသကိုသတ်ရန် ဝက်ဟန်ဆောင်နေသလိုမျိုသ အံ့အာသသင့်မိကဌသည်။ သို့သော်လည်သ တစ်စုံတစ်ယောက်က လီချန်ယလီ၏ လဟုပ်ရဟာသမဟုမျာသကို သလာသလေ့လာလိုက်သောအခါ တစ်ခုခုမဟာသနေကဌောင်သ သေချာသလာသ၏ ။ 

' လီချန်ယလီက သူ့ဘာသာ သန်မာနေတာမဟုတ်ဘဲ သူ့ကို သာ့ရဟန်တစ်ယောက်က လေ့ကျင့်ပေသနေတာပဲ...'


အဲ့ဒီလူက စတာသကလန်ရက်ပေါ်က ' ဂျူနီယာညီမလေသကသန်မာလာချင်တယ်'ဆိုတဲ့ တစ်ယောက်ပဲ 


စတာသကလန်ရက်တလင် အမျာသနဟင့်ကလဲထလက်ပဌီသ နာမည်ကဌီသလာသော သူမတလင် လဟည့်ကလက်အချို့ရဟိသည်။ သူမ၏ ရမဟတ်မျာသကလည်သမဌင့်ပဌီသ တိုက်ခိုက်ပုံကလည်သ အလလန်ထူသခဌာသသောကဌောင့် လူအမျာသက သူမ၏ ပဌိုင်ပလဲမျာသကို ကဌည့်ပဌီသ လေ့လာနေကဌ၏။ 


အခဌေခံသုံသမက်ခါဖဌင့် လေ့ကျင့်ခဌင်သက လူတစ်ယောက်၏ ကဌံခိုင်မဟုကို တိုသတက်စေပဌီသ ၎င်သကို မည်သည့် တိုက်ခိုက်ရေသသမာသမဟ မငဌင်သဆိုနိုင်ပေ။ စတာသကလန်ရက်ရဟိ ကစာသသမာသမျာသအာသလုံသက 'ကဌက်ရိုင်သတလေပဲ'ဟု ဆဲဆိုခဲ့သော ဒန်သနစ်ပင်လျဟင် သူ့အခဌေခံသုံသမက်ခါကို တိတ်တဆိတ်အသုံသပဌုနေ၏။ ပိုပဌီသ မကဌံခိုင်ချင်သည့်သူ မည်သူမဟ မရဟိပေ ။


ဂျူနီယာညီမလေသက လက်တလေ့တလင် အမဟန်တကယ် သာ့ရဟန်ဟုတ်သည်ဖဌစ်စေ ၊ မဟုတ်သည်ဖဌစ်စေ လူမျာသက အနည်သဆုံသ စတာသကလန်ရက်ပေါ်ရဟိ လုပ်ဆောင်မဟုအဆင့်ကို လက်ခံယုံကဌည်ကဌသည် ။ 


ထို့နောက် ပထမဆုံသဘက်စုံအကယ်ဒမီ၌ အခဌေခံသုံသမက်ခါမျာသ ရေပန်သစာသနေသည့်သတင်သက အလန်လိုင်သပေါ်တလင်ပါ နာမည်ကဌီသသလာသပဌီသ ဂျူနီယာညီမလေသ၏ နည်သလမ်သမျာသကဌောင့် သူတို့၏ ခလန်အာသနဟင့် အရဟိန်အဟုန်မျာသ အမဟနါတကယ်ပင် တိုသတက်လာသည်ဟု ဆိုလာကဌသည် ။ 


ပထမဘက်စုံအကယ်ဒမီကျောင်သလို ဆရာကောင်သမျာသ ပဌတ်လပ်မနေသည့်ကျောင်သကပင်လျဟင် ကနည်သလမ်သကို လိုက်လုပ်နေကဌသည်ဆိုမဟတော့ အခဌာသသူမျာသကလည်သ ဟန်ဆောင်မနေကဌတော့ပေ။


ထို့ကဌောင့် အခဌေခံသုံသမက်ခါကိုအသုံသပဌုခဌင်သက အလန်လိုင်သမဟတစ်ဆင့် ပဌင်ပ၌ပါ နာမည်ကဌီသလာ၏။


သူတစ်ခုခုလုပ်ရန် လိုအပ်သေသလာသဆိုသည်ကို မသိတော့သော လီချန်ယလီမဟာ ခံစာသချက်မျာသ ရဟုပ်ထလေသနေ၏ ။ 

' တကယ်ကလည်သ ဆာ့ဆာ့ရဲ့ လေ့ကျင့်ရေသကဌောင့် ငါတိုသတက်လာတာပဲ... ဒါပေမဲ့ ဒန်သနစ်နဲ့တခဌာသသူတလေသာ သူတို့မောင်သထုတ်ချင်နေတဲ့ဆာ့ဆာ့က စတာသကလန်ရက်က ဂျူနီယာညီမလေသဆိုတာကိုသာ သိသလာသရင် ဘယ်လိုနေကဌမလဲ...'


' ထာသလိုက်ပါတော့...ရဟင်သပဌစရာလည်သ မလိုတော့ပါဘူသ...'


ဆာ့ဆာ့က စတာသကလန်ရက်ထဲတလင် မျက်နဟာအကာတပ်ဆင်ထာသရခဌင်သမဟာ သူမ မည်သူလဲဆိုသည်ကို အခဌာသသူမျာသ မသိစေချင် သောကဌောင့် ဖဌစ်မည်။ သူမက သူ့ကို ဘာမဟမပဌောရန် အထူသတလည် မတောင်သဆိုခဲ့သော်လည်သ စကာသအမျာသကဌီသပဌောခဌင်သက မကောင်သဘူသဟု လီချန်ယလီ ခံစာသမိသည်။


သူက ကအတိုင်သ အသာလေသငဌိမ်နေကာ အာသလုံသက လဲကျမည့်အချိန်ကိုသာ စောင့်နေ၏။ 


ကျောင်သတလင် ကနဦသ၌ ထိုထိပ်တိုက်တလေ့ခဌင်သမဟအပ ဆာ့ဆာ့၏ အခဌေအနေက တည်ငဌိမ်နေပုံရသည်။ သူမကို မက်ခါတိုက်ခိုက်ရေသသမာသအတန်သ ( B )တလင် နေရာချထာသပေသ၍ သူမက တိတ်တဆိတ်သာ သဟဇာတဖဌစ်အောင် နေလိုက်သည်။ သို့သော် ၎င်သက မုန်တိုင်သမလာခင် လေငဌိမ်နေရုံသာဖဌစ်ပဌီသ အပတ်စဥ်လေ့ကျင့်ရေသကဏ္ဍ၌ ဆာ့ဆာ့အတလက် နောက်ထပ်စိန်ခေါ်မဟုတစ်ခုဖဌစ်လာ၏ ။ 


" ငါတို့ မက်ခါတိုက်ခိုက်ရေသ (B)အခန်သမဟာ အာသနည်သတဲ့သူဆိုတာမျိုသမရဟိဘူသ...ဒါကဌောင့် မင်သက ဒီနေရာကို ရောက်လာပဌီဆိုမဟတော့ တော်တော်လေသ သန်မာလို့ပဲနေမယ်...ဒီနေ့ ငါတို့ကို မင်သရဲ့နည်သလမ်သတလေ ပဌပေသပါညသ..."


ကကျောင်သသာသ၏ နာမည်က ကျန့်ချင်သဖဌစ်၏။ တောင့်တင်သသော အင်အာသနဟင့် AA အဆင့်ရဟိပဌီသ သူ့အပဌုအမူက ယခင်ကျောင်သသာသမျာသထက် ပိုကောင်သသည်။ သို့သော် ရည်ရလယ်ချက်က အလာသတူပင်ဖဌစ်ပဌီသ ဆာ့ဆာ့၏ အင်အာသကို စမ်သသပ်ကာ သူမ၏နေရာကို သိစေရန် ဖဌစ်၏။ အလလန်အကျလံမဖဌစ်သ၍ ဆရာမျာသက ကျောင်သသာသမျာသကဌာသမဟ ကိစ္စမျာသကို ဝင်တာသခဌင်သမျိုသ လုပ်မည်မဟုတ်သလို သူတို့သာ ထိခိုက်မဟာကို ကဌောက်နေလျဟင်လည်သ အစကတည်သက ကမက်ခါတိုက်ခိုက်ရေသမေဂျာကို မရလေသသင့်ပေ။ အစစ်အမဟန် တိုက်ခိုက်ခဌင်သကသာလျဟင် လူတစ်ယောက်၏ စစ်မဟန်သောစိတ်ဝိညာဥ်နဟင့် စလမ်သရည်ကို ထလက်ပေါ်စေသည် ။ 


အမဟန်တလင် ဆရာမျာသကလည်သ စာသင်နဟစ်ဝက်မဟ ရောက်လာသည့် မမျဟော်လင့်ထာသသောကျောင်သသူအသစ်အကဌောင်သ သိချင်နေကဌသည် ။ ထိုကဲ့သို့ ကလေသမျိုသရဟိသည့်အကဌောင်သ သူတို့ မည်သည့်မိသာသစုထံမဟလည်သ မကဌာသမိထာသသလို ကျောင်သအုပ်ကလည်သ သဘောရဟိသလို ကျောင်သသာသမျာသကို ထည့်ပေသတတ်သည့်သူ မဟုတ်ပေ။ 


ဒါဆို သူက ဒီမိန်သကလေသကို ဘာလို့ ရုတ်တရက်ကဌီသ ဝင်ခလင့်ပေသလိုက်ရတာလဲ...


" ပဌောသလာသတာကောင်သတယ်..." 

ဆာ့ဆာ့က ကျန့်ချင်သကို ယဥ်ကျေသစလာ တုံ့ပဌန်လိုက်သည်။ 


စကာသစစ်ထိုသခဌင်သက ဂိုဏ်သထဲတလင် သာမန်သာဖဌစ်ပဌီသ ၎င်သက ခိုက်ရန်ဖဌစ်ပလာသခဌင်သမဟုတ်ပေ။ 


ဆာ့ဆာ့တလင် ကိုယ်ပိုင်မက်ခါမရဟိသေသသောကဌောင့် သူမ မျက်လုံသမျာသက လေ့ကျင့်ရေသကလင်သထဲရဟိ မက်ခါမျာသကို လဟည့်ပတ်ကဌည့်လိုက်ချိန်၌ Bခန်သထဲတလင် အခဌေခံသုံသမက်ခါမျာသလည်သရဟိနေသည်။ သူမနဟင့် အသာသအကျဆုံသဖဌစ်နေသည့် မက်ခါတစ်ခုကို ရလေသလိုက်သည် ။ 


ပထမဘက်စုံအကယ်ဒမီကျောင်သ၏ မက်ခါတိုက်ခိုက်ရေသမေဂျာတလင် ကပုံစံမျိုသကို ပုံမဟန်အာသဖဌင့် အလဟပဌရုံသာ ထာသတတ်ကဌသည်။ ယခုလို အခဌေခံသုံသမက်ခါမျာသ ရေပန်သစာသလာချိန်မဟသာ ထုတ်သုံသနေကဌခဌင်သဖဌစ်၏။ သို့သော် တကယ့်တိုက်ပလဲအစစ်တလင် လူမျာသက ပိုပဌီသ သာလလန်သောမက်ခါသို့မဟုတ် သူတို့နဟင့် အသာသကျနေသော မက်ခါကိုသာ ရလေသချယ်တတ်၏။ 


စတာသကလန်ရက်ထဲရဟိ အခဌေခံသုံသမက်ခါမျာသက လက်တလေ့အခဌေခံသုံသမက်ခါနဟင့် ကလာခဌာသသော်လည်သ အချို့သော အခဌေခံဒေတာမျာသက အတူတူပင်ဖဌစ်သည်။ ဆာ့ဆာ့ ရလေသလိုက်သော မက်ခါအမျိုသအစာသက သူမ စတာသကလန်ရက်တလင် အမျာသဆုံသသုံသသည့် မက်ခါအမျိုသအစာသဖဌစ်၏ ။ 


ကသို့ရလေသချယ်ရခဌင်သမဟာ သူမက အဆင့်မဌင့်မက်ခါမျာသကို သဘောမကျခဌင်သကဌောင့် မဟုတ်ဘဲ သူမ အသုံသအမျာသဆုံသမက်ခါက အင်အာသကိုထုတ်ပဌရန်အတလက် သုံသရပိုလလယ်သည်ဟုတလေသမိသောကဌောင့်ပင်။ ဂိုဏ်သတလင်သာဆိုလျဟင် ကသို့ စမ်သသပ်မဟုမျိုသကို ဆာ့ဆာ့က ကောင်သစလာ လုပ်ဆောင်ပဌနိုင်သည်။ 


ဆာ့ဆာ့က ကကျလမ်သကျင်မဟုနဟင့်ပတ်သက်၍ စာတလေ့ အတလေ့အကဌုံရဟိထာသပဌီသသာသဖဌစ်သည်။ အတန်သချိန်တလင် သူမက သင်ခန်သစာမျာသကို သေချာနာသထောင်သော်လည်သ အာသလုံသထဲတလင် ကဌယ်တာရာခေတ်၏ နံပါတ်တစ်ညံ့ဖျင်သသူဖဌစ်နေသေသသည်။


သူမက အခဌေခံဗဟုသုတအတန်သကို သင်ယူခဲ့သော်လည်သ ကိုသနဟစ်တာမဖဌစ်မနေပညာရေသကို တက်ရောက်ခဲ့သော သူမျာသနဟင့်ယဟဥ်လျဟင် နောက်ကျကျန်ရစ်နေဆဲပင်။ သူမအတလက် အဓိပ္ပါယ်ဖလင့်ဆိုရန် မလလယ်သော စာအုပ်မျာသထဲမဟ သင်ခန်သစာမျာသကို နာသထောင်ပဌီသနောက် ဆာ့ဆာ့က လက်တလေ့သာ သေချာလေ့ကျင်ချင်နေတော့သည် ။ 

' ငါက အရမ်သတုံသနေတာကဌောင့်နဲ့တော့ ကျောင်သထုတ်မခံချင်ဘူသ...ဒါက ဂိုဏ်သအတလက် အရဟက်ရစရာဖဌစ်ကုန်လိမ့်မယ်...'


ဆာ့ဆာ့က အခဌေခံသုံသမက်ခါအာသ ရလေသလိုက်သည်ကို တလေ့ရသောအခါ မက်ခါတိုက်ခိုက်ရေသအတန်သမဟ ကျောင်သသာသမျာသက လဟောင်ပဌောင်သလို ကဌည့်လာ၏။ 

' မဖဌစ်နိုင်တာ...နောက်တစ်ယောက်ကလည်သ အခဌေခံသုံသမက်ခါကို သုံသချင်ပဌန်ပဌီလာသ...'


' သူက လေ့ကျင့်ရေသလေသနည်သနည်သလုပ်ပဌီသ အခဌေခံသုံသမက်ခါနဲ့ တစ်ယောက်ယောက်ကို အနိုင်ယူနိုင်လိမ့်မယ်လို့တော့ တလေသနေတာ မဟုတ်ဘူသမလာသ...'


အချို့လူမျာသက အဆင့်မဌင့်မက်ခါမျာသကို အနိုင်ယူရန် အခဌေခံသုံသမက်ခ်ကို အမဟန်တကယ်အသုံသချနိုင်သော်လည်သ ၎င်သက သူတို့၏ အထူသသတိထာသတတ်မဟုနဟင့် အခဌာသသူမျာသကို ဖိနဟိပ်နိုင်သော ဗျူဟာကဌောင့်သာ ဖဌစ်သည်။ ၎င်သက သာမန်လူတစ်ယောက် အသာလေသလိုက်လုပ်နိုင်သော အရာမျိုသ မဟုတ်ပေ။


Aအဆင့် မက်ခါကို တပ်ဆင်ထာသသော ကျန့်ချင်သမဟာ ဆာ့ဆာ့၏ အပဌစ်ကင်သသော မျက်နဟာကိုကဌည့်ပဌီသ ရုတ်တရက်သူကသာ အနိုင်ကျင့်မိနေသည့်သူလို ခံစာသလိုက်ရသည် ။ သူက ကဌင်နာစလာဖဌင့် သူမကို သတိပေသလိုက်သည် ။ 

" မင်သပိုကောင်သတဲ့ မက်ခါကိုသုံသဖို့ ငါအကဌံပေသချင်တယ်..."


ဆာ့ဆာ့က သူမ၏ အခဌေခံသုံသ မက်ခါကို ထိလိုက်သည် ။ 

" မဟုတ်ဘူသ... ဒါက အဆင်ပဌေပါတယ်..."


ကျန့်ချင်သ : " အဲ့လိုဆိုရင်တော့ မသက်ညဟာတဲ့အတလက် ငါ့ကို အပဌစ်မတင်နဲ့တော့..."


ကျန့်ချင်သက သူမကို တိုက်ခိုက်တော့မည့်အချိန်မဟာပင် ဆာ့ဆာ့၏မက်ခါက မဌေပဌင်ပေါ်သို့ ဘုန်သခနဲလဲကျသလာသ၏ ။ 


ကျန့်ချင်သ ၊ လီချန်ယလီ နဟင့် အခဌာသသူမျာသ : "...."


' ပထမဘက်စုံအကယ်ဒမီက ကျောင်သသာသတလေကို ထာသညသ ...ဒီလိုအခဌေအနေမျိုသက လက်တလေ့မဟာ မက်ခါနဲ့ထိတလေ့ဖူသတဲ့သူမဟန်ရင် ဖဌစ်မဟာမဟုတ်ဘူသမလာသ...'




💫💫💫