Chapter 22
Viewers 775

💫 Chapter 22



သူမက တန်းငြင်းလိုက်သည်။ သို့သော် သူတို့က မရပ်သေးဘဲ ပိုဆိုးလာ၏ ။  

" ကလေးမ... ဒီမှာ မင်းတစ်ယောက်ထဲရှိနေတာက အန္တရာယ်များတယ်...ငါက မင်းကို စေတနာနဲ့ ကူညီပေးတာပါ..."


တစ်ယောက်ကဆိုလျှင် လက်လှမ်းကာ ဆာ့ဆာ့ကိုပင် သူနှင့်အတူ ဆွဲခေါ်သွားချင်နေ၏ ။ 


ဆာ့ဆာ့က ရည်မွန်စွာဖြင့်သာ ပြန်ပြောလိုက်သည်။ 

" ကျေးဇူးပါပဲ...ဒါပေမဲ့ တကယ်မလိုပါဘူး...ကျွန်မ တစ်ယောက်ယောက်နဲ့ ချိန်းထားပြီးသွားပါပြီ..."


ဤပုံစံဖြင့် သူမက ပို၍ပင် အနိုင်ကျင့်ရလွယ်သည့်ပုံပေါက်သွား၏ ။ 


ထိုလူ၏ မျက်နှာက ချက်ချင်းတည်သွားကာ သူမ၏ လက်ကောက်ဝတ်ကို ဖျစ်ညှစ်ရင်း ပြောလာ၏ ။

" ငါက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ...ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်ချင်စမ်းပါနဲ့..."


ဆာ့ဆာ့က မျက်မှောင်ကျုံ့လျက် သူမ၏လက်ကောက်ဝတ်ကို လှည့်ကာ ထိုငါးပေကျော်လောက်ရှိသော လူကြီးကို မြေပေါ်သို့ ကိုင်ပေါက်လိုက်သည် ။ 

" ကျွန်မကို တစ်ယောက်ယောက်လာခေါ်မှာပါလို့ ရှင့်ကို ပြောနေတယ်လေ...ရှင် လူစကားနားမလည်ဘူးလား..."


မိန်းမငယ်လေးက လူကြီးတစ်ယောက်ကို ကိုင်ပေါက်ပြီး လှဲသိပ်လိုက်ခြင်းက အမှန်တကယ်ကို မှင်သက်စရာကောင်းသည်။ ရူးချင်ယောင်ဆောင်ကာ ရပ်နေသော အခြားသူများနှင့် ခရီးသွားများက သူမကို စူးစမ်းသလို ကြည့်လာကြသည်။ 


ဆာ့ဆာ့က ရိုးသားဖြူစင်စွာပြုံးရင်း ပြောလိုက်သည်။

" ကျွန်မ ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး...သူက ကျွန်မကို အတင်းလာဆွဲနေလို့ ကျွန်မက သူ့ကို နည်းနည်းအားပါပါတွန်းမိသွားတာပါ..."


" မရည်ရွယ်ပါဘူး " နဲ့ " နည်းနည်းလေးအားပါသွားတာပါ" ကအဓိကအချက်လား… အဓိကအချက်က သူက လူကြီးတစ်ယောက်ကို ရိုက်နိုင်မယ့်ပုံ နည်းနည်းလေးတောင်ပေါက်မနေတာပဲလေ…


ထိုလူက စိတ်ရှုပ်သွားပြီး အော်ဟစ်ရန်လုပ်နေ၏ ။ ဆာ့ဆာ့လည်း အနည်းငယ်ဒေါသထွက်သွားကာ သူ့လက်ကို နောက်ပြန်ဖိထားရင်း ပြောလိုက်သည် ။

" ကျွန်မရှင့်ကို အေးဆေးလွှတ်ပေးလိုက်မယ်...ကျွန်မကို လာမထိနဲ့..."


ထိုလူက ကြောက်လန့်သွားပြီး စကားပင်မပြောနိုင်တော့ချေ ။


ထို့နောက် ထိန်းသိမ်းရေးစက်ရုပ်များရောက်ချလာပြီး တင်းမာသော AI အသံဖြင့် ပြောလာ၏ ။ 

" ဆိပ်ကမ်းမှာ ဘယ်သူပြဿနာရှာတာလဲ..."


ဆာ့ဆာ့က အေးဆေးပင် ဖြစ်စဥ်ကို ရှင်းပြလိုက်သည်။

" ကျွန်မ သူ့ကိုထွက်သွားဖို့ပြောပါတယ်...ဒါပေမဲ့ သူက ကျွန်မကို ဆက်ပြီးဆွဲထားတာလေ ...အားနာပါတယ်... ကျွန်မရဲ့အမှားကိုတော့ ကျွန်မဝန်ခံပါတယ်… ကျွန်မ မရည်ရွယ်ပေမဲ့လည်းပေါ့..."


လူကြီးက ဆာ့ဆာ့၏ ပြောကြားချက်ကို လက်ခံသည့်အလား ဘာမှ မပြောလာပေ။ စက်ရုပ်က ထိုလူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီးနောက် ဘာပြဿနာမှမရှိသည်ကို တွေ့လိုက်ရသည် ။

" အများပြည်သူပိုင်နေရာ တိတ်ဆိတ်ငြိမ်းချမ်းမှုကို နှောင့်ယှက်တာ၊ အသေးအဖွဲအဆင့်...မင်းက ကြယ်ဒင်္ဂါး ၅၀၀ နဲ့ ဒီလူက ကြယ်ဒင်္ဂါး ၂၀၀၀ ဒဏ်ငွေဆောင်ရမယ်..."


ဆာ့ဆာ့က ပိုက်ဆံပေးလိုက်ပြီး အနည်းငယ်ဒေါသထွက်သွား၏ ။ 

" ဒီမြို့တော်က ငွေညှစ်နေကျလား...ငါသာ အစကတည်းက သိရင် ယဥ်ယဥ်ကျေးကျေးနဲ့ပြောနေမှာ မဟုတ်ပါဘူး... ဒီမြို့တော်ကလူတွေက တော်တော်အကွက်ချတတ်တာပဲ..."


၎င်းက ကြယ်ဒင်္ဂါး ၅၀၀သာ ဆိုသော်လည်း သူမ ခက်ခက်ခဲခဲရှားထားရသော ပိုက်ဆံပင် ဖြစ်သည် ။ 


ဆာ့ဆာ့က ဤရင်နာဖွယ်ကောင်းသောနေရာမှ အမြန်ထွက်ခွာလိုက်သည်။


လူကြီးက ပိုက်ဆံပေးပြီး စက်ရုပ်က လွှတ်ပေးလိုက်သောအခါ သူ့အပေါင်းအပါက ပြောလာ၏ ။

" မင်းဘာလို့ တစ်လုံးမှ မပြောလိုက်ရတာလဲ... အနည်းဆုံးတော့ သူ့ကို နည်းနည်းအနှောင့်အယှက်ပေးလို့ရတာပေါ့...မင်းသူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်လို့ မဖြစ်ဘူးလေ..."


" ငါ-ိုး.." 

ထိုလူက ဆဲရေးလိုက်ပြီးနောက် ရုတ်တရက် သတိပြုမိသွား၏ ။ 

" ငါ စကားပြောလို့ရတာလား..."


" ငါ ခုဏတုန်းက ဘာမှ မပြောချင်တာမဟုတ်ဘူး...အဲ့ဒါက အဲ့ဒီသောက်ကောင်မလေးကြောင့်ပဲ... သူ ဘယ်လိုလှည့်ကွက်တွေ သုံးလိုက်လဲဆိုတာ ငါမသိဘူး...ငါဘာမှကို ပြောလို့မရတော့တာ...အဲ့ဒီ ကောင်မလေးက တကယ်နတ်ဆိုးပဲ..." 

ထိုလူက စိတ်ပျက်သွား၏ ။


ဆာ့ဆာ့က ထိုလူကို အလွန်ဆူညံလွန်းသည်ဟုတွေးမိပြီး ရေတိုသုံးနှုတ်ပိတ်အဆောင်စာရွက်ကို ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုမြို့ပေါ်မှလူက သူမကို အခွင့်ကောင်းယူသွားမည်စိုးသော်လည်း သူမလုပ်ခဲ့သောအရှုပ်များကို စိတ်ထဲထားမနေတော့ပေ။ သူမ ဂိတ်ပေါက်ကို သွားလိုက်သောအခါ လီချန်ယွီက ဆိုင်းဘုတ်ကြီးဖြင့် သူမအား စောင့်နေသည်ကို တွေ့လိုက်ရသည် ။

" သာ့ရှန်...ကျွန်တော် ဒီမှာ..."


ဆာ့ဆာ့က လီချန်ယွီ ရှိရာသို့ လျှောက်သွားလိုက်သည်။ 

" ဟယ်လို...ကျွန်မက ဆာ့ဆာ့ပါ..."


လီချန်ယွီ၏ ဆိုင်းဘုတ်ပင် လက်ထဲမှ လွတ်ကျမလိုဖြစ်သွား၏ ။ 


ဆာ့ဆာ့က စတားကွန်ရက်တွင် မျက်နှာအကာတပ်ထားသောကြောင့် သူမ၏ မျက်နှာကို လီချန်ယွီက မမြင်ရပေ ။ ဆာ့ဆာ့၏ ငယ်ရွယ်သောအသံနှင့် 'အတန်းဖော်' ဟူသော အသုံးအနှုန်းကြောင့် သူမက လူငယ်ဖြစ်ရမည်ဟု ခန့်မှန်းထားသော်လည်း လူကိုယ်တိုင်တွေ့လိုက်ရသောအခါ သူမက ငယ်ရွယ်ရုံသာမက ဆယ့်ငါး ဆယ့်ခြောက်နှစ်မျှသာ ရှိသေးမည့်ပုံပေါက်သည် ။ 

' ဒီမျက်နှာက အရမ်းငယ်တာပဲ...'


ဒါက ငါတွေးထားသလိုမျိုး အမြင့်ကိုပျံသန်းနေတဲ့ ဧကရီနတ်ဘုရားမ ပုံစံမျိုးမဟုတ်ဘူးပဲ...


ဆာ့ဆာ့က သူ၏ မသက်မသာဖြစ်နေသောမျက်နှာကို သတိမထားမိဘဲ သူမ၏အာရုံက အပြင်ဘက်ကမ္ဘာပေါ်တွင်သာ ကျရောက်နေ၏ ။


ပျားပန်းခတ်လှုပ်ရှားနေသောမြို့တော်က ဆိပ်ကမ်းကဲ့သို့နေရာအကန့်အသတ်လေးတစ်ခုစာမျှ မဟုတ်ပေ ။ ဆိပ်ကမ်းကိုကျော်လွန်ကာ လမ်းပေါ်ရှိ စီတန်းနေသော ထင်ရှားသည့်အဆောက်အဦများနှင့် အချိန်နှင့်အမျှ အရှိန်မြင့်စွာရွေ့လျားနေသော ယာဉ်များ၊ မြေပေါ်နှင့်လေပေါ်၌လည်း ယာဥ်အသွားအလာများ အပြည့်ပင် ။ မြို့တော်၏ မနက်ခင်းက အနည်းငယ် အေးစိမ့်စိမ့်နိုင်သည်။ လမ်းပေါ်၌ ခြေကျင်သွားနေသူများနှင့် ဖော်မပြနိုင်လောက်သည့် ဦးတည်ချက်ဖြင့် သွားလာနေသူများရှိသည်။ ၎င်းက သူမ ယခင်ရောက်ဖူးသည့်နေရာများလို မဟုတ်ပေ။


" မြို့တော်က အံ့သြစရာပဲ...အဲ့ဒါက ကျွန်မကို စိတ်လှုပ်ရှားစေတယ်... တတိယစီနီယာအစ်ကိုကို ဒီကိုလာပြီး တစ်ရက်လောက်လာကြည့်ခိုင်းရမယ်...သူလည်း ဒီနေရာကို သဘောကျမှာ ကျိန်းသေတယ်..."

ဆာ့ဆာ့က မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလာ၏ ။ 


လီချန်ယွီက အနည်းငယ်စိတ်ပူနေမိသေးသော်လည်း ဆာ့ဆာ့ စကားကိုကြားလိုက်ရသောအခါ စတားကွန်ရက်ပေါ်ရှိ ရင်းနှီးနေသော ခံစားချက်မျိုး ပြန်ရလိုက်သည် ။ သူက ပြုံးကာ ပြောလာ၏ ။

" သာ့ရှန်... အရင်ဆုံးကျောင်းကို အကြောင်းကြားရအောင်...ပြီးရင် မင်းကို ဒီနားတစ်ဝိုက် ကျွန်တော်လိုက်ပြပေးမယ်...ဒါနဲ့ သာ့ရှန်ရဲ့ အထုပ်အပိုးတွေရော..."


သူက ကြိုတင်သတိထားတတ်သောသူဖြစ်ပြီး ခရီးသွားလျှင် အထုတ်အပိုးများစွာကို ယူသွားတတ်သူဖြစ်သည် ။ သို့သော် ဆာ့ဆာ့က သူမ၏လက်ပတ်ကိုပြကာ ပြောလာ၏။

" ကျွန်မရဲ့ အထုပ်အပိုးတွေအားလုံး ဒီထဲမှာပဲ...စိတ်မပူနဲ့..."


ရုတ်တရက် လီချန်ယွီ၏ ဦးခေါင်းထိပ်၌ အမေးသင်္ကေတများ ပေါ်လာ၏။


သူက အသံကို နှိမ့်ကာ စိုးရိမ်စွာမေးလိုက်သည် ။ 

" သာ့ရှန်..မင်းက ဘားခလုတ်ကို မက်ခါထည့်ဖို့အတွက် မသုံးဘဲ ပစ္စည်းမျိုးစုံထည့်ဖို့အတွက် သုံးလိုက်တာလား..." 


ဘားခလုတ်များကို မက်ခါများအတွက် အသုံးပြုရခြင်းမှာ ၎င်းတို့က အလွန်အဖိုးတန်သည့်အပြင် သာမန်မက်ခါများနှင့်ဘားခလုတ်ကို ချိတ်ဆက်အသုံးပြုရန်ကလည်း ခက်ခဲ၏။ ထို့အပြင် မက်ခါများ၏ ထူးခြားသည့်အစိတ်အပိုင်းများကို ဘားခလုတ်ထဲတွင် ထည့်သိမ်းခြင်းက ပိုသင့်လျော်သည်။ 


' ဒါက ဘယ်လိုမိသားစုမျိုးလဲ...ဘားခလုတ်ကို အထုပ်အပိုးတွေ ထည့်သိမ်းဖို့ သုံးတာလား...'


၎င်းက အတန်းဖော်များ၏ ခန့်မှန်းချက်မှာ မှန်နိုင်လောက်သည်ဟု သူတွေးမိသွား၏ ။ 

' သူက အာဏာရှိပြီး ချမ်းသာတဲ့မိသားစုကလာတာပဲ ဖြစ်ရမယ်...မဟုတ်ရင် ဒီလောက် လာဘ်ပေးနိုင်မှာမဟုတ်ဘူး...'


သူမက မြို့တော်၏ ချမ်းသာကြွယ်ဝမှုအကြောင်းပြောသောအခါ လီချန်ယွီက သူ့ပါးသူပင် ဖြတ်ရိုက်ချင်မိသွားသည် ။ 

' ဒါကို ယုံတဲ့ဘယ်သူမဆို အရူးပဲ...'


ဆာ့ဆာ့က ပြောလာ၏ ။

" ဒါဆို သိုလှောင်လက်ပတ်ကို ရှင်တို့ဆီမှာ ဘားခလုတ်လို့ ခေါ်တာပေါ့... အဲ့ဒါက ရှင်တို့ဆီမှာ အပြင်ထွက်ရင် သုံးတဲ့ပစ္စည်းလား...ရှင်တို့ဆီမှာ အဲ့ဒါထပ်ပိုပြီး အဆင့်မြင့်တဲ့ကိရိယာမျိုးလည်း ရှိမှာပဲ...starshipတို့ ဘာတို့လိုမျိုးပေါ့...အားလုံးက အရမ်းအဆင့်မြင့်တာပဲ..."


လီချန်ယွီ : "သာ့ရှန်...မင်းဒါကို အပြင်မှာ လျှောက်ပြောလို့ မဖြစ်ဘူး...ကျွန်တော်တို့က ဒါတွေနဲ့ရင်းနှီးပြီးသား...မင်း တခြားသူတွေဆီကနေ မလှိမ့်တစ်ပတ်အလုပ်ခံရနိုင်တယ်..."


လီချန်ယွီက ဆာ့ဆာ့ကို ရထားပေါ်ခေါ်သွားပေးပြီး ငါးမိနစ်အတွင်းမှာပင် သူတို့ ပထမဘက်စုံအကယ်ဒမီကျောင်းသို့ ရောက်ရှိသွား၏။ ဝင်ခွင့်ဆောင်ရွက်စရာများ ပြီးသွားသည့်နောက် တစ်ယောက်ယောက်က သတင်းလက်ခံရရှိလိုက်သည်။ ဆာ့ဆာ့မှာ သူမ၏ အဆောင်သို့ပင် မဝင်ရသေးမီအပိတ်ဆို့ခံလိုက်ရ၏။


ဆာ့ဆာ့က လီချန်ယွီကို သူမလမ်းမှာ တွေ့ခဲ့သည်များနှင့် ပတ်သက်ပြီး ပြောနေချိန်မှာပင် ပိတ်ရပ်ခံလိုက်သည် ။ 

" starshipတွေကလည်း တကယ်စိတ်ဝင်စားစရာပဲ...အပြင်ဘက်ရှူခင်းတွေကလည်း တကယ်လှ..."


ရုတ်တရက် စဥ်းလဲသောအသံက ထွက်ပေါ်လာ၏။

" ဝိုး...နင်က ဘယ်ကလာတာလဲဟ...starshipကို ပထမဆုံးစီးဖူးတာလား...အပြင်တစ်ခါမှ မထွက်ဖူးဘူးလား..."


ဆာ့ဆာ့က သူစိမ်းကျောင်းသားများကို တွေ့လိုက်ရသောအခါ သူမက 'တခြားသူတွေအပေါ်ကောင်းကောင်းဆက်ဆံရမယ်' ဟူသည့် အကြီးဆုံးစီနီယာအစ်ကို၏ စကားများကို စကားများကို ပြန်တွေးမိပြီး ယဥ်ကျေးစွာ ပြောလိုက်သည် ။

" ဟုတ်တယ်... ဒါက ပထမဆုံး starshipကို မြင်ဖူးတာပဲ...ငါအရင်တုန်းက ဓားတို့ လှေပျံတို့ပဲ စီးဖူးတာ..."


' ဓားနဲ့ပျံတာလား...အဲ့ဒါက ဘာကြီးလဲ...'

လီချန်ယွီက ဆာ့ဆာ့ကို အတော်သိထားပြီးသား ဖြစ်သော်လည်း သူပါ ခေါင်းရှုပ်သွား၏ ။


ခဏခန့်ခေါင်းရှုပ်သွားပြီးနောက် အတန်းဖော်ကာ ဆာ့ဆာ့ တမင်စနေခြင်း ဖြစ်မည်ဟုတွေးမိကာ ပို၍စိတ်ရှုပ်လာ၏။

" လူသစ်လား...နင်က မက်ခါတိုက်ခိုက်ရေးသမားဖြစ်ချင်နေတာလား...နင့်ရဲ့ မက်ခါကရော ဘယ်မှာလဲ..."


ဆာ့ဆာ့က ရိုးရိုးသားသားပဲပြောလိုက်သည် ။

" ငါ့မှာ တစ်ခုမှ မရှိသေးဘူး...ရက်ပိုင်းအတွင်း အကြီးဆုံးစီနီယာအစ်ကိုက ငါ့ကို တစ်ခုပို့ပေးမှာ..."


မက်ခါမောင်းနှင်သူကျောင်းသား ကြမ်းတမ်းစွာပြောလာ၏။

" နင်ဒီနေ့အထိ မက်ခါကိုတောင် တစ်ခါမှ မထိဖူးသေးဘူးမလား..."


" ဟင့်အင်း...ငါက စတားကွန်ရက်ပေါ်မှာပဲ အပျော်ပေါ့ပေါ့ပါးပါးဆော့နေကြ..."

ဆာ့ဆာ့က သူမ၏ ကျွမ်းကျင်ရာကို မေးခွန်းအထုတ်မခံချင်ပေ။


" စတားကွန်ရက်တဲ့လား...နင်ငါ့ကို လာနောက်နေတာလား...မက်ခါမောင်းရတာကို နင်က ဖျော်ဖြေပြီး ပျော်ပျော်ပါးပါးကစားရတာများ မှတ်နေလား..."

အတန်းဖော်မှာ ပို၍ပင် ဒေါသထွက်လာ၏ ။


မက်ခါကို ရက်အနည်းငယ်မှ ပို့ပေးမည်ဖြစ်ရုံသာမက စတားကွန်ရက်ပေါ်တွင်သာ မက်ခါမောင်းနှင်ဖူးသည် ။ ဤစကားများအားလုံးကိုပေါင်းပြီး အခြားတစ်နည်းဖြင့်ပြောရလျှင် - ခ ဒါက ကလေးကစားစရာသာသာပါပဲ...အဓိပ္ပါယ်မရှိတာတွေ...' ဟူသည့်သဘောပင်။


၎င်းက သူတို့၏ ကျွမ်းကျင်ရာကို စော်ကားလိုက်ခြင်း ဖြစ်သည် ။


"ငါတို့မေဂျာမှာ စည်းမျဥ်းရှိတယ်...နင်က စာသင်နှစ်တစ်ဝက်ကနေ ဝင်ချင်တယ်ဆိုရင် အတန်းထဲက ကျောင်းသားတွေနဲ့ တိုက်ခိုက်မှရမယ်...ဒီတိုင်း တစ်ယောက်သာရွေးလိုက်... နင်နိုင်ရင် သွားလို့ရပြီ...တကယ်လို့ နင်က တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင်တော့ နင်လာခဲ့တဲ့နေရာကိုသာ ပြန်သွားလိုက်တော့..."


ကျောင်းသားများက ဆာ့ဆာ့ကဲ့သို့ စာသင်နှစ်တစ်ဝက်မှ ဖြတ်ဝင်လာသော လူများအပေါ် အခဲမကြေဖြစ်နေကြပြီး သူမက မက်ခါများကို အပျော်တမ်းသဘောထားသည့် သူမျိုးသာဖြစ်ကြောင်းကြားလိုက်ရချိန်၌ သူတို့ဆက်ပြီး သည်းမခံနိုင်တော့ပေ။ 


ဒီကောင်မလေးက ပိန်ပိန်သေးသေးလေးနဲ့ ကျွမ်းကျွမ်းကျင်ကျင်လေ့ကျင့်ထားတဲ့သူတစ်ယောက်နဲ့လည်း မတူဘူး...ဒီလိုကျောင်းသားမျိုးကို ကျောင်းက ဝင်ခွင့်ပြုလိုက်တာကိုက ဟာသဖြစ်မနေဘူးလား...


ဆာ့ဆာ့က ဘာမှမပြောလာတာကို တွေ့ရသောအခါ တစ်ဖက်ကျောင်းသားက မေးလာ၏ ။

" ဘာလဲ...နင်ကြောက်သွားပြီလား...ကြောက်တယ်ဆိုလည်း အိမ်မြန်မြန်ပြန်လိုက်တော့...နင်ဒီမှာ နေလို့မရဘူး..."


လီချန်ယွီလည်း မတတ်နိုင်တော့ပေ။ သူတို့ မေဂျာတွင် ထိုကဲ့သို့ စည်းမျဥ်းမျိုးမရှိသလို သူတို့က ဆာ့ဆာ့ကို စိတ်ပျက်အားလျော့အောင် တမင်လုပ်နေကြခြင်းပင်။ 


သို့သော် လီချန်ယွီက ဘာမှမပြောနိုင်သေးခင် ဆာ့ဆာ့က အရင်ဦးအောင်ပြောလာ၏ ။

" ကောင်းပြီလေ...ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့..."


ဤစည်းမျဥ်းက ကျိုးကြောင်းသင့်လျော်သည်ဟု ဆာ့ဆာ့ တွေးမိသည်။ အတိတက ကျင့်ကြံရေးကမ္ဘာတွင် ဂိုဏ်းကိုဝင်နိုင်ရန် လူတစ်ယောက်က မျိုးစုံစစ်ဆေးခံရခြင်းမျိုးရှိ၏။ ယခုတွင် ၎င်းက နောက်ထပ် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည် ။ 


လီချန်ယွီက ဆာ့ဆာ့ကို အနည်းငယ် စိုးရိမ်သွား၏ ။ 

" ဒါပေမဲ့..."


ဆာ့ဆာ့က အသာလေးပြုံးလိုက်သည်။

" အဲ့ဒါက ကိစ္စမရှိပါဘူး..."


လီချန်ယွီက ဆာ့ဆာ့၏ ယုံကြည်မှုရှိသော အပြုံးကို တွေ့လိုက်ရသောအခါ သူလည်း စိတ်သက်သာရာရသွား၏ ။ 

' သူက ငါ့ကိုသင်ပေးထားတဲ့သာ့ရှန်ပဲ ...သူ့မှာ ဆရာတွေတောင် ချီးကျုးရတဲ့ နည်းလမ်းတွေရှိနေတာပဲ...ဒီအတန်းဖော်တွေကို သူက မကိုင်တွယ်နိုင်ပဲနေပါ့မလား...သူ့ကို လာရန်စတဲ့သူတွေအတွက်သာ ငါစိုးရိမ်ပေးသင့်တာပေါ့...'


တစ်ဖက်လူက ဆွပေးသည်မှာ အောင်မြင်သွားပြီဟု တွေးပြီး ကြိတ်ပျော်နေ၏။ သို့သော် ခဏအကြာတွင် လူတစ်စု ရောက်ရှိလာသည်။ မိန်းမငယ်လေးများကို အုပ်စုလိုက်အပြည့် တွေ့လိုက်ရခြင်းက မျက်စိပသာဒဖြစ်စေ၏။


ဦးဆောင်လာသော ကျက်သရေရှိမိန်းကလေးက ဆာ့ဆာ့ကို တွေ့လိုက်ရသောအခါ မျက်လုံးများအရောင်တောက်သွား၏။ 

" နင်က ဂျူနီယာညီမလေးလား..."


ဆာ့ဆာ့က ပြောရန် အနည်းငယ်တွန့်ဆုတ်နေ၏။

" ကျွန်မကလား..."


ထိုက်ယီဂိုဏ်းတွင် သူမက အမှန်ပင် ဂျူနီယာညီမလေး ဖြစ်သည်။ သို့သော် သူမတွင် စီနီယာအစ်မများ အုပ်စုလိုက်ကြီးရှိသလားဆိုသည်ကို မမှတ်မိပေ။


" ဟယ်လို ဂျူနီယာညီမလေး...လာခဲ့ နင့်ကို ဆက်သွယ်ဖို့ အရင်လာအပ်ပေးဦး ...အခုချိန်ကစပြီး ငါတို့နင့်ကို ကာကွယ်ပေးမယ်...နင်တစ်ခုခုဖြစ်တာနဲ့ မက်ဆေ့ချ်သာပို့လိုက်..."


" ဂျူနီယာညီမလေး...ငါက နင့်ရဲ့ တတိယမြောက်ယောက်မဖြစ်လာမယ့်သူပဲ...ဒါကြောင့် အရင်ဆုံး တစ်ယောက်ကိုတစ်ယောက် သိအောင်လုပ်ကြတာပေါ့..."


" ဘေးဖယ်စမ်း...ဘယ်သူက တတိယမြောက်ယောက်မဖြစ်လာမလဲဆိုတာ မသေချာသေးပါဘူး...အရင်ဆုံး ယှဥ်ပြိုင်ရဦးမှာပေါ့..."


သူမ၏ မျက်နှာကို ဆွဲညှစ်ပြီး လာနှုတ်ဆက်ကြသော မိန်းကလေးများ၏ စိတ်အားထက်သန်မှုက သူမအတွက် ကိုင်တွယ်ရန် မလွယ်လှပေ ။


သို့သော် သူတို့စကားပြောသည်ကိုကြားပြီးနောက် ဤညီအစ်မများက ဘယ်ကရောက်လာသည်ကို ဆာ့ဆာ့ နားလည်သွား၏။


' သူတို့အကုန်လုံးက ပထမဘက်စုံအကယ်ဒမီကျောင်းက တတိယစီနီယာအစ်ကိုရဲ့ဖန်တွေပဲ...ကြည့်ရတာ တတိယစီနီယာအစ်ကိုရဲ့တောင်းဆိုချက်ကြောင့် ဒီလိုအုပ်စုဖွဲ့လိုက်ပုံရတယ်...'


ဆာ့ဆာ့ "...."

' သူ့ရဲ့ဂုဏ်သတင်းအတိုင်းပဲ...တတိယစီနီယာအစ်ကိုက သူ့ရုပ်ရည်နဲ့တင် ရှင်သန်နေလို့ရတဲ့သူပဲ...သူ ဒီလိုမျိုးဆွဲဆောင်နိုင်တယ်ဆိုတာက တကယ်ကို အံ့သြနေစရာတောင် မလိုတော့ဘူး...'


ပွဲအခမ်းအနားတစ်ခုခု ရှိသည်မှလွဲ၍ ဤကဲ့သို့ မိန်းကလေးများ အုပ်လိုက်ချီတက်လာရန်ဆိုသည်က အမှန်တကယ် မလွယ်ပေ။ လူအုပ်ကြီးက ထိုနေရာတွင် ပိတ်ထားသောကြောင့် အခြားလူများက ထိုနေရာကို တစ်ခါထပ်ပိုပြီး ငေးကြည့်မိနေကြသည်။ 


မကြာမကြာအကြည့်ခံနေရသောကြောင့် ဆာ့ဆာ့မှာ သူမ မကြာခင် ဤကျောင်း၏ လူပြောများသော သတင်းဖြစ်လာတော့မည်ဟုပင် ခံစားမိနေသည်။ ဤကဲ့သို့ နာမည်ကြီးခြင်းမျိုးက သူမ လိုချင်သည်မျိုးမဟုတ်ပေ ။ 


သူတို့က ဆာ့ဆာ့ထံတွင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြပြီးနောက် မိန်းမငယ်လေးများအုပ်စုက ရန်ဆောင်ကာ ဆာ့ဆာ့ကို ဆွပေးသောသူကို ရန်လိုစွာကြည့်လာကြသည်။ 

" ဘာလဲ...နင်က ငါတို့ ဂျူနီယာညီမလေးနဲ့ ပြဿနာရှိလို့လား..."


အုပ်စုခေါင်းဆောင်မိန်းကလေးက မက်ခါတိုက်ခိုက်ရေးသမားမေဂျာမှ တတိယနှစ်ကျောင်းသူ ဟယ့်ရှန်းရှန်း ဖြစ်နေသည်ကို သိလိုက်ရသောအခါ ထိုကျောင်းသားမှာ နဖူး၌ ချွေးစေးများပင် ထွက်လာ၏။



💫💫💫