Chapter 21
Viewers 763

💫 Chapter 21



နောက်ဆုံးတွင် ဆာ့ဆာ့က အစ်ကိုသုံးယောက်၏ စိတ်အားထက်သန်သော ဆုမွန်ကောင်းများကို ရရှိပြီးနောက် starshipနှင့် ပင်မဂြိုဟ်သို့ ထွက်ခွာလာ၏။ ဆာ့ဆာ့လက်ထဲ၌ ဘာဆိုဘာမှ မပါပေ။ ပစ္စည်းများအားလုံးကို သိုလှောင်လက်ပတ်ထဲ၌ ထည့်ထားပြီး စက္ခုကွန်ရက်ထဲ၌လည်း ကြယ်ဒင်္ဂါးအမြောက်အများရှိသေးသည်။ 


စုန့်နင်ဖုန်းက သူမကို ထိုမျှများပြားသောပိုက်ဆံပမာဏကို လွှဲပေးလိုက်ချိန်၌ ဆာ့ဆာ့ တောင့်တင်းသွား၏။ ၎င်းက ဂိုဏ်း၏ ပိုင်ဆိုင်မှုအားလုံးလွှဲပြောင်းပေးလိုက်ခြင်းမျိုး ဖြစ်မည်ကိုပင် သူမစိုးရိမ်နေရသည်။ 


သို့သော်လည်း စုန့်နင်ဖုန်းက သူမကို သေချာပြောလိုက်သည် ။ 

" ငါ လော့ကျန်းနဲ့ အပေးအယူလုပ်ထားတာ... ဂိုဏ်းကနောက်ကျရင် ငွေပြတ်လပ်နေမှာ မဟုတ်တော့ဘူး...ဒါကြောင့် မင်းဒါကို စိတ်ချလက်ချယူလို့ရပါတယ်..."


ဆာ့ဆာ့က ယူထားလိုက်သည်။ မက်ခါများက အကြီးဆုံးစီနီယာအစ်ကိုအတွက် ကိုင်တွယ်ရန်ခက်ခဲလျှင်ပင် ပိုက်ဆံရှာရသည်က ကိစ္စကြီးမဟုတ်ပေ ။


Starshipပေါ်သို့ မတက်မီ စကားများသောရှဲ့ရုန်က ဆာ့ဆာကိုဆွဲပြီး တတွတ်တွတ်ပြောနေ၏ ။ 

" ဆာ့ဆာ့...အမြဲတမ်း ဗီဒီယိုကောခေါ်ဖို့လည်း မမေ့နဲ့ဦးနော်...မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါတို့ကို ချက်ချင်းပြောပြရမယ်..."


စုန့်နင်ဖုန်းပင် ဆက်နားမထောင်နိုင်တော့ပေ ။

" ကောင်းပြီ ကောင်းပြီ ရပြီ... မင်းအကြောင်းအရာတစ်ခုတည်းကို ဘယ်နှစ်ကြိမ်လောက်ပြောနေမှာလဲ...ဆာ့ဆာ့ကို တစ်ချိန်လုံး ဆွဲထားမနေနဲ့..."


ချန်ကျီက ယခင်တိုင်း စကားနည်းနေဆဲပင်။ သူက ဤအတိုင်း ဆာ့ဆာ့၏ခေါင်းကို အသာဖွပြီး ပြောလိုက်သည်။

" မင်းလိုအပ်တာရှိရင် အချိန်မရွေးခေါ်လိုက်..."


အများသုံးStarship က ထွက်ခွာတော့မည်ဖြစ်သည်။ ဆာ့ဆာ့၏ မျက်လုံးများက အနောက်တွင်ကျန်ခဲ့သော အစ်ကိုသုံးယောက်ကို ကြည့်နေ၏။ သူမ ကျောင်းကိုသွားရသည်နှင့် အချိန်တော်တော်ကြာ ပြန်လာနိုင်မည်မဟုတ်ပေ။ ဤနေရာတွင် သူမတွေ့ချင်သည့် တစ်စုံတစ်ယောက်ရှိနေသေးသည်။ 


ဆာ့ဆာ့စောင့်မျှော်နေသည်ကို စုန့်နင်ဖုန်းသိသော်လည်း သူ့ဆရာ၏ လတ်တလောအခြေအနေအရ သီးသန့်ကျင့်ကြံနေရာမှ ထွက်မလာနိုင်လောက်ပေ။ 


သူက ဆာ့ဆာ့ကို စိတ်မပျက်သွားစေချင်သော်လည်း ပြောလိုက်သည် ။ 

" ဆာ့ဆာ့... ဆရာက အခုသီးသန့်ကျင့်ကြံနေတာဆိုတော့ လာနိုင်လောက်မှာ မဟုတ်ဘူး... မင်း ကျောင်းသွားမယ်ဆိုတာကို သိပြီးတာတောင် သူက မင်းကိုဂရုစိုက်နေတုန်းပါပဲ... သူက ချက်ချင်းပဲ ငါတို့ကိုတောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပေးဖို့ ညွှန်ကြားနေခဲ့တာ...ဒီနေ့ကတော့ အချိန်ကောင်းမဟုတ်သွားရုံပါပဲ..."


ချန်ကျီနှင့် ရှဲ့ရုန်ကလည်း ခေါင်းညိတ်ထောက်ခံလာ၏ ။

" ဟုတ်တယ် ဟုတ်တယ်...အဲဒါအမှန်ပဲ...လတ်တလောဆရာက လှုပ်ရှားမှုမရှိဘဲ ဘယ်သူနဲ့မှလည်း မတွေ့ဘူး... ဒါပေမဲ့ မင်းကျောင်းသွားတော့မှာကို သိပြီးတဲ့နောက် သူက ပထမဆုံးအကြိမ်ပေါ်လာတာပဲ..."


ဆာ့ဆာ့က သူမ၏ စိတ်ထဲမှ စိတ်ပျက်သွားသောခံစားချက်တို့ကို ဖိနှိပ်ကာ အားတင်းပြုံးရင်း ပြောလိုက်သည် ။

" ကျွန်မ သိပါတယ်... ဒါဆို ကျွန်မ အရင်သွားနှင့်တော့မယ်..."


ဆရာက သူမအပေါ် အမှန်တကယ် ကြင်နာသည်။ သူမကသာလျှင် သူ လုံလောက်အောင်ကောင်းနေကြောင်း သိသော်လည်း ပိုကောင်းသည်ကိုလိုချင်မိသည့် လောဘကြီးသူဖြစ်၏။ 


ဆာ့ဆာ့က starshipပေါ်သို့တက်သွားပြီးနောက် ကျန်ခဲ့သော အစ်ကိုသုံးယောက်က သူမ နောင်တများဖြင့် ထွက်သွားသည်ကို တွေ့နိုင်သည်။ 


ထို့နောက် ရှဲ့ရုန်က မပြောဘဲမနေနိုင်တော့ပေ ။ 

" ဆရာက ဘာဖြစ်တာလဲ...သူက ဆာ့ဆာ့အပေါ် ကောင်းတာသိသာနေတာပဲကို...အခုလိုအရေးကြီးတဲ့အချိန်မှာ သူ ဘာလို့ပေါ်မလာရတာလဲ...ဆာ့ဆာ့ တော်တော်စိတ်မကောင်းဖြစ်သွားတာကို ငါတွေ့လိုက်ရတယ်..."


စုန့်နင်ဖုန်းက အမှန်တရားကို သိသော်လည်း သူတို့ကို ထုတ်မပြောနိုင်ပေ ။

" မင်းပါးစပ်သာပိတ်ထားစမ်းပါ...ဆရာ မလာနိုင်ဘူးဆိုတာ သူ့မှာလည်း ကိစ္စရှိလို့ပဲ ဖြစ်မယ်...သူက ကိစ္စမရှိဘူးဆိုရင် မလာဘဲ ဘယ်နေပါ့မလဲ..."


ရှဲ့ရုန် ၎င်းကို သိသော်လည်း အနည်းငယ် ညည်းညူမိသည်။ စုန့်နင်ဖုန်းက အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်လိုသာ ပြုမူနေရသောကြောင့် သူဘာမှ မပြောနိုင်ပေ။ 


သို့သော် သူတို့မသိလိုက်သည်မှာ သူတို့ထွက်သွားပြီး starship မထွက်ခွာခင်အချိန်လေးမှာပင် လန်းဆန်းသောလေပြေက ရုတ်တရက် တိုက်ခတ်လာ၏ ။ 


ဆာ့ဆာ့က တစ်ခုခုကို အာရုံခံမိသွားပုံရပြီး အံ့အားသင့်စွာဖြင့် ထရပ်လိုက်မိသည် ။ 

" ဆရာ...ဆရာလား..."


ရွှီယီက စိတ်မပါစွာဖြင့် ကိုယ်ယောင်ပြလာ၏။ သူက ဆာ့ဆာ့ကို တိတ်တဆိတ်ကြည့်ကာ ထွက်သွားချင်သော်လည်း သူမ၏ ဝမ်းနည်းနေသောအမူအရာကို တွေ့ရသောအခါ တောင့်ခံနိုင်ရန် ခက်ခဲသောကြောင့် သူမ၏ ဆန္ဒအတိုင်း ကိုယ်ထင်ပြလိုက်ရသည်။ 


ဆာ့ဆာ့၏ မျက်နှာက အပြုံးဖြင့် ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသောအခါ ရွှီယီ၏ နှုတ်ခမ်းထောင့်စွန်းများကလည်း မထိန်းနိုင်ဘဲ ကော့ညွတ်သွား၏။ 

" အခု ပျော်သွားပြီလား..."


ဆာ့ဆာ့က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

" ဆရာ တကယ်မလာတော့ဘူးလို့ ထင်နေတာ..."


ရွှီယီက ကူကယ်ရာမဲ့စွာဖြင့် ပြောလာ၏ ။

" ငါသာ တကယ်ရောက်မလာရင် မင်းငိုနေမှာစိုးလို့...ကောင်းပြီ မင်းကိုရှင်းပြစရာရှိတာတွေကိုတော့ မင်းအစ်ကိုတွေက ရှင်းပြပြီးပြီ နေမှာပေါ့...မင်းက ကျောင်းသွားမှာလေ... ပြန်မလာရတော့မှာလည်း မဟုတ်သလို သေခန်းပြတ်ခွဲခွာရတာမျိုးလည်း မဟုတ်ဘူး...မင်းကြိုက်တဲ့အချိန်ပြန်လာပြီး ငါတို့လည်း အချိန်မရွေးလာလည်လို့ရနေတာပဲ..."


" အင်း..."


ရွှီယီက လက်မြှောက်ကာ ဆာ့ဆာ့၏ခေါင်းကိုဖွရင်း ပြောလိုက်သည် ။ 

" ဆာ့ဆာ့ မကြောက်ပါနဲ့...ဆရာ မင်းကိုအရင်ကပြောဖူးပါတယ်...မင်းရဲ့အိပ်မက်တွေက အမှန်တကယ် ဖြစ်လာမှာပါလို့... ဂိုဏ်းထဲကလူတွေအကုန် မင်းရဲ့အနောက်မှာ ရှိတယ်..."


" အင်း..."

ဆာ့ဆာ့ မျက်ရည်ပင်ဝဲလာ၏ ။ 


ထိုသို့ဆိုရင်း ရွှီယီက ပြန်သွား၏ ။ starshipက ဂိတ်မှထွက်ခွာကာ ချိုမြိန်သောAI၏ အသံက အားလုံးကို ကိုယ့်နေရာကိုယ်ထိုင်ရန် အသိပေးလာသည်။ 


ဆာ့ဆာ့အတွက် ဝယ်ပေးထားသောလက်မှတ်က တစ်ယောက်ခန်း ပထမတန်းဖြစ်ပြီး စားစရာသောက်စရာအစုံလင် ဘူဖေးနှင့် လှဲလျောင်း၍ရသည့် သုံးဖက်မြင်အခန်းဖြစ်သည်။ 


ဆာ့ဆာ့က ပြတင်းပေါက်မှကြည့်လိုက်သောအခါ ကြယ်များအလား တဖျတ်ဖျတ်တောက်ပနေသော မြစ်ရေ၏ ရေတံလျှပ်များကို တွေ့လိုက်ရသည် ။ 


ကြယ်တာရာခေတ်၌ တစ်ယောက်တည်း အဝေးသို့ထွက်လာခြင်းကြောင့် ဆာ့ဆာ့မှာ အိပ်မပျော်နိုင်လောက်ဟု တွေးထားသော်လည်း တကယ်တမ်းတွင် သူမ သတိမထားမိဘဲ အိပ်ပျော်သွားပြီး ပထမဆုံးအကြိမ်ဖြင့် အိပ်မက်အရှည်ကြီးကို မက်ခဲ့သည်။


၎င်းက ဆရာရွှီယီကို သူမ ပထမဆုံးတွေ့ဆုံရသည့် အချိန်ဖြစ်သည်။ 


ထိုအချိန်က သူမ၏အသက် ၈ နှစ်သာရှိသေးပြီး သူမက ဝိညာဥ်ရင်းမြစ်ကင်းမဲ့ကာ သူမ၏ဘဝတွင် ဘယ်တော့မှ အမတဖြစ်မလာနိုင်ကြောင်း ရွာထဲကလူအားလုံး သိကြသည်။ အချို့ ပျင်းရိနေသောသူများက သူမအကြောင်းကို ဟာသအဖြစ်ပြောကြကာ ရွာထဲမှ အစအနောက်သန်သောကလေးများက သူမကို နောက်ပြောင်တတ်ကြသည် ။ မည်သို့ပင်ဖြစ်စေ သူမမှာ ပြန်ပြောနိုင်ဖို့ပင် အခွင့်အရေးမရှိကြောင်း လူတိုင်းသိကြ၏။ ငယ်ငယ်က အနိုင်ကျင့်ခံရပြီး ကြီးလာသည့်အခါ လက်စားပြန်ချေသည့် ဇာတ်ကြောင်းမျိုးက သူမမှာ ဘယ်တော့မှ ရှိလာမည်မဟုတ်ပေ။


သူမကို ကလေးများက ကျောက်ခဲများဖြင့် ဝိုင်းပေါက်နေကြချိန်၌ ရွှီယီကပေါ်လာခဲ့သည်။


" ဟား ဟား အမတကျင့်ကြံမှာလား...နင်က အဲ့လို လုပ်နိုင်မှာမို့လို့လား..."


" ဆက်ပြီး အိပ်မက်သာမက်နေလိုက်စမ်းပါ...နင်သာ အမတဖြစ်နိုင်ရင် တစ်လောကလုံးက လူတွေအကုန် အမတဖြစ်နေနိုင်လောက်ပြီ..."


သူမက မြေကြီးပေါ်သို့လဲကျသွားချိန်၌ ရွှီယီက သူမကို သယ်လာ၏ ။ 


ထိုအချိန်က ကလေးများမှာ အလေးအနက်မထားခဲ့ပေ။ အချို့သော အမတများက ဆာ့ဆာ့၏အခြေအနေကို သနားကြသော်လည်း သူမက ဝိညာဥ်ရင်းမြစ်မရှိသောကလေးဆိုသည်ကို သိပြီးနောက်တွင် သူတို့က ခေါင်းခါပြီး သူမကို လက်လျှော့လိုက်ကြသည်။


" အခုချိန်ကစပြီး မင်းငါ့နောက်ကို လိုက်ရမယ်..." 

ရွှီယီက သူမကိုကြည့်ကာ ပြောလိုက်သည် ။


ဆာ့ဆာ့က စူးစမ်းချင်စိတ်ဖြင့်ပြောလာ၏ ။

" ဒါပေမဲ့ ကျွန်မမှာ ဝိညာဥ်ရင်းမြစ်မရှိဘူးလေ..."


" မကြောက်ပါနဲ့...မင်းမှာ စိတ်ဝိညာဥ်ရင်းမြစ်မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့...ငါတို့ ထိုက်ယီက စိတ်ဝိညာဥ်ရင်းမြစ်ပေါ်မှာ မှီခိုနေတာမဟုတ်ဘူး..."


ဆာ့ဆာ့က မေးလာ၏။

" ဒါဆို ထိုက်ယီဂိုဏ်းကို ဝင်ပြီးရင် ကျွန်မလည်း ပိုသန်မာလာနိုင်မှာလား..."


" မင်းဖြစ်ချင်တာ ဘာမဆိုဖြစ်နိုင်တယ်... မင်း ထိုက်ယီဂိုဏ်းကို သဘောကျသွားမှာပါ... မင်းရဲ့အထက်မှာ စီနီယာအစ်ကို သုံးယောက်ရှိပြီး သူတို့အကုန်လုံးကလည်း လူကောင်းတွေပဲ...ဒါကြောင့် စိတ်မပူပါနဲ့..."


ရွှီယီ၏မျက်နှာက အမူအရာကင်းမဲ့ကာ လူများနှင့် ဝေအလှမ်းကွာပုံရပြီး စံပြအမတပုံစံမျိုးဖြစ်သည်။ ဆာ့ဆာ့မှာ သူ့ကို သူမတွေ့ဖူးသမျှထဲ အကောင်းဆုံးအမတအဖြစ် ခံစားမိသည်။ 


" အခုချိန်ကစပြီး မင်းကို ဆာ့ဆာ့လို့ခေါ်မယ်...လေပြည်တွေနဲ့အတူရပ်တည်ပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ မင်းလုပ်ချင်တာကို လုပ်ပါ..." 

ရွှီယီက သူမ၏ရှုပ်ပွနေသော ဆံပင်လေးများကို သပ်ရပ်အောင် လုပ်ပေးလိုက်သည်။ 


*****


အစ်ကိုသုံးယောက်က ဂိုဏ်းသို့ပြန်ရောက်လာသောအခါ သူတို့၏ တာဝန်ကိုယ်စီကို လုပ်ဆောင်လိုက်ကြသည် ။ 


စုန့်နင်ဖုန်းက မက်ခါများကို လေ့လာရန်လိုအပ်သည်။ မက်ခါ၏ တည်ဆောက်ပုံက ရှုပ်ထွေးသည့်အပြင် အစိတ်အပိုင်းတစ်ခုချင်းစီတွင် မျက်ကွက်(ရှူ့ထောင့်)များပါဝင်ပြီး ပုံမှန်လေယာဥ်တစ်စင်းကဲ့သို့ မဟုတ်ပေ။ ၎င်းက သူ့အတွက်ပင် တစ်ခါတည်းလေ့လာရန် လွယ်ကူမည်မဟုတ်ပေ။ 


ဆာ့ဆာ့အတွက် သူလုပ်ပေးချင်သော မက်ခါမျိုးက ဖြစ်သလိုဝယ်လာရသည့် အခြေခံသုံးမက်ခါမျိုးမဟုတ်ပေ။ အချို့သူများက သူတို့၏ မက်ခါကို စိတ်တိုင်းကျပြင်ဆင်ရန် အဆင့်မြင့်မက်ခါပညာရှင်များရှိကြပြီး ဆာ့ဆာ့လည်း သူမနှင့်သင့်တော်သည့် စိတ်တိုင်းကျမက်ခါဒီဇိုင်းမျိုးလိုအပ်သည်။


တစ်ဖက်တွင် ချန်ကျီက ကျင့်ကြံရေးကမ္ဘာမှ ဆေးပင်များကို ဤကမ္ဘာတွင် လိုက်လျောညီထွေရှင်သန်အောင်လုပ်ရန် လိုအပ်သည်။ ဂိုဏ်း၏ ဆေးများကလည်း ကုန်လုနီးပါးပင် ဖြစ်နေ၏။ ထို့ကြောင့် ဆေးများကို ပြန်ဖော်စပ်ဖို့ လိုအပ်သည်။


ရှဲ့ရုန်က ပျင်းရိနေပုံရပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။ သို့သော်လည်း ယနေ့အတွက် အကြောင်းအရာက ပုံမှန်နေ့များနှင့် မတူပေ ။


ရှဲ့ရုန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကြီးလာပြီးနောက် သူ့ထံမှ ကံကြမ္မာတွက်ချက်ပေးခံချင်သောသူများလည်း များလာပြီး ထိုသူတို့က ကံကြမ္မာဟောခအတွက် ပိုက်ဆံလည်းဖြုန်းပေးချင်ပုံရသည်။ သူတို့အတွက် ရုပ်လွန်ပညာနှင့်ပတ်သက်ပြီး အံ့အားသင့်စရာကောင်းသည့် အချက်ကို ရှာဖွေတွေ့ရှိသွားပုံပင်။


သို့သော်လည်း ရှဲ့ရုန်က လီယိနှင့် ပြိုင်ပွဲပြီးသည့်နောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၌ အကြောင်းအရာတစ်ခုတည်းကိုသာ အလေးပေးပြောဆိုခဲ့သည် ။

" ကျွန်တော်က အလှပြတင်ဆက်သူတစ်ယောက်ပါ...ရုပ်လွန်ပညာနဲ့ပတ်သက်ပြီးသိချင်ရင်တော့ ဒီကနေထွက်သွားပြီး တခြားရုပ်လွန်ပညာကဏ္ဍက တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုပဲ ဝင်ကြည့်လိုက်ပါ..."


သူက သူ့နေရက်များကို ကြည့်ရှူသူများနှင့် စကားများလိုက်၊ အတင်းအဖျင်းပြောလိုက်၊ အခြားသူများ၏တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်လိုက်၊ ဂိမ်းကစားလိုက်ဖြင့်သာ အလုပ်အကိုင်မဲ့ပျော်ပါးနေ၏ ။ 


သို့သော် ယနေ့တွင် ရှဲ့ရုန်က ပုံမှန်နေ့များလိုမဟုတ်ဘဲ ပြောလာ၏ ။

" ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းက မိတ်ဆွေတွေများရှိလားမသိဘူး...ကျွန်တော့်ရဲ့ ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီမလေးက ပထမဆုံးအကြိမ်အဝေးမှာ ကျောင်းသွားတက်ရတော့မှာ... ဒါကြောင့် အဲ့ဒီမှာ တက်နေတဲ့ မိတ်ဆွေတွေများရှိရင် ကျေးဇူးပြုပြီး သူ့ကို ကူညီစောင့်ရှောက်ပေးပါဦး...တကယ်လို့ မက်ခါဌာနက ကျောင်းသားဆိုရင်တော့ အကောင်းဆုံးပဲပေါ့..."


ရှဲ့ရုန်က သူ့အကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောခဲသော်လည်း ယနေ့တွင် သူ့ဂျူနီယာညီမလေးအကြောင်းထုတ်ပြောလာ၍ မှတ်ချက်ပေးသည့်နေရာ၌ ပိုအသက်ဝင်သွားစေ၏။ 


[ ဂျူနီယာညီမလေးလား..ချစ်ဖို့ကောင်းတာလား... ယောက်ဖရေ ငါ့ရဲ့ ဂါရဝပြုတာကို လက်ခံပေးပါ...]


[ပထမဘက်စုံအကယ်ဒမီကျောင်းက စဖွင့်တာကြာပြီမလား...သူက အခုမှ ဘာလို့ စတက်ရတာလဲ...]


[ အရင်ကဟာတွေကို မေ့ထားလိုက်ဦး...အဲ့ဒါက မက်ခါလေ...သူ အဲ့ဒါကို ကိုင်တွယ်နိုင်ပါ့မလား...]


ရှဲ့ရုန်က စိတ်ရှိတိုင်း တိုက်ရိုက်ထုတ်လွှင့်တတ်ပုံရသော်လည်း ပရိသတ်အခိုင်အမာရှိထား၏။ မိန်းမငယ်လေးများက ရှဲ့ရုန်၏ကံကြမ္မာဖတ်သည့်စွမ်းရည် မည်မျှကောင်းသည်ကို စိတ်မဝင်စားပေ။ ထိုချောမောသောမျက်နှာကို ကြည့်ရုံဖြင့်ပင် သူတို့မှာ ထမင်းမစားဘဲ ဗိုက်ဝနေပြီးသားဖြစ်သည်။ 


ယခု ရှဲ့ရုန်က အကူအညီလိုသောအခါ သူတို့ချက်ချင်း လှုပ်ရှားကြတော့သည် ။ 


[ကျွန်မက ပထမဘက်စုံအကယ်ဒမီကျောင်းက ဂျုနီယာကျောင်းသူပါ...ရှင့်ရဲ့ ဂျူနီယာညီမလေးနာမည်က ဘယ်လိုခေါ်လဲ...]


[ ကျွန်မလည်း အဲ့ကျောင်းကပဲလေ...ယောက်ျားရေ ရှင်သီးသန့်မက်ဆေ့ချ်ဖတ်ပေးပြီး အချိန်ရရင် အဲ့ဒီဂျူနီယာညီမလေးကို ကျွန်မဆီ ဆက်သွယ်ခိုင်းလိုက်ပါလား...]


[ ကျွန်မရဲ့ဝမ်းကွဲက ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းမှာပဲ...ဒါကြောင့် သူ့ကို ကျွန်မသွားမေးပေးထားလို့ရပါတယ်...]


အခြားသူများကလည်း ပြောလာ၏ ။

[ သူ့ကို ဂရုစိုက်ပေးဖို့ဆိုတာကလည်း ပြဿနာတော့မရှိပါဘူး...ဒါပေမဲ့ ဆရာရှဲ့က အသိအမှတ်ပြုတာကို ဘယ်လို ပြန်ပြမှာလဲ...]


ရှဲ့ရုန်လည်း ၎င်းကို တွေးကြည့်ပြီး ပြောလိုက်သည်။

" အားလုံးကို ကျေးဇူးတင်ပါတယ်...ကျွန်တော်က ခင်ဗျားတို့ ကူညီပေးတာကို အလကားမဖြစ်စေရပါဘူး...ခင်ဗျားတို့က ကျွန်တော့်ကိုယ်စား ဂျူနီယာညီမလေးကို စောင့်ရှောက်ပေးမယ်ဆိုရင် သီးသန့်မက်ဆေ့ချ်နေရာမှာ အခမဲ့ကံကြမ္မာဟောပေးသွားမှာပါ..."


၎င်းက ကိစ္စကောင်းဖြစ်သောကြောင့် မျက်နှာကိုသာသဘောကျသည့်ဖန်များနှင့် သာမန်ဖန်များအားလုံး တက်ကြွကုန်၏ ။ 


ရှဲ့ရုန်၏ ကံကြမ္မာဟောသည့်အရည်အချင်းက အားလုံး၏ အထက်မှာ ရှိသည်။ အချို့လူများက သူ့ကို ကံကြမ္မာတွက်ချက်ပေးရန် ရေကုန်ရေခမ်းဆက်သွယ်နေကြသော်လည်း သူ့ကို မည်သည်ကမှ အထင်မကြီးစေပေ ။ ချမ်းသာကြွယ်ဝမှုကလည်း အလုပ်မဖြစ်သလို သူကလည်း ဘာကိုမှ ဂရုမစိုက်တတ်သည့်သူဖြစ်နေ၏။ အချို့လိုအပ်နေသူများနှင့် သူကံကြမ္မာဖတ်ပေးတာကို လိုချင်နေကြသူများက သေချာပေါက် ဤအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။


'#ငါ့ဂျူနီယာညီမလေးကိုကာကွယ်ပေးပါ' ဟူသောစာသားဖြင့် ဟက်ရှ်တက်ခ်(hashtag) က စတားကွန်ရက်တစ်ခုလုံး လွှမ်းမိုးသွား၏။ ကွန်ရက်တစ်ခုလုံးကိုပင် ချာချာလည်သွားစေသော ဂျူနီယာညီမလေးကို လူများက မနာလိုပင်ဖြစ်မိကြပြီး သူမ၏အကြောင်းကိုလည်း လူများက သိချင်လာမိသည်။


ဆာ့ဆာ့ကမူ သူ့တတိယစီနီယာအစ်ကိုက သာမန်မဟုတ်သောနည်းလမ်းဖြင့် သူမကို နာမည်ကြီးအောင်တွန်းပေးလိုက်သည်ကို မသိဘဲ မြို့တော်သို့ ရောက်ရှိလာ၏ ။ 


ဆာ့ဆာ့က လှပသောကြယ်တံခွန်များကို တွေ့ခဲ့ရပြီဟုထင်နေသော်လည်း မြို့တော်သို့ ခြေချလိုက်ချိန်၌ မှင်သက်ဆွံ့အသွားမိသည် ။ 


B111ဂြိုဟ်ရှိ ဆိပ်ကမ်းများက ခေါင်ကာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် သင်္ဘောများ ပိုများပြီး မြို့တော်က B111ထက် များစွာပိုစည်ကား၏။ 


မြို့တော်သာမက ဆိပ်ကမ်းတစ်ခုတည်းကပင် B111ဂြိုဟ်ပေါ်ကထက် များစွာပိုကြီးပြီး ခမ်းနားစွာအလှဆင်ထား၏။ ဆာ့ဆာ့ပင်လျှင် ရောက်ရောက်ချင်း မည်သည့်နေရာသွားရမှန်းမသိ ဖြစ်သွားသည် ။ 


သူမ ဤနေရာမှာပင် အကြာကြီးနေ၍မဖြစ်သည်ကို သတိပြုမိသည်။ လူအုပ်ကြီးက သူမကို အလိုအလျောက်အရှေ့သို့တွန်းပို့သွားပြီး B111ရှိ ကျိုးတိုးကျဲတဲလူအုပ်နှင့်ယှဥ်လျှင် ဤနေရာရှိ လူအုပ်က ကြောက်ခမန်းလိလိပင်။ယခင် ကျင့်ကြံရေးကမ္ဘာ၌ ဤကဲ့သို့မြင်ကွင်းမျိုးကို အခမ်းအနားမျိုးစုံမှာသာ သူမ မြင်ဖူးသည် ။ သို့သော် ဤဂြိုဟ်ပေါ်တွင် ၎င်းက သာမန်ဖြစ်ပုံရ၏။


" ကြယ်တာရာခေတ်က တကယ်အံ့အားသင့်စရာပဲ...မြို့တော်ကလည်း တကယ်အမိုက်စားပဲ..." 

ဆာ့ဆာ့က မနေနိုင်တော့ဘဲ မှင်သက်သွားသောမှတ်ချက်ပြုလိုက်၍ လူအချို့က သူမကို ထူးဆန်းသလို ကြည့်လာ၏ ။ သူတို့က သူမကို တစ်ချက်ကြည့်ကြည့်ရုံဖြင့် 'မြို့တော်ကို တစ်ခါမှ မလာဘူးသော တောသူမ' မှန်း တန်းသိလိုက်သည် ။ 


အဟုတ်ပင်။ မြို့တော်နှင့် ယှဥ်လိုက်ပါက အခြားဝေးလံခေါင်သီသောဂြိုဟ်အားလုံးက တိုးတက်စည်ပင်မှုမရှိဘဲ အခြားသောဂြိုဟ်မှ သူများကလည်း တောသူတောသားများသာဖြစ်သည် ။ 


မျက်လုံးထဲ၌ အရောင်တလက်လက်ထနေသော သူအချို့က သူမဆီရောက်လာသည်။ 

" ကလေးမ ဒါက မြို့တော်ကို ပထမဆုံးရောက်ဖူးတာလား...မင်းကို အနီးနားတစ်ဝိုက်လိုက်ပြပေးစေချင်လား...မင်း ပိုက်ဆံရှာချင်လား... ငါတို့မြို့တော်မှာ ပိုက်ဆံရှာနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးပဲ... ဒါပေမဲ့ သာမန်လူတစ်ယောက်အတွက်တော့ အဆက်အသွယ်ကောင်းကောင်းမရှိဘူးဆိုရင် ဘာအကျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး..."


" နေဖို့နေရာ ရှာနေတာလား...စျေးလည်းသိပ်မများပဲ အဆင်ပြေမယ့်နေရာကို ငါသိတယ်..."


ဆာ့ဆာ့ ခေါင်းရှုပ်သွား၏ ။

' မြို့တော်က လူတွေအကုန် အထူးတလည်ကြိုဆိုတတ်ကြတာလား...'


သူမက အနည်းငယ် အံ့အားသင့်သွားပုံရကာ ပြောလိုက်သည် ။

" မလိုပါဘူး ကျေးဇူးတင်ပါတယ်... တစ်ယောက်ယောက်က ကျွန်မကို လာကြိုမှာပါ..."


သူမက လီချန်ယွီနှင့် ချိန်းဆိုထားပြီးသားဖြစ်သည် ။


ဒါပေမဲ့ ဒီလူတွေက ဘာကြောင့် ဒီလောက်စိတ်အားထက်သန်နေရတာလဲ…


သူတို့က ဆာ့ဆာ့ကို တွေ့တွေ့ချင်း သူမက အနည်းငယ်လူကောင်သေး၍ သူတို့ အခွင့်ကောင်းယူ၍ရမည့်ပုံပေါက်သည်ဟု တွေးနေခြင်းဖြစ်သည်။



💫💫💫