Chapter 20
Viewers 773

💫 Chapter 20



သူ(ရှဲ့ရုန်)နှင့် ကြယ်တာရာခေတ်၏ ပေါင်းစပ်မှုက အလွန်ကောင်းမွန်လိမ့်မည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုက နာမည်ကြီးသွားပြီးနောက် မိန်းမငယ်လေးများ၏ ချီးမွမ်းမှုကို နေ့တိုင်းခံနေရခြင်းပါ ထပ်ပေါင်းလိုက်လျှင် ရှဲ့ရုန်မှာ သူ့အထောက်အထားကတ်ပေါ်မှ အသက်က အစစ်အမှန်ဟု ယုံကြည်လာ၏။


ယခု ရွှီယီက ဤကိစ္စကိုပုတ်ခတ်ပြောလာသောအခါ ရှဲ့ရုန်ချက်ချင်း ခေါင်းညွှတ်ကျသွား၏ ။ 


ရွှီယီက အသေးအဖွဲများအပေါ်တွင် အချိန်ကုန်မခံဘဲ လောကီကိစ္စများကို ဖြတ်တောက်ထားသူဖြစ်သည်။ ဆာ့ဆာ့အတွက် ဂိတ်တံခါးကို ဖွင့်ပေးပြီး အထူးခရီးစဥ်ထွက်ခွာခြင်းက ခြွင်းချက်ဖြစ်သည်။ 


ယခုကိစ္စနှင့်ပက်သက်၍ ညွှန်ကြားပြီးနောက် ရွှီယီက သီးသန့်ပြန်ကျင့်ကြံရန် ထွက်သွား၏။ ထိုအခါမှသာ သူအနည်းငယ် ယိုင်တိယိုင်တိုင်ဖြင့် သူ့ပါးစပ်ကို လက်ဖြင့် ကာထားမိသည် ။ 


အသေးစိတ်ဂရုစိုက်တတ်သော စုန့်နင်ဖုန်းက တစ်ခုခုမှားနေသည်ကို ခံစားမိပြီး ရွှီယီကို သွား၍ ထိန်းထားပေးကာ အခြားညီအစ်ကိုနှစ်ယောက် မမြင်ရအောင် ကာထားပေးလိုက်သည် ။ 


ရှဲ့ရုန်နှင့် ချန်ကျီ၏ မြင်ကွင်းနှင့် ဝေးသောနေရာကို ရောက်လာမှသာ စုန့်နင်ဖုန်းက မေးလိုက်သည် ။ 

" ဆရာ...အဆင်ပြေရဲ့လား…"


ရွှီယီ၏ လက်ဖဝါးထဲ၌ တုပ်လှုပ်စရာကောင်းလောက်သော သွေးများရှိနေသည်ကို သူတွေ့လိုက်ရသည်။ သူ့ဆရာက ဒဏ်ရာများကို သေချာမထိန်းချုပ်နိုင်လျှင်တောင် သူတို့ရှေ့တွင် မည်သည့်အခါမှ ထုတ်ပြမည်မဟုတ်ကြောင်းကို သူသိသည်။ ဤအခြေအနေတွင် ဆရာကသူ့အတွင်းဒဏ်ရာများကို မဖိနှိပ်ထားနိုင်ကြောင်း ပိုသေချာသွား၏ ။ 


ရွှီယီက အမှုမထားသလိုသာ ပြောလာ၏ ။

" ဒါက ဘာမှမဟုတ်ပါဘူး ...ဟင်းလင်းပြင်ပေါက်ကိုဖြိုခွင်းတုန်းက အတွင်းဒဏ်ရာရလာရုံပဲ... ပြန်ကောင်းဖို့ အချိန်တချို့ယူရမှာ ...ရေးကြီးခွင်ကျယ်လုပ်နေစရာမလိုဘူး..."


ကြယ်တာရာကမ္ဘာသို့ရောက်လာတကည်းက ဆရာရွှီယီမှာ အချိန်အများစု၌ သီးသန့်ကျင့်ကြံနေသာ်က အံ့သြစရာမရှိတော့ပေ။ ဆရာ၏ သီးသန့်ကျင့်ကြံခြင်းက အချိန်ကြာနေကျဖြစ်သော်လည်း ယခုလို မဟုတ်ပေ ။ 


ရွှီယီက သူအဆင်ပြေသည်ဟုပြောသော်လည်း စုန့်နင်ဖုန်းက မယုံနိုင်ဖြစ်နေ၏။ သူတို့ဆရာ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူ့ဒဏ်ရာတော်ရုံလောက်ကို မဖိနှိပ်ထားနိုင်စရာအကြောင်းမရှိပေ။ ယခု ဆရာ၏ဒဏ်ရာ မည်မျှပြင်းကြောင်း သူမှန်းဆကြည့်နိုင်သည်။ 


" ဆရာ ...ကျွန်တော် အားကျီဆီသွားပြောပြီး ဆေးတချို့တောင်းလိုက်မယ်လေ..."


" မလိုပါဘူး...အဲ့ဒီဆေးတွေက ငါ့အတွက် ဘာမှဖြစ်လာစေမှာမဟုတ်ဘူး..."


ချန်ကျီက အဂ္ဂိရတ်ပညာတွင် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သော်လည်း ရွှီယီ၏အဆင့်က အလွန်မြင့်သောကြောင့် သာမန်သက်စောင့်ဆေးများက သူ့အတွက် အလုပ်မဖြစ်ပေ။ 


စုန့်နင်ဖုန်းက တစ်ခုခုပြောလိုက်ချင်သော်လည်း ပြော၍မရနိုင်ပေ။


ရွှီယီက သူ့ကိုကြည့်၍ ခပ်ယဲ့ယဲ့သာပြုံးလိုက်သည်။ သူ့အကြည့်များက တောင်ထိပ်ပေါ်က ပန်းတစ်ပွင့်လို အေးချမ်းနေ၏ ။

" နင်ဖုန်း...မင်းက ကျိုးကြောင်းဆီလျော်တဲ့ကောင်လေးပဲ...ဒါပေမဲ့ ငါ့အတွက် တကယ်စိတ်ပူပေးဖို့မလိုပါဘူး...ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဒဏ်ရာတွေသက်သာလာဖို့က အချိန်ပဲလိုတာပါ...ဒီကာလအတွင်း ဂိုဏ်းရဲ့ ကိစ္စကြီးငယ်တွေကိုပဲ မင်းစိတ်ပူပေးဖို့လိုတာပါ...သူတို့ကို အခြေအနေသွားမပြောပြနဲ့ဦး ...ဒါဆို သူတို့လည်း စိတ်ပူနေဖို့ မလိုတော့ဘူး..."


" ဟုတ်ကဲ့ပါ ဆရာ…"


*****


စုန့်နင်ဖုန်းက လော့ကျန်းထံမှ ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းဝင်ခွင့်စာကို လက်ခံရလိုက်ပြီးနောက် ဆာ့ဆာ့ကို ပေးလိုက်သည်။ ထိုမှသာ သူမ၏စီနီယာအစ်ကိုနှင့် အခြားသူများက သူမကျောင်းသွားတက်ရန် စီစဥ်နေသည်ကို သိပြီးသားဖြစ်ကြောင်း သူမ နားလည်သွား၏ ။ 


ဆာ့ဆာ့ ရှက်ကိုးရှက်ကန်းဖြစ်သွားသည် ။

" ကျွန်မ တောင်းပန်ပါတယ် အကြီးဆုံးစီနီယာအစ်ကို....ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး...ကျွန်မက ဝင်ခွင့်စာရမှ ပြောဖို့ ရည်ရွယ်ထားတာပါ..."


သူမသာ ကျောင်းသို့ အမှန်တကယ် သွားရတော့မည်ဆိုလျှင် ထိုကိစ္စမျိုးကို ဖုံးကွယ်ချင်လျှင်ပင် ဖုံးကွယ်၍မရပေ။


စုန့်နင်ဖုန်းကပြုံးကာ သူမ၏ ဆံပင်လေးကို ဆွဲဖွလိုက်သည် ။ 

" ငါသိပါတယ်...ဒါပေမဲ့ နောက်ကျရင် မင်းလိုတာမှန်သမျှ ငါတို့ကို ပြောလို့ရပါတယ် ဆာ့ဆာ့ ...ငါတို့အကုန်လုံး မင်းကို ထောက်ပံ့ပေးမှာပါ..."


ဆာ့ဆာ့က ခေါင်းတစ်ဆတ်ဆတ်ညိတ်လိုက်သည်။

" ဂိုဏ်းထဲက လူတွေက အကောင်းဆုံးပဲ..."


စုန့်နင်ဖုန်းက ဆာ့ဆာ့ကို အပြည့်ဖြည့်ထားသော သိုလှောင်လက်ပတ်ကို ပေးလိုက်သည် ။ 

" ကြယ်တာရာခေတ်က ငါတို့ ကျင့်ကြံရေးကမ္ဘာနဲ့မတူဘူး...ငါတို့က ဒါနဲ့ကျင့်သားမရသေးဘူးလေ...ဒါက မင်းအတွက် ပထမဆုံးအကြိမ် ဂိုဏ်းကနေ ထွက်သွားရတာပဲ...ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...ငါမင်းနဲ့အတူကျောင်းသွားပေးရမလား...ဒါမှမဟုတ် အားရုန်ပဲဖြစ်ဖြစ်ပေါ့..."


ရွှီယီက ရှဲ့ရုန်ကို အမှန်တကယ်ထိန်းချုပ်လိုခြင်းမဟုတ်ဘဲ သူ့ကိုလွှတ်ထားပေးမိသလို ဖြစ်သွားမည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။ သို့သော် ဆာ့ဆာ့ အဝေးကြီးသွားမည်ကိုလည်း သူစိုးရိမ်နေမိသောကြောင့် သူမနှင့်အတူ ရှဲ့ရုန်ကို ထည့်ပေးလိုက်သည်က အနည်းငယ် ပိုစိတ်ချရလိမ့်မည်။ 


" မလိုပါဘူး အကြီးဆုံးစီနီယာအစ်ကို...အစ်ကိုလော့...မဟုတ်သေးဘူး ...ကျောင်းသားလော့ကျန်းကလည်း ကျွန်မနဲ့ ကျောင်းအတူတူပဲလေ...အစ်ကိုတို့မျက်နှာနဲ့ သူက ကျွန်မကို နည်းနည်းပဲဖြစ်ဖြစ် ဂရုစိုက်ပေးမှာပါ..."


စုန့်နင်ဖုန်းက အခြားတစ်ခုကို ပြောင်းပြောလိုက်သည် ။

" ပြီးတော့ အပြင်က တခြားသူတွေနဲ့ ပြဿနာမဖြစ်ဖို့ရောပဲ ...မင်းက တခြားသူတွေ လွယ်လွယ်အနိုင်ကျင့်လို့ ရမယ့်ပုံပေါက်နေတယ်... တကယ်လို့ အနိုင်ကျင့်ခံရရင် ခဏလောက်ပဲဖြစ်ဖြစ် တောင့်ခံထားလိုက်...အဆုံးကျ ငါတို့က မင်းနဲ့အတူရှိနေနိုင်မှာမဟုတ်ဘူးလေ...အဲ့ဒါကို မင်းစိတ်ထဲမှာမှတ်ထားလိုက်...မင်းအတွက် ငါတို့လက်စားချေပေးမယ်..."


၎င်းကို ကြားသောအခါ ဆာ့ဆာ့က သူမ မျက်လုံးကိုလှန်လိုက်သည်။

" အကြီးဆုံးစီနီယာအစ်ကို...ဒါက သင်ပေးတဲ့သင့်တဲ့အရာမဟုတ်ဘူးလေ..."


" ဒါက အကြီးဆုံးစီနီယာအစ်ကိုရဲ့ အကျင့်စရိုက်နဲ့မကိုက်ပါဘူး..."


စုန့်နင်ဖုန်းက ၎င်းကိုပြောရင်း သက်သေပြလိုက်သည်။

" အဲ့ဒါအမှန်ပဲ...အဲ့ဒါကို မင်းစိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ..."


' ဆာ့ဆာ့ကို လူတွေနဲ့ဘယ်လို ညင်ညင်သာသာဆက်ဆံရမလဲဆိုတာ သင်ပေးရမလား...အဲ့ဒါကတော့ ဖြစ်လာမှာ မဟုတ်ဘူး...'


' ဆာ့ဆာ့က အမြဲတမ်းကောင်းတဲ့သူပဲ...သူက အကြောင်းမရှိဘဲ ပြဿနာဖြစ်မှာမဟုတ်ဘူး...တကယ်လို့ သူသာ တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တယ်ဆိုရင် အဲ့ဒါက တစ်ဖက်လူရဲ့အမှားပဲဖြစ်မှာပဲ...ဒါပေမဲ့ ဆာ့ဆာ့က တစ်ယောက်တည်း တောင့်ခံနိုင်မှာမဟုတ်လောက်ဘူး...ဒါကြောင့် အားလုံးကလာပြီး စာရင်းရှင်းမပေးခင်အထိ သူ စောင့်နေတာက အကောင်းဆုံးပဲ..."


" လက်ပတ်ထဲမှာ ဆေးမျိုးစုံနဲ့ လက်နက်မျိုးစုံရှိတယ်...မင်းအဲ့ဒါတွေကို လိုသလိုသုံးလို့ရတယ်...ဒါမှမဟုတ် မင်းနဲ့ရင်းနှီးတဲ့ကျောင်းသားတွေကို ပေးရင်ပေးပေါ့...ရက်ရောတာလည်း ရက်ရော၊ အရမ်းကြီးလည်း မရက်ရောမိစေနဲ့အုန်း ဟုတ်ပြီလား... ငါအခုမက်ခါတစ်ခုကို လုပ်နေတယ်...ပြီးရင် မင်းဆီပို့ပေးလိုက်မယ် ...ဒါပေမဲ့ အဲဒါက နှစ်ရက်လောက်တော့ ကြာနိုင်တယ်..."


ဆာ့ဆာ့က အကြီးဆုံးစီနီယာအစ်ကို၏ တီထွင်နိုင်စွမ်းကို ယုံကြည်ပြီး ပြောလိုက်သည်။ 

" အဆင်ပြေပါတယ်...အကြီးဆုံးစီနီယာအစ်ကိုက အကောင်းဆုံးပဲ..."


သူမ ၎င်းကို ယခင်က မေ့နေ၏ ။

' အကြီးဆုံးစီနီယာအစ်ကိုက မက်ခါကို ပြန်ဖန်တီးပေးနိုင်လောက်တာပဲ...'


အဓိကအချက်မှာ ထိုမက်ခါက အကြီးဆုံးစီနီယာအစ်ကို ယခင်လုပ်ဖူးသည့် ထိုက်ယီဂိုဏ်း၏လက်နက်များနှင့် အလွန်ကွာခြားနေလိမ့်မည်။ သို့သော်လည်း အကြီးဆုံးစီနီယာအစ်ကိုက ထိုသို့ပြောလာမှ သူ့အတွက် အဆင်ပြေ၍သာ ဖြစ်လိမ့်မည်။ 


သူမ မသွားမီကတည်းက ဆာ့ဆာ့၏ အဆင့်သတ်မှတ်ချက်ရမှတ်မှာ အတော်လေးမြင့်ပြီးသားဖြစ်ပြီး အားပိုင်နှင့် အတူတူလောက်ပင်။ သို့သော်လည်း သူမက ဤထက်ပိုမြင့်သည့် အဆင့်များကို စိန်ခေါ်ချင်ပါက သူမ၏ ပြိုင်ဘက်ကလည်း ပိုသန်မာလောက်သည်။ ထိုနေရာတွင် အခြေခံသုံးမက်ခါကိုသာ အသုံးပြုပါက အနိုင်ရမည်ဟု အာမခံချက်မရှိပေ။ 


မကြာမီ သူမကျောင်းသွားရမည်ဟု တွေးကြည့်သောအခါ ဆာ့ဆာ့က အမြန်အဆင့်တက်ရန် လောမနေဘဲ လီချန်ယွီကို ချဥ်းကပ်ကာ ပြောလိုက်သည် ။ 

" ကျွန်မ မကြာခင်ကျောင်းသွားရတော့မှာ...ဒါကြောင့် ကျွန်မကို ဂရုစိုက်ပေးပါဦး..."


လီချန်ယွီက စိတ်လှုပ်ရှားစွာပြောလာ၏ ။ 

" အာ... သာ့ရှန်က ကျွန်တော်တို့ကျောင်းကို ဆရာအနေနဲ့ လာမှာလား..."


ဆာ့ဆာ့က ယခုထိ တပည့်လက်မခံရသေးသလို သူမကို သာ့ရှန်ဟု မခေါ်ရန် ပြောထားသော်လည်း လီချန်ယွီက နားမထောင်ပေ။ သူက ဆာ့ဆာ့ဆီမှ တစ်ခုခုသင်ယူခဲ့ရသောကြောင့် သူမကို သာ့ရှန်ဟု ခေါ်ထိုက်သည်ဟု တွေးမိသည်။ ထို့ကြောင့် ဆာ့ဆာ့လည်း ၎င်းနှင့်ကျင့်သားရသွားသည်။ 


ဆာ့ဆာ့က သူ့ကို သေချာကြည့်လိုက်သည် ။ 

" ရှင်ဘာလို့ အဲ့လိုတွေးရတာလဲ ...သေချာပေါက် ကျွန်မက ရှင့်ရဲ့ အတန်းဖော်ဖြစ်လာမှာလေ...ရှင်လည်း ကျောင်းသားသစ်ပဲမလား...ကျွန်မရောပဲ..."


လီချန်ယွီ : "...."


သူဒါကို နားကြားမှားသည်လားဟု သံသယဝင်မိသည်။


လီချန်ယွီ : " သာ့ရှန်...ကျွန်တော့်ကို မစပါနဲ့..."


" ရှင့်ကို မစပါဘူး... ကျွန်မ ရှင့်ကို အရင်က မပြောဘူးလား...ရှင်အဲ့ဒါကို သိပြီးသားလို့တောင် ကျွန်မထင်နေတာ..."


လီချန်ယွီ "...."


စိတ်ချမ်းသာစရာမကောင်းသော သံသယက သူ့စိတ်ထဲ ဖြတ်ပြေးသွား၏ ။

" သာ့ရှန်... မင်းက ထည့်သွင်းခံရတဲ့ ကျောင်းသားတော့ မဟုတ်ပါဘူးနော်...မင်းရဲ့ ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်ကို မတိုင်းတာရသေးဘူးလား..."


"ဒီမှာ အဲ့လိုမျိုးက တခြား ဘယ်သူမှမရှိဘူးဆိုရင်တော့ အဲဒါက ကျွန်မပဲ..."

ဆာ့ဆာ့က အေးအေးဆေးဆေးသာ ပြောလိုက်သည်။


" သာ့ရှန် ...မင်းရဲ့ ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်က ဘာလို့ ဗလာဖြစ်နေရတာလဲ..."

အကယ်၍ တစ်စုံတစ်ယောက်က စာမေးပွဲမဖြေလျှင်ပင် ၎င်းက လူတစ်ယောက်၏ အခြေခံအချက်အလက်ဖြစ်သင့်သည်။


ဆာ့ဆာ့က သူမနဖူးကိုပြန်ရိုက်ကာ ပြောလိုက်သည်။

" အိုး... အဲ့ဒါကို မေ့သွားပြန်ပြီ..."


လော့ကျန်းက သူမကို စာမေးပွဲမဖြေလျှင်ပင် ဗီဇနှင့်စိတ်ဝိညာဥ်ပင်လယ်အဆင့် သွားစစ်သင့်ကြောင်းပြောခဲ့သည် ။ ထိုစစ်ဆေးချက်က ဝင်ခွင့်အတွက်ကိုးကားချက်ဒေတာမျှမဟုတ်ဘဲ ဆာ့ဆာ့၏ စိတ်အင်အားကိုပါ သိရှိနိုင်သည် ။ 


ဆာ့ဆာ့က ဝင်ခွင့်ရထားပြီးပြီ ဖြစ်သောကြောင့် စစ်ဆေးချက်မှာအရေးမကြီးဟု တွေးမိသည်။ ဗီဇအဆင့်က ကိုယ်ခံအားနှင့်ပတ်သက်ပြီး စိတ်ဝိညာဥ်အဆင့်က စိတ်ခွန်အားနှင့်ပက်သက်ကြောင်း သိထားပြီးသားပင်။ သူမမှာ တစ်ခုမှ လိုအပ်နေခြင်းမရှိသောကြောင့် စိတ်ပူနေစရာမလိုပေ။ 


အခုဏလေးတင် အကြီးဆုံးအစ်ကိုက သူမကို 'ဘယ်လိုပြုမူရမလဲ'ဆိုသည်များ လာသင်ပေးသွားပြီး သူမက အခုအားလုံးမေ့သွား၏ ။ 


လီချန်ယွီ : "...."


" ဘရာဗို...ဒါက တကယ်ကို သာ့ရှန်ပဲ...အရေးကြီးတာမှန်သမျှ အကုန်လုံးကို မေ့သွားတယ်..."


ထိုကောလဟာလထွက်နေသည့် တပည့်က ဆာ့ဆာ့သာဆိုလျှင် ထို " လူချမ်းသာအိမ်မှ အမှိုက်" နှင့် " အဆက်အသွယ်နဲ့ဝင်လာသည်" ဟူသော သတင်းများအားလုံးက ပျောက်သွားလိမ့်မည် ။ 


လီချန်ယွီက ၎င်းကိုတွေးမိချိန်တွင် အတန်းထဲမှ အချို့သောသူများက နောက်ပေါက်မှဝင်လာသော ကျောင်းသားသစ်ကို 'ဘယ်လို ဂရုစိုက်ပေးရမလဲ'ဆိုသည်အား တွေးထားပြီးသား ဖြစ်နေ၏။ ပထမဆုံးဘက်စုံအကယ်ဒမီမှ အားလုံးက တိုက်ခိုက်သည့်နေရာ၌ ကျွမ်းကျင်ကြပြီး အထူးသဖြင့် မက်ခါတိုက်ခိုက်ရေးမေဂျာမှ တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ပထမနှစ်ဝက်ပင် ရောက်တော့မည့်အချိန်တွင် အရည်အချင်းမရှိ ၊ သမိုင်းကြောင်းမရှိ အရည်အသွေးမပြည့်မှီသည့် ကျောင်းသားက မည်သို့ရောက်လာမှန်းမသိ၍ တစ်ယောက်မှ ပျော်ရွှင်မနေကြပေ။


သူတို့က ကျောင်း၏စီမံမှုကို မဖျက်နိုင်သော်လည်း အသစ်ရောက်လာသည့်ကျောင်းသားက သူကိုယ်တိုင်မဝင်ဆံ့နိုင်ဘဲ ကျောင်းထွက်သွားမည်ဆိုလျှင် ၎င်းက မည်သူ့အမှားမှ မဟုတ်တော့ပေ။


အချို့သောသူများက လောင်းကစားဝိုင်းပင်ဖွင့်ထားပြီး ရက်အနည်းငယ်အကြာတွင် ကျောင်းသားသစ်က ကျောင်းထွက်သွားလိမ့်မည်ဟု လောင်းနေကြသည်။ 


လီချန်ယွီက ဆာ့ဆာ့၏အင်အားကို တွေးမိသောအခါ စောင့်ကြည့်နေကြသူများနှင့် လောင်းနေကြသူများအတွက် အနည်းငယ်သနားမိသွားသည်။ ထိုအချိန်ရောက်လျှင် သူတို့မျက်နှာ ဖြတ်ရိုက်ခံရလောက်သည် ။ 


လီချန်ယွီက ဆာ့ဆာ့ကို ထပ်သတိပေးလိုက်သည်။ 

" သာ့ရှန်...အချိန်ကျလာရင် ကျွန်တော် မင်းကို သေချာပေါက်လာခေါ်မယ်...ဒါပေမဲ့ မင်းသတိထားမှရမယ်...ကျွန်တော်တို့ မေဂျာက နည်းနည်းပေါက်ကွဲတတ်တယ်..."


ဆာ့ဆာ့က နားလည်ပြီး ခေါင်းညိတ်လိုက်သည် ။

" အဆင်ပြေပါတယ်...ကျွန်မ အဲ့ဒါအတွက် အဆင်သင့်ပါပဲ..."


ထိုနေရာတွင် မလွယ်ကူသလို လူများအပေါ် 'ဘယ်လိုကောင်းမွန်စွာ ဆက်ဆံရမလဲ'ဆိုသည်ကို အကြီးဆုံးအစ်ကိုက သူမကို သတိပေးထားပြီးသားဖြစ်သည်။ ဤသို့ဆိုလျှင် ထိုနည်းလမ်းများနှင့် ပေါင်းသင်းဆက်ဆံရန် မခက်ခဲနိုင်လောက်တော့ပေ။ ဆာ့ဆာ့က ပထမဆုံးဘက်စုံအကယ်ဒမီကျောင်း၏ ပတ်ဝန်းကျင်ကို သတိထားမိလောက်ပြီးသားဖြစ်မည်ဟု တွေးမိသည်။ သူမက ယုံကြည်မှုရှိနေသောကြောင့် လီချန်ယွီ၏ စိုးရိမ်မှုများ လျော့သွား၏။ သူက ဆာ့ဆာ့ကို အမြဲယုံကြည်ထားပြီး ဆာ့ဆာ့က ပြဿနာမရှိဟု ပြောလျှင် ပြဿနာမရှိ၍သာ ဖြစ်မည် ။


လီချန်ယွီက သူ့သူငယ်ချင်းနှင့် အသစ်ဝင်လာမည့် ကျောင်းသားအကြောင်း ပြောသည့်အခါ ပါးစပ်ပိတ်နေလိုက်သည် ။

" ဝိုင်းသမရမယ့် အထဲမှာ ငါတို့လည်းပါတယ်ဆို... ဒါပေမဲ့ အဲ့ဒါက ဘယ်သူ့ကိုသမရမလဲဆိုတာ ငါတို့အခုထိ မသိသေးဘူး..."


သူငယ်ချင်း : "...."


" မင်းအတွင်းသတင်းတွေ ဘာတွေများသိထားသေးလား ...ငါ့ကို မြန်မြန်ပြောစမ်းပါ..."


" ငါမင်းကိုအခုပြောနိုင်တာဆိုလို့ အဲ့ဒီကျောင်းသားက အဆက်သွယ်ပေါ်မှာပဲ မှီခိုနေရတဲ့ လူသစ်လေးမဟုတ်ဘူးဆိုတာပဲ...အဲ့...အဲ့ဒီကျောင်းသားက နတ်ဘုရားအဆင့် သာ့ရှန်လည်း ဖြစ်နေနိုင်တာပဲ..."


သူ့သူငယ်ချင်းက သူ့စကားကို အတည်မယူလိုက်ပေ။ 

" ဟားဟား ချန်ယွီ... မင်းတောင် အခု ဟာသပြောတတ်နေပြီပဲ... ငါက မင်းကိုမသိပဲနေပါ့မလား...ဘယ်သူမှတောင်မသိသေးတဲ့အတွင်းသတင်းကို မင်းက သိထားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


လီချန်ယွီ : "...."

' ထားလိုက်ပါတော့...အမှန်တရားကို ဘယ်သူမှ ယုံကြမှာမဟုတ်ဘူး...'


တစ်ဖက်တွင် ဆာ့ဆာ့က မြို့တော်ကို ထွက်ခွာရန်အတွက် အားလုံးအဆင်သင့်ဖြစ်နေပြီဟု ခံစားရသည်။ 


B111ဂြိုဟ်က အလွန်ခေါင်သောကြောင့် မြို့တော်သို့တိုက်ရိုက်ရောက်သည့် Starship ပင် မရှိသေးပေ။ သူမက စနစ်အတိုင်း ပင်မဂြိုဟ်သို့ ဦးစွာသွားပြီး မြို့တော်သို့ရောက်အောင် နောက်ထပ် starship တစ်ဆင့် ထပ်စီးရမည်။ လော့ကျန်းက ဆာ့ဆာ့ကို လော့မိသားစု၏ ကိုယ်ပိုင်လေယာဥ်ကို ပေးစီးချင်သော်လည်း ဆာ့ဆာ့က ငြင်းဆိုလိုက်သည်။ ၎င်းက ကြယ်တာရာခေတ်တွင် သူမ၏ ပထမဆုံးခရီးဝေးသွားခြင်း ဖြစ်၏။ အများသုံးပို့ဆောင်ရေးများကို အသုံးပြုခြင်းက ကြယ်တာရာခေတ်၏ ရှူခင်းများကို ပိုမြင်ရနိုင်ပြီး သူမလည်း ပြင်ပကမ္ဘာကြီးကို ပိုစူးစမ်းလေ့လာချင်မိသည်။



💫💫💫