Chapter 19
Viewers 754

💫 Chapter 19



ဆာ့ဆာ့၏ အထူးလေ့ကျင့်ပေးနေသည့်အချိန်က ပထမဆုံးဘက်စုံအကယ်ဒမီကျောင်း၏ လက်တွေ့လေ့ကျင့်ချိန်ဖြစ်သည်။ 


လီချန်ယွီကို ဒန်းနစ် မတွေ့မိပေ။ သူတို့က အဆင့်အတူတူဟု သူ(ဒန်းနစ်) မထင်သော်လည်း သူက ထိုပြိုင်ပွဲကို ပေါ့ပေါ့ပါးပါးသတ်မှတ်ထားခြင်းမျိုး မရှိပေ။ သူက လီချန်ယွီ၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ တစ်ယောက်ယောက်ကို မေးထားပြီး လီချန်ယွီ နေ့တိုင်း လေ့ကျင့်နေသည်ဟုကြားသောအခါ ဒန်းနစ်အနည်းငယ် စိုးရိမ်သွား၏။ 


သို့သော်လည်း လီချန်ယွီက စတားကွန်ရက်တွင် သူ့ကို လေ့ကျင့်ပေးရန် ကျွမ်းကျင်သူတစ်ယောက်ထံ၌ စာရင်းပေးထားသည်ဟု ကြားလိုက်ရသည်။ ဒန်းနစ်က လှောင်ရယ်လာ၏ ။

" စတားကွန်ရက်ပေါ်မှာလား...အဲ့ဒီမှာ ကျွမ်းကျင်သူဆိုတာမျိုးရောရှိလို့လား...မက်ခါကို လက်တွေ့မောင်းနှင်တာနဲ့ စတားကွန်ရက်ထဲမှာ မောင်းရတာက တကယ်အကွာကြီးပဲ ...သူက အဲ့ဒီလေ့ကျင့်ရေးလောက်လေးနဲ့ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား..."


လီချန်ယွီအပေါ် သူပိုတွက်မိပြီဟု ခံစားမိသည်။ အပျော်တမ်းမက်ခါမောင်းနှင်သူများကသာလျှင် စတားကွန်ရက်ပေါ်တွင် မောင်းနှင်ရသည်ကို အဟုတ်ကြီးထင်နေလိမ့်မည်။ ဤကာလအတွင်းတွင် သူလည်း သူ့မက်ခါကို ချိန်ညှိရန် ဆရာသမားတစ်ယောက်ကို ငှားရမ်းထားပြီး လက်တွေ့အထူးလေ့ကျင့်ရေးခန်းထဲ၌လည်း သူက အချိန်တော်တော်ကြာကြာ လေ့ကျင့်နေခဲ့သည်။ ဤပြိုင်ပွဲတွင် မည်သည့်အံ့အားသင့်စရာမျိုး ဖြစ်လာသည်ကိုမှ သူ မမြင်ချင်ပေ။


*****


ပွဲစသည့်နေ့တွင် နှစ်ယောက်စလုံးက လေ့ကျင့်ရေးကွင်း၏ အလယ်၌ ယုံကြည်မှုအပြည့်ဖြင့် ရပ်လိုက်ကြသည်။ လီချန်ယွီက သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိသောသူ မဟုတ်သော်လည်း ဆာ့ဆာ့ကို သူယုံသည်။ 


ဆရာက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်ချိန်၌ ဒန်းနစ်က လီချန်ယွီကို မည်သည့်အခွင့်အရေးမှ မပေးချင်သည့်အလား ဦးဆောင်စတင်တိုက်ခိုက်လာ၏။ 

" မင်းမှာ ဗျူဟာကောင်းတွေရှိတယ်မလား... အဲ့ဒီဗျူဟာတွေကိုတောင် အသုံးချလိုက်ဖို့ အချိန်မရဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ..."


သူက အနိုင်ရချင်ရုံသာမက ခံ့ညားစွာဖြင့် အနိုင်လိုချင်သည်။


သို့သော် အမှန်တွင် ဒန်းနစ်အသုံးချလိုက်သောနည်းလမ်းကို ဆာ့ဆာ့နှင့် လီချန်ယွီတို့က ခန့်မှန်းထားပြီးသားဖြစ်သည်။ သူတို့ ဤပြဿနာအတွက် အကြိမ်များစွာ လေ့ကျင့်ထား၏။ ဒန်းနစ်က သူ့ကို ဆာ့ဆာ့လောက်ပင် ဖိအားမပေးနိုင်ချေ။


လီချန်ယွီက သူနည်းနည်းလေးမှ စိုးရိမ်မနေတာကို အံ့အားသင့်စရာကောင်းစွာ ရှာတွေ့သွား၏။ သူက အတော်လေး စိတ်တည်ငြိမ်နေပြီး ဒန်းနစ်၏ တိုက်ခိုက်မှုများကို အာရုံစိုက် အကဲခတ်နေသည်။ သူက မသိစိတ်ဖြင့် စွမ်းအင်အမြောက်ဆံကို သူ့ဆီ မကျရောက်လာမီ ရှောင်တိမ်းလိုက်နိုင်၏ ။ 


ဟုတ်တယ်...ငါ ဒီလိုအခြေအနေကို တွေ့ကြုံပြီးသားပဲ...


ဆာ့ဆာ့၏စကားများကို သူ့စိတ်ထဲပြန်ကြားယောင်လာမိသည် ။

" အဆင့်မြင့်မက်ခါတွေက အားသာချက်ရှိတယ် ဒါပေမဲ့ လုံးဝကြီးပြီးပြည့်စုံနေတာမဟုတ်တဲ့အတွက် ကျော်လွှားလို့မရနိုင်တာတော့မဟုတ်ဘူး...ဒီမက်ခါတွေကို မောင်းနှင်တဲ့လူတွေက မတူညီကြတဲ့အတွက် ပြီးပြည့်စုံဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး...အားနည်းချက်ကိုရှာ ...သူ့ကိုချဥ်းကပ်ပြီး တိုက်ခိုက်ပစ်..."


ဒန်းနစ်က စွမ်းအင်အမြောက်ဆံကို ပစ်လွှတ်နေချိန်မှာပင် လီချန်ယွီက သူ့ကို ချဥ်းကပ်သွား၏။ ဒန်းနစ်၏ ထိတ်လန့်အံ့ဩသွားသော အကြည့်များအောက်မှာပင် သူ့စွမ်းအင်အမြောက်ဆံက ဒန်းနစ်၏ စွမ်းအင်ဗဟိုချက်ကို ဖြိုခွင်းလိုက်သည်။ အစပိုင်းတွင် သူကရှောင်တိမ်းပြီး သူ့မက်ခါ၏စွမ်းအင်ကို အနိမ့်ဆုံးထိလျှော့ချထားရခြင်းမှာ ဒန်းနစ်အား နောက်ဆုံးအခိုက်အတန့်တွင် တစ်ချက်တည်းနှင့် အပြီးသတ်ပစ်ရန် ဖြစ်သည်။ 


၎င်းက အလုပ်ဖြစ်သွားပြီး ဒန်းနစ် ထုတ်ပယ်ခံလိုက်ရသည်။


ဆရာများကလည်း ချက်ချင်းတုံ့ပြန်လာကြပြီး ရလဒ်ကို တစ်ခါတည်း ကြေညာလိုက်သည် ။ 

" လီချန်ယွီ အနိုင်ရတယ်..."


ကွင်းအပြင်ဘက်ရှိ ကျန်ရှိသောကျောင်းသားများမှာ အသိပြန်ဝင်လာပြီး လက်ခုပ်သြဘာတီးလာ၏။ အသာစီးရနေသည့်အခြေအနေများအားလုံးကို ချိုးဖျက်ကာ အနိုင်ရသွားခြင်းက အားလုံး သဘောကျသည့်အရာမျိုး ဖြစ်သည်။ သို့သော်လည်း တစ်ပတ်အတွင်း လီချန်ယွီ၏ လှုပ်ရှားမှုများက အလွန်တိုးတက်လာပြီး သူတို့ကို အံ့အားသင့်သွားစေသည်။ 


ထိုကဲ့သို့ တူညီသောအခြေအနေများတွင် ကျောင်းသားအနည်းစုမှာ 'ဘယ်လိုဖြေရှင်းရမလဲ' ဆိုသည့် ကိုယ်ပိုင်နည်းလမ်းများရသွားကြသည်။ မေးခွန်းထုတ်ရန်အတွက်ဆိုလျှင် ဒန်းနစ်နှင့်ပင် သူတို့ထိပ်တိုက်တွေ့ရန် မလိုတော့ပေ။ သို့သော်လည်း ဗျူဟာပိုင်း၌ လီချန်ယွီလောက် လုပ်နိုင်မည့်သူရှိမည်မဟုတ်ကြောင်း သူတို့သိကြသည် ။ 


ဒန်းနစ်က ရှုံ့မဲ့နေ၏။ သူ၏ အဖွင့်တိုက်ခိုက်မှုများက လီချန်ယွီအတွက် နင်းတက်၍ရမည့် ကျောက်တုံးများဖြစ်သွားခဲ့သည် ။ 


ဒန်းနစ်ကို အနိုင်ရပြီးနောက် လီချန်ယွီက ဘာမှမပြောဘဲ လေ့ကျင်းရေးကွင်းထဲမှ အပြုံးဖြင့် ထွက်သွားပြီး တစ်စုံတစ်ယောက်အတွက် သီးသန့်နေရာချန်ပေးလိုက်သည်။ သို့သော်လည်း သူ၏ ထိုကဲ့သို့ ပေါ့ပါးသောစိတ်နှလုံးက ဒန်းနစ်ကို ပိုအသည်းခိုက်သွားစေ၏ ။ 

' သေစမ်း..အခု အရှုံးသမားကတောင်မှ ငါ့ကို အထင်သေးနေပြီ...'


အတန်းပြီးသည်နှင့် တစ်ပြိုင်နက် ဒန်းနစ်က သူ့နောက်လိုက်များကိုပင် မခေါ်တော့ဘဲ လေ့ကျင့်ရေးကွင်းမှ ထွက်သွားတော့သည် ။ 


လီချန်ယွီက ဒန်းနစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သူငယ်ချင်းနှင့်အတူ ထွက်သွားလိုက်သည်။ ဒန်းနစ်ကို အနိုင်ရသွားခြင်းက အမှန်တကယ်ချီးကျူးစရာကောင်းလောက်သည်ဟု သူ မထင်ပေ။ သာ့ရှန်၏ အင်အားနှင့်ယှဥ်လျှင် သူ့လုပ်နိုင်စွမ်းက များစွာနောက်ကောက်ကျနေသေးသည် ။ 


သူ့သူငယ်ချင်းက သူ့ကို အမောတကောပြောလာ၏။

" မင်းအခွင့်သာနေတဲ့အချိန်မှာ မင်းရဲ့ကောင်းမွန်တဲ့အကျင့်တွေကို ထုတ်ပြမနေနဲ့...အားလုံးမင်းကို အရင်က ဝက်တစ်ကောင်လိုသပ်သပ်ဟန်ဆောင်နေခဲ့တာပဲဖြစ်မယ်လို့ တထစ်ချယုံသွားကြပြီ ...ပြီးတော့ အခုလည်းကြည့်ဦးလေ ...မင်းက ရန်စခံရတဲ့အချိန်မှာ မင်းရဲ့ အင်အားကို ထုတ်ပြလိုက်တာပဲ..."


လီချန်ယွီက ပြောလိုက်သည်။

" ဒါက တကယ်ကို အကြီးအကျယ်အထင်လွဲနေတာပါ..."


" ဒါနဲ့စကားမစပ် ...ငါတို့မက်ခါဌာနမှာ အခုတလော အတင်းအဖျင်းတစ်ခုပွထနေတာ မင်းသိလား...ဝင်ခွင့်စာမေးပွဲတွေတောင် မဖြေထားတဲ့သူက အနောက်တံခါးကနေ ဝင်လာတော့မယ်တဲ့..."


လီချန်ယွီ မျက်ခုံးကျုံ့သွား၏ ။

" အဲဒီလူက မိသားစုကြီးက လျှို့ဝှက်ကျွမ်းကျင်သူများလား..."


" မဟုတ်ဘူး...အဲ့လူက ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့် ဗလာပဲလို့ ငါကြားထားတယ်...သူတို့သာ တကယ်အင်အားရှိရင် အကယ်ဒမီကို ဝင်ခွင့်ရအောင် ကြိုးစားပြီး သူတို့အင်အားကို ဖုံးကွယ်နေမှာ မဟုတ်ဘူး...အဲ့ဒီလူက မိသားစုကြီးတစ်ခုရဲ့ တရားမဝင်သား ဒါမှမဟုတ် တစ်ခုခုပဲလို့ အားလုံးက ထင်ကြေးပေးနေကြတယ်...အဲ့ဒီမိသားစုက လူအိုကြီးက တရားမဝင်သားပေါ်မှာ တာဝန်ရှိနေလို့ ဒီကိုပို့လိုက်တာပဲဖြစ်မယ်..."


" သူတို့က ဘာလို့အဲ့လောက်တောင် မက်ခါဌာနကို လာချင်နေရတာလဲ..."


သူတို့သာ နောက်ထပ်အစွမ်းအစတစ်ခုရှိမည်ဆိုလျှင် မိသားစုအင်အားက သူတို့အတွက် အပိုအင်အားတစ်ခုသာ ဖြစ်လိမ့်မည်။ သို့သော် မက်ခါဌာနတွင် သူတို့သာပျော့ညံ့နေလျှင် မိသားစုက နောက်ခံမည်မျှကြီးနေပါစေ မောက်မာနေနိုင်မည် မဟုတ်ပေ ။


" ဘာစာမေးပွဲမှလည်းမဖြေ... အတန်းတွေလည်းမတက်ဘဲ လူသစ်အနေနဲ့ ဝင်လာမှာလား...အဲဒါတွေအကုန်လုံးက တကယ်သေစေနိုင်လောက်တဲ့အကြောင်းအရာတွေပဲ...အဲ့ဒီလူက ဒီနေရာမှာ တကယ်ပဲ ရှင်သန်နိုင်ပါ့မလား..."


သူ့သူငယ်ချင်းက ပုခုံးသာ လှုပ်ပြလာ၏ ။

" ဘယ်သူသိနိုင်မှာလဲ...တချို့လူတွေက ငါ့ဘာသာလုပ်နိုင်ဆိုပြီး ခေါင်းမာနေကြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့..."


လီချန်ယွီက အတင်းအဖျင်းများကို ဂရုစိုက်မနေဘဲ ဘေးဖယ်ထားလိုက်သည် ။ 


မကြာသေးမီလေးကပင် ဆာ့ဆာ့က ပထမဆုံးဘက်စုံအကယ်ဒမီမှ ဝင်ခွင့်လက်ခံစာကို ရရှိလိုက်သည်။ 


လော့ကျန်းက ဆာ့ဆာ့၏တောင်းဆိုမှုဖြင့် ချဥ်းကပ်ခံရကာ စုန့်နင်ဖုန်းနှင့် တိုင်ပင်ပြီးနောက် သူက အလုပ်ကိုတတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်လိုက်သည်။ ထိုက်ယီဂိုဏ်းမှ လူတစ်ယောက်က သူ့ဆီမှ အကူအညီလိုအပ်သည်က ကြုံတောင်ကြုံခဲဖြစ်ပြီး ကြယ်တာရာခေတ်တွင် မည်သူမှမငြင်းဆိုနိုင်လောက်မည့် ကမ်းလှမ်းမှုကို ရရှိပြီးနောက် သူ ဤကိစ္စကို ကောင်းကောင်းလုပ်ရန် လိုသည် ။ လော့ကျန်းက စုန့်နင်ဖုန်းနှင့် အခြားသူများ သူတို့ကလေးကို မည်မျှအလိုလိုက်ကြောင်း စောဒကတက်နေပါစေ သူ ၎င်းကို ရအောင်လုပ်မှဖြစ်မည် ။


လော့ကျန်းက အခြားမိသားစုကြီးများနှင့် အင်အားကို ရှာမနေဘဲ ကျောင်းအုပ်ကိုသာ ဆေးပုလင်းများဖြင့် တိုက်ရိုက်ချဥ်းကပ်လိုက်သည်။ ထို့နောက် ဗီဇတိုးမြင့်ဆေးနှင့် စိတ်ဝိညာဥ်ပင်လယ်တိုးမြှင့်ဆေးနှစ်မျိုး၏ အကျိုးကို သိပြီးနောက် ကျောင်းအုပ်က လော့ကျန်းကို ဝင်ခွင့်စာရင်းတန်းပေးလိုက်သည် ။ 

" ဒါပေမဲ့ ဘာအရည်အချင်းမှမရှိဘဲ ဒီကျောင်းမှာ ရှင်သန်နိုင်ဖို့က မလွယ်ဘူး...ငါ စိုးတော့စိုးရိမ်မိတယ်..."


ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းကို ဝင်ခွင့်ရရန်ဆိုသည်က မလွယ်ကူသော်လည်း ၎င်းက အခက်ခဲဆုံးကိစ္စမဟုတ်သေးပေ။ အခက်ခဲဆုံးကိစ္စက ထိုနေရာတွင် ရှင်သန်နိုင်ရန် ဖြစ်သည် ။


လော့ကျန်းလည်း ဤကိစ္စနှင့်ပက်သက်ပြီး ဆာ့ဆာ့ကို စိတ်ပူဖူးသော်လည်း စုန့်နင်ဖုန်းနှင့် အခြားသူများက သူမကို 'ဘယ်လောက်အလိုလိုက်ထားလဲ'ဆိုသည်ကို နားလည်သွားပြီးနောက် သူထပ်ပြီး ဂရုစိုက်မနေတော့ပေ ။

' တကယ်လို့ ဆာ့ဆာ့က ဘာမှမလုပ်နိုင်ရင်တောင် စုန့်နင်ဖုန်းနဲ့ တခြားသူတွေက ဘယ်တော့မှ ဒီတိုင်းထိုင်ပြီး ဆာ့ဆာ့အနိုင်ကျင့်ခံနေရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး...'


ဆာ့ဆာ့ကို စိတ်ပူမည့်အစား ထိုက်ယီဂိုဏ်းက ပြဿနာရှာလာမည်ကိုသာ သူတို့စိတ်ပူသင့်သည် ။


ဆာ့ဆာ့၏ ဝင်ခွင့်လျှောက်လွှာကြောင့် ထိုက်ယီဂိုဏ်းက အစည်းအဝေးပွဲလေးတစ်ခု လုပ်လိုက်သည် ။


စုန့်နင်ဖုန်းက မက်ခါကဲ့သို့ အရာမျိုးများကို အလေးပေးလေ့လာနေတာကြောင့် ဆာ့ဆာ့ အဘယ့်ကြောင့် သွားလေ့လာချင်သည်ကို သူ နားလည်သည် ။ 


သူတို့စိတ်ပူနေမည်စိုးသောကြောင့် ဆာ့ဆာ့က သူမ၏စိတ်ဝိညာဥ်ရင်းမြစ်နှင့်ပတ်သက်၍ အာရုံအနောက်မခံတော့သလို ဟန်ဆောင်နေ၏။ သို့သော် ထိုကဲ့သို့ ကိစ္စမျိုးကို သူမ ဂရုမစိုက်ဟု မပြောနိုင်ပေ။ 


အခုပဲ ဆာ့ဆာ့က ဒီမက်ခါတွေနဲ့ပက်သက်ပြီး ဘယ်လောက်စိတ်ဝင်စားနေလဲဆိုတာ ကြည့်လိုက်စမ်းပါဦး...


ဆာ့ဆာ့၏ လိုအပ်ချက်များကို မက်ခါက အစားထိုးနိုင်လောက်သည်။ 


စုန့်နင်ဖုန်းက ဆာ့ဆာ့ မက်ခါများအား လေ့လာသည်ကို သေချာပေါက် တားမည်မဟုတ်ပေ။ သူက အစောကတည်းက မက်ခါမလေ့လာခဲ့မိတးသည်ကို နောင်တရရုံသာဖြစ်ပြီး ဆာ့ဆာ့ပြောပြီးနောက်မှသာ သူက ၎င်းကို စိတ်ဝင်စားလာပြီး လေ့လာချင်မိသည်။ မက်ခါ၏ စျေးနှုန်းများကို ကြည့်ပြီးနောက် ဂျူနီယာညီမလေးက သူ့ကို အဘယ့်ကြောင့်မပြောရသည်ကို သူနားလည်သွားသည် ။ 

' ဂိုဏ်းက ပိုက်ဆံမရှိမှာကို သူ စိတ်ပူနေတာပဲနေမယ်...'


စုန့်နင်ဖုန်းက ပြဿနာများကို သက်ပြင်းချရင်း ရှူထုတ်လိုက်သည်။ 


မိသားစုကြီးများ၏ ကလေးများက ငယ်ငယ်လေးကတည်းက မက်ခါကို လေ့လာထား၍ ဆာ့ဆာ့က နောက်ကောက်ကျကျန်နေ၏။ ၎င်းက သည်းမခံနိုင်လောက်စရာပင်။ သူက 'စည်းကင်းတင်းကြပ်သောမိဘ' ဟူသည်မှာ မည်သည်ကိုဆိုလိုကြောင်း နားမလည်သော်လည်း စိုးရိမ်ပူပန်ခြင်းကို သူ ခံစားမိသည်။


သူက ၎င်းကိစ္စကို အတိဒုက္ခဖြတ်ကျော်သည့်ကာလတစ်ဝက်တွင်ရောက်နေသော ရွှီယီကို တင်ပြလိုက်သည် ။ သူ့ဆရာက 'ဒီကမ္ဘာကြီးနှင့် လိုက်လျောညီထွေနေဖို့ သိပ်စိတ်မဝင်စားဘူး' ဆိုကြောင်း သူသိသည်။ သူက သူတို့ကိုပါ ကြိမ်းမောင်းထားသေးသည် ။ 

' ဒီကမ္ဘာက ပြင်ပကိစ္စတွေက မင်းတို့ရဲ့စိတ်ကို ပျက်ပြားစေတာမျိုး မဖြစ်စေနဲ့... ပြီးတော့ တာအိုလမ်းစဥ်ကို လိုက်ဖို့လည်း မမေ့ကြနဲ့...'


ဆာ့ဆာ့ကို ဆရာက ကျောင်းသွားခွင့်မပေးမည်စိုးသောကြောင့် ဆာ့ဆာ့အတွက် အချို့အရာများကို စုန့်နင်ဖုန်းက ကူရှင်းပြထား၏။ 

" ဆရာ... ဆာ့ဆာ့ ကျောင်းသွားတယ်ဆိုတာက ဆရာ့ကို ပြန်ပုန်ကန်တဲ့ သဘောမျိုးမဟုတ်ပါဘူး ..."


ထင်မထားစွာဖြင့် အမြဲတမ်း ခေတ်နောက်ကျသည့် ဆရာရွှီယီက သက်ပြင်းချကာ ပြောလာ၏ ။

" အဲ့ဒါကို ငါ့ဘက်က သတိမထားမိသွားတာပဲ… မင်းတခြားညီအစ်ကိုနှစ်ယောက်ကိုလည်း ခေါ်ပြီး တူတူဆွေးနွေးသင့်တယ် ..."


စုန့်နင်ဖုန်း သူ့နဖူးပင် ပြန်ရိုက်မိသည်။ ဆာ့ဆာ့အား ဂိုဏ်းတစ်ခုလုံးတွင် အလိုလိုက်ဆုံးသော သူက ဆရာဖြစ်နေသည်ကို သူမေ့သွား၏။ 


ထို့နောက် ရှဲ့ရုန်နှင့် ချန်ကျီလည်း ဆာ့ဆာ့က ကျောင်းအတွက် ခွဲခွာမည့်ကိစ္စကို သိသွားကြသည်။ 


" နင်ဖုန်း... ဆာ့ဆာ့အတွက်မက်ခါက မင်း ပြန်တည်ဆောက်လို့ရတာနဲ့ တူညီတာရှိနိုင်တယ်...မင်း ဆာ့ဆာ့အတွက်လည်း တစ်ခုသီးသန့်လုပ်ပေးသင့်တယ်...အားကျီ...မင်း ဆာ့ဆာ့အတွက် ဒီကာလအတွင်း အပိုဆောင်ထားလို့ရအောင် ဆေးတွေ ထပ်လုပ်ထားလိုက်...ပြီးတော့ နင်ဖုန်း... မင်းလည်း တောင်ခြေက လူတွေကို ပူးပေါင်းဖို့ ပြောသင့်တယ်...အသေးစိတ်အကြောင်းအရာတွေကိုတော့ ငါတို့ တဖြည်းဖြည်းဆွေးနွေးကြတာပေါ့...မင်းတို့တစ်ခုခုလိုတာရှိရင်ငါ့ကိုပြန်လာတွေ့ကြ..."


ရှဲ့ရုန်က အလုပ်ရှုပ်ခံမနေဘဲ တစ်ခါတည်းမေးလာ၏။

" ဆရာ..ကျွန်တော်ကရော...ကျွန်တော်က ဘာလို့ ဆာ့ဆာ့နဲ့အတူအဖော်အဖြစ် ကျောင်းကိုမသွားရတာလဲ... တကယ်လို့ ဆာ့ဆာ့ကို အနိုင်ကျင့်ရဲတဲ့သူတစ်ယောက်ယောက်ရှိရင် ကျွန်တော်က သူတို့ကို ကိုင်တွယ်လိုက်မယ်..."


ရှဲ့ရုန်က အပြင်ဘက်ကမ္ဘာရှိအကြောင်းအရာများကို စတားကွန်ရက်မှ တစ်ဆင့်သိရှိထားပြီးသားဖြစ်ပြီး သူက အပြင်ထွက်ချင်စိတ်ရှိနေ၏။ သို့သော်လည်း သူသာအပြင်ထွက်ပြီး ပျော်ပါးလျှင် သူ့ဆရာက သူ့ကို မျိုးဖြုတ်ပစ်မည်ကို သူသေချာသိသည် ။ 


ဆာ့ဆာ့သွားမည့် ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းက ဂြိုဟ်၏မြို့တော်တွင် ဖြစ်သည်။ ထို့ကြောင့် ဆာ့ဆာ့ကိုလည်း ဂရုစိုက်ပြီး တစ်ချိန်တည်းမှာပဲ သူလည်း အချိန်ကောင်းလေးတွေ ရရှိနိုင်ပေသည်။


ရွှီယီက သူ့ကို သဘောမတူသလို ကြည့်လာ၏။ 

" မင်းစိတ်တိုင်းကျလုပ်...ဒါပေမဲ့ ဆာ့ဆာ့ နောက်ကို မလိုက်နဲ့ ...မင်းလို စီနီယာအစ်ကိုရှိနေလို့ ဆာ့ဆာ့က သူ့အတန်းဖော်တွေရှေ့မှာ ခေါင်းမထောင်နိုင်မှာကို ငါစိုးရိမ်တယ်..."


ရှဲ့ရုန် : '....'

' ဆရာ...ကျွန်တော့် အထင်တော့ ဒါပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာပဲ...ပြီးတော့ ကျွန်တော့်မှာ ခိုင်လုံတဲ့ သက်သေအထောက်ထားရှိတယ်...'


ရှဲ့ရုန်က သနားစရာပုံစံလေးဖြင့် ပြောလာ၏ ။ 

" ဒါဆို ဆရာ...ကျွန်တော်လည်း တက္ကသိုလ်ကို သွားလို့ရမလား... ကျွန်တော်ကြားထားတာတော့ ဒီကြယ်တာရာခေတ်မှာဆိုရင် ကျွန်တော့်အရွယ်က တက္ကသိုလ်သွားရမယ့် အရွယ်ပဲတဲ့..."


ရွှီယီက အမူအရာကင်းမဲ့စွာဖြင့် ပြောလာ၏ ။

" မဖြစ်နိုင်ဘူး...မင်းက မင်းကိုယ်မင်း တကယ် ၂၅ နှစ်လို့များ ထင်နေတာလား..."


ရှဲ့ရုန် "..."


ဆရာပေးတဲ့ အပူက တကယ့်အပြင်းဆုံးပဲ...



💫