Chapter 18
Viewers 762

💫 Chapter 18



လီချန်ယွီကို ယခုချဥ်းကပ်လာသောသူက မက်ခါတိုက်ခိုက်ရေးအတန်း(B)မှ အတန်းဖော် ဒန်းနစ်ဖြစ်ပြီး ဝဒ်ဆန်မိသားစု၏ မိသားစုဝင်တစ်ယောက်ဖြစ်သည်။ သူ့အရည်အချင်းက အထက်ပိုင်းအလယ်အလတ်အဆင့်ခန့်ရှိပြီး ဝဒ်ဆန်မိသားစုက ကြယ်တာရာခေတ်တွင် အဆင့်အကောင်းဆုံးထဲမှ မိသားစုတစ်စုဖြစ်သည်။ ဒန်းနစ်မှာ ဝက်ဒ်ဆန်မိသားစု၏ ပင်မမိသားစုမှလာခြင်းမဟုတ်သော်လည်း သူ့အဆင့်များ

က ကောင်းပြီး နောက်ခံကလည်း မဆိုးပေ။


အမှန်တကယ်အထက်အဆင့်ရှိသူများက ဂရုစိုက်လောက်မည်မဟုတ်သော်ငြား၊ လီချန်ယွီက မည်သည့်အဆင့်တွင် ရှိနေပါစေ သူနှင့်တိုက်ခိုက်ရန် အခွင့်အရေးရလောက်သည်။ 


သို့သော်လည်း ဒန်းနစ်နှင့် အဆင့်တူတူဟုယူဆရသောသူများက ရုတ်တရက်ပြိုင်ဘက်အနေနှင့်ထွက်ပေါ်လာပြီး နာမည်ကြီးသွားလျှင် ၎င်းက သူတို့အတွက် အနှောင့်အယှက်ပင် ဖြစ်သည် ။


အမှန်တွင် လီချန်ယွီ နှင့် ဒန်းနစ်တို့က အချင်းချင်း မသိကြပေ။ သူတို့က အတန်းတူတူဖြစ်သော်လည်း အသိုင်းအဝိုင်းမတူသောကြောင့် တူတူပျော်ပါးခြင်းမရှိသည်က ပုံမှန်ပင် ဖြစ်သည် ။ 


ထို့ကြောင့် လီချန်ယွီမှာ ဒန်းနစ်ကို ဘာပြောရမှန်းမသိဖြစ်နေပြီး တိတ်တဆိတ်သာနေနေ၏။ ထိုအတွေ့အကြုံများအကြောင်းကို သူ့သူငယ်ချင်းအား သူပြောပြနိုင်သော်လည်း သူနှင့်မရင်းနှီးသည့်အတန်းဖော်နှင့် မသိမသာရန်လိုနေသောသူများကို သူ မပြောပြနိုင်ပေ။ 


သို့သော် လီချန်ယွီ၏ထိုအပြုအမူက ဒန်းနစ်၏အမြင်တွင် ဒေါသထွက်အောင်ဆွပေးသလို ဖြစ်နေ၏။ 

" လောင်ဇီကလည်း မင်းကို ဂရုမစိုက်ချင်ပါဘူး...အကွက်လေး တစ်ကွက်နှစ်ကွက်လောက် လျှိုထားရုံနဲ့ ငါက မင်းကိုကြောက်နေမယ်မထင်နဲ့... ဒီကျောင်းမှာ ရပ်တည်နိုင်ဖို့ဆိုတာ အဲ့လောက် မလွယ်ဘူး... မင်းရဲ့ ဗီဇအဆင့်နဲ့ဆိုရင် မင်းရောက်ချင်ရင်တောင် မရောက်နိုင်တဲ့ အဆင့်တချို့ရှိသေးတယ်..."


အများအားဖြင့် လီချန်ယွီမှာ မိတ်ဖွဲ့ခဲသောသူဖြစ်သည်။ ဤကမ္ဘာက အင်အားကြီးသူများ ပစားပေးခံရသည့် ကမ္ဘာဖြစ်၍ အင်အားမရှိသူများက ထိုသူများ၏ ထင်ရာစိုင်းသမျှကို လိုက်လျောပေးရသူများသာ ဖြစ်သည်။ သူ၏ တည်ရှိမှုက အတန်းထဲတွင် မသိသာသလို သူ့ကိုသိသောမိတ်ဆွေကလည်း အနည်းအကျဥ်းသားရှိ၏။


သို့သော် ဒန်းနစ်၏ သူတစ်ပါးကိုနှိမ်တတ်သည့်အပြုအမူကို သည်းခံနိုင်ရန် ခဲယဥ်းသည်။ ဆာ့ဆာ့၏ လှုပ်ရှားမှုအချို့ကို လေ့လာခဲ့ခြင်းက လီချန်ယွီကို အနည်းငယ်မြောက်ကြွမြောက်ကြွဖြစ်သွားစေခြင်းလည်း ဖြစ်နိုင်သည်။သို့သော်လည်း သူက ထိုအရာကို ဆက်သည်းမခံနိုင်တော့ဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သည် ။ 

" ငါ မရောက်နိုင်တဲ့ အဆင့်တချို့ရှိသေးတယ်ဆိုတာတော့ အမှန်ပဲ...ဒါပေမဲ့ မင်းရဲ့အဆင့်လောက်ကိုတော့ နည်းနည်းလေးအားထုတ်လိုက်တာနဲ့တင် ခက်ခဲမှာမဟုတ်ဘူး..."


ဒန်းနစ်၏ မျက်နှာမှာ ချက်ချင်း အစိမ်းရောင်ပြောင်းသွား၏။ လီချန်ယွီ၏စကားများက ဒန်းနစ်ကို အရှိုက်ထိသွားစေသည်။ သူက ပုံမှန်အားဖြင့် သူ့အင်အား ၊ နောက်ခံနှင့်ပတ်သက်၍ ဂုဏ်ယူနေတတ်သူဖြစ်သော်လည်း အမှန်တကယ် ကံကောင်းသည့်သူများ ရှိနေသည်ကို သူသိသည်။ 


ဘေးမှ ဟောင်နေခြင်းကြောင့် ထိုကွာဟချက်ကို သူခဏတာမေ့သွားမိသော်လည်း လီချန်ယွီ၏ စကားများက သူ့ကို တိုက်ရိုက်ပြောလာ၏။ 

' အင်း...မင်းကတော်ပါတယ်...ဒါပေမဲ့ မင်းလောက်တော့ ငါလည်းတော်တာပဲ...'


ဒန်းနစ်က လီချန်ယွီကို ခက်ထန်စွာကြည့်လာပြီး သူ့အသံက သွားကြားထဲမှ ညှစ်ထွက်လာရသည့်အတိုင်းပင် ။

" ကောင်းပြီလေ...နောက်တစ်ခါ တစ်ယောက်ချင်းလေ့ကျင့်တဲ့တိုက်ရိုက်လွှင့်အခန်းကျရင် ပြိုင်ဘက်လုပ်ကြတာပေါ့... အဲ့ဒီအချိန်ကျလာရင်လည်း မင်းဒီလိုပဲ ခေါင်းမာနေနိုင်ဖို့ ငါမျှော်လင့်ပါတယ်..."


" ဟမ်း...စောင့်ကြည့်ကြတာပေါ့..."


ထိုသို့ပြင်းထန်သော စကားများပြောလိုက်ပြီးနောက် လီချန်ယွီ သေချာပေါက် နောင်တရနေမိသည်။ သူက ကိုယ့်ကိုယ်ကိုယ်တော့ သတိပြုမိပါသေးသည်။ ဒန်းနစ်က လူကောင်းမဟုတ်သော်လည်း သူ့အင်အားကတော့ အမှန်တကယ်ကို လီချန်ယွီထက်သာ၏။ 


လာမည့်တိုက်ရိုက်လေ့ကျင့်ရေးက နောက်အပတ်ထဲတွင်ဖြစ်ပြီး သူအတုခိုးထားသော အကွက်အနည်းငယ်လောက်ဖြင့် လီချန်ယွီက ဒန်းနစ်ကို ပြိုင်နိုင်မည်မဟုတ်ချေ ။ 


သူက အထူးတလည် သူ့ဆရာကို သွားရှာခဲ့သော်လည်း သူ့ဆရာက သူ၏ထိုလှုပ်ရှားမှုများကို သေချာစောင့်ကြည့်ပေးနိုင်မည်မဟုတ်ပေ။ သို့သော် အချိန်ကြာလာလျှင် ဒန်းနစ်က အဆင်သင့်ဖြစ်နေပြီး သူ့ကို လှုပ်ရှားရန်ပင် အချိန်ပေးနေမှာမဟုတ်ပေ။ သူက အေးစက်စွာဖြင့် ထွက်ခွာရလိမ့်မည်။


သို့သော် စကားကကျွံထားပြီးသားဖြစ်ပြီး သူသာ ဆိုးဆိုးရွားရွားရှုံးသွားပါက အလွန်ရှက်စရာကောင်းလိမ့်မည်။ ၎င်းက ကိုယ့်အတတ်ကိုယ်စူးခြင်းပင်။


ဒန်းနစ်၏ နောက်လိုက်များက ချက်ချင်းပင် သတင်းဖြန့်လိုက်ကြသည်။ လူအများက ပြိုင်ပွဲကို စောင့်ကြည့်နေကြပြီး လီချန်ယွီ မည်မျှကောင်းကောင်းလုပ်နိုင်မည်ကို စောင့်ကြည့်နေ၏။ ရှုံးသည်က ပြိုင်ပွဲတစ်ခုပဲ ဆိုလျှင်ပင် လူအများရှေ့၌ ဖြစ်သည်။ လီချန်ယွီ၌ ရွေးချယ်စရာမရှိတော့၍ အကူအညီရရန် ဆာ့ဆာ့ရှေ့၌ ဒူးထောက်တောင်းပန်ဖို့သာ ရှိတော့၏။ 


၎င်းက အလုပ်ဖြစ်သည်ဖြစ်စေ၊ အလုပ်မဖြစ်သည် ဖြစ်စေ ကြိုးစားကြည့်၍ အရှုံးမရှိပေ။ သူက သာ့ရှန်၏ ဂုဏ်သရေကို ရနိုင်သရွေ့ မျက်နှာပျက်ရလည်း ဖြစ်သည် ။ 


" တပည့်လက်ခံရမှာလား... ဒါပေမဲ့ ကျွန်မမှာ အဲ့ဒါအတွက် အချိန်မရှိဘူး..."

ဆာ့ဆာ့က ပုံမှန်အတိုင်းသာပြောလိုက်သည် ။


သူမ၏ အမြင်က မပြောင်းလဲသေးပေ။ တပည့်လက်ခံခြင်းက အလွန်အရေးပါသောကိစ္စဖြစ်ပြီး သူမသာ တပည့်လက်ခံလျှင် ထိုတပည့်၏ရှေ့ရေးကိစ္စများကိုပါ တာဝန်ယူသင့်သည်ဟု တွေးမိသည်။


ထိုက်ယီဂိုဏ်းမှ မည်သူကမျှ ကျပန်းတပည့်လက်ခံခြင်းမျိုးမလုပ်ကြပေ။ မဟုတ်ပါက ဂိုဏ်းတွင် ထိုမျှလောက် လူနည်းနေမည်မဟုတ်ချေ။


သူတို့ ကျင့်ကြံရေးကမ္ဘာ၌ ရှိစဥ်က ဆရာရွှီယီ၏ ဂိုဏ်းကို ဝင်ချင်သောသူများ အတန်းလိုက်ရှိသည်။ ရွှီယီက တပည့်လက်ခံခြင်းကို ရပ်လိုက်သောအခါတွင် သူတို့က စီနီယာအစ်ကိုသုံးယောက်၏ လက်အောက်၌ ပြန်သင်ယူလိုသော်လည်း စီနီယာအစ်ကိုသုံးယောက်က သူတို့ တပည့်လက်ခံရန်အထိ လုံလောက်အောင်မကောင်းသေးကြောင်းပြောကာ ငြင်းဆိုလိုက်သည် ။ 


စီနီယာအစ်ကိုသုံးယောက်က ဆရာရွှီယီလောက် ကျွမ်းကျင်မှုမရှိသေးသော်လည်း သူတို့၏အရည်အချင်းမှာ ကောင်းကင်ဘုံတမျှဖြစ်ပြီး ကျင့်ကြံရေးကမ္ဘာ၌ ဂုဏ်သတင်းကောင်းများရှိ၏။ ဤသုံးယောက်၏လက်အောက်၌ သင်ကြားခွင့်ရမည်ဆိုလျှင်ပင် မဆိုးပေ။


အမှန်တွင် ဆာ့ဆာ့က ဆရာတင်ခံရသည့်ခံစားချက်ကို အတော်လေးမနာလိုဖြစ်မိသော်လည်း ကံမကောင်းစွာနှင့် သူမ တစ်ခါမှ ကြုံဖူးခြင်းမရှိပေ ။


သူမမှာ စိတ်ဝိညာဥ်ရင်းမြစ်မရှိကြောင်း အားလုံးကသိထားသောကြောင့် သူတို့ထိုက်ယီဂိုဏ်းကို ဝင်ချင်လျှင်ပင် သူမ၏နာမည်အောက်တွင် တပည့်ခံရန်ဆိုသည်က မဖြစ်နိုင်ပေ။ သူတို့ အခြားသူများထံတွင် တပည့်ခံနေသည်ကိုသာ သူမ ကြည့်နေနိုင်၏။ 


ရလဒ်အနေဖြင့် ယခုတွင် တစ်စုံတစ်ယောက်က သူမထံတွင် ပညာသင်ယူချင်သည်ဟု ဆိုလာ၏။ အဆုံးတွင် အသိအမှတ်ပြုခံရသည့်ခံစားချက်က အလွန်ကောင်းပြီး ဆာ့ဆာ့၏ နှလုံးသားကိုပင် အနည်းငယ် ယိမ်းယိုင်သွားစေသည် ။


ဆာ့ဆာ့က သူမ၏ ကျွမ်းကျင်မှုနှင့် ပက်သက်၍ အနည်းငယ် ချီတုံချတုံဖြစ်နေရုံသာ။ သူမက သူတို့ပြောနေသည့် သာ့ရှန်တစ်ယောက်မဟုတ်ဘဲ မက်ခါနယ်ပယ်တွင် အသစ်တစ်ယောက်သာ ဖြစ်၏။

ငါ တကယ်ပဲ သူ့ကို သင်ပေးနိုင်ပါ့မလား…


ထို့အပြင် မကြာမီတွင် သူမ ကျောင်းသို့သွားရဦးမှာဖြစ်သည့်အတွက် သူမမှာ အချိန်မရှိလောက်ပေ။ သူမသာ တပည့်တစ်ယောက်လက်ခံချင်လျှင် ၎င်းကို ဂိုဏ်းထံတင်ပြရန် လိုသေးသည်။


လီချန်ယွီက သူ့ကံကို စမ်းသပ်ကြည့်ရုံသာဖြစ်သော်လည်း သူမက တကယ်ကြီးရက်ရက်စက်စက်ငြင်းလိမ့်မည်ဟု မထင်ထားပေ။ သူက ချက်ချင်းပင် ပြန်ပြောလိုက်သည် ။

" ကိစ္စမရှိပါဘူး သာ့ရှန်...မင်းအချိန်ရတဲ့အခါကျရင်သာ ကျွန်တော့်ကို နည်းလမ်းတချို့လောက် ညွှန်ပြပေးပါ...မင်းလို နတ်ဘုရားတစ်ယောက်က အရမ်းအလုပ်များတယ်ဆိုတာ ပုံမှန်ပါပဲ...ပြီးတော့ မင်းက ကျွန်တော့်ကို လမ်းညွှန်ပေးတယ်ဆိုရင်ပဲ အရမ်းပျော်မိမှာပါ...သင်ခန်းစာပို့ချပေးတဲ့အတွက် အခကြေးငွေက တစ်နာရီကို ကြယ်ဒင်္ဂါး တစ်သိန်းဆိုရင် အဆင်ပြေမလား..."


ဆာ့ဆာ့သာ သူ့ကို သင်ပြေပေးမည်ဆိုလျှင် လီချန်ယွီက ဒန်းနစ်နှင့်ပြိုင်ပွဲတွင် နိုင်မလား ၊ ရှုံးမလားဆိုသည်ကိုပင် ဂရုစိုက်နေတော့မည် မဟုတ်ချေ။ လာမည့်ပြိုင်ပွဲတွင် သူအနိုင်မရလျှင်ပင် တစ်ရက်ရက်တွင် သူအနိုင်ရနိုင်လိမ့်မည်။


ဆာ့ဆာ့မှင်သက်သွား၏ ။

' ဒါက ကြယ်တာရာခေတ်ရဲ့ ပုံစံလား ...ဆရာက တပည့်တွေကို ဂရုစိုက်စရာမလိုဘဲ အဲ့ဒီအစား တပည့်တွေဆီကနေ ချီးကျူးခံရတာလား...'


ဆာ့ဆာ့က ထိုက်ယီဂိုဏ်းကိုဝင်ပြီးနောက်တွင် သူမက ထိုက်ယီဂိုဏ်းမှာသာစားသောက်ပြီး ထိုက်ယီဂိုဏ်းကအဝတ်ကိုသာ ဝတ်ခဲ့သည်။ တာဝန်သိတတ်သော လီချန်ယွီကို ကြည့်ပြီးနောက်တွင် သူမအနည်းငယ် အရှက်ရသွား၏ ။ 

' ဆရာရွှီယီက တကယ်နစ်နာတာပဲ… တကယ်ကို နစ်နာတာ ...'


ဆာ့ဆာ့ အတွေးများနေသည်ကို ကြည့်ပြီး လီချန်ယွီက အမြန်ပြောလိုက်သည် ။ 

" သာ့ရှန်...ဒီပိုက်ဆံလောက်က မင်းရဲ့ ဂုဏ်သတင်းနဲ့ မထိုက်တန်ဘူးဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ ကျွန်တော်က ကျောင်းသားပဲရှိသေးတာကြောင့် အသုံးစရိတ်ကို အိမ်ကပေးတာနဲ့ အချိန်ပိုင်းအလုပ်ပေါ်မှာပဲ မှီခိုနေရတာပါ...ကျွန်တော် အနာဂတ်မှာ ပိုက်ဆံပိုရှာနိုင်ရင် ကျွန်တော် မင်းကို ထိုက်ထိုက်တန်တန်ဂါရဝပြုမှာပါ..."


ကြယ်ဒင်္ဂါးတစ်သိန်းက နတ်ဘုရားအဆင့်အတွက် မလုံလောက်သေးကြောင်း သူသိသည်။ သို့သော်လည်း သူက မိသားစုကြီးမှ ဆင်းသက်လာသည့်သူမဟုတ်သောကြောင့် ၎င်းက သူ၏ အတတ်နိုင်ဆုံး ကမ်းလှမ်းမှုဖြစ်သည်။ 


ဆင်းရဲနွမ်းပါးသည့်ဆာ့ဆာ့မှာ ပြိုင်ပွဲအတွက် ကြည့်ရှူရမည့်အခကြေးငွေကို အမြင့်ဆုံးအထိ တမင်တိုးမြှင့်ခဲ့သည်။ လီချန်ယွီက သူမထံတွင် သင်ကြားရန်အတွက် စရိတ်ကို တစ်နာရီ ကြယ်ဒင်္ဂါးတစ်သိန်းပေးလာ၍ သူမအတွက် အလွန်အဆင်ပြေသော ပမာဏဖြစ်သည် ။

" မဟုတ်ပါဘူး...မဟုတ်ပါဘူး...အဲ့ဒါက လုံလောက်ပါတယ် ..."


သူမ မှန်းထားသည်နှင့်ယှဥ်လျှင် ၎င်းက အမှန်တကယ်ရက်ရောသော ပမာဏဖြစ်၏။ သူမ ကိုယ်တိုင်က အသက်ကြီးနေသောဆရာဆီမှပင် ပြန်ကပ်စားနေရသည့် အပြစ်သင့်သောတပည့်တစ်ယောက်ဖြစ်သည့်အတွက် လီချန်ယွီထက်ပင် သူမက ပိုဆိုးနေသေးသည်။ သူမ ထပ်တောင်းဆိုရန် မသင့်တော့ပေ။


'တပည့်တွေများလာရင် ငါ ပိုမချမ်းသာလောက်ဘူးလား...'


ဆာ့ဆာ့ မတွေးမိဘဲ မနေနိုင်ပေ ။


သေချာပေါက် ၎င်းက အတွေးသပ်သပ်သာ ဖြစ်သည်။ သူမက တပည့်များထံမှ ငွေလက်ခံနေသည်ကိုသာ ဂိုဏ်းကသိသွားလျှင် သူမအား ဂရုအစိုက်ဆုံးဖြစ်သည့် ဆရာရွှီယီပင်လျှင် သူမကို ဂိုဏ်းမှ နှင်ထုတ်ပစ်လိမ့်မည် ။


ထို့နောက် သူမက ပြောလိုက်သည်။

" ဒါက ကောင်းပါတယ်...ရှင့်ကို ကျွန်မ တပည့်အဖြစ်လက်ခံလို့မရသေးပေမဲ့ ရှင်လေ့ကျင့်ဖို့အတွက်တော့ ကျွန်မ သင်ကြားပေးနိုင်ပါတယ်...ရှင်က ကျွန်မသင်ပေးတာကို အကျိုးရှိတယ်ဆိုမှ အခကြေးငွေပေးပေါ့...အကျိုးမရှိဘူးထင်ရင်လည်း မေ့လိုက်လို့ရပါတယ်..."


လီချန်ယွီမှာ ကျေးဇူးတင်လွန်း၍ မျက်ရည်ပင်ဝဲမိသည် ။

' ငါ ဘယ်လိုနတ်ဘုရားမမျိုးနဲ့များ ကြုံလိုက်ရတာပါလိမ့်...ဒါက အရမ်းကောင်းတာပဲ...'


' တကယ်တန်တယ်...'


ဆာ့ဆာ့က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

" ကျွန်မကို သာ့ရှန်လို့မခေါ်ပါနဲ့တော့ ...ကျွန်မက ဘာနတ်ဘုရားမှမဟုတ်ပါဘူး...ဒီအတိုင်း ဆာ့ဆာ့လို့ပဲခေါ်ပါ..."


နှစ်ယောက်စလုံးက သူငယ်ချင်းစာရင်းတွင် အပ်ထားလိုက်ကြသည် ။


လီချန်ယွီက မကြာမီတွင် ပြိုင်ပွဲဝင်ရတော့မည်ကိုတွေးမိသောကြောင့် ဆာ့ဆာ့က အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် တိုက်ခိုက်မည့်ကိစ္စကို ခဏဘေးဖယ်ကာ သူ့ကို ဦးစွာကူညီပေးရန် ဆုံးဖြတ်လိုက်သည် ။


လီချန်ယွီ အလွန်စိတ်လှုပ်ရှားသွား၏ ။

'ငါ အရမ်းအခွင့်ကောင်းယူနေမိတာပဲ...'


သို့သော်လည်း ဆာ့ဆာ့က ဂုဏ်ယူစွာဖြင့် သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည် ။ 

" ကျွန်မက အခုထိ တရားဝင်တပည့်လက်မခံရသေးပေမဲ့ ရှင်က ပြင်ပတပည့်လို့ ပြောလို့ရပါတယ်...ကျွန်မတို့ ဂိုဏ်းက ဘယ်တပည့်ကမှ ဒီလိုမျိုး အနိုင်ကျင့်မခံရဖူးဘူး...ဒီလူက တကယ်စိတ်ရှုပ်ဖို့ကောင်းတာပဲ...သူက သင်ခန်းစာပေးခံရသင့်တယ်..."


ထိုက်ယီဂိုဏ်းက သူတို့၏ အငယ်ဆုံးတပည့်များကို ကာကွယ်ပေးပြီး လီချန်ယွီက သူမကို ဂါရဝပင်မပြုရသေးမီ ဆာ့ဆာ့က သူမကို သူတို့ထဲမှ တစ်ယောက်အဖြစ်သတ်မှတ်ထားလိုက်သည်။


ထို့အပြင် လီချန်ယွီဘက်မှကြည့်ပါက ဒန်းနစ်ပြောလိုက်သောစကားများမှာ သူမအမုန်းဆုံး စကားများဖြစ်သည် ။ ' စိတ်ဝိညာဥ်ရင်းမြစ်မရှိဘူး ၊ ပါရမီမပါဘူး ' ဆိုသောနေရာတွင် သူက ' ဗီဇအဆင့်မလုံလောက်ဘူး ၊ အရည်အချင်းမရှိဘူး' ဟုပြောခံရသော်ငြား ခံစားချက်က ဘာမှမကွာပေ။


လီချန်ယွီ : ' ပြင်ပတပည့်ဆိုတာကဘာလဲ...ဂိုဏ်းကရော ဘာလဲ...'


လီချန်ယွီက အဓိပ္ပါယ်ဘာမှန်းပင်မသိရသော စကားများကို ကြားလိုက်ရသည်။ ဤသာ့ရှန်က အနည်းငယ်ထူးဆန်းပြီး သူ ယခင်ကတွေ့ဖူးသော ဆရာကြီးများနှင့် အနည်းငယ်ကွာခြားသည်ဟု ခံစားမိသည်။ ၎င်းက သာ့ရှန်များ၏ ထူးခြားသောဝိသေသလက္ခဏာမျိုးလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ဆာ့ဆာ့က သူ့ကို ကူညီပေးချင်သည်ဟု သိရသရွေ့က ၎င်းက ကိစ္စမရှိပေ ။


အတုခိုးပြီး လေ့လာခြင်းနှင့် နတ်ဘုရား၏လမ်းညွှန်ပြသခံရပြီး လေ့လာခြင်းက ကွာခြားသည် ။


ဆာ့ဆာ့က သူမ၏တပည့်ကို လမ်းညွှန်ပေးရာ၌ ထိုမျှလောက်မတော်သော်လည်း သူမက မက်ခါကို ဘယ်လိုမောင်းနှင်ရမလဲဆိုသည်ကို ကိုယ့်ဘာသာရှာဖွေခဲ့ပြီး အချို့အရာများက သိမ်မွေ့နက်နဲကာ ရှင်းပြရန် ခက်သည် ။


သို့သော်လည်း ထိုခံစားချက်ကို 'ဘယ်လိုအတွေ့အကြုံယူရမလဲ' ဆိုသည်ကို သူမကသိပြီး လီချန်ယွီကို ထိုအရာအား ခံစားနိုင်ရန် တွန်းပို့လိုက်ခြင်းက သူ့ဘာသာ ပတ်လည်ရိုက်နေခြင်းထက် ပိုကောင်းလိမ့်မည်။


သေချာပေါက်ပင် လီချန်ယွီက ဆာ့ဆာ့၏ နတ်ဆိုးလေ့ကျင်ရေးများကြောင့် အရေခွံတစ်လွှာကျွတ်သွား၏ ။ 


"ပင်ပန်းတာလား...၅မိနစ်နား ပြန်ထပြီး လေ့ကျင့်..."


" ရေဆာလို့လား...ဒီဟာကို ရတဲ့အထိလေ့ကျင့်ပြီးရင် သွားသောက်..."


လီချန်ယွီက အရှုံးပေးလိုသည့်အခါတွင် ဆာ့ဆာ့က အားပေးလာ၏ ။

" ရှင်က ဒန်းနစ်လိုလူမျိုးဆီကနေ တစ်သက်လုံး အဖိနှိပ်ခံချင်လို့လား...ရှင် ဂုဏ်သိက္ခာမရှိဘဲ ကျရှုံးသွားမှာမျိုးကို လိုချင်တာလား...ရှင်က တကယ်ပဲ အဲ့လို ဖြစ်ချင်တယ်ပေါ့..."


ဆာ့ဆာ့က လီချန်ယွီကို အနိုင်ရစေချင်သည်ဟု ပြောသည့်အချိန်က နောက်နေခြင်းမဟုတ်ပေ။ သူမဂရုစိုက်သည့်အရာမျိုးဆိုလျှင် သူမက အနိုင်ရရန်အတွက် စိတ်အားထက်သန်နေတတ်သည် ။


လီချန်ယွီမှာ ငါးတစ်ကောင်လို ဖျတ်ဖျတ်လူးကာ ထထိုင်လိုက်သည်။ 


လီချန်ယွီမှာ အစောပိုင်းက ဆာ့ဆာ့နှင့် 'စကားပြောလို့ကောင်းတယ်'ဟူသော မှတ်ချက်ကို ပြန်ရုတ်သိမ်းလိုက်သည် ။

' ဒါက နူးညံ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ...တကယ့်နတ်ဆိုးပဲ...'




💫