Chapter 30
Viewers 2k

💫 Chapter 30



လူတစ်ယောက်က ထိလိုက်ရုံလေးနဲ့တင် ဆေးတွေကွာကျသွားနိုင်လောက်အောင် နုရွတဲ့မက်ခါကို ဘာလို့များလုပ်နေရသေးတာလဲ…


အဖိုးကြီးက ဆိုင်ထဲတွင် လူများလျှောက်ပတ်ကြည့်နေသည်ကို အာရုံနောက်နေရုံသာဖြစ်သည်။ သူက စုန့်နင်ဖုန်းကိုသာမက ဝယ်သူအားလုံးကို ထိုကဲ့သို့သာဆက်ဆံတတ်သောကြောင့် ပုံမှန်အားဖြင့် သူ့ဆိုင်ကို မည်သူမှ မလာကြပေ။


စုန့်နင်ဖုန်းက သူပြောသည်ကို မကြားသည့်အလား ရေရွတ်လိုက်သည်။ 

" ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ဒီဇိုင်းပဲ... အဲဒါ ကြယ်စင်ဝေလငါးရဲ့ အရေခွံပဲ...ဟုတ်တယ်မလား...အရွတ်တွေနဲ့ချိတ်ဆက်ဖို့အတွက် မာကြောတဲ့အရိုးစုတွေကို ပြောင်းပစ်လိုက်တာက မက်ခါရဲ့ အရွေ့စွမ်းအင်ကို တိုးမြှင့်ပေးလိမ့်မယ်..."


အဖိုးကြီးက နှာမှုတ်ကာ သူ့လက်ထဲရှိ စူးကောက်ကို ချထားလိုက်သည်။ ထို့နောက် သူ့မျက်မှန်ထူထူကို ပင့်တင်ကာ စုန့်နင်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

" မင်းက မက်ခါပညာရှင်လား..."


စုန့်နင်ဖုန်းက ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်သည်။

" ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး အနည်းအကျဥ်းသိပါတယ်..."


ယခင်က သူ၏တီထွင်နိုင်စွမ်းနှင့်ယှဥ်လျှင် မက်ခါများအကြောင်း သူကအနည်းငယ်သာသိသေးသည်ဟု ဆိုရမည်။ ကြယ်စင်ဝေလငါးကဲ့သို့ ဂြိုဟ်သားရဲကောင်များ၏ အရေခွံနှင့် အရိုးများက သူလေ့လာနေသည့်ကုန်ကြမ်းများဖြစ်သောကြောင့် တစ်ခါကြည့်လိုက်ရုံဖြင့်ပင် ဤဖန်တီးထားသောဒီဇိုင်း၏ သိမ်မွေ့နက်နဲမှုကို မြင်တွေ့နိုင်သည်။ 


အဖိုးကြီးက စုန့်နင်ဖုန်းနှင့် စကားပြောရန် စိတ်မဝင်စားဘဲ ညည်းညူလိုက်သည် ။ 


'အနည်းအကျဥ်းပဲသိတယ်တဲ့လား' ..ဒီမက်ခါကို ငါ ဒီနေရာမှာ ထားထားတာကြာလှပြီ... ပြီးတော့ အပြီးသတ်ရသေးတာလည်း မဟုတ်ဘူး... ဘာလို့လဲဆိုတော့ မက်ခါရဲ့ဒီဇိုင်းက သာမန်လူတွေနားလည်နိုင်တဲ့စည်းဘောင်တစ်ခုတည်းမှာ မရှိလို့ပဲ...တခြားမက်ခါပညာရှင်တွေ ဆိုင်ထဲကို ဝင်လာရင်တောင် အပေါ်ယံလေးကြည့်လိုက်ပြီး သူတို့ဒီဇိုင်းနိယာမနဲ့ မကိုက်ညီတဲ့ အဲ့ဒီလိုမက်ခါမျိုးတွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူး...


စုန့်နင်ဖုန်းကသာ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤမက်ခါ၏အကျိုးများကိုသိသည့် ပထမဆုံးလူဖြစ်ပြီး သူက 'အနည်းအကျဥ်းသိပါတယ်' ဟုပြောလာသော ပထမဆုံးလူလည်းဖြစ်သည်။ 


' ဒီနေ့ခေတ်လူငယ်တွေက တကယ်ဟန်များတာပဲ...ငါက သူတို့ကို ချီးကျူးပေးလိမ့်မယ်လို့များ ထင်နေတာလား...မင်းမှန်တယ်...'


သို့သော် ဤအချက်ကြောင့် အဖိုးကြီးက နောက်ထပ်ဆူညံပူညံလုပ်မနေတော့ဘဲ စုန့်နင်ဖုန်းကို ဆက်လက်ကြည့်ရှူခွင့်ပြုထားလိုက်သည် ။ 


စုန့်နင်ဖုန်းက ရုတ်တရက်ပြောလာ၏ ။ 

" ဒါပေမဲ့ ဒီအဆင့်မြှင့်ထားတဲ့ နည်းလမ်းကို ဆက်ချဲ့ထွင်ဖို့ နည်းလမ်းမရှိဘူး..."


အဖိုးကြီး၏လှုပ်ရှားမှုများက ရပ်တန့်သွားပြီး သူ့မျက်နှာကလည်း မည်းမှောင်သွား၏ ။

" မင်းက ဘယ်လောက်သိထားလို့လဲ..."


' အမြင်လေးနည်းနည်းပိုကျယ်တာနဲ့ ငါအဆင့်မြှင့်ထားတာကို လာပြီးပွစိပွစိပြောနိုင်ပြီထင်နေတာလား...'


ဤလူငယ်က အကယ်ဒမီကျောင်းများမှလာသောသူများနှင့် ကွာခြားလိမ့်မည်ဟု သူထင်ခဲ့သည်။ သူ(စုန့်နင်ဖုန်း)က ထိုကဲ့သို့သူများနှင့် တစ်ချိုးတည်းဖြစ်နေလိမ့်မည်ဟု သူ မထင်ထားမိပေ။ 


စုန့်နင်ဖုန်းက အဖိုးကြီး၏အမူအရာပြောင်းလဲသွားသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောလာ၏ ။ 

" ကြယ်စင်ဝေလငါးရဲ့ အရေခွံက ပေါက်ပြဲဒဏ်ရာအမျိုးမျိုးကို ခံနိုင်ရည်မရှိဘူး... အဲ့ဒါကို မြန်မြန်ဆန်ဆန်နဲ့ ပြန်ပြီးဖုံးအုပ်ဖို့လိုမှာပဲ...တကယ်လို့ အရေခွံရဲ့ဒီအပိုင်းကသာ တိုက်ခိုက်နေချိန်အတွင်း ပျက်စီးသွားမယ်ဆိုရင် အသုံးမဝင်တဲ့မက်ခါဖြစ်သွားမှာပဲ..."


အဖိုးကြီးက စုန့်နင်ဖုန်းကို ကန်ထုတ်ရန်လုပ်နေသော်လည်း စုန့်နင်ဖုန်း၏ စကားများကို ကြားပြီးနောက် သူ့မျက်နှာက အလေးအနက်ပုံစံပြောင်းသွား၏ ။ 

' ဒါက တကယ်ကို ငါ့ဒီဇိုင်းမှာရှိနေတဲ့ ပြဿနာပဲ... ဒီလူငယ်လေးက ဒီအတိုင်း အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာတော့ မဟုတ်ဘူးပဲ...'


အကယ်၍ စုန့်နင်ဖုန်းသာ ယခင်က ဤဒီဇိုင်းကို မြင်ခဲ့မည်ဆိုလျှင် ၎င်းက အမြင်ကောင်းရုံသာဖြစ်သည်။ သို့သော် ယခုတွင်မူ ဒီဇိုင်း၏ပြဿနာကိုပါ ချက်ချင်းထောက်ပြနိုင်ပြီး တကယ့်ပါရမီအစစ်ပင်။


အဖိုးကြီးက သူ့ဒီဇိုင်းကို အလွန်ဂုဏ်ယူသည်။ သူက ကုန်ကြမ်းမျိုးစုံကို စမ်းသပ်ခဲ့ဖူးပြီး ကြယ်စင်ဝေလငါးက အသင့်လျော်ဆုံးနှင့် ကုန်ကျစရိတ်လည်း အသက်သာဆုံး။ဖြစ်သည်။ သို့သော်လည်း ဤဒီဇိုင်းတွင် ပိုကျယ်ပြန့်သောကမ္ဘာကြီးဆီသို့ သူ ချမပြနိုင်သည့် ဆိုးရွားသည့်အပြစ်အနာအဆာများ ရှိနေသည်။


" ဒါပေမဲ့လည်း အဲ့ဒါက လုံးဝကြီး ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."


စုန့်နင်ဖုန်းက အဖိုးကြီးအား ရန်တွေ့နေသည့်အလား မရပ်မနားပြောလိုက်သည်။ သူ၏ အရိုးများသာ ထိုထပ်ပိုပြီး နုရွနေလျှင် စုန့်နင်ဖုန်း၏ စကားများကြောင့် အမောဖောက် ၊ သွေးတိုး ၊ အခြားရောဂါများဖြစ်လာနိုင်လောက်သည် ။ 


သို့သော် သူက ထိုမျှကောင်းမွန်နေသောအခါ အဖိုးကြီးက သူ့အကြံဉာဏ်ကို လျစ်လျူမရှူနိုင်တော့ပေ။ ထိုလူငယ်လေးကို တစ်ခါတည်း ကန်ထုတ်လိုက်လျှင် မကောင်းသောကြောင့် သူတိုက်တွန်းလိုက်ရသည် ။

" ပြောပါဦး..."


စုန့်နင်ဖုန်းက လှည့်ပတ်မနေဘဲ အိတ်သွန်ဖာမှောက်ပြောလာ၏ ။

" ကြယ်စင်ဝေလငါးတစ်ကောင်က သေသွားပြီးရင် သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မယ်... အဲဒါကြောင့်လည်း အလွယ်တကူ စုတ်ပြဲသွားနိုင်တာပဲ... အဲ့ဒါကို သူ့ဘာသာပြန်ပြင်နိုင်စွမ်းရှိအောင် ကျွန်တော်တို့က သူ့လုပ်ဆောင်နိုင်စွမ်းကို ထိန်းပေးထားဖို့လိုတယ်... ကျွန်တော် မှတ်မိတာသာမှန်မယ်ဆိုရင် အသက်ပြဒါးရှင်အဆီက အဲ့ဒီလိုလုပ်နိုင်တယ် ဟုတ်တယ်မလား... အရေခွံကို ပြဒါးရှင်အဆီသုံးပြီး နှစ်ခုလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပေါင်းစပ်လိုက်မယ်ဆိုရင်...ခင်ဗျားအဲ့ဒါကို လုပ်နိုင်လောက်တယ်..."


အဖိုးကြီးမှာ တောင့်တင်းသွား၏ ။ 

" ပြီးတော့ အဲ့ဒါက ဖြစ်နိုင်တယ်လား..."


ပြဒါးရှင်အဆီအကြောင်း သူသိသော်လည်း ထိုပြဒါးရှင်အဆီကို လူများအတွက်သာ အသုံးချသောကြောင့် ဤနည်းလမ်းကို သူ မတွေးမိခဲ့ပေ။ ၎င်းက ဘက်စုံသုံးကုထုံးနှင့်ဆင်တူပြီး ဆဲလ်များ၏ ကြီးထွားမှုနှင့် ပြန်လည်ပြုပြင်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ လူအများက သူတို့အပြင်ထွက်သည့်အခါတိုင်း ပြဒါးရှင်အဆီကို သယ်သွားလေ့ရှိပြီး ကောင်းမွန်သောဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုကိုရနိုင်သည့် အခွင့်အရေးမရှိကြပေ ။ 


စုန့်နင်ဖုန်းက တစ်ဖန်မေးခွန်းပြန်မေးလာ၏ ။ 

" ဘာလို့ မဖြစ်နိုင်ရမှာလဲ..."


အဖိုးကြီးက စတင်ရေရွတ်လာ၏ ။ 

" ဟုတ်သားပဲ...ဘာလို့ မဖြစ်နိုင်ရမှာလဲ...."


သူက အရွယ်တစ်ခုကို ရောက်လာပြီး အိုမင်းနေပြီဟုထင်သော်လည်း ဤအမွေဆက်ခံထားသောအတွေးအခေါ်အကြံဉာဏ်များနှင့် ငြိတွယ်နေမိဆဲဆိုသည်ကို သူ သိလိုက်ရသည်။ စုန့်နင်ဖုန်း၏ အကြံဉာဏ်က အမြင့်ကြီးများ လျှောက်ပြောနေသည်ဟုထင်ရသော်လည်း သေချာဆန်းစစ်ကြည့်မည်ဆိုလျှင် နည်းလမ်းကောင်းများရှိနေသည်ကို တွေ့မြင်နိုင်၏။ 


" အံ့သြစရာပဲ...အံ့သြစရာပဲ....ညီငယ်လေး..ငါအခုပဲ ဒီအကြံကို စမ်းသပ်ကြည့်လိုက်တော့မယ်...မင်းရော လိုက်ခဲ့ချင်လား..." 

အဖိုးကြီးမှာ ဤအကြောင်းကို တွေးမိလေလေ ၊ ငြိမ်ငြိမ်ထိုင်မနေနိုင်လေလေ ဖြစ်ပြီး လှုပ်ရှားရန် မစောင့်နိုင်တော့ပေ။ 


မက်ခါကို လုပ်ဆောင်နေစဥ်တွင် မက်ခါပညာရှင်များက ပုံမှန်အားဖြင့် သူတို့အနားတွင် အပြင်လူများလှည့်ပတ်နေသည်ကို မုန်းပြီး သူတို့ခေါ်လာသော ကျောင်းသားအနည်းငယ်မှအပ အခြားသူများကို ဝင်ခွင့်မပေးတတ်ပေ။ 


သို့သော် ဤအချိန်တွင် အဖိုးအိုက သူ၏စမ်းသပ်လုပ်ဆောင်ချက်များအတွက် စုန့်နင်ဖုန်းကို သူ့ဘက်မှ ဦးဆုံးဖိတ်ခေါ်လာ၏။ ၎င်းက စုန့်နင်ဖုန်းကို သူ'ဘယ်လောက် အလေးထားသလဲ'ဆိုသည်ကို ဖော်ပြရန် လုံလောက်နေပြီဖြစ်၏။ 


စုန့်နင်ဖုန်းကိုယ်တိုင်က လက်နက်မျိုးစုံကို ရူးသွပ်သောသူဖြစ်ပြီး ဤနှစ်ခုကို သူကိုယ်တိုင်မပေါင်းစပ်ဖူးသေးသောကြောင့် 'ဘယ်လိုရလဒ်မျိုးထွက်လာမလဲ' ဆိုသညါကို သူလည်း သိချင်နေမိသည်။ ၎င်းက သူစဥ်းစားထားသော သီအိုရီမျှသာ ရှိသေးသည် ။ 


ထို့ကြောင့် အဖိုးကြီးက သူ့ကို ဖိတ်ခေါ်လာသောအခါ စုန့်နင်ဖုန်းက ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံလိုက်သည် ။ သို့သော်လည်း သူက တာဝန်သိတတ်သောကြောင့် ရှဲ့ရုန် နှင့် ဆာ့ဆာ့စိတ်ပူမနေရအောင် မက်ဆေ့ချ်ပို့ထားလိုက်သည်။ 


အဖိုးကြီးက ဆိုင်တံခါးကိုပိတ်ကာ 'ယနေ့ဆိုင်ပိတ်သည်' ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည် ။ ထို့နောက် သူက အဝေးထိန်းခလုတ်ရီမုဒ်ကို နှိပ်လိုက်သောအခါ ရုတ်တရက် ဆိုင်ခန်း၏နံရံများက ပွင့်သွားပြီး အထဲတွင် ဓာတ်ခွဲစမ်းသပ်ခန်းကဲ့သို့ အခန်းကျယ်ကြီး ထွက်ပေါ်လာ၏။ 


" ပြဒါးရှင်ဆေးနဲ့ ကြယ်စင်ဝေလငါးရဲ့ အရေခွံ...လာကြည့်ဦး ဘယ်လောက်အချိုးကျရောရင် အဆင်ပြေမလဲဆိုတာ..."


မက်ဆေ့ချ်ပို့လိုက်ပြီးနောက် စုန့်နင်ဖုန်းကိုယ်တိုင်လည်း စမ်းသပ်မှုတွင် ဈာန်ဝင်သွားပြီး အပြင်ဘက်ကမ္ဘာကို လုံးဝလျစ်လျူရှူထားလိုက်သည် ။ 


ရှဲ့ရုန်က စုန့်နင်ဖုန်းထံမှ မက်ဆေ့ချ်ရသော်လည်း သူက တစ်ချက်သာကြည့်လိုက်ပြီး စက္ခုကွန်ရက်ကို ပိတ်ထားလိုက်သည် ။ 


ဤအချိန်တွင် သူက မျက်နှာချင်းဆိုင်ရှိ မိန်းကလေးနှင့် စကားပြောနေရင်း ဝိုင်အနည်းငယ်သောက်နေ၏။ ထိုမက်ဆေ့ချ်က အကြီးဆုံးစီနီယာအစ်ကို ပို့လာသည်လားဆိုသည်က အရေးမကြီးတော့ချေ။


လှပပြီး ကောင်းမွန်စွာဝတ်စားထားသော မိန်းကလေးက သူ့ကိုသဘောကျနေပြီး သူမပါးစပ်ကို လက်ဖြင့်ကာလျက် ရယ်မောနေ၏။ စက္ခုကွန်ရက်မှ မက်ဆေ့ချ်အသစ်ဝင်လာသည်ကို တွေ့သောအခါ သူမက မျက်ခုံးပင့်ကာ ပြောလိုက်သည် ။ 

" တခြားမိန်းကလေးတွေထဲက တစ်ယောက်က ရှင့်ကို မက်ဆေ့ချ်ပို့နေပြီလား..."


ထို့နောက် ရှဲ့ရုန်က ပြောလိုက်သည် ။ 

" ဘာလို့လဲ...မိန်းကလေးဆိုတာမျိုးတွေ မရှိပါဘူး...အဲ့ဒါက ကိုယ့်အစ်ကိုကြီးဆီက မက်ဆေ့ချ်ပါ...အထွေအထူးမဟုတ်ဘူး...ကိုယ်တို့အကြောင်းပဲပြောရအောင်...သူ့ကို စိတ်ပူမနေနဲ့..."


မိန်းကလေးက သေချာပေါက် ဤစကားကို မယုံပေ။ 

" ရှင်အဲ့လိုပြောတာ ကျွန်မတော့မယုံပါဘူး...ရှင်က ဒီလောက်ချောပြီး စကားပြောလည်းကောင်းသေးတာကို...ရှင့်မှာ သေချာပေါက် ညီအစ်မလေးတွေ အများကြီးရှိနေမှာပဲ..."


ရှဲ့ရုန်က သူမကို နက်ရှိုင်းသောချယ်ရီပွင့်မျက်လုံးများနှင့်ကြည့်နေပြီး သူ၏မျက်လုံးထဲ၌ သူမပုံရိပ်များအပြည့်ထင်ဟပ်နေကာ သူမကသာ သူ့ နှလုံးသားတွင် ရှိနေသည့်တစ်ယောက်တည်းသောသူအလား ထင်ယောင်ထင်မှားဖြစ်သွားစေ၏ ။ 

" ဒီအချိန်မှာ တခြားသူတွေ အကြောင်းမပြောကြရအောင်...အနည်းဆုံးတော့ အခုချိန်လေးမှာ မင်းနဲ့ကိုယ်နဲ့ပဲလေ...ပြီးတော့ ဒီအချိန်လေးမှာ အနည်းဆုံးတော့ မင်းပျော်ရွှင်ဖို့လိုတာပေါ့..."


' တခြားသူတွေကို ဒီလိုမျိုး ပျော်ရွှင်မှုတွေ ဆောင်ကျဥ်းလာပေးနိုင်တာကို ဘယ်လိုလုပ် မျက်နှာများတယ်လို့ ခေါ်နိုင်မှာလဲ...'


သူက လူတစ်ယောက်တည်းအပေါ်မှာသာ ကွက်ပြီး ပျော်ရွှင်မှုမပေးတတ်ရုံသာ ဖြစ်သည်။ သူက ဤကဲ့သို့ မေတ္တာကြီးမားသည့် အကြံအစည်အကြောင့် ပြိုကွဲလုနီးနီး လှုပ်ရှားသွားရုံသာ။


မိန်းကလေးက အနည်းငယ်ပိုရယ်လာ၏ ။ 

" ရှင်မှန်တယ်...ရှင်နဲ့ စကားပြောရတာက အတော်ပျော်ဖို့ကောင်းတယ်...အပြင်မှာ ရှင် မိန်းကလေးတွေရှိနေလည်း ကိစ္စမရှိတော့ဘူး...ဘာပဲဖြစ်ဖြစ်..ရှင်က ကျွန်မနဲ့ရှိနေတဲ့အချိန်မှာတော့ သူတို့နဲ့ရှိနေမှာမှမဟုတ်ပဲ..."


" ဟမ်း...ကိုယ်က မင်းနဲ့အတူရှိချင်တယ်ဆိုရင်ရော..."

ရှဲ့ရုန်၏အပြုံးက အနည်းငယ်ယိမ်းယိုင်နေ၏ ။ 


" ရှင်က အဲ့ဒါကို မပြောပေမဲ့ ကျွန်မကတော့ ပြောလိုက်ပြီ...ရှင့်ကို ကျွန်မမိသားစုဆီလာခိုင်းဖို့ ကျွန်မဆုံးဖြတ်ပြီးသွားပြီ...စကားမစပ်... ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့မေ့သွားတယ်...ကျွန်မနာမည်က မာရီယာချီတိုပါ...ရှင်အခုကစပြီး ကျွန်မကို မာရီယာလို့ခေါ်လို့ရတယ်...ရှဲ့ရုန် နောက်ကျရင် ကျွန်မကို စောင့်ရှောက်ပေးပါဦးနော်...အနာဂတ်မှာလည်း ရှင်က ဒီနေ့လိုပဲ ကျွန်မကို စိတ်ချမ်းသာအောင်ထားရမယ်နော်..."


ရှဲ့ရုန် မျက်နှာပေါ်ရှိ အပြုံးက လုံးဝပျောက်ကွယ်သွား၏ ။ 

" နေပါဦး... မင်းဘယ်လိုလုပ် ကိုယ့်နာမည်ကို သိသွားရတာလဲ...အာ.ယ မဟုတ်သေးပါဘူး... အဓိကအချက်က ကိုယ်မင်းရဲ့မိသားစုကိုဝင်ချင်ပါတယ်လို့ မပြောခဲ့ဘူးလေ...ဟုတ်တယ်မလား..."


" ဘာလဲ...ရှင်က ပိုပြီးသေချာအောင်လုပ်ချင်လို့လား..." 

မာရီယာက လက်လှမ်းကာ ရှဲ့ရုန်၏မျက်နှာကို ဖွဖွလေးထိရင်း ပြောလိုက်သည် ။

" ရှင့်မိသားစုက B111မှာ ဟုတ်တယ်မလား...စိတ်မပူပါနဲ့... နောက်ရက်ကျရင် ရှင့်အိမ်ကိုလာပြီး ကျွန်မ လက်ထပ်ခွင့်တောင်းပါ့မယ်...ထွက်မပြေးနဲ့နော်...ကျွန်မ ရှင့်ကို လာရှာမှာ..."


ရှဲ့ရုန်၏ မျက်နှာမှာ သူ့ဆံပင်အရောင်အလား စိမ်းဖန့်သွား၏။ 


" ပြုံးပါဦး...အဲ့ဒါက ရှင့်ကို တစ်ခုခုအခက်တွေ့အောင်လုပ်နေတာမို့လို့လား...ရှင်ဖက်ဒရယ်တစ်နိုင်ငံလုံးကို ကြည့်လိုက်မယ်ဆိုရင်တောင် ချီတိုမိသားစုနဲ့ လက်ထပ်ချင်တဲ့သူတွေက မရေမတွက်နိုင်အောင်ရှိတယ်...ကျွန်မရှင့်ကို မပြောဖူးဘူးလား...လက်ထပ်တယ်ဆိုတာက အဓိပ္ပါယ်မဲ့ပြီး မိသားစုကိုဆက်ခံတာလောက် စိတ်ဝင်စားဖို့မကောင်းပါဘူး...ကျွန်မက မိသားစုကို ဆက်ခံရမှာ ဖြစ်တဲ့အတွက် ကျွန်မလက်ထပ်မလား လက်မထပ်ဘူးလားဆိုတာက အရေးတော့မကြီးပါဘူး... ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့်သူကို ရွေးချယ်နိုင်ဖို့ကသာ အဓိကပဲ...ဒါကြောင့် ရှင့်ကို ကျွန်မရွေးလိုက်တာ..."


ရှဲ့ရုန်သာ အခြေခံအသိလောက်ရှိမည်ဆိုလျှင်ပင် ချီတိုမိသားစုက ဖက်ဒရယ်၏ မိသားစုကြီးထဲမှ တစ်စုဖြစ်သည်ကို သိလိမ့်မည်။ ထို့အပြင် ချီတိုမိသားစု၏ မိသားစုသြဇာအာဏာက စစ်တပ်၊ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင်ပါ လွှမ်းမိုးမှုရှိသည်။ ထို့ကြောင့် ရှဲ့ရုန်က မာရီယာကို စကားပြောနေချိန်တွင် ရှဲ့ရုန်၏ ကိုယ်ရေးအချက်အလက်များအားလုံးကို မာရီယာထံတင်ပို့ထားပြီးသားဖြစ်သည်။ 


လတ်တလောအတွင်း မာရီယာက သူမမိသားစု စီစဥ်ပေးသည့်အတိုင်း မိသားစုမျိုးစုံက လူများနှင့် ကြင်ဖက်တွေ့ခဲ့သော်လည်း မိသားစုချင်းမဟာမိတ်ပြုသည့် လက်ထပ်ထိမ်းမြားမှုဟုသာ ပြော၍ရသည်။ ထို့ကြောင့် သူမမှာ သေလောက်အောင်ငြီးငွေ့နေပြီး အနားယူရန် ဘားသို့လာခဲ့ခြင်းဖြစ်၏။ ထိုနေရာတွင် ပို၍စိတ်ဝင်စားစရာကောင်းသောသူတစ်ယောက်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။


သူသာ သူမကို ဆန့်ကျင်ရဲလျှင် မာရီယာ၏ သက်တော်စောင့်များက သူ့ကိုဆွဲထုတ်သွားမည်ဖြစ်သော်လည်း မာရီယာက ရှဲ့ရုန်ကို မမုန်းပေ။ သူ၏ ကြည်လင်သောမျက်လုံးများက ဆန့်ကျင်လိုသောအရိပ်ယောင်များကင်းမဲ့နေပြီး ရယ်မောစရာကောင်းသောစကားလုံးများက မာရီယာကို ပြတ်သားသောအကြံတစ်ခုရလာစေသည် ။ 

' ငါသာ မချစ်မနှစ်သက်တဲ့သူကို လက်ထပ်ရမယ်ဆိုရင် စိတ်ဝင်စားဖို့အကောင်းဆုံးသူတစ်ယောက်ကို ရွေးလိုက်တာက ပိုမကောင်းဘူးလား... သူ့ရဲ့မျက်နှာနဲ့သာဆိုရင် အိမ်မှာ အလှပန်းအိုးအနေနဲ့ ထားဖို့အကောင်းဆုံးရွေးချယ်မှုပဲ...'


ရှဲ့ရုန်က ကြင်နာစွာဖြင့် စိတ်လျှော့အောင်ပြောလိုက်သည် ။ 

" မာရီယာ...ဒါက မင်းရဲ့ ဘဝနဲ့သက်ဆိုင်တဲ့ရွေးချယ်မှုပဲ...ပြီးတော့ မင်းသေချာစဥ်းစားမှရမယ်...မင်းကိုယ့်ကိုသိတယ်ဆိုရင် ကိုယ်က ဂမ္ဘီရပညာမှာလည်း အရမ်းတော်တယ်ဆိုတာ သိထားသင့်တာပေါ့...ဟုတ်တယ်မလား...ကိုယ်တွက်ချက်ကြည့်ရသလောက်တော့ ကိုယ်တို့က သာမန်အသိအကျွမ်းအနေနဲ့လောက်ပဲ ပတ်သက်လို့ရတယ်... လက်ထပ်တာမျိုးနဲ့ မဟုတ်ဘူး..."


မာရီယာက သူမ၏ ဆံပင်ကို လက်ဖြင့်သပ်ကာ အသာလေးပြုံးလိုက်သည် ။ 

" ကျွန်မ ဒါကိုနားလည်ပါတယ်...ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး...သြဇာအာဏာသာရှိရင် ရှင့်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာက အလွယ်လေးပဲလေ...ပိုက်ဆံသာရှိနေရင် ကံကြမ္မာဆိုတာက သူ့ဘာသာအလိုအလျောက်လိုက်ပါလာပါလိမ့်မယ်..."


ရှဲ့ရုန် : "...."

' ကယ်ကြပါဦး...'


" ရှင်ပြန်သွားပြီး ပြင်ဆင်ထားလိုက်တော့...ကျွန်မ ရှင့်ကို အဲ့ဒီမှာ လာတွေ့မယ် ..."


မာရီယာက ဟန်ပါပါဖြင့် ထထွက်သွားသည် ။ 


တစ်ဖက်တွင်မူ ဆာ့ဆာ့က လီချန်ယွီကို ဂိုဏ်း၏ရိုးရှင်းသော အတွင်းရေးအခြေအနေများ ပြောပြနေပြီး စက္ခုကွန်ရက်ကို ကြည့်ကာ ပြောလိုက်သည် ။ 

" ရှင့်ရဲ့ အကြီးဆုံးစီနီယာက လုပ်စရာရှိနေတယ်...ဒါကြောင့် ကျွန်မအထင်တော့ သူ့လုပ်စရာတွေမပြီးသေးသရွေ့ ကျွန်မတို့ တွေ့လို့ရမှာ မဟုတ်သေးဘူး... ဒါပေမဲ့ အဲ့ဒါလည်း အဆင်ပြေပါတယ်... တတိယစီနီယာကို အရင်ဆုံးတွေ့လိုက်ပေါ့...သူက အရမ်းကို ခင်မင်ဖို့လွယ်ပြီး တကယ်ကောင်းတဲ့လူပဲ..." 


" ဟုတ်ကဲ့ပါ သာ့ရှန်…" 

လီချန်ယွီက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် ။ 


ထို့နောက် ရှဲ့ရုန်၏ အသံက ထွက်ပေါ်လာ၏ ။

" ဆာ့ဆာ့ရေ ငါ့ကို ကယ်ပါဦး ဝူးဝူးဝူး... ဒီမှာ ငါ့ကို သူ့မိသားစုထဲဝင်ခိုင်းဖို့အတွက် ပြန်ပေးဆွဲချင်နေတဲ့ ဓားပြမိန်းမတစ်ယောက်ရှိနေတယ်..." 


ဆာ့ဆာ့က သူမဆီ တစ်ဟုန်ထိုးပြေးလာသော အစိမ်းရောင်ဆိုးထားပြီး ပန်းရောင်အနည်းငယ်ပါသည့် ဆံပင်နှင့် မကောင်းဆိုးဝါးကို သေချာကြည့်လိုက်သည် ။ 


ဆာ့ဆာ့ : "...." 


သူမက ပြေးထွက်ကာ လီချန်ယွီကိုပါ သူမနှင့်အတူ ဆွဲခေါ်သွား၏။ 


" တကယ်တော့ ရှင့်ရဲ့တတိယစီနီယာက အဲ့ဒီလောက်ကြီးလည်း အရေးမကြီးပါဘူး...ဒါကြောင့် သူ့ကို မတွေ့ဘဲနေကြရအောင်..."



💫💫💫