Chapter 29
Viewers 2k

💫 Chapter 29



လီချန်ယွီက သူမကို 'သာ့ရှန်' ဟုအတော်ကြာကြာခေါ်ခဲ့ပြီး သူက ဂိုဏ်းကို သေချာမဝင်ရသေးသော်လည်း ဆာ့ဆာ့က သူ့ကို ထိုက်ယီဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ယူဆထားပြီးသားဖြစ်သည်။ သူက ပြင်ပတပည့်သာဖြစ်သော်လည်း ထိုက်ယီဂိုဏ်းက သူတို့ထဲမှတစ်ယောက်ကို ပေးရန်အတွက် နှမြောနေမည် မဟုတ်ပေ။ 


အခြေခံသက်စောင့်ဆေးပုလင်းအနည်းက ဘာမျှမပြောပလောက်ပေ။


၎င်းက ဂိုဏ်းမှာ ယခင်ကအခြေအနေလို မဟုတ်သောကြောင့်သာ ယခုတွင် သက်စောင့်ဆေးပုလင်းအနည်းငယ်သာ ပေးနိုင်ခြင်းဖြစ်သည်။ သူက ပြင်ပတပည့်မျှသာ ဖြစ်နေလျှင်ပင် ထိုက်ယီဂိုဏ်းက ကပ်တွယ်နေမည်မဟုတ်ဘဲ သူ့ကို မှော်လက်နက်များ၊ ဆေးများ၊ ဓားပျံ နှင့် တစ်ခြားပစ္စည်းမျိုးစုံကို အပြည့်အစုံထောက်ပံ့ပေးမည်ပင်။ 


သို့သော် လီချန်ယွီမှာ ထိုပစ္စည်းတော်တော်များများကို အသုံးမပြုနိုင်သောကြောင့် သူ့အတွက် အမှိုက်သာဖြစ်နေ၏။ ထို့ကြောင့် ဆာ့ဆာ့က ၎င်းတို့ကို ထုတ်ပြောမနေဘဲ သူ့အတွက် သက်စောင့်ဆေးနှစ်ပုလင်းသာ ပေးလိုက်သည်။ 


ချန်ရှန်းက သူကသာလျှင် ရိုးအသောသူဖြစ်နေမလားဟု သံသယဝင်မိသည် ။ 

' ဆာ့ဆာ့ ပြောနေတာကို ကြည့်စမ်းပါဦး...မသိရင် အဲ့ဒါက တကယ်အဖိုးမတန်တဲ့အပေါစားပစ္စည်းလိုပဲ... အဲဒါက ငါကမ္ဘာကြီးကို လုံလောက်အောင် မမြင်ဖူးသေးလို့များလား...'


' မဖြစ်နိုင်တာ... အဲ့ဒါက ဒီလူတွေက လုံးဝ သာမန်ဟုတ်မနေရုံပဲ...'


ချန်ရှန်းမှာ သက်စောင့်ဆေးကို ပြန်မပေးတော့ဘဲ လီချန်ယွီကိုသာ အာရုံစိုက်လိုက်သည်။ 

" ချန်ယွီ... သိပ်မကြာခင်တုန်းက မင်းရဲ့ဗီဇအဆင့်နဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်ကို စစ်ကြည့်ပြီးပြီလား..."


လီချန်ယွီက အာရုံစိုက်ဖြေလိုက်သည် ။

" ဟင့်အင်း…"


လီချန်ယွီက သူ့အဆင့်ကို ကောင်းစွာသိပြီးသားဖြစ်သောကြောင့် ဤရက်ပိုင်းထဲ သူ့အဆင့်များကို ပြန်စစ်စရာမလိုတော့ပေ။ သူက ဆက်ပြီးအဆင့်မြင့်တက်နေသည့် ပါရမီရှင်လည်းမဟုတ်‌ချေ။ သို့ဖြစ်၍ သူ့ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်များက ဆက်ပြီးဖွံ့ဖြိုးတော့မည်မဟုတ်ဘဲ အခြေခံအားဖြင့် တည်ငြိမ်နေ၏။

ဘာကြောင့်များ ပြန်စစ်ဆေးဖို့ လိုတော့မလဲ…


ချန်ရှန်းက သက်ပြင်းချမိသည်။ ဤကျောင်းသားများကို သူ အမှန်တကယ်ပင် စိတ်ပူမိ၏ ။ 

" မြန်မြန်လာ... ဆရာတို့ ပြန်စစ်ဆေးရမယ်... ဒီရက်ပိုင်းအတွင်း တစ်ခုခုထူးခြားနေတယ်လို့ရော မခံစားရဘူးလား... ဆရာပြောချင်တာ ဆေးသောက်ပြီးတဲ့နောက်ပိုင်းလေ..."


" အာ...သက်တောင့်သက်သာရှိလာတာမျိုးလား..."


တစ်ဖက်၌ ဆာ့ဆာ့ကလည်း ပြောလာ၏ ။ 

" ဆရာချန် စိတ်မပူပါနဲ့...ကျွန်မတို့ဂိုဏ်းရဲ့ ဆေးက ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး..."


ချန်ရှန်း : ' မဟုတ်ဘူး...ဒါက လုံးဝစိတ်သက်သာရာမရစေဘူး... ဘာလို့လဲဆိုတော့ ငါက ဘေးထွက်ဆိုးကျိုးရှိမှာကို စိတ်ပူနေတာမှ မဟုတ်တာ...'


ချန်ရှန်းက ဆေးအပေါ်တွင် အာရုံစိုက်နေပြီး သူ့ကိုပါ ပြန်စစ်ဆေးရန် မေးလာခြင်းက လီချန်ယွီ၏စိတ်ထဲတွင် မရေမရာခန့်မှန်းမိစေသော်လည်း ထိုခန့်မှန်းချက်က လက်မခံနိုင်ဖွယ်ရာဖြစ်နေသောကြောင့် သူ ထုတ်ပင်မပြောရဲချေ။ 


လီချန်ယွီ စိုးရိမ်နေမိသည်။ သူသာ စကားထုတ်ပြောလိုက်လျှင် သူ့စိတ်ခံစားချက်များကို ဖော်ထုတ်မိသလို ဖြစ်မည်စိုးသောကြောင့် ပါးစပ်သာ ပိတ်ထားလိုက်ရသည်။


လူသုံးယောက်က စစ်ဆေးရေးစင်တာကို မတူညီသောစိတ်ခံစားချက်ကိုယ်စီဖြင့် ရောက်သွား၏ ။


ခဏအကြာတွင် ချန်ရှန်းက လီချန်ယွီ၏ စစ်ဆေးရေးရလဒ်ကို ကိုင်၍ ထွက်လာသည် ။ 


ချန်ရှန်းက ကျောင်းသားတိုင်း၏ အဆင့်နှင့် ရလဒ်များကို မှတ်မိသည်။ လီချန်ယွီက ဗီဇအဆင့် Bနှင့် စိတ်ဝိညာဥ်ပင်လယ် A အဆင့်ရှိခဲ့ဖူးသည်။ သူ့လိုအဆင့်ရရှိထားသောသူဆိုလျှင် ပထမဘက်စုံအကယ်ဒမီကျောင်း၏ မက်ခါဌာနသို့ ဝင်ရောက်ရန် အတော်ခက်ခဲသည်။ သို့သော် ယခုတွင် စစ်ဆေးချက်ရလဒ်မှာ ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အဆင့် နှစ်ခုစလုံး A+ ဟုပြနေသည်။


အကယ်၍ ချန်ရှန်းသာ ကိုယ်တိုင် စစ်ဆေးစက်ပေါ်သို့ ပို့ခဲ့ခြင်းမဟုတ်လျှင် 'ဒါက လီချန်ယွီအစစ်မဟုတ်လောက်ဘူး' ဟုပင် သံသယဝင်မိလောက်သည် ။ 


သို့သော် သူ့တည်ရှိမှုကပင် သမိုင်းကိုပြန်ရေးရန် လုံလောက်နေချေပြီ။ ယခင်က ဗီဇအဆင့်နှင့်စိတ်ဝိညာဥ်ပင်လယ်အဆင့်တို့မှာ လူတစ်ယောက်၏ လုပ်ဆောင်နိုင်စွမ်းကန့်သတ်ချက်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး ထိုကန့်သတ်ချက်ကို ကျော်လွန်နိုင်ရန်မှာ ဖြစ်နိုင်ချေအလွန်နည်း၏။ သို့သော် ယခုတွင် အားလုံးက ဖြစ်နိုင်ချေရှိလာ၏။ 


ချန်ရှန်းက စစ်ဆေးချက်ရလဒ်အား လီချန်ယွီထံသို့ ကမ်းပေးလိုက်သည်။


လီချန်ယွီက သူ့စစ်ဆေးချက်ရလဒ်ကို အတော်ကြာအောင် ဤအတိုင်းကြည့်နေမိပြီးနောက် ရုတ်တရက် ဆာ့ဆာ့ထံတွင် ဒူးထောက်ချလိုက်သည် ။ 

" သာ့ရှန်...ကျေးဇူးတင်ပါတယ်... ကျွန်တော် သာ့ရှန်ရဲ့ကြင်နာမှုကို ဒီတစ်သက်ဆပ်လို့တောင် ကုန်မှာမဟုတ်တော့ပါဘူး... သာ့ရှန်သာ အနာဂတ်မှာ တစ်ခုခုလိုတာရှိရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ..."


စစ်ဆေးချက်ရလဒ်ကတောင် သူ့လက်ထဲရောက်နေပြီဆိုမှတော့ နားမလည်နိုင်စရာ ဘာများရှိတော့မလဲ…


ချန်ရှန်းက ထိုအရာကို " အဖိုးတန်သည် " ဟုပြောခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ ၎င်းက အမှန်တကယ်ကို အဖိုးထိုက်တန်ပေ၏ ။ သူ့မှာရှိသမျှ ရောင်းချလျှင်ပင် သူထိုအရာကို တတ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ၎င်းကသာ သူ့စိတ်ရင်းကိုပြနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည် ။ 


လီချန်ယွီက ' ကျွန်တော်သာသိခဲ့ရင် ဒီဆေးကိုမစားခဲ့ပါဘူး ' ဟူသော သူတော်ကောင်းယောင်ဆောင်သည့် စကားများကို ပြောမထွက်ချေ။ 


သူ၏ ဗီဇအဆင့်ကြောင့် လူအများက သူ့ကို 

' မင်းအစွမ်းကုန်ကြိုးစားရင်တောင် မင်းက မက်ခါတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး... မင်းက သာမန်မက်ခါမောင်းနှင်သူတစ်ယောက်ပဲဖြစ်လာနိုင်မှာ ' ဟုပြောကြသည် ။ 


တစ်ခုခုအပေါ် အစွမ်းကုန်ကြိုးစားတာက ဘယ်နေရာမှာများ မှားနေလို့လဲ…


သို့သော်လည်း ဤလမ်းကို သူဆက်လျှောက်ခဲ့သည် ။ သေချာပေါက် ထိုလူများက မမှားခဲ့ပေ။ သူ့အဆင့်များက ကျောင်း၌ အောက်ဆုံးမှာသာရှိ၏ ။ 


လီချန်ယွီမှာ သူ့ကိုယ်သူ ဇာတ်လိုက်ဖြစ်နေပြီး ရုတ်တရက် ရွှေလက်ချောင်းပေါ်ထွက်လာကာ သူ့အဆင့်များမိုးထိအောင်မြင့်တက်သွားပြီး ထိုပါရမီရှိသည့် ကောင်းကင်ဘုံ၏ကလေးများကို ရိုက်ချနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းက သူ့အိပ်မက်ထဲတွင်သာ ဖြစ်နိုင်လိမ့်ဟု သူထင်ခဲ့သည်။


ကံကြမ္မာအလှည့်အပြောင်းက အမှန်တကယ်ဖြစ်ပေါ်လာ၏။


၎င်းက သူ့အိပ်မက်မက်နေခဲ့ရသောအရာဖြစ်ပြီး သူ ငြင်းဆိုနိုင်မည်မဟုတ်ပေ။ ဆာ့ဆာ့က သူ့ကို ဖြစ်နိုင်ချေအသစ်တစ်ခုကို ပေးခဲ့သည် ။

' အဲ့ဒီအရာနဲ့ ပြန်လည်မွေးဖွားလာတာမျိုးနဲ့က ဘာများကွာခြားချက်ရှိမှာလဲ...'


ဤအခွင့်အရေးကို လက်ခံလိုက်ခြင်းမှအပ သူ၏ကျေးဇူးတင်မှုနှင့် စိတ်ရင်းကို ဖော်ပြနိုင်ရန် ဘာလုပ်နိုင်ဦးမလဲဆိုသည်ကို သူ မသိတော့ချေ။ 


ချန်ရှန်းမှာ လီချန်ယွီ၏ စိတ်နေသဘောထားကို နားလည်နေခြင်းကြောင့် သူလည်း မတားခဲ့ပေ။ လီချန်ယွီနေရာ၌ သူသာဆိုလျှင်လည်း တစ်ထေရာတည်း လုပ်မိမည်ပင်။ 


ဆာ့ဆာ့က အစပိုင်းတွင် ပျာယာခတ်သွား၏။ သူက အလွန်အရေးပါသော ကိုယ်ဟန်မျိုးပြလာသည် ။

' သူက ငါ့ကို ဆရာအနေနဲ့ တရားဝင်ဆည်းကပ်ဖို့ လုပ်နေတာလား...ဒါပေမဲ့ ငါအဲ့ဒါအတွက် အဆင်သင့် မဖြစ်သေးဘူးလေ...'


သို့သော် လီချန်ယွီ၏ အလေးအနက်ဖြစ်နေသော အမူအရာကို တွေ့လိုက်ရသောအခါ ဆာ့ဆာ့မှာထိုမျှလောက် ထိတ်လန့်မသွားတော့ချေ။ လီချန်ယွီနှင့် သူမက အတော်လေးရေးစက်ပါသည်ဟု ဆာ့ဆာ့ခံစားမိသည် ။ ဆရာပြောသလိုပင် ၊ တပည့်လက်ခံခြင်းဆိုသည်က ကံကြမ္မာအလိုရသာ ဖြစ်၏။ ထိုအရာက ကံကြမ္မာဆိုမှ ငြင်းဆိုနေစရာမလိုတော့ပေ ။ 


ထို့နောက် ဆာဆာ့က ရွှီယီ၏လေသံကို အတုခိုးကာ ပြောလိုက်သည်။

" ထပါ... အခုကစပြီး ရှင့်ကို ကျွန်မရဲ့ပထမဦးဆုံး တပည့်အနေနဲ့ ယူဆလို့ရသွားပြီ... ပြီးတော့ ထိုက်ယီဂိုဏ်းသားတစ်ဦးအဖြစ်လည်း ယူဆလို့ရပြီ... ကျွန်မ ရှင့်ကို နောက်ကျရင် လာခေါ်ဦးမယ်... ရှင့်ရဲ့ အကြီးဆုံးစီနီယာနဲ့ တတိယစီနီယာကလည်း အခုမြို့တော်ဂြိုဟ်မှာ ရောက်နေတာဆိုတော့ သူတို့နဲ့ တွေ့လို့ရအောင် ခေါ်သွားပေးမယ်... ပြီးတော့ ဆည်းကပ်တဲ့အနေနဲ့ လက်ဆောင်ကတော့ ကျွန်မ မပြင်ထားရသေးဘူး... ကျွန်မ ဘာပေးရမလဲဆိုတာ စဥ်းစားပြီးတဲ့အထိ စောင့်ပေးဦး..."


အနည်းဆုံး လီချန်ယွီက သူမ၏ပထမဆုံးတပည့်ဖြစ်နေသည့်အတွက် သူမ လက်လွတ်စပယ်လုပ်၍မဖြစ်ပေ ။ 


နောက်ဆုံးတွင် " ဂုဏ်ပုဒ်" အတပ်ခံလိုက်ရပြီဖြစ်သော လီချန်ယွီက စိတ်လှုပ်ရှားစွာပြောလာ၏။ 

" သာ့ရှန်... ကျွန်တော့်ကို ပေးထားတာတွေကတင် တော်တော်ကောင်းနေပါပြီ... ဘာမှ ထပ်ပြင်ပေးနေစရာမလိုပါဘူး..."


ဘေးတွင်ရပ်နေသော ချန်ရှန်း : "...."


ကလေးမျက်နှာလေးနှင့် မိန်းမငယ်လေးက တပည့်လက်ခံနေခြင်းကို ကြည့်ရသည်မှာ အတော်လေးစိမ်းသက်သက်နိုင်လှသည်။ 


သို့သော်လည်း ဤအခိုက်အတန့်တွင် လီချန်ယွီကို သူအနည်းငယ်မနာလိုဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် ဆာ့ဆာ့၏ရက်ရောမှုကို ကြည့်လိုက်ပါက သက်စောင့်ဆေးဆိုသည်မှာ သူမအတွက် ဂျယ်လီစေ့လေးလိုပင် ၊ သူလိုသလောက် ရနိုင်သည် ။ 

' ငါလည်း အဲ့လို ဆရာမျိုးလိုချင်တယ်...'


' အဲ့ဒါက သက်စောင့်ဆေးဖြစ်ဖြစ် ဘာဖြစ်ဖြစ်အရေးမကြီးဘူး...ငါက အဲ့လိုဝတ္တရားကျေပွန်တဲ့ဆရာမျိုးကိုလိုချင်တာပဲ...'


ဤအချိန်တွင် ဆာ့ဆာ့သတိရနေသော စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်က အကယ်ဒမီကျောင်း၏ အပြင်ဘက်ကို ရောက်နေပြီ ဖြစ်သည်။ စုန့်နင်ဖုန်းက မက်ခါကိုတတ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ရန် သတိပေးခံထားရပြီး ရှဲ့ရုန်၏ ရည်ရွယ်ချက်ကမူ အနည်းငယ်ပိုရိုးရှင်းနေ၏။ သူက ဤအတိုင်း စျေးဝယ်ထွက်ချင်ရုံသာ ဖြစ်သည် ။ 


စုန့်နင်ဖုန်း ကုန်ကြမ်းစျေးကိုမသွားမီ ရှဲ့ရုန်က သူ့ကို ထပ်တားလိုက်ပြန်၏ ။ 

" အကြီးဆုံးစီနီယာအစ်ကို...ကျွန်တော်တို့ ဒါကို လုပ်လို့မဖြစ်ဘူး..."


စုန့်နင်ဖုန်း : "...."


ရှဲ့ရုန်က ပြောလာ၏ ။

" ကျွန်တော်တို့ သေချာလုပ်ထားတာတောင် ဆိပ်ကမ်းမှာတုန်းက ဘာလို့အဖမ်းခံရလည်းဆိုတာ ကျွန်တော် အခုထိနားမလည်နိုင်သေးဘူး... ပြီးတော့ ဆာ့ဆာ့ရဲ့ဆရာက ကျွန်တော်တို့ကို နည်းနည်းထူးဆန်းသလိုမြင်နေတဲ့ပုံပဲ...ဒါပေမဲ့ အခုတော့ ကျွန်တော် နားလည်သွားပြီ...ကျွန်တော်တို့က သင့်တော်တဲ့ ဆံပင်ပုံစံမျိုးမညှပ်ရသေးလို့ပဲ..."


" ကျွန်တော်တို့ ဆံပင်က အရမ်းရှည်လွန်းတယ်...အဲ့ဒါက တကယ်ပဲ ဝတ်စားဆင်ယင်ပုံနဲ့ မလိုက်ဖက်ဘူး...ဆံပင်ပုံစံအသစ်သွားညှပ်ရအောင်..."


ရှဲ့ရုန်၏ လေသံထဲ၌ ထူးဆန်းသောစိတ်လှုပ်ရှားမှုများပါဝင်နေ၏။ စုန့်နင်ဖုန်းက သူ့ကို မသင်္ကာသလို ကြည့်လိုက်သည် ။ 

' အဲ့ဒါက တကယ့်အကြောင်းပြချက်လား...ဘာလို့ တစ်ခုခုက မူမမှန်သလိုမျိုး ခံစားနေမိတာလဲ...'


သူ ယခု ရှဲ့ရုန်အပေါ်တွင် အမှန်တကယ် ယုံကြည်မှုကင်းမဲ့နေ၏။ 


ရှဲ့ရုန်က စိတ်ထိခိုက်သွားသောအမူအရာဖြင့် ပြောလာ၏ ။ 

" အကြီးဆုံးစီနီယာအစ်ကို...ကျွန်တော့်ကို ဘယ်လိုများ မယုံကြည်နိုင်ရတာလဲ...အရင်တစ်ခေါက်က မတော်တဆဖြစ်သွားရုံပါပဲ...ကျွန်တော် အဲ့ဒါကို ပြန်သုံးသပ်ပြီး ဒီတစ်ခေါက်တော့ စိတ်ချရအောင်စစ်ဆေးပြီးပါပြီ...ကြည့်လိုက်လေ...ကျွန်တော်တို့လို ဆံပင်အရှည်နဲ့လူတွေက ခပ်ရှားရှားပဲမလား..."


ဤအချိန်တွင် ဖြတ်သွားဖြတ်လာတစ်ယောက်က ရှဲ့ရုန်ကို ကြည့်ကာ ခေါင်းခါရင်း သက်ပြင်းချသွား၏ ။


ဤအပြုအမူကြောင့် ရှဲ့ရုန်၏ပြောစကားများကို စုန့်နင်ဖုန်းက ရုတ်တရက် လက်ခံယုံကြည်သွား၏ ။ ထိုဖြတ်သွားဖြတ်လာတစ်ယောက်က ခပ်ဝေးဝေးရောက်ချိန်၌ သူ့သူငယ်ချင်းများအား ရေရွတ်ပြောဆိုနေသည်ကို စုန့်နင်ဖုန်း မကြားလိုက်ပေ ။ 

" ငါဒီနေ့ တော်တော်လှတဲ့မျက်နှာကို တွေ့ခဲ့ရတယ်...ငါ့နှလုံးတွေခုန်နေလိုက်တာများ...သူ့ဆံပင်အရှည်ကြီးတွေကလည်း ကျက်သရေရှိလိုက်တာဆိုတာ ငါဖြင့် ငါ့ရဲ့ နွေဦးလေးရောက်လာပြီလားတောင် ထင်မိတယ်...ရလဒ်က ငါလည်းအနားကပ်သွားရော အဲ့ဒါက ယောက်ျားတစ်ယောက်ဖြစ်နေတာပဲ..."


ရှဲ့ရုန်၏ ချောမောကြည့်ကောင်းသောပုံစံကို မဆိုထားနှင့် ၊ သူ့ဆံပင်ရှည်များက မိန်းကလေးလား၊ ယောက်ျားလေးဝေခွဲရခက်စေသောကြောင့် လူများက သေချာမကြည့်မိလျှင် သူ့ကို မိန်းကလေးအဖြစ်အထင်မှားမိသည်က ပုံမှန်သာဖြစ်သည်။


" ဆံပင်ကို အတိုညှပ်ပစ်ရမှာလား...ငါ့ဘာသာပဲ လုပ်လိုက်မယ်..." 

စုန့်နင်ဖုန်းက ပြန်ပြောလိုက်သည် ။


ရှဲ့ရုန်က စိတ်ပျက်သွား၏ ။

" အကြီးဆုံးစီနီယာအစ်ကို...လူကြီးလူကောင်းတစ်ယောက်က ဘယ်လိုလုပ် အရမ်းကြမ်းတမ်းနေရတာလဲ...အစ်ကိုကြီးသိလား ဒါက မြို့တော်နော်...ဒီနေရာမှာ အကောင်းဆုံးဆံသဆိုင်ရှိတယ်...ဆိုင်တစ်ဆိုင်မှာ ညှပ်တာ ၊ လျှော်တာ ၊ လေမှုတ်တာ ပြီးတော့ ခေါင်းနှိပ်တာအကုန်ရတယ်...လာပါ အတွေ့အကြုံလေးသွားယူတာပေါ့...ဆံပင်ပုံစံက ဘာလဲဆိုတာ အစ်ကိုကြီးသိလို့လား...ဖြစ်ကတတ်ဆန်းလျှောက်ညှပ်တာကို ဆံပင်စတိုင်လို့မခေါ်ဘူး...ဆံပင်စတိုင်ဆိုတာ သူ့စတိုင်နဲ့သူရှိတာမျိုးကို ခေါ်တာ..."


ရှဲ့ရုန်က စုန့်နင်ဖုန်းကို အွန်လိုင်းပေါ်၌နာမည်ကြီးနေသော ဆံသဆရာဆီ တွန်းခေါ်သွား၏ ။ 


တစ်နာရီကြာပြီးနောက် နှစ်ယောက်သားက ဆံသဆရာဆီမှ ထွက်လာ၏။


စုန့်နင်ဖုန်းက သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ 

" အားရုန်...ဆရာသာတွေ့ရင် မင်းခြေထောက်တွေ ရိုက်ချိုးခံရလောက်တယ်..." 


နာမည်ကြီးဆံသဆရာ၏ လက်ရာက အံ့မခန်းပင်။ စုန့်နင်ဖုန်းကို သူ၏ တည်ကြည်လေးနက်သောအမူအရာနှင့်လိုက်ဖက်သည့် ယောက်ျားဆန်သောဆံပင်အတိုပုံစံမျိုး ညှပ်ပေးထားသည်။ သာမန် တီရှယ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကိုဝတ်ထားရုံကပင် သူ့ကို မော်ဒယ်တစ်ယောက်ပုံစံပေါက်သွားစေ၏။ 


စုန့်နင်ဖုန်းက သူ့ဆံပင်ပုံစံကို သဘောတွေ့နေပြီး ရှဲ့ရုန်ကို ကြည့်လိုက်သောအခါ သူမျက်စိကန်းတော့မလိုပင် ခံစားလိုက်ရသည်။ ရှဲ့ရုန်က နားအောက်ရောက်သော ဘော့ပ်ကေနှင့် ဆံပင်ကိုအစိမ်းရောင်ဆိုးကာ ဘေးဆံမြိတ်အစွန်းနှစ်ဖက်ကို ပန်းရောင်ဆိုးထား၏။ 


စုန့်နင်ဖုန်းမှာ သူ့မျက်နှာနှင့် ရှဲ့ရုန်၏ ဆံပင်၌ မည်သည့်အရာကပင် ပို၍စိမ်းနေပြီလဲကို မပြောတတ်တော့ချေ။ 


သို့သော် ရှဲ့ရုန်က အတော်လေးသဘောကျနေပြီး သူ့ဆံပင်အစွန်းနှစ်ဖက်ကို လေဖြင့်မှုတ်ကာ ပြောလိုက်သည် ။ 

" အကြီးဆုံးစီနီယာအစ်ကိုကလည်း ဆရာ့လို ပုံတုံးကြီးလုပ်မနေစမ်းပါနဲ့...ဒါက အခုတလော ခေတ်စားနေတဲ့ အရောင်ပဲ..." 


အမှန်တွင် ရှဲ့ရုန်က ဤကပ်ဘေးသင့်လာသောဆံပင်ပုံစံနှင့် အလွန်လိုက်ဖက်နေပြီး အများအာရုံတွင် အနုပညာဆန်သော်လည်း စုန့်နင်ဖုန်းကမူ သူ့မျက်လုံးထဲတွင် အလွန်ဆန်းပြားလွန်းသည်ဟု မြင်နေဆဲပင်။ 


ကြယ်တာရာခေတ်သို့ ရောက်လာပြီးနောက် ထူးဆန်းသောဆံပင်ပုံစံအရောင်များနှင့် လူများကို သူမရေမတွက်နိုင်အောင် တွေ့ဖူးပြီး သူတို့ပုံစံမျိုး သူကလည်း လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်သည်။ သို့သော် ထိုလူက ရှဲ့ရုန်ဖြစ်နေသောအခါ အနည်းငယ် ကြောင်တောင်တောင်နိုင်သလို ဖြစ်နေ၏။ 


စုန့်နင်ဖုန်းက ရှဲ့ရုန်၏ ပုခုံးကိုပုတ်လျက် ပြောလာ၏။

" အဲ့ဒီလိုဖြစ်လာတဲ့အခါကျရင် မင်းရှင်သန်နိုင်ပါစေလို့ပဲ ပါမျှော်လင့်ပါတယ်..."


နောက်တစ်ကြိမ် ဆရာက ရှဲ့ရုန်ကို အပြစ်ပေးလျှင် သူသေချာပေါက် တားမည်မဟုတ်ပေ ။ 


ဆံပင်ပုံစံပြောင်းပြီးနောက် သူတို့နှစ်ယောက် ကုန်ကြမ်းစျေးသို့သွားလိုက်သည်။ 


ကုန်ကြမ်းမားကတ်စျေးက စုစုပေါင်းဆယ့်ငါးထပ်ရှိပြီး ကြယ်တာရာခေတ်၏ပစ္စည်းမျိုးစုံကို ဤနေရာတွင် ရနိုင်သည်ဟု ဆိုကြသည်။ သေချာပေါက် ရောင်းချမှုအများဆုံးက မက်ခါကုန်ကြမ်းများဖြစ်ပြီး ကုန်ကြမ်းစျေးဆိုင်မျိုးစုံတွင် မက်ခါရောင်းသည့် ဆိုင်အချို့လည်း ရှိသည်။ အချို့ဆိုင်များဆိုလျှင် ပညာရှင်များကိုယ်တိုင်လာထိုင်သည့် ဆိုင်များပင်ရှိသည် ။ 


စုန့်နင်ဖုန်းက စတားကွန်ရက်ပေါ်ရှိ သင်တန်းများ၊ အသေးစိတ်ရှင်းပြချက်များကို ကြည့်ပြီး မက်ခါအကြောင်း လေ့လာခဲ့သည်။ သူက သူ့ဘာသာစမ်းကြည့်ရန် တကယ့်ပစ္စည်းများကို ဝယ်ယူခဲ့သော်လည်း အပြင်ဘက်၌ ပြင်ဆင်ပြီးရောင်းချသည့် ကုန်ချောပစ္စည်းများကို တစ်ခါမှ မထိတွေ့ဖူးပေ။ ယခု သူ ဤနေရာကိုရောက်လာပြီး အမှတ်မထင် ဤပစ္စည်းများကို ရှာတွေ့သွားသည်။ 


၎င်းက သူယခုပင်လုပ်၍ရသည့် သာမန်မက်ခါများဖြစ်ပြီး အခြားသူများထက် ပိုဆိုးသောအလုပ်ကို လုပ်စရာမလိုသော်လည်း အမျိုးအစားစုံလင်သောမက်ခါများက ဤနေရာတွင် ရှိနေ၏။ အင်တာနက်ပေါ်တွင် ရှိသမျှ လုပ်ဆောင်နည်းများကို ကြည့်ရန်ဆိုသည်က သူ့အတွက်မဖြစ်နိုင်ချေ။ 


ကုန်ကြမ်းပစ္စည်းဆိုင်တွင် ပစ္စည်းမျိုးစုံကို တွေ့နိုင်ပြီး ထိုအရာများကိုအနီးကပ်ကြည့်ကာ စုန့်နင်ဖုန်း ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်သည် ။ 


" ဝယ်ရင်ဝယ် မဝယ်ရင်လည်း ထွက်သွား...ဘာလို့လျှောက်ကိုင်နေတာလဲ...မင်း အဲ့ဒီဆေးသုတ်ထားတာတွေကို ပွတ်မိတော့မယ်..." 

မက်ခါကိုဆေးသုတ်နေသော အဖိုးကြီးက ကြမ်းတမ်းစွာအော်ငေါက်လာ၏။



💫💫💫