💫 Chapter 28
စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်က ချန်ရှန်းနှင့်အတူ ကျောင်းအုပ်ကြီး လီစီးကို သွားတွေ့ကြသည် ။
လီစီးက သူတို့ကို ဆာ့ဆာ့၏အကြောင်းနှင့် ဆာ့ဆာ့၏ အဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားရသည့်အကြောင်းကို ပြောပြလိုက်သည်။ ၎င်းက စုန့်နင်ဖုန်းနှင့် အခြားသူများ ဆွေးနွေးရမည့်အကြောင်းအရာပင်။ ဆာ့ဆာ့က ရိုးရှင်းသော ထိုက်ယီဂိုဏ်းတွင် ကြီးပြင်းလာရပြီး စွမ်းအင်ရုန်းကန်ရမှုများနှင့် ပက်သက်၍ အားနည်းချက်များရှိ နေသည်။
စုန့်နင်ဖုန်းက လီစီးကို အလေးအနက်ကျေးဇူးတင်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးလီ...
ကျွန်တော်တို့ ဒီကိစ္စကို သဘောတူပါတယ်... ဒါပေမဲ့ ဒီအကြောင်းကို ဆာ့ဆာ့ကို ပြောပြလိုက်လို့ရပါတယ်... သူလည်း ကိုယ့်အခြေအနေကိုယ်သိသွားပြီး နှုတ်ဖွာမှာမဟုတ်ပါဘူး..."
စုန့်နင်ဖုန်းနှင့် အခြားသူများက ဆာ့ဆာ့ကို ကာကွယ်ပေးမည်ဖြစ်သော်လည်း သူတို့က သူမ၏ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်၍ ကာကွယ်ပေးစရာလိုသည်ဟု မထင်ပေ။ S+ပင်ဖြစ်စေ မည်သည့်အဆင့်ဖြစ်စေ အသေးအဖွဲမျှသာ။ ဆာ့ဆာ့က ထိုအကြောင်း ရှင်းလင်းသွားလျှင်ပင် အခြားသူများကို လျှောက်ပြောနေမည်မဟုတ်ပေ။
လီစီးနှင့် ချန်ရှန်း နှစ်ယောက်စလုံး အနည်းငယ်အံ့အားသင့်သွား၏။ ထိုသူတို့နှစ်ယောက်နှင့် စကားပြော အဆင်မပြေမည်ကို သူတို့စိုးရိမ်နေသော်လည်း သူတို့က ထင်မှတ်မထားလောက်အောင် စကားပြောပြေပြစ်နေ၏။ သူတို့နှစ်ယောက်က အလွန်ပူးပေါင်းပေးပြီး သူတို့ပြောသောစကားများတွင် ဆာ့ဆာ့ကိုလည်း အလွန်အရေးပေးပုံရသည်။
လီစီးက အလွန်စိတ်သက်သာရာရသွားပြီး အခြားကိစ္စများကိုပါ ပြောလာ၏။
" ပြီးတော့ ဆာ့ဆာ့ရဲ့သီးသန့်မက်ခါအကြောင်းလည်းရှိသေးတယ်...အကောင်းဆုံးပါရမီတွေရှိနေရင်တောင် လိုက်ဖက်ညီတဲ့မက်ခါနဲ့မှသာ ထုတ်ပြနိုင်မှာပါ... ခင်ဗျားတို့ မက်ခါပညာရှင်တွေထဲမှာများ အသိရှိကြလား...0မရှိဘူးဆိုရင် Sအဆင့် မက်ခါပညာရှင်နဲ့ ကျွန်တော်မိတ်ဆက်ပေးလို့ရပါတယ်... ဒါပေမဲ့ S+ အဆင့်ထဲမှာတော့ ကျွန်တော်မိတ်ဆက်ပေးနိုင်တာ မရှိသေးဘူး..."
S+အဆင့် မက်ခါပညာရှင်များက ဖက်ဒရယ်နိုင်ငံတော်တစ်ခုလုံးတွင် အရှားပါးဆုံးဖြစ်ပြီး လီစီးက သူ့ထံတွင် ထိုမျှလောက် သြဇာရှိသည်ဟုမထင်ပေ။ သို့သော် သူပြောသည့် Sအဆင့် မက်ခါပညာရှင်က အခြေခံရှိဝါရင့်ပညာရှင်ဖြစ်ပြီး ဆာ့ဆာ့အတွက် အကောင်းဆုံးမက်ခါကို လုပ်ပေးနိုင်လောက်သည် ။
ဆာ့ဆာ့၏မိသားစုက သူမအတွက် မက်ခါကို တည်ဆောက်ပေးနေပြီဖြစ်ကြောင်း ချန်ရှန်းက သူ့ကို အစောကတည်းကပြောထားပြီးသားဖြစ်၏။ ပြဿနာမှာ တစ်ဖက်လူက မက်ခါပညာရှင်ပင် မဟုတ်ပေ။ ၎င်းက ဟာသဖြစ်နေစေသည်။ စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်၏ပုံစံက ကျိုးသင့်ကြောင်းသင့်မရှိသည့်သူလိုမျိုးမဟုတ်သည်ကို လီစီးတွေ့ထားပြီး ဖြစ်သောကြောင့် သူက အခွင့်အရေးယူကာ ထုတ်ပြောလိုက်သည် ။
သို့သော် ယခုဏလေးတင် အလွန် စကားပြောရကောင်းနေသော စုန့်နင်ဖုန်းက ပြောလာ၏ ။
" အပင်ပန်းမခံပါနဲ့...ကျွန်တော် ဆာ့ဆာ့အတွက် ပြင်ဆင်ပေးနေတဲ့မက်ခါက မကြာခင်ရတော့မှာပါ...အဲ့ဒါက သေချာပေါက် ဆာ့ဆာ့နဲ့ အံကိုက်ဖြစ်နေမှာပါ..."
လီစီး နှင့် ချန်ရှန်း : ' သူက အဲ့ဒါနဲ့ ပတ်သက်ပြီး တော်တော်လေး ယုံကြည်မှုရှိနေတာပဲ...'
ထို့နောက် လီစီးက ပြောလိုက်သည်။
" ကျွန်တော်က မက်ခါတွေအကြောင်း အကြမ်းဖျင်းလောက်သိထားပါတယ်... ခင်ဗျား စိတ်မရှိဘူးဆိုရင် အဲ့ဒါကို ယူလာခဲ့လိုက်ပါလား... ကျွန်တော်ကူကြည့်ပေးလို့ရတာပေါ့..."
" အခုလောလောဆယ် အဲ့ဒါကို ပုံမဖော်ရသေးဘူး... ပြီးတော့ ကျွန်တော် သွားခဲ့တဲ့နေရာတော်တော်များများက ကိုက်ညီတဲ့ကုန်ကြမ်းတွေမရသေးဘူး... ကျွန်တော် နောက် ၂ရက်နေရင် စျေးကွက်ထဲမှာ သွားရှာကြည့်မလို့... အဆင်သင့်ဖြစ်လို့ ကျောင်းအုပ်ကြီးလီမှာ အချိန်ရှိမယ်ဆိုရင် လာကြည့်လို့ရပါတယ်... ဒါနဲ့စကားမစပ် ကျောင်းအုပ်ကြီးလီ မြို့တော်ဂြိုဟ်ပေါ်မှာ ကုန်ကြမ်းအများဆုံး ဘယ်စျေးကွက်မှာ ရနိုင်မလဲသိလား..."
လီစီး : ' မင်းပြောချင်တာက အခုလောလောဆယ် ဘာမှကိုမရှိသေးဘူးဆိုတဲ့ သဘောလား...မင်းဘယ်လိုတောင် လေလုံးထွားနိုင်ရတာလဲ...'
စုန့်နင်ဖုန်း၏ အမူအရာပင်တစ်ချက်မပြောင်းဘဲ လေလုံးထွားနိုင်သည့်စကေးကို သူလေးစားမိသည်။
' သူ့လိုလူမျိုးသာ ပညာရေးဌာနမှာ ထောက်ပံ့ကြေးငွေတောင်းဆိုဖို့သွားရင် အဆင်ပြေနိုင်မှာပဲမလား...'
လီစီး အနည်းငယ်ပင်ပန်းသွား၏။ စုန့်နင်ဖုန်းက ထိုကဲသို့ သူ့ကမ္ဘာထဲတွင်သာ သူရှင်သန်နေသူဖြစ်ပြီး အခြားမည်သူ ပြောသည်ကိုမှနားမထောင်ပေ ။
သို့သော်လည်း ကျောင်းအုပ်ကြီးလီမှာ မြို့တော်ဂြိုဟ်ရှိ အကြီးဆုံးကူးသန်းရောင်းဝယ်ရေးစျေးကွက်၏ လိပ်စာကို ပေးလိုက်ရသေးသည်။ သူ့မှာ စိတ်ပင်ပန်းစွာဖြင့် ပြောလိုက်မိသည် ။
" ကလေးကို ထပ်နောက်မကျပါစေနဲ့တော့..."
လီစီးက သူ့အား မက်ခါကိုမြန်မြန်တည်ဆောက်ခိုင်းနေသည်ဟု စုန့်နင်ဖုန်းက တွေးမိပြီး လေးနက်စွာ ပြန်ပြောလိုက်သည်။
" စိတ်မပူပါနဲ့... အဲ့လို မဖြစ်စေရပါဘူး..."
၎င်းက ချောမွေ့သောစကားဝိုင်းဖြစ်ခဲ့သည်ဟု စုန့်နင်ဖုန်း နှင့်ရှဲ့ရုန် နှစ်ယောက်လုံး လက်ခံမိသည်။ သူတို့မသွားမီ လီစီးအား လက်ဆောင်ပေးသွားသေးသည်။ ကျောင်းအုပ်ကြီးက အကယ်ဒမီကျောင်း၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူတို့မှာသာ ကောင်းမွန်သောဆက်ဆံရေးရှိလျှင် ဆာ့ဆာ့၏အနာဂတ်အတွက်လည်း ပိုကောင်းနိုင်သည်။
လီစီးက လက်မခံလိုဘဲ ပြန်တွန်းပေးရန်လုပ်နေချိန်တွင် စုန့်နင်ဖုန်းက သေတ္တာလေးကို ဖွင့်ပြလိုက်ပြီး အထဲတွင် ဆေးပုလင်းနှစ်လုံးရှိနေ၏။
" ဒေသထွက်အထူးထုတ်ကုန်လေးပါပဲ...ဒီမှာရှိတဲ့သူတွေက ဒါကို အတော်လေးသဘောကျကျပေမဲ့ တကယ်တော့ ဘာမှမဟုတ်ပါဘူး...ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးပြီး ဆာ့ဆာ့ကိုလည်း ပိုဂရုစိုက်ပေးပါဦး..."
လီစီး ဤဆေးပုလင်းများကို ရင်းနှီးနေ၏။ လော့ကျန်းက သူ့ကို အလဲအလှယ်လုပ်ရန် ပထမဆုံးရောက်လာချိန်က ဤဆေးပုလင်းများကို ယူလာသေးသည်။
သူ့လက်များ လိမ်ယှက်သွား၏ ။
' အဖိုးတန်ပစ္စည်းတွေကို ငါလက်ခံလို့မရဘူး...မဟုတ်ရင် ဒါက လာဘ်စားသလို ဖြစ်နေလိမ့်မယ်...ဒါပေမဲ့ သောက်ကျိုးနည်း… အဲ့ဒါကို ငါသောက်ရမ်းလိုချင်တယ်...သူတို့က တကယ်အများကြီး ပေးလာတာပဲ...'
သို့သော်လည်း ငွေကြေးတန်ဖိုးဖြင့် တိုင်းတာ၍ရသည့်အရာ မှန်သမျှကို သူပြတ်ပြတ်သားသားငြင်းဆိုရမည်။ လီစီး၏ နေရာသို့ရောက်လျှင် ပိုက်ဆံလိုအရာမျိုးက သူ့ကို ထပ်ပြီး အထင်မကြီးစေနိုင်တော့ပေ။ စုန့်နင်ဖုန်း ယူလာသော သက်စောင့်ဆေးလိုအရာမျိုးကမူ သူ မငြင်းဆိုနိုင်လောက်သည့်အရာမျိုးပင်။
သုတေသနဌာနက သူ့ကို မက်ဆေ့ချ်ပို့ထားပြီးသားဖြစ်၏။
' သက်စောင့်ဆေးထဲမှာ အမည်မသိပါဝင်ပစ္စည်းတွေအများကြီးပါနေတယ်... ပြီးတော့ ထုတ်လုပ်တဲ့နည်းလမ်းတွေကလည်း အရမ်းအနုစိတ်ပြီး လက်ရှိနည်းပညာအရ တစ်ထေရာတည်း ပြန်မထုတ်နိုင်သေးဘူး... သက်စောင့်ဆေးက ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှုရှိပေမဲ့ မူလကတည်းက အဆင့်မြင့်ပြီးသားသူတွေအပေါ်မှာတော့ သိပ်ပြီးအကျိုးသက်ရောက်မှုမရှိဘူး... အဲ့ဒါက ဘေးထွက်ဆိုးကျိုးမရှိတာလည်း သေချာတယ်...'
သုတေသနဌာနမှလူများက သက်စောင့်ဆေးကိုပြုလုပ်သည့်သူများနှင့်တွေ့ရမည်ဆိုလျှင် သဘောကျမည်မှာ သေချာသည်။ သူတို့ ပြုလုပ်နည်းကို စျေးကြီးပေးပြီးမဝယ်နိုင်သော်လည်း ၎င်းကို တီထွင်သည့် နည်းလမ်းအချို့ကို သူတို့မေးနိုင်လောက်သည်။ ထိုသက်စောင့်ဆေးမျိုး၏ ထုတ်လုပ်နည်းကိုသာ သူတို့ပါဝင်ပြီး မျက်မြင်တွေ့နိုင်လျှင် အများကြီးသင်ယူနိုင်လောက်သည် ။
သေချာပေါက် ဤလူများကို လီစီးက တားထားတာဖြစ်သည်။ ဤလူများက 'ဘယ်လိုမိသားစုမျိုးလဲ' ဆိုသည်ကို လီစီးနားမလည်နိုင်ပေ။
' သူတို့က အပြင်မှာ ရှာဖို့ခက်တဲ့ ဆေးကို ဒေသထုတ်ကုန်လုပ်ထားတာလား… ဒါက ငါ့ရဲ့ စရိုက်ကို စမ်းသပ်နေပြီး ရည်ရွယ်ချက်ရှိရှိ ငါ့ကို အကျင့်ပျက်အောင်လုပ်နေတာပဲ မဟုတ်ဘူးလား...'
လီစီးက စိတ်ပင်ပန်းကြီးစွာဖြင့် ပြောလိုက်သည် ။
" ကျုပ်တကယ်ပဲ ဒါတွေကို လက်ခံလို့မရပါဘူး...ဒါတွေက အရမ်းအဖိုးတန်လွန်းတယ်..."
ယခုလေးတင် လက်ဆောင်ကို လက်ခံလာသော ချန်ရှန်း၏ အမူအရာမှာ ရုတ်တရက်ကြီး ပြောင်းလဲသွား၏ ။
ချန်ရှန်းမှာ လက်ဆောင်ကို လက်ခံလိုက်စဥ်က ဘာမှ အများကြီးမစဥ်းစားလိုက်ပေ။ သူက အကြမ်းဖျင်းသာ ကြည့်လိုက်သည်။ ထိုပစ္စည်းမှာ မည်သည့်အမှတ်အသားမှ မရှိသလို သူသိသည့် တန်ဖိုးကြီးထဲမှ ပစ္စည်းမျိုးလည်း မဟုတ်ပေ။ ထို့အပြင် သူလည်း ဒေသထွက်ထုတ်ကုန်အဖြစ်သာ ထင်လိုက်သည်။ သူက ကျောင်းသားများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး သူတပည့်များက အားလပ်ရက်မွေးရပ်မြေမှပြန်လာတိုင်း သူ့အတွက် အမှတ်တရလက်ဆောင်များ ယူလာတတ်သည်။ သူက ထိုကဲ့သို့ ဆင်တူသည့်ပစ္စည်းမျိုးကိုသာ ယူလာမိသည်ဟု ထင်ခဲ့သည် ။
သို့သော် လီစီးက " အရမ်းအဖိုးတန်လွန်းတယ်" ဟုပြောလာသောကြောင့် သူခန့်မှန်းကြည့်နိုင်၏။
ချန်ရှန်းက ငတုံးမဟုတ်ပေ။ လီစီး ယခင်ကပြောဖူးသည့် ဆေးအကြောင်းနှင့် ဆက်စပ်ကြည့်မိသောအခါ သူ့လက်များပင် တုန်ယင်လာမိ၏ ။
စုန့်နင်ဖုန်းက လီစီး၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူက သက်စောင့်ဆေး၏အစွမ်းကိုသိကြောင်း သိလိုက်ပြီး ၎င်းကလည်း ကောင်းသည့်အချက်ပင်။ လက်ဆောင်များက အမြဲတမ်းလက်ခံရရှိသူ၏ စိတ်ကို ရရှိစေနိုင်သည်။
" ကျောင်းအုပ်ကြီးလီ..ကျေးဇူးပြုပြီး အရမ်းမယဥ်ကျေးပါနဲ့... ကျွန်တော် လိမ်နေတာမဟုတ်ပါဘူး ဒီဆေးကို ကျွန်တော်တို့ဂိုဏ်းက လုပ်ထားတာပါ... အဲ့ဒါကို အပြင်မှာဝယ်လို့မရဘူးဆိုတော့ စျေးကြီးတယ်ဆိုတာ ပုံမှန်ပါပဲ... ဒါပေမဲ့ ကျွန်တော်တို့က အချင်းချင်းတွေပဲဆိုတော့ ဒါက ဒေသထွက်ကုန်လေးပဲပေါ့..."
တစ်ခါတစ်ရံ စုန့်နင်ဖုန်းက စကားကို ရှေ့နောက်မညီပြောတတ်ပြီး အနည်းငယ် ထူးဆန်းနေတတ်သည်။ သို့သော် ထိုက်ယီဂိုဏ်း၏ အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်အနေဖြင့် သူ့လူမှုဆက်ဆံရေးက ပြဿနာမရှိသလို ပုံမှန်အားဖြင့် ဂိုဏ်းကိုယ်စား သူကသာ ဆွေးနွေးပေးတတ်သည်။
ထင်ထားသည့်အတိုင်း စုန့်နင်ဖုန်းက ထိုသို့ပြောလာသောအခါ လီစီးမှာ ထပ်ပြီးမငြင်းဆိုနိုင်တော့ပေ။ သူက စိတ်ထဲတွင် သက်ပြင်းချကာ ပြောလိုက်သည်။
" ဒါဆို ကျုပ်လည်း အားနာမနေတော့ပါဘူး..."
သူ့စိတ်ထဲတွင် တစ်ခါထပ်ပြီး အဆက်အစပ်မရှိသလို ခံစားလိုက်ရသည်။
' တစ်ခါတစ်လေ စုန့်နင်ဖုန်းက သာမန်လူတစ်ယောက်လို့ထင်ရပေမဲ့ တစ်ခါတစ်လေကျတော့လည်း အဲ့ဒါက ရှင်းပြလို့မရသလို ခံစားရတယ်...'
စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်ထွက်သွားပြီးနောက် လီစီးက သက်စောင့်ဆေးနှစ်မျိုးကိုထုတ်ကာ ချန်ရှန်းကို 'နှုတ်ပိတ်ခ' အနေဖြင့် ပေးလိုက်သည် ။
သို့သော် ချန်ရှန်းမှာ ငိုလုမတက်ဖြစ်နေ၏ ။
" ကျောင်းအုပ်လီ... ငါ့စိတ်ထဲလည်း လိပ်ပြာမလုံသလိုဖြစ်နေပြီ...ငါလည်းပဲ လာဘ်စားလိုက်မိတယ်..."
" လည်းပဲ " ဆိုသည့် စကားလုံးက ပြောင်မြောက်လှသည်။
လီစီးက သက်စောင့်ဆေးကို ဝှစ်ခနဲပြန်ယူလိုက်ပြီး အမှုမထားသလို အမူအရာဖြင့် ပြောလိုက်သည်။
" မင်းစောစောကတော့ မပြောဘူး..."
" မင်း အဲ့ဒါကိုယူလို့ရပါတယ်... သူတို့ကြည့်ရတာ အဲ့ဒါကို သိပ်ဂရုစိုက်ပုံမရပါဘူး...အဲ့ဒီအစား မင်းလက်ခံလိုက်လို့ သူတို့က ပိုပြီးတောင်စိတ်သက်သာရာရသွားဦးမယ်... အဓိကက နောက်ကျရင် ဆာ့ဆာ့ကို ပိုပြီး ဂရုစိုက်ပေးဖို့ပဲ..."
အမှန်တွင် ဆာ့ဆာ့၏မိသားစုက သူတို့ကို လက်ဆောင်မပေးလာခဲ့လျှင်ပင် သူတို့သေချာပေါက် ဆာ့ဆာ့အား ဂရုစိုက်ပေးကြမည်ပင်။
S+ နှစ်ဆအဆင့်ရှိတဲ့သူကို သူတို့ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေမှာလဲ…
လီစီးလည်း "အကျင့်ဖျက်လို့မရသည့်သူ " မဟုတ်တော့သည့်အနေဖြင့် သူ့ကိုယ်သူ ပြန်ဖြေသိမ့်ရင်း ပြောလိုက်သည်။
လီစီးက ထိုသို့ပြောလိုက်သော်ငြား ချန်ရှန်းက အနည်းငယ်လွှမ်းမိုးခံလိုက်ရသည်။ သူက သူ့လေယာဥ်ထဲရှိ ဘူးသေးလေးကို ထိလိုက်ရင်း အပူကို ခံစားမိလိုက်သည် ။
' အဲ့ဒါက မထိုက်တန်ဘူးဆိုရင် ငါဆုလာဘ်တွေကို လက်မခံသင့်ဘူး...'
သူက ယခုထက်ထိ ဆာ့ဆာ့ကို ဘာမှမသင်ပေးရသေးသော်လည်း သူမ၏မိသားစုထံမှ ထိုကဲ့သို့ ပစ္စည်းကောင်းကို လက်ခံလိုက်ပြီးသားဖြစ်သည်။
အနာဂတ်မှာ ကျောင်းသားတွေရှေ့ ငါ ဘယ်လိုလုပ် ရပ်တည်နိုင်တော့မလဲ…
ချန်ရှန်းက ၎င်းကို တွေးမိပြီး ဆာ့ဆာ့ကို ချဥ်းကပ်ကာ သက်စောင့်ဆေးနှစ်ပုလင်းကို ပြန်ပေးလိုက်သည် ။
" စိတ်မကောင်းပါဘူး ဆာ့ဆာ့... အဲဒါကို မယူခင်တုန်းက အဲ့လိုအဖိုးတန်တဲ့ပစ္စည်းမှန်း ဆရာမသိခဲ့ဘူး...သမီးဘာသာပဲ သိမ်းထားလိုက်ပါ..."
" အာ...ဆရာချန်...အဲ့ဒါက အဲ့လောက်တောင်ပဲ စျေးကြီးလို့လား..."
ထိုသို့ပြောလာသည်က ဆာ့ဆာ့မဟုတ်ဘဲ သူမဘေးရှိ လီချန်ယွီပင် ။
" ဆာ့ဆာ့...ဒါက ဘယ်လောက်ကျလဲ...ကျွန်တော်ငွေပြန်လွှဲပေးပါ့မယ်..."
ကျောင်း၌ ဆာ့ဆာ့ကို လီချန်ယွီက 'သာ့ရှန်' ဟုမခေါ်ပေ ။ ၎င်းက အလွန်ထူးဆန်းသောကြောင့် သူမကို နာမည်သာတပ်ခေါ်၏။ ချန်ရှန်း ကိုင်ထားသောဆေးကို သူအနည်းငယ် ရင်းနှီးနေသည်။ ဆာ့ဆာ့ ယခင်က သူ့ကို ထိုဆေးပုလင်းအနည်းငယ်ပေးဖူးပြီး သူ့ကျန်းမာရေးအတွက်ကောင်းသည်ဟု ပြောခဲ့သည်။ ထိုဆေးများကို လီချန်ယွီက တစ်ခုချင်းစီ တော်တော်လေးသောက်ခဲ့သည် ။
ဆာ့ဆာ့ သူ့ကိုပြောစဥ်က အလွန်ပုံမှန်ဖြစ်သောကြောင့် လီချန်ယွီက ထိုအရာနှင့်ပတ်သက်ပြီး ဘာမှ တွေးခဲ့ပေ။ ထိုဆေးကို သူသောက်ပြီးနောက် လီချန်ယွီမှာ အတော်လေးသက်တောင့်သက်သာရှိလာပြီး စွမ်းအင်ပြည့်ဝလာသလိုခံစားခဲ့ရသောကြောင့် လူကိုလန်းဆန်းစေသည့်ဆေးမျိုးဟုပင် သူထင်ခဲ့သည်။
ယခု ချန်ရှန်းက အဖိုးတန်သည်ဟုပြောသည်ကို ကြားရသောအခါ လီချန်ယွီမှာ တော်တော်များကို အလကားသောက်သုံးမိခဲ့တာကြောင့် စစကြားချင်း ရှော့ခ်ရသွား၏ ။
ချန်ရှန်းလည်း အံ့အားသင့်သွားပြီး ဆာ့ဆာ့နှင့် လီချန်ယွီကို ကြည့်လိုက်သည် ။
" ဆာ့ဆာ့... ဒီဆေးကို ပေးပစ်နေတာလား...သမီးက ဒီအတိုင်းလေးပဲ ပေးပစ်လိုက်တာလား..."
' သုတေသနဌာနက သုတေသီတွေက ဒီဆေးကို ရဖို့ လီစီးရဲ့ ဘောင်းဘီစကိုတောင်ဆွဲဖက်ပြီး ငိုနေတယ်လို့ ငါကြားထားတယ်... ဒါပေမဲ့ ဒီဆေးရဲ့ တန်ဖိုးကိုတောင် မသိဘဲ အများကြီးစားပစ်နေတဲ့ ကလေးက ရှိသေးတယ်...'
' ပိုက်ဆံပြန်လွှဲပေးမယ်တဲ့လား...'
ချန်ရှန်းမှာ လီချန်ယွီက သူ့ကိုယ်တွင်းအင်္ဂါများ ရောင်းပစ်လိုက်လျှင် ဖြစ်နိုင်ချေရှိသေးသည်ဟု သူတွေးမိသည် ။ ထိုသို့မဟုတ်က သူ ငွေပေးချေရန် မဖြစ်နိုင်ပေ။
ဆာ့ဆာ့က ခေါင်းညိတ်ကာ ချန်ရှန်းကို ပြောလိုက်သည် ။
" ဆရာ...အရမ်းမယဥ်ကျေးပါနဲ့... ကျွန်မတို့ ဂိုဏ်းက အရင်တုန်းကလိုမျိုးမဟုတ်ပါဘူး...အခု ကျွန်မတို့မှာ ဒီဒေသထွက်ကုန်ပဲရှိတာပါ..."
ဆာ့ဆာ့က အတည်ပြောနေခြင်းဖြစ်သည်။ ဤကမ္ဘာရှိလူများက မသေမျိုးကျင့်ကြံခြင်းမျိုးမရှိသလို စိတ်ဝိညာဥ်စွမ်းအင်ဆိုသည့်အရာမျိုးလည်း မရှိပေ။ ထို့အပြင် သူတို့ဂိုဏ်း၏ အထူးအကောင်းဆုံးဆိုသည့် အရာများသာမရှိလျှင် သူတို့ အခြေအနေမှာကျဆင်းနေလောက်ပြီ ဖြစ်သည်။
သို့သော် ချန်ရှန်းနားထဲတွင် ကြားလိုက်ရသည်မှာ -
' အဲ့ဒါက ဘာမှအထူးတလည်မဟုတ်ပါဘူး...' ဟူ၍ပင်။
ဆာ့ဆာ့က ဆက်ပြောလိုက်သည် ။
" ပြီးတော့ ဆရာ... ဒါက ကျွန်မစီနီယာအစ်ကိုတွေရဲ့ တွေ့ဆုံခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်လေးပါပဲ... ကျွန်မသာ ပြန်ယူလိုက်ရင် ဘယ်လိုပုံပေါက်သွားမလဲ... ပြီးတော့ ကျွန်မမှာလည်း လိုနေတာမဟုတ်ပါဘူး...အိုး ပြီးတော့ ချန်ယွီ... ရှင်လည်း စိတ်ပူနေစရာမလိုပါဘူး... ဆရာချန်က ကျွန်မတို့ အဲ့ဒီမှာရှိနေတဲ့ ဂိုဏ်းရဲ့အခြေအနေကို မသိလို့ပါ... စီနီယာအစ်ကိုတွေက ပြောထားတယ်... ပစ္စည်းကောင်းတွေကို ကျွန်မတို့နဲ့ရင်းနှီးတဲ့သူတွေကို ဝေမျှပေးရမယ်တဲ့..."
💫💫💫