Chapter 27
Viewers 2k

💫Chapter 27



B111ကဲ့သို့ ရှားပါးဂြိုဟ်ပေါ်တွင် မြို့ထဲ၌ ပြဿနာမဖြစ်သရွေ့ ဖက်ဒရယ်အစိုးရက အာရုံမစိုက်တတ်ပေ။ ထို့ကြောင့် စုန့်နင်ဖုန်းမှာ တောင်ခြေအောက်၌ မည်သည့်အသိပေးချက်မှ မဖြစ်စေဘဲ သူ့ဖန်တီးမှုအသစ်ကို စမ်းသပ်နိုင်သွား၏။ 


စုန့်နင်ဖုန်းက ဂြိုဟ်အနှံ့ သူ့ဓားဖြင့်လျှောက်သွားချင်ပြီး ၎င်းကလည်း ပြဿနာမဟုတ်ပေ။ သို့သော် သူသာ မြို့တော်ဂြိုဟ်ပေါ်၌ ထိုသို့လျှောက်သွားရဲလျှင် သေချာပေါက် ဖမ်းဆီးခံရလိမ့်မည်။ ၎င်းက ဖက်ဒရယ်တိုင်းပြည်တစ်ခုလုံး၌ စည်းကမ်းအတင်းကြပ်ဆုံးနေရာပင်။ 


ငါသာ မြန်မြန်လေးသွားမယ်ဆိုရင် ဘယ်သူမှ မဖမ်းမိလောက်ပါဘူး...ဟုတ်တယ်မလား...


သို့သော်လည်း ကြယ်တာရာခေတ်၏ နည်းပညာများက ကြွားလုံးထုတ်နေရုံသက်သက်မဟုတ်ပေ။ မက်ခါအသင်းများက သတိပေးချက်ရရှိမည်ကို မဆိုထားနှင့် ၊ ဂြိုဟ်တုစလောင်းများ ၊ ဗီဒီယိုဖမ်းယူမှုများ ၊ ဓာတ်ရောင်ခြည်ရေဒါများနှင့် ဒရုန်းမျိုးစုံတို့က သူ့ကို တာထွက်မှာပင် အမိဖမ်းသွားလိမ့်မည် ။ 


အဆုံးတွင် သူက ဤအရာများအားလုံးကို ရှောင်ရှားနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေသော်လည်း မြို့တော်ဂြိုဟ်တစ်ခုလုံး အသိပေးချက် ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းကြည့်မိသည်။ 

' အသိပေးကြေညာချက် ...အမည်မသိသူက တိုက်ခိုက်နေပါတယ်..'


စုန့်နင်ဖုန်းက ပြဿနာရှာရန်အတွက် ထိုနေရာကိုသွားခြင်း မဟုတ်ဘဲ ဆာ့ဆာ့ကို သွားတွေ့မည်ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ကိစ္စမျိုးကို မဖြစ်စေသည်က အကောင်းဆုံးပင် ။ ဆာ့ဆာ့က သူမ၏ မူလသရုပ်မှန်ကို မဖုံးထားနိုင်လျှင် အနာဂတ်၌ မြို့တော်တွင် အများနှင့် ပေါင်းသင်းဆက်ဆံနိုင်တော့မည် မဟုတ်ပေ။


ထို့ကြောင့် စုန့်နင်ဖုန်းမှာ ရှဲ့ရုန်အကြံပေးသည်ကို နားထောင်ရန်လိုအပ်သည်။ သူက မြို့တော်အထိ ဓားဖြင့်ပျံသန်းသွားပြီးနောက် ဆိပ်ကမ်းသို့အရောက်၌ သူ့ဓါးကို တိတ်တဆိတ်ပြန်သိမ်းထားလိုက်သည် ။ အမျိုးသားနှစ်ယောက်က ဆိပ်ကမ်းမှထွက်ခွာရန် ပုံမှန်ခရီးသွားပုံစံဖြင့် အသင့်ဖြစ်နေ၏။ 


သူတို့မထွက်ခွာမီ ရှဲ့ရုန်က အဝတ်အစားနှစ်စုံကို ထုတ်လိုက်သည်။ 

" အကြီးဆုံးစီနီယာအစ်ကို...ကျွန်တော်တို့ ဒီတာအိုဝတ်ရုံတွေနဲ့ အရမ်းထင်ပေါ်နေတယ်...သန့်စင်ခန်းထဲသွားပြီး ဒီအဝတ်တွေသွားလဲရအောင်..."


ရှဲ့ရုန်က အွန်လိုင်းပေါ်၌ အဝတ်အစားများအပါအဝင် ကြယ်တာရာခေတ်အသုံးအဆောင်မျိုးစုံကို ဝယ်ယူထား၏။ သို့သော် ဆရာရွှီယီထံတွင် အပြစ်ပေးခံရမည်စိုးသောကြောင့် ဂိုဏ်းထဲရှိနေချိန်၌ သူ လျှောက်မလုပ်ရဲပေ။ယခုတွင် သူတို့ ဂိုဏ်းအပြင်ကို ရောက်နေပြီဖြစ်သည်။ 


' ကောင်းကင်ကြီးဆိုတာလည်း အကန့်အသတ်ရှိတာပဲ...ငါတို့စိတ်ရှိသရွေ့ ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးရမယ်...'


စုန့်နင်ဖုန်းက ထူးဆန်းသော ဘောင်းဘီနှင့် လက်တိုအင်္ကျီများကို ကြည့်ပြီး မျက်မှောင်ကြုတ်နေကာ ဤအဝတ်အစားများကို ရှဲ့ရုန်တစ်ယောက် အဘယ့်ကြောင့် သဘောကျနေကြောင်း နားမလည်နိုင်ဖြစ်နေ၏။


ဒါတွေက ငါတို့ဝတ်လိုက်ရင်လည်း ပိုကောင်းသွားစေမှာမဟုတ်တဲ့ သာမန်အဝတ်အစားတွေပါပဲ ...ပြီးတော့ အဲ့ဒီ ဂျင်းလို့ခေါ်တဲ့ အဝတ်အစားတွေက ထိကြည့်တာနဲ့တင် သက်တောင့်သက်သာမရှိဘူး...


" ဝတ်လိုက်ပါ အကြီးဆုံးစီနီယာအစ်ကိုကလည်း...သက်တောင့်သက်သာနဲ့ မြို့တော်ကလူတွေထဲ ဝင်ဆံ့အောင် နေရမှာပေါ့..."

ရှဲ့ရုန်က ဆွယ်လိုက်သည် ။


စုန့်နင်ဖုန်း သူတို့ပထမဆုံးအပြင်ထွက်သည့်အချိန်ကို ပြန်အမှတ်ရသွားသည်။ သူတို့၏ အဝတ်အစားများက အမှန်တကယ်ပင် သူများလက်ညှိုးထိုးစရာဖြစ်နေ၏။ သူ့အမြင်ကို ပြန်ချိန်ညှိပြီးနောက် စုန့်နင်ဖုန်းက အဝတ်အစားများကို လဲလိုက်သည်။


အဝတ်များလဲပြီးနောက် အမျိုးသားနှစ်ယောက်က သူတို့၏ ဆံပင်ရှည်များကို ပိုနီတေးပုံစံ အမြင့်မြှောက်စီးကာ အများနည်းတူပုံစံဖြစ်သွား၏။ ထို့နောက် သူတို့ ရပ်သွားပြန်၏။


" လက်မှတ်…" 


" မင်းတို့လက်မှတ်တွေရော..."


လက်မှတ်ပြသည့်ဂိတ်၌ သူတို့ဖြတ်၍မရဘဲ တစ်ခါတည်းခုန်သွားရန်ကြိုးစားသော်ငြား ကင်းလှည့်သည့်အစောင့်များက သူတို့ကို တွေ့သွားပြီး ဟန့်တားလာ၏။ 


အစောင့်များက သူတို့နှစ်ယောက်ကို သင်္ကာမကင်းသလို ကြည့်နေကြသည် ။ 

' သူတို့ကိုကြည့်ရတာတော့ ကောင်းကောင်းနေနိုင်စားနိုင်တဲ့ပုံပါပဲ...ဘာလို့ လက်မှတ်ငွေချေတဲ့နေရာမှာ ထွက်ပြေးဖို့ လုပ်နေရတာလဲ...'


စုန့်နင်ဖုန်းက ရှဲ့ရုန်ကိုကြည့်ကာ အရိပ်အကဲပြလိုက်သည် ။ ဆိပ်ကမ်းကို သွားရန်က သူ့(ရှဲ့ရုန်)၏အကြံဖြစ်၍ ဘာလုပ်ရမည်ကို သူသိသင့်သည် ။ 


ရှဲ့ရုန်က 'စိတ်မပူနဲ့' ဟူသောအကြည့်ဖြင့်ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် ။ 

" ငါတို့က ဒီကို သီးသန့်starshipနဲ့ လာခဲ့တာ..."


သီးသန့်starshipများက လက်မှတ်မလိုပေ။ ထို့အပြင် သူတို့စီးလာသည့် ဓားပျံများကလည်း သီးသန့်ကိုယ်ပိုင်ဖြစ်သောကြောင့် ၎င်းက လိမ်သည်ဟု ပြော၍မရပေ ။


အစောင့်က သူ၏ စက္ခုကွန်ရက်ကိုနှိပ်လျက် ပြောလာ၏။

" အိုး ဟုတ်လား...ဒါဆို မင်းတို့ရဲ့ starshipကို ဘယ်မှာ ကမ်းဆိုက်ထားတာလဲ...မင်းတို့ရဲ့ starshipနံပါတ်စဥ်ကိုပြော ...ငါကိုယ်တိုင် အတည်ပြုလိုက်မယ်..."


ရှဲ့ရုန် အကျပ်ရိုက်သွား၏ ။

" မဟုတ်ဘူးလေ..ငါဒီကို သီးသန့်starshipနဲ့လာတာပါလို့ မင်းတို့ကို ပြောပြီးပြီပဲ...မင်းဘာလို့ ပြဿနာရှာနေရသေးတာလဲ..."


" မင်းတို့ သီးသန့်starshipနဲ့ လာခဲ့တယ်ဆိုတာ ငါသိပါတယ်...ဒါပေမဲ့ သီးသန့်starshipတွေက ငါတို့ဆိပ်ကမ်းမှာရပ်မယ်ဆိုရင် စာရင်းသွင်းတင်ပြဖို့လိုသေးတယ်... မဟုတ်ရင် starshipတွေအများကြီးက လာလိုက်သွားလိုက်နဲ့ အကုန်ရှုပ်ကုန်မှာပေါ့..."


မြို့တော်ဂြိုဟ်ပေါ်၌ ကိုယ်ပိုင်starshipပင်မရှိကြသည့် အာဏာရှိသည့်သူများလည်း အများအပြားရှိသည် ။ သို့သော် ဆိပ်ကမ်းဧရိယာက အကန့်အသတ်သာရှိသောကြောင့် အခွင့်ထူးခံလူတန်းစားမဟုတ်သရွေ့ သူတို့စည်းမျဥ်းများကို လိုက်နာရန်လိုအပ်သည်။


" အာ အဲ့ဒါက..."

ရှဲ့ရုန်ခေါင်းရှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောစရာစကားမဲ့နေ၏ ။ 


သီးသန့်starshipများက လွယ်ကူချောမွေ့ပြီး လက်မှတ်မလိုဘဲ အလိုရှိရာနေရာသို့သွားနိုင်ကြောင်း သူသိသည် ။ သို့သော် သူက ၎င်းကို ကြားဖူးနားဝသာရှိထားပြီး ကိုယ်တိုင်မကြုံဖူးသောကြောင့် သီးသန့်starshipဖြင့် သွားလာခြင်းက လုပ်ငန်းစဥ်များရှိလိမ့်ဦးမည်ဟု သူ မထင်ထားမိပေ ။ 


သူ ဘာမှမပြောနိုင်တော့သည်ကို တွေ့သောအခါ အစောင့်က မျက်မှောင်ကြုတ်သွား၏ ။ 

" လူကြီးမင်းတို့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ starshipနံပါတ်စဥ်ကို ပြောပေးပါ..."


စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်မှာ သူ့ကိုဘာမှမပြနိုင်ပေ ။


" မင်းတို့နှစ်ယောက်... ဒီမှာ လူတွေများတယ်...စကားပြောဖို့ ရုံးခန်းကို အရင်သွားကြတာပေါ့...အဲ့လိုဆို အဆင်ပြေမလား..."

သူက မေးလာသော်လည်း သတိပေးနေခြင်းသာဖြစ်၏ ။ သူတို့နှစ်ယောက်သာ ရုတ်ရုတ်သဲသဲလုပ်လျှင် သူကသတိပေးချက်ဖွင့်ပြီး သူတို့ကို ဖမ်းဆီးမည်ဖြစ်သည် ။ 


အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်၏ ပုံစံမှာ အလွန်သံသယဝင်စရာကောင်းနေသောကြောင့်ပင်။ 


ထိုသူက သတိဖြင့် စောင့်ကြပ်နေသည်ကို ရှဲ့ရုန်သာမက စုန့်နင်ဖုန်းပါ သတိထားမိသည် ။ 


ရှဲ့ရုန်က စုန့်နင်ဖုန်းကို အကူအညီတောင်းသလို ကြည့်လာ၏။ 

' ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ...အခု သူ့ကို လှဲသိပ်ပြီး ထွက်ပြေးမယ်ဆိုရင် အရမ်းများနောက်ကျသွားပြီလား...'


စုန့်နင်ဖုန်းက ရှဲ့ရုန်ကို စူးစူးစိုက်စိုက်ကြည့်လာ၏ ။

' ဒါက မင်းလုပ်တာပဲ မဟုတ်ဘူးလား...ငါတို့အခုမှ ဘာတတ်နိုင်ဦးမှာလဲ...သူနဲ့အရင်ဆုံးလိုက်သွားရုံပဲ ရှိတော့တာပေါ့... ငါတို့တကယ်ပဲ မြို့တော်ဂြိုဟ်မှာ ရှုပ်နေမိပြီလား...'


သူ မှားသွားသည်။ သူ ဘယ်တော့မှ ရှဲ့ရုန်ကို မယုံကြည်ခဲ့သင့်ပေ ။ သူ့ကို ယုံသည်ထပ် ကိုယ့်ကိုယ်ကိုယ်ယုံခဲ့သည်ကမှ ပိုကောင်းဦးမည်။ 


တစ်ဖက်တွင်မူ ဆာ့ဆာ့က မက်ဆေ့ချ်ရထား၍ ဆရာချန်ရှန်းကို အပြင်ထွက်ခွင့်ပြုရန်အတွက် သွားမေးနေ၏ ။ 


" ဒီနေ့သင်ခန်းစာက အရေးကြီးတယ်...သမီးဘာလို့ ရုတ်တရက်ကြီး ခွင့်ယူချင်ရတာလဲ..."


ချန်ရှန်းက လွန်ခဲ့သော နှစ်ရက်အတွင်း ဆာ့ဆာ့ကို စောင့်ကြည့်နေပြီး သူမက မိသားစုထံမှ ချုပ်ကိုင်ခံထားရသော ကလေးဖြစ်မည်ဟု ခံစားခဲ့ရသည်။ သူမ၏ မိသားစုက အဝေး၌ရှိနေပြီး မြို့တော်ဂြိုဟ်၌ သူမ တစ်ယောက်တည်း လာနေထိုင်ရကြောင်းကြားသောအခါ ချန်ရှန်းက မျိုးစေ့ကောင်းချရန်အတွက် ပို၍စိတ်ဝင်စားသွား၏။ 


ဆာ့ဆာ့က အနည်းငယ် ကိုးရို့ကားယားဖြင့် ပြောလာ၏။

" ကျွန်မရဲ့ စီနီယာအစ်ကိုနှစ်ယောက် ရောက်လာလို့ပါ..."


" ဟမ်... အဲ့လောက်တောင် မြန်တယ်လား...သူတို့က ဒီကိုပဲ တန်းလာတာလား...သမီးရဲ့ အတန်းတွေက ပိုအရေးကြီးတာပေါ့...ဒါကြောင့် သူတို့ကို ပိတ်ရက် ဒါမှမဟုတ် ညနေမှ ခေါ်ပြီး လိုက်ပြလိုက်ပေါ့..."


ဆာ့ဆာ့က အမှန်တိုင်းပြောမှ ရတော့မည် ။ 

" သူတို့က ဆိပ်ကမ်းမှာ ထိန်းသိမ်းခံထားရပြီး တစ်ယောက်ယောက်သွားခေါ်မှ လွှတ်ပေးမှာမို့လို့... အာ ဆရာချန် အထင်မလွဲပါနဲ့...သူတို့က လူဆိုးတွေမဟုတ်ပါဘူး...သူတို့က ဒီက စည်းမျဥ်းတွေကို ကောင်းကောင်းနားမလည်လို့ လက်မှတ်မဖြတ်ဘဲ ရှောင်ပြေးတဲ့သူတွေလို့ အထင်ခံလိုက်ရတာပါ..."


ချန်ရှန်း : "....."


ငါ အရှုံးပေးပါပြီ... ဒါက ဘယ်လိုတောင် စိတ်ချလို့မရတဲ့ အုပ်ထိန်းသူတွေလဲ... မိဘဆရာတွေ့ဆုံပွဲကို လာပေမဲ့ ကလေးကိုပြန်ပြီး လာခေါ်ခိုင်းနေရတယ်...ဒါက တော်တော်လွန်လွန်းတာပဲ...


ချန်ရှန်းက ဆာ့ဆာ့၏ ပုခုံးကို ပုတ်လျက်ပြောလိုက်သည်။

" အဲ့ဒါက သမီးအတွက် ခက်ခဲမှာပဲ..."


' သူက ဒီလို အသက်ငယ်ငယ်လေးနဲ့ စိတ်ဖိစီးစရာတွေကို တောင့်ခံနေရတာပဲ...'


ဆာ့ဆာ့ : ' ငါ့အထင်တော့ ဆရာက စီနီယာအစ်ကိုတွေနဲ့ တခြားကိစ္စတွေကို အထင်လွဲနေပြီထင်တယ်...'


ထို့နောက် ချန်ရှန်းက ပြောလိုက်သည်။

" ဆရာ သမီးနဲ့အတူလိုက်ပေးမယ်... ဒါဆို လုပ်စရာရှိတာတွေလည်း မြန်မြန်ပြီးရင် အတန်းအမှီပြန်လာလို့ရတာပေါ့..."


ထိုမယုံကြည်ရသော အုပ်ထိန်းသူများက ပြဿနာထပ်ရှာနေမည်လည်း သူစိုးရိမ်မိသောကြောင့် အတူတူသွားလိုကသည်က ပိုကောင်းပေမည်။ 


*****


ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ရန်အခေါ်ခံရသော စုန့်နင်ဖုန်းနှင့်ရှဲ့ရုန်မှာ သူတို့၏ အထောက်အထားများ စစ်ဆေးခံရပြီး ဆိပ်ကမ်းတာဝန်ခံများက သူတို့ကို ဝရမ်းပြေးနှင့် ရာဇဝတ်မှုမှတ်တမ်းမရှိကြောင်း အတည်ပြုလိုက်သည်။ ၎င်းကြောင့် သူတို့မှာ ကိုယ်ပိုင်သီးသန့်starshipမရှိဘဲ လက်မှတ်ဖိုးပေးရမည့်နေရာ၌ ကျော်သွားသည်ဆိုသည်ကိုပါ ဖော်ထုတ်ပြီးသားဖြစ်သွား၏။


စုန့်နင်ဖုန်း နှင့် ရှဲ့ရုန်က အစပိုင်းတွင် သူတို့ကိုယ်သူတို့ ကာကွယ်ပြောဆိုရန် ကြိုးစားကြသေးသည် ။ 

" ကျွန်တော်တို့ လက်မှတ်ဖြတ်ရမယ့်နေရာကို တကယ်ပဲ ကျော်သွားတာ မဟုတ်ပါဘူး...."


ရှဲရုန်ကလည်း ပြောလာ၏ ။

" ခင်ဗျား ကျွန်တော့်ကို မသိဘူးလား... ကျွန်တော်က ရှဲ့ရုန်...စတားကွန်ရက်မှာ နာမည်ကြီး တင်ဆက်သူပဲ...ပြီးတော့ ကျွန်တော်တို့က ပိုက်ဆံပြတ်လပ်နေတာလည်း မဟုတ်ဘူး..."


ဆိပ်ကမ်းရှိလူများက နားလည်ကြပြီး သူတို့ကို ပညာပေးလာ၏ ။

" တင်ဆက်သူပေါ့ ဟမ်...မင်းက ပရိသတ်တွေကို ဆွဲဆောင်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်ပြီး ရူးကြောင်ကြောင်တွေလုပ်ပြချင်နေတာပေါ့... ငါမင်းကိုပြောပါရစေ...မင်းက တိုက်ရိုက်ထုတ်လွှင့်မှာဆိုလည်း လွှင့်ပေါ့ ...ဒီလိုမျိုး လက်မှတ်ဖိုးပေးရမှာကို ရှောင်ပြေးတာမျိုးတွေ မလုပ်စမ်းပါနဲ့...ဒါက အလုပ်ရှုပ်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား..."


ရှဲ့ရုန် : ' ငါ့ရဲ့ တင်ဆက်သူဂုဏ်သတင်းကို ထိခိုက်လိုက်တာပဲ... ငါအခု ဘာမှကို မပြောနိုင်တော့ဘူး...ဒါက ပြောလေပိုဆိုးလေပဲ...'


အဆုံးတွင် စုန်နင်ဖုန်းနှင့် ရှဲရုန်တို့ နှစ်ယောက်စလုံး သင်ခန်းစာရသွားပြီး သူတို့လက်မှတ်ဖြတ်ရန် ရှောင်ပြေးခြင်းကို ဝန်ခံလိုက်ရသည် ။ 


 "လက်မှတ်ဖြတ်ဖို့ရှောင်ပြေးသည့်သူ" အဖြစ်အထင်လွဲခံရသည်က "ဆင်းရဲလွန်းသည့်သူ" အဖြစ် အထင်ခံရသည်ထက် သာသေးသည်။ 


အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်က အလွန်မပူးပေါင်းဘဲ သူတို့၏ကိုယ်ရေးအချက်အလက်များက အလုပ်အကိုင်မဲ့အဖြစ် ဖော်ပြနေသောအခါ လုံခြုံရေးအဖွဲ့က သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးရန် အဆင်မပြေတော့ပေ။ သူတို့နှစ်ယောက် မြို့တော်ကို လာရခြင်း၏ ရည်ရွယ်ချက်ကို မေးပြီးသောအခါ တာဝန်ရှိသူများက ဆာ့ဆာ့ကို ဆက်သွယ်ပြီး သူတိူ့လိမ်နေခြင်းမဟုတ်ကြောင်းသေချာစေရန် ဒဏ်ငွေနှင့်အတူ သူတို့ကို လာခေါ်ခိုင်းလိုက်သည်။ 


ဆာ့ဆာ့ကို ဆက်သွယ်ပြီးနောက် သူတို့က ခေါင်းငိုက်စိုက်ကျနေသော သူနှစ်ယောက်ကိုကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိကြသည် ။ 

" ကလေးက တကယ့်ပထမတန်းစား ဘက်စုံအကယ်ဒမီကျောင်းလိုနေရာမျိုးမှာ တက်နေတာကို မင်းတို့ ဘယ်လိုလုပ် သူ့ကို ဆွဲချနိုင်ရတာလဲ..."


ထိုအချိန်တွင် သူတို့မှာ ချန်ရှန်းကဲ့သို့ စိုးရိမ်သွားမိကြသည်။ 


မကြာမီတွင် ချန်ရှန်းနှင့် ဆာ့ဆာ့တို့နှစ်ယောက် ရောက်လာကြပြီး ရှဲ့ရုန်နှင့် စုန့်နင်ဖုန်းကို ပြန်ထုတ်သွားကြသည် ။ 


ဆာ့ဆာ့က သူတို့ကို စိုးရိမ်တကြီးကြည့်လာ၏ ။

" စီနီယာအစ်ကိုတို့ အဆင်ပြေကြရဲ့လား...အိုးဟုတ်သားပဲ...ဒါက ကျွန်မတို့ လက်တွေ့လေ့ကျင့်ရေးအတန်းရဲ့ဆရာ ချန်ရှန်း...သူကပဲ အစ်ကိုတို့အတွက် စာရွက်စာတမ်းကိစ္စတွေ လုပ်ပေးခဲ့တာ..."


စစ်တပ်မှအနားယူထားပြီး ပထမဘက်စုံအကယ်ဒမီကျောင်း၏ ဆရာဟူသော အထောက်အထားက ကျောင်းသူဟူသော အထောက်အထားထက်ပိုကောင်းပြီး သူ၏ အာမခံပေးမှုဖြင့် ဆိပ်ကမ်းမှလူများက သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်သည်။ 


ဆာ့ဆာ့အား သူတို့ကို လာခေါ်ခိုင်းသည်နှင့်ပင် အတော်လေး ရှက်စရာကောင်းနေပြီဖြစ်ပြီး ယခုတွင် သူမ၏ ဆရာကပါ ဤအကြောင်းသိသွားပြီဖြစ်သောကြောင့် စုန့်နင်ဖုန်းမှာ သူ့အမူအရာကိုပင် မထိန်းထားနိုင်တော့ပေ။ ရှဲ့ရုန်လို အရေထူသော လူမျိုးပင် အနည်းငယ် အရှက်ရနေ၏ ။ 


အမျိုးသားနှစ်ယောက်က အတည်တကျဖြင့် ယုံကြည်အားကိုးထိုက်သော အုပ်ထိန်းသူပုံစံဖြစ်အောင် ကြိုးစားနေ၏။

" မင်္ဂလာပါ ဆရာချန်... ခင်ဗျားကို အလုပ်ရှုပ်စေမိပြီ..."


ချန်ရှန်းက သူတို့စီးထားသော ပိုနီတေးဆံပင်ပုံစံနှင့် ဝတ်ထားသောအဝတ်အစားပုံစံကို ကြည့်ပြီး အမြီးအမောက်မတည့်သည့်ခံစားချက်မျိုးရနေ၏။ သူတို့ မည်မျှပင်ကြိုးစားနေပါစေ ယုံကြည်ရသည့်သူမျိုးနှင့် မတူဖြစ်နေသည်။ 


သို့သော်လည်း ဤဝေဖန်မှုကို ထုတ်ပြသည်က ကောင်းသောအကြံမဟုတ်ပေ ။ ချန်ရှန်းက ခပ်တည်တည်ပင် ပြောလိုက်သည် ။ 

" ရပါတယ်...အရင်ဆုံးပြန်ကြတာပေါ့...ဆာ့ဆာ့က ပြီးရင် အတန်းရှိသေးတယ်..."


သူက နောက်ဆုံးစာကြောင်းကို ဖိပြောလိုက်ပြီး သူတို့ပိုပြီး သတိမူနိုင်ရန် မျှော်လင့်လိုက်မိသည်။

' မင်းတို့က ဆာ့ဆာ့ရဲ့ အနာဂတ်နဲ့အချိန်တွေကို ဖြုန်းနေတာပဲ...ဒါကြောင့် ဂရုစိုက်ကြစမ်းပါ..သူ့ကို နှောင့်နှေးအောင် မလုပ်ကြနဲ့...'


စုန့်နင်ဖုန်းနှင့် ရှဲ့ရုန် နှစ်ယောက်စလုံးက ဆာ့ဆာ့၏သင်ကြားရေးနှင့်ပက်သက်ပြီး ဂရုစိုက်ကြသည် ။ ၎င်းက သူမ သွားချင်နေသည့်ကျောင်းပင်။


စုန့်နင်ဖုန်းက ချက်ချင်းပြောလိုက်သည် ။ 

" ဆာ့ဆာ့...ငါမင်းကို ဓားနဲ့ပဲ ခေါ်သွားရမလား...အဲ့ဒါက ပိုမြန်တယ်...မင်းတတိယစီနီယာအစ်ကို ပြောတာကတော့ ဒီလိုလုပ်ရင် ဒဏ်ငွေပေးရပြီး ထိန်းသိမ်းခံရလိမ့်မယ်တဲ့...ဒါပေမဲ့ အဲ့ဒါကလည်း ကိစ္စမရှိပါဘူး...အဲ့လိုဖြစ်လာရင် ငါပိုက်ဆံနည်းနည်းပေးလိုက်ပါ့မယ်..."


တစ်ဖက်တွင် ရှဲ့ရုန်က အနာဂတ်ကို တွက်ချက်နေ၏။ 

" စိတ်မပူပါနဲ့ ဆာ့ဆာ့...ငါတွက်ချက်ကြည့်ပြီးသွားပြီ..မင်းအတန်းတက်ရမှာပါ..."


ချန်ရှန်း : "...."


ဆာ့ဆာ့က ချန်ရှန်း၏ အမူအရာပြောင်းသွားသည်ကို သတိထားမိပြီး အမြန်ပြောလိုက်သည် ။ 

" မလိုပါဘူး စီနီယာအစ်ကို...ကျွန်မတို့ အရမ်းလွယ်လွယ်ကူကူနဲ့ပဲ ပြန်သွားလို့ရပါတယ်..."


ထို့နောက် သူမက ချန်ရှန်းကို ရှင်းပြလိုက်သည် ။

" ဆရာချန်… ကျွန်မရဲ့ အစ်ကိုတွေ အလုပ်အကိုင်က နည်းနည်းထူးဆန်းတော့ ဆရာနားလည်လောက်မှာ မဟုတ်ဘူး... နောက်ကျရင် သူတို့က အရမ်းကောင်းတဲ့သူတွေဆိုတာ ဆရာသိသွားမှာပါ..."


ချန်ရှန်း : ' စိတ်မကောင်းပါဘူး... အဲ့ဒါကတော့ သိပ်မသေချာဘူး...'


သူက မကြာမီ ဖြစ်လာမည့်ကိစ္စနှင့်ပတ်သက်သည့် နှုတ်စကားကို ရုတ်တရက် စိတ်ပူမိသွားသည် ။

' သူတို့ကလည်း ဘာမှမပြောနိုင်၊ ငါကလည်း သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံကို နားမလည်နိုင်ရင် ဘယ်လိုလုပ်မလဲ...'


"တက်ကြတော့…" 

သူ ပင်ပန်းလာသလို ခံစားမိသည်။


စုန့်နင်ဖုန်းနှင့် ရှဲ့ရုန်လည်း ဤအကြောင်းကို ချန်ရှန်းရှေ့၌ မပြောသင့်ဟု ခံစားမိပြီး အမြန်ရှင်းပြလိုက်သည် ။ 

" ဆရာချန် အထင်မလွဲပါနဲ့...ကျွန်တော်တို့က တကယ်တော့ တော်တော်လေးသာမန်ပါပဲ...ဒါနဲ့ ဒီနေ့ ဆရာချန်ကို ကျွန်တော်တို့ အလုပ်ရှုပ်စေမိပါပြီ... ဒီမှာ ဒီဟာက ခင်ဗျားအတွက် ကျွန်တော်တို့ရဲ့ ပြည်တွင်းအထူးထုတ်ကုန်ပါ..."


စုန့်နင်ဖုန်းက ချန်ရှန်းကို သက်စောင့်ဆေးနှစ်ပုလင်းပါသော သေတ္တာအသေးလေးကို ပေးလိုက်သည်။ ဤနေရာရှိသူများက ထိုပစ္စည်းကို အလွန်သဘောကျကြ ယကြောင်း သူသတိထားမိသောကြောင့် သူထွက်လာစဉ်က တချို့တလေယူလာခဲ့ခြင်းဖြစ်သည်။ 


သူတို့မှာ သက်စောင့်ဆေးက များများစားစားမကျန်တော့သလို ဤနေရာ၌ ၎င်းက အလွန်အဖိုးတန်သောကြောင့် စုန့်နင်ဖုန်းက လွယ်လွယ်ပေးပစ်မည် မဟုတ်ပေ။ သို့သော် ဤလူက ဆာ့ဆာ့၏ဆရာဖြစ်ပြီး အနာဂတ်၌ ဆာ့ဆာ့ကို ပိုဂရုစိုက်ပေးရန် သူ့ကို တောင်းဆိုချင်မိသည်။ ယနေ့လည်း သူ့ကို ပြဿနာဖြစ်စေခဲ့သောကြောင့် သေချာပေါက် ချန်ရှန်းသဘောကျလောက်မည့်အရာအချို့ကို သူပေးသင့်သည်။


၎င်းက ယခင်ကသာဆိုလျှင် ဆာ့ဆာ့မှာ သာမန်မဟုတ်သောနောက်ခံရှိပြီး ထိုအရာများကလည်း သူလက်မခံနိုင်လောက်သော အဖိုးတန်ပစ္စည်းဖြစ်လိမ့်မည်ဟု ချန်ရှန်းက တွေးနိုင်လောက်သည်။ သို့သော် ဆာ့ဆာ့၏ အစ်ကိုနှစ်ယောက်နှင့် စကားပြောပြီးနောက် သူတို့ကို 'သာမန်'လူများအဖြစ် သူ မမြင်နိုင်တော့ပေ ။ 

' ထူးခြားဆန်းပြားတာလား...အင်အားကြီးတာလား...မဟုတ်သေးဘူး မဟုတ်သေးဘူး...ဒါက ငကြောင်နှစ်ယောက်ပဲ...'


အဖိုးတန်ပုံမရသော ပစ္စည်းကိုကြည့်ပြီး ချန်ရှန်းက အမှတ်တရပစ္စည်းလို သဘောထား၍ လေယာဥ်ထဲသို့ ထည့်လိုက်သည်။

 

" ဒါဆို ကျွန်တော်အခု ယူထားလိုက်ပါ့မယ်..မြန်မြန်ပြန်ကြရအောင်..."



💫💫💫