Chapter - 65
(ဇာစ့်တွေရဲ့ VIP )
'ဝှစ်...ဝှစ်'
ချွန်ထက်သောမြှားများသည် သူတို့ကို ဖုံးအုပ်လုမတတ် ကျလာကြသည်။ ရန်သူသည် မြင့်သောနေရာတွင် ရှိနေပြီး သူတို့သည်တော့ ကျဉ်းမြောင်းသောလမ်းကြားထဲ၌ ပိတ်မိနေကြရာ သူတို့ဘက်တွင် ဘာအားသာချက်မှ မရှိနေပေ။
စီဆဲလ် ကြောက်ရွံ့တုန်လှုပ်နေ၏။ အဘယ့်ကြောင့်ဆိုသော် အခုချိန်တွင် ကျောင်းမြန်သည် ဘောလုံးလေးကို လွယ်ထားရပြီး ဒဏ်ရာရသွားမှာကို သူကြောက်ရွံ့နေသလို ခြေသုံးချောင်းရှိသည့် ကြောင်ကွန်ဖူးပိုင်ရှင် ရီလန့် ကိုလည်း သူစိတ်ပူနေရသည်။
သူ လှမ်းအော်လိုက်သည်။
"ပြေးဖို့လုပ်....ပြန်တိုက်ဖို့ ဇွတ်စဉ်းစား မနေနဲ့....!"
"ဟုတ်တယ်.....!"
ဝမ်ကျွင်း၏ ကွန်ဖူးသည်လည်း အလွန်ကောင်းပြီး စီဆဲလ်သည် ရှေ့မှ ဦးဆောင်ပြီး ပြေးထွက်သွားတော့သည်။
ကျောင်းမြန်၏ လှုပ်ရှားမှုမှာလည်း အကန့်အသတ်ရှိပြီး ကြီးကြီးမားမား လှုပ်ရှားလို့ မရသော်လည်း... သူ့ကိုယ်သူ တော့ အတတ်နိုင်ဆုံး ကာကွယ်နိုင်သေးသည်။
လမ်းကြားထဲမှ ပြေးထွက်နိုင်ရန်သာ အစွမ်းကုန်ကြိုးစားကြရ တော့သည်။
"အာ့....!"
ချွန်ထက်သောမြှားများသည် နေရာလွတ်တိုင်းကို ထိုးဖောက်ဝင်ရောက်သွားကြရာ ဝမ်ကျွင်းသည် အားနည်းသည့် လီယာကို ကာကွယ်ရန် ကြိုးစားသော်လည်း လီယာ ၏ လက်မောင်းအား မြှားထိပ်မှ မတော်တဆ ခြစ်မိသွားတော့သည်။
"လီယာ....!"
ဝမ်ကျွင်း သူ့ဆီ အပြေးသွားကာ ကူညီလိုက်သည်။
'ဘန်း'
ကျောင်းမြန်သည် သူတို့နှစ်ဦးရှေ့မှ ရပ်ကာ အပေါ်မှ မြှားများကို သူ၏ဓါးဖြင့် တားဆီးလိုက်သည်။
ဝမ်ကျွင်းသည် ကျောင်းမြန်အား ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
မြှားဦးကို အဆိပ်ဖြင့် သုတ်လိမ်းထားသောကြောင့် လီယာ သတိလစ်သွားသဖြင့် ဝမ်ကျွင်းသည် သူ့အား ချက်ချင်း လှမ်းဆွဲလိုက်သည်။
လူပေါင်းများစွာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နောက်ဆုံးတွင် သူတို့သည် လမ်းကြားထဲမှ ထွက်လာနိုင်ခဲ့သည်။
စီဆဲလ်သည် ဝမ်ကျွင်း၏ ပခုံးအား လက်ဖြင့် ပုတ်လိုက်ပြီး....
"ငါ့ နောက်ကလိုက်ခဲ့"
သူတို့သည် မနီးမဝေးတွင် ရပ်ထားသော စီဆဲလ်၏ ကားထဲသို့ ဝင်လာကြသည်။ စီဆဲလ်လည်း ကားကို အရှိန်မြှင့်လိုက်ပြီး လေဆိပ်သို့ တောက်လျှောက် မောင်းလာခဲ့လိုက်သည်။
"ခင်ဗျားဘယ်သွားမလို့လဲ....!"
ဝမ်ကျွင်းသည် လီယာကိုပွေ့ဖက်ထားရင်း နောက်သို့လှည့်ကြည့်လိုက်စဉ် ဇာစ့်စစ်သည်များသည် သူတို့၏နောက်သို့ လေယာဉ်ဖြင့် ထပ်ကြပ်မခွာလိုက်လာသည်ကို တွေ့လိုက်ရသည်။
'ဘုန်း...'
စီဆဲလ်သည် လေယာဉ်မှ ဗုံးများကို ရှောင်လိုက်စဉ် ကား၏ ဘေးဘက်တွင်ပေါက်ကွဲသွားပြီး အနက်ရောင်မီးခိုးများ အထက်သို့ ဆန်တက်လာသည်။
အယ်လန်သည် သူ့ခေါင်းသူပွတ်လိုက်ပြီး မေးလိုက်သည်။
"မဟုတ်မှ မင်း ဇာစ့်ဘုရင်မရဲ့ ယောက်ျားကို ခိုးလာတာလား..."
ဘာတွေဖြစ်ကုန်တာလဲ......။
အေရွန်သည် အစပိုင်းတွင် ဇာစ့်တို့သည် သတင်းရပြီး စီဆဲလ်နှင့် ကျောင်းမြန်အား လုပ်ကြံရန်လာသည်ဟု ထင်လိုက်သော်လည်း အခုချိန်တွင် ၎င်းတို့သည် လီယာအား ပစ်မှတ်ထားနေသည်မှာ သေချာနေသဖြင့် အယ်လန်တောင်မှ ရိပ်မိသွားပြီဖြစ်သည်။
ထို့ကြောင့် နဂိုသိနေပြီးသားဖြစ်သည့် ကျောင်းမြန်နှင့် စီဆဲလ်တို့သည်လည်း ငြိမ်နေလို့မရတော့ပေ။
"အဲဒါက ပြောရရင် အရှည်ကြီးပဲ.... နောက်မှ ကျွန်တော်ရှင်းပြပါ့မယ်...."
ဝမ်ကျွင်း အံကြိတ်ကာ ထပ်ပြောလိုက်သည်။
"ကျွန်တော် တကယ်တောင်းပန်ပါတယ်"
"ရတယ်...."
ကျောင်းမြန်သည် တံခါးမှလက်ကိုင်ကို တင်းတင်းကိုင်ထားရင် ပြော၏။
"သေချာ ကိုင်ထားကြဦး...."
စီဆဲလ်သည် ကျောင်းမြန် တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဤခရီးစဉ်အတွက် အလွန်သတိထားနေရသည်။ထို့ကြောင့် အနီးအနားတွင် အဆင်သင့် အကူအညီတောင်းလို့ရအောင် အမှတ်၁၂တပ်ဖွဲ့အား အနီးအနားတွင် တာဝန်ချထားလေသည်။
ယခုအချိန်တွင် စီဆဲလ်သည် ကတ်စပါအား အမိန့်ပေးထားပြီးဖြစ်သည်။
ဘန်း.....
မဝေးလှသော ညကောင်းကင်တွင် ဖက်ဒရယ်လေယာဉ်တန်းကို မြင်လိုက်ရသောအခါ ဝမ်ကျွင်း အံ့အားသင့်သွားသည်။
ဝမ်ကျွင်းသည် လီယာအား ပွေ့ချီကာ ကားထဲမှ ခုန်ထွက်ချင်နေပုံရသော်လည်း သူတို့နောက်မှ လူများကို လှမ်းကြည့်လိုက်ပြီးနောက်တွင် တုံ့ဆိုင်းသွားကာ စီဆဲလ် နောက်သို့ လိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ဤဖြစ်စဥ်များသည် ကျောင်းမြန်၏ အမြင်အာရုံအောက်တွင် လွတ်ထွက်သွားခြင်းမရှိပေ။
ဘုန်း......
ပင်မစစ်ရေယာဉ်သည် ဆင်းသက်လာကာ တံခါးပေါက် ဖွင့်ပေးလာသောကြောင့် စီဆဲလ်သည် ကားကို စစ်သင်္ဘောပေါ်သို့ တိုက်ရိုက်မောင်းနှင်သွားခဲ့ပြီး အခြားလေယာဉ်တစ်စင်းသည် ရှေ့သို့ ပျံသန်းသွားကာ ဇာစ့်များကို ပြန်လည်ပစ်ခတ်ခဲ့သည်။
"သူတို့ကို သုတ်သင်လိုက်ကြ!"
စီဆဲလ်သည် ပြုံးကာ.....
"မင်းတို့ရဲ့ တံခါးဝထိရောက်လာတာကို မဖမ်းလို့ ဘယ်ရမလဲ.....အကုန် ဖမ်း....!"
"ဟုတ်ကဲ့"
လီယာ့အား ဆေးကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။
ဆရာဝန်သည် စစ်ဆေးရန်အတွက် လီယာ့၏ လက်ကို မြှောက်ရန်ပြင်လိုက်စဉ်တွင် ဝမ်ကျွင်းသည် ဆရာဝန်၏ လက်အား ရုတ်တရက် ပုတ်ချလိုက်ပြီး အေးစက်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
"အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်....
ဇာစ့်တွေကို ရှင်းထုတ်ပြီးသွားရင် ကျွန်တော်တို့ကိုသွားခွင့်ပြုပါ...ကိုယ့်ဘာသာကိုယ်ပဲ ကုသလိုက်ပါမယ်...."
အေရွန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ပြော၏။
"စိတ်မပူပါနဲ့၊ သူတို့က အဖွဲ့ချုပ်ရဲ့ အကောင်းဆုံး ဆရာဝန်တွေပါ.... ပြဿနာမရှိပါဘူး"
ဝမ်ကျွင်းသည် လီယာ၏ရှေ့တွင် မြဲမြံစွာရပ်ကာ သူ့ခါး ပေါ်မှ ဓါးကို ကိုင်ထားရင်း တိုးတိုးလေးပြောလိုက်သည်။
"တောင်းပန်ပါတယ်"
"...ဟင်...."
'ဒီလူ့မှာ တစ်ခုခုမှားနေပြီ' ဟု အယ်လန် တွေးလိုက်မိသည်။
သူသည် လီယာ၏ဖြူဖျော့နေသည့်မျက်နှာကို စိုက်ကြည့်ကာ ဆက်ပြီး မဖျောင်းဖျနိုင်တော့သောကြောင့် ပြောပြလိုက်သည်။
"ကျွန်တော်တို့ဘယ်သူလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းလို့ရမယ်ထင်ပါတယ်....ကျွန်တော်တို့ကြောင့် အဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေရဘူးလို့ ကတိပေးပါတယ်.."
လီယာ့အတွက် အခုချိနိတွင်ဘာမှမလုပ်ပေးနိုင်ပါက သူ့အတွက် အလွန်ဆိုးရွားသည့်အရာတစ်ခု ဖြစ်သွားနိုင်ပါသည်။
ကျောင်းမြန် ခဏငြိမ်သက်သွားပြီး ပြန်ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး၊ အပြစ်မဲ့တဲ့သူဆိုရင် ဇာစ့်တွေဖြစ်နေရင်တောင် အကြောင်းမဲ့ သတ်ပစ်မှာ မဟုတ်ပါဘူး"
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် သူ့အခန်းထဲရှိလူတိုင်း အံ့သြသွားကြသည်။
အယ်လန်သည် ကျောင်းမြန်အား စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဇာစ့်... လူမျိုး...!"
ကျောင်းမြန် : "လီယာက...ဇာစ်မျိုးနွယ်ကမှတ်လား... ဟုတ်လား..!"
ဝမ်ကျွင်းသည် ရုတ်တရက် လူတိုင်းကို သတိထားပြီး ကြည့်လိုက်သည်။
စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းက ငါတို့ကို ကူညီခဲ့တာ... မင်းလူဆိုးမဟုတ်ဘူးဆိုတာ ငါတို့သိတယ်... သွေးအရောင်ကွာခြားချက်ကြောင့် ငါတို့ မင်းကို ဒုက္ခမပေးပါဘူး"
(T/N- ဇာစ့်ရဲ့သွေးက အစိမ်းရောင်ပါနော်....)
ဝမ်ကျွင်းသည် လီယာ့ကိုကြည့်ကာ မျက်နှာကြီး တစ်ခုလုံးစိမ်းသွားကာ ခဏမျှ တုံ့ဆိုင်းသွားရာမှ လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည်။
"ခင်ဗျားကို ယုံပါတယ်..."
ဆရာဝန်သည် လီယာ၏ဒဏ်ရာများကိုကုသရန် ရှေ့တိုးလာခဲ့သည်။ ဝမ်ကျွင်းသည် လီယာအတွက် တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ့ဘေးတွင်သာ နေခဲ့သည်။
ဝမ်ကျွင်း၏ သတိအနေအထားကိုမြင်လိုက်ချိန်တွင် အယ်လန်သည် မနေနိုင်တော့ဘဲ မေးလိုက်သည်။
"မင်းလည်း ဇာစ့်တစ်ယောက်လား... အရင်က အဖွဲ့ချုပ်ကနေ လိုက်ဖမ်းတာမျိုး ကြုံဖူးလား ဒါမှမဟုတ် အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ဖူးလား..."
-မဟုတ်ရင် သူ ဒီလောက်ထိ သတိရှိမှာ မဟုတ်ဘူး။
“ကျွန်တော်က အဖွဲ့ချုပ်ကပါ.."
ဝမ်ကျွင်း : "အရင်က ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ... ဒါပေမယ့် စိတ်စွမ်းအင်မှာ ဒဏ်ရာရသွားတာ ပြင်းထန်လို့ စောစောအနားယူခဲ့ပါတယ်...အဲ့နောက် ကမ္ဘာမြေပေါ်မှာ လူဆိုးတွေဝိုင်းတာ ခံထားရတဲ့ လီယာကို တွေ့လို့ ကယ်မိခဲ့ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းခဲ့တာပါ..."
အတိတ်ကို ပြန်သတိရမိသလိုမျိုး ဖြစ်သွားသောကြောင့် ဝမ်ကျွင်း နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။
"သူက စစ်မြေပြင်မှာတွေ့ခဲ့ဖူးတဲ့ တခြား ဇာစ့်တွေနဲ့ မတူပါဘူး။ သူက အရမ်းကြင်နာတတ်ပြီး ဗဟုသုတလည်း ကြွယ်ဝတယ်.... ဇာစ့်တွေထဲမှာလည်း လူဆိုးမဟုတ်ဘဲ ကောင်းတဲ့ဇာစ့်တွေရှိနေသေးတာကို သူနဲ့မှသိလာရတာ.... တကယ့် နောက်ဆုံးမှာ ပြဿနာတွေအားလုံးကို အထက်လူကြီးတွေကပဲ ဖန်တီးကြတာများပါတယ်..."
စီဆဲလ်နှင့် ကျောင်းမြန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။
ပြီးမှ ကျောင်းမြန်လည်း ပြုံးကာ.....
“အဲဒါအဓိပ္ပာယ်ရှိပါတယ်..."
"ဝမ်..."
လီယာ မှေးခနဲနိုးလာသည်။
"ကိုယ်ဒီမှာ...."
ဝမ်ကျွင်းသည် လီယာဖြန့်ထားသည့် လက်အား ပြန်ဆုပ်ကိုင်လိုက်ချိန် လီယာသည် သူ၏လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး ပြန်အိပ်ပျော်သွားပြန်သည်။
အယ်လန်သည် ခဏငြိမ်နေရာမှ ထပ်မေးလိုက်သည်။
"နယ်စပ်က စစ်သားဆိုတော့.......ဒါဆို ကုရှင်းချီ.....
ဗိုလ်မှူးကု ကို သိလား...!"
ဝမ်ကျွင်း အံ့အားသင့်သွားပြီး
"သိပါတယ်၊ ကျွန်တော်က သူတပ်သားတွေထဲက တစ်ယောက်ပဲ.....ဒါပေမယ့် ဒဏ်ရာရသွားပြီးတော့.... နောက်ထပ် ဘယ်တော့မှ စစ်တိုက်နိုင်တော့မှာ မဟုတ်ပါဘူး.... သူ့ကိုလည်း သိတာလား"
"...အင်း"
အေရွန် အံကြိတ်လိုက်သည်။
ဝမ်ကျွင်းသည် အယ်လန့်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်ကာ မေး၏။
"သခင်လေး... မင်းက သူ့ကို ကြိုက်နေတာ မဟုတ်ဘူး မှတ်လား"
"မင်းဘယ်လိုထင်လို့....လဲ"
အယ်လန်သည် ခုနကထပ်ပိုပြီး အံတင်းတင်းကြိတ်ထားလိုက်သည်။
"ဒါဆို စိတ်မကောင်းပါဘူး....."
ဝမ်ကျွင်းသည် ခေါင်းခါလိုက်ပြီး မျက်မှောင်ကြုတ်ကာ...
"ခင်ဗျားမှာ အခွင့်အရေးမရှိတော့ဘူး"
"...ဘာလို့လဲ"
အယ်လန်၏ မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
ကျောင်းမြန် နှင့် စီဆဲလ် တို့သည်လည်း ကုရှင်းချီ၏ အကြောင်းအရာ အသစ်ကြောင့် အံ့ဩမဆုံးဖြစ်သွားကြသည်။
"ဘာလို့လဲဆိုတော့...ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်ကု မှာ ငယ်ငယ်ကတည်းက ချစ်ရတဲ့သူ ရှိပါတယ်....သူက တော်ဝင်မင်းသားလေးပါ.... မင်းသားလေး ပေးထားတဲ့ ဆွဲကြိုးကိုဘယ်သွားသွားဆွဲထားတာ.. နောက်ဆုံး စစ်မြေပြင်သွားတဲ့အထိပဲ.... တစ်ရက်ကျတော့ အဲ့ဒီ့ဆွဲကြိုးလေး ပျောက်သွားလို့ ရန်သူ့နယ်မြေထဲကို တစ်ယောက်တည်း ဝင်သွားပြီး အရူးလို လိုက်ရှာခဲ့သေးတယ်...."
အယ်လန် အံ့ဩသွားသည်။
ဝမ်ကျွင်း : "ခင်ဗျားမယုံဘူးလား... ဗိုလ်မှူးက အရက်မူးရင် သူ့မင်းသားလေးကို သတိရလို့ သူ့နာမည်ပဲ တဖွဖွခေါ် နေတော့တာ...."
အယ်လန်၏ မျက်နှာသည် ကြောက်စရာကောင်းအောင် ဖြူဖျော့သွားသောကြောင့် ဝမ်ကျွင်းလည်း သည်းမခံနိုင်တော့သဖြင့် အယ်လန်၏ ပခုံးအား ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်ဓာတ်ကျမနေပါနဲ့၊ အဲဒါက အခွင့်အရေးမရှိတော့ တာမဟုတ်ပါဘူး၊ ဗိုလ်မှူးကုက သူနဲ့ မင်းသားလေးက အခွင့်အရေးမရှိဘူးလို့ ပြောခဲ့ဖူးတယ်....သူက အမြင့်က မင်းသားလေးမို့လို့ ဗိုလ်မှူးကုက သူ့အနားမှာထားပြီး သူနဲ့ အတူတူ ဒုက္ခ မခံစေချင်ဘူး...."
"မင်း...ပါးစပ်ပိတ်ထား"
အယ်လန်၏ နှုတ်ခမ်းများတုန်ရီလာပြီး ဝမ်ကျွင်းကို လက်ညှိုးထိုးကာ "ပါးစပ်ပိတ်ထား!" ဆိုသည့်စကားကိုသာ ပြောပြီးနောက် သူ့မျက်နှာကို အုပ်ကာ ပြေးထွက်သွားခဲ့သည်။
ဝမ်ကျွင်းလည်း ဘာဖြစ်သွားမှန်း မသိတော့ပေ။
ကျောင်းမြန်သည် ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြရတော့သည်။
“အခု ထွက်ပြေးသွားတဲ့သူရဲ့ နာမည်က ရီလန် လေ.."
ဝမ်ကျွင်း : "!!!"
ဝမ်ကျွင်း : "....."
သူမှားသွားပြီ။
"ဒါဆို ခင်ဗျားက......"
ဝမ်ကျွင်းသည် မျက်မှောင်ကြုတ်ကာ စီဆဲလ်နှင့် ကျောင်းမြန်အား လက်ညှိုးထိုးကာ မေးလိုက်သည်။
"ခင်ဗျားတို့က သာမန် စစ်သားတွေ မဟုတ်ဘူးလား..."
"မင်္ဂလာပါ"
စီဆဲလ်သည် သူ့လက်ကို ဝမ်ကျွင်းဘက်သို့ ဆန့်ပေးလိုက်ပြီး မိတ်ဆက်လိုက်သည်။
"ငါ့ကိုငါ ထပ်ပြီးမိတ်ဆက်ပေးပါရစေ။ ငါက အဖွဲ့ချုပ်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်ပါ..."
ဝမ်ကျွင်း မျက်လုံးပြူးသွားသည်။
ဒါက......
"ဗိုလ်ချုပ်ကြီး......"
ဝမ်ကျွင်းသည် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
"မင်းက ငါတို့ကို အခုယုံသင့်ပြီနော်..."
စီဆဲလ်သည် ပြုံးကာ ဆက်ပြောလိုက်သည်။
"ငါတို့ မင်းကို အန္တရာယ်မပေးပါဘူး....အဲ့လိုပဲ.... မင်းရဲ့ရည်ရွယ်ချက်က ဖြူစင်မယ်လို့ ငါတို့မျှော်လင့်တယ် ဖယ်ဒရယ်စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ အဖွဲ့ချုပ်ပြည်သူတွေကို ဘယ်တော့မှ ထိခိုက်နစ်နာအောင် ငါဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ ငါအာမခံတယ်။"
ဝမ်ကျွင်းလည်း မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
သို့ပေမယ့်လည်း ဝမ်ကျွင်းသည် လီယာအား မထားခဲ့ချင်သောကြောင့် သူ့ဘေးတွင် ဆက်နေခွင့်ရရန်သာ တောင်းဆိုခဲ့သည်။
စီဆဲလ် နှင့် ကျောင်းမြန်သည်လည်း ဆေးကုသခန်းမှ ခဏထွက်လာခဲ့ကြသည်။
ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ ပြော၏။
"ဝမ်ကျွင်းက လီယာ့ရဲ့ သရုပ်မှန်ကို မပြောပြဘူး.... ကျွန်တော် သူ့ကို သာမာန်ဇာစ့် မဟုတ်ဘူးလို့ပဲ ထင်နေတယ်...."
"ပုံမှန်အတိုင်းသာဆိုရင် သာမာန် ဇာစ့်သာဆိုရင် အဲ့လောက်လိုက်စရာ မလိုဘူးလေ....ဇာစ့် တော်ဝင်မိသားစုဘက်က သူ့နောက်လိုက်ဖို့ စစ်သည်တွေ အများကြီး သုံးထားတာဆိုတော့....လီယာ နိုးလာမှ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ကြည့်ကြတာပေါ့...."
ကျောင်းမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ကဲ... မင်းအိပ်ချိန်ရောက်ပြီ"
စီဆဲလ်သည် ကျောင်းမြန်၏ နဖူးလေးအား ဖွဖွလေး တောက်လိုက်ပြီး ပြောလေသည်။
"ဒီနေ့ ပင်ပန်းသွားပြီမလား ကားစီးလာရတော့ စိတ်တွေလည်း ရှုပ်နေမှာ.... ပြီးမှ စစ်ဆေးဖို့ ဆရာဝန်ခေါ်လိုက်မယ်..."
"ဟေး...ဒါက ပြဿနာမလုပ်နဲ့လေ..."
"ပြဿနာ မလုပ်ပါဘူး.... ကိုယ့်စကား နားထောင်နော်... မင်းနေကောင်းအောင်လို့ပါ..."
စီဆဲလ်သည် ကျောင်းမြန်အား ပိုင်စိုးလိုစိတ်အပြည့်ဖြင့် ပြောလိုက်ပြီး တစ်ဖက်လူ၏ စကားများကို တားဆီးလိုက်သည်။
ကျောင်းမြန်သည် စီဆဲလ်၏ ခါးကိုသာ ကူကယ်ရာမဲ့စွာဖြင့် တင်းကြပ်စွာ ဖက်ထားကာ ခွင့်ပြုလိုက်တော့သည်။
နှစ်ယောက်သား ရေချိုးရန် အခန်းထဲပြန်သွားပြီးနောက် ကျောင်းမြန်သည် ကုတင်ပေါ်တွင် လဲလျောင်းကာ ဆရာဝန်၏ စစ်ဆေးမှုကို ခံယူခဲ့သည်။
"ဘာမှမဖြစ်ပါဘူး ကလေးက အရမ်းကျန်းမာပါတယ်"
ဆရာဝန်က ပြုံးပြီး....
"အရမ်းကျန်းမာပါတယ်!"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ကျောင်းမြန် နှိမ်ချစွာဖြင့် ပြောလိုက်သော်လည်း သူ့မျက်ဝန်းများတွင် အပျော်များဖြင့် ပြည့်နှက်နေသည်။
"လီယာ ဘယ်လိုနေသေးလဲ"
"အရမ်းတော့ မပြင်းထန်ပါဘူး... အဆိပ်တွေကို ဖယ်ထုတ်လိုက်ပြီဆိုတော့ ဒီတစ်ည သေချာ အနားယူပြီးရင် နိုးလာပါလိမ့်မယ်...."
ဆရာဝန်သည် သူ့ရင်ဘက်အား တစ်ချက်သပ်ပြီး ထပ်ပြောလိုက်သည်။
"ဗိုလ်ချုပ်ကြီးတို့... စိတ်မပူပါနဲ့! "
ဆရာဝန် ထွက်သွားပြီးနောက် စီဆဲလ်သည် ကျောင်းမြန်၏ လေးတွင်ဝင်လှဲကာ ဗိုက်လေးအား ပွတ်သပ်ေပးပြီး ပြုံးလိုက်ပြီးနောက် ဆို၏။
"အာ့မြန်..... ကိုယ်တို့ ကလေးနာမည်ကို မစဉ်းစားရသေးဘူးနော်..."
ကျောင်းမြန် : "ခင်ဗျား ဘယ်လိုနာမည် ပေးချင်လဲ....ယောက်ျားလေးလား မိန်းကလေးလား သေချာတောင်မသိရသေးဘူးလေ အဲ့ဒါကြောင့် မဆုံးဖြတ်ရသေးဘူး"
"နှစ်ခုလုံးအတွက် သင့်တော်မယ့် နာမည်တွေကို ရှာထားလို့ရပါတယ်...."
စီဆဲလ်သည် ကျောင်းမြန်အား တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး......
"အခုမှစစဉ်းစားလည်းရပါတယ်.... ဘာပဲဖြစ်ဖြစ်၊ အဲဒါကို အနာဂတ်မှာ သုံးမှာဆိုတော့...."
ကျောင်းမြန်သည် ရှက်ရွံ့ကာ စီဆဲလ်အား ညင်သာစွာ နမ်းလိုက်သည်။
"စီဆဲလ်....."
ကျောင်းမြန်သည် စီဆဲလ် ရင်ခွင်ထဲတွင် မှီထားရင်း ပြောလေသည်။
"ကျွန်တော် ရှောင်လဲ့ကို လွမ်းတယ်...!"
အစက နှစ်ရက်သာ သွားမည်ဟု ပြောပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။
"ရပါတယ်.... မနက်ဖြန် ည ပြန်ရောက်ရင် ရှောင်လဲ့နဲ့ အတူတူ ကစားလို့ရပြီလေ..."
စီဆဲလ်သည် ကျောင်းမြန်ကို ပွေ့ဖက်ပြီး အတူတူ အိပ်လိုက်သည်။
"ကဲ အိပ်တော့.... မနက်ဖြန်မှ ကျန်တာတွေ ဆက်စဉ်းစား"
ကျောင်းမြန်လည်း စီဆဲလ်၏ လက်မောင်းပေါ်တွင် အိပ်နေရင်း တိုးတိုးလေးပြန်ပြောလိုက်သည်။
"အင်း..."
ထိုညသည် အချစ်တွေနှင့် ပြည့်နှက်နေပြီး အလွန်နူးညံ့သော ညဖြစ်သည်။
(T/N-အယ်လန့်ရဲ့ တရုတ်နာမည်က ရီလန်ပါ...
*Character Name
-ချင်းယင်=အနီရောင်အရိပ်=အာ့ခီ
-အယ်လန်=အေရွန်=ရီလန် )
---------------------------------------------------------------------------------