Chapter 32
Viewers 2k

💫 Chapter 32



စုန့်နင်ဖုန်းက ထွက်သွားတော့မည်အချိန်တွင် အဖိုးအိုက သူ့ကို လှမ်းခေါ်လိုက်သည် ။ 

" ငါ့နာမည်က ကျန်းဝူရွှမ်း...မင်းနာမည်ကရော...မင်းက ဘယ်ကျောင်းကနေ ဘွဲ့ရတာလဲ...ဘယ်ဆရာလက်ထွက်လဲ..."


စုန့်နင်ဖုန်းက ကိုးရိုးကားယားဖြင့် တောင့်တင်းသွား၏။ ဤကမ္ဘာကလူများက ဂိုဏ်းအကြောင်းကိုလည်း ဦးစွာမမေးသလို ၊ မျိုးရိုးအဆက်အနွယ်ကိုလည်း မမေးပေ။ ထိုအစား ပညာအရည်အချင်းကိုသာ ဦးစွာမေးလာ၏ ။ ပြဿနာမှာ သူက ဤကမ္ဘာ၌ "ပညာမတတ်" ဖြစ်နေခြင်းပင် ။


" ကျွန်တော့်နာမည်က စုန့်နင်ဖုန်းပါ...ပြီးတော့ ကျွန်တော်က တက္ကသိုလ်မတတ်ဘူး...ကျွန်တော့်ရဲ့ ဆရာနာမည်က ရွှီယီ..."

စုန့်နင်ဖုန်းက မေးခွန်းများကို ရှောင်ရှားရန်အတွက် ပါးနပ်စွာဖြင့် စကားလုံးကို ရွေးချယ်လိုက်သည်။ သူ့ကိုမသိသည့် သူများက သူ မူကြိုပင် မတက်ထားသည်ကို မသိဘဲ သူ့ကို ဤအတိုင်း တက္ကသိုလ်သွားမတက်ခြင်းဟုသာ ထင်ကြလိမ့်မည် ။


ကျန်းဝူရွှမ်း မျက်မှောင်ကြုတ်သွား၏ ။

" မင်းက ဒီလောက်ငယ်သေးတာကို ဘာလို့ ပညာဆက်ပြီး မသင်ယူရတာလဲ... မင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်က မနိမ့်လောက်ဘူးဆိုတာ ငါတွေ့နေရတယ်... ပြီးတော့ မင်းရဲ့လက်တွေကလည်း အရမ်းအတွေ့အကြုံရှိလွန်းတယ်...မင်းက မျိုးစေ့ကောင်းဆိုတာ သိသာနေတာပဲ...ဘာလို့ နှောင့်နှေးနေတာလဲ...အာ ဒါပေမဲ့ အခုအကယ်ဒမီကျောင်းမှာရှိတဲ့သူတွေက သက်ကျားအိုတွေရယ် စာတစ်သံပေသံနဲ့လူတွေရယ်ချည်းပဲ...မင်းတက္ကသိုလ်ကို သွားရင်လည်း ဒီလို အမိုက်စားအိုင်ဒီယာတွေကို ရလောက်မှာမဟုတ်ပါဘူး... နှစ်တော်တော်ကြာအောင် ဆက်မတိုးမြှင့်နိုင်တဲ့မက်ခါတွေကို ပိုပိုပြီး အပြောင်းအလဲဖြစ်အောင် လုပ်ပေးသင့်တယ်..."


" ရွှီယီ...ရွှီယီ ဆိုတာကရော ဘယ်သူလဲ...အဲ့ဒီ မက်ခါပညာရှင်ရဲ့နာမည်ကို ငါတစ်ခါမှ မကြားဖူးပါဘူး..."


ထို့နောက် စုန့်နင်ဖုန်းက ပြောလိုက်သည် ။

" သူက မက်ခါပညာရှင်မဟုတ်ပါဘူး...ပြီးတော့ ကျွန်တော်ရောပဲ...ကျွန်တော့်အထင်ကတော့ ကျွန်တော်က ဒီအပိုင်းနဲ့ပတ်သက်ပြီး အနည်းအကျဥ်းလောက်ပဲ သိတာပါ..."


ကျန်းဝူရွှမ်း ထရပ်လိုက်မိသည် ။

" ဘာ... မင်းက ဒီလောက်ပါရမီရှိတာ...ဘယ်လိုလုပ် မက်ခါပညာရှင် မဖြစ်နိုင်ရမှာလဲ...အခုချိန်ကစပြီး မင်းငါ့ဆီက သင်ယူရမယ်... စိတ်မပူပါနဲ့ ...မင်းငါ့နောက်ကို လိုက်မယ်ဆိုရင် အရှုံးမရှိပါဘူး...ငါက ထိပ်တန်းSအဆင့် မက်ခါပညာရှင်ပဲ...."


စုန့်နင်ဖုန်းမှာ ထိုအချက်ကြောင့် အနည်းငယ် ခေါင်းရှုပ်သွား၏။ ထိပ်တန်းSအဆင့်သို့ရောက်နိုင်သည့် မက်ခါပညာရှင်ဆိုသည်က လက်တစ်ဆုပ်စာမျှသာရှိသည်။

ဒါက ဂုဏ်ယူစရာ အမှတ်အသားပဲ မဟုတ်ဘူးလား…


" ငါ့နောက်လိုက်ကျောင်းသား...အရင်တုန်းက ငါ့ဆရာကလည်း ထိပ်တန်းSအဆင့် မက်ခါပညာရှင်ပဲ..."

ကျန်းဝူရွှမ်းက သူ့စကားကို အမူအရာမဲ့စွာဖြင့် အဆုံးသတ်လိုက်သည်။


ကျန်းဝူရွှမ်း၏စီနီယာ လီလင်ကလည်း ဖက်ဒရယ်တစ်ဝှမ်း လူသိများသူဖြစ်ပြီး သူ၏ ဆရာဟောင်း ဟယ့်နျန်ကလည်း ဖတ်စာအုပ်ကြီးအလား ဖြောင့်မတ်သူဖြစ်ကာ သူ၏ အကြံဉာဏ်များကို ယနေ့ထက်ထိတိုင် မြောက်များစွာသော မက်ခါပညာရှင်များက သင်ယူလေ့လာနေကြသေးသည်။


ဆန့်ကျင်ဘက်အားဖြင့် ကျန်းဝူရွှမ်းမှာ ပြီးပြည့်စုံသော ဘဝ၏အရှုံးသမားပင်။


၎င်းမှာ အမှန်က လီလင်နှင့် ကျန်းဝူရွှမ်းတို့ ဟယ့်နျန်၏ လက်အောက်၌ တစ်ချိန်တည်း သင်ယူနေကြစဥ်က ပြဿနာမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိပ်တန်းSအဆင့် မက်ခါပညာရှင်က ခေါ်လာသော ကျောင်းသားက အဆိုးကြီးမဖြစ်နိုင်ချေ။ ကျန်းဝူရွှမ်းက ပြောင်မြောက်သောအရည်အချင်းရှိသူဖြစ်သည် ။ ထိုသို့မဟုတ်ပါက ဟယ့်နျန်က သူ့ကို ခေါ်လာမည် မဟုတ်ပေ ။


ဂုဏ်သတင်းပိုကြီးမားသော လီလင်ကဲ့သို့ပင် သူက လီလင်ထက် အသက်ပိုငယ်ပြီး အရွယ်နှင့်မလိုက်အောင် ငယ်ငယ်ရွယ်ရွယ်နှင့်ထူးချွန်သူအဖြစ် သူက အနည်းငယ်ပိုသာသည်ဟု ထင်ရ၏။ သို့သော်လည်း နောက်ပိုင်းတွင် လီလင်က ဟယ့်နျန်၏ ခြေရာကိုလိုက်ပြီး ထိပ်တန်းSအဆင့် မက်ခါပညာရှင်အဖြစ် အောင်မြင်မှုများ တိုးလာချိန်၌ သူက တဖြည်းဖြည်း မထင်မရှားဖြစ်လာ၏။


သူ့အကြောင်းကို သိသောသူအချို့ကမူ သူ့အရည်အချင်းများကို ဖြုန်းတီးပစ်နေသည်ဟု တွေးမိကြပြီး ခေါင်းရမ်းရင်း သက်ပြင်းသာချသွားကြသည်။ သူ့စီနီယာ လီလင်ကလည်း ပြောခဲ့သည်။

" ဝူရွှမ်း...မင်းက ခေါင်းမာနေတာပဲ...ငါတို့ အရင်လူတွေရဲ့ ခြေရာအတိုင်းလိုက်တာ မကောင်းဘူးလား...မင်းမှာ ဘာလို့ အဲ့ဒီလောက် စိတ်ကူးယဥ်ဆန်တဲ့ အတွေးတွေရှိနေတာလဲ...မင်းနောက်ကျ နောင်တရလိမ့်မယ်..."


သေချာပေါက်ပင်။ သူ့ကို သိသည့်သူက နည်းသည်ထက် နည်းလာပြီး သူ့ကိုတွေ့သည့်သူအများကဆိုလျှင် သာမန်လူအိုကြီးဟုသာ ထင်နေကြသည်။


ကျန်းဝူရွှမ်းက သူ့အတိတ်အား ပြန်ပြောရခြင်းကို သဘောကျသည့်သူမျိုးမဟုတ်ပေ။ စုန့်နင်ဖုန်းကို သူ့အတောင်အောက်ခေါ်နိုင်ရန်အတွက်သာ လူနှစ်ယောက်အကြောင်းကို သူ ပြန်ပြောလိုက်ရသည် ။


စုန့်နင်ဖုန်း : " အိုး..."


ကျန်းဝူရွှမ်း ဒေါကန်သွား၏ ။

" ဒါက ဘယ်လိုအပြုအမူမျိုးလဲ...မင်းက ငါပြောနေတာကို မယုံဘူးလား...ငါအခုပဲ လီလင်ရဲ့ ဆက်သွယ်လို့ရတဲ့ အချက်အလက်တွေကို ထုတ်ပြလိုက်လို့ရတယ်...မင်းအဲ့ဒါကို ယုံနိုင်ရဲ့လား...ဒါပေမဲ့ သူ့နောက်လိုက်မှာထက်စာရင် မင်းငါ့နောက်လိုက်တာက ပိုကောင်းမယ်... ငါက အခုလေးတင် ငါ့အတွက်အတားအဆီးဖြစ်နေတဲ့အဆင့်ကို သဘောပေါက်သွားတာပဲ... ပြီးတော့ ငါဒီဟာကို ကျော်ဖြတ်သွားနိုင်သွားပြီဆိုရင် ငါက သူ့ထက်ပိုသာတဲ့ မက်ခါပညာရှင် ဖြစ်လာမှာပဲ..."


" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး...ကျွန်တော် ခင်ဗျားကို သေချာပေါက် ယုံတာပေါ့...ဒါပေမဲ့ ကျွန်တော် တပည့်ခံထားပြီးသား ဆရာရှိနေပြီမို့လို့ ဘယ်သူနဲ့မှ ပညာသင်ယူတော့မှာ မဟုတ်ပါဘူး...ခင်ဗျားက ထိပ်တန်း Sအဆင့် မက်ခါပညာရှင်ဆိုရင်တောင် အဲ့ဒါက ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး..."


စုန့်နင်ဖုန်းက စိတ်မြန်လက်မြန်ရှိသောအဖိုးအိုကို အမြန်ရှင်းပြလိုက်ရသည် ။ ထို "နောက်လိုက်ကျောင်းသား" ဆိုသည်က ပြဿနာတစ်ခုခုသာတက်ခဲ့မည်ဆိုလျှင် သူအပြစ်လွတ်အောင် မရှောင်ဖယ်နိုင်မည်ကို စုန့်နင်ဖုန်းစိုးရိမ်မိသည်။


ကျန်းဝူရွှမ်းက စုန့်နင်ဖုန်း၏ အမူအရာကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူက လိမ်ညာနေသည့်ပုံမရပေ။ သို့သော် ကျန်းဝူရွှမ်းက ပို၍ပင် ဝေခွဲမရဖြစ်လာ၏။

" ဘာလို့လဲ...ငါကြည့်ရသလောက်တော့ မင်းက မက်ခါတွေကို တော်တော်စိတ်ဝင်စားတဲ့ပုံပါပဲ..."


' သာမန်လူတစ်ယောက်သာဆိုရင် ဒီလိုအခွင့်အရေးမျိုးကြုံလာတာနဲ့ တစ်ခါတည်း ဦးညွှတ်ပြီး ကိုးကွယ်လိုက်မှာပဲမလား...'


ထို့နောက် စုန့်နင်ဖုန်းက ပြောလိုက်သည် ။

" ကျွန်တော်တကယ်လည်း မက်ခါတွေကို စိတ်ဝင်စားပါတယ်...ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိတ်ဝင်စားမှုမဟုတ်ဘူးလေ..."


လက်နက်များကို ဖန်တီးရန်နည်းလမ်းပေါင်းမြောက်များစွာရှိနေပြီး မက်ခါတစ်ခုတည်းကို တွယ်ငြိနေခြင်းမျိုးက သူ့ပုံစံမဟုတ်ချေ။ ၎င်းက သူ့ညီမလေး၏ လိုအပ်နေသည့်အရာဖြစ်သောကြောင့် သူအနည်းငယ် စိတ်ဝင်စားမှုရှိသည်။ ထို့အပြင် သူ မသိသည့် နယ်ပယ်ဖြစ်နေသောကြောင့် တစ်ချက်လေ့လာကြည့်လိုက်ရုံသာဖြစ်၏။


သူ့ဘဝ၏ ပန်းတိုင်က ထိပ်တန်းSအဆင့် မက်ခါပညာရှင်ဖြစ်လာရန် မဟုတ်သလို ၎င်းက သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိချေ။


ပြီးတော့ ထိပ်တန်းSအဆင့် မက်ခါပညာရှင်ဖြစ်ဖို့ဆိုတာ ခက်တဲ့အရာမို့လို့လား...


စုန့်နင်ဖုန်းက ပညာသင်ယူကာ ကမ္ဘာကြီး၏ ဗဟုသုတများကို ရှာမှီးလိုသည်။ သို့သော် သူ့အရိုးထဲစွဲနေသည့် ဂုဏ်က မပြောင်းလဲသေးပေ။ သူ့နာမည် စုန့်နင်ဖုန်းဟူသည့် အဓိပ္ပါယ်အတိုင်း စူးရှထက်မြက်သောအပေါ်ယံလွှာအောက်တွင် ငြိမ်သက်သော စိတ်နေသဘောထားမျိုးရှိသည်။


ကျန်းဝူရွှမ်းမှာ သူ ယခင်က အတော်လေး အရူးထခဲ့သည်ဟု တွေးမိသော်လည်း သူ့ထက်ပိုအရူးထသည့်သူနှင့် တွေ့ရလိမ့်ဟု သူ မထင်ထားခဲ့ပေ။ သူက ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည် ။

" မက်ခါတည်ဆောက်မှုမှာ နည်းပညာတွေဘယ်လောက်ရှိသလဲဆိုတာ မင်းသိလား... ဘယ်လိုလုပ်ပြီးတော့များ အဲ့ဒါက မင်းရဲ့တစ်ခုတည်းသော စိတ်ဝင်စားမှုမဟုတ်ဘူးလို့ ပြောရဲရတာလဲ...လောဘမကြီးမိဖို့ သတိရှိစမ်းပါ..."


စုန့်နင်ဖုန်းက ခပ်ယဲ့ယဲ့သာပြောလိုက်သည် ။

" စိတ်မပူပါနဲ့... ဒါကို ကျွန်တော် လုပ်နိုင်ပါတယ်...လွန်ခဲ့တဲ့ နှစ်ရက်က ခင်ဗျားရဲ့ လမ်းညွှန်ပေးမှုတွေအတွက် ကျေးဇူးပါပဲ... တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော်တို့ ထပ်ပြီး အကြံဉာဏ်တွေ ဖလှယ်လို့ ရဦးမှာပါ..."


ကျန်ဝူရွှမ်းမှာ မတတ်သာတော့ဘဲ သူ့လက်ကိုသာ ဝှေ့ယမ်းပြလိုက်ရသည် ။

" ဘာကျေးဇူးတင်စရာရှိလဲ...စက္ခုကွန်ရက်နံပါတ်မှာ အချင်းချင်းထည့်ထားရအောင်...စမ်းသပ်မှုသာ ချောချောမွေ့မွေ့နဲ့ပြီးသွားရင် ဒီပြန်လည်ဆန်းသစ်ထားတဲ့ မက်ခါကို လူထုကြားမှာ စပြီးထုတ်ပြသွားမှာ...ပြီးတော့ မူပိုင်ခွင့်မှတ်ပုံတင်ကို ငါတို့နှစ်ယောက်အတွက် အတူတူတင်လိုက်မယ်...အဲ့ဒီအချိန်ကျရင် ငါမင်းကို ပိုက်ဆံပေးပါမယ်...ငါတို့ တစ်ဝက်စီခွဲယူကြတာပေါ့...အဆင်ပြေလား..."


ကျန်းဝူရွှမ်းက လူငယ်လေးများကို အခွင့်ကောင်းယူရန် အလွန်အသက်ကြီးနေပြီဖြစ်သည် ။


စုန့်နင်ဖုန်းက ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို ဂရုစိုက်တတ်သူမဟုတ်ပေ။ ထို့အပြင် ဤမက်ခါအတွက် အဓိက အကြံရလာသူက ကျန်းဝူရွှမ်းဖြစ်ပြီး သူက ပြန်ပြုပြင်ရန်အကြံအနည်းငယ်ရုံ ပေးခဲ့ရုံသာဖြစ်သည့်အပြင် သူ့အတွက်လည်း အတုယူစရာများစွယရခဲ့သည်။ တစ်ခုခုကို ရယူဦးမည်ဆိုလျှင် သူ့အတွက် မကောင်းပေ ။


စုန့်နင်ဖုန်းက ပြောလိုက်သည် ။

" ကျွန်တော့်ကို ပိုက်ဆံပို့ပေးစရာမလိုပါဘူး...ဒါပေမဲ့ တကယ်လို့များ အဆင်ပြေမယ်ဆိုရင် ခင်ဗျားရဲ့ စမ်းသပ်ခန်းကို ကျွန်တော်ယူသုံးလို့ရမလား...ကျွန်တော်လည်း မက်ခါတွေလုပ်ဖို့ လိုအပ်နေတယ်..."


အချိန်တစ်ခုအတွင်း သူက ကိရိယာမျိုးစုံပြုလုပ်ခဲ့သော်လည်း ၎င်းက ကျန်းဝူရွှမ်း၏ အရည်အသွေးမြင့်စမ်းသပ်ခန်းနှင့် မယှဥ်သာပေ။ ကျန်းဝူရွှမ်း၏ လုပ်ပုံကိုင်ပုံကို ကြည့်ပြီးနောက် သူ့စမ်းသပ်ခန်း၏ အချို့ကိရိယာများက အလွန်အသုံးဝင်ပြီး သူ အဂ္ဂိရတ်ဖိုနှင့် ပြုလုပ်ထားသော စိတ်ဝိညာဥ်သုံးပစ္စည်းများထက် မနိမ့်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူ စမ်းသပ်ချင်သည့်အရာကို အကြံဉာဏ်ရလာ၏။


" အင်းအင်း...မင်းအဲ့ဒါကို သုံးလို့ရပါတယ်...ပြီးတော့ ဒီမှာရှိတဲ့ ပစ္စည်းမျိုးစုံကိုလည်း ယူသုံးလို့ရတယ်..."


စုန့်နင်ဖုန်းကို အနားမှာထားရသည်က ကျန်းဝူရွှမ်းအတွက်လည်း စိတ်ကျေနပ်စရာပင်။

' စုန့်နင်ဖုန်းက ငါ့ရဲ့အနုစိတ် မက်ခါတည်ဆောက်တဲ့နည်းလမ်းတွေကို တွေ့သွားပြီး ငါ့ဆီကနေ သင်ယူချင်လာတာမျိုးလည်း ဖြစ်နိုင်တာပဲ...'


စုန့်နင်ဖုန်းလည်း ယဥ်ကျေးမနေတော့ပေ။ ထိုအချိန်မှာပင် သူက သူနှင့်အတူယူလာသော ပစ္စည်းအားလုံးကို ထုတ်လိုက်သည်။ သူ့မှာ အကြံဉာဏ်သစ်လည်း ရှိထား၏။ မက်ခါကို စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ဖန်တီးပြီး အစီအရင်မျိုးစုံဖြင့် ဖြည့်စွက်လိုက်မည်ဆိုလျှင် မက်ခါ၏ ပင်မထိန်းချုပ်သည့်နေရာကို အသုံးချသည့်အချိန်၌ ကွာခြားသွားနိုင်လောက်သည်။


ကျန်းဝူရွှမ်းက ဆွံအစွာကြည့်နေမိသည်။ သူက စိတ်ဝိညာဥ်စွမ်းအင်ကို မမြင်နိုင်သော်လည်း တည်ရှိမှုကို ခံစား၍ရသည်။ စုန့်နင်ဖုန်း၏ လုပ်ဆောင်ချက်များက သူ နားလည်သည့်အသိပညာဘောင်အတွင်းရှိသော်လည်း သာမန်ထက်လွန်ကဲ့သည့် ထူးခြားဆန်းကြယ်မှုများ ရှိနေပုံရပြန်၏။


စုန့်နင်ဖုန်းက သူ့ပစ္စည်းကိရိယာများကို ထုတ်လာသောအခါ ကျန်ဝူရွှမ်းက ချက်ချင်းစမ်းသပ်ကြည့်လိုက်သည်။

" မဖြစ်နိုင်လိုက်တာ... အာ ဒါက မဟုတ်သေးဘူးလေ...ဒါကြီးက သိပ္ပံနည်းကျမဖြစ်နိုင်ဘူး...မင်းဒါကို ဘယ်လိုများ လုပ်ထားတာလဲ..."


ကြယ်စင်ဝေလငါး၏အရေခွံကို ဖြစ်နိုင်ချေအလားအလာရှိအောင် သူလုပ်ခဲ့သည့်အချိန်ကလိုပင် သိပ္ပံနည်းကျချဥ်းကပ်မှုက ထိုအရေခွံအပေါ် ပြဒါးရှင်အဆီသုံးလိုက်ရုံသာ ဖြစ်သည်။ သို့သော် သိပ္ပံနည်းကျချဥ်းကပ်မှုအရ မဟုတ်ဘဲ ထိုအရေခွံအပေါ် စိတ်ဝိညာဥ်စွမ်းအင်သုံးလိုက်မည်ဆိုလျှင် ထိုစိတ်ဝိညာဥ်စွမ်းအင် အကောင်းအတိုင်းရှိနေသေးသရွေ့ အရေခွံကလည်း လုပ်ဆောင်နိုင်စွမ်းရှိနေလိမ့်မည်။


" အမ်း...ဒီမှာအခုရှိနေတဲ့အရာကို ရုပ်လွန်ပညာအရချဥ်းကပ်မှုလို့ပဲ တွေးကြည့်ရအောင်..."


ကျန်းဝူရွှမ်းက အတော်ကြာအောင်တိတ်သွားပြီးမှ ရုတ်တရက် ပြောလိုက်သည် ။

" မင်းက ငါ့ဆီက မသင်ယူချင်ဘူးဆိုရင် အဲ့ဒီအစား ငါကပဲ မင်းဆီက ပြန်သင်ယူလို့ရမလား..."


ကျန်းဝူရွှမ်းမှာ သူ့လက်ထဲမှ အရာများကို ကိုင်ထားရင်း မျက်လုံးအရောင်များတဖိတ်ဖိတ်တောက်လာ၏။ သူ့အတွက်မူ ၎င်းက ကမ္ဘာအသစ်အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သည့်အလားပင်။


သူက မက်ခါတည်ဆောက်ရာတွင် ပုံသေခွက်ကြီးအတိုင်းဖြစ်နေကြသည်ကို ချိုးဖောက်ပစ်ချင်သည်ဟု ဆိုသော်ငြား ယနေ့ထိတိုင် မက်ခါ၏ တိုးတက်ပြောင်းလဲလာမှုတွင် ပုံသေလုပ်ရိုးလုပ်စဥ်များရှိနေသည့်အတွက်ကြောင့် သူတစ်ယောက်တည်းထိုးဖောက်နိုင်ရန်ဆိုသည်က ခက်ခဲလွန်းပေသည်။ သူကိုယ်တိုင်ပင်လျှင် ထိုနည်းစနစ်ကြီးမှ ထွက်လာသော်လည်း နည်းလမ်းဟောင်းများကို အသုံးချနေမိဆဲဖြစ်သည်။ 


သို့သော် ယခုတွင် စုန့်နင်ဖုန်းနှင့်အတူတကွ ဖြစ်နိုင်ချေအသစ်ကို သူရှာတွေ့သွားပြီဖြစ်၏ ။ 


ကျန်းဝူရွှမ်း : " ဆရာ...ခဏလေးပါ...ငါလည်း အဲ့ဒီပညာကို သင်ယူချင်တယ်..."


မျက်နှာပျက်ပျက်မပျက်ပျက် ကျန်းဝူရွှမ်းက ဂရုစိုက်မနေတော့ပေ။ တစ်စုံတစ်ယောက်က မျက်နှာအပျက်ခံပြီး တစ်ခုခုကို သင်ယူခွင့်ရမည်ဆိုလျှင် မျက်နှာအပျက်ခံလိုက်ရသည်ကလည်း တန်သွားသည်ဟု ဆိုရမည်။


စုန့်နင်ဖုန်းက သူ ဤသို့လုပ်လိမ့်မည်ဟု ထင်မှတ်မထား၍ မနေနိုင်ကာ သူ့လက်ပေါ်ရှိ ကြက်သီးမွှေးညှင်းများထလာသည်ကိုပင် ပွတ်သပ်မိသွား၏။ 

" ကျွန်တော်တို့ ဂိုဏ်းက မက်ခါတွေနဲ့ပက်သက်တာကို မသင်ပေးဘူး...အဲ့ဒါက ခင်ဗျားရှာဖွေနေတဲ့အရာနဲ့ ကွာခြားနိုင်တယ်..."


ကျန်းဝူရွှမ်းက စုန့်နင်ဖုန်းကို ဆွဲထားပြီး ပြောလိုက်သည်။

" အဆင်ပြေပါတယ်...မက်ခါက လမ်းကြောင်းလေးတစ်ခုသာသာပဲလို့ မင်းပြောတယ်လေ...ငါမင်းဆီကနေ သိပ္ပံနည်းကျပါဝင်မှုနည်းတဲ့ဟာကို အရင်ဆုံးလေ့လာချင်တယ်...ပြီးရင် ငါအကုန်ပေါင်းစပ်ပြီး တီထွင်ကြည့်တာပေါ့..."


စုန့်နင်ဖုန်းက သူ့လက်ကို ပြန်ဆွဲလိုက်သော်လည်း ၎င်းက မရွေ့သွားပေ။ ဤမက်ခါပညာရှင်များက စမ်းသပ်ခန်းတွင်သာ တစ်နေကုန်တစ်နေခမ်းနေပြီး အလွန်အကြမ်းမခံသည့်ပုံပေါ်သော်လည်း သူတို့ဂရုစိုက်သည့်အရာများနှင့် ပတ်သက်လျှင် ကောင်းမွန်သော တိုက်ခိုက်နိုင်စွမ်းကို ထုတ်ပြလာတတ်သည်။ 


" ဒါပေမဲ့ ခင်ဗျားမှာ သင်ပြပေးတဲ့သူရှိပြီးသားလို့ မပြောဘူးလား...ကျွန်တော်တို့ဂိုဏ်းမှာက ဆရာတစ်ယောက်တည်းကိုပဲ ဆည်းကပ်လို့ရတယ်...ခင်ဗျား လူအများကြီးဆီကနေ လေ့လာလို့ရပေမဲ့ ညွှန်ကြားပြသပေးတဲ့သူဆိုတာမျိုးက ဆရာလိုပဲလေ ဟုတ်တယ်မလား..."


ကျူရှင်ဆရာဆိုသည်မျိုးက ကျောင်းသားများကို သင်ခန်းစာများပြသပေးသည့် တစ်စုံတစ်ယောက်ဖြစ်သော်လည်း ဆရာသခင်ဆိုသည်က ကွာခြားသည်။ သူက တပည့်အနည်းငယ်ကိုသာ လက်ခံပြီး သူ၏ဘဝတစ်လျှောက်လုံးကို ထိုအနီးကပ်တပည့်များကိုသာ သင်ကြားပေးရင်း ဖြတ်သန်းသွားကြသည်။ ကျန်းဝူရွှမ်း၏ မက်ခါနည်းပြဆရာ ဟယ့်နျန်က မရေမတွက်နိုင်သောလူများကို သင်ကြားပြသပေးခဲ့ပြီး သူ့အတွေးအခေါ်များက များစွာသော မက်ခါပညာရှင်များအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ သို့သော် လူတိုင်းကတော့ ဟယ့်နျန်၏သင်ပြမှုလက်အောက်မှ ဘွဲ့ရသွားခြင်းမျိုး မဟုတ်ပေ။  


ထို့နောက် ကျန်းဝူရွှမ်းက ပြောလိုက်သည် ။ 

" ငါက ကျောင်းကနေ ထုတ်ပယ်ခံထားရပြီးသား... ဒါကြောင့် ဆရာအသစ်ကို ဆည်းကပ်တာက အဆင်ပြေပါတယ် ဟုတ်တယ်မလား..."


စုန့်နင်ဖုန်း၏ မျက်နှာက အမူအရာကင်းမဲ့နေ၏ ။

" ကျွန်တော့်ကို ခင်ဗျား ခုဏတုန်းကပြောတာတော့ အဲ့လိုမဟုတ်ပါဘူး..."


အစောပိုင်းတွင် သူ့ထံမှ စုန့်နင်ဖုန်း သင်ယူလာစေရန်အတွက် ကျန်းဝူရွှမ်းမှာ သူ မည်မျှအံ့အားသင့်စရာကောင်းသည့်အကြောင်းများ ပြောခဲ့သည်။


' အခုတော့ သူက ဟယ့်နျန်ဆီကနေ ကန်ထုတ်ခံလိုက်ရတဲ့သူ ဖြစ်သွားပြန်ပြီလား...'


ကျန်းဝူရွှမ်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွား၏ ။ 

" အဲ့ဒါက ငါနည်းနည်းချဲ့ကားပြောမိသွားတာပါ...ဒါပေမဲ့ အရင်တုန်းက ငါတကယ်ပဲ ဟယ့်နျန်ဆီကနေ သင်ယူခဲ့ပါတယ်...ပြီးတော့ လီလင်နဲ့လည်း အဆက်အသွယ်ရှိနေတုန်းပဲ..." 


' ဒါပေမဲ့ ငါ သူနဲ့မဆက်သွယ်ဖြစ်တာ ဆယ်စုနှစ်တစ်စုစာလောက်ရှိပြီ...သူငါ့နံပါတ်ကို ဖျက်လိုက်ပြီလားတောင်မသိဘူး...'


ကျန်းဝူရွှမ်းက ၎င်းကို သူ့စိတ်ထဲတွင် တိတ်တဆိတ်မှတ်ထားလိုက်သည်။ 


ထိုအချိန်က သူက သူ့ဆရာဟယ့်နျန်၏ အတွေးအခေါ်အယူအဆများကို ဆန့်ကျင်ကာ သူ့ယုံကြည်ချက်အတိုင်း လေ့လာရန် ဆန္ဒပြင်းပြနေခဲ့သည်။ ဟယ့်နျန်က အလွန်စိတ်ကုန်နေပြီး သူ့ကိုသာ စိတ်ပူနေရသည် ။ 

" မင်းဘာလို့ တစ်ချိန်တည်းမှာ ခြေတစ်လှမ်းပဲ မလှမ်းနိုင်ရတာလဲ...မင်းက အဲ့ဒီလိုတွေးဖို့ကို အရမ်းခေါင်းမာနေတာပဲ..."


နောက်ပိုင်းတွင် ကျန်ဝူရွှမ်းကိုယ်တိုင်လည်း ထိုအချိန် သူ့အတွေးအခေါ်များက အလွန်မရင့်ကျက်ဟု တွေးမိသည်။ သို့သော်လည်း တစ်ချိန်တစ်ခါကမူ ထိုသို့ မတွေးနိုင်ခဲ့ပေ။ 

" တစ်ချိန်မှာ ခြေတစ်လှမ်းပဲလား... အဲဒါက ခင်ဗျားချမှတ်ထားတဲ့ စည်းကမ်းလား...ဆရာ ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီမှတ်နေလား...ခင်ဗျားက တကယ်တမ်းကျ မိုက်မဲတဲ့သူပဲ...ခင်ဗျားကြောင့် မက်ခါတွေက ဆန်းသစ်ပြောင်းလဲတာမျိုးမရှိဘဲ တိုးတက်မှုတွေကလည်း ရပ်တန့်နေတာပဲ..."


ဟယ့်နျန်မှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လုမတတ်ဖြစ်ကာ သူ့ကို ဒေါသထွက်သွား၏ ။ 

" ထွက်သွား...ဒီကနေ ထွက်သွားစမ်း...အနာဂတ်မှာ ငါ့ကျောင်းကနေထွက်လာတဲ့သူပါဆိုပြီးတော့တောင် မင်းမပြောမိစေနဲ့..."


" ကောင်းပြီ ကျွန်တော်သွားမယ်... ကျွန်တော့် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ပြီးတဲ့အခါကျမှ ခင်ဗျားဆီ ကျွန်တော်ပြန်လာဦးမယ်..."



💫💫💫