Chapter 33
Viewers 2k

💫 Chapter 33



ကျန်းဝူရွှမ်းက ထွက်လာပြီးနောက် အမှန်တကယ်ပင် ပြန်မသွားခဲ့ပေ။ ၎င်းက ဟယ့်နျန်၏ အသုဘအပါအဝင်ဖြစ်ပြီး သူအဝေးမှသာ စောင့်ကြည့်ခဲ့ရသည်။ ထိုသို့မဟုတ်ပါက သူက အရှုံးသမားအဖြစ် လူကောင်ထွက်ပြရပေမည်။ 


မဟုတ်ဘူး...ငါ အခုထိ မရှုံးသေးဘူး... ငါ အသက်ရှင်နေသေးသရွေ့ ယုံကြည်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်ချေရှိသေးတယ်...


ကျန်းဝူရွှမ်းက ပုခုံးသာလှုပ်လိုက်သည် ။ 

" ဒါက ဖြစ်ခဲ့တဲ့ကိစ္စတွေပဲ...ငါဒီနှစ်ယောက်အကြောင်း ပြန်မပြောချင်ပါဘူး...ဒါပေမဲ့ မင်းတို့ လူငယ်တွေက လက်တွေ့ဆန်လွန်းတော့ ငါ့ဆီကပညာသင်ယူအောင် ဒီအကြောင်းကို အရင်ပြောပြရတာပေါ့ ..."


စုန့်နင်ဖုန်း : ' အဲ့ဒါကလည်း ငါ့အမှားပဲလား...'


ထို့နောက် စုန့်နင်ဖုန်းက ပြောလိုက်သည် ။ 

" ဒါပေမဲ့ ကျွန်တော်တို့ ဒါကို ဒီအတိုင်းလေးပဲ တစ်စုံတစ်ယောက်ကို မသင်ပေးလိုက်နိုင်ဘူး..."


စကားပြောနေရင်း စုန့်နင်ဖုန်းက မသိလိုက်မသိဘာသာဖြင့် သူ့စိတ်ဝိညာဥ်စွမ်းအင်ကိုသုံးကာ ကျန်းဝူရွှမ်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက အံ့အားသင့်သွားပုံရ၏ ။ 

" မိုးကြိုးသွားပါရမီလား...ပြင်းထန်တဲ့တစ်ခုတည်းသောစိတ်ဝိညာဥ်ရင်းမြစ်လေ...ခင်ဗျားက တကယ်ကြီး ပါရမီရှင်ပေါ့..." 


စုန့်နင်ဖုန်းကိုယ်တိုင်ကပင် ပြင်းထန်သည့်တစ်ခုတည်းသောစိတ်ဝိညာဥ်ရင်းမြစ်ဖြစ်သည့် မိုးကြိုးသွားပါရမီပိုင်ရှင်ဖြစ်သည်။ သူကိုယ်တိုင်က သူ့ပါရမီကို အလွန်ဂုဏ်ယူဝံ့ကြွားဖူးခြင်းမျိုးမရှိသော်လည်း ပင်မဂိုဏ်းကြီးများအားလုံးတွင်ပင် ၎င်းက ရှားပါးသည့်ပါရမီမျိုးဖြစ်သည်ကို သူသိထားသည်။ ထို့အပြင် မိုးကြိုးသွားပါရမီရှင်များက လက်နက်များပြုလုပ်ရာ၌ တစ်ပန်းသာသည် ။ 


' ဒီလို ပါရမီရှင်မျိုးက ဘယ်တုန်းကများ ကြုံရာကောက်ယူလို့ရတဲ့ ဂေါ်ဖီထုပ်ဖြစ်သွားရတာလဲ...'


ကျန်ဝူးရွှမ်းက 'စိတ်ဝိညာဥ်ရင်းမြစ်' ၏အဓိပ္ပါယ်ကိုမသိသော်လည်း 'ပါရမီရှင်'ဟူသည့် ချီးကျူးစကားကို သူနားလည်သည် ။ သူ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သူ့ဆံပင်ဖြူများကို ဟန်ပါပါသပ်ကာ ပြောလိုက်သည် ။ 

" အဲ့ဒါက ဖြစ်သင့်တာပဲလေ...ငါငယ်ငယ်တုန်းကဆိုရင် လီလင်က ငါ့ဆီက အကြံတွေတောင် တောင်းဖူးတယ်...ဒီနေ့ခေတ် ပါရမီရှင်ဆိုတာတွေကတော့လား...အမ်း..."


စုန့်နင်ဖုန်းက ယစ်မူးနေသောသူ့ပုံစံကိုကြည့်ကာ ဂိုဏ်းထဲဝင်ခွင့်ပြုမည့် အကြံဉာဏ်ကို စိတ်ထဲမှငြင်းဆန်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ့ကို ကြည့်ရသည်က စိတ်ထဲတွင် ရှင်းမပြနိုင်သော်လည်း ရှဲ့ရုန်ကို သွားမြင်ယောင်နေမိသောကြောင့်ပင်။  

' ဂိုဏ်းထဲမှာ ဓလေ့ထုံးတမ်းတွေကို မသိတဲ့သူက တစ်ယောက်ရှိတာနဲ့တင် လုံလောက်နေပြီ...နောက်တစ်ယောက်သာ ထပ်ထည့်လိုက်မယ်ဆိုရင် အားလုံးရှုပ်ကုန်လိမ့်မယ်...'


သို့သော်လည်း ဤကမ္ဘာကြီးက စိတ်ဝိညာဥ်စွမ်းအား အတော်လေးပေါများသော်ငြား လူများက 'ဘယ်လိုကျင့်ကြံရမလဲ'မသိကြသည့်အချက်ကို သူဝမ်းနည်းမိသည်။ စုန့်နင်ဖုန်းမှာ ထိုကဲ့သို့ ကောင်းမွန်သည့်အရည်အချင်းများ ဖြုန်းတီးသလိုဖြစ်နေမည်ကို သည်းမခံနိုင်ပေ ။ 


စုန့်နင်ဖုန်းက သူ့ကို သတိပေးလိုက်သည်။ 

" ပြန်တွေးကြည့်ပါဦး...ကျွန်တော်တို့ လေ့လာသင်ယူမယ့်အရာက ခင်ဗျားရဲ့အမြင်ကို ပြောင်းပြန်လှန်သွားစေနိုင်တယ်...ဘာလို့လဲဆိုတော့ အဲ့ဒါက သိပ္ပံနည်းပညာနဲ့ တူညီတဲ့အရာမျိုးမဟုတ်ဘူး...အဲ့ဒါက ခင်ဗျားရဲ့ ရုပ်ရှင်တွေ ပုံပြင်တွေထဲမှာပဲ ရှိတာမျိုး...ပြီးတော့ ခင်ဗျားက အရည်အချင်းပြည့်မှီတယ်ဆိုပေမဲ့လည်း အရမ်းအသက်ကြီးနေပြီ...အဲ့ဒါက အလွယ်တကူ သင်ယူလို့ရတဲ့အရာမျိုး မဟုတ်ဘူး..."


အမတလမ်းစဥ်က အမှန်တကယ်ကိုခက်ခဲသည်။ လျှောက်လှမ်းရမည့် ခရီးလမ်းက ရှည်လျားပြီး ခက်ခဲကြမ်းတမ်း၏။ အကောင်းဆုံးစိတ်ဝိညာဥ်ရင်းမြစ်ရှိထားသောသူပင်လျှင် လမ်းစဥ်က လွယ်ကူချောမွေ့နေလိမ့်မည်ဟု အာမခံချက်မရှိပေ။ သမိုင်းကြောင်း၌ ဒေါသပုန်ထကာ ပြိုလဲခဲ့သော ပါရမီရှင်များစွာလည်း ရှိ၏။ ၎င်းက ငြီးငွေ့ဖွယ်ကောင်းလှပြီး မျှော်လင့်ချက်ကင်းမဲ့သော လမ်းကြောင်းပင်ဖြစ်နေနိုင်သည်။ ထိုလမ်းကြောင်းကို ဘာမှပြင်ဆင်ခြင်းမရှိဘဲ လျှောက်လှမ်းခြင်းက အချိန်ဖြုန်းနေခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။


ကျန်းဝူရွှမ်းက ပြောလာ၏ ။ 

" အားလုံးရဲ့ တည်ရှိနေမှုက သူ့အကြောင်းနဲ့သူရှိတယ်ဆိုတဲ့စကားကို ငါယုံတယ်... တစ်စုံတစ်ခုကသာ ငါရဲ့ခံယူချက်နဲ့ အမြင်တွေကို ပြောင်းပြန်လှန်သွားစေနိုင်တယ်ဆိုရင် ငါက တစ်ချိန်တုန်းက ဉာဏ်အရမ်းတိမ်ခဲ့မိတယ်ဆိုတဲ့ သဘောပဲလေ... အသက်ကြီးမှ အစကနေ စတင်ရတဲ့အတွက်ကတော့ ဘာမှကြောက်နေစရာမရှိပါဘူး... အဲ့ဒါက ခက်ခဲတယ်ဆိုရင်လည်း ခက်ခဲတယ်ပဲပေါ့...ငါအခု လုပ်နေတဲ့ အရာကရော မခက်ခဲလို့လား..."


သူက ပွင့်ပွင့်လင်းလင်းဖြင့်သာ စုန့်နင်ဖုန်းကို ကြည့်နေ၏ ။ 


စုန့်နင်ဖုန်းက ၎င်းကို ရုတ်တရက်နားလည်သွား၏။ ကျန်းဝူရွှမ်းက အနည်းငယ်အသက်ကြီးနေပြီး ကျိုးကြောင်းသင့်လျော်ပုံမရသော်လည်း သူ့ထံတွင် တာအိုလမ်းစဥ်အတွက် ခိုင်မာသောနှလုံးသား ရှိသည်။ သူ့လမ်းကြောင်းက အမတဖြစ်လာရန် မဟုတ်ဘဲ မက်ခါနည်းစနစ်များကို ချဲ့ထွင်ကာ တိုးတက်အောင်လုပ်ဖို့ပင်။ သူ့အားထုတ်မှုကသာ ကျန်ရှိနေသေးသရွေ့ သူ့လမ်းကြောင်းက ခိုင်မာမှုရှိလိမ့်မည်။ 


စုန့်နင်ဖုန်းမှာ ယခင်က စိတ်မပါသောကြောင့် တပည့်လက်ခံခြင်း မရှိခဲ့ပေ။ သို့သော် ယခုတွင် ကျန်းဝူရွှမ်း၏ ပြတ်သားမှုကို မြင်လိုက်ရသည့်အခါ သူတပည့်လက်ခံချင်လိုစိတ် အနည်းငယ်ရှိလာ၏။


" ကောင်းပြီ...ကျွန်တော် ခင်ဗျားကို ကျွန်တော်တို့ဂိုဏ်းရဲ့အကြောင်းနဲ့ စည်းမျဥ်းတွေရှင်းပြမယ်...တကယ်တမ်းကျတော့ ကျွန်တော်တို့ဂိုဏ်းက ရိုးရှင်းတဲ့ မိသားစုဆက်ဆံရေးရှိတယ်...ပြီးတော့ ခင်ဗျားလုပ်လို့မရတဲ့ အောက်ခြေစည်းတချို့ရှိတယ်...." 


" ဟုတ်ပါပြီ...ဆရာ..." 

ကျန်းဝူရွှမ်းက ခိုင်မာစွာ ပြန်ဖြေလိုက်သည် ။


ကျန်းဝူရွှမ်းနှင့် အားလုံးဆွေးနွေးပြီးသွားသည့်နောက် စုန့်နင်ဖုန်းက စက္ခုကွန်ရက်ကို ဖွင့်ကြည့်လိုက်သောအခါ ရှဲ့ရုန် နှင့် ဆာ့ဆာ့ထံမှ မက်ဆေ့ချ်များ ဗုံးကြဲသလိုလက်ခံရရှိလိုက်သည်။ ရှဲ့ရုန်၏ မက်ဆေ့ချ်များက စိတ်ညစ်နေသည့်အကြောင်းအရာများသာဖြစ်ပြီး ဆာ့ဆာ့က ရှဲ့ရုန်လုပ်ခဲ့သည့် အံ့အားသင့်ဖွယ်ရာကောင်းသော အကြောင်းအရာများကို ပြောပြထားသည် ။ 


စုန့်နင်ဖုန်း : "...."


သူ နောင်တအရဆုံးအချက်မှာ ရှဲ့ရုန်၏ ဉာဏ်နီဉာဏ်နက်များသော စကားလုံးများကို ယုံကြည်မိပြီး သူ့ကို ဂိုဏ်းမှ ခေါ်ထုတ်လာမိခြင်းဖြစ်သည်။ သူနောင်တရမိသည့် ဒုတိယအချက်က ရှဲ့ရုန်ကို သူနှင့်တစ်ချိန်လုံးခေါ်မထားမိဘဲ ထွက်သွားခွင့်ပေးပြီး လွှတ်ထားလိုက်မိခြင်းပင်။ 


အကြီးဆုံးစီနီယာအစ်ကိုဟူသည့် တာဝန်အရကြောင့် သူ လိပ်ပြာမလုံသလိုပင် ဖြစ်မိသည် ။  

' ဆရာညွှန်ကြားထားသလို ဒီကောင့်အပေါ်မှာ မျက်စိဒေါက်ထောက်မကြည့်ခဲ့မိတဲ့အတွက် ငါတကယ်ပဲ အရှက်ရမိပါတယ်...'


' ဆရာ မရှင်းထုတ်ခင် ရှဲ့ရုန်ကို ငါပဲ အရင်ရှင်းထုတ်လိုက်ရမလား...'


စုန့်နင်ဖုန်းမှာ ကျန်းဝူရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူအလျင်စလိုတပည့်လက်ခံလိုက်မိသည်ကိုပါ နောင်တရလာ၏။ 

' ဆရာဖြစ်လာပြီဆိုရင် စိတ်ပူစရာတွေ အများကြီးရှိတာပဲ...ပြီးတော့ ငါသာ ရှဲ့ရုန်လို ငရှုပ်ငပွေတပည့်မျိုးနဲ့တွေ့ရင် အချိန်မရွေး ဒေါသထွက်ပြီး စိတ်ကုန်လာနိုင်တယ်...' 


' တပည့်လက်ခံတယ်ဆိုတာက ငြိမ်းချမ်းတယ်ဆိုတာကို မရှိဘူး...ငါသည်းခံနိုင်ပါ့မလား...'


' မဟုတ်သေးဘူး...ငါအခုကစပြီး ကျန်းဝူရွှမ်းကို သေချာစောင့်ကြည့်ရမယ်...ငါသူ့ကို ရှဲ့ရုန်လို ကိုယ့်ဘာသာလွှတ်ပေးထားတဲ့သူမျိုး အဖြစ်ခံလို့မရဘူး...' 


ကျန်းဝူရွှမ်းမှာ သူတစ်ခါမှပင် မဆုံရသေးသည့် သူ့တတိယစီနီယာဦးလေးက သူ့ကို ခက်ခဲအောင်လုပ်သွားပြီဆိုသည်ကို မသိသေးပေ။ သူက တစ်ခုခုမှားနေသည့်အလား စုန့်နင်ဖုန်း၏ အမူအရာကို ကြည့်လိုက်ပြီး မတတ်သာတော့ဘဲ မေးကြည့်လိုက်သည် ။ 

" ဆရာ...ဘာဖြစ်လို့လဲ..."


" ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး...ခင်ဗျားရဲ့ တတိယစီနီယာဦးလေးက ပြဿနာထပ်ရှာတာပဲ...လာပါ...မြို့တော်ဂြိုဟ်ပေါ်မှာရှိတဲ့ ဂိုဏ်းသားတွေနဲ့ အရင်ဆုံး သွားတွေ့ကြတာပေါ့...." 


စုန့်နင်ဖုန်းမှာ သူ့အသက်အရွယ်ထက်ပိုပြီး တည်ငြိမ်ကာ ယုံကြည်အားကိုးထိုက်သည်ပုံပေါက်သောကြောင့် ကျန်းဝူရွှမ်းက စုန့်နင်ဖုန်းအား ဆရာဟုခေါ်ရခြင်းကို မည်သည့်ဖိအားမှ မခံစားရပေ။ ထို့အပြင် သူ အမှန်တကယ်လည်း စုန့်နင်ဖုန်းထံမှ များစွာသင်ယူခဲ့ရသည်။ အလွန်နူးညံ့သိမ်မွေ့သော မျက်နှာရှိသည့် ဆာ့ဆာ့ကို မြင်လျှင်လည်း " အငယ်ဆုံးစီနီယာဒေါ်လေး " ဟုခေါ်ရန်က သူ့အတွက်မဖြစ်နိုင်ခြင်း မဟုတ်ပေ။ သို့သော် ဂနာမငြိမ်သော ရှဲ့ရုန်ကိုတွေ့လိုက်ရသောအခါ " တတိယစီနီယာဦးလေး" ဟူသည့် စကားကသူ့လည်ချောင်းထဲတွင် တစ်နေပြီး 'စိတ်မရှိပါနဲ့..လူမှားသွားလို့' ဟုပင် သူထုတ်ပြောချင်နေမိသည် ။


ဤအချိန်တွင် စုန့်နင်ဖုန်းက ရှဲ့ရုန်၏ အကြောင်းကို ပြောနေချိန်၌ အဘယ့်ကြောင့် စိတ်ပင်ပန်းသည့်ပုံပေါက်နေကြောင်း သူနားလည်သွား၏။ ထိုသူကသာ သူ့မိသားစု၏ အငယ်ဆုံးမျိုးဆက်သာဆိုလျှင် ထိုလူငယ်လေး၏ခြေထောက်တွေကိုပါ သူ ရိုက်ချိုးမိလောက်သည် ။ 


သို့သော် ထိုလူငယ်လေးက သူ့ဂျူနီယာမဟုတ်ဘဲ သူ့အကြီးအကဲဖြစ်နေ၏။ 


" အကြီးဆုံးစီနီယာအစ်ကိုက ဘယ်လိုလုပ်ပြီးတော့များ ဆာ့ဆာ့လို အပျော်တမ်းတပည့်လက်ခံဖြစ်သွားတာလဲ...တပည့်လက်ခံရတာ ပျော်ဖို့ကောင်းလို့လား...ကျွန်တော်လည်း နောက်တစ်ခါ စမ်းကြည့်ဦးမယ်..." 


စုန့်နင်ဖုန်းက သွားတင်းတင်းစေ့ထားပြီး သူ့ဓားရှည်ကို မြှောက်လိုက်သည် ။ 

" မင်းတပည့်လက်ခံနိုင်တဲ့အထိတောင် အသက်ရှည်ရှည်နေရပါဦးမလားဆိုတာ ငါကြည့်ဦးမယ်..."


ရှဲ့ရုန်မှာ တစ်ဖက်သို့လှည့်ကာ ပြေးတော့သည် ။ 

" အကြီးဆုံးစီနီယာအစ်ကို...စကားနဲ့ပဲ အရင်ပြောရအောင်...ဆာ့ဆာ့ရေ မင်းရဲ့တတိယစီနီယာအစ်ကိုကို ကယ်ပါဦး...ငါ့ကိုကယ်ကြပါဦး..."


ဆာ့ဆာ့က လျစ်လျူရှူထားကာ ကျန်းဝူရွှမ်းဘက်ကိုသာ လှည့်ပြီး စကားပြောလိုက်သည် ။ 

" လာပါ...လာပါ...လက်ဖက်ရည်လေးနည်းနည်းသောက်ကြတာပေါ့..." 


ကျန်းဝူရွှမ်းမှာလည်း ထူးထူးခြားခြား တည်ငြိမ်နေ၏။ ၎င်းက သူ့လက်ရှိအနေအထားအရ ထိုကဲ့သို့ လုပ်ခွင့်မပြုနိုင်သောကြောင့်သာ ၊ မဟုတ်ပါက သူလည်း ရှဲ့ရုန်ကို လိုက်ဖမ်းနေမိလိမ့်မည် ။ 


သို့သော် ရိုးသားသော လီချန်ယွီမှာ အနည်းငယ်ပူပန်နေပုံရသည် ။ 

" သာ့ရှန်...ဘာမှတော့ မဖြစ်လောက်ပါဘူးနော်..."


စုန့်နင်ဖုန်း၏ဓားမှာ အေးစက်သောအရိပ်ယောင်များ ထင်ဟပ်နေပြီး အင်အားကြီးလက်နက်ပုံစံမျိုးပေါက်နေ၏။ သူကိုယ်တိုင်လည်း ထိုတတိယစီနီယာဦးလေးအား အသိအမှတ်အပြုရန် အနည်းငယ်ရှက်နေမိသော်လည်း ဤကိစ္စက လူသတ်ရန်အထိ မလိုပေ။ 


" သူ့ကို စိတ်ထဲထားမနေနဲ့...သူက ဆရာအဝေးမှာရှိနေတုန်းကို အရိုက်ခံချင်လို့တယွယွဖြစ်နေတာ... သေလောက်အောင်အရိုက်ခံပြီးသွားရင် ...ဒါမှမဟုတ် ဆေးရည်စိမ်တဲ့အိုးထဲသူ့ကိုပစ်ချပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်..." 


ဆာ့ဆာ့မှာ သူမက အကြီးဆုံးစီနီယာအစ်ကိုကို မကူညီဘဲ ဓားတစ်ချောင်းပေးလိုက်သည်နှင့်ပင် ညီအစ်ကိုများချစ်ခင်ရင်းနှီးသွားအောင် လုပ်ပေးသည့်နေရာ၌ ဆရာကျနေပြီဟု တွေးလိုက်မိသည်။


ခဏအကြာတွင် ပွန်းပဲ့စုတ်ပျက်နေသာ ရှဲ့ရုန်မှာ ပြန်ရောက်လာ၏။ စုန့်နင်ဖုန်းက သူ့အနောက်တွင် ရပ်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ 

" ငါမင်းကို မစမ်းသပ်ရတာ တော်တော်ကြာနေပြီ...မင်းရဲ့ ကျင့်ကြံရေးက လက်မဝက်လေးတောင် တက်မလာတာ အံ့သြစရာပဲ...ဆရာ့ရှေ့မှာသာ မင်းဒီလိုမျိုး မရှင်သန်နိုင်ဘူးဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ..."


အမှန်တွင် ရှဲ့ရုန်၏ ကျင့်ကြံဆင့်အရ သူ့ခန္ဓာကိုယ်ပေါ်ရှိ သာမန်ဒဏ်ရာများကို ပယ်ဖျက်ပစ်ရန် လွယ်သော်လည်း သူပြန်ဖျက်မရအောင် စုန့်နင်ဖုန်းက စိတ်ဝိညာဥ်စွမ်းအားသုံးပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။ 


ရှဲ့ရုန် ငိုချင်လာမိသည်။ သူတတ်နိုင်သမျှပြေးသော်လည်း စုန့်နင်ဖုန်းက သူ့ထက် တစ်ဆင့်ပိုမြင့်နေ၏ ။ 


ငါ ပြေးလည်းမပြေးနိုင်ဘူး...ပြန်လည်းမတိုက်နိုင်ဘူးဆိုမှတော့ ဘာလုပ်ရတော့မှာလဲ...


သူ ညည်းညူရုံသာ တတ်နိုင်တော့သည် ။

" ကျွန်တော့်ကို အစ်ကိုပြောပြနေဖို့ မလိုပါဘူး...ကျွန်တော် သေချာလေ့ကျင့်ပါတယ်...အဲဒါက အစ်ကို့ရဲ့ကျင့်ကြံဆင့်က ကျွန်တော့်ထက် တစ်ဆင့်မြင့်နေရုံပဲလေ...ကျွန်တော် အစ်ကို့ထက်သာသွားရင် သေချာပေါက် အစ်ကို့ကို ရှင်းထုတ်ပစ်မယ်..." 


သူ ညည်းညူနေသည်ကို စုန့်နင်ဖုန်းက မကြားဘဲမနေပေ။ သူက ရှဲ့ရုန်ကို အသာကြည့်ကာ ပြောလိုက်သည် ။ 

" ငါအဲ့ဒီနေ့ကို စောင့်နေမယ်..." 


၎င်းက သူတို့ဖြစ်နေကျပုံစံပင်။ သို့သော် လှောင်ပြောင်နေခြင်းမှအပ စုန့်နင်ဖုန်းက ရှဲ့ရုန်ကို ထိုမိသားစုသို့ တကယ်ပို့လိမ့်မည်မဟုတ်ပေ။ သူက ရှဲ့ရုန်ကို နှစ်ရက်လောက် ငြိမ်ငြိမ်နေခိုင်းထားပြီး ကျန်ကိစ္စများကို သူဆက်ဖြေရှင်းလိုက်မည်ဟု ပြောလိုက်သည်။


ငါ ဘယ်လိုလုပ် ငြိမ်ငြိမ်မနေနိုင်ဘဲ ရှိပါ့မလဲ...ငါ့ရဲ့ လက်ရှိ မျက်နှာကြီးနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတောင် မလုပ်ချင်တော့ဘူး...


ရှဲ့ရုန်ကို ရှင်းထုတ်လိုက်ပြီးနောက် စုန့်နင်ဖုန်းမှာ သူ့တာဝန်ကို သတိရသွား၏။ သူက ယခုလေးတင် လုပ်လာသော မက်ခါကိုထုတ်ကာ ဆာ့ဆာ့ကို ပြောလိုက်သည် ။ 

" ဆာ့ဆာ့...ဒါက အခုလေးတင် ငါလုပ်လာတဲ့မက်ခါ...စမ်းကြည့်ဦး...ပြဿနာတစ်ခုခုရှိရင် ငါပြန်ပြင်ပေးမယ်..." 


အချိန်က အကန့်အသတ်သာရှိပြီး စုန့်နင်ဖုန်းမှာ မက်ခါ၏ လုပ်ဆောင်နိုင်စွမ်းကို အာရုံစိုက်နေသောကြောင့် အခြားအရာများအတွက် အချိန်မရှိတော့ပေ။ ကျောင်းကဆရာများက ဆာ့ဆာ့အတွက် အမြန်ဆုံးမက်ခါတစ်ခုရှိလာသင့်သည်ဟု ပြောထားသည် ။ 


ထို့ကြောင့် စုန့်နင်ဖုန်းမှာ လုပ်ဆောင်နိုင်စွမ်းကောင်းသည်ဟု ခံစားရသည်နှင့် ဆာ့ဆာ့ဆီသို့ ဦးဆုံယူလာပြလိုက်သည်။ ပိုပြီး မွမ်းမံရန်က နောက်မှထပ်ပြီး ပိုကြည့်ကောင်းအောင်လုပ်၍ရသည်။ 


ဆာ့ဆာ့ကလည်း ကြည့်ကောင်းခြင်းမကောင်းခြင်းကို ဂရုစိုက်နေတတ်သည့်သူ မဟုတ်ပေ။ 

' ဒီတော့ နည်းနည်းကြည့်ရဆိုးနေတော့ရော ဘာဖြစ်လဲ...အကြီးဆုံးစီနီယာအစ်ကို ဘယ်လောက်ထိ လုပ်နိုင်လည်းဆိုတာ ငါလည်း သိနေတာပဲ...သူက မက်ခါကိုတောင် တည်ဆောက်နိုင်မှတော့ အဲ့ဒါကိုလည်း လုပ်နိုင်တာပေါ့...' 


သူမက ချက်ချင်းခုန်ပေါက်ကာ ပြုံးရယ်နေပြီး ပြောလိုက်သည် ။

" ကျွန်မ ဒါကို လေ့ကျင့်ရေးကွင်းမှာ သွားစမ်းကြည့်တော့မယ်..." 


စုန့်နင်ဖုန်းက လီချန်ယွီ၏ဘက်ကို လှည့်ကြည့်ကာ ပြောလိုက်သည် ။ 

" စိတ်မရှိပါနဲ့...ဆာ့ဆာ့က အရင်တပည့်လက်ခံလိုက်တယ်ဆိုတာ ငါမသိခဲ့ဘူး...မင်းက သူနဲ့ လေ့လာနေတာခြင်းတူတူပဲဆိုတော့ မင်းလည်းမက်ခါလိုအပ်မှာပေါ့... ငါရက်ပိုင်းအတွင်း မင်းအတွက်လည်း မက်ခါဒီဇိုင်းတစ်ခု လုပ်ပေးပါမယ်..." 


လီချန်ယွီက အလန့်တကြား ခေါင်းခါလိုက်သည်။ 

" မဟုတ်တာ...မဟုတ်တာ...မလိုပါဘူး ရပါတယ်..." 


ပုံစံအမျိုးမျိုးဖြင့် ဖာထေးထားသည့်အလား ထူးခြားသော ပုံသဏ္ဏာန်ရှိသည့် ဝဖောင်းဖောင်းမီးခိုးရောင်မက်ခါမှာ အခြေခံသုံးမက်ခါလိုပင် ကြည့်ရဆိုးနေ၏။ ပုံမှန်အားဖြင့် လီချန်ယွီမှာ မက်ခါ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်တတ်သူမဟုတ်သော်လည်း မက်ခါ၏ လုပ်ဆောင်နိုင်စွမ်းမှာ ၎င်းကိုတည်ဆောက်ထားပုံနှင့် အနည်းငယ်ဆက်စပ်မှုရှိသည်။ ၎င်းက သူ ယခင်က တစ်ခါမှပင် မမြင်ဖူးသည့် ပုံစံပင်။ 


' ဒါက မက်ခါနဲ့တောင် တူမနေဘူး...'


ဆာ့ဆာ့ လေ့ကျင့်နေချိန်အတွင်း မက်ခါပေါက်ကွဲမှုများဖြစ်သွားမလားဟုပင် သူစိုးရိမ်နေမိသည်။ သူက စုန့်နင်ဖုန်း၏ ခံစားချက်ကိုလည်း မထိခိုက်စေဘဲနှင့် ဆာ့ဆာ့ကို မည်သို့ဖြောင်းဖျရမလဲဟု တွေးနေမိသည်။ သို့သော် သူ့ကို အံ့အားသင့်သွားစေသည်က စုန့်နင်ဖုန်းက သူ့ကို ရက်ရက်ရောရောဖြင့် မက်ခါတစ်ခုပေးမည်ဟုပင် ကမ်းလှမ်းလာ၏။ 


" ငါ့ကို ယဥ်ကျေးနေစရာမလိုပါဘူး...အခုဆို ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲလေ..." 


လီချန်ယွီမှာ မတတ်သာတော့ဘဲ တွေးနေမိသည်။ 

' မက်ခါသာပေါက်ကွဲသွားရင် ငါ့ရဲ့ ဒီခန္ဓာကိုယ်လေးက ခံနိုင်ရည်ရှိပါ့မလား...'



💫💫💫