Chapter 52
Viewers 3k

💫 Chapter 52



ရှဲ့ရုန်က ငွေများပုံပေးလာပြီး အသက်ပေးရန်ဆန္ဒရှိနေ၏ ။ မှောင်ခိုစျေးကွက်ကလည်း ၎င်းကို ငြင်းစရာအကြောင်းမရှိသည့်အတွက် သူ့ကို နောက်ထွက်မည့် ကြယ်စင်အာကာသယာဥ်၌ စီစဥ်ပေးလိုက်သည်။ ၎င်းက သီးသန့်ယာဥ်ဖြစ်သောကြောင့် ဖက်ဒရယ်အစိုးရ၏ ကြယ်စင်အာကာသယာဥ်နှင့် တူညီလိမ့်မည် မဟုတ်ပေ။ ဖက်ဒရယ်အစိုးရ၏ ကြယ်စင်အာကာသယာဥ်က ပိုက်ဆံသာ လုံလုံလောက်လောက်ပေးထားသရွေ့ သက်တောင့်သက်သာလိုက်ပါနိုင်ရန် စီစဥ်ပေးလိမ့်မည်။ သို့သော် မှောင်ခိုစျေးကွက်တွင်မူ ရှဲ့ရုန်က ငွေကြေးမည်မျှတတ်နိုင်ပါစေ သင်္ဘောကုန်းပတ်အောက်ခန်းလိုသာမန်အတန်းတွင်သာ နေရာရလိမ့်မည်။ 


ပထမတန်းစားအထူးတန်းလား...အိပ်မက်မက်နေလိုက်...အဲ့ဒီအိပ်မက်ထဲမှာလည်း ဘာမှရှိမှာ မဟုတ်ဘူး...


မှောင်ခိုစျေးကွက်၏ ကြယ်စင်အာကာသယာဥ်ဆိုသည့်အတိုင်း 'ဧည့်သည်' ဟူ၍ အခွင့်ထူးပေးမထားဘဲ ကုန်ပစ္စည်းများနှင့် လူများကို တစ်ပါတည်း သယ်ဆောင်သွားခြင်းပင်။ ထိုနေရာ၌ မည်သူကမှ သူကြွယ်မဟုတ်ပေ ၊ မှောင်ခိုစျေးကွက်ကသာ နတ်ဘုရားဖြစ်၏ ။


နောက်ဆုံးတွင် ရှဲ့ရုန်က ပုံမှန်နေရာတစ်နေရာရသွားသော်လည်း အချို့သူများက ကုန်တင်ခန်းထဲသို့ တိုးဝင်နေကြပြီး အထဲ၌လည်း လူများပြည့်ကျပ်ညပ်နေ၏။


ထိုနေရာ၌ ရွေးချယ်စရာမရှိသော်လည်း ကံကောင်းဖို့ ဆုတောင်းနေကြသောသူများရှိပြီး အချို့သူများကမူ ဆန္ဒမရှိ အဓမ္မဆွဲခေါ်ခံထားကြရသည်။ ဖက်ဒရေးရှင်းဘက်မှ လူကုန်ကူးခြင်းကို တားမြစ်ထားသော်လည်း မှောင်ခိုစျေးကွက်က လူများကို အရေးအခင်းနယ်မြေသို့ လူကုန်ကူးနေပြီး ဖက်ဒရေးရှင်းကလည်း ဤဖြစ်စဥ်ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးပေ။ 


D ဂြိုဟ်က ကိုင်တွယ်ဖို့ရန် ခက်ခဲလှသည်။ နည်းလမ်းသာရှိပါက ဖက်ဒရေးရှင်းဘက်မှ အမြစ်ပြတ်ချေမှုန်းပစ်မည်ပင်။ 


အခြေအနေကို ရှင်းရှင်းလင်းလင်းမသိသေးသည့် သခင်လေးရှဲ့ရုန်ကမူ သင်္ဘောအခန်းငယ်ထဲရှိ ပုံစံမကျသော အနေအထားကို စိတ်မကျေမနပ်ဖြစ်နေ၏။ သူက စကားလုံးအနည်းငယ်ခန့် ညည်းညူလိုက်သော်လည်း သူ့ကိုစောင့်ကြည့်နေသော တက်တူးနှင့်အစ်ကိုကြီး၏ အကြည့်အောက်တွင် သူက ပညာရှိဆန်စွာနောက်တစ်လှမ်းပြန်ဆုတ်ပြီး နားလည်သဘောပေါက်နိုင်သည့်စကားအချို့ကိုသာ ထုတ်ပြောလိုက်ရသည်။ 


" ဆင်းရဲတဲ့လူငယ်တွေကို အနိုင်မကျင့်ကြစမ်းပါနဲ့..." 


" စောင့်နေကြစမ်းပါ...ငါပိုက်ဆံတွေ ပြန်ရှာနိုင်တဲ့အခါကျမှ မင်းတို့ကောင်တွေကို ဘာလုပ်မလဲကြည့်နေလိုက်..." 


ရှဲ့ရုန်မှာ သရုပ်ဆောင်ရန်လည်း လိုသေးသလို အနေအထားကိုလည်း သဘောပေါက်ရန် လိုသေးသည်။ ရှဲ့ရုန်က ကြယ်စင်အာကာသယာဥ်တစ်ခုလုံးကို သူ့ဂမ္ဘီရအာရုံဖြင့် လွှမ်းခြုံထားလိုက်သည် ။ ကုန်တင်ခန်းထဲ၌ အချို့လူများက မူးဝေနေကြပြီး ၊ အချို့လူများက တိတ်တဆိတ်ငိုကြွေးလျက် ၊ နာကျင်မှုဝေဒနာကို ခံစားနေကြသည့်သူများကိုလည်း သူတွေ့လိုက်ရသည်။ သာမန်သင်္ဘောကုန်းပတ်အောက်ခန်းအတန်းကို ကြည့်လိုက်လျှင်လည်း သူ့ပတ်ချာလည်၌ အဝတ်သေတ္တာကို တင်းတင်းကိုင်ထားပြီး သတိထားပြီး နေနေရသည့်သူများပင်။ 


ကြယ်စင်အာကာသယာဥ်ပေါ်မှာတောင် ဒီလိုတွေဖြစ်နေတယ်ဆိုရင် အရေးအခင်းနယ်မြေမှာ ဘယ်လိုတွေတောင် ဖြစ်နေမလဲဆိုတာ မတွေးဝံ့စရာပဲ...


သူ့စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည် ။

' ဆရာက ငါ့ကို တကယ် အသာလေးလွှတ်မထားဘူးပဲ...' 


ရှဲ့ရုန်လို ကောင်းကင်ဘုံ၏တာအိုဓမ္မလမ်းစဥ်ကို ကျင့်ကြံသော ကျင့်ကြံရေးသမားတစ်ယောက်အနေဖြင့် သူတို့စိတ်ထဲရှိသည်ကိုသာ ပြုမူတတ်သည်။ ဤကိစ္စမျိုးက သူ့မျက်စိရှေ့၌ ဖြစ်ပျက်နေခြင်းမဟုတ်လျှင် ရှဲ့ရုန် လျစ်လျူရှုထားနိုင်သော်လည်း ငိုကြွေးနေသောအသံများကို သူ့နားထဲ၌ ကြားနေရသည်။ ၎င်းက သူ့စိတ်ကို ယိမ်းယိုင်စေသောကြောင့် တစ်ခုခုလုပ်မှကို ဖြစ်ချေတော့မည်။


သို့သော် သူက လက်လွတ်စပယ်မပြုမူဘဲ ကြယ်စင်အာကာသယာဥ် တစ်စင်းထဲကိုသာ ကယ်တင်ရန်ဆုံးဖြတ်ထားသည်။ Dစနစ်၌ လူများစွာရှိ၏။ ထို့ကြောင့် သူက အမြန်မလှုပ်ရှားသေးဘဲ အခြေအနေကို ပိုသေချာအောင် စောင့်ကြည့်ရန် လုပ်ထားသည်။ 


ရှဲ့ရုန်က သူ၏ဖြူဖွေးစီတန်းနေသော သွားများပေါ်လာသည်အထိ ပြုံးဖြဲဖြဲလုပ်နေ၏။ ကံမကောင်းစွာဖြင့် ဤနေရာ၌ သူ့အပြုံးလှလှလေးကို အသိအမှတ်ပြုပေးမည့် မိန်းကလေးတစ်ယောက်မှ ရှိမနေပေ။ ဘေးခုံတွင်ထိုင်နေသာ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကသာ သူ့ကို 'ကောင်ချောလေး' ဟုခေါ်လာ၏။ 


ရှဲ့ရုန်၏ အပြုံးပင် အေးခဲသွား၏။ 


ကြယ်စင်အာကာသယာဥ်က Dဂြိုဟ်သို့ ဆိုက်ကပ်ချိန်၌ ရှဲ့ရုန်ကသူ့စက္ခုကွန်ရက်ကို ဖွင့်ကာ သူ့ဂိုဏ်းရှိ လူများနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ အနည်းဆုံး ဂျူနီယာညီမလေးအား သူ့လက်ရှိအခြေအနေကို သိသွားစေချင်ပြီး သူမက ဆရာ့ထံတွင် သူအိမ်စောစောပြန်လာရအောင် အသနားခံပေးနိုင်လောက်၏။ 


သို့သော် ရှဲ့ရုန် အင်တာနက်နှင့်ချိတ်ဆက်ရန် လုပ်သောအခါ 'အင်တာနက်မှာ ချိတ်ဆက်၍မရပါသဖြင့် နောက်တစ်ကြိမ်ကြိုးစားပေးပါ' ဟူသော မက်ဆေ့ချ်သာ ဝင်လာ၏။


သူ ချက်ချင်းပင် မှောင်ခိုစျေးကွက်က အစ်ကိုကြီးကို သွားရှာလိုက်သည်။ တစ်နေရာနှင့်တစ်နေရာ ကူးပြောင်းနေချိန်၌ အင်တာနက်ချိတ်ဆက်မရသည်ကို သူနားလည်သည်။ သို့သော် သူ 'အခု ရောက်လာပြီးတာတောင် ဘာကြောင့်များ အင်တာနက်ချိတ်ဆက်မရဖြစ်နေသေးလဲ' ဆိုသည်ကို မသိတော့ပေ ။


တက်တူးနှင့်အစ်ကိုကြီးက သူ့ကို အရူးလိုကြည့်လာ၏။ 

" ကောင်လေးရေ...ဒါက အရေးအခင်းနယ်မြေလေ... ဖက်ဒရေးရှင်းဘက်က Dဂြိုဟ်ရဲ့ IPတွေအကုန်လုံးကို ချိတ်ဆက်ခွင့်မရအောင် လုပ်ထားတယ်..." 


မဟုတ်ရင် သူတို့ဘာလို့ နယ်နှင်ဒဏ်ဟုခေါ်နေဦးမှာလဲ…

 

သို့သော် ထိုကန့်သတ်ချက်များက သာမန်လူများအတွက်သာ။ သူပုန်များ၊ အာကာသဓားပြများနှင့် ပြောဆိုညှိုနှိုင်းတတ်သူဆိုပါက သူတို့၏ ကိုယ်ပိုင်အင်တာနက် သို့မဟုတ် ကိုယ်ပိုင်ဆက်သွယ်ရေးနည်းလမ်းကို ရရှိနိုင်သည်။ 


ရှဲ့ရုန်က ချက်ချင်းပင် ဆိုလာ၏ ။ 

" ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ် အစ်ကိုကြီး... အင်တာနက်ချိတ်ဆက်နိုင်မယ့် နည်းလမ်းလေးပြောပြလို့ရမလား...ကျွန်တော် ခင်ဗျားကို အကျိုးအမြတ်ပေးမှာပါ..." 


တက်တူးနှင့်အစ်ကိုကြီးက သူ့ကို လှောင်ပြုံးပြုံးပြလာ၏ ။ 

" ပိုက်ဆံတဲ့လား...ဒီနေရာမှာ ကြယ်ဒင်္ဂါးတွေက အသုံးမဝင်ဘူး...အသက်ရှင်နိုင်ဖို့သာ ကြိုးစားစမ်းပါ..." 


ကြယ်ဒင်္ဂါးများက နိုင်ငံတကာသုံးငွေကြေးဖြစ်သော်လည်း သူတို့၏ တန်ဖိုးကို မထိန်းသိမ်းထားနိုင်ပါက နေရာတိုင်း၌ သားကောင်သာသာဖြစ်နေလိမ့်မည်။ အစ်ကိုကြီးက ရှဲ့ရုန်၏ ပိုက်ဆံများကို ခေါင်းပုံမဖြတ်သွားသည်ကပင် သက်ညှာရာကျနေပေ၏။ 


အစ်ကိုကြီးက အဝေးသို့လျှောက်ကာ ကြယ်စင်အာကာသယာဥ်၏ ကုန်းပတ်အောက်အခန်းရှိ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် ယောက်ျားကို တလေးတစားဖိတ်ခေါ်လိုက်သည်။ ထိုယောက်ျား၏ ရုပ်ရည်က ခံ့ညားချောမောသည့်အပြင် အရှိန်အဝါကလည်း ထင်းထွက်နေသောကြောင့် ရှဲ့ရုန်ကိုပင် စက္ကန့်ပိုင်းလောက် အကြည့်မလွှဲနိုင်ဖြစ်သွားစေ၏။ ထိုသူကို ရင်းနှီးနေသော်ငြား မည်သည့်နေရာ၌ တွေ့ဖူးသည်ကို သူ မမှတ်မိတော့ချေ။ 


ရှဲ့ရုန်ကို ပိုပြီးအာရုံစိုက်မိစေသည့်အချက်မှာ ထိုလူ၏ စိတ်ဝိညာဥ်ပင်လယ်က ကြယ်တာရာခေတ်၌ အင်အားကြီးသူတစ်ယောက်ဖြစ်လာနိုင်သည်အထိ အားကောင်းနေသည်ကို သူအာရုံခံမိလိုက်ခြင်းပင်။ 


ထိုသူမှာ ရှဲ့ရုန်ကို အပေါ်ယံမျှကြည့်လာပြီး သူ(ရှဲ့ရုန်)၏ချောမောသော မျက်နှာကို မြင်လိုက်ရချိန်၌ သူ့အကြည့်တို့က ခဏတန့်သွားပြီးမှ အခြားနေရာကို ရွေ့သွား၏။


သူတို့ သင်္ဘောပေါ်မှ ဆင်းသောအခါ အားကောင်းမောင်းသန် ယောက်ျားများက ထွက်ပေါက်၌ ရပ်စောင့်နေကြသည်။ အထောက်အထားကတ်ကိုပြပြီး ချက်ချင်းလွှတ်ပေးခံရသော လူနည်းစုမှအပ ကျန်သူများက အိတ်များကို မွှေနှောက်စစ်ဆေးခံကြရသည်။ 


" မင်းတို့မပူးပေါင်းပေးဘူးဆိုရင် တစ်ခါတည်းသတ်ပစ်မယ်..." 

အိတ်ကို ရှာဖွေစစ်ဆေးသော ရာဇဝတ်သားများက မှောင်ခိုစျေးကွက်က လူများလိုပင် ယဥ်ကျေးမနေတော့ချေ။ 


ရွှေလမ်းငွေလမ်း မခင်းပါက ထိုနေရာမှထွက်ရန် လုံးဝမဖြစ်နိုင်သော်လည်း ထိုနေရာကိုရောက်လာသော လူများတွင် တစ်ခုတည်းသော အဖိုးတန်သည့်အရာမှာ သူတို့၏ ကိုယ်ခန္ဓာသာ ရှိတော့သည်။ အဆက်အသွယ်ကောင်းရှိသူများပင်လျှင် သူတို့ကိုကူညီပေးဖို့ရာ မတတ်နိုင်ချေ။ ဤနေရာ၌ လူတိုင်းက ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်တည်ရသည်။ သို့သော် ရှဲ့ရုန်လို ချမ်းသာသော်လည်း အရေးအခင်းနယ်မြေ၏အခြေအနေကိုမသိသောလူသစ်လေးက လူများအုံကြွစေရန် အလွယ်ဆုံးပစ်မှတ်ဖြစ်လာ၏။


ထိုရာဇဝတ်သားများက တန်ဖိုးရှိသောအရာကို တွေ့လျှင် "မှောင်ခိုပစ္စည်းသယ်ဆောင်ခြင်း"ဟူသော ခေါင်းစဥ်ကိုတပ်ကာ ဘဏ္ဍာအဖြစ်သိမ်းယူလိမ့်မည်။ ၎င်းက အရည်အသွေးကောင်းသော လက်နက်ကောင်းတစ်လက်ဆိုလျှင် ဤနည်းအတိုင်းသာ ယူသွားလိမ့်မည်။ 


အချို့လူများမှာ မနေနိုင်ဘဲ ဆဲရေးမိကြတော့သည်။

" လူတွေက အပြင်မှာ သတ်ဖြတ်မီးရှို့နေကြတာတောင် မင်းတို့က ဒိုက်ပါဝတ်ပြီး လျှောက်သွားနေကြတုန်းပဲ...မင်းတို့မှာ ငါတို့ပစ္စည်းတွေကိုယူဖို့ ဘာအခွင့်အရေးရှိလို့လဲ...ငါတို့ကိုများ မင်းတို့က အမြတ်ထုတ်လို့ရမယ် ထင်နေကြတာလား..." 


နောက်တစ်စက္ကန့်တွင် ထိုသို့ပြောလာသောသူမှာ စူးစူးရှရှအော်ဟစ်ကာ ခေါင်းတခြား ကိုယ်တခြားဖြစ်သွားရှာ၏။ 


ထိုလူအုပ်စုက အမူအရာပင် မပြောင်းဘဲ ပြုံးရင်း ဆိုလာ၏ ။ 

" ဘယ်သူစမ်းကြည့်ချင်သေးလဲ...မင်းတို့ သဘောအတိုင်းသေရမယ်လို့ ငါအာမခံတယ်..."


ခြိမ်းခြောက်မှုက အကျိုးသက်ရောက်မှုရှိပြီး ဤလူအုပ်စုက ဖက်ဒရေးရှင်းနှင့်မသက်ဆိုင်သည်ကို လူများကလည်း နောက်ဆုံး သတိပြုမိသွားကြသည်။ လက်တွေ့၌ ဘာမှ မလုပ်နိုင်ဘဲနှင့် လေလုံးထွားနေခြင်းက အသုံးမဝင်ပေ။ အစွမ်းအစမရှိလျှင် နောက်ဆုတ်နေလိုက်သည်က အကောင်းဆုံးပင်။ 


ထိုတစ်ယောက်ပြီးနောက် နောက်ထပ်ရောက်လာသည့် လူများမှာ ပိုပြီး နာခံသွားကြသည်။ အချို့လူများဆိုလျှင် လျှော့ပေါ့ပေးရန်အတွက် ထိုလူအုပ်စုကို သူတို့ဘက်ကပင် လက်ဆောင်ပစ္စည်းများ ဦးစွာကမ်းပေးလာကြ၏။ အခြားသူများကလည်း အရှေ့ကလူများအတိုင်း လိုက်လုပ်ကြပြီး လုံလောက်အောင်မပေးနိုင်သည့်သူဆိုလျှင် ပိုကြမ်းတမ်းစွာ ဆက်ဆံခံရသည်။ 


ရှဲ့ရုန် : ' ဒါက ဒီမှာဖြစ်နေတဲ့ ပုံစံပေါ့...'


ရှဲ့ရုန်က သူ၏သခင်ငယ်လေးကာရိုက်တာကို ပိုရုပ်လုံးပေါ်သွားအောင် တစ်ခါတည်း လက်ဆွဲသေတ္တာလိုက် သယ်ချလာလိုက်သည်။ သို့သော် သူ့သေတ္တာထဲ၌ အဝတ်နှင့် ဆံပင်တုများသာ ပါလာ၏။ ရှဲ့ရုန်က သူ့လက်ဆွဲသေတ္တာကို ရက်ရက်ရောရောဖွင့်ပေးလိုက်သည်။

" အစ်ကိုကြီးတို့ လိုချင်တာရှိလား...ခင်ဗျားတို့ လိုချင်တာရှိရင် အကုန်သာယူ..."


သူက ထိပ်ပြောင်နှင့်ခေါင်းဆောင်ကိုကြည့်ကာ အဓိပ္ပါယ်ပါပါဖြင့် ဆက်ပြောလိုက်သည်။

" ဒီဆံပင်အတုက လုံးဝစျေးမပေါဘူးနော်...ကျွန်တော့် ဆံသားအရည်အသွေးနဲ့ ကိုက်ညီတာကို ရှာဖို့ တော်တော်အချိန်ယူခဲ့ရတာ...ဒါပေမဲ့ အခုတော့ ပိုလိုအပ်တဲ့သူကို ပေးလို့ရပြီပဲ..."


ထိပ်ပြောင်မှာ နဖူးကြောများပါထောင်လာပြီး ရှဲ့ရုန်အား သေနတ်ဖြင့် ချိန်ရင်း အော်ပြောလိုက်သည်။

" မင်းက ငါ့ကို ရန်လာဆွနေတာလား...မင်းမှာရှိသမျှပစ္စည်းတွေ အကုန်ချထား..." 


'ဒီထိပ်ပြောင်တာက ဘာဖြစ်လို့လဲ...ဆံပင်မကောင်းတာက ဘာများဖြစ်လို့လဲ...ဒီနေ့တော့ ဒီမျက်နှာဖြူကောင်ကို ယောက်ျားအစစ်ဆိုတာ ဘယ်လိုလဲ သင်ပေးရဦးမယ်...' 


ရှဲ့ရုန်က သင်္ကေတရှစ်ချပ်ဘုတ်ပြားကို ထုတ်လျက် နားလည်ရခက်စွာပြောလာ၏။ 

" ကျွန်တော့် ပိုင်ဆိုင်မှုကို လိုချင်တာလား...ဟုတ်ပြီလေ...ဒါကတော့ ကျွန်တော့်မှာရှိသမျှအထဲ အဖိုးတန်ဆုံးပါပဲ..."


" မင်းငါ့ကို အရူးလာလုပ်နေတာလား..." 


ရှဲ့ရုန်က တည်တည်ငြိမ်ငြိမ် ခေါင်းခါပြလျက် ပြောလိုက်သည်။

" ခင်ဗျား ဘာလို့အဲ့လိုတွေးရတာလဲ...ကျွန်တော်က တာအိုဓမ္မပညာရှင်ပဲ...ခင်ဗျားကို ဘာလို့လိမ်ရမှာလဲ...ကျွန်တော် ခင်ဗျားကို တချို့ကိစ္စလေးတွေပြောပြမယ်... ခင်ဗျားရဲ့ အသက်ငါးနှစ်မှာ မိဘတွေကို ဆုံးရှုံးခဲ့ရတယ်...အသက်၈နှစ်မှာ ခင်ဗျားရဲ့ ညီမလေးနဲ့ကွဲသွားပြီးတော့ သူ့ကို လိုက်ရှာဖို့အတွက်ခင်ဗျား လှည့်ပတ်သွားရာကနေ D ဂြိုဟ်ကို ရောက်လာခဲ့တယ်...အသက် ၁၄ နှစ်မှာ ခင်ဗျား ပထမဆုံးအကြိမ်လူသတ်ခဲ့ပြီး အသက် ၁၉နှစ်မှာ..."


" တော်တော့..." 

ဒုစရိုက်သမားက အော်လိုက်သည် ။ 


ရှဲ့ရုန်ဆီမှ သွေးများ ထွက်လာမည်ကို စိုးသည့်အတွက် ကျန်လူများမှာ မျက်စိမှိတ်ထားရန် မစောင့်နိုင်ကြတော့ပေ။ 


သို့သော် အတော်အတန်ကြာသည်အထိ ထိုလူကဘာမှ မလုပ်လာပေ။ ထိုလူက လက်ထဲရှိ လက်နက်ကိုချလိုက်ပြီး သူ့နှုတ်ခမ်းများကလည်း တုန်ရီနေလေ၏။

" မင်းဒါတွေကို ဘယ်လိုလုပ်သိတာလဲ..." 


သူ့ကိုသိသည့်လူများပင် ဤအကြောင်းအရာများကို ရှင်းရှင်းလင်းလင်းနားမလည်ကြပေ။ အပြင်လူများကို မသိစေချင်သည့် လျှို့ဝှက်ချက် တစ်စုံတစ်ရာကို သူ့ရင်ထဲ၌ အမြဲတမ်းဖုံးကွယ်ထားခဲ့သည်။ 


သို့သော် တာအိုဓမ္မပညာရှင်ဟုခေါ်သည့် ရှဲ့ရုန်က ထိုနေရာ၌ ထူးဆန်းသောပါရမီရှိပုံရ၏။ 


ရှဲ့ရုန်က ပြုံးကာ တစ်ဖန်ဆိုလိုက်သည် ။ 

" ကျွန်တော်ပြောသလိုပဲ...ကျွန်တော်က ဘယ်သူ့ကို မလိမ်ညာတတ်သလို လိမ်ညာဖို့လည်း မလိုအပ်ပါဘူး...ကျွန်တော် ဒီကို ရည်ရွယ်ချက်ပြည့်မြောက်ဖို့ လာခဲ့တာပါ..." 


" ဘာရည်ရွယ်ချက်လဲ..." 

ထိပ်ပြောင်ခေါင်းဆောင်က သူ့ကို စကားထောက်ပေးလာ၏။ 


" ကျွန်တော်တွက်ချက်ကြည့်ရသလောက် Dဂြိုဟ်မှာ ကြီးမားတဲ့ ကပ်ဘေးကျရောက်လာနိုင်တယ်… ပြီးတော့ ကျွန်တော်တို့လိုလူတွေက လိုအပ်တဲ့နေရာတွေကိုကူညီပြီး ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်ရှိတယ်..." 


ရှဲ့ရုန်က မြင့်မြတ်သူတစ်ယောက်အလား စကားဆိုလာ၏။ 


သေချာတွေးကြည့်လျှင် အရေးအခင်းနယ်မြေ၌ ဆရာယောင်ယောင် သမားယောင်ယောင် အဖြစ်နေပြလိုက်ခြင်းက ပိုအနေအစားချောင်နိုင်၏။ ရှဲ့ရုန် ချက်ချင်းပင် သူ့ယခင်က အတတ်ပညာရှင်ပုံစံအတိုင်း ပြောင်းနေလိုက်သည်။ 


သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေသည်ကပင် လူအများ၏ အာရုံကို ဆွဲဆောင်ပြီးသားဖြစ်သွား၏။ အချို့လူများက မယုံကြည်ကြသလို ၊ အချို့က အေးတိအေးစက်သာ စောင့်ကြည့်နေ၏။ ရှဲ့ရုန်ကဲ့သို့ အပြင်လူက အရေးအခင်းနယ်မြေရှိလူကို သူနှင့်ပူးပေါင်းပေးရန်အတွက် တောင်းဆိုရန် အရည်အချင်းမရှိသည်ကို သူတို့သိကြသည်။ 


ဤအချိန်တွင် ရှဲ့ရုန်နှင့်အတူ ကြယ်စင်အာကာသယာဥ် ပေါ်မှ ဆင်းလာသည့် ရွှေရောင်ဆံပင်၊ မျက်လုံးအပြာနှင့်လူက သူတို့ဘက်ကို ပြန်လှည့်လာ၏။ သူက ပြောလိုက်သည်။

" သူ့ကို ငါနဲ့ခေါ်သွားမယ်..." 


ထိုလူ ပြောလိုက်သည်နှင့် ကြယ်စင်အာကာသယာဥ် ထွက်ပေါက်ရှိ စောင့်ကြပ်နေသော မည်သူကမှ ရှဲ့ရုန်ကို ပိတ်မထားတော့ဘဲ လွှတ်ပေးလိုက်သည်။ အချို့ အမြဲသွားလာနေကြသူများက ထိုလူကို မှတ်မိသွားသောအခါ အံ့အားသင့်သွားကြသော်လည်း ကြောက်လွန်း၍ မည်သည့်စကားမျှ မဆိုနိုင်ကြချေ။


ရှဲ့ရုန်ကမူ အခြေအနေကို နည်းနည်းမျှသတိမထားမိသည့်အလား စိတ်အေးလက်အေး လိုက်ပါသွား၏။


ထိုလူက အတော်အတန်အာဏာရှိသည်ဆိုကြောင်းကို ရှဲ့ရုန်သိသောကြောင့် အစကတည်းက ထိုလူကြားအောင် သူတမင်ပြောခဲ့ခြင်း ဖြစ်သည်။ ထင်ထားသည့်အတိုင်း တစ်ဖက်က ငါးစာကိုလာဟပ်ချေပြီ။ 


ရှဲ့ရုန်မှာ သူ၏နည်းလမ်းအတိုင်း ပြဿနာရှာရင်း အောက်ခြေမှ ဖြည်းဖြည်းချင်းစရန် စိတ်မရှည်တော့ပေ။


ငါက ရန်သူတွေရဲ့ အသိုင်းအဝိုင်းထဲကို မြန်မြန်ဆန်ဆန် ကျူးကျော်နေနိုင်ပြီပဲ...ဘာလို့ ခက်ခက်ခဲခဲတွေကြိုးစားနေရအုန်းမှာလဲ...


Dဂြိုဟ်က ဝေးလံခေါင်သီသော နေရာဖြစ်ပြီး မြင်တွေ့နေရသမျှက မည်းမှောင်သော အရောင်များချည်းသာ။ အဆောက်အအုံများပင်လျှင် ညစ်နွမ်းနေပြီး မြို့တော်ဂြိုဟ်ကဲ့သို့ ကြွယ်ဝမှုသာမက သက်ဝင်လှုပ်ရှားမှုလည်း မရှိချေ။ အဆောက်အအုံများကလည်း မမြင့်မားသလို ဖွံ့ဖြိုးမှုမရှိသည့် နယ်မြေများကို မဆိုထားနှင့် မြို့ထဲဧရိယာကပင်လျှင် ဆင်းရဲသားများနေထိုင်သည့်ရပ်ကွက်အလားပင်။


ရှဲ့ရုန် သူ့စိတ်ထဲ၌ တစ်ဖန်ထပ်ပြီး သက်ပြင်းချလိုက်မိသည်။ သူက မြို့တော်ဂြိုဟ်ကဲ့သို့ အဆင့်အတန်းရှိရှိ သွားလာစားသောက်ပျော်ပါး၍ရသည့် စည်ကားသော မြို့ကြီးပြကြီးများကို နှစ်ခြိုက်တတ်သူဖြစ်သည်။ B111ဂြိုဟ်ကပင်လျှင် အင်တာနက်သုံး၍ရပြီး သယ်ယူပို့ဆောင်ပေးသောစနစ်ရှိသည့်အတွက် ပိုနေပျော်သေးသည်။ 


' ဆရာက ရက်စက်လိုက်တာ...'


သူတို့ ထောင့်ချိုးနေရာသို့ရောက်လာသောအခါ ရွှေရောင်ဆံပင်၊ မျက်လုံးအပြာနှင့်လူ၏ အမူအရာက ပြောင်းလဲသွားပြီး လျှပ်စီးလိုအလျင်လှုပ်ရှားမှုဖြင့် ရှဲ့ရုန်၏ လည်မျိုကို ချွန်ထက်သောဓားမြှောင်ဖြင့် ထောက်ထားလိုက်သည်။ ၎င်းက ရှဲ့ရုန်၏လည်ပင်းကို ထိုးဖောက်သွားတော့မည့်အလားပင်။


" မင်းက အင်တာနက်ပေါ်က တိုက်ရိုက်ထုတ်လွှင့်သူ ရှဲ့ရုန်မလား... Dဂြိုဟ်ကို တခြားတစ်ယောက်ပုံစံဟန်ဆောင်ပြီး ဘယ်လိုလုပ် ရောက်လာတာလဲ...ငါ့ကို မင်းရဲ့ ရည်ရွယ်ချက်ပြောပြစမ်း...မဟုတ်ရင် မင်းပါးစပ်နဲ့ ငါ့ဓားမြှောင် ဘယ်ဟာက ပိုမြန်လဲဆိုတာ သိသွားစေရမယ်..."


ရှဲ့ရုန် ဤတစ်ကြိမ်တွင်အနည်းငယ် ကြောက်မိသွား၏။သူက မဆိုသလောက်လေးနာမည်ကြီးသော တိုက်ရိုက်ထုတ်လွှင့်သူဖြစ်သော်လည်း အားလုံးက သူ့ကို သတိပြုမိကြလိမ့်မည်ဟု သူ မထင်ထားမိပေ။ အထူးသဖြင့် သူပုန်စစ်တပ်၏ ရာထူးမြင့်အဖွဲ့ဝင်က သူ့ကို သတိပြုမိလာသော အခါ၌ဖြစ်၏။

 

' သူပုန်တွေက အဲ့လောက်တောင် တိုးတက်နေပြီလား...'



💫💫💫