💫 Chapter 51
ဒူကန်းအပါအဝင် ထိုက်ယီတစ်ဂိုဏ်းလုံး ဟိုတယ်ဧည့်ကြိုခန်းသို့ ရောက်ချလာ၏။ ချန်ကျီက အန္တရာယ်ရှိသည့်အရာ ဘာတစ်ခုမှ မလုပ်ခဲ့သလို အခန်းထဲတွင်လည်း လုံခြုံရေးဖောက်ဖျက်ထားခြင်းမရှိကြောင်း အကောင်းဆုံးကြိုးစားပြီး ရှင်းပြနေသော်လည်း ဟိုတယ်ဘက်မှ သူတို့၏ ဇာတ်လမ်းများကို ယုံကြည်မှုမရှိဘဲ နေရာအနှံ့စစ်ဆေးတော့သည်။
မည်သည့်မီးအစအနကို မတွေ့ရမှသာ ဟိုတယ်ဘက်မှ အသက်ရှူချောင်သွား၏။ မြို့တော်ဂြိုဟ်က စီမံကွပ်ကဲရာ၌ ရှူထောင့်ပေါင်းစုံမှတင်းကြပ်ထားပြီး ပထမတန်းစားမြို့ကြီး၌ ဟိုတယ်ဖွင့်ရန်ဆိုသည်ကလည်း လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။
အကြီးဆုံးပြဿနာကို ဖြေရှင်းလိုက်ပြီးနောက် ချန်ကျီ၏ ရှုပ်ပွနေသောအခန်းကို ကြည့်ရင်း ဟိုတယ်ဘက်မှ လူကြီးများ အာစေးမိသွား၏။
' ဒါက တကယ်ပဲ ငါတို့ရဲ့ ဟိုတယ်ရော ဟုတ်ရဲ့လား...'
သူတို့၏ တိတ်ဆိတ်သွားမှုကြောင့် ချန်ကျီလည်း နေမထိထိုင်မသာ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ သူလည်း ဤသို့မဖြစ်စေချင်သော်ငြား ဟိုတယ်ဘက်က အလွန်သတိဝီရိယထားပြီး မီးဘေးပြဿနာ အမြန်ဖြေရှင်းလိုသည့်အတွက် ရှုပ်ပွနေသည်များကို သိမ်းဆည်းရန် အချိန်မရလိုက်ပေ။
ချန်ကျီက ဖြည်းဖြည်းချင်း ရှင်းပြလာ၏။
" ကျွန်တော်တို့ အခန်းပြန်အပ်တဲ့အခါ သေချာရှင်းလင်းပေးသွားမှာပါ...ဒါမှမဟုတ် ကျွန်တော်တို့ ဘယ်လောက်လျော်ကြေးပေးဆောင်ရင် အဆင်ပြေမလဲ ခင်ဗျားတို့ပြောပါ..."
" မစ္စတာ...ဒါက လျော်ကြေးပေးရမလား ၊ မပေးရဘူးလားဆိုတဲ့ မေးခွန်းမဟုတ်ပါဘူး...ခင်ဗျားမှာ ဒီလို လုံခြုံရေးပြဿနာတွေက အများကြီးရှိနေတယ်...ပြီးတော့ ဒါမျိုး အမူအကျင့်က လုံးဝကို မလိုလားအပ်တဲ့ ..."
ချန်ကျီ၏ လုပ်ဆောင်မှုများက အလွန်ကို သံသယဝင်စရာကောင်းသည်ဟု သူတို့မြင်မိသည်။
' သူလုပ်နေတာတွေက တရားမဝင်စီးပွားရေးတစ်ခုခုများလား...ဒီမှာရှိနေတဲ့လူအများစုက ကျောင်းသားမိဘအုပ်စုတွေပဲ ဆိုပေမဲ့ မကြာသေးခင်ကမှ မြို့တော်မှာ တစ်ခုခုဖြစ်ထားတာဆိုတော့ သူတို့ကို သတိထားစောင့်ကြည့်ရမယ်...'
ထို့ကြောင့် ဟိုတယ်ဘက်မှ ချန်ကျီနှင့် အခြားသူများကို လုံခြုံရေးသတိပေးနေစဥ် တစ်ဖက်မှလည်း မြို့တော်ဂြိုဟ်မှ အစောင့်များကို ဆက်သွယ်လိုက်၏။
လုံခြုံရေးအဖွဲ့မှ နံပါတ်(၁) အဆောက်အအုံတွင် သံသယရှိသူများ ရောက်နေသည်ဟု သတင်းရသောအခါ တုံ့ဆိုင်းမနေဘဲ ချက်ချင်းရောက်ချလာ၏။ ဤနယ်မြေအတွင်း တစ်ခုခုသာဖြစ်သွားပါက တစ်ခါတည်း ပွဲချင်းပြီးသွားလိမ့်မည်။
ထို့နောက် ချန်ကျီနှင့် အခြားလူများမှာ လက်ဖက်ရည်သောက်ရန် ထပ်မံအဖိတ်ခေါ်ခံရပြန်သည်။ ချန်ကျီ ၊ ရွှီယီ နှင့် အခြားသူများက ပထမဆုံးအကြိမ်အဖြစ် လက်ဖက်ရည်သောက်ရန် အဖိတ်ခံရခြင်းဖြစ်သော်လည်း စုန့်နင်ဖုန်းအတွက်က ဒုတိယအကြိမ်ဖြစ်သောကြောင့် ချန်ကျီကို ကျေးဇူးတင်ရဦးပေမည်။
အဆုံးတွင် ဒူကန်းက သူ့အထောက်အထားကတ်ကို ထုတ်ပြရင်း ၎င်းက သုတေသနအတွက်လုပ်ခြင်းသာဖြစ်ကြောင်း အသားပေးပြောလိုက်ရင်း ဂျိမ်းစ်ကိုပါ အကူအညီတောင်းလိုက်ရသည်။ အစောင့်များက သူတို့၏အထောက်အထားကို တစ်ခါပြန်စစ်ဆေးပြီးနောက် ကျောင်းသားမိဘအုပ်စုများသာဖြစ်ကြောင်း အတည်ပြုပေးကာ ပြန်ထွက်ခွာသွား၏။
ဒူကန်းမှာ ဂျိမ်းစ်ထံမှ ဆွံအသွားသော အမူအရာကို မြင်လိုက်ရပြီး သူလည်း ဘာပြောရမည်ကို တစ်ခဏလောက် မစဥ်းစားတတ်တော့ချေ။ သူ၏ မျက်နှာသာပေးမှုကို ဒူကန်းက ယခုလိုနေရာမျိုး၌ သုံးလိမ့်မည်ဟု သူ မထင်ထားခဲ့။
စုန့်နင်ဖုန်းက ဟိုတယ်ဘက်ကို လျော်ကြေးငွေအဖြစ် ပမာဏများများပေးလိုက်သေးသည်။ ဟိုတယ်ဘက်ကလည်း သူတို့၏ အထောက်အထားများက မရိုးရှင်းကြောင်း သဘောပေါက်သွားပြီး ပိုက်ဆံကို လက်မခံဝံ့ပေ။ သို့သော် လုံခြုံရေးအသိပေးရန်က မဖြစ်မနေလိုအပ်သည်။ မဟုတ်ပါက သူတို့လို ဟိုတယ်အသေးစားလေးမှာ ဆက်ပြီးကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။
စုန့်နင်ဖုန်းမှာ သူတို့ပြောလိုက်သည့်စကားကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူတို့ထိုငွေများအား ငြင်းမည်ကိုလည်း မဖြစ်စေလိုပေ ။
" ကျွန်တော် တကယ်စိတ်မကောင်းပါဘူး...ဒါက ကျွန်တော်တို့ စိတ်ရင်းကိုပြတဲ့ ငွေပါ...ကျွန်တော် ပြန်သွားတဲ့အခါကျရင်လည်း သူတို့ကို သေချာဆုံးမမှာပါ...နောက်နောင် ဒါမျိုးထပ်မဖြစ်စေရပါဘူး..."
စုန့်နင်ဖုန်းက စိတ်ရင်းအမှန်ဖြင့် တည်ငြိမ်ပြီး ယုံကြည်အားထားရပုံပေါက်သည်။ သူတို့ထဲတွင် ချန်ကျီ၏ အခန်းက အထူးဆန်းဆုံးဖြစ်နေသောကြောင့် စုန့်နင်ဖုန်းကိုယုံကြည်၍ရလောက်မည်ဟု ဟိုတယ်က ထင်သွား၏။ နှစ်ဘက်လုံးနှင့် ညှိနှိုင်းပြီးနောက် ဟိုတယ်ဘက်ကလည်း စိတ်ရင်းဖြင့် ငွေကို လက်ခံထားလိုက်ပြီး သူတို့ကို အခန်းသို့ ပြန်နားခွင့်ပြုလိုက်သည်။
ချန်ကျီက ရှင်းပြရန် ကြိုးစားသေးသည်။
" အမှန်ကတော့ ကျွန်တော်လည်း ဒီလောက်အထိ ပရမ်းပတာတွေဖြစ်စေချင်ပါဘူး..."
စုန့်နင်ဖုန်းလည်း ဘာမှမပြောဘဲ သူ့ပခုံးကိုသာ ပုတ်ပေးလိုက်သည်။
ချန်ကျီလည်း ဒူကန်းကို ဟိုတယ်၌ ဆေးပြုလုပ်ပုံအား သရုပ်ဖော်လက်တွေ့မပြနိုင်တော့ပေ။ ထို့ကြောင် ဒူကန်း၏ ဖိတ်ခေါ်မှုဖြင့် သူ့ဓာတ်ခွဲခန်းရှိရာသို့ သွားလိုက်သည်။
ဆာ့ဆာ့နှင့် လီချန်ယွီတို့ နှစ်ဦးစလုံးက အတန်းထဲတွင် ရှိနေသောကြောင့် ထိုကိစ္စကို မသိလိုက်ပေ။ သို့သော် ဟိုတယ်တွင် ထိုကဲ့သို့ မတော်တဆမှုမျိုးက ဖြစ်ခဲပြီး ကျောင်းသားများကလည်း ပျင်းနေသောကြောင့် ထိုကိစ္စကို ကျောင်းဖိုရမ်၌ ချဲ့ကားပြီး ပို့စ်တင်လိုက်ကြသည်။
[ ရှော့ခ်အကြီးကြီးဟေ့... ကျောင်းအပြင်ဘက် ဟိုတယ်ကို လုံခြုံရေးအစောင့်တွေနဲ့ ဝိုင်းခံလိုက်ရတယ်...အဲ့ဒီလိုဖြစ်အောင် လုပ်တဲ့သူက ကျောင်းသားမိဘတွေပဲ...]
ချန်ကျီမှာ ပို၍ ကြည့်ကောင်းနေသောကြောင့် ကျောင်းသားများက သူ၏ အူကြောင်ကြောင်နှင့် ရိုးသားပုံပေါက်သည့်ပုံကိုပါ တင်လိုက်ရာ အားလုံး၏ အာရုံကို ဆွဲဆောင်သွား၏။
လီချန်ယွီက ချန်ကျီနှင့် တွေ့ဆုံပြီးသားဖြစ်သောကြောင့် ဒုတိယစီနီယာဦးလေးဖြစ်ကြောင်း တစ်ခါတည်း မှတ်မိသွားသည်။ ထို့အပြင် တဖြည်းဖြည်းဖောင်းပွလာသော ဖိုရမ်၌ ပို့စ်များကိုကြည့်ရင်း သူထူးဆန်းစွာ တိတ်ဆိတ်သွား၏။
ယခုအချိန်ထိတိုင်အောင် ဂိုဏ်း၏ စီနီယာအကြီးအကဲများကို သူ နားမလည်နိုင်သေးပေ။ ဒုတိယစီနီယာဦးလေးက တတိယစီနီယာဦးလေးရှဲ့ရုန်လို ပေါ့ပြက်ပြက်မဟုတ်ဘဲ အပြင်ဘက်ကလူများနှင့် အရောတဝင်မနေတတ်ရုံသာဖြစ်သည်ဟု သူထင်မိသည်။ ထိုကဲ့သို့ သူမျိုးက ယခုလိုနည်းလမ်းမျိုးဖြင့် ဖိုရမ်၏ ခေါင်းကြီးပိုင်းသတင်း၌ ပါလာလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားမိပေ။
ဖိုရမ်ထဲ၌ တွေ့နေရသည်များက အများအားဖြင့် လှောင်ပြောင်ရယ်မောနေကြသူများသာဖြစ်ပြီး ကျန်သူများက ချန်ကျီကို ဆက်သွယ်၍ရမည့်အချက်အလက်များကို မေးနေကြသည်။
[ငါနင်တို့အကုန်လုံးကို သုံးမိနစ်ပေးမယ်နော်...ဒီရုပ်ချောတဲ့ကောင်လေးရဲ့ အချက်အလက်တွေ ငါအကုန်သိချင်တယ်လို့...]
၎င်းကိုမူ မည်သူမှ မတတ်နိုင်ကြပေ။ ကြယ်တာရာခေတ်၌ ရုပ်ရည်ချောမောသည့် အမျိုးသား ၊ အမျိုးသမီးရှားပါးနေခြင်းမဟုတ်သော်လည်း ထိုက်ယီဂိုဏ်းရှိ လူများ၏ ရုပ်ရည်က ထင်းထွက်နေ၏။ သူတို့၏ ထူးချွန်သော လုပ်ဆောင်နိုင်စွမ်းများနှင့် ယှဥ်တွဲလိုက်ပါက သတိမထားမိရန်ပင် အလွန်ခက်၏။ ယခင်ကတည်းကပင် ချန်ကျီကလည်း ရှဲ့ရုန်ကဲ့သို့ နာမည်ကြီးသောကြောင့် အကြိမ်ရေအနည်းငယ်ခနိ့ ချစ်ရေးဆိုခံရသည်။ ယခုလို နံပါတ်တစ် သတင်းအဖြစ်ပေါက်သွားပြီးနောက်ပိုင်း၌ သူ့ကိုသတိထားမိသည့် လူအရေအတွက်က ပိုတိုးလာ၏။
အချို့သူများကဆိုလျှင် သူ့ပုံကို အီမိုဂျီစတစ်ကာများ အဖြစ်ပင် ပြုလုပ်ထားကြသည်။ " ဆင်းရဲ ၊ အားနည်းပြီး ၊ ကူကယ်ရာမဲ့ " စသဖြင့် စကားပြောရာ၌ မဖြစ်မနေအလိုအပ်ဆုံး စတစ်ကာများပင်။
လီချန်ယွီလည်း မနေနိုင်မထိုင်နိုင်ဖြင့် စတစ်ကာကို ဆာ့ဆာ့ဆီသို့ ပို့ပေးလိုက်သည် ။
ဆာ့ဆာ့ "...."
' တတိယစီနီယာအစ်ကိုပြီးတော့ ဒုတိယစီနီယာအစ်ကိုကပါ ဒီလိုလုပ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...'
သူမက ပထမဘက်စုံအကယ်ဒမီကျောင်းတွင် သူမ၏ အရည်အချင်းဖြင့် နာမည်တစ်ခုရအောင် မလုပ်နိုင်သေးသော်လည်း ယခုတွင် သူမအစ်ကိုများ၏ ကျေးဇူးဖြင့် ဆာ့ဆာ့လည်း နာမည်ကြီးသွားပြီဖြစ်သည် ။
ဤအတောအတွင်း ဂိုဏ်းရှိလူများကို သူမ မသိချင်ယောင်ဆောင်နေသည်က အကောင်းဆုံးပဲဟု တွေးမိသည်။ မဟုတ်ပါက ဒုတိယစီနီယာအစ်ကို၏ အဆက်အသွယ်ကို ရရန်ချောင်းနေသောသူများက သူမဆီကိုပါရောက်လာပြီး ဂျူနီယာညီမလေးများအဖွဲ့ ထပ်ဖွဲ့လာမည်စိုးရသည်။
ဆာ့ဆာ့က အမူအရာမပြောင်းဘဲ ပြောလိုက်သည်။
" ဟားဟား...ဒီလူက တကယ်ရယ်ရတာပဲ...သတင်းခေါင်းစဥ်ကလည်း အမိုက်စားပဲ..."
ဟိုတယ်မှာ ပြဿနာရှာတဲ့ ကျောင်းသားမိဘတွေက ငါ့လို လိမ္မာတဲ့ကျောင်းသားနဲ့ ဘယ်လိုလုပ် ဆက်စပ်မှုရှိမှာလဲ...
လီချန်ယွီ မနေသာဘဲ မျက်စောင်းထိုးလိုက်မိသည်။
' ဒီပလက်စတစ်လို မောင်နှမဆက်ဆံရေးက တကယ်ကို စစ်မှန်တာပဲ...'
*****
တစ်ဖက်တွင်မူ ငိုမဲ့မဲ့ဖြစ်နေသည့်ရှဲ့ရုန်က ထိန်းချုပ်ရေးနည်းလမ်းများ၏ ညွှန်ကြားချက်အတိုင်း ကြယ်တာရာစနစ် ' C ' သို့ သွားရန် လက်မှတ်ဖြတ်လိုက်သည်။ ' C ' စနစ်သို့ရောက်သောအခါ လှုပ်ရှားမှုများက မရပ်သွားဘဲ မှောင်ခိုစျေးကွက်မှ Dဂြိုဟ်ပေါ်သို့ သွားရန် လက်မှတ်ဖြတ်သည့်နေရာသို့ တွန်းပို့ခံလိုက်ရသည်။
D ဂြိုဟ်က အရေးအခင်းနယ်မြေတစ်ခုဖြစ်ပြီး ဖက်ဒရေးရှင်း၏ ထိန်းချုပ်မှုအောက်၌ မရှိပေ။ ၎င်းက အာကာသဓားပြများနှင့် သူပုန်များ၏ ပုန်းခိုရာနယ်မြေပင်။
ပုံမှန်အားဖြင့် အစိုးရတရားဝင် ကြယ်စင်အာကာသယာဥ် များက Dစနစ်သို့ လုံးဝ အသွားအလာမပြုကြပေ။ ဖက်ဒရေးရှင်း၏ ကြယ်စင်အာကာသယာဥ်က အကျဥ်းသားများကို ပြည်နှင်ဒဏ်ပေးမှသာ ပို့လွှတ်သည်။
၎င်းက D ကြယ်စင်စုနှင့် အခြားသောဂြိုဟ်များအကြား ကူးလူးဆက်ဆံမှုလုံးဝမရှိဘူးဟု မဆိုလိုပေ။ ပုံမှန်အားဖြင့် လူများက အရေးအခင်းဖြစ်နေသော နယ်မြေများသို့ အလည်အပတ်သွားရသည်ကို မကြိုက်သော်လည်း ထိုနေရာ၌ နေရန်လိုအပ်သည်မျိုးလည်း ရှိကြသည်။ ထိုနေရာ၌ ကုန်ပစ္စည်းအတင်အပို့များ ရှိနေပြီး စီးပွားရေးအခွင့်အလမ်းလည်း ကောင်း၏။ အချို့သော လုပ်ရဲကိုင်ရဲသည့် စျေးကွက်စောင့်ကြည့်ရေးသမားများက ကုန်ပစ္စည်းအမျိုးအစားအစုံအလင်ကို တင်ပို့ကာ ငွေများများရနေကြသူများလည်း ရှိပြီး သူတို့ထဲမှ တချို့တလေက အသက်ပေးလိုက်ရခြင်းမျိုးလည်း ရှိသည်။
အရေးအခင်းနယ်မြေက အမှန်တကယ်တွင် သူတို့၏ ကိုယ်ပိုင်စက်မှုကွန်ရက်ရှိသည်။ သူတို့က မည်သည့်အထက်တန်းလွှာကိုမှ ပစ္စည်းများ ဆက်သမည်မဟုတ်သလို အရေးအခင်းနယ်မြေ၏ အနိမ့်ဆုံးအောက်ခြေလူတန်းစားကိုပါ ခေါင်းပုံဖြတ်လိမ့်မည်ဖြစ်သည်။ ထို့နောက် သူတို့က ကုန်ပစ္စည်းများကို ဖက်ဒရေးရှင်းသို့ မှောင်ခိုစျေးကွက်မှ တစ်ဆင့်တင်သွင်းပြီး အကျိုးအမြတ်များကို ရိတ်သိမ်းကြသည်။ မှောင်ခိုစျေးကွက်က မိသားစုကြီးများနှင့် မျိုးစုံသောအဆက်အသွယ်ရှိထားသည်မှလွဲ၍ အရေးအခင်းနယ်မြေနှင့်လည်း ရှုပ်ထွေးစွာ ချိတ်ဆက်မှုရှိသည်ဟု ဆိုရမည်။ ကိစ္စရပ်များက တရားလွန်မဖြစ်လာသေးသရွေ့ ဖက်ဒရေးရှင်းဘက်မှလည်း တတ်နိုင်သည့်အရာ ဘာမျှမရှိချေ။
အင်တာနက်စွဲလမ်းသူရှဲ့ရုန်ကမူ ဤစနစ်တစ်ခုချင်းစီ၏ အခြေအနေများကို ကောင်းစွာသတိပြုမိထားသည်။ သူ့ဆရာက သူ့အား Dစနစ်သို့ သွားစေချင်သည်ဆိုသည်ကို သိလိုက်ရသောအခါ ရှဲ့ရုန် ကြက်သေသေသွားမိသည်။ ထိုသို့ကိစ္စမျိုးကို သူ၏ ချစ်လှစွာသော ဆရာတစ်ယောက်တည်းကသာလျှင် စေခိုင်းနိုင်လိမ့်မည်။
ရှဲ့ရုန်က သူ့ဓားဖြင့် တစ်ခါတည်း ပျံသွားနိုင်သော်လည်း သူက ရူးနေခြင်းမဟုတ်ပေ။ ထိုကဲ့သို့ မငြိမ်မသက်ဖြစ်နေသော နေရာတွင် နာမည်ကြီးသွားပါက ကိုယ့်သေလမ်းကိုယ်ရှာနေသည်နှင့် အတူတူပင်ဖြစ်လိမ့်မည်။
သူသာ ဆရာ့လို ကျင့်ကြံရေးအဆင့်ရှိပြီး မည်သည့်အခြေအနေတွင်မဆို မြေလျှိုးမိုးပျံနိုင်စွမ်းရှိလျှင် သူ၏အကျင့်စရိုက်အရ တစ်ချိန်လုံးမောက်မာနေမိမည်မှာအမှန်ပင်။ ကံမကောင်းစွာဖြင့် သူက ဆရာရွှီယီမဟုတ်ပေ ။ အလွန်နာမည်ကြီးခြင်းကြောင့် အင်အားကြီး လူဆိုးဂိုဏ်းများထံ၌ သတ်ဖြတ်ခံရနိုင်သည်။ ထို့ကြောင့် ရှဲ့ရုန်က တာဝန်အတိုင်း မှောင်ခိုစျေးကွက်မှတစ်ဆင့် D1သို့သွားမည့် ကြယ်စင်အာကာသယာဥ်လက်မှတ်ကို ဝယ်လိုက်သည်။
မှောင်ခိုစျေးကွက်ရှိလူများက ပိုက်ဆံလက်ခံရာ၌ အလွန်လက်သွက်သော်လည်း ငွေလက်ခံပြီးသောအခါ လူကောင်ထွားထွား လက်မောင်ကြီးကြီး တက်တူးနှင့် ရက်စက်ကြမ်းတမ်းမည့်ပုံရသော အစ်ကိုကြီးတစ်ယောက်က ရှဲ့ရုန်ကို အပေါ်အောက်စုန်ဆန်ချီကြည့်လာ၏။ ထိုသူက ရှဲ့ရုန်၏ မျက်နှာတည့်တည့်ကို ဆေးလိပ်မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ရင်း ပြောလာ၏။
" မင်းက Dဂြိုဟ်ကို ဘာသွားလုပ်မှာလဲ..."
ရှဲ့ရုန်၏ ဆံပင်စတိုင်က အလွန်ထူးခြားသော်လည်း သူ့မျက်နှာက အမှန်တကယ်ကို ကြည့်ကောင်း၏။ သူ့ပုံစံက အလိုလိုက်ခံထားရသော သခင်ငယ်လေးတစ်ယောက်၏ အသွင်မျိုးပေါက်နေပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားသောကြောင့် တစ်ဖက်လူက သူ့ကို သခင်ငယ်လေးဟုသာ ထင်နေသည် ။
' ဒီလိုကောင်မျိုးက ဘယ်လိုလုပ် D1ကို သွားရတာလဲ...'
မှောင်ခိုစျေးကွက် တည်ရှိလာသည်က အချိန်ကာလတစ်ခုထိရှိနေပြီဖြစ်သည်။ ၎င်းက နောက်ခံအင်အားတစ်ခုတည်းကြောင့် မဟုတ်ဘဲ သူတို့က သတိကြီးစွာထားတတ်ပြီး သူတို့လမ်းကြောင်းကို ပေါ့တိပေါ့ဆမလုပ်တတ်သောကြောင့်ပင်။
ထိုလူ၏ မျက်နှာကို သေချာတွေ့လိုက်ရပြီးနောက် ရှဲ့ရုန်က ရွံရှာသလို နောက်သို့အနည်းငယ်ဆုတ်သွား၏။ သူက လက်ကိုဝှေ့ယမ်းကာ သူ့ဆီကို ဆေးလိပ်မီးခိုးများမှုတ်ထုတ်လိုက်သည့် ထိုလူ၏ အပြုအမူကို မနှစ်မြို့ကြောင်းပြလိုက်သည်။ သူက ခပ်တင်းတင်းပင် ပြောလိုက်သည် ။
" ငါက ပိုက်ဆံပေးထားပြီးသား...ငါအဲ့ဒီကို ဘာသွားလုပ်မလဲဆိုတာ မင်းက ဘာသောက်ဂရုစိုက်နေတာလဲ...မင်းတို့ရဲ့ စည်းမျဥ်းတွေကို ငါမသိဘူးမထင်နဲ့...မင်းသာ စည်းဖောက်ရင် ဒီနေရာကိုတောင် မင်းတို့ဆက်ဖွင့်လို့ရတော့မှာ မဟုတ်ဘူး..."
" အဲ့လိုလား...ဒါပေမဲ့ မင်းလိုလူမျိုးတွေက သိပ်ပြီးလာလေ့လာထမရှိဘူးလေ...မင်းက ဘာအကြောင်းနဲ့သွားမှာလည်းဆိုတာကို မပြောဘူးဆိုရင် မင်းကို ဖက်ဒရေးရှင်းဘက်က သူလျှိုလုပ်ဖို့ လွှတ်လိုက်တာလို့ ငါတို့လည်း သံသယဝင်နိုင်တယ်...အဲဒီအခါကျရင် ငါတို့အလုပ်ကို ကာကွယ်ဖို့အတွက် မင်းအပေါ် မသက်ညှာပေးတဲ့အခါ မင်းငါတို့ကို အပြစ်တင်လို့မရတော့ဘူးနော်..."
လူကောင်ထွားထွား တက်တူးနှင့်အစ်ကိုကြီးက မျက်စိတစ်ဖက်မှိတ်ပြလိုက်သောအခါ အားကောင်းမောင်းသန်ယောက်ျားများက ရှဲ့ရုန်ကို ဝိုင်းထားလိုက်ပြီး မသိမသာဖြင့် သူတို့ခါးရှိ ပစ္စတိုကို ထုတ်ပြထား၏။
ရှဲ့ရုန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ့အရှေ့ရှိ ထိုစစ်သားဟောင်းဖိုက်တာများကို တွေ့လိုက်ရသောအခါ သူ့ကိုယ်သူ အားနည်းသည့်သခင်ငယ်လေးအလား ဟန်ဆောင်လိုက်ရသည်။
သူ အံကိုကြိတ်ထားလျက် ဆိုလိုက်သည် ။
" ဘာကိစ္စဖြစ်မှာလဲ...ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ငါ့အဖေရဲ့ တရားမဝင်သားက ခိုးယူသွားတယ်...ပြီးတော့ သူတို့က အခုငါ့ကို ပူးပေါင်းတိုက်ခိုက်ဖို့လုပ်နေကြပြီ...ငါအရင်တုန်းက ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံခဲ့ရဖူးဘူး...အခုတော့ မင်းတို့လိုကောင်တွေကတောင် ငါ့ကို အထင်သေးနေပြီပေါ့...ဒီမှာ နားထောင်စမ်း...ငါက Dဂြိုဟ်မှာ ရပေါက်ရလမ်းသွားရှာမှာကွ...ပြီးတော့ ငါ့ပြန်လာတဲ့အခါကျရင် အဲ့ဒီဆန်ကုန်မြေလေးတွေကို ချေမှုန်းပြမယ်..."
သူပြောလိုက်သည့် ရှုပ်ထွေးသောအကြောင်းအရာများကြောင့် ထိုအရေးအခင်းနယ်မြေကိုသွားရသည့် ရှဲ့ရုန်၏ အကြောင်းပြချက်ကို အားလုံးက ဖြစ်နိုင်ချေရှိသည်ဟု နားလည်သွားကြသည်။
အနှီအခြေအနေမှာ တရားမဝင်သားက သူ့နေရာကို လုယူသွားပြီး မိသားစုထံမှ နှင်ထုတ်ခံလိုက်ရသော ကျရှုံးခန်း ဒရာမာတစ်ခုပင်။ သူက ပြန်အနိုင်ယူရန်အတွက် Dဂြိုဟ်တွင် အခွင့်အရေးသွားရှာခြင်းပင်။
ထိုကဲ့သို့ သခင်ငယ်လေးမျိုးကို သူတို့မမြင်ဘူးခြင်းမဟုတ်သော်လည်း တရားမဝင်သားကိုပင် မရိုက်နှက်နိုင်သည့်ကောင်က Dဂြိုဟ်ကို ရောက်လျှင် ဝါးမြိုခံရရုံသာ ရှိလိမ့်မည်။
' ဘယ်လိုလူမျိုးမဆို Dဂြိုဟ်ပေါ်မှာ ရှင်သန်နိုင်မယ်ထင်နေတယ်ပေါ့...ဒီကောင်က တော်တော်ခေါင်းမာတဲ့ကောင်ပဲ...'
လူကောင်ထွားထွားအစ်ကိုကြီးက ရယ်ကာမောကာဖြင့် ရှဲ့ရုန်၏ ပုခုံးကို ပုတ်ပေးလိုက်သည် ။
" ကောင်လေး...မင်းကံကောင်းဖို့ပဲ ဆုတောင်းနေလိုက်တော့...ငါမင်းကို ငါနဲ့တစ်ခါတည်းခေါ်သွားပေးမယ်...ငါမင်းကို စောင့်ကြည့်နေမှာနော်...မင်းအနာဂတ်မှာ ချမ်းသာလာရင် ငါ့ကို ညစာဝယ်ကျွေးဖို့ မမေ့နဲ့..."
ရှဲ့ရုန်က အံ့အားသင့်သွားပြီး ကျေနပ်သွားသည့် အမူအရာကို ပြလိုက်သည် ။
" ကျေးဇူးပါပဲ အစ်ကိုကြီး...ခင်ဗျားမှာ အမြင်ကောင်းရှိတာပဲ...စိတ်မပူပါနဲ့...ကျွန်တော် ခင်ဗျားကျေးဇူးကို မမေ့ပါဘူး..."
သူ့စွမ်းဆောင်ရည်ကို ပြရန်ဆိုသည်ကလည်း မဖြစ်နိုင်သောကြောင့် ဤသို့ သရုပ်ဆောင်ပြရင်းသာ အသက်ဆက်ရတော့သည်။
အကြောင်းအချို့ကြောင့် အစ်ကိုကြီးမှာ ရှဲ့ရုန်ကို ပုတ်လိုက်သော လက်၌ သက်တောင့်သက်သာဖြစ်သွားသည့် အာရုံကိုရလိုက်သည်။ ထိုလူက ငယ်ရွယ်ပြီး အူကြောင်ကြောင်ပုံပေါက်သောရှဲ့ရုန်ကို သေချာစိုက်ကြည့်ရင်း သူသာ အတွေးလွန်ခြင်းဖြစ်မည်ဟု ထင်လိုက်သည်။
💫💫💫