Chapter 50
Viewers 3k

💫 Chapter 50



စုန့်နင်ဖုန်းပထမဆုံးတွေးမိသည်မှာ - 

' ရှဲ့ရုန် လူတွေကို ထပ်ပြီးအရူးလုပ်ခဲ့ပြန်ပြီလားမသိဘူး...' 


' ဒါပေမဲ့ အဲ့ဒါက မလုံလောက်သေးဘူး...ရှဲ့ရုန်ရဲ့ တစ်ကိုယ်လုံးမှာ ယုံကြည်လို့မရတဲ့အငွေ့အသက်တွေက ဒီလောက်အပြည့်ဖြစ်နေတာကို ပုံမှန်လူတစ်ယောက်က သူ့ကို ဘယ်လိုလုပ် ဒီလောက်ယုံကြည်နိုင်မှာလဲ...'


ဒူကန်းက ထိုလူထွက်လာသည်ကို မြင်မြင်ချင်း ဦးညွှတ်လိုက်သည်။ ထွက်လာသည့်လူက သူနှင့်လုံးဝမရင်းနှီးသည့် သူဖြစ်နေမည်ဟု မထင်ထားမိသောကြောင့် အနည်းငယ်ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။

" အာ...ကျွန်တော် လူမှားသွားတာများလား...ခင်ဗျားကရော ထိုက်ယီဂိုဏ်းကပဲလား...ကျွန်တော် အရင်တစ်ခေါက်က ခရီးသွားတုန်းကတော့ ကြယ်စင်အာကာသယာဥ်ပေါ်မှာ မစ္စတာရွှီရယ် မစ္စတာချန်ရယ်နဲ့ ဆုံခဲ့တယ်...ကျွန်တော်က အမြင်မရှိတော့ ထိုက်ယီဂိုဏ်းဆိုတာကို အဲ့တုန်းက သတိမထားမိခဲ့ဘူး... ဒါကြောင့် ကျွန်တော် အခုလုပ်နိုင်တာက သတ္တိမွေးပြီး ခင်ဗျားကို လာချဥ်းကပ်ရတာပါပဲ..." 


" ကျွန်တော်က ဆေးဝါးဆိုင်ရာသုတေသီပါ...ကျွန်တော့်မှာ ခင်ဗျားကို မေးစရာရှိ..." 

ဒူကန်းမှာ စိတ်လှုပ်ရှားနေ၏ ။ 


သူက သုတေသနနှင့်ပတ်သက်၍ သိချင်စိတ်ကြီးမားစွာဖြင့်သာ ရောက်လာခြင်းပင်။ သူ့တွင် အဖြေမရှာနိုင်သေးသည့် မေးခွန်းအချို့ရှိနေသေးလျှင် နားရွက်ကိုကုတ်ကာ ထမင်းမေ့ဟင်းမေ့ အဖြေရှာနေလိမ့်မည်။ သို့သော် ၎င်းက သူအမှန်တကယ် ရူးသွပ်နေသည်ဟု မဆိုလိုနိုင်ပေ။ 

' ဒီလို ကြီးမြတ်တဲ့လူမျိုးက ငါ့ရဲ့မေးခွန်းကို ဖြေပေးဖို့ စိတ်ရှုပ်ခံနေပါ့မလား...' 


ယခင်ကသာဆိုလျှင် ဒူကန်းက အလဲအလှယ်အနေနှင့် သူ 'တစ်ခုခုကို ပြန်ပေးနိုင်တာပဲ'ဟု တွေးမိလောက်သည် ။သို့သော် ထိုက်ယီဂိုဏ်း၏ အရှေ့တွင် သူက သူတို့အတွက်ဘာမှအသုံးမဝင်သလိုခံစားရသောကြောင့် သူ့စိတ်ရင်းကိုပိုပေါ်လွင်အောင် ပြုမူရန်သာရှိ၏။ 


စုန့်နင်ဖုန်းက ပြောလာသည် ။ 

" အိုး...ဒါဆိုရင်တော့ မင်းနေရာမှားရောက်လာတာမဟုတ်ဘူးပဲ..." 


သူက ချန်ကျီကို လှမ်းခေါ်လိုက်သည် ။ 

" အားကျီရေ...ဒီမှာ မင်းကို လူတစ်ယောက်လာရှာနေတယ်..." 


ချန်ကျီမှာ မြို့တော်ဂြိုဟ်ပေါ်မှ ပြန်ရောက်လာကတည်းက အိမ်တွင်းပုန်းစာကြမ်းပိုးလုပ်နေ၏။ ဆေးပြုလုပ်ရာ၌ စမ်းသပ်ရန်အတွက် သူ့တွင် မဖြေရှင်းရသေးသည့် ပြဿနာအချို့ရှိနေသေးသည်။ 


အပြင်ထွက်ပြီး လျှောက်သွားတာက အွန်လိုင်းပေါ်က ထိပ်ပြောင်ဆရာရဲ့ ပို့ချမှုတွေလောက်တောင် စိတ်ဝင်စားဖို့မကောင်းဘူးလေ...


ထိုအချိန်တွင် ချန်ကျီက သူ့အခန်းထဲ၌ စမ်းသပ်မှုများလုပ်နေရင်း အလုပ်ရှုပ်နေ၏။ ရုတ်တရက် အကြီးဆုံးစီနီယာအစ်ကိုက သူ့ကို အော်ခေါ်လာသောကြောင့် သူစဥ်းစားမရဘဲ ထွက်လာလိုက်သည်။ 


သူက မျက်နှာပေါ်တွင် 'လာမနှောင့်ယှက်နဲ့' ဟူသော စာသားကိုပင် ကပ်ထားရန် မစောင့်နိုင်လောက်အောင်ဖြစ်နေပြီး ဘေးနားရှိ ဒူကန်းကိုပါ လုံးလုံးလစ်လျူရှူထား၏ ။


ဒူကန်း : "...."


ချန်ကျီ၏မျက်လုံးများကို အတည်ပြုကြည့်လိုက်သည့်အခါ ၎င်းက သုတေသနလုပ်နေသောသူများ၏ အကြည့်ပင်။ ဤကဲ့သို့ ဘာကိုမှဂရုမစိုက်ဘဲ သုတေသနစတင်ရန်သာလုပ်နေသည့် ပုံစံမျိုးက သူနှင့် အလွန်ကျွမ်းဝင်နေ၏။ 


" တစ်ယောက်ယောက်က မင်းကို လာရှာနေတယ်...မင်းတို့ချင်း အေးဆေးပြောကြ...ငါအရင်သွားနှင့်မယ်..." 

စုန့်နင်ဖုန်းက နှုတ်ဆက်ထွက်ခွာသွား၏ ။ 


နောက်ဆုံးတွင် ချန်ကျီက ဒူကန်းကို အာရုံစိုက်လာသည်။ 

" အိုး...မင်းပဲကိုး..." 


ဒူကန်းက ချန်ကျီကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ 

" နတ်ဘုရားရယ်...ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း ဂိုဏ်းထဲခေါ်ပေးပါ..." 


ချန်ကျီ၏ ခေါင်းပေါ်၌ အမေးသင်္ကေတများပင် ပေါ်လာ၏။ 


ဒူကန်းမှာ စတင်ပြီး အမြှုပ်ထွက်မတတ်ပြောတော့သည်။ 

" အဲ့ဒီတုန်းက ကျွန်တော် အရမ်းအမြင်ကျဥ်းမိသွားတာပါ...ပြီးတော့ ကျွန်တော့်ရဲ့ သုတေသနက ဖက်ဒရေးရှင်းတစ်ခုလုံးရဲ့ အရှေ့ကိုတောင် ရောက်နေပြီလို့ တွေးခဲ့မိသေးတယ်...အခုတော့ ကျွန်တော် အရမ်းအမြင်ကျဥ်းခဲ့မိတယ်ဆိုတာ သဘောပေါက်သွားပြီ... ကျွန်တော့်ကို ဂိုဏ်းထဲဝင်နိုင်မယ့် အခွင့်အရေးလေးပဲ ပေးပါ...ခင်ဗျားပြောတာမှန်သမျှ ကျွန်တော်လုပ်ပေးနိုင်ပါတယ်... ဘာလစာမှလည်း ပေးစရာမလိုဘူး...ကျွန်တော် သေချာလုပ်နိုင်မယ်လို့လည်း ယုံကြည်မှုရှိပါတယ်..."


ချန်ကျီမှာ မသိလိုက်မသိဘာသာဖြင့် ငြင်းပယ်နေချင်မိသည်။


သူက လူများနှင့် အရောတဝင်လုပ်နေရသည်ကို မကြိုက်ပေ။ အထူးသဖြင့် အဂ္ဂိရတ်ပိုင်းတွင် ပိုဆိုး၏။ သာမန်လူများက သူ့အတွေးနှင့် လုပ်ဆောင်နိုင်စွမ်းများကို အမှီမလိုက်နိုင်ဘဲ အနှောင့်အယှက်သာဖြစ်စေသည်။ ထို့ကြောင့် သူ့ဘေးတွင် အဂ္ဂရိတ်အကူတစ်ယောက်ရှိယောက်ရှိနေခြင်းက သူ့အတွက် မသက်မသာဖြစ်စေ၏။ 


သို့သော် ဒူကန်းက သူ့ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးလိုပေ။ သူက အရောင်တောက်နေသောမျက်လုံးများဖြင့် ဆက်ပြောလာ၏။ 

" စိတ်ဝိညာဥ်ပင်လယ်ဆေးအတွက် ခင်ဗျားအဓိကထည့်သုံးထားတဲ့ ပါဝင်ပစ္စည်းကလည်း ပြင်ပအင်းဆက်ဦးနှောက်ပဲလား... ဒါပေမဲ့ ကျွန်တော်စမ်းသပ်တုန်းက အယ်လ်ဖာ-ဂမ်မာ ဒြပ်မှုန်နဲ့ ထိတွေ့ရင် အဲ့ဒါက သက်ရောက်မှုရှိနေတယ်...ဒီဟာကို ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ..."


အင်းဆက်ကလည်း ဂြိုဟ်သားရဲတစ်မျိုးပင် ဖြစ်ပြီး ရွံရှာဖွယ်ကောင်းသည့်ပုံပေါက်နေတာထ် အထိုက်အလျောက်သီးခြားအင်အားမျိုးရှိကာ ရှည်ရှည်သွယ်သွယ် ကျောရိုးမဲ့သတ္တဝါမျိုးပင်။ 


သို့သော် ကြယ်တာရာခေတ်ရှိ လူများက အင်းဆက်များကို သူတို့၏ ရွံရှာဖို့ကောင်းသောအပြင်ပန်းအသွင်အပြင်ကြောင့် စိတ်ရှုပ်ကာ ရန်ပြုတတ်ကြသည်။ အနှီအင်းဆက်များက ပုန်းကွယ်နေလျှင် ရှာတွေ့ရန် အလွန်ခဲယဥ်း၏။


သို့သော် ထိန်းချုပ်ရန် မလွယ်ကူသော အင်အားအကြီးဆုံး အင်းဆက်ဘုရင်မက သူတို့ကို ဦးဆောင်ကာ အုပ်စုဖွဲ့၍ ထွက်လာတတ်ကြသည်။ ' ကြယ်တာရာအင်းဆက်တစ်ကောင်ကို တွေ့လိုက်လျှင် ကိုယ့်အနီးအနား၌ အင်းဆက်ပေါင်းမြောက်များစွာ ရှိနေပြီ' ဟူ၍ပင် လူအများက ပြောကြသေးသည်။ 


ထိုဂြိုဟ်သားရဲအင်းဆက်များက အခြားသော ဂြိုဟ်သားရဲများလို အစားအသောက်နှင့် မက်ခါကုန်ကြမ်းအဖြစ်လည်း အသုံးမဝင်သောကြောင့် လူများကရွံရှာမုန်းတီးကြသည်။ 


သို့သော် ဒူကန်း၏ သုတေသနက တစ်ယူသန်၍ ရွံစရာကောင်းမကောင်းဆိုသည်များကို ဂရုမစိုက်တတ်ပေ။ သူက အင်းဆက်များ၏ ဝိသေသလက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့သည်။ အင်းဆက်များက စိတ်ပိုင်းဆိုင်ရာအရ အားနည်းတတ်ကြသော်လည်း အင်အားကြီးမားသော အင်းဆက်ဘုရင်မများအဖြစ် ဆင့်ကဲပြောင်းလဲနိုင်၏။ အင်းဆက်ဘုရင်မ၏ စိတ်ဝိညာဥ်စွမ်းအားက လုံးဝမနိမ့်ပေ။ မဟုတ်ပါက အခြားသော အကောင်ကြီး ဂြိုဟ်သားရဲများထံမှ သူတို့ ထိန်းချုပ်ခံရနိုင်၏။


တစ်ဖက်တွင်မူ လူသားများအတွက် လူတစ်ယောက်၏ စိတ်ဝိညာဥ်ပင်လယ်အဆင့်ကို တိုးမြှင့်ခြင်းက ခက်ခဲသောလုပ်ဆောင်မှုတစ်ခုဖြစ်သော်လည်း အင်းဆက်သားရဲများအတွက်မူ အိပ်နေသလောက်သာရှိသည်။ ထို့ကြောင့်ပင် ဒူကန်းက ၎င်းကို စိတ်ဝင်စားသွားခြင်းဖြစ်၏။ 


အလွန်အားနည်းသော အင်းဆက်သားရဲအုပ်စုအချို့လည်း ရှိပေသည်။ ထိုအင်းဆက်များကို ဒူကန်းက ရယူပြီး အချိန်တစ်ခုကြာအောင် လေ့လာကာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဓာတ်ခွဲစမ်းသပ်ခဲ့သည်။ နောက်ဆုံးတွင် အင်းဆက်သားရဲ၏ ဦးနှောက်အစိတ်အပိုင်းက လူသားများ၏ စိတ်ဝိညာဥ်ပင်လယ်ကို တိုးမြှင့်ပေးနိုင်ကြောင့် သူရှာဖွေတွေ့ရှိသွား၏။ 


ချန်ကျီ ခေါင်းရှုပ်သွားပုံရ၏။ ဤကမ္ဘာ၏ ဆေးဝါးဆိုင်ရာနည်းပညာနှင့် ဓာတုသိပ္ပံသဘောတရားအချို့ကို သူနားလည်သော်လည်း တစ်ချိန်လုံးအခန်းထဲတွင်သာ အောင်းပြီးလေ့လာနေခဲ့သောသူနှင့် ဤဆေးဝါးနယ်ပယ်တွင် ဆယ်စုနှစ်တစ်စုစာလောက် အာရုံစိုက်ထားသည့် ကျွမ်းကျင်သူအကြား၌ ကွာဟချက်ရှိနေဆဲပင်။


အယ်လ်ဖာ-ဂမ်မာဒြပ်မှုန် (α-γ) တွေကို ငါ နားလည်ပေမဲ့ အင်းဆက်သားရဲက ဘာကြီးလဲ...


" ငါသုံးတဲ့ အဓိကပါဝင်ပစ္စည်းက အဲ့ဒါမဟုတ်ဘူး...မင်းလာပြီး တစ်ချက်လောက်ကြည့်ချင်လား..." 

ချန်ကျီက သူ့ကို ဖိတ်ခေါ်လိုက်သည်။ 


ဒူကန်းကလည်း ထိုကဲ့သို့အလားတူလူမျိုးဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ သူကိုယ်တိုင်ကလည်း ဆေးဝါးသုတဆိုင်ရာကို အဓိကသင်ယူနေခြင်းဖြစ်သောကြောင့် သူ၏ စိတ်ကူးကောင်းများကို ထိုကဲ့သို့သူများကို ဖြန့်ဝေပေးရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။ 


ချန်ကျီက လူများနှင့်အရောတဝင်မနေတတ်သော်လည်း သူနှင့်တူညီသောသူများကို အဆက်ဆံလုပ်တတ်သည်။ ထို့အပြင် ကြယ်တာရာခေတ်သို့ ရောက်လာသည့်နောက်ပိုင်း အသစ်အသစ်များစွာ သင်ယူခဲ့ရပြီး ထိုအကြောင်းအရာများကို ဝေမျှနိုင်ရန် စကားပြောနိုင်မည့်သူတစ်ယောက် လိုအပ်သည်။ သူက ကျွမ်းကျင်သူပညာရှင်များဖိုရမ်တွင်လည်း မက်ဆေ့ချ်များချန်ထားလျက် လူများနှင့် ဆွေးနွေးတတ်သည်။ သို့သော် အွန်လိုင်းပေါ်ရှိ လူအများစုက ဖော်ရွေမှုမရှိဘဲ " အရူးရေ ထွက်သွားစမ်းပါ...နားမလည်ရင်လည်း ဒီနေရာကို မလာခဲ့နဲ့ " ဟူ၍ ကြမ်းတမ်းသည့် မှတ်ချက်များကို ပြုတတ်ကြသည်။ ချန်ကျီက လူများနှင့် စကားများသည့်နေရာ၌ မကျွမ်းကျင်သောကြောင့် စာပြန်ခြင်းမပြုလိုက်ပေ။ 


ဒူကန်းက အကြံဉာဏ်များ ဖလှယ်ချင်သည်ဆို၍ ချန်ကျီကလည်း တုံ့ဆိုင်းခြင်းပြုမည်မဟုတ်ပေ။


" ဟမ်..."


ဒူကန်းက လှည့်ပြန်လာရခြင်း သို့မဟုတ် အနည်းဆုံးတော့ စမ်းသပ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ရလိမ့်ဟု ထင်ထားခဲ့သည်။ ဤသို့ ချောချောမွေ့မွေ့ ပြီးသွားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ အတွေးထဲတစ်ခဏမျှ မြောသွားပြီးနောက် သူက ပြတ်သားစွာ ပြန်ဖြေလိုက်သည် ။ 

" ဟုတ်ကဲ့...ကျွန်တော် သေချာကို ကြည့်ချင်ပါတယ်..." 


ထိုကဲ့သို့အခွင့်အရေးမျိုးကို လက်လွှတ်ခံလိုက်ပါက ရူးရာကျလိမ့်မည်။ သို့သော် ချန်ကျီ၏နောက်မှ လိုက်ပါရင်း အပေါ်ထပ်တက်လာချိန်၌ ဒူကန်းမှာ အနည်းငယ် တွန့်ဆုတ်သွားပြီး မေးလိုက်သည်။ 

" ကျွန်တော်အရင်ဆုံး ပေါက်ကြားမှုမရှိစေရေးစာချုပ်မှာ လက်မှတ်ထိုးပေးသင့်တယ်မလား...မဟုတ်ရင် ဖော်မြူလာတွေ ပေါက်ကြားသွားနိုင်တယ်လေ..." 


ချန်ကျီက အလွန်ကောင်းသောသူဖြစ်သောကြောင့် သူကပင် ထိုက်ယီဂိုဏ်းအတွက် ဦးစွာတွေးပူမိသွား၏ ။ 


ကြယ်တာရာခေတ်၏ သုတေသနပိုင်းဆိုင်ရာလေထုက မည်မျှ ပွင့်လင်းမြင်သာမှုရှိသည်ဆိုပါစေ အချို့သော အရေးကြီးသုတေသနပါဝင်ပစ္စည်းကုန်ကြမ်းများကို လူသိရှင်ကြား မထုတ်ဖော်သင့်ပေ။ ဖော်မြူလာကိုသိထားပြီး မူပိုင်ခွင့်တင်ထားပြီးသားဆိုလျှင်ပင် မှောင်ခိုစျေးကွက်ကဲ့သို့ အရှုပ်အယှက်များသောနေရာများ၌ ရောထွေးမှုကို ဖြစ်စေနိုင်သည်။


ချန်ကျီက သူ့ကို ကြည့်ရင်း ပြောလိုက်သည် ။ 

" အဲ့ဒါကအဆင်ပြေပါတယ်... ငါ့ရဲ့ ဆေးလုပ်တဲ့နည်းက မင်းတို့လုပ်တဲ့နည်းနဲ့ ကွာခြားတယ်... မင်းကြည့်ပြီးတာတောင် အဲ့ဒါကို သင်ယူလို့ရမှာ မဟုတ်ဘူး..." 


သူသာ ဒူကန်းကို လျှို့ဝှက်ထားစေချင်သည်ဆိုလျှင် စာချုပ်ချုပ်ခြင်းထက် သစ္စာဆိုခိုင်းခြင်းက ပိုပြီးအသုံးဝင်လိမ့်မည် ။ 


နှစ်ယောက်သားက ဓာတ်ခွဲခန်းသုံးပစ္စည်းများပြည့်နေသည့် ချန်ကျီ၏ အခန်းကို ဝင်ရောက်လာ၏။ ချန်ကျီ၏ သိုလှောင်ဘားခလုတ်က နေရာဝင်ဆံ့သောကြောင့်သာ သူနှင့်အတူ ပစ္စည်းမျိုးစုံကို အလွယ်တကူ ယူလာနိုင်ခဲ့ခြင်းပင်။ ဟိုတယ်က အခန်းများအား စစ်ဆေးခြင်းမရှိသည်ကိုပင် ကျေးဇူးတင်ရမည်။ မဟုတ်ပါက ကောင်းမွန်သောအခန်းက ဤသို့ဖြစ်နေသည်ကိုတွေ့ပြီး ချန်ကျီကို သူတို့ မိနစ်ပိုင်းအတွင်း ကန်ထုတ်ပစ်လောက်သည်။ 


ချန်ကျီက ဆေးပြုလုပ်ရာ၌ နေရာမရွေးပေ။ ဤဟိုတယ်အခန်းက ဂိုဏ်း၏အဂ္ဂိရတ်အခန်းထက် ကျဥ်းသည်ဆိုသော်ငြား ကန္တာရထဲ၌ အဂ္ဂိရတ်ဖိုထိုးရခြင်းထက် သာသေးသည်။ 


ဆန့်ကျင်ဘက်အားဖြင့် ဒူကန်းမှာ အနေအထားကိုကြည့်ရင်း စိတ်မကျေနပ်မိသလို မျက်ခုံးကျုံ့မိသွား၏ ။ 

' ဆေးကို ဟိုတယ်အခန်းထဲမှာ လုပ်နေတာလား...ဒါက နည်းနည်း ကြုံရာကျပန်းဆန်မနေဘူးလား...'


နားနေခန်းအဖြစ် သူတို့ဘိုကင်ယူထားသောအခန်းက ဟိုတယ်တွင် အကျယ်ဆုံးနှင့် အကောင်းဆုံးဖြစ်သောကြောင့် အဆင်ပြေသည့်အထဲပါသည်။ သို့သော် ဓာတ်ခွဲခန်းတစ်ခု၏စံနှုန်းအရ ဒူကန်းမြင်နေရသမျှက စံချိန်ပြည့်မှီမှုမရှိပေ။


' ပိုးသတ်တာကိုလည်း ဒီနေရာမှာပဲ လုပ်တာလား... အသုံးမဝင်တာတွေကို ပစ္စည်းသစ်ပြန်လုပ်တာနဲ့ အတွင်းပိုင်းစက်ပစ္စည်းတွေကရော စံချိန်မှီရဲ့လား...' 

မေးခွန်းထုတ်စရာ အလွန်များနေ၏ ။ 


အလွန်အရေးပါသောသုတေသနက ထိုကဲ့သို့ သမာရိုးကျအခန်းတစ်ခန်းမှ ထွက်လာသည်ဟူသော အတွေးက ဒူကန်းကို အလွန်စိတ်ထိခိုက်သွားစေ၏။

' ဖက်ဒရေးရှင်းရဲ့ သုတေသနထောက်ပံ့ကြေးငွေတွေက ဘယ်ကိုများ စီးဆင်းသွားတာလဲ... ဒီလိုအရေးကြီးတဲ့ပရောဂျက်အတွက်ကို ဘာလို့ဘာမှ ထောက်ပံ့ပေးထားတာ ရှိမနေရတာလဲ...' 


ချန်ကျီကို ကြည့်သော ဒူကန်း၏ အကြည့်များက ပြောင်းလဲသွား၏ ။ 

' ငါက ဉာဏ်ကြီးရှင်ဖြစ်နေတဲ့အချိန်မှာ တခြားဉာဏ်ကြီးရှင်တွေကလည်း သူလိုငါလိုပဲ လျစ်လျူရှူခံထားရပြီး ထောက်ပံ့ကြေးငွေတွေ ဖြတ်ချခံနေရတာပဲ ဖြစ်ရမယ်...'


' ငါဒူကန်းက အခုဒီနေရာကို ရောက်နေပြီ...ဒါမျိုး ငါလုံးဝ ဖြစ်ခွင့်မပေးနိုင်တော့ဘူး...' 


ထို့နောက် ဒူကန်းက ပြောလိုက်သည် ။ 

" မစ္စတာချန်...ပထမသုတေသနဌာနမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းရှိပါတယ်...ကျွန်တော်ပြန်ရောက်တဲ့အခါ အဲ့ဒါကို ခင်ဗျားနာမည်နဲ့ လွှဲပေးဖို့ ကျွန်တော်ပြောလိုက်မယ်... အဲ့ဒါက အရမ်းမကြီးပေမဲ့လို့ ပစ္စည်းကိရိယာအစုံအလင်ရှိပါတယ်...ဒါကြောင့် ခင်ဗျားတစ်ခုခုလိုအပ်တာရှိမယ်ဆိုရင် ကျွန်တော့်ကိုသာ ပြောပါ...ခင်ဗျားအတွက် ကျွန်တော် အဲ့ဒါကို ချက်ချင်းတောင်းဆိုပေးမယ်..."


ဒူကန်းက တစ်စုံတစ်ယောက်ကို ထိုကဲ့သို့ အောက်ကျို့ပြီး မဆက်ဆံသည်မှာ အတော်ကိုကြာခဲ့ပြီဖြစ်သည်။ သို့သော် ချန်ကျီလို ဉာဏ်ကြီးရှင်နှင့် ဆက်ဆံရာ၌ ထူးဆန်းစွာပင် သူ့စိတ်ရင်းကိုပြသရန် ဆန္ဒရှိနေ၏။ 


မည်သည့်အရာကမှ ချန်ကျီကို အထင်မကြီးစေနိုင်သော်လည်း ဒူကန်းပြောသည့် ဓာတ်ခွဲခန်းကမူ သူ့ကို စိတ်ထဲယားကျိကျိဖြစ်စေသည့်အလားပင်။ ပိုကောင်းသည့် သုတေသနသုံးပစ္စည်းများကို မလိုချင်သူ မရှိပေ။ 


လက်ရှိတွင် ဂိုဏ်းက ပိုက်ဆံပြတ်လပ်နေခြင်းမရှိသလို ချန်ကျီ၏လက်ထဲ၌ အသုံးစရိတ်မလောက်ငှခြင်းမျိုးလည်း မရှိပေ။ သို့သော်လည်း စမ်းသပ်ရာ၌သုံးသည့် ပစ္စည်းများကို ဝယ်ပြီးနောက် သူ့မှာ ချက်ချင်း ပိုက်ဆံပြတ်လပ်သွား၏။ စက်တစ်ခုတည်းကပင် ကြယ်ဒင်္ဂါး ဆယ်သန်းပေးရပြီး ပိုအရည်အသွေးကောင်းသည့်ပစ္စည်းဆိုလျှင် သန်းတစ်ရာခန့် ပေးရနိုင်သည်။ ၎င်းက မက်ခါဝယ်သည်ထက်ကို စျေးသက်သာသွားခြင်းမျိုးမရှိပေ။ အချို့သော ပစ္စည်းများကို ဖက်ဒရေးရှင်းက ထိန်းချုပ်ထားခြင်းဖြစ်ပြီး အဆက်အသွယ်မရှိလျှင်လည်း ဝယ်ယူရန် မလွယ်ကူချေ။ ထို့အပြင် စက်ပစ္စည်းတစ်ခုတည်းက သုတေသနဝါသနာအိုးများအတွက် မည်သို့မှ မလောက်ငှနိုင်ပေ။


ချန်ကျီက စဥ်းစားတတ်သူဖြစ်သည်။ အကြီးဆုံးစီနီယာအစ်ကို အတူလက်တွဲလုပ်ဆောင်ရန် ညှိုနိုင်းထားသော ထိုမိသားစုများက သူ့ကို ဓာတ်ခွဲခန်းဆောက်ရန် ကူညီပေးနိုင်လောက်ပြီး ဂိုဏ်းကလည်း ပိုက်ဆံများ ပိုရှာလာနိုင်သည်။ ထို့ကြောင့် သူ့ကိုယ်ပိုင်ဓာတ်ခွဲခန်းကလည်း ပိုကောင်းလာနိုင်၏။ လတ်တလောတွင် သူ့မှာရှိသည့်အရာများနှင့်သာ ဖြစ်အောင်လုပ်နေရသည်။ 


သို့သော် ယခုတွင် တစ်စုံတစ်ယောက်က သူ့ကို ဓာတ်ခွဲခန်းပေးရန် ကမ်းလှမ်းလာ၍ ချန်ကျီ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ သို့သော် ကြုံရာလူထံမှ ပစ္စည်းများလက်ခံနေခြင်းက အကြံကောင်းမဟုတ်ပေ။ ထို့နောက် ဒူကန်းက သူတို့ဂိုဏ်းထဲဝင်ချင်သည်ဟု ပြောထားသည်ကို ချန်ကျီ အမှတ်ရသွားပြီး သူအနည်းငယ် စိတ်ယိုင်နေမိသည် ။

' ငါခြွင်းချက်အနေနဲ့ ထားပေးလိုက်သင့်လား...'


ဒူကန်းက သူတွန့်ဆုတ်နေသည်ကို တွေ့ပြီး ချက်ချင်းပြောလာ၏ ။ 

" မစ္စတာချန်...ခင်ဗျားအချိန်ရတဲ့အခါ ကျွန်တော်က ဓာတ်ခွဲခန်းကို ခေါ်သွားပေးမယ်ဆို ဘယ်လိုလဲ...' 


" ကောင်းပြီလေ...အရင်ဆုံး တစ်ခါလောက်တော့ ကြည့်ကြည့်တာပေါ့..." 


လူတစ်ယောက်က သူတို့လိုချင်သည့်အရာကိုတွေ့ပြီးမှသာ ပိုပိုပြီးလိုချင်လာတတ်တာကို သူမေ့သွား၏။ 

သို့သော် ဓာတ်ခွဲခန်းကို သွားမကြည့်မီ ချန်ကျီက ဒူကန်းနှင့် အတူ စိတ်ဝိညာဥ်ပင်လယ်ဆေးအကြောင်း ဆွေးနွေးရန် အသင့်ဖြစ်နေ၏ ။ 

" ငါရွေးထားတဲ့ နည်းလမ်းက ဒေါနပန်း၊ နက္ခတ်သဲမှုန် နဲ့ မြက်ဖြူကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးပြီး သန့်စင်တဲ့နည်းလမ်းပဲ..." 


ယခင်စိတ်ဝိညာဥ်သန့်စေးဆေး ပြုလုပ်သည့်နည်းလမ််းကမူ ယခုနည်းလမ်းနှင့် မတူပေ။ မြက်ဖြူက ကျင့်ကြံရေးကမ္ဘာ၌ရှိသည့် ပါဝင်ပစ္စည်းနှင့် တစ်ထေရာတည်းတူပြီး နာမည်အခေါ်အဝေါ်သာပြောင်းသွားခြင်း ဖြစ်သည်။ သူဤကမ္ဘာ၌ ရှာတွေ့ထားသော ဒေါနပန်းနှင့် နက္ခတ်သဲမှုန်ကိုပါ အစားထိုးလိုက်သောအခါ တူညီသောအကျိုးသက်ရောက်မှုကို ရရှိသွား၏။ 


" ငါ့နည်းလမ်းကို သုံးပြီး သန့်စင်ဖို့ဆိုရင် သူတို့ရဲ့ အဓိကအဆီအနှစ်ကို ထုတ်ယူပြီး အချင်းချင်းဓာတ်မပြုခင် စိတ်ဝိညာဥ်စွမ်းအင်နဲ့ ပေါင်းစပ်ပေးဖို့ လိုအပ်တယ်..." 


ချန်ကျီက အတတ်နိုင်ဆုံး ရှင်းလင်းအောင် ပြောပြသော်လည်း နည်းလမ်းအဆက်လိုက်ကြောင့် ဒူကန်းမှာ နားမလည်နိုင်ဖြစ်နေပြီး မိန်းမောတွေဝေမိသွား၏။

' ဒါက တကယ်ပဲ ဆေးဝါးထုတ်လုပ်ဖို့ ပြင်ဆင်တဲ့နည်းလမ်းလား...မျက်လှည့်ပြပွဲမဟုတ်ဘူးလား...' 


ထို့နောက် ချန်ကျီက အဂ္ဂိရိတ်မီးတောက်ကို ညှိပြလိုက်သည် ။ ဒူကန်းမှာ မျက်လုံးပြူးသွားပြီး သူ့ပါးစပ်နားရောက်နေသည့် စကားလုံးများကို ပြန်မြိုချလိုက်ရသည် ။

' သူ့လက်ဗလာနဲ့ မီးထုတ်လိုက်တာလား...ဒါက တကယ်ကို မျက်လှည့်ပြပွဲပဲ မဟုတ်ဘူးလား...' 


သို့သော် ချန်ကျီမှာ သူ့စွမ်းရည်များကို ထုတ်မပြနိုင်သေးမီ ၊ ဒူကန်းလည်း လေးစားအားကျနေသော အမူအရာကိုပင် ထုတ်မပြရသေးမီ သူတို့နှစ်ယောက်လုံး ရေအေးဖြင့် အပက်ခံလိုက်ရ၏။ 


၎င်းက အမှန်တကယ်ကို ရေအေးများပင်။ အခန်းထဲရှိ မီးသတိပေးချက်က ပွင့်သွားပြီး အလိုအလျောက်မီးသတ်ရန်ရေဖြန်းကိရိယာက လူနှစ်ယောက်ကို ဖြန်းပက်လိုက်သည်။ 


ဒူကန်း : ' ဒီဟိုတယ်မှာ မီးသတိပေးချက်ရှိတာကို ငါမေ့သွားတာပဲ... သူက ဆေးလုပ်ဖို့ မီးကိုတိုက်ရိုက်ကြီး ထတောက်အောင်လုပ်လိုက်လိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူးလေ...' 


ချန်ကျီ: ' ....'


၎င်းက ဟိုတယ်ထဲတွင် သူ ပထမဆုံးအကြိမ်မီးတောက်အောင် လုပ်လိုက်ခြင်း ဖြစ်ပြီး ဤသို့ဖြစ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယခင်ကမူ ဂိုဏ်းထဲတွင်ဖြစ်၍ ဘာမှတပ်ဆင်ထားတာမျိုးမရှိပေ။ အချို့အချိန်များတွင် ချန်ကျီက ဤသို့မလုပ်ရန် ရှောင်တတ်သော်လည်း သူ့အဂ္ဂိရတ်ပညာတွင် အလွန်အာရုံစူးစိုက်မိသွားသောကြောင့် အပြင်ဘက်ရှိ အခြေအနေများကို မေ့သွား၏။ 


ကျွတ်ကျွတ်ညံနေသော အချက်ပေးဥဩသံများကြားတွင် ချန်ကျီလည်း ဟိုတယ်၏ အပြင်ပိုင်းက အုတ်အော်သောင်းနင်းဖြစ်နေသည်ကို သတိပြုမိသွား၏။ အဂ္ဂိရတ်မီးတောက်အား ရိုးရိုးရေဖြင့် ငြိမ်းသတ်၍မရနိုင်သည့်အတွက် ဥဩသံကဆက်လက် မြည်နေသည်။ 


' အဆောက်အအုံတစ်ခုလုံး ဘာလို့ ဘေးကင်းရာကို ရွှေ့ပြောင်းနေတာလဲ...ဟိုတယ်က တစ်ခုခုဖြစ်လာမှာကို စိုးရိမ်နေတာများလား...' 


ချန်ကျီက မီးတောက်ကို ကတိုက်ကရိုက်ပင် ပြန်သိမ်းလိုက်သည်။ 


ဒူကန်း၏ ဗလာဖြစ်နေသော အမူအရာကိုတွေ့ရသောအခါ ချန်ကျီ ရှားရှားပါးပါးနေမထိထိုင်မသာဖြစ်သွား၏။ 

' ဒါမျိုးကို အကြီးအကျယ်ရှုံးနိမ့်တယ်လို့ ခေါ်တာများလား...'



💫💫💫